နှစ်ယောက်လုံးကသာဘာမှမဖြစ်ဘူးလို့ပြောကြပေမယ့် နှစ်ယောက်သားကတွေ့လိုက်တာနဲ့ ပြုံးပြရုံကမလွဲဘာမှမလုပ်ကြ။
မျက်နှာချင်းဆိုင် ပက်ပင်းဝင်တိုက်တောင် 'ဪ' တစ်လုံးကလွဲပြီး ထွက်မလာတဲ့ မာရှီ့ကိုရော 'အာ' တစ်လုံးကလွဲပြီးထွက်မလာတဲ့ အစ်ကို့ကိုရော ခေါင်းချင်းတိုက်ပလိုက်ချင်နေပြီ။
ဒီမှာ ဘယ်လိုဖွင့်ပြောရမလဲလို့ စိတ်အိုက်နေပါတယ်ဆိုမှ သူတို့နှစ်ယောက်ပြဿနာက ဝင်လာပြန်ပြီ။
ဒီလိုနှစ်ယောက်ကြားမှာ ပဲလှော်ကြားညပ်သလိုညပ်နေတာ နှစ်ပတ်နဲ့ ၂ ရက်တိတ်ရှိပြီ။
ပုံမှန်ဆိုအလုပ်ပိတ်ရက်တိုင်း အစ်ကို့ဆိုင်ကိုသွားနေကြ မာရှီကလည်း မသွားတော့။
ဒီနေ့စနေနေ့... အစ်ကို့ဆိုင်ကိုသွားရအောင်လို့ မာရှီ့ကိုလာခေါ်တာ... ဒါပေမယ့်...
'မာရှီ..ငါ့ကို အမေက မုန့်သွားပို့ခိုင်းလို့ကွာ..နော်...လိုက်ခဲ့လို့'
'အရင်လည်း မင်းတစ်ယောက်တည်းပဲ သွားနေကြဟာကို....အခုမှဘာလို့ငါ့ကိုလာခေါ်နေတာလဲ'
'ပျင်းလို့လေကွာ...အလုပ်ပိတ်တုန်း လွတ်လွတ်လပ်လပ်လေရှူကြတာပေါ့ .. အခန်းထဲမှာပဲ အောင်းမနေနဲ့လေ..သွားရအောင်နော်'
ဂျွန်ခယူက မာရှီဟို့လက်မောင်းကိုဆွဲပြီး ချွဲလိုက်သည်။
'ထူးထူးဆန်းဆန်းတွေ လာလုပ်နေတယ် အသည်းယားလိုက်တာ.. ဖယ်စမ်းပါကွ'
မာရှီဟိုကဂိမ်းဆော့နေရင်း တံတောင်နဲ့တွန်းလိုက်သည်။
'မဆော့နဲ့တော့လို့ တစ်ပတ်လုံးလည်း ကွန်ပျူတာကြည့်ပြီး အလုပ်လုပ်နေရတာ ပိတ်လိုက်တော့'
ဂျွန်ခယူက မာရှီဟို့ဖုန်းကိုလက်နဲ့ကာလိုက်သည်။
ဒါပေမယ့်လည်း မာရှီဟိုက လက်ကိုမြှောက်ပြီး ကျောပေးရင်းဆက်ဆော့နေသည်။
'နဲ~~~~~မာရှီ...သွားရအောင်လို့နော်' မာရှီဟိုရဲ့ပုခုံးပေါ် မေးတင်ပြီး ထပ်ချွဲလိုက်ပြန်သည်။
'အာ..ဂိမ်းမနိုင်ရတဲ့အထဲ...မင်းကတစ်မှောင့်ကွာ'
'ရှူံးသွားပြီလား..အိုကေ အဲ့တာဆို လိုက်ခဲ့တော့..လာ'
ဂျွန်ခယူက မာရှီ့လက်ကိုဆွဲပြီး ထခိုင်းဖို့လုပ်နေပေမယ့် မာရှီဟိုကမထ။ ပေတေပြီး စားပွဲကိုလက်နဲ့ကုတ်ထားသည်။ ကြောင်တစ်ကောင်အိပ်နေတာကို အတူဆော့ချင်လို့ အတင်းဆွဲခေါ်နေရသလိုပင်။
'မာရှီ .. ငါမနေနိုင်တော့လို့ မေးတော့မယ်ကွာ'
'အင်း ဘာလဲ'
'မင်းနဲ့အစ်ကိုနဲ့'
'ဘာမှမဖြစ်ဘူး..မပြောနဲ့တော့'
'တွေ့လား...ဖြစ်လို့ကို မပြောခိုင်းတာလေ..မင်းပဲစိတ်မဆိုးဘူးဆို...ငါလည်းအစ်ကို့ကိုပြောထားပေးတာကို..မင်းတို့ကကွာ ငါမနေတတ်တော့ဘူး ကြားကနေ'
'ဟော ဘာမှမဖြစ်ပါဘူးဆိုမှ မင်းကလည်း...လွှတ်တော့ ဂိမ်းဆက်ဆော့မလို့'
မာရှီဟိုက လက်ကိုဖြုတ်ချလိုက်ပြီး ဖုန်းထဲကနေ ဂိမ်းပြန်ဆော့နေသည်။
'မဆော့ပါနဲ့ဆိုမှ'
'ကွန်ပျူတာကြည့်ရတာမုန်းလို့ ဖုန်းကိုကြည့်နေတာလေ'
'ဒါဆိုငါ့ကိုကြည့်'
ဂျွန်ခယူက မာရှီဟို့ဆီကနေ ဖုန်းကိုယူပြီး သူနဲ့မျက်နှာချင်းဆိုင်လိုက်သည်။ ဂျွန်ခယူက မျက်တောင်မခတ်ဘဲ မာရှီဟို့ကိုကြည့်နေတော့ မာရှီဟိုက အနားကိုပိုတိုးလိုက်သည်။
'မင်းဒီလိုကြည့်ရမှာငါ့ကိုမဟုတ်ဘူး' မာရှီဟို့က ဂျွန်ခယူ့ကလက်ထဲကဖုန်းကိုယူဖို့ ကိုင်လိုက်သည်။
'ကောင်မလေးတစ်ယောက်ကိုကြည့်ရမှာ' ထို့နောက်ဖုန်းကိုယူလိုက်သည်။
တကယ် ဒီလိုစကားမျိုးက သေနတ်တစ်လက်ကို ပစ်လိုက်ဖို့ မောင်းတင်ပေးလိုက်သလိုပါပဲ။
ဒါပေမယ့် ကိုယ့်မှာရှိနေတာက သေနတ်မဟုတ်ဘဲ အချစ်မြားတစ်လက်ဖြစ်နေတာမို့ ပစ်ခါနီး လေးတင်လိုက်သလိုပါပဲ။
'မာရှီ..ငါဒီတစ်သက် ကောင်မလေးမရလောက်တော့ဘူးထင်တယ်'
မာရှီဟို့ဘေးမှာ ငိုင်ငိုင်လေးထိုင်ရင်း စကားတစ်ခွန်းစီကို အားထုတ်ပြောနေမိသည်။
မာရှီဟိုက ဂိမ်းဆော့တာကို ရပ်လိုက်ပြီး ဂျွန်ခယူ့ဘက်ကိုလှည့်ကြည့်လိုက်သည်။
တကယ်တော့ဂိမ်းဆော့မနေပါ..ဖွင့်ထားပြီးမျက်လုံးက ဖုန်းကိုသာကြည့်နေပေမယ့် စိတ်ကတော့ တခြားမှာ..
အခုတော့ ဂျွန်ခယူ့စကားကြောင့် သတိပြန်လည်လာသည်။
'ဘာလို့လည်း မင်းကဒီလောက်ချောတာကို..'
'ဟားဟား...ဒါဆို မင်းပဲငါ့ကိုကြိုက်လိုက်ပါတော့လား'
ဂျွန်ခယူကပြောရင်းနဲ့ မာရှီဟိုရဲ့ပုခုံးကို လက်သီးနဲ့ ဖွဖွလေးထိုးလိုက်သည်။
ဒီလိုစကားမျိုးကြားရင် လန့်သွားလောက်မယ်လို့ထင်ထားပေမယ့် မာရှီဟိုက ဘာမှမဖြစ်သလို ပြန်ရယ်ပြလာသည်။
'ငါသာမင်းနဲ့ကြိုက်မယ်ဆိုရင် မင်းအစ်ကိုနဲ့ငါက ညီအစ်ကိုယောက်ဖတော်နေရမှာပေါ့'
ဒီလိုပြောတဲ့ မာရှီဟိုက ပြုံးနေပေမယ့် အသက်မပါသလိုပဲ။
ဒီကောင်လေးက အခုထိ အစ်ကို့ကို စိတ်ဆိုးနေတုန်းပါပဲလား။
'မာရှီ ငါပြောပြမယ်နော်..အစ်ကိုက ငါ့ကိုတောင်မပြောပြဘူး..ငါနဲ့စကားစပ်မိရင်း သူကပြောမိသွားတာ။ မင်းကိုငါချက်ချင်းပြောပြမယ်ဆိုတော့ သူကဘာပြောလဲသိလား...မင်းစောစောသိနေရင် စောစောပိုပြီးဝမ်းနည်းနေရမှာစိုးလို့တဲ့'
မာရှီဟိုကသူပြောနေတာကို သေချာဂရုတစိုက်နားထောင်နေသည်။
'အစ်ကိုကမင်းကို ငါ့ထက်တောင် ပိုချစ်သေးတာ...ငါတောင်မနာလိုဖြစ်တယ်'
ဂျွန်ခယူကရယ်ပြီးပြောတော့ မာရှီဟိုကလည်း ရယ်သည်။
'အဲ့တာကြောင့် အစ်ကို့ကို စိတ်မဆိုးနဲ့တော့နော်'
'ဒါပေမယ့် ဒီစကားတွေကို ဘာလို့သူကမပြောဘဲ မင်းကပြောနေရတာလဲ'
ဟုတ်သားပဲ .. ငါကဘာလို့ပြောနေရတာလဲ။ သူတို့နှစ်ယောက်ပြဿနာဖြစ်တာကိုငါကဘာလို့ကြားထဲကနေ မရိုးမရွဖြစ်နေရတာလဲ။
'အစ်ကိုကငါ့ထက်မင်းကိုပိုချစ်သလို ငါကလည်း အစ်ကို့ထက်မင်းကိုပိုချစ်လို့နေမှာပေါ့'
'ကျေးဇူးပါပဲ...အစ်ကို့ဆီသွားမလို့မလား? သွားကြမယ်လေ'
'အင်း'
-
-
ညနေ ၅ နာရီဆိုရင် လိမ္မော်ရောင်တွေ ပြန့်ကျဲနေပြန်ပြီ။ မှိုင်းပျပျ နေရောင်ခြည်နဲ့ အေးစက်စက် ရာသီဉတုက ညနေတိုင်း ချိန်းတွေ့နေကြသလို။ ဒါပေမယ့် ဒီနေ့တော့ ဂျီဟွန်းက ဆိုင်ကိုစောပိတ်ပြီး ပြန်လာခဲ့သည်။
မာရှီဟိုနဲ့ ဂျွန်ခယူက အိမ်ရှေ့လမ်းမပေါ်အရောက် သူကလည်း အိမ်ပြန်ရောက်အလာနဲ့ ကွက်တိဖြစ်သွားခဲ့သည်။
ပေးရမယ့်မုန့်ကိုလည်း မပေးရတော့ဘဲ မာရှီကလည်း အစ်ကိုနဲ့တွေ့တာတောင် စကားမပြောသေးဘဲ အစ်ကိုကလည်း မာရှီ့ကိုပြန်မပြောသေးဘဲ ကိုယ့်အိမ်ထဲကိုယ်ပြန်ဝင်လိုက်ကြသည်။
'ငါတော့စိတ်ညစ်တယ်' ဂျွန်ခယူက လမ်းမပေါ်ကနေ တစ်ယောက်တစ်အိမ်စီဝင်သွားတာကိုကြည့်နေရင်း ခေါင်းကုတ်ပြီး ပြောလိုက်သည်။
ဂျီဟွန်းက အိမ်ထဲဝင်ခါနီးမှ တစ်ဖက်အိမ်ကိုလှမ်းကြည့်ရင်းအော်ပြောလိုက်သည်။
'ရှီဟို...ဒိုယောင်းကဒီနေ့သူ့မွေးနေ့မို့ သူ့အိမ်ကိုလာခဲ့ပါတဲ့...မင်းမလာလို့မရဘူးပြောတယ် ည ၇ နာရီကျသွားကြမယ်နော်'
'ဟုတ်'
ထို့နောက် နှစ်ယောက်လုံး တံခါးဖွင့်ပြီး ဝင်သွားကြသည်။ ဒါသူတို့နှစ်ယောက်ပထမဆုံးပြန်ပြောကြတဲ့စကား။
ပြီးတော့အစ်ကိုဂျီဟွန်းကအရင်ဆုံးပြောလိုက်တဲ့စကား...
အိုး ရက်စ် အခြေအနေတွေပြန်ကောင်းလာတော့မှာပဲ....
ဂျွန်ခယူလည်း ပြေးပြီး အိမ်ထဲကိုဝင်သွားတော့သည်။
--------- -------- ---------- ----------
သံယောဇဉ်ဖြတ်မယ်လို့ ကြွေးကြော်ပြီးကတည်းက စိတ်ထိန်းပြီး တစ်မျှင်ချင်းစီ ဖြတ်နေခဲ့သည်။
ဂျီဟွန်းကိုတွေ့လည်း အရင်ကလို ခုန်ပေါက်ပြီး စကားတွေ ဖောင်ဖွဲ့ပြောမနေတော့ဘဲ အပြုံးတစ်ချက်နဲ့ ကျော်သွားတတ်ပြီ။
သူတောင်အေးအေးဆေးဆေး နေနိုင်သေးတာပဲ။ ငါလည်းနေနိုင်ရမှာပေါ့ဆိုတဲ့ စိတ်နဲ့ကျော်လွှားခဲ့တာ ၂ ပတ်။
ဒီလိုမျိုး ၄ လလောက်တောင် နေနိုင်ပါ့မလားလို့ ကြောက်နေခဲ့ပေမယ့် ၂ ပတ်တော့ကျော်လာခဲ့ပြီ။
သူသာစကားစပြန်မပြောဘူးဆို ၄ လအထိခံချင်ခံနိုင်မှာကို...အခုတော့ စကားလေးတစ်ခွန်းသူ့ဘက်ကစပြောလိုက်တာနဲ့ လူက တင်းထားသမျှ အကုန်အရည်ပျော်ကျသွားရပြီ။
သူနဲ့ပတ်သက်နဲ့စကားလည်းမဟုတ်...ဂျီဟွန်းနဲ့ပတ်သက်တဲ့စကားလည်းမဟုတ်..သူများကပြောခဲ့တဲ့ စကားကိုပြန်ပြောပေးရုံနဲ့တင်ကို ပျော်ချင်နေပြီ။
ဒီည သူကသာစကားထပ်ပြောရင်တော့ ဆောက်ထားခဲ့သမျှ တံတိုင်းတွေ အကုန်ပြိုကျတော့မှာပဲ...
'မာရှီ... ရေမြန်မြန်ချိုးလေ သား..အေးကအေးနဲ့'
'ဟိုက်...အိုကားဆန်'
တွေးပြီးပျော်နေရင်း ရေချိုးနေတယ်ဆိုတာတောင်မေ့သွားသည်။ အမေကလှမ်းအော်မှ ရေချိုးခန်းထဲကနေထွက်လာပြီး အဝတ်အစားရွေးရတော့သည်။
ညဘက်ဆိုပေမယ့် သွားရမှာက မွေးနေ့ပွဲ...မွေးနေ့ပွဲဆိုပေမယ့် အစ်ကိုဒိုယောင်းဆိုတာက ရင်းနှီးနေတဲ့သူဆိုတော့ ပေါ့ပေါ့ပါးပါးပဲ ဝတ်သွားတော့မယ်လို့ဆုံးဖြတ်လိုက်သည်။
ဆွယ်တာ အစိမ်းရောင်နဲ့ ပန်းရောင်ဖက်စပ်လေး ကိုမှ ဂျင်းအပြာဖျော့လေးနဲ့ ဝတ်လိုက်သည်။
'အိုကေ .. ရပြီ ၆ နာရီခွဲပြီဆိုတော့ သွားလိုက်တော့မယ်'
အပေါ်လှေကားကနေ ပြေးဆင်းလာပြီး အမေ့ကိုလှမ်းအော်ပြီး နှုတ်ဆက်လိုက်သည်။
'ကားဆန် သွားပြီနော်'
'အဖေပြန်ရောက်နေပြီ နှုတ်ဆက်သွားဦး'
'ဟိုက်'
အဖေ့ကိုက တွေ့ရတဲ့ရက်ထက် မတွေ့ရတဲ့ရက်က ပိုများတာမို့ သူပြန်ရောက်တဲ့နေ့တိုင်းဆို အထူးတစ်လည် သွားသွားနှုတ်ဆက်ရတာကလည်း အလုပ်တစ်ခု။
'အိုတိုးဆန် ဝင်လာပြီနော်'
ဝင်သွားတာနဲ့ စာဖတ်နေတဲ့ အိုတိုးဆန်က အရှိန်အဝါအပြည့်။
'သား အလုပ်သင်ကအဆင်ပြေလား..ဟိုတစ်ခါ အဖေ့သူငယ်ချင်းတို့အိမ်ဒီဇိုင်းကရော'
'အားလုံး အဆင်ပြေ အိုကေ စိုပြေ ပါပဲ'
'ဟုတ်ပြီ ဟုတ်ပြီ အခုဘယ်သွားမလို့လဲ'
'အစ်ကိုဂျီဟွန်းတို့ဆိုင်က အစ်ကိုတစ်ယောက်ရဲ့မွေးနေ့ဖိတ်ထားလို့ပါ'
'ဟုတ်လား သွား သွား ...သူတို့ရော အဆင်ပြေကြရဲ့လား'
'အင်း ပြေတဲ့ပုံပါပဲ'
မရေရာတဲ့အဖြေတစ်ခုပေခဲ့ပြီး အခန်းထဲကထွက်လာလိုက်သည်။
ထို့နောက် ဂျီဟွန်းတို့အိမ်ရှေ့မှာ အိမ်ထဲဝင်ရမလို ချိတုံချတုံဖြစ်နေသည်။
အခုနေအိမ်ထဲဝင်သွားရင် အစ်ကိုလည်းရှိနေမှာပဲ။ ဒါဆို ဟိုလိုလိုဒီလိုလိုနဲ့ စကားလည်းမပြောဘဲ ကြောင်တောင်တောင်ကြီးနေနေရရင် ဒုက္ခ။
အိမ်ထဲမဝင်ဘဲ ခြံရှေ့ကနေ ဂျန်ခယူ့ကိုစာလှမ်းပို့လိုက်သည်။
-သွားကြတော့မှာမလား။ ငါအိမ်ရှေ့မှာ-
စာပို့ပြီး အအေးသက်သာအောင် ခုန်ဆွခုန်ဆွလုပ်နေလိုက်သည်။ အလုပ်ဝင်ပြီးနောက် ပုံပြောင်းလိုက်တဲ့ဆံပင်ကေကြောင့်လည်း ခေါင်းကို အရင်ကလောက်နွေးအောင်လုပ်မပေးနိုင်တော့။
ဒီနေ့မှလည်း ဆံပင်ကိုအရှေ့နဖူးဖော်ပြီး စတိုင်ထုတ်လာမိပြန်သည်။
'ကလင် ကလင်'
စက်ဘီးဘဲလ်သံကြောင့်ကြည့်မိတော့ ကွက်တိကိုကြုံကြိုက်ပါတဲ့ အစ်ကိုဂျီဟွန်းရယ်ပါ။
'မဝင်ဘဲ ဘာလုပ်နေတာလဲ အေးကအေးနဲ့'
'သွားတော့မယ်ထင်လို့မဝင်တော့တာ ဝင်လိုက်ထွက်လိုက်လုပ်နေရမှာ ပျင်းလို့'
'၅ မိနစ်လောက်နေမိရင်တော့ အေးခဲသွားနိုင်တယ်။ ဝင်ဦးအထဲကို'
'မဝင်တော့ဘူး အစ်ကိုတို့ထွက်လာခဲ့လိုက်တော့လေ'
ဂျီဟွန်းကခေါင်းညိမ့်ပြပြီး စက်ဘီးကိုအိမ်ထဲသွင်းလိုက်သည်။
ထို့နောက် ချက်ချင်းအပြင်ကိုပြန်ထွက်လာသည်။
မာရှီဟို့ဘေးမှာ အတူတူမတ်တပ်လာရပ်ပြီး ဘောင်းဘီအိတ်ထဲကို လက်တစ်ဖက်ထည့်ထားပြီး တစ်ဖက်က အိတ်လေးတစ်ခုကိုဆွဲထားသည်။
အစ်ကိုဒိုယောင်းအတွက် မွေးနေ့လက်ဆောင်ဖြစ်မယ်။ မာရှီဟိုရဲ့လက်ဆောင်ကတော့ လွယ်ထားတဲ့အိတ်လေးထဲမှာ။ စကိတ်ပုံလေးကို ဖန်သားနဲ့လုပ်ထားတဲ့ တန်ဖိုးကြီး သော့ချိတ်လေးတစ်ခု။
အစ်ကိုကရော ဘာဝယ်လာတာများလဲ။
အေးလို့ စောစောကလို ခုန်ဆွခုန်ဆွပြန်လုပ်လိုက်မိသည်။ ဂျီဟွန်းက ဘေးကနေ ကြည့်ရင်း ပြုံးလိုက်သည်။
'အရင်ကအတိုင်းပဲနော်..အခုထိ အဲ့အကျင့်လေးကြောင့်ချ....အဟင်း..' ဂျီဟွန်းက စကားပြောနေရင်း လည်ချောင်းရှင်းလိုက်သည်။
ဘာများဆက်ပြောမလို့ပါလိမ့်..
'အေးလို့လေ'
'အေးလို့ခုန်လိုက်ရင် မအေးတော့ဘူးပေါ့'
'အင်း နည်းနည်းပူသွားတယ်'
ဂျီဟွန်းကဘာမှဆက်မပြောတော့ဘဲ အိမ်ထဲကနေထွက်မလာသေးတဲ့ ဂျွန်ခယူ့ကိုဆဲရေးနေသည်။
'အေးရတဲ့အထဲ ထွက်မလာသေးဘူး..ဘာတွေကြာနေလဲမသိဘူး'
ဒီလိုနှစ်ယောက်တည်းဘယ်တုန်းကမှ တိတ်တိတ်ဆိတ်ဆိတ်မနေဘူးတာမို့ ကသိကအောက်နိုင်လှသည်။
တစ်ခုခုတော့ ပြောမှဖြစ်မှာမို့...စိတ်ထဲရှိတာကိုပြောလိုက်သည်။
'အစ်ကို ဂျပန်သွားရတော့မှာဆိုတော့ ကောင်မလေးနဲ့တွေ့ရတော့မှာပေါ့နော် ပျော်နေမှာပဲ'
'ပျော်တစ်ဝက် ဝမ်းနည်းတစ်ဝက်ပါပဲ'
ဖြေသာဖြေလိုက်ပေမယ့် အခုထိကို မာရှီ့ကိုကြိုမပြောမိတာဘာကြောင့်ပါ ..အစ်ကို့ကိုစိတ်မဆိုးဘဲ ခွင့်လွှတ်ပါဆိုတဲ့စကားမျိုးတစ်ခွန်းမှ ပြောမလာ.. အစ်ကိုကသိပ်နေနိုင်လွန်းတဲ့သူ...
'အင်းပေါ့...'
ပြန်တိတ်ဆိတ်သွားပြန်သည်။
'ရည်းစားထားရတာပျော်ဖို့ကောင်းလား'
'သူကရစ်လိုက် ကိုယ်ကချော့လိုက်နဲ့ မကြာခဏတော့ ပျော်ရပေမယ့်...'
'အင်း..'
'ရှီဟို့ကိုတော့ ရည်းစားမထားစေချင်ဘူး...'
ပြောပြီးမှ ထပ်ဖြည့်ပြောလိုက်သည်။
'ကောင်မလေးမထားစေချင်ဘူး'
ဂျီဟွန်းကတော့ သူငယ်ချင်းတွေ သူတို့ရည်းစားတွေနဲ့ ပြဿနာဖြစ်ပြီး ရင်ဖွင့်ခံထားရတဲ့ အတွေ့အကြုံတွေ နဲ့ ရွှီးပြီးပြောလိုက်ပေမယ့် နောက်မှ သတိရသွားတာက သူ့ညီဂျွန်ခယူ။
အဲ့တာကြောင့် ကောင်မလေးမထားနဲ့ဆိုပြီး ပြန်ဖြည့်ပြောလိုက်ရသည်။
'ဟွန်း.. သူကျတော့ရည်းစားထားပြီး သူများကျ တစ်ယောက်တည်းနေခိုင်းတယ်'
ဂျီဟွန်းကရယ်လိုက်သည်။ အမှန်တကယ်ကတော့ အတ္တလိုပဲဆိုရမလား?
ကိုယ်ချစ်ရတဲ့သူကို ကိုယ်ကမပိုင်ဆိုင်ရရင် ဘယ်သူ့ကိုမှလည်း မပိုင်ဆိုင်စေချင်တာမျိုး...
'အာ..ဆောရီး လက်ဆောင်ဘယ်နားထားမိမှန်းမသိလို့ရှာနေတာ'
ဂျွန်ခယူက တံခါးဖွင့်ပြီး ထွက်လာမှအကုန်ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။
'မင်းကလည်း မြန်မြန်လာတာမဟုတ်ဘူး ငါဒီမှာ အေးလို့ သေ....တော့...မယ်'
မာရှီဟိုက ဂျွန်ခယူ့ကိုဟောက်ပြီးကာမှ သူအရမ်းအေးတာကို ဂျီဟွန်းကိုပြောပြလိုက်သလိုဖြစ်သွားသည်။
'စောစောကပြောတော့ ခုန်နေရင် မအေးဘူးဆို'
'အခု ခုန်မနေဘူးလေ'
ဂျွန်ခယူက သူတို့နှစ်ယောက်ကို ကြည့်ပြီး ဝမ်းသာအားရ ဖက်လိုက်သည်။
အလယ်ကနေ နှစ်ယောက်သားရဲ့ပုခုံးကို တစ်ဖက်စီဖက်လိုက်ပြီး
'အခုမှပဲ အရင်လိုပြန်ဖြစ်သွားတော့တယ်..လာသွားကြမယ် အေးလိုက်တာမတရား'
ကားငှားပြီး ဂျွန်ခယူကအလယ်ကနေထိုင်ရင်း ညီအစ်ကိုနှစ်ယောက်စကားပြန်ပြောကြလို့ ပျော်နေတဲ့ ပီတိပြုံးကြီးနဲ့ မိန့်မိန့်ကြီးလိုက်လာတော့သည်။
အေးအေးဆေးဆေး နေရအောင်ဆိုပြီး ဒိုယောင်းက သူတို့အုပ်စုကိုပဲ အိမ်လုပ်မုန့်မျိုးစုံနဲ့မွေးနေ့ပွဲကိုကျင်းပပေးသည်။
မွေးနေ့ကိတ်ရယ်..ညစာထမင်းဝိုင်းရယ်...ပြီးတော့...ဒုတိယအချီ ပျော်ပွဲရွှင်ပွဲရယ်။
တစ်တို့နှစ်တို့လောက်နဲ့ မူးနေပြီဖြစ်တဲ့ ဂျွန်ခယူနဲ့ မာရှီဟိုကတော့ ဘူးလေးကိုင်ပြီး ဟိုလှုပ်ဒီလှုပ်။
ဂျီဟွန်းကတော့ ဘာမှမဖြစ်သေး။
ညမှောင်နေပြီမို့ ဂျောင်းဟွမ်ကတော့ မပြန်တော့ဘဲ ဒိုယောင်းအိမ်မှာ အိပ်တောင်ပျော်နေပြီ။
သူတို့ ၃ ယောက်ကတော့ ပြန်မှဖြစ်မည်။ မနက်ဖြန်အလုပ်သွားရမယ့်သူတွေ။
'ကဲ ဒိုယောင်းရေ ဒါဆို ငါတို့ပြန်ကြတော့မယ်နော်'
ဂျီဟွန်းကပြောလိုက်တော့ မာရှီဟိုနဲ့ ဂျွန်ခယူတို့က ဇက်ကနဲ ထိုင်ရာကနေထပြီး 'ပြန်ပါတော့မယ်' လို့ပြိုင်တူနှုတ်ဆက်လိုက်သည်။
'အင်း အစ်ကိုပြန်မှဖြစ်တော့မယ်ထင်တယ် ... ဟို ၂ ယောက် နည်းနည်းလေးမှ မသောက်နိုင်တာပဲ'
ဒိုယောင်းကရယ်ပြီး ပြန်ပြောလိုက်သည်။
ဒီတစ်ခါတော့ ဂျီဟွန်းက အလယ်ကနေ ဘယ်တစ်ဖက် ညာတစ်ဖက်က ညီနှစ်ယောက်ကို ထိန်းရင်း ကားငှားရတော့သည်။
တစ်လမ်းလုံးလည်း ကားပေါ်မှာ အိပ်လိုက်လာကြပြီး အိမ်ရောက်တော့ဆင်းဖို့ကိုလည်း အတင်းဆွဲချရသည်။
'ဟေ့ကောင် ဂျွန်ခယူ...' ဂျီဟွန်းက ဂျွန်ခယူ့ကျောကို ၂ ချက်လောက်ချလိုက်ကာမှ ဂျွန်ခယူက မျက်လုံးလေးကလယ်ကလယ်နဲ့ အမူးပြေသွားပုံရသည်။
'ဟိုမှာ မင်းအိမ်..တွေ့လား '
ဂျီဟွန်းကလက်ညှိုးထိုးပြတော့ ဂျွန်ခယူကခေါင်းညိမ့်ပြသည်။
'အေး အိမ်ထဲကိုတည့်တည့်ဝင်သွား...လျှို့ဝှက်နံပါတ်က ငါတို့မွေးနေ့နှစ်ရဲ့နောက်ဆုံးဂဏန်းတွေ..ဒါမှမမှတ်မိရင်တော့ အဲ့မှာထိုင်သာစောင့်နေ။ ပွင့်သွားရင်တော့ အခန်းထဲဝင်အိပ်တော့..ငါရှီဟို့ကိုလိုက်ပို့လိုက်ဦးမယ်'
'မာရှီ..မာရှီလား...မာရှီ...'
မာရှီဟိုဆိုတဲ့အသံကြားတာနဲ့ အသိစိတ်ပြန်ဝင်ပေးတဲ့အတွက် ညီဖြစ်သူကိုကျေးဇူးတင်လိုက်သည်။
ဒီလိုက်ဆိုနောက်လည်း စိတ်ချရလောက်ပြီလေ။ ဒါပေမယ့် အခုတော့မဟုတ်သေးဘူး။
'မင်းပြန်လိုက်ပို့ရင် ဒီနေ့ အိမ်ပေါက်ဝမှာပဲအိပ်ရလိမ့်မယ်..ဒီနေ့တော့ အစ်ကို့လက်ထဲအပ်လိုက်ဟုတ်ပြီလား'
ဂျွန်ခယူက အိုကေလို့ပြပြီးအိမ်ထဲဝင်သွားသည်။
ဒီနေ့မှ မသောက်စဖူး တစ်ဘူးလုံးကုန်အောင်သောက်လိုက်တာမို့ တော်တော်ကိုမူးနေမှာ အသေအချာ။
ဂျွန်ခယူအိမ်ထဲဝင်သွားတာသေချာမှ မာရှီဟို့ကို သူ့အိမ်ထဲပို့လိုက်သည်။
သူ့ကိုတွဲထားရတာ အဆင်မပြေတာမို့ ကုန်းပိုးလိုက်သည်။
မာရှီဟိုရဲ့မျက်နှာက သူ့လည်ပင်းနားမှာကပ်နေပြီး လက်နှစ်ဖက်က သူ့လည်ပင်းကိုသိုင်းထားသည်။
ပါးနှစ်ဖက်က ခြေတစ်လှမ်းလျှောက်တိုင်း ကပ်သွားတာကြောင့် စိတ်ကိုမနည်းထိန်းပြီး လျှို့ဝှက်နံပါတ်နှိပ်ပြီး ဝင်လိုက်သည်။
မာရှီ့အမေနဲ့တွေ့တော့ နှုတ်ဆက်လိုက်ပြီး မာရှီဟို့ကိုအခန်းထဲကိုလိုက်ပို့လိုက်သည်။
ကုတင်ပေါ်ကိုဖြည်းဖြည်းချင်းချရင်း..ကိုယ်အနေအထားကိုပြင်ပေးလိုက်သည်။
စောင်ကိုလုံနေအောင်ခြုံပေးလိုက်ပြီး ဘေးကနေခဏလောက် ထိုင်ကြည့်မိသည်။
'ဆံပင်တိုတိုလေးညှပ်လိုက်တော့လည်း ချစ်ဖို့ကောင်းတာပဲ'
'မျက်လုံးဝိုင်းဝိုင်းလေးတွေ ပိုပေါ်သွားတော့ အရင်ကထက်ကိုပိုချစ်စရာကောင်းနေတယ်'
တစ်ခွန်းချင်းစီကို ပါးစပ်ကနေထုတ်ပြောနေလိုက်သည်။
'အစ်ကို တောင်းပန်ပါတယ်...ကြိုမပြောမိလို့'
'ရှီဟို စိတ်ညစ်ရမှာစိုးလို့ ကြိုမပြောခဲ့ပေမယ့် အခုလိုသိသွားတော့ အစ်ကိုဘာလုပ်ရမှန်းမသိတော့ဘူး'
'အစ်ကိုလည်းမသွားချင်ပါဘူး...ဒါပေမယ့်...ညီလေး ၂ ယောက်လုံးကိုပျော်စေချင်လို့ပါ'
'အချိန်ကကုစားပေးသွားမှာပေါ့နော်...'
မာရှီဟိုက ခန္ဓာကိုယ်ကိုလှုပ်လိုက်တာကြောင့် လက်တစ်ဖက်က ကုတင်ပေါ်ကနေ ထွက်ကျလာသည်။
ဂျီဟွန်းက မာရှီဟို့လက်ကို ကိုင်ပြီး စောင်ထဲပြန်ထည့်ဖို့ လုပ်လိုက်ပေမယ့် မာရှီဟိုက သူ့လက်များကိုပြန်ဆုပ်ကိုင်လာသည်။
မျက်လုံးလည်း ပွင့်လာပြီး ဂျီဟွန်းကိုကြည့်နေသည်။
'မသွားလို့မရဘူးလား..'
အသံတိုးတိုးလေးနဲ့ ပြောလာတဲ့ရှီဟို....
'စာလည်းမပို့ဘူး...'
'စကားလည်းအရင်မပြောဘူး'
အိပ်ချင်မူးတူးနဲ့ မူးနေတဲ့အသံနဲ့ရောပြီး တစ်လုံးချင်းစီပြောနေသည်။
ဒါ ရှီဟိုလေးက ပြောချင်နေခဲ့တဲ့စကားတွေတဲ့လား....
ပြောချင်တာပေါ့ စကားတွေအများကြီး...ဘယ်သွားချင်ပါ့မလဲ မင်းမရှိတဲ့နိုင်ငံကို....
'ရှီဟိုလေး.. အစ်ကိုပြောတာကြားလိုက်လား... တောင်းပန်ပါတယ်လို့နော်'
'အရမ်းနာကျင်တာပဲ'
'ဟင် ဘယ်နားကလဲ...ဘာဖြစ်လို့လဲ'
ဂျီဟွန်းပျာယာခတ်သွားသည်။ ကုန်းပိုးလာတုန်းက တိုက်မိသွားတာလား...ကားပေါ်မှာဆောင့်မိတာလား..
'ရင်ဘတ်ထဲက'
'ဘာဖြစ်တယ်'
'အစ်ကိုမကောင်းဘူး...'
မာရှီဟိုက လက်ကိုလွှတ်လိုက်ပြီး မျက်လုံးပြန်မှိတ်ကာ အိပ်ဖို့လုပ်လိုက်သည်။
'ငါတစ်ယောက်တည်းကပဲ သူ့ကိုချစ်နေလို့ ခံစားရတာ...အစ်ကိုက မကောင်းတဲ့သူ'
'အစ်ကိုက...တကယ်...မ..ကောင်း...တဲ့...သူ...ငါ့ကို...မချစ်ဘူး'
ပြောပြီး ဂျီဟွန်းကိုကျောပေးကာ အိပ်ပျော်သွားတော့သည်။
------------------- OMG --------------------------
တူဘီကိုတိမ်ညွှန့်ပါရှင့်
အလုပ်တွေပိနေလို့ နောက်ကျသွားတာ ဂိုမန်းနဆိုက် :'(((
ဂွတ်နိုက်ပါ အဲဗရီးဝမ်းးးးးးးးးးးးးးးးးးးးးး
ဒီနေ့ပထမဆုံးနှင်းကျတဲ့နေ့ဆိုတော့ ဟိုးးးးးးးအရင်ကအပိုင်းထဲမှာ ညီအစ်ကို ၃ ယောက် ဆုတောင်းဖူးတာလေး ဘယ်သူ့ဆုတောင်းကပြည့်မလဲမသိဘူးနော်.........