ကောင်းကင်ကြီးက ပြာလဲ့လဲ့။
တိမ်လိပ်တွေက ရွေ့လျားနေသည်။
လေအဝှေ့ တစ်ချက်မှာ စိန်ပန်းပွင့်တွေ လေမှာ ဝဲလို့။ ငုဝါ ရနံ့က သင်းပြပြ။ ကျောင်းတော်ကြီး၏ တစ်ပင်တည်း ရှိသော ချယ်ရီပင်ကလည်း ပင်လုံးကျွတ် ပန်းတွေ ဝေဆဲ။
"သိပ် လှတာပဲ၊ ဒီနေ့ ရာသီဥတု သာယာတယ်"
ကျောင်း စဖွင့်တာ တစ်လကျော် ကြာခဲ့ပြီ ဖြစ်သည်။ လပတ် စာမေးပွဲပါ ဖြေပြီးလို့ မကြာခင် အဆင့်တွေ သိရတော့မည်။ ပြောစရာ မလိုအောင် ဝေယံကတော့ အမြဲ ပထမပင်။ ဒီတစ်ခါလည်း အဆင့် တစ် ရလိမ့်ဦးမည် ဟု သူ့ကိုယ်သူ ယုံကြည်နေသည်။
ဘေးက အူတူတူ အာပေတူးသာ သူ့အတွက် စိတ်ပူစရာ ဖြစ်သည်။
ဒေါ်စန္ဒာခင်က အာပေတူးအား ဂရုစိုက်ပေးဖို့ ဝေယံ့ကို မှာထားသလို အာပေတူး၏ မိခင် ဟာနကိုကလည်း သူ့ကို တွေ့တိုင်း သားဖြစ်သူကို စာတွေ ရှင်းပြပေးဖို့ တောင်းဆိုသည်။ သို့သော် အမြင် မကြည်တာကြောင့် စာ မေးတိုင်း မသိချင်ယောင် ဆောင်ခဲ့သည်။
ဘေးက အာပေတူးကို ကြည့်ရင်း ဝေယံ သက်ပြင်းရှည်ကြီး ချမိသည်။ စာမေးပွဲတွင်းမှာ စာ နည်းနည်းပဲ ရေးပြီး မှောက်အိပ်နေခဲ့သည်ကို သူ သေချာ သိသည်။ အာပေတူးကို ကြည့်ရင်း ဝေယံ အပြစ် မကင်းသလို ဖြစ်လာသည်။ လက်ညှိုးနှင့် ခုံစောင်းကို ခေါက်ရင်း စိတ်ဖြေသာအောင် ကြိုးစားကြည့်သည်။ နည်းနည်းမှ အဆင်မပြေ။
ဘယ်လိုလုပ်ရမလဲ . . .
ပူပန်စိတ်နှင့် လွန်ဆွဲနေချိန် အချိန်ကိုက် အခန်းထဲသို့ အတန်းပိုင် ဆရာမ ဝင်လာသည်။ ဝေယံ မျက်လုံးများ၏ အကြည့်တွေက ဆရာမ လက်ထဲရှိ အမှတ် စာရင်းတွေဆီသာ။ ဘဝမှာ ပထမဆုံး တစ်ပါးသူ၏ အဆင့်နှင့် ပတ်သက်၍ ပူပန်မိခြင်း ဖြစ်သည်။
မညာတမ်း ဝန်ခံပါက ပူပန်စိတ်ဟာ သူ့အတွက်သာ။
အမှန်ဆို ဝေယံက စိတ်ထား နူးညံ့ပြီး သဘောထား ပြည့်ဝသော ကောင်လေး တစ်ယောက် ဖြစ်သည်။ အာပေတူးကို မျက်မုန်း ကျိုးနေခြင်းကြောင့် တောက်မည့် မီးခဲ တရဲရဲလို မာန်ဖီနေတာပဲ ဖြစ်သည်။
ညနေခင်း အချိန် ရောက်တော့ တိမ် မပြာတော့။ ကောင်းကင်ဟာ ခပ်အုပ်အုပ် ဖြစ်သွားသည်။ ကားမှန်က တစ်ဆင့် ငေးမောကြည့်နေပေမယ့် မနက်ကလို အပြင် ရှုခင်းတွေကို ဝေယံ စိတ်မဝင်စားမိ။
ရှုမောစရာ မကောင်း။ သာယာမှု မရှိ။
မန္တလေးမြို့ပြ၏ အဆောက်အဦးများဟာ သူ့စိတ်ကို မပျော်ရွှင်စေနိုင်။ မိခင်ဆီကိုသာ အမြန်ဆုံး ရောက်လိုစိတ် ဖြစ်မိသည်။
"မေ"
အိမ်ကို ပြန်ရောက်တာနှင့် မိခင်ကို အားကိုးတကြီး ရှာမိသည်။ ကားပေါ်ကတည်းက ကျချင်နေသော မျက်ရည်ကို အတင်း အောင့်အီးပြီး သူ ငြိမ်လာခဲ့သည်။ သိပ် ငိုချင်သည့်အခါ ငိုလို့ မဖြစ်ဘဲ ဆန္ဒကို သိက္ခာနှင့် ထိန်းချုပ်နေရသော ခံစားချက်ဟာ ဝေယံ့အတွက် သိပ်ကို ခံရခက်လေသည်။
"မေ့သား ယံလေး ဘယ်လို ဖြစ်လာရတာလဲ"
"မေ . . သား အဆင့် နှစ် ပဲ ရတယ်"
ရင်ခွင်ပျောက် ကလေးငယ်လို ဒေါ်စန္ဒာခင်၏ ရင်ခွင်ထဲ တိုးဝင်ရင်း ဝေယံ မျက်ရည် ကျမိသည်။ တခြားသူတွေအတွက် အဆင့် ကျတာက မထူးဆန်းသော သာမန် ဖြစ်ရပ် တစ်ခု ဖြစ်နိုင်သည်။ သို့ရာတွင် သူကတော့ မတူ။ ဦးဝေယံဟိန်းအတွက် ဝေယံ၏ ကြိုးစားမှုတွေက သိပ်ကို အရေးပါသည်။ သူ ကြိုးစားနေသော အရာအားလုံးက ဖခင်နှင့် တိုက်ရိုက် သက်ဆိုင်မှု ရှိနေသည်။ ဖခင် စိတ်ပျက်မှာကို သူ သိပ် ကြောက်သလို . . ။
"ကျွန်တော့်သားက အရမ်း တော်တယ်"
ဟု သူစိမ်းတွေ ရှေ့မှာ ချီးကျူးတိုင်း သူ ပျော်ခဲ့ရသည်။
"အမြဲ ထိပ်ဆုံး ရောက်နေတာပဲ မြင်ချင်တယ်"
ဟု ပြောခဲ့သော စကားတိုင်းကိုလည်း သူ မမေ့။
တစ်ပါးသူများ၏ သားသမီးတွေနှင့် နှိုင်းယှဉ်တိုင်း သာလွန်နေအောင် ကြိုးစားခဲ့သည်။ ထို့အတွက် ဧည့်ခန်းတွင် ရှိနေသော ဆုတံဆိပ်နှင့် ဒိုင်းဆုများ အားလုံးဟာ ပထမဆုတွေပဲ ဖြစ်ခဲ့သည်။
ထိုအရာတင်ပဲလားဆို မဟုတ်။
ကြိုးတပ် တူရိယာတွေအပေါ် ဝါသနာ ကြီးသည့် ဖခင်ဖြစ်သူ၏ ဆန္ဒကြောင့် စန္ဒရား၊ ဂီတာ၊ တယော စသည့် တူရိယာတွေကို တီးခတ်နိုင်အောင် သင်ယူခဲ့ရသည်။ ငယ်ရွယ်သေးပေမယ့် အားကစားမှာပါ ထူးချွန်ဖို့ အသည်းအသန် ကြိုးစားသည်။
ဒီလို လုံ့လ စိုက်နေသည့်ကြားက အဆင့် ကျသည်။ အဆင့် ကျရသည့် အကြောင်းအရင်းကလည်း တခြား မဟုတ်။ အာပေတူးကြောင့်ပဲ ဖြစ်သည်။ နေသူရိန်မင်းခန့် ဆိုသည့် အာပေတူးကြောင့် အမြဲ ဗိုလ်ဆွဲခဲ့သည့် အဆင့် တစ် ဆိုသော နေရာကို ဖယ်ပေးလိုက်ရသည်။ အထင်သေးခဲ့မိ သူ၏ ကျော်တက်ခြင်းကို ခံလိုက်ရတာမို့ သူ့ကိုယ်သူလည်း မယုံနိုင် လက်မခံနိုင် ဖြစ်နေသည်။ ရင်ထဲမှာ ခံပြင်းနေသည်။
"အဆင့် နှစ် ရရုံနဲ့ ငိုရရောလား"
ရင်ခွင်ထဲက ဝေယံ့ကို ဒေါ်စန္ဒာခင် ဆွဲထူကာ ဆိုဖာပေါ် ထိုင်စေသည်။ မေးဖျားကို ဖွဖွ ကိုင်လို့ မျက်ရည် သုတ်ပေးသည့်အခါ မိခင်ကို ဝေယံ ကြည့်မိသည်။ အမြဲ ပြုံးနေတတ်သော ဒေါ်စန္ဒာခင်၏ အပြုံးချိုတွေဟာ ဒီတစ်ခါတော့ ဝေယံ၏ ဝမ်းနည်းစိတ်ကို ပျောက်အောင် မစွမ်းနိုင်တော့။
"ဟော . . ပြောနေတာကို မျက်ရည်က ကျလာပြန်ပြီ၊ သားယံ ယောကျာ်း ဆိုတာ မငိုရဘူးလို့ မေ မပြောလိုဘူး၊ ယောကျာ်းတွေလည်း တစ်ခါတလေ ဝမ်းနည်းမှာပဲ၊ အဲ့ဒီအချိန် သူတို့မှာ ခံစားချက် ရှိတဲ့အတွက် မျက်ရည် ဆိုတာ ကျလာနိုင်တယ်"
မျက်တောင်ရှည်တွေမှာ တွဲခိုနေသော မျက်ရည်ဥတွေကို သုတ်ပေးပြန်သည်။ နွေးထွေးစွာ ဖက်လို့ ရင်ခွင် အပ်သည့်အခါ စည်းချက်မှန်စွာ ခုန်နေသော ဒေါ်စန္ဒာခင်၏ နှလုံးခုန်သံ ခပ်တိုးတိုးကို ဝေယံ ကြားရသည်။ ဆံပင်တွေကို ခပ်ဖွဖွ သပ်ပြီး နဖူးထက် အနမ်း တစ်ပွင့် ကျရောက်လာချိန်မှာတော့ အပူတွေ ငြိမ်းသွားသလိုလို။
"မေ့သားယံကတော့ မတူဘူးမလား၊ သားယံက ဒီလို ကိစ္စလေးနဲ့ မျက်ရည်ကျမယ့် သူ မဟုတ်ဘူးလေ၊ မေ သိတာပေါ့၊ မေ့သားက အကြောတင်းလေးကို . ."
"Ma . ."
ရှမ်းတရုတ် လူမျိုး ဖြစ်သော ဖခင် ဦးဝေယံဟိန်းကို Pa ဟု ခေါ်ပေမယ့် မန္တလေးသူ ဖြစ်နေသော မိခင် ဒေါ်စန္ဒာခင်ကိုတော့ မေ လို့သာ အမြတ်တနိုး သူ ခေါ်သည်။ ဦးဝေယံဟိန်းနှင့် လက်ထပ်လိုက်သည့်အတွက် Yang Chinese မိသားစုဝင် ဖြစ်သွားသော ဒေါ်စန္ဒာခင်ကို Ma ဟု သူ မခေါ်တတ်ခဲ့။
သို့ရာတွင် စိတ်ဆိုး စိတ်ကောက်သည့်အခါမျိုး ဆိုရင်တော့ ဝေယံ့ နှုတ်မှ Ma ဟု ထွက်လာတတ်သည်။ ထိုအကျင့်ကို ဒေါ်စန္ဒာခင် သိထားသည်။
"စိတ်ကြီးလိုက်တာ . . ၊ မေက စတာလေးကို"
"မစနဲ့၊ သား မကြိုက်ဘူး"
"ဟုတ်ပါပြီ၊ အကြောတင်းလေးက မကြိုက်ဘူး ဆိုတော့လဲ မစတော့ပါဘူး ရှင်"
"မေကလဲဗျာ"
ဝေယံနှင့် ဒေါ်စန္ဒာခင်က သားအမိ မေတ္တာ တစ်ဖုံ၊ ပွင့်လင်းသော သံယောဇဉ် တစ်မျိုး နွေးထွေးမှု ရှိကြသည်။ လူ အများစုက ဝေယံ့ကို ဦးဝေယံဟိန်းနှင့် တူကြောင်း ပြောကြသည်။ ထိုမှတ်ချက်ကို သူ မငြင်း။ ဖခင်နှင့် ဝေယံသည် ရုပ်ချင်း ဆင်ရုံသာ ဖြစ်သည်။ တကယ့် အနှစ်သာရတွေက ဒေါ်စန္ဒာခင်နှင့် သွားတူသည်။ အထူးသဖြင့် စိတ်နေစိတ်ထား။ ထိုအရာသည် ဝေယံ့အတွက် မိခင်ဆီက ရသော အဖိုးဖြတ် မရသည့် မွေးရာပါ လက်ဆောင် တစ်ခု ဖြစ်သည်။
ဆရာဝန် တစ်ယောက် ဖြစ်သော ဒေါ်စန္ဒာခင်က ဝေယံ့ကို မွေးပြီး နောက်ပိုင်း ဆေးကုသည့် အလုပ်ကို နားပစ်လိုက်သည်။ သူမ အချိန် အားလုံးကို သားဖြစ်သူဆီမှာပဲ မြှုပ်နှံ ကုန်ဆုံးခဲ့သည်။
တစ်ဦးတည်းသော သား ဖြစ်နေတာကြောင့် ကစားဖော် လိုအပ်လိမ့်မည် ဟု သူမ တွေးထင်ခဲ့သည်။ တစ်ဦးတည်းသော သားသမီးတွေ အဖော် မက်တာက တခြား ကလေးတွေအတွက် မှန်ကောင်း မှန်နိုင်သည်။ သို့ရာတွင် ဝေယံက တစ်ယောက်တည်း နေပျော်သူ ဖြစ်သည်။ ကစားဖော် အဖြစ် စာအုပ်တွေ ရှိနေဖို့ပဲ လိုအပ်သည်။ သူသည် တစ်ကိုယ်တည်း နေတတ်သော Introvert လူစားမျိုး ဖြစ်သည်။
ထိုဗီဇ လက္ခဏာနှင့် ပတ်သက်ပြီး တစ်ခါက အက်စပါ ရောဂါ ရှိ၊ မရှိ ဆေးရုံတွင် စစ်ဆေးခံခဲ့ရသည်။ ဒေါ်စန္ဒာခင်က ထိုစစ်ဆေးမှုဟာ အရမ်း တော်သည့် လူတွေအတွက်ပါလို့ ဝေယံ့ကို ပြောခဲ့သည်။ တကယ်တမ်း အက်စပါဟာ ထူးဆန်းသည့် စိတ်ရောဂါ တစ်ခု ဖြစ်မှန်း စာအုပ်တွေထဲမှာ ဖတ်ခဲ့ဖူး၍ သူ ကြိုသိနေခဲ့သည်။ သို့သော် မိခင်၏ အဖြူရောင် မုသားကို သူ အပြစ် မမြင်ခဲ့။
ဘာကြောင့်ဆို . . . ။
သူ ကိုယ်တိုင်လည်း ထူးဆန်းနေခဲ့တာ မဟုတ်လား။
~•~ S U N ~•~
2 / August / 2019
9 : 53 AM