အိမ်ကြီး၏ တံခါး ရှေ့မှာ
စက္ကန့် အတော် ကြာအောင် ဝေယံ ရပ်နေမိသည်။
တံခါး ဖွင့်ဖို့ လက်မြှောက်လိုက်တိုင်း ရွှေရောင် တံခါးလက်ကိုင် အနား ရောက်ခါနီးမှာ လက်များ အလိုလို ရပ်တန့်သွားရသည်။
အိမ်ရှေ့ ဧည့်ခန်းမှ မိဘများ၏ စကားပြောသံတို့ကို သူ ကြားနေရသည်။ ဦးဝေယံဟိန်း၏ အသံမှာ မာကျော ခက်ထန်မှု အပြည့်။ ဝေယံ ခြေထောက်များ စင်္ကြံ အုတ်သမံတလင်းတွင် အင်္ဂတေ အကိုင်ခံလိုက်ရသလို တုံ့ဆိုင်းသွားရသည်။
မဝင်ချင်ဘူး၊ ဟင့်အင်း . . မဝင်ရဲဘူး
စိတ်ထဲ တတွတ်တွတ် ရေရွတ်နေချိန် ပခုံးကို တစ်စုံတစ်ယောက်မှ ဆတ်ခနဲ လာဖက်သည်။ တုန်လှုပ် ချောက်ချားစွာ ဝေယံ မော့ကြည်မိသွားသည်။
"သူရိန်"
"ဘာလုပ်နေတာလဲ ယံ၊ ဝင်ကြမယ်လေ"
တံခါးကြီး ကျယ်လောင်စွာ ပွင့်သွားသည်။
ဒီတံခါးကြီး နောက်မှာ . .
ဘယ်လို အရာတွေ ရှိနေမလဲ။
ဘယ်လို အရာတွေ စောင့်နေမလဲ။
ဝေယံ စိုးထိတ်စွာ နေသူရိန်မင်းခန့် လက်ကို တင်းတင်း ဆုပ်ကိုင်လျက် အိမ်ကြီးထဲသို့ လိုက်ပါ ဝင်ရောက်သွားလိုက်သည်။ ပူတောက်သည့် ပတ်ဝန်းကျင်မှ အေးစိမ့်သော ဧည့်ခန်းထဲ ရုတ်တရက် ရောက်သွားတော့ ဝေယံ့ ကျောထဲ စိမ့်ခနဲ အေးသွားပြီး တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အခန်းက အေးခဲကာ အငွေ့ပျံနေသလို။
ဆိုဖာတွင် ဦးနေမင်းခန့် ထိုင်နေသည်။ ခပ်လှမ်းလှမ်း အကွာ၌ ဦးဝေယံဟိန်းနှင့် ဒေါ်စန္ဒာခင် မတ်တတ်ရပ်ကာ စကားပြောနေကြ၏။ စကားပြောနေရာမှ ဖခင်ဖြစ်သူ၏ အကြည့်က ဝေယံ့ဆီသို့ ရုတ်တရက် ရောက်ရှိလာသည်။ မျက်လုံးများထဲမှ တောက်လောင်သော ဒေါသတရားကို မြင်လိုက်ရသည့်အခါ အားတင်းထားသော ဝေယံ ခြေလှမ်းတွေ တုံ့ခနဲ ရပ်သွားသည်။
ဒေါ်စန္ဒာခင်၏ တားမြစ်သံ မသဲမကွဲ ကြားလိုက်ရသည်။
သို့ရာတွင် ပါကေး ကြမ်းပြင်ပေါ် နင်းလျှောက်လာသော ဦးဝေယံဟိန်း၏ ခြေလှမ်းများမှာ ဝေယံ့ဆီသို့ တဟုန်ထိုး ဦးတည်လာသည်။ နီးကပ်လာချိန် ညာဘက် လက်ကို လေမှာ မြှောက်လိုက်၏။ လားရာသည် ဝေယံ ပါးပြင်ဆီသို့ . . ။ တစ်ကိုယ်လုံး ပူထူကာ မျက်လုံးများ မှိတ်လိုက်မိသည်။
ဖြောင်းခနဲ မြည်သွားသော ရိုက်ချက် တစ်ခု။
ဦးနေမင်းခန့်၏ အာမေဋိတ်သံ။
မြန်ဆန်လွန်းတာကြောင့် ဝေယံ ဘာမှ မသိလိုက်။
သို့ရာတွင် နာကျင်မှုက သူ၏ ပါးပြင်တွင် မရှိ။
မျက်လုံးများကို ဖွင့်မိတော့ သူက နေသူရိန်မင်းခန့် ရင်ခွင်ထဲမှာ။ သူ့ဆီကို ဦးတည်လာသော ဖခင်ဖြစ်သူ၏ ရိုက်ချက်က ချစ်ရသူ၏ ပါးပြင်ပေါ်မှာ နီမြန်း စွန်းထင်းမှုအဖြစ် တည်ရှိနေပြီ ဖြစ်သည်။ ဝေယံ မျက်လုံးများ ပြာဝေသွားသည်။
"သူရိန်"
"ကျွန်တော် ဘာမှမဖြစ်ဘူး ယံ"
မျက်လုံးဝိုင်းများဖြင့် မော့ကြည့်လာသော ဝေယံ့ကို နေသူရိန်မင်းခန့် ပြုံးပြမိသည်။ နာကျင်မှုက ပါးပြင်တစ်လျှောက် သိသိသာသာ ပူထူနေပေမယ့် ဝေယံ့ကို ကာကွယ်လိုက်နိုင်တာမို့ သူ ကျေနပ်မိသည်။
"ဝေယံ စိတ်ကို အေးအေး ထားပါ၊ နှံပြည်စုတ်ကို အမြောက်နဲ့ ပစ်စရာ မလိုသလို သွားကြားထိုးတံနဲ့လည်း ဆင်ကို သတ်ချင်လို့ မရဘူး၊ ဒီကိစ္စကို လက်နဲ့ မဟုတ်ဘဲ . . စကားနဲ့ပဲ ပြေပြေလည်လည် ဖြေရှင်းရအောင် . ."
ဒေါသတကြီး ဖြစ်နေသော ဦးဝေယံဟိန်း လက်မောင်းကို ဦးနေမင်းခန့် လှမ်းဆွဲရင်း ပြောလာသည်။ ပုံစံက အစစ အရာရာကို နားလည်စွာ ထိန်းချုပ်တော့မည့် လူ တစ်ယောက်လို။
"ဒီကိစ္စက ပြေပြေလည်လည် ဖြေရှင်းရမယ့် ကိစ္စမျိုးလား၊ မင်းခန့် . . မင်း ပြောစမ်းပါ၊ ဒီကလေးတွေက လမ်းမှား ရောက်နေတာ၊ လက်ထပ်ပွဲကို ဖျက်ခဲ့တယ်၊ မိဘတွေကို လူပုံ အလယ်မှာ အရှက်ခွဲခဲ့တယ်၊ အခုလည်း အရေးမပါတဲ့ ယောကျာ်းချင်း . ."
ဦးဝေယံဟိန်း စိတ်လှုပ်ရှားစွာ အော်ဟစ်လျက် အသံ တိမ်ဝင်သွားသည်။
"ယောကျာ်းချင်း ချစ်တယ် ဆိုတာ ရှက်စရာ . . အပြစ် တင်စရာ တစ်ခုမှ မဟုတ်ဘဲ၊ မင်း ဖြစ်စေချင်တာနဲ့ သူတို့ ဖြစ်ချင်တာ မတူတာနဲ့ဘဲ လမ်းမှား ရောက်တယ်လို့ သတ်မှတ်ရောလား၊ ဒါဆို မင်း မှားသွားမှာပေါ့၊ နောက်ပြီး ဘဝမှာ လူတွေရဲ့ လက်ခုပ်သံချည်း အမြဲ မလိုဘူး၊ မင်း ခေါင်းထဲက ပတ်ဝန်းကျင်ရဲ့ ထင်မြင်ချက် ဆိုတာတွေကို ခဏ ဘေးထုတ်ထားလိုက်စမ်းပါ"
"ဘယ်လို ပြောလိုက်တာလဲ၊ မင်းတို့ ငါတို့ ဆိုတာ လူတွေ မော့ကြည့်နေရတဲ့ သူတွေ၊ ဘဝမှာ အခါခါ မှန်ခဲ့သမျှ . . တစ်ခါလောက် မှားလိုက်တာနဲ့ အပြစ် တင်လို့ မပြီးတော့တဲ့ ပတ်ဝန်းကျင်က ဘေးမှာ အသင့် ရှိနေတာ . . မင်းရော ငါရော အသိပဲ၊ ဒီ . . ဘာမဟုတ်တဲ့ ရူးကြောင်ကြောင် အချစ် ဆိုတဲ့ အရာ တစ်ခုကြောင့် လူတွေရဲ့ တံတွေးခွက်ထဲကို လိုလိုလားလား ပက်လက်မျောရမှာလား၊ ဒီလို မဖြစ်အောင် ဒီကလေးတွေက ထိန်းရမှာ မဟုတ်ဘူးလား၊ ငါတို့ရဲ့ သိက္ခာတွေ မျိုးရိုး ဂုဏ်တွေကို ဒီနှစ်ယောက်က ထိန်းရမှာ မဟုတ်ဘူးလား"
ဦးဝေယံဟိန်း နဖူးကြောများ ထောင်သည်အထိ ခံစားချက်များ တောက်လောင်နေသည်။ နေသူရိန်မင်းခန့်နှင့် ဝေယံတို့ နှစ်ယောက်ဆီသို့ ညွှန်ပြထားသော လက်ညှိုးမှာ အထိန်းအကွပ် မရှိ တဆတ်ဆတ် တုန်ခါနေသည်။ သို့ရာတွင် မျက်လုံးထဲမှာ မကျေနပ်ချက်များ အပြည့်။
ဒေါ်စန္ဒာခင်မှာ လှုပ်ရှားဖို့ မေ့လျော့နေသူ တစ်ယောက်လို ခပ်လှမ်းလှမ်း အကွာမှာ ငြိမ်သက်စွာ ရပ်လျက် သူတို့ကို ငေးစိုက်ကြည့်နေသည်။
"ဝေယံအောင် ဆိုတဲ့ ငါ့သားကို ငါ ပြုစု ပျိုးထောင်ခဲ့တာ ဒီလို ရွံစရာကောင်းတဲ့ လုပ်ရပ်ကို လုပ်ဖို့ မဟုတ်ဘူး"
ဝေယံ မျက်ရည်များ စီးကျလာသည်။ နေသူရိန်မင်းခန့် ရင်ထဲ တင်းကျပ်သွား၏။ ရင် တစ်ခုလုံး ပေါက်ကွဲထွက်တော့မလို။ ဒီခံစားချက်က ခံရခက်လွန်းသည်။ နာကျင်ရလွန်းသည်။
"လူလိမ္မာလေးလို အမြဲ နေပြပြီး . . လောကမှာ ဂုဏ်ထူး ဆောင်နေရအောင် . . ငါတို့တွေက ပြီးပြည့်စုံတဲ့ သားသမီးတွေကို မွေးထားတာ မဟုတ်ဘူးလေ၊ လူတိုင်းမှာ အားနည်းချက် ရှိတာကို လက်ခံတယ်မလား၊ ဒါဆို ဘာကြောင့် ကိုယ့်သားသမီးရဲ့ အားနည်းချက်ကို လက်မခံနိုင်ရတာလဲ"
"ရှင်းရှင်းလေးပါပဲ၊ လူတွေက သူတို့ကို မထိခိုက်တဲ့ အမှန်တရားတိုင်းကို လက်ခံတယ်၊ သူတို့ကို ထိခိုက်လာတဲ့ အမှန်တရားကိုတော့ လက်မခံနိုင်ကြဘူး"
နေသူရိန်မင်းခန့် စကားသံ။ ဖခင် နှစ်ယောက်စလုံး၏ အကြည့်က နေမင်းကြီးဆီ ရောက်လာသည်။
"ကြည့်ရတာ အန်ကယ်လ်က သားဖြစ်သူထက် ကိုယ့်အတ္တကို ပို ချစ်နေတာပဲ၊ ယံ့ကိုသာ တကယ် ချစ်ရင် သူ ဘာလုပ်လုပ် ခွင့်လွှတ်ရမှာပေါ့၊ သူ့ကို ချစ်တာထက် ကိုယ့်အတ္တကို ပို ချစ်တယ် ဆိုရင်တော့ . . ခွင့်လွှတ်ပေးစရာ မလိုဘူး"
"မင်း . ."
ဦးဝေယံဟိန်း မျက်နှာမှာ ပြင်မရအောင်အထိ ပျက်သွားသည်။
နေသူရိန်မင်းခန့် ဝေယံ နားရွက်ဖျားနား ကပ်ရင်း မိခင်ဖြစ်သူ ဒေါ်စန္ဒာခင် အနားမှာ သွားနေဖို့ ပြောလိုက်သည်။ ဝေယံ နှုတ်ခမ်းတွေ ပြာပြီး ကြောက်နေတာကို သူ သိသည်။ တံတွေး တစ်ချက် မျိုချရင်း ဝေယံ ခေါင်းညိတ်ပြလာသည်။ ထို့နောက် မိခင်နှင့် ဧည့်ခန်းမှ ထွက်သွားတော့သည်။
"ဒီမှာ အန်ကယ်လ် . . ဘဝမှာ ရှင်သန်ဖို့ ပတ်ဝန်းကျင်ရဲ့ အမြင်တွေကို မလိုအပ်ဘူး၊ ကိုယ့်ရဲ့ ပျော်ရွှင်မှု တစ်ခုပဲ လိုတယ်၊ ပတ်ဝန်းကျင်နဲ့ ဝင်ဆံ့ဖို့ မကြိုးစားပါနဲ့ အန်ကယ်လ်၊ ဝင်ဆံ့ဖို့ ကြိုးစားရင် Tetris ဂိမ်းလို ပျောက်ကွယ်သွားလိမ့်မယ်"
Tetris ဂိမ်းသည် ကလေးဘဝက လူတိုင်းနီးပါး ဆော့ကစားဖူးသော ဂိမ်း တစ်ခု ဖြစ်သည်။ အပေါ်က ကျလာသည့် တုတ်ချောင်းကလေးများ၊ လေးထောင့် အတုံးကလေးများနှင့် ဇက် သဏ္ဌာန် အတုံးငယ်တို့ကို ရေပြင်ညီ အောက်ခြေမှာ ချရင်း လွတ်သွားသော နေရာ၌ ဝင်ဆံ့နိုင်လောက်သည့် ပုံစံ တုံးငယ်များနှင့် ဖြည့်ရခြင်း ဖြစ်သည်။
အကယ်၍ ဖြည့်လိုက်သော ပုံစံ တုံးငယ်က လွတ်နေသော နေရာနှင့် ကွတ်တိ ဝင်ဆံ့ပါက အတုံးငယ်များနှင့် တည်ဆောက်သော တံတိုင်းကြီးသည် ဝင်ဆံ့သော အခြေအနေအတိုင်း တစ်ဆင့်ဆို တစ်ဆင့်၊ နှစ်ဆင့်ဆို နှစ်ဆင့်အထိ ပျောက်ကွယ်သွားသည်။ ထိုသို့ ဆော့ရသော ဂိမ်း တစ်ခု ဖြစ်၏။
"ငါ့ကို ဘယ်လို နေပါ၊ ဘယ်လို ထိုင်ပါ . . လာပြီး ဆုံးမနေရအောင် မင်းက လောကကြီး အကြောင်း ဘယ်လောက် သိလို့လဲ၊ သက်သတ်လွတ် စားတဲ့ နွားက နောက်တစ်နေ့မှာ ခေါင်း ဖြတ်သတ်ခံရမယ်၊ အသား စားတတ်တဲ့ ကျားကတော့ လူတွေ အမြင်မှာ ဂုဏ်သိက္ခာနဲ့ တင့်တယ်နေတတ်တာ လောက သဘာဝပဲ၊ မင်းလို . . ယောကျာ်းချင်း ကြိုက်ဖို့ သင့်တော်လား၊ မသင့်တော်ဘူးလားတောင် ခွဲခြားပြီး မစဉ်းစားနိုင်တဲ့ ကောင်က ဒါတွေ နားလည်မလား"
ဦးဝေယံဟိန်း အသံမှာ မာထန် ကျယ်လောင်နေသည်။
နေသူရိန်မင်းခန့် ခါးသက်စွာ ခပ်မဲ့မဲ့ ရယ်ချလိုက်သည်။
"ကြည့်ရတာ . . အန်ကယ်လ်က ရေထဲ ဆင်းပြီး နဂါးနဲ့ ရန်ဖြစ်ချင်နေပုံပဲ"
"နေသူရိန် . ."
နေသူရိန်မင်းခန့် မျက်လုံးများထဲမှ ဘာကို သတိထားမိသွားသလဲ မသိ။ ဦးနေမင်းခန့် သားဖြစ်သူကို တင်းမာစွာ လှမ်းတားသည်။ သို့သော် သူ ဂရုမစိုက်။
"အန်ကယ်လ်ရာ . . အတွေးအခေါ် မကျဉ်းမြောင်းစမ်းပါနဲ့၊ အတွေးအခေါ် ကျဉ်းမြောင်းရင် အမြင်တွေ သေးသိမ်လာလိမ့်မယ်၊ အမြင် သေးသိမ်လာတဲ့အခါ နားလည်မှုနဲ့ ကိုယ်ချင်းစာတရားပါ လျော့နည်းလာမယ်၊ ဒီကမ္ဘာမှာ ယောကျာ်းချင်း ကြိုက်တယ် ဆိုတာ . . ခေါင်း ကျက်ရင် ခေါင်း စား၊ အမြီး ကျက်ရင် အမြီး စားတဲ့ အန်ကယ်လ်တို့လို လုပ်ငန်းရှင်တွေ ကျင်လည်နေတဲ့ လူယုတ်မာ စီးပွားရေး လောကထက်စာရင်တော့ အချီကြီး သာပါသေးတယ်"
"မင်း ပြောပုံက ရင့်လှချည်လား၊ ငါ့သူငယ်ချင်းကတော့ မင်းကို ဘယ်လို ပြုစု ပျိုးထောင်လာသလဲ မပြောတတ်ဘူး၊ မင်း စကားပြောပုံက နည်းနည်းလေးမှ အချိုးမပြေဘူး၊ လူကြီး တစ်ယောက်ကို ရိုသေ လေးစားရကောင်းမှန်းတောင် ခေါင်းထဲ မရှိဘူး၊ မင်း ငါ့ကို ဒီလို ဆက်ဆံရင် မင်း မှားသွားမှာပေါ့"
ဦးဝေယံဟိန်း အသံက တော်တော် တင်းမာနေကြောင်း နေသူရိန်မင်းခန့် နားထောင်ရုံနှင့်တင် သိသည်။ ဝေယံသာ ဒီနား ရှိနေပါက တစ်ကိုယ်လုံး တုန်တက်သွားနိုင်လောက်သော အသံ အနေအထားမျိုး ဖြစ်သည်။ သို့သော် ဒီလေသံလောက်နှင့် နေသူရိန်မင်းခန့် မျက်နှာ တစ်ချက် မမဲ့။ ဦးဝေယံဟိန်း မျက်လုံးထဲသို့ သူ စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ ထို့နောက် မာကျောသော လေသံဖြင့် စကား တစ်ခွန်းအား ခပ်မြန်မြန် ပြောပစ်လိုက်၏။
"ဒါ . . ဘာဆန်းလဲ၊ ကျွန်တော့်ကို သားမက် တစ်ယောက်လို အန်ကယ်လ် မသတ်မှတ်သရွေ့ ကျွန်တော်ကလည်း အန်ကယ်လ်ကို ယောက္ခမ တစ်ယောက်လို ရိုသေ လေးစားနေမှာ မဟုတ်ဘူးလေ"
"နေသူရိန် တော်တော့"
ဦးနေမင်းခန့်၏ ဒီအသံက စောစောက တားမြစ်သံထက် ပို၍ မာလာသည်။ သို့သော် ဦးဝေယံဟိန်းက ဖခင်ဖြစ်သူ၏ ပခုံးကို ဆွဲပြီး မျက်မှောင်ကုတ်ကာ ခေါင်း ခါပြ၏။ နေသူရိန်မင်းခန့် ရင်ထဲ မချိတင်ကဲ ဖြစ်သွားသည်။ ဒါ ဘာသဘောလဲ။ တမင်သက်သက် သဘောထားကြီးပြတာလား။
"ပြောပါစေ၊ သူ့မှာ ငါ့ကို ခံပြောစရာ စကားတွေ အများကြီး ရှိနေမှာ . . ၊ ဒါပေမယ့် တစ်ခုတော့ ပြောလိုက်မယ် ကောင်လေး၊ ငါက ဝေယံအောင်ရဲ့ အဖေနော်၊ ဒီတော့ . . ငါ့သားရဲ့ လက်တွဲဖော် ဆိုတဲ့ နေရာကို ထိန်းချုပ်နိုင်ခွင့် အာဏာ . . အပြည့်အဝ ငါ့မှာ ရှိတယ်၊ ပြောရရင် မင်းက မိန်းမ တစ်ယောက် မဟုတ်တာနဲ့တင် လက်တွဲဖော်အဖြစ် ခွင့်မပြုဖို့ လုံလောက်နေပြီးသား၊ ဒါကို ဒီလိုပါ ထပ်ပြီး ရိုင်းပြနေတော့ . . ကန့်ကွက်ဖို့ အတိုင်းအထက် အလွန်ပဲပေါ့"
ဦးဝေယံဟိန်း သူ့ကို ပြုံးကြည့်လာသည်။
ဒီအပြုံး၏ အဓိပ္ပါယ်ကို နေသူရိန်မင်းခန့် နားလည်သည်။
တစ်ခုခု . . ။
တစ်ခုခုတော့ ရှိလာပြီ။
မူမမှန်သော အရာ တစ်ခုခု။
"မင်းက ငါတို့ မိသားစုရဲ့ သားမက်အဖြစ် နေချင်တာလား၊ ဒါဖြင့် အမွေ ဆက်ခံရမယ့် ကလေး တစ်ယောက် မွေးပေးလိုက်လေ၊ ဒါဆို . . ငါ့သားနဲ့ လက်ထပ်ဖို့ လိုလိုလားလားနဲ့ကို ခွင့်ပြုပေးလိုက်မယ်"
အံ့သြလွန်းစွာ နေသူရိန်မင်းခန့် အသံ ထွက်ပြီး ရယ်မိသွားသည်။
Yang Chinese မိသားစုမှာ ဝေယံက တစ်ဦးတည်းသော သား ဖြစ်နေတာကြောင့် အမွေ ဆက်ခံဖို့ ကလေး လိုအပ်တာကို နေသူရိန်မင်းခန့် နားလည်သည်။ သို့သော် ဒီတောင်းဆိုမှုက . . ။
"အန်ကယ်လ်က မဖြစ်နိုင်တာတွေ တောင်းဆိုပြီး ဒီလိုပဲ ယဉ်ယဉ်ကျေးကျေး ငြင်းနေကျလား"
"ဘယ်လိုပဲ ဖြစ်ဖြစ် . . ဒါက မင်း အပိုင်းပဲလေ၊ ငါကတော့ ငါ့ဆန္ဒကို ပြောပြပေးပြီးသွားပြီ၊ ဖြစ်နိုင်တယ် . . မဖြစ်နိုင်ဘူးကတော့ ငါနဲ့ မဆိုင်ဘူး၊ မင်း ကိစ္စပဲ"
ဦးဝေယံဟိန်း နေရာမှ ထွက်သွားသည်။
နင်းလျှောက်သွားသော ခြေသံမှာ မပြင်း။
စာကြည့်ခန်း တံခါးကို ဖွင့်လိုက်သော တံခါးသံမှာ မကျယ်။
အရာအားလုံး . .
တိုးတိုးတိတ်တိတ်။
အေးအေးဆေးဆေးသာ။
စာကြည့်ခန်းထဲသို့ ဦးဝေယံဟိန်း ဝင်ရောက်သွားချိန်မှာတော့ ဧည့်ခန်းသည် တိတ်ဆိတ်လျက် ငြိမ်သက်စွာ ကျန်ခဲ့သည်။
"ဘယ်လို ဖြစ်သွားကြပြီလဲ"
ဒေါ်စန္ဒာခင်၏ မေးခွန်း။
သူမ ဘေးမှာ ဝေယံပါ ပါလာသည်။
"Ma . . ပေါက်ဆီကို ငါးပိရည်နဲ့ တို့စားဖူးလား၊ အခု အခြေအနေက အဲ့ဒီအရသာအတိုင်းပဲ၊ ကျွန်တော်က Pa နားထင်ကို သေနတ်နဲ့ ချိန်လိုက်ပေမယ့် . . Pa က ကျွန်တော့် ရင်ဘတ်ကို ဓားနဲ့ ပြန်ထောက်သွားတယ်"
ဦးနေမင်းခန့် မနိုင်ဘူး ဆိုသော အကြည့်ဖြင့် သားဖြစ်သူကို မာန်ပါပါ ကြည့်လျက် ခေါင်း ခါယမ်းသည်။ သူ ပြောလိုက်သော စကားကို ဒေါ်စန္ဒာခင် နားလည်သလား နေသူရိန်မင်းခန့် မပြောတတ်။ သို့သော် သူမ သက်ပြင်း ငွေ့ငွေ့ ချ၏။
"သားယံ . ."
ဒေါ်စန္ဒာခင် ဝေယံ့ကို အနူးညံ့ဆုံး လေသံဖြင့် ခပ်တိုးတိုး ခေါ်သည်။
"Pa ကို သား ဖျောင်းဖျမှပဲ ရတော့မယ် ထင်တယ်"
"ဗျာ"
ဝေယံ၏ အသက်ရှူသံ ပြင်းပြင်းကို နေသူရိန်မင်းခန့် ကြားလိုက်ရသည်။
"ဒီပြဿနာရဲ့ အရင်းခံက သားပဲလေ၊ ရှောင်ပုန်းမနေဘဲ Pa နဲ့ မျက်နှာချင်းဆိုင်ပြီး စကားပြောလိုက်ပါ၊ ဒီကိစ္စက ရှောင်ဖယ်နေလို့ ကောင်းတဲ့ အရာမှ မဟုတ်ဘဲ၊ သားမှ မဖြေရှင်းရင် ဒီပြဿနာက ဘယ်တော့မှ ပြေလည်မှာ မဟုတ်ဘူး"
"ဒါပေမယ့် ယံက . ."
နေသူရိန်မင်းခန့် စကား ဆုံးအောင် မပြောလိုက်ရ။ သူ့လက်မောင်းကို ဦးနေမင်းခန့် ခပ်ဖိဖိ ဆွဲပြီး ဟန့်တားသည်။ ဖခင်ဖြစ်သူကို ငေးစိုက်ကြည့်မိတော့ " ဒါ သူတို့ မိသားစုကြားက ကိစ္စ၊ မင်း ဝင်မပါနဲ့ " ဆိုသော အကြည့်ဖြင့် ထိန်းချုပ်သည်။ သူ ငြိမ်လိုက်ရပါသည်။
ဝေယံ နေသူရိန်မင်းခန့်ကို ပြုံးပြီး ခေါင်းညိတ်ပြကာ စာကြည့်ခန်းဆီသို့ လျှောက်သွားလိုက်သည်။ တံခါး ရှေ့ ရောက်တော့ ခဏ အားတင်းပြီး နှစ်ချက်တိတိ တံခါး ခေါက်လျက် အထဲသို့ တန်းဝင်လိုက်သည်။
စာကြည့်ခန်းရှိ ဆိုဖာတွင် ဦးဝေယံဟိန်း ထိုင်နေသည်။ ဆိုဖာ နောက်မှီပေါ် ခေါင်း လှန်မော့လျက် မျက်စိ မှိတ်ထားသည်။ သူ ဝင်လာမှန်း သိတော့ ဖျတ်ခနဲ ခေါင်း ထောင်ကြည့်လာသည်။ ဖခင်၏ စူးရှသော မျက်ဝန်းများနှင့် အကြည့်ချင်း ဒိုင်းခနဲ ဆုံမိ၏။ ရင်ထဲအထိ အသံ တစ်ခု ကျယ်လောင်စွာ မြည်ဟည်းသွားသည်။ ကြောက်ရွံ့ တုန်လှုပ်မှုသာ ဖြစ်သည်။
"သား . . Pa အတွက် သောက်စရာ တစ်ခုခု ယူလာပေးရမလား"
ဦးဝေယံဟိန်း ဘာမှမပြော။
စူးစူးစိုက်စိုက်သာ ကြည့်နေခဲ့သည်။
ဝေယံ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့။
"မင်း ငါ့ဆီ လာတာ ပြောစရာ စကား ရှိနေလို့ မဟုတ်လား"
ဖခင် အသံက အေးစက်လွန်းသည်။
သူ မျက်နှာ နွေးခနဲ ပူသွား၏။
"ဒီနား လာပြော"
ဝေယံ တံတွေး တစ်ချက် မျိုချပြီးနောက် ဦးဝေယံဟိန်း ထိုင်ရာ ဆိုဖာဆီသို့ လျှောက်သွားလိုက်သည်။ ထို့နောက် ကြမ်းပြင်ပေါ် ဒူးထောက် ထိုင်ချလိုက်သည်။
သူ့ကို ဦးဝေယံဟိန်း ဗြုန်းခနဲ လှမ်းကြည့်လာသည်။ ဖခင်၏ မျက်နှာမှာ ဒေါသ အငွေ့အသက် လုံးဝ မရှိ။ နူးညံ့ နွေးထွေးမှုလည်း မရှိ။ မျက်လုံးတွေက အေးစက် မာကျောလျက် ရှိသည်။
ဖခင်ဖြစ်သူကို ဝေယံ ချစ်ပါသည်။ ဖခင်မှာ သူ့ကြောင့် စိတ်ဆင်းရဲစရာ များစွာဖြင့် လေးလံ နွမ်းနယ်နေရပြီ။ နောက်ထပ် မြူမှုန်လေး တစ်မှုန်စာလောက်ပင် ဖခင်ဖြစ်သူ၏ စိတ်ကို မညစ်နွမ်းစေချင်။ သို့သော် ဝေယံ့မှာ ဦးဝေယံဟိန်းအား ပြောစရာ စကားတွေ အများကြီး ရှိနေသည်။ ပြောမှ ဖြစ်မည့် စကားတွေပါ ထပ်တူ ရှိနေခဲ့သည်။
ဦးဝေယံဟိန်း ပေါင်ပေါ် လက်တင်ပြီး ဖျောင်းဖျ တောင်းဆိုဖို့ ဝေယံ ကြိုးစားလိုက်သည်။
"သား ဘဝ တစ်လျှောက်လုံးမှာ Pa ဖြစ်စေချင်တာတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်း လိုက်လျောပေးခဲ့တယ်၊ ဒီတစ်ခါ . . ဒီတစ်ခါလေးပဲ သား ဖြစ်ချင်တာကို Pa လိုက်လျောပေးလို့ မရဘူးလားဟင်"
ဦးဝေယံဟိန်း ပြုံးလိုက်သည်။ မဲ့ပြုံး စစ်စစ် ဖြစ်သည်။
"မင်း ငါ့ကို ဒီလို စကားတွေ လာပြောနေတာ ငါ့ဆီက မင်းနဲ့ ဟိုကောင်လေးကို သဘောတူပါတယ် ဆိုတာ ကြားချင်လို့လား"
ဝေယံ ဝမ်းနည်းစွာ ပြုံးရင်း ခေါင်း ခါယမ်းလိုက်သည်။
"မဟုတ်ပါဘူး၊ Pa . . သားတို့ကို သဘောမတူနိုင်ဘူး ဆိုတာ သား သိပါတယ်၊ သားက မိသားစု နှစ်ခုကြားမှာ ဖြစ်တည်နေတဲ့ ပြဿနာကို ပြေလည်စေချင်ရုံပါ၊ နောက်ပြီး . . Pa နဲ့ နေသူရိန်မင်းခန့် ကြားက ဆက်ဆံရေးကို အရင်လို အဆင်ပြေပြေ ဖြစ်စေချင်တယ်၊ အဲ့ဒါကြောင့် သားတို့ကို သဘောမတူနိုင်ဘူး ဆိုရင်တောင် . . နည်းနည်းလောက်ပဲ ဖြစ်ဖြစ် အသိအမှတ်ပြုပေးလို့ မရဘူးလား"
"တစ်ခုကို လိုချင်ရင် . . တစ်ခုကိုတော့ စွန့်လွှတ်ရမယ်၊ မိသားစု ဆိုတာ ဘဝမှာ တစ်ကြိမ် တစ်ခါသာ ရေးဆွဲခွင့်ရတဲ့ ပန်းချီကား တစ်ချပ်နဲ့ တူတယ်၊ ဒီပန်းချီကားကို ဆက်ပြီး ထိန်းသိမ်းနိုင်ဖို့ဆို အချစ်ကို မင်း စွန့်လွှတ်ရလိမ့်မယ်၊ အချစ်ကို မစွန့်လွှတ်နိုင်ရင် မိသားစုကို စွန့်လွှတ်လိုက်၊ မင်းအတွက် ရွေးချယ်စရာ လမ်းက ဒီနှစ်လမ်းပဲ ရှိတယ်"
ဝေယံ ရင်ထဲ နာကျင်သွားသည်။ ဝဲတက်လာသော မျက်ရည်များကြောင့် မငိုမိအောင် အံကြိတ်ထားရသည်။
"ဟင့်အင်း၊ သားအတွက် နှစ်ခုစလုံးက အရေးပါ ပါတယ်၊ အချစ် ဆိုတာ မိသားစုရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ"
သူ လောဘကြီးလွန်းသည် ဟု ဖခင် ထင်မည် ဆိုလည်း ထင်ပါစေတော့။ သူ ချစ်ရသည့် နေသူရိန်မင်းခန့် ဆိုသော လူသားဟာ Yang Chinese မိသားစု၏ တစ်စိတ်တစ်ပိုင်းအဖြစ် နေထိုင်ခဲ့တာ နှစ်တွေ ချီခဲ့ပြီ မဟုတ်လား။
"ဒါဖြင့် မင်းက မိသားစုကို ရွေးချယ်တာလား"
ဖခင် စကားကြောင့် ဝေယံ အံ့သြသွားသည်။
သူ ပြောချင်တာ ဒီလို အဓိပ္ပါယ်မှ မဟုတ်ဘဲ။
သူ ရွေးချယ်ခဲ့တာ . . ။
သူ ရွေးချယ်ခဲ့တာက . . ။
"လွတ်လပ်စွာ ရွေးချယ်ခွင့် ဆိုတာ အထင် တစ်ခုပဲ၊ ဒါကြောင့် မင်းက ဒီရွေးချယ်မှုကို လက်ခံရမယ်၊ မင်းကို ငါ ပိုင်တာပဲ၊ မင်းက ငါ ထားရာ နေ . . ငါ စေရာ သွားရမယ့် အရုပ် တစ်ရုပ်ပဲ မဟုတ်လား"
"ဟင့်အင်း၊ မဟုတ်ဘူး"
ဝေယံ အသားကုန် အော်ပစ်လိုက်သည်။
"မဟုတ်ဘူး"
ဦးဝေယံဟိန်း နှုတ်မှ ခပ်တိုးတိုး ရေရွတ်ရင်း အံ့သြ ထိတ်လန့်သော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်လာသည်။ ထို့နောက် တစ်စုံတစ်ရာကို အချိန်ကိုက် သဘောပေါက်လိုက်သလို ဟက်ခနဲ တစ်ချက် ရယ်သည်။
"တိတိကျကျဆို . . ငါ့စကားကို ပထမဆုံး အကြိမ် မင်း ငြင်းလိုက်တာပဲနော်၊ ဘာလဲ . . ၊ ငါ့ကို မင်း မကြောက်တော့ဘူးပေါ့"
ဝေယံ မဖြေမိ။
သို့ရာတွင် နှလုံးသားထဲ၌ ဖခင်ကို ကြောက်သော စိတ်ထက် နေသူရိန်မင်းခန့်ကို ချစ်သည့် စိတ်က ပိုလွန်းနေသည်။ ဦးဝေယံဟိန်း ဟက်ဟက်ပက်ပက် ရယ်ချလာသည်။ လှောင်ပြောင် သရော်သော ရယ်သံ ဟု ဝေယံ ခံစားရသည်။
"လူတွေက ငါ ထင်ထားသလို မဟုတ်ဘူး ဆိုတာ ငါ သိပေမယ့် . . ဒီထဲမှာ ငါ့သား ဝေယံအောင်တော့ မပါဘူး ဆိုပြီး တွက်ထားခဲ့တာ၊ ကြည့်ရတာ . . ငါ တွက်တာ မှားသွားတယ်"
ဝေယံ ရင်ထဲ စူးအောင့်သွားသည်။
ဦးဝေယံဟိန်း သူ့ကို အထင်လွဲသွားပြီ ဖြစ်သည်။
"Pa ကို သား ရှင်းပြမှ ဖြစ်မယ်၊ သား ပြောချင်တာ ဒီလို မဟုတ် . ."
"တော်လိုက်တော့"
ဦးဝေယံဟိန်း ဆိုဖာ လက်ကိုင်ကို ဝုန်းခနဲ ထုချသည်။
ဝေယံ တစ်ကိုယ်လုံး အေးစက်သွားသည်။
သူ နှလုံးရော ခုန်နေသေးရဲ့လား။
ခံစားရသမျှ ရေခဲရိုက်ထားသည့် အေးခဲနေမှုသာ။
"မင်းကို နားလည်တဲ့ သူကို မင်း အကြောင်း ရှင်းပြဖို့ မလိုသလို . . မင်းကို နားမလည်တဲ့ သူကို မင်း အကြောင်း ရှင်းပြနေလို့လည်း အပိုပဲ"
ဖခင်ကို ဝေယံ မော့ကြည့်မိသည်။ တည်ငြိမ်နေသော မျက်လုံးများထဲမှာ ရီဝေ မှုန်မှိုင်းမှု တချို့ကို တွေ့ရသည်။ ထို့အတူ နှုတ်ခမ်းများမှာ ဖြူဖျော့ကာ ခြောက်သွေ့နေကြသည်။
"ကျေးဇူးပြုပြီး မပြောပါနဲ့တော့ . . ၊ ငါ နားမလည်နိုင်တဲ့ ခံစားမှုမျိုး မင်း ရင်ဘတ်ထဲမှာပဲ ထားပြီး ထွက်သွားလိုက်ပါ"
ဦးဝေယံဟိန်း ထိုင်ရာမှ ထရပ်လိုက်သည်။
ဝေယံ မလှုပ်မယှက်သာ ငြိမ်နေမိသည်။
"ဒီနေ့က စပြီး မင်းက ငါ့သား မဟုတ်တော့ဘူး"
ထို့နောက် နေရာမှ ထွက်သွားသည်။
ကြမ်းပြင်ပေါ် တရှပ်ရှပ် နင်းလျှောက်သွားသော ခြေသံနှင့် အတူ တံခါးက အသံ မြည်လျက် ပိတ်သွားသည်။ ဖခင်၏ တံခါး ပိတ်သံက ဝေယံ ရင်ထဲသို့ ကျယ်လောင်စွာ တိုးဝင်လာသည်။ ထိုအသံနှင့် အတူ မျက်ဝန်းမှာ မျက်ရည်တို့ဖြင့် ဝေဝါးသွားသည်။
ထို့နောက် . . ၊ ဖြည်းညင်းစွာ . . ။
တစ်လိမ့်ချင်း လိမ့်ဆင်း ကျသွားသော မျက်ရည်များ။
~•~ S U N ~•~
15 / November / 2020
1 : 38 PM