အသက် ငါး နှစ် ဝန်းကျင်သာ ရှိသေးသည့် ' နေသူရိန်မင်းခန့် ' ဟာ အဖေ မြန်မာ၊ အမေ ဂျပန်က မွေးဖွားလာသော ဂျပန် နိုင်ငံသား တစ်ယောက် ဖြစ်၏။ သို့ပေမယ့် ဖခင်ဖြစ်သူ ဦးနေမင်းခန့်၏ မြန်မာ ပြည်တွင်းမှာ အခြေစိုက်သော လုပ်ငန်းပေါင်း များစွာကြောင့် သူ နေထိုင်ရာ ကျိုတို ပြည်နယ်မှ မြန်မာ နိုင်ငံသို့ ပြောင်းရွှေ့ခဲ့ရသည်။
နေသူရိန်မင်းခန့်၏ အစ်မဖြစ်သူ ' မာယာဆူး ' ဟာ ဂျပန် နိုင်ငံအပေါ် သံယောဇဉ် ရှိလှသည်။ ထို့အပြင် ဂျပန် သံရုံးမှာ သံအမတ် တစ်ယောက် ဖြစ်ဖို့အထိ စိတ်ကူးထားသော သူမ ရည်မှန်းချက်ကြောင့် မြန်မာနိုင်ငံကို လိုက်ဖို့ ငြင်းဆန်ခဲ့သည်။ မောင်နှမ နှစ်ယောက်ကို တကွဲတပြား မဖြစ်စေချင်ပေမယ့် စီးပွားရေး လုပ်ငန်းရှင် ပီသသော ဦးနေမင်းခန့်ဟာ ရှေ့ရေးကို ကြိုတွေးပြီး သမီးဖြစ်သူ၏ ဆန္ဒကို ကန့်ကွက်ခြင်း မရှိခဲ့။
သားဖြစ်သူ အရွယ် ရောက်သည့်အခါ ဂျပန် နိုင်ငံ၌ Business Management ပညာရပ်ကို သင်ယူချိန် အစ်မရင်း တစ်ယောက်လုံး အနားမှာ ရှိနေခြင်းက ဦးနေမင်းခန့်အတွက် စိတ်ချရသည်။ ထိုတင်မက နောင်တစ်ချိန် ခရီးသွား လုပ်ငန်းအတွက် ဂျပန် နိုင်ငံတွင် ရင်းနှီး မြှုပ်နှံဖို့ တွေးတောထားသော စိတ်ကူးကိုပါ အကောင်အထည် ဖော်ဆောင်ဖို့ အခွင့် သင့်သည်။ ထို့အတွက် ပိုင်ဆိုင်သင့်သည့် အမွေ အားလုံးကို မာယာဆူးထံ လွှဲပြောင်းပေးပြီး အဘွားဖြစ်သူ မီချီကိုနှင့် အတူ ဂျပန် နိုင်ငံ တိုကျို မြို့ကြီးမှာ အခြေချ နေထိုင်စေခဲ့သည်။
ကလေး အရွယ်သာ ရှိသေးသည့် နေသူရိန်မင်းခန့်က အစ်မဖြစ်သူနှင့် အချိန် အကြာကြီး ခွဲခွာရမှာကို မသိဘဲ မိဘ နှစ်ပါးနှင့် အတူ လေယာဉ်ကြီး စီးဖို့ လေဆိပ်ထဲ စိတ်လှုပ်ရှား ပျော်ရွှင်နေခဲ့သည်။
ဒီလိုနှင့် ဂျပန်မြန်မာ ကပြားလေး နေသူရိန်မင်းခန့် တစ်ယောက် မြန်မာ နိုင်ငံ မန္တလေးမြို့ကို ရောက်ရှိလာပြီး ရေခဲတုံးလို အေးစက်တတ်သော ရှမ်းတရုတ် ကောင်လေး ဝေယံအောင်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
"ဟိုတစ်ယောက် မင်းကို မေးစရာ ရှိတယ်"
"ဘယ်သူ၊ ကျွန်တော်လား . ."
နေသူရိန်မင်းခန့်တို့ အိမ်ကြီး၏ ခြံဝတွင် သေချာ စိုက်ပျိုးထားသော ငုဝါပင်တွေက ညီညီညာညာ အတန်းလိုက် ရှိနေကြသည်။ ရွှေဝါရောင် ပွင့်ဖတ်များက တစ်ပင်လုံး အခိုင်လိုက် ပြည့်သိပ်စွာ ဖူးဝေနေကြ၏။ လေတိုက်တိုင်း ကြွေကျတတ်သော ငုဝါပန်းများကြောင့် အလှစိုက်ထားသော မြက်ခင်းနုနုပေါ် ရွှေမှုန်တွေ ပက်ဖျန်းထားသလို လှပနေသည်။
ထိုမြက်ခင်းထက်ရှိ ငုဝါကြွေများအပေါ်တွင် မျက်နှာချင်းဆိုင် အနေအထားဖြင့် ကောင်လေး နှစ်ယောက် ရပ်နေကြသည်။ အသက် နှစ် နှစ် ကွာပေမယ့် နေသူရိန်မင်းခန့် အရပ်ဟာ ဝေယံနှင့် မတိမ်းမယိမ်း ဖြစ်နေသည်။
"ဟုတ်တယ်၊ မင်း"
"ကျွန်တော်က ဟိုတစ်ယောက်မှ မဟုတ်တာ၊ ကျွန်တော့်နာမည် နေသူရိန် . ."
"တော်စမ်း"
အဆင့်တစ် ဆိုသည့် နေရာအား လုယူသွားသော အာပေတူးကို ဝေယံ သိပ် မကျေနပ်ချင်။ ထို့ကြောင့် ဒေါသအတိုင်း လိုရင်း မရောက်နိုင်အောင် စကား များသည့် အကောင်ပေါက်ကို အော်ပစ်လိုက်သည်။
ပုံမှန် စိတ်နှင့်ဆို အာပေတူးကို မမြင်ချင်၍ ဒီအိမ်ကို ဝေယံ ခြေဦးတောင် မလှည့်ဖြစ်။ သို့ပေမယ့် တစ်ပတ်လုံး သူ့ကို တနုံ့နုံ့ ဆွနေသော အဆင့် တစ် ကြောင့် မေးချင်သည်ကို ရအောင် မေးမည် ဆိုပြီး စိတ်ပိုင်းဖြတ်ကာ ရောက်လာခဲ့ခြင်း ဖြစ်သည်။
"စာ မလုပ်ဘဲ မင်း ဘယ်လိုလုပ်ပြီး အဆင့် တစ် ရလဲ၊ လာဘ်ထိုးလိုက်တာလား"
စာသင်ချိန်တိုင်း အိပ်ငိုက်တတ်သော အာပေတူးသည် ဝေယံ အမြင်အရ ဘယ်လိုမှ အဆင့် တစ် မရနိုင်။ စာ လုပ်သည် ဆိုတာမျိုးကိုလည်း ဘယ်အချိန်မှ သူ မတွေ့ရ။ ထို့အတွက် သေချာနေသော သူ့အထင်နှင့် တစ်ဖက်သားကို ချိုးနှိမ်စွာ မေးလိုက်မိသည်။ လွန်သွားလည်း မတတ်နိုင်။
"တော်တော်လေး အရေးကြီးတယ် ထင်တယ်နော် ယံ၊ ကျွန်တော့်အိမ်ကို မလာစဖူး အလာထူးလို့ . . ၊ အဲ့ဒီလောက်တောင် ကျွန်တော့်ကို စိတ်ဝင်စားတာလား"
ဝေယံ မျက်နှာ ပျက်သွားသည်။
နေသူရိန်မင်းခန့် ပြုံးမိ၏။
ငယ်ငယ်ကတည်းက မြန်မာ လူမျိုး တစ်ယောက်လို ပြုစု ပျိုးထောင်ခဲ့သော ဖခင်ကြောင့် နေသူရိန်မင်းခန့်က ဂျပန် စကားအပြင် မြန်မာ စကားကိုပါ ကျွမ်းကျင်စွာ ပြောတတ်သည်။ ထို့အတွက် သူ့ကို ကြည့်မရ ဖြစ်ကာ မျက်မုန်းကျိုးနေသော ဝေယံ့အကြောင်းကို သိနေတာမို့ အထိ မခံနိုင်သည့် စကားလုံးတွေ ရွေးပြီး တမင် စနောက်လိုက်သည်။
"ဖြေမှာလား၊ မဖြေဘူးလား"
ဒေါသ ထွက်လာသော ဝေယံကြောင့် နေသူရိန်မင်းခန့် ရယ်မိပြန်သည်။
နေသူရိန်မင်းခန့်သည် အပြစ် ဆိုဖွယ် မရှိ ခန့်ညားလွန်းသော ကောင်လေး တစ်ယောက် ဖြစ်ပေမယ့် ဖခင်နှင့် တူသော စရိုက်ကြောင့် တစ်ဖက်လူကို ပညာသား ပါပါ စကားနာ ထိုးတတ်သည်။ တစ်ဖက်လူ သူ့ကြောင့် ဒေါသထွက်လေ သူ ပျော်လေ ဖြစ်သည်။
"ကျွန်တော့်မှာ Supernatural Brain ရှိတယ် ဆိုတာ ယံ သိတယ်မလား၊ စာကို သုံးခေါက် ဖတ်ရုံနဲ့ အလွတ်ရတယ်"
လက်သုံးချောင်း ထောင်ရင်း ဝေယံ့ကို မျက်ခုံး ပင့်ပြကာ ပိုပြီး ဒေါသ ထွက်အောင် စိတ်ဆွပေးလိုက်သည်။
"ယံ့လို မဟုတ်ဘူးလေ၊ ယံသာ စာ ပြီးရင်း စာ ဖြစ်နေတာ၊ ဘဝကြီးက ပျင်းစရာ၊ အဆင့်တွေ ထွက်လာတော့လည်း ကျွန်တော့်နောက်တဲ့၊ ကျွတ် ကျွတ် . ."
စကား မဆုံးသေး။ ဝုန်းခနဲ မျက်နှာ တည့်တည့် လာမှန်သော အီစွပ် ပုံပြင် စာအုပ်က ထုထည် ကြီးလွန်းသည်။ စကားပြောနေကတည်းက ဝေယံ ဒေါသ ထွက်လာသည်ကို နေသူရိန်မင်းခန့် သတိထားမိသည်။ မလုပ်လောက်ဘူး ထင်ပြီး အရိပ်အကဲ မသိ ကျီစားမိသည်။ အခုတော့ ဒေါသကြီးသော ဝေယံ၏ စာအုပ်နှင့် ထုခြင်းကို ခံလိုက်ရပြီ။ ရှောင်ဖို့ နည်းနည်းလေးတောင် အချိန် မရလိုက်။
ပူထူသွားသည့် မျက်နှာကို လက် တစ်ဖက်နှင့် အုပ်ကိုင်ရင်း ဝေယံ့ကို နေသူရိန်မင်းခန့် ကြည့်မိသည်။ အားနည်းချက်ကို ထိပါးလာ၍ ဒေါသထွက်နေသည့် ဝေယံ့ပုံစံက မထင်မှတ်ဘဲ နေသူရိန်မင်းခန့် မျက်လုံးထဲ တော်တော်လေး ချစ်စရာကောင်းနေသည်။
"ပါရမီ ဆိုတာ မရှိဘူး၊ ကြိုးစားမှုကသာ အနိုင်ယူသွားလိမ့်မယ် ဆိုတဲ့ စကားကို မင်း ကြားဖူးလား"
"အမ်း . . ၊ ကြားဖူးသလိုတော့ ရှိသား"
အရုပ်တွေနှင့်သာ အချိန် ကုန်တတ်သည့် နေသူရိန်မင်းခန့်က ဂျပန် လူမျိုး မပီသစွာ စာအုပ်များနှင့် ထိတွေ့မှု နည်းသည်။ ဝေယံ သူ့ကို အနိုင်ပိုင်းရန် ပြောလာသည့် စကား အဓိပ္ပါယ်ကိုပင် သူ သေချာ မသိ။ ချင့်ချိန်ပြီးသာ ဖြေလိုက်ရသည်။
"အေး၊ အဲ့ဒီစကား မှန်တယ် ဆိုတာ ငါ မင်းကို သက်သေပြမယ်"
နေသူရိန်မင်းခန့်ကို ကျော ပေးပြီး ဒေါသတကြီး ဝေယံ ထွက်သွားပြီ ဖြစ်သည်။
တကယ်တော့ ဝေယံ တော်ပါသည်။ နာမည်နှင့် အဆင့် စီသော ပုဂ္ဂလိက ကျောင်း၏ သီးသန့် အမှတ်ပေး စည်းမျဉ်းကြောင့် တစ်ဆင့် နိမ့်သွားခြင်း ဖြစ်သည်။ ' က ' အက္ခရာမှ ' အ ' အက္ခရာကို အဆင့် စီသည့်အခါ အမှတ်ခြင်း တူနေပါက အရင် လာသော အက္ခရာ အမည်ပိုင်ရှင်သည် အဆင့် မြင့်သွားတတ်သည်။
ထို့ကြောင့် ' န ' အက္ခရာနှင့် စသော နေသူရိန်မင်းခန့်က ' ဝ ' အက္ခရာနှင့် စသော ဝေယံအောင်ကို ကျော်ကာ အဆင့် တစ် ရသွားခြင်း ဖြစ်သည်။ တကယ်ဆို သူတို့နှစ်ယောက်၏ အမှတ်ပေါင်းဟာ ဘယ်သူမှ မပိုခဲ့သလို ဘယ်သူမှလည်း မလျော့ခဲ့။
"မပူပါနဲ့ ယံ၊ အချိန်တိုင်း အဆင့် တစ် ရအောင် . . အမြဲ တစ်မှတ် လျှော့ဖြေပေးပါ့မယ်"
ငုဝါပန်းကြွေတွေ ခစားနေပြီ ဖြစ်သော မြက်ခင်းစိမ်းပေါ်က အီစွပ်ပုံပြင် စာအုပ်လေးကို နေသူရိန်မင်းခန့် ကြည့်ကာ ပြောလိုက်သည်။ အတိအကျဆို ဝေယံ သူ့အား ပစ်ပေါက်လိုက်သည့် စာအုပ်ကလေးပဲ ဖြစ်သည်။
~•~ S U N ~•~
4 / August / 2019
9 : 15 PM