( ၄ ) - Unicode

1.2K 88 16
                                    

စိတ်စေရာအတိုင်း ပြောင်းလဲခွင့်သာရှိမယ်ဆိုရင် ကိုယ်တို့ချစ်ခဲ့ကြတဲ့အချိန်တွေကို မှန်လုံအိမ်ထဲမှာ သော့ခတ်ပြီး တစ်ဦးတစ်ယောက်ရယ်မှ လာဖွင့်လို့မရနိုင်အောင် စည်းချထားခဲ့မိမှာ ။ ကိုယ်ချစ်ရတဲ့မင်းကလေးကို လုယူသွားကြမှာစိုးတယ်လို့ပြောရင် ကိုယ့်ကိုအတ္တဆန်တယ်လို့ သတ်မှတ်ကြလေဦးမလား ။

ဒဿဂီရိက မယ်သီတာကို သူတစ်ယောက်တည်းပိုင်ဆိုင်ချင်ခဲ့လို့ စစ်ခင်းခဲ့တာပဲ ။ ကိုယ်ရော ဒဿလို လူမုန်းခံလိုက်ရမလား ။ သို့သော်လည်း ချစ်ရသူကိုတော့ သူများတံတွေးခွက်မှာ နစ်မနေစေချင် ။ ကိုယ်ဟာအရှုံးသမားအဖြစ် မှတ်တမ်းဝင်ပါစေလေတော့ ။

မင်္ဂလာပွဲကျင်းပရန် လေးဆယ့်ရှစ်နာရီသာလိုတော့သည် ။ အဖြူရောင်စာရွက်လေးထက် ခပ်သော့သော့ရေးထားတဲ့ စာလုံးလေးတွေမှာ ဝမ်းနည်းမှုတွေပါနေတာ ဘယ်သူမြင်နိုင်လေမလဲ ။ ဒါက မင်နဲ့ရေးထားတာမဟုတ်ဘူး ၊ ကျွန်တော့်ရဲ့ နှလုံးသွေးတွေနဲ့ဗျလို့ နာနာကျင်ကျင်အော်ဟစ်လိုက်ချင်မိသည် ။

သည်နှစ်ရက်လုံး မင်းကြည်ဖြူ အခန်းတံခါးပိတ်၍သာနေဖြစ်သည် ။  မှောင်မည်းနေတဲ့အခန်းလေးထဲ ကုတင်ဘေးတွင်ခြေဆင်းထိုင်နေမိတာ မလှုပ်မယှက် ။ မျက်နှာမူရာအရပ်က ပြတင်းအပြင်ဘက်ကို ။

တစ်ဖက်ခြံမှာ လူတွေဝင်ထွက်သွားလာနေလိုက်ကြတာ ။ အန်တီဆုဟာလည်း သူ(မ)ရည်ရွယ်ထားသည့်အတိုင်းဖြစ်လာတော့ ပျော်နေမည်မှာအသေချာ ။ တစ်ယောက်သောသူလေးကရော ကိုယ့်ကိုသတိရနေမလား ၊ ဒါမှမဟုတ်... ။

ကြားနေရသည့် မင်္ဂလာရှိလှသောသီချင်းသံများကို မုန်းလာသည် ။ အခန်းထောင့်မှာ ထောင်ထားသောဂစ်တာကို ငေးကြည့်နေမိသည် ။ ဂုဏ်တွေဒြပ်တွေဆိုတာ နှလုံးသားကို နာကျင်မှုတွေပေးနိုင်သည့် လူကြမ်းတစ်ယောက်များလား ။

သည်အချိန်နာရီတွေ ကုန်ဆုံးသွားပြီးတဲ့နောက် အမြဲမီးလင်းနေတတ်သည့် တစ်ခုသောအခန်းငယ်လေးဟာလည်း အမှောင်ကျကာ တိတ်ဆိတ်သွားတော့မည် ။ ထိုအိမ်မှခြံတံခါးလေးဟာလည်း သော့ခတ်တွယ်ခြင်းခံရတော့လေမည် ။

ဆုလာဘ် / ဆုလာဘ္ [Completed]Where stories live. Discover now