အလှပန်းအိုးတွေကြားက မြက်ပင်တို့ကို နှုတ်နေရင်း ဝါးတစ်ပြန်စာအကွာတွင်ရှိသော ဖြူလွှလွှပုံရိပ်လေးအား မသိမသာ လှမ်းလှမ်းကြည့်နေမိသည်။နေခြည်နုနုအောက်မှာ နို့နှစ်ရောင်အသားအရေက ရေပြင်ပြာကဲ့သို့ တောက်ပကာ ကြည်လင်နေ၏။
ရေကန်ဘောင်စပ်မှာခြေထောက်ချကာ ဆော့နေသော ကောင်လေးက ခေါင်းစခြေဆုံး ကြော့ရှင်းလှသည်။မြေမှုန်တွေကပ်ငြိကာ အနည်းငယ်ရှည်နေသော လက်သည်းကြားက မည်းညစ်ညစ် ဂျေး(ချေး)များကို ပြန်ကြည့်လိုက်ရင်း ထိုကောင်လေးနဲ့သူရဲ့ကွာခြားချက်တွေ တွက်ဆမိတဲ့အခါ။
ဝါဂွမ်းလို နုပြီးပန်းရောင်သမ်းနေသော ခြေချောင်းလေးများကို ရေထဲမှာ မြှောက်ကာဆော့နေတော့ ဖိနပ်မပါတဲ့ သူ့ခြေထောက်များ အသားမာတည်နေတာကို ပို၍ သတိထားမိလာသည်။ လူချင်းတူသော်လည်း ဘဝပေးကံခြင်းမတူကြသလို ကြီးပြင်းမှု အနေအထားပံ့ပိုးမှုတို့လည်းကွဲပြားသည်။
ဘေးမှ ခါးညွှတ်ကာ စောင့်ကြပ်ပေးနေသော အထိန်းတော်ကို နောက်ထပ် အစေခံတစ်ယောက်က လာခေါ်တာကြောင့် အိမ်ထဲ ဝင်သွားသည်။ မသွားခင် ထိုကောင်လေးနား ခါးညွှတ်ကာ အကြိမ်ကြိမ် သတိပေးမှာကြားနေသည့်ဟန်။
မိခင်နဲ့မတူဘဲ ထိုကောင်လေးက အစေခံတွေထံလည်း အပြုံးကို ရက်ရောစွာ စွန့်ကြဲသည်။အထိန်းတော်ကို ခေါင်းညိတ်ပြပြီးနောက် သူ့ခြေချောင်းလေးတွေအား ရေကန်ထဲမှ သယ်ယူလိုက်သည်။
သို့သော်ခပ်သုတ်သုတ် အိမ်ထဲဝင်သွားသော အစေခံနောက်ကို လိုက်မသွား။ ခုံတန်းပေါ်မှာထိုင်ကာ သစ်သီးစုံ လှီးထားသောကြွေပန်းကန်ဆီ အာရုံရသွားပြီး ရေစက်လက် ခြေချောင်းလေးတွေကို ကျောက်ပြားပေါ် ဒီအတိုင်းချထားတာကြောင့် အပင်တွေ နားကနေ ထသွားလိုက်သည်။
အရင်နေ့တွေက ကောင်လေးရဲ့ အထိန်းတော်ကြီး လုပ်ပေးနေတာတွေကိုမြင်နေရတာကြောင့် ဘေးမှ ချထားသော တဘက်နဲ့ ဖိနပ်လေးကို ကောက်ယူပြီး သူ့ရှေ့မှ ဒူးတစ်ဖက်ထောက်လျက်။
ခြေထောက်လေးက ဖြူနေရုံတင်မက အနီးကပ်ကြည့်မှ သွေးကြောစိမ်းလေးတွေရော ခရမ်းရောင်လေးတွေပါ ယှက်ပြေးလျက်ရှိသည်။လက်ဖဝါးကပဲ ကြမ်းလွန်းတာလားမသိပေမဲ့ တဘတ်ခြားပြီးထိနေရတာတောင် နူးညံ့အိစက်မှုက အတိုင်းသား။
ဘာမှမမေးသော်လည်း အလိုက်သင့်လေး ခြေထောက်ကို ထားပေးသည်။ ရေကိုပြောင်အောင်သုတ်လိုက်ပြီး ဖိနပ်စီးပေးဖို့ ပြင်လိုက်ချိန်မှ ညစ်ပေနေတဲ့ လက်တွေကို သတိရသွားခိုက်။အလန့်တကြားလွတ်ချလိုက်တဲ့ ရွှေရောင်ကတ္တီပါသား ဖိနပ်လေးမှာ အမည်းရောင်ဂျေး(ချေး)တွေ ပွကုန်သည်။
"တောင်း ...တောင်းပန်ပါတယ် "
ဘေးက တဘတ်နဲ့ အမြန်ယူသုတ်လိုက်သော်လည်း အဖြူရောင် တဘတ်မှာပါ ပေနေတာကြောင့် ပူထူသွားရသည်။နောက်ဆုံး ဘေးဘီဝေ့ကြည့်လိုက်တော့ အလျင်လိုနေသော
စိတ်က ရေပြင်ထံ အပြေးလှမ်းကာ လက်နှစ်ဖက်ကို ပွတ်ဆေးလိုက်သည်။
ရေကန်ပြာပြာထံ ကူးလူးသွားသော အမည်းညစ်ညစ် အရောင်တွေကို ထပ်မြင်တော့ ကိုယ့်ကိုယ်ကို ဒေါသထွက်ကာ တိုတိတိ ဆံပင်တွေကို ဆွဲဆောင့်ပစ်လိုက်ချိန် လက်ကောက်ဝတ်ကို လာကိုင်သော အထိအတွေ့
"မဆွဲနဲ့လေ နာလိမ့်မယ် "
နောက်ထပ် ညစ်ပေသွားသော အရာက ကောင်လေးဖြစ်မှာစိုးတာကြောင့် လက်ကို ပြန်ရုန်းလိုက်သည်။ဒူးထောက်ကာ ခေါင်းငုံ့ထားသောကြောင့် စွန်းထင်းနေသော ရွှေရောင်ဖိနပ်လေးကို စီးထားတာ မြင်နေရသည်။
အိမ်တော်ရဲ့ သခင်မထံ ဒူးမထောက်ခဲ့သော်လည်း ကိုယ့်ထက် ငယ်သော ကောင်လေးရှေ့မှာ ခေါင်းမော့နိုင်စွမ်းမရှိခဲ့။ မည်သူကိုမှ မကြောက်ရွံ့သော ကိုယ်က အိမ်တော်မှာရှိတဲ့ လူတိုင်း ချစ်ခင် ခစားနေသောတော်ဝင်သူရဲ့ ခြေထောက်မြေမှုန်ပေကျန်သွားမှာ စိုးထိတ်နေခဲ့သည်။
ယမ်းမှုန့်တွေဖြင့် ကျယ်လောင်သော ဗုံးသံတွေနဲ့ ရင်းနှီးသော်လည်း အတူဒူးထောက်ထိုင်ချကာ ဆုံစေလိုက်သော မျက်ဝန်းနက်လေးတွေကို ကြာကြာမကြည့်ဝံ့ပေ။
"အယ် ...မျက်လုံးက အပြာရောင်လေး"
"........"
"မော့ပါအုံး ဘာလို့အတင်းကြီးငုံ့ထားရတာလဲ ။ မျက်စံအပြာလေးတွေကို ပိုင်... သေချာကြည့်ချင်တယ် "
မကောင်းဆိုးဝါးဟု ထင်မှားစေခြင်းရဲ့ တရားခံဖြစ်တဲ့ ဒီမျက်ဝန်းတွေကို မုန်းသော်လည်း သာယာသော အသံလေးရဲ့ အမိန့်ကို မလွန်ဆန်နိုင်။ ဖြည်းဖြည်းချင်းမော့ကြည့်လိုက်တော့ စူးစမ်းလိုသော ကောင်လေးရဲ့အကြည့်တွေမှာ သဘောကျမှုတို့မြင်ရချိန် သက်ပြင်းခပ်ဖွဖွ ချမိသည်။ မျက်နှာနားပိုနီးကပ်ကာ အသေအချာကြည့်နေတာကြောင့် အသက်ကိုရဲရဲမရှူရဲ
"လှလိုက်တာ မယ်မယ်ရဲ့ဘယက်က ကျောက်လေးတွေလို လတ်နေတာပဲ "
"........"
"နာမည်ဘယ်လိုခေါ်လဲဟင် ... အိမ်တော်မှာဆို ကလေးအရွယ်မတွေ့ဖူးဘူး။ ဘယ်တုန်းကရောက်နေတာလဲ ။နောက်လည်း ပိုင့်ဆီ လာခဲ့နော် ပန်းချီဆွဲတာတွေ စာဖတ်ရတာတွေကို တစ်ယောက်တည်းလုပ်ရတော့ ပျင်းနေပြီ။ လာမယ်မလားဟင် "
ပါးဖောင်းဖောင်းလေးနှစ်ဖက်ကြားက နှုတ်ခမ်းသေးသေးလေးဟာ စကားတို့အလွန်သွက်လက်နေသည်။ ဘယ်ကနေ စဖြေရမှန်းမသိ ဖြစ်နေတုန်း နောက်ကျောဘက်ဆီမှ ခပ်မာမာ အသံတစ်ခုကြောင့် ခေါင်းကိုအမြန်ငုံ့ချလိုက်ရသည်။
"သားငယ် ... အဲ့ဒါ ဘာလုပ်နေတာလဲ အခုထစမ်း အစေခံနဲ့ တစ်တန်းဒူးထောက်စရာလား"
ချိုင်းကနေ ပင့် 'မ'ကာ သူနဲ့ခပ်လှမ်းလှမ်းဝေးတဲ့နေရာကို ဆွဲယူသွားသည်။ ခပ်သုတ်သုတ်လျှောက်လာနေသော နောက်ထပ်ခြေသံတွေနဲ့အတူ ဒူးထောက်လျက်တောင် ခံစားခွင့်မရှိ ။ အရိပ်ကိုမမြင်ရတဲ့အထိ ဝေးစေပြီး။
"အထိန်းတော်ကြီး "
"ရှိပါတယ် သခင်မ"
"သားငယ်ကို တရော်နဲ့ခေါင်းလျှော်ပြီး နွားနို့နဲ့ရေချိုးပေးလိုက် "
ပြန်လည်ဖြေကြားပြီး အထိန်းတော်တွေထွက်သွားပြီဆိုမှ နောက်ထပ် အမိန့်တို့က ဒူးထောက်နေဆဲ သူ့ရဲ့အပေါ်သို့
"နောက်တစ်ခါ ငါ့သားနဲ့ မဆုံမိအောင်နေပါ။မင်းလိုမျိုး ကံကြမ္မာအညံ့ဆိုးရှိနေတဲ့သူနား ကပ်ရင် ငါ့သားငယ်ပါ အညံ့တွေ ကူးကုန်လိမ့်မယ် ။ အိမ်တော်ရဲ့ အရှေ့ကိုလည်း ဘယ်တော့မှ ထွက်မလာနဲ့ မင်းရဲ့အချိန်တွေကို အနောက်ဘက်ခြံထဲမှာပဲ ကုန်ဆုံးပါစေ"
"......."
"ငါပြောတာကြားလား"
"ကြားတယ် "
"ကြားရင်ပြန်ဖြေလေ နင် 'အ' နေတာလား "
"နားလည်ပါပြီ "
မနိုမ့်ချသော အသံအနေအထားက အိမ်ကြီးရှင်ကို ပို၍ ဒေါသထွက်စေကာ ဆွပေးနေသလိုပင်။
"တောက်! အချိုးကိုမပြေဘူး ။အိမ်တော်မှာ လုပ်သက်အကြာဆုံးကျွန်တစ်ယောက်ကိုငဲ့ညှာတာတဲ့အနေနဲ့ မြေးဖြစ်သူကိုခေါ်ထားတာ။ ကိုယ့်ဘဝ၊ ကိုယ့်ဆင့်အတန်းကို နားမလည်ရင်တော့ ဒီမှာ ဆက်ထားဖို့ ငါပြန်ဆုံးဖြတ်ရလိမ့်မယ် ။ မင်းကြပ်ကြပ်သတိထားနေပါ "
ပုံတော်ဖိနပ်အမြင့်ကို ခြေလှမ်းကြဲကြဲဖြင့်လျှောက်သော်လည်း တော်ဝင်သူတို့မှာ ခြေသံကျယ်ကျယ်မကြားရ။ ဒူးထောက်လျက်ရှိနေဆဲ ကောင်လေးကတော့ အဖိုးဖြစ်သူက ကြိတ်၍ဆူနေသည်ကို မကြား။ သူ၏ နားထဲမှာ ကိုယ့်ကိုယ်ကို ပိုင်ဟု သုံးနှုန်းလျက် မိမိမျက်လုံးအရောင်ကို သဘောကျနေသော ကောင်လေးရဲ့ စကားသံတို့ ရစ်ဝဲ၍နေလေတော့သည်။
..................
"ဖြစ်ပါ့မလား ဆရာလေးရယ် "
ကိုထွေးရဲ့ စိုးထိတ်နေသော အသံဟာ တဲအိမ်အတွင်း ခပ်တိုးတိုး ပြန့်လွင့်လာသည်။ည၁၂နာရီ ဝန်းကျင်မို့ တိတ်ဆိတ်၍နေသော်လည်း စံပိုင်ရင်အတွင်းတော့ ဗလောင်ဆူနေသည်။
သုံးရက်တာအတွင်း အလုပ်ကြမ်းတွေဖြင့် အချိန်ကုန်ဆုံးခဲ့ရသော ခန္ဓာကိုယ်မှာ ညတိုင်း ကိုက်ခဲနာကျင်နေသည်။ ဒီလိုပင်ပန်းမှုဒဏ်ကိုမခံနိုင်။ဟိုတစ်နေ့က မှတ်ထားခဲ့သော ကားလမ်းမ ဆီကို ရောက်အောင်ပြေးမည်။ ထိုနေရာရောက်မှ တွေ့တဲ့ ကားကြုံနဲ့ လိုက်ပြီး မယ်မယ်တို့ဆီ အရင်ပြန်ပြီး တာဝန်ကျရာ ရွာကို ထပ်သွားဖို့ စီစဉ်ရမယ်။
တစ်ကိုယ်တည်း ရပ်တည်ချင်တယ် ဆိုတဲ့စိတ်နဲ့ အိမ်တော်ကို အတိုက်ခံလုပ်ပြီးတစ်ယောက်တည်းထွက်လာခဲ့မိတာ စံပိုင်ရဲ့အမှား။ထွက်လာတုန်းက မျက်ရည်ဝဲနေသော မယ်မယ်ကတော့ ရွာလေးမှာ စာသင်နေပြီလို့ထင်နေမှာပဲ။
ခလုတ်ထိ မှ အမိတ တယ်လို့ပဲဆိုဆို ၊ အခုချိန်မှာ ကလေးတစ်ယောက်လို မယ်မယ် ရင်ခွင်ထဲပဲ တိုးဝှေ့နေချင်မိတော့သည်။
"ဖြစ်ပါတယ် ကိုထွေးရဲ့ ကျွန်တော် သုံးရက်လုံး သေချာကြည့်ထားတာ။ ထင်းရှူးပင်သယ်တဲ့လမ်းမှာ တောင်ကြားလမ်းရှိကို ရှိတယ်"
"ဆရာလေးပြောတာ သေချာရင်တော့ ကျုပ်လည်း ရအောင်ကို လိုက်မယ်ဗျာ။ တောထဲမှာသောင်တင်နေလို့မဖြစ်ဘူး"
"ဒီညပဲ လှုပ်ရှားကြတာပေါ့ တဲအရှေ့က မထွက်ပဲ ဘေးပြတင်းပေါက်ကနေ ခုန်ချမယ်"
ကိုထွေးက ခေါင်းညိတ်ပြပြီး အပြင်ကို မသိမသာ အကဲခတ်နေသည်။ ထိုအချိန် ကိုထွေးနောက်ကျောဘက် ကပ်ရပ်မှာ အိပ်နေတဲ့ လူတစ်ယောက်က ထလာပြီး
"ကျုပ်လည်း လိုက်မယ် "
တခြားသူတွေနဲ့စာရင် ပို၍ နီးကပ်နေသော သူမှာ စံပိုင်တို့ အစီအစဉ်ကို ရိပ်မိသွားသည်။ဖြစ်နိုင်ရင်အကုန်လုံးခေါ်ချင်ပေမဲ့ အဖွဲ့လိုက်ကြီးဆိုရင် ထွက်ပြေးဖို့ မလွယ်။ အခုအရင်လွတ်အောင်ပြေးပြီးမှ တခြားသူတွေဖို့ အကြောင်းကြားပြီးပြန်လာခေါ်မှ ရမည်။လောလောဆယ် တစ်ယောက်လောက်ပိုတာတော့ ပြဿနာမရှိတာမို့ ခေါင်းညိတ်ပြလိုက်သည်။မခေါ်ရင်လည်း သူက အသိပေးလိုက်နိုင်တာကြောင့် ငြင်းလို့မဖြစ်ချေ။
"သူတို့ လစ်တာနဲ့ ပြေးကြတာပေါ့ "