( ၂ ) - Zawgyi

123 15 2
                                    

အချိန်ကာလတစ်ခု လွန်မြောက်ပြီးနောက်မှာတော့ ကောင်းဆုလည်းကျောင်းပြီးကာ ဘွဲ့ပင်ရပြီးသလို ၊ သူ့ဖခင်၏ကုမ္ပဏီတွင် လက်ထောက်မန်နေဂျာအဖြစ် အလုပ်ပင်ဝင်နေလေပြီ ။ မင်းကြည်ဖြူသည်လည်း မိတ်ဆွေဆရာဝန်တစ်ယောက်နှင့်စပ်တူအကျိုးပြုကာ ကိုယ်ပိုင်ဆေးခန်းတစ်ခန်းတည်ထောင်လိုက်သည် ။

သည်နေ့ ဆေးရုံတွင် တစ်နေကုန်မအားလပ်နိုင်အောင် အလုပ်များနေခဲ့သလို ၊ ဆေးခန်းသို့လည်းတန်းဝင်ကာ ချိန်းဆိုထားသောလူနာများကို ဆက်တိုက်ကြည့်ပေးရနှင့် ညနေစာပင်မစားနိုင်တော့ ။ အနားရ၍ နာရီကိုကြည့်လိုက်တော့ ကိုးနာရီပင်ထိုးတော့မည် ။

ဆေးခန်းအကူစာရေးမလေးနှစ်ယောက်မှာလည်း ပြန်သွားခဲ့ပြီ ။ လူနာများထပ်ရောက်လာခဲ့လျှင် ဆေးခန်းတံခါးပိတ်နေသည်ကိုတွေ့ကာအခက်အခဲဖြစ်မည်စိုး၍ နောက်ထပ်နာရီဝက်တစ်နာရီလောက် ထပ်ထိုင်နေဦးမည်ဟုတွေးကာ လူနာမှတ်တမ်းအချို့ကို ကြည့်ရှူနေလိုက်သည် ။

စေ့ရုံသာစေ့ထားသော ဆေးခန်းမှန်တံခါးရှေ့တွင် လူရိပ်တစ်ရိပ်ကိုတွေ့လိုက်ရ၍ လူနာများဖြစ်မလားဟုလှမ်းကြည့်လိုက်မိသည် ။ မှန်တံခါးတွန်းဖွင့်ကာဝင်လာသူက Hoodieဝတ်ထားပြီး ခေါင်းထိလုံအောင်ခြုံထားသည် ။ ဂျင်းဘောင်းဘီအနက်မှာလည်း အပြဲအခြစ်တွေနှင့် ။ ခေါင်းကိုလည်းခပ်ငိုက်ငိုက်စိုက်ထားကာ လူမှာလည်းတုန်ရီချင်နေသလို ။

မျက်နှာကိုလည်း သဲသဲကွဲကွဲမမြင်ရ ။ ပါးသိုင်းမွှေးများကိုတော့ ခပ်ရေးရေးတွေ့ရသည် ။ တစ်ကိုယ်လုံးဝတ်စားထားသည်များကြောင့် ခန္ဓာကိုယ်ကအဝတ်ထဲတွင်ပုံကာ မြှုပ်နေသလို ။ မသမာသူများလား ၊ ဒဏ်ရာများရလာသလားဟုတွေးမိကာ စကားစရန်ကြံလိုက်စဉ် ထိုသူဆီမှအသံထွက်လာသည် ။

" ဒေါက်တာ... ကျ ကျွန်တော့်ကို ခြစ်ပေးလို့ရမလား ''

ထစ်ထစ်ငေါ့ငေါ့အသံနှင့် ပြောလာတာပေ ။ မင်းကြည်ဖြူတွေးထားမိသလိုများ ဖြစ်နေလေမလား ။ သတိအနေအထားနှင့်စိတ်ကပ်ထားသော်လည်း လူ့အသက်ကယ်နေသည့်သမားဆရာတစ်ယောက်က လူနာမရွေးရဟုနှလုံးသွင်းကာ စိတ်ကိုလျော့၍ ရှေ့သို့တိုးသွားလိုက်မိသည် ။

ဆုလာဘျ / ဆုလာဘ် [Completed]Where stories live. Discover now