ရှောင်းကျန့်က စကားကြီးစကားကျယ်ဖြင့် ‘လူတစ်ယောက်ကိုနာကျင်စေချင်ရင် သူအမြတ်နိုးဆုံးအရာကိုဖျက်ဆီးပစ်ရမယ်’လို့အသံကောင်းဟစ်ကြွေးထားပေမယ့် တကယ့်တကယ်တမ်း သူ့ရည်မှန်းချက်ရဲ့သုံးပုံတစ်ပုံက အကောင်အထည်ပေါ်လာလေတော့ ဘယ်လိုဖျက်ဆီးရမလဲဆိုတဲ့မေးခွန်းက ထပ်ပြီးပေါ်ထွက်လာပြန်တယ်။
ကားမောင်းနေရင်း ဘေးကဖက်ထုပ်လုံးကိုကြည့်မိတော့ ကားမှန်ဘေးမျက်နှာကပ်ကာ နှုတ်ခမ်းလေးတဟဟဖြင့် ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်နေတယ်။ ပြီးနောက် ဒီဖက်ကိုလှည့်လာပြီး ရှောင်းကျန့်ကြည့်နေတာကိုမြင်သွားလေတော့ ဟီးခနဲရယ်ပြလာတယ်။ ဒီကလေးရဲ့အပြုံးတွေက ဒီလိုပဲဖြူစင်တာလား၊ ဒါမှမဟုတ် ဖြူစင်တဲ့အပြုံးပဲပြုံးတတ်တာလားဆိုတာ ရှောင်းကျန့်ဝေခွဲမရ။
မဟုတ်တာကြံစည်နေတဲ့အတွင်းစိတ်နဲ့မို့ အဲ့ဒီအပြုံးကို ခပ်ကြာကြာမကြည့်နိုင်တော့ပဲ အကြည့်လွှဲပစ်လိုက်သည့်တိုင်တောင် ထိုကလေး သူ့ကိုကြည့်နေဆဲဆိုတာတော့ သူသေချာသိနေတယ်။
“ သီချင်းဖွင့်ပါလား မြူးမြူးလေး။ ကျန့်ကောကလည်း စကားမပြောတော့ အရမ်းပျင်းဖို့ကောင်းတယ် ”
အင်္ကျီရဲ့ရှည်ထွက်နေတဲ့လက်နှစ်ဖက်က လုံးခြေထားမှုကြောင့် ကြေမွနေလေတယ်။ သီချင်းဖွင့်ခိုင်းတဲ့စကားကိုပြောနေစဉ်မှာလည်း ထိုအင်္ကျီလက်ကိုချည်နှောင်ရင်း ကားနောက်ခုံကို ဆံပင်ရွှေဝါရောင်တွေနဲ့ပွတ်သပ်ရင်း တစ်ယောက်တည်းရှုပ်ယှက်ခတ်နေတာဖြစ်တယ်။ အာရုံအများကြီးမထားချင်ပေမယ့်လည်း ထိုကလေးကိုယ်တိုင်က ရှောင်းကျန့်ကိုအာရုံမစိုက်စိုက်အောင် လုပ်နေသလိုပင်။
ခဏကြာတော့ ကားအတွင်း ခပ်မြူးမြူးသီချင်းတစ်ပုဒ်က ပျံ့လွင့်လာလေတယ်။ ရှောင်းကျန့်အနေနဲ့ တဒင်္ဂတော့ ကိုယ့်ကိုကိုယ်အံ့ဩသွားရတယ်။ ချစ်စရာကောင်းတဲ့ကလေးအသံလေးနဲ့တောင်းဆိုမှုကို သူကဘာလို့မငြင်းဆန်နိုင်လိုက်ရတာလဲ။ ပြန်ပေးဆွဲလာတဲ့လူတစ်ယောက်အသွင်လိုမျိုးမဟုတ်ပဲ ကလေးကိုကစားကွင်းလိုက်ပို့မယ့်လူတစ်ယောက်လိုလုပ်နေတဲ့ကိုယ့်ကိုကိုယ် နားမလည်နိုင်အောင်ဖြစ်သွားရတယ်။ ရှေ့ရက်တွေကရှိခဲ့တဲ့ရင်းနှီးမှုတွေက ရှောင်းကျန့်ကိုကောင်းကောင်းကြီးစိတ်အနှောင့်အယှက်ပေးနေလေပြီ။
“ သီချင်းပြောင်းပေးပါလား ကျန့်ကော။ ဒီ့ထက်ပိုပြီး မြူးမယ့်ဟာလေး ”
ဒါတောင်တော်တော်မြူးနေပြီလေ။ မင်းကဘာလို့ ဒီလောက်နဲ့တင်မလုံလောက်နိုင်သေးတာလဲ။ ပြောချင်တဲ့စကားလုံးတွေအပြည့်နဲ့ ဘေးကိုလှည့်ကြည့်လိုက်တော့ မျက်လုံးကိုဝိုင်းထားပြီး သွားအဖြီးသားလုပ်ထားတဲ့ ပါးဖောင်းတွေရှိတဲ့မျက်နှာသေးသေးကိုမြင်လိုက်ရတယ်။ ပူဆာတာကိုလိုက်လျောအောင် မျက်နှာချိုသွေးထားပုံက ဆူပူတော့မယ့်ရှောင်းကျန့်စကားတွေကို လေထဲအငွေ့ပျံသွားအောင်လုပ်ပစ်လိုက်သလိုပါပဲ။
“ ဘေးခလုတ်နဲ့ပြောင်းလို့ရတယ်။ မင်းဟာမင်းကြိုက်ရာရွေးတော့ ”
“ ဟုတ် ! ”
တက်ကြွစွာဖြင့် လက်ချောင်းလေးတွေက screenထက် ဟိုဟိုဒီဒီပြေးကုန်တယ်။ ကျန်လက်တစ်ဖက်ကတော့ လွယ်အိတ်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လျက်သား။
“ လွယ်အိတ်က အနောက်ခုံမှာထားလိုက်လေ ”
လွယ်အိတ်ကိုင်ထားတဲ့ထိုကလေးပုံစံက လွတ်လပ်တဲ့ပုံစံမပေါက်တာကြောင့် ရှောင်းကျန့်မရည်ရွယ်ပဲ လွှတ်ခနဲပြောမိသွားတယ်။ စိတ်ကြိုက်သီချင်းတစ်ပုဒ်ရွေးပြီးသွားတဲ့ထိုကလေးက လွယ်အိတ်ပေါ်လက်နဲ့တပုတ်ပုတ်လုပ်ရင်းကနေ ရှောင်းကျန့်ကိုလှည့်ကြည့်လာတယ်။
“ ဒီနေ့ အိမ်ရဲ့ဟိုဖက်လမ်းကပန်းခြံထဲမှာ လိပ်ပြာတွေဓာတ်ပုံရိုက်မယ်ဆိုပြီးလေ ပါးပါးရဲ့ကင်မရာကိုခိုးယူလာတာ။ အထဲမှာကင်မရာပါတော့ အနောက်မှာထားလိုက်ရင် ခုန်တာဘာညာနဲ့ ပျက်စီးမှာဆိုးလို့လေ ”
ရှောင်းကျန့် မျက်ခုံးပင့်မိသွားတယ်။ စတွေ့တည်းက ဒီကလေးစကားတတ်တာသိပေမယ့် ဒီလောက်တတ်မယ်လို့တော့မထင်ထား။ အခုတော့ စကားစုရှည်ကြီးကို နှုတ်ခမ်းလေးစုလိုက်ချွန်လိုက်နဲ့ပြောသွားပုံက လူကြီးတစ်ယောက်အတိုင်းပင်။ မီးနီမိလို့ ကားရပ်လိုက်ရတာသာမဟုတ်ရင် ရှောင်းကျန့် ထိုကလေးရဲ့စကားပြောပုံကို သေချာမြင်ခွင့်ရလိုက်မှာမဟုတ်ဘူး။ ပင့်တင်ထားတဲ့မျက်ခုံးနှစ်ဖက်ကို နဂိုအနေအထားပြန်မထားနိုင်ပဲ ထိုကလေးကိုသာကြည့်နေမိတယ်။
“ မင်းက လူကြီးလေးလိုပဲ ”
“ ဟုတ် ... ။ တော်တော်များများ ပြောကြတယ် ဟီး ”
အဲ့လိုမျိုး ‘ဟီး’ ခနဲ ကလေးဆန်ဆန်နဲ့ပေါ့ပေါ့ပါးပါး ရယ်ပစ်လိုက်တာမျိုးကလည်း ရှောင်းကျန့်ကိုကောင်းစွာဒုက္ခပေးလေတယ်။ မို့တက်နေတဲ့ပါးနှစ်ဖက်ကို အကြောင်းပြချက်မယ်မယ်ရရမရှိပဲစိုက်ကြည့်နေတုန်းမှာပဲ နောက်ကားတွေဆီက ကျယ်လောင်တဲ့ဟွန်းသံတွေထွက်လာတာမို့ ရှောင်းကျန့် သတိနဲ့ကိုယ်ပြန်ကပ်သွားရတယ်။ ကလေးတစ်ယောက်ကြောင့် မီးပြန်စိမ်းတာတောင် ရှောင်းကျန့်မသိလိုက်ဘူးတဲ့။ တကယ်ကို ဟာသပဲ။
ကားပြန်မောင်းထွက်လိုက်ရင်းကနေ ဘယ်ခေါ်သွားတာလဲဆိုတဲ့မေးခွန်းမျိုးမေးမလာတဲ့ထိုကလေးကို အားမလိုအားမရဖြစ်မိပါသေးတယ်။ အိမ်ပြင်ခိုးထွက်ပြီး အန္တရာယ်လက်ယက်ခေါ်ရုံတင်မကဘူး။ သူစိမ်းကိုလည်း လွယ်လွယ်ကူကူယုံကြည်လိုက်သေးတယ်။ မျက်ခုံးတန်းနှစ်ခုထိကပ်လုမတတ်ဖြစ်သွားတဲ့ရှောင်းကျန့်က သူခေါ်လာတဲ့ကလေးအတွက် စိုးရိမ်ပူပန်နေမိတယ်ဆိုတာ သူကိုယ်တိုင်တောင်မသိလေဘူး။
မီးပွိုင့်တွေဖြတ်ကျော်ပြီး ကားမောင်းချိန်နာရီဝက်မရှိတရှိမှာပဲ ရှောင်းကျန့် သူ့အမေဝယ်ပေးထားတဲ့တိုက်ခန်းရှိရာဆီရောက်လေတယ်။ အမေမဆုံးခင်က အမေကသူမကိုယ်ပိုင်ပိုက်ဆံလေးနဲ့ဈေးကိုက်ရာဝယ်ပေးထားခဲ့တာမို့ ဒီတိုက်ခန်းတွေက ခေတ်မှီတိုက်ခန်းတွေလိုမျိုးတော့မဟုတ်ပေမယ့် နွေးထွေးတဲ့အငွေ့အသက်ကိုတော့ ဒီကိုလာတိုင်းရှောင်းကျန့်ရတယ်။
“ ဆော့ဖို့ဆိုလို့ ကစားကွင်းခေါ်သွားမယ်ထင်နေတာကို ”
လွယ်အိတ်ကိုလက်တစ်ဖက်နဲ့ပျင်းရိစွာကိုင်ထားတဲ့ထိုကလေးက နှုတ်ခမ်းကိုလည်းစူထားလျက်သား။ ကားပေါ်ကဆင်းဖို့ပြောလိုက်တည်းက ထိုနှုတ်ခမ်းကစူနေတာဖြစ်တယ်။
“ တိုက်ခန်းမှာပိုတောင်ဆော့လို့ကောင်းသေးတယ်။ အကျယ်ကြီးပဲ ”
“ အရုပ်တွေရောရှိလား ”
“ Spongebobတွေတော့ရှိတယ် ”
သူကြိုက်မှန်းသိတာမို့ အမေဝယ်ထားပေးတဲ့ထိုအရုပ်တွေကတော့ တိုက်ခန်းမှာအပြည့်ပင်။ ဒီကလေးကြိုက်ဖို့တော့မျှော်လင့်ရတာပဲ။ လက်ကိုဆွဲရင်းလှေကားတစ်လျှောက်တက်လာလိုက်တော့ ညောင်းတယ်လို့ တခွန်းမှအထွန့်မတက်ပဲ အတူလိုက်လာပေးတယ်။
“ ဧည့်ခန်းထဲမှာ ထိုင်နေဦး။ စားစရာသောက်စရာယူပေးမယ် ”
အရမ်းကိုမှဝတ္တရားကျေပွန်ချင်နေတဲ့ အိမ်ရှင်တစ်ယောက်လိုပြုမူနေမိတယ်ဆိုတာ ကိုယ့်ကိုကိုယ်သိလိုက်ပေမယ့်လည်း ရှောင်းကျန့်အများကြီးဆက်မတွေးချင်တော့ဘူး။ ဒီလိုအတွေးတွေမဟုတ်ရင်တောင် သူ့ခေါင်းကတခြားအတွေးတွေနဲ့အမြဲရှုပ်နေတာ။ မီးဖိုခန်းထဲရောက်တော့ ဟိုကလေးငြိမ်နေတယ်ဆိုတာ စစ်ဆေးပြီးကာမှ ဖုန်းကိုထုတ်ပြီးလုပ်စရာရှိတဲ့အရာတွေကို ဆက်လုပ်ခိုင်းဖို့အတွက် ဆက်သွယ်လိုက်ရတယ်။
“ cctvတွေဖျက်ဆီးဖို့ပြောထားတာ လုပ်ပြီးပြီလား ”
ဖက်ထုပ်လုံးကိုခေါ်လာလာပြီးချင်းမှာပဲ အရေးကြီးတဲ့ညွှန်ကြားချက်တွေကို သူ့ဖုန်းကနေတဆင့် စာပို့ထားတာဖြစ်တယ်။ သူ့အဖွဲ့ထဲကသူတွေ သေချာလုပ်ပေးထားဖို့မျှော်လင့်နေရတာပဲ။ မဟုတ်ရင် ရှောင်းကျန့်ကတော့မြွေကိုက်တာထက်ပိုဆိုးပြီ။
« အကုန်လုပ်ပြီးပါပြီ ခေါင်းဆောင်။ အခုထိ အခြေအနေတွေကိုမသိသေးဘူးထင်တယ်။ ဟိုရဲက သူ့စခန်းမှာရှိနေတုန်းပဲ »
“ အင်း။ ဆက်စောင့်ကြည့်ထားပြီး တခုခုကိစ္စထူးရင် ငါ့ကိုလှမ်းဆက်သွယ် ”
ဒီကလေးက အိမ်ကနေအမြဲခိုးထွက်နေကျဆိုတော့ အဲ့ဒါကပဲ ရှောင်းကျန့်အတွက် ကံကောင်းစေတဲ့အကြောင်းအရာဖြစ်လာတယ်။ ဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲထိုးထည့်ပြီးနောက် မီးဖိုခန်းထဲလှန်လှောရှာဖွေလိုက်တော့ အအေးဘူးတွေအပြင် တခြားမုန့်ပဲသရေစာတွေကိုတွေ့လိုက်ရတယ်။ ဘယ်တုန်းကဝယ်ပြီးသိမ်းထားမိလဲ ရှောင်းကျန့်မမှတ်မိတော့ပေမယ့် ဒိတ်မလွန်သေးတာမို့ အအေးကိုဖန်ခွက်ထဲထည့်ပြီး မုန့်တွေကိုတော့ ပန်းကန်ပြားထဲသေချာထည့်ကာ အိမ်ရှေ့ကိုယူလာလိုက်တယ်။
ကင်မရာတစ်လုံးနဲ့အလုပ်ရှုပ်နေလေတဲ့ကလေးက သူ့အိမ်ရဲ့ဧည့်ခန်းကိုသေချာမှတ်တမ်းတင်နေတာကိုမြင်လိုက်ရတယ်။ စားပွဲပေါ်မှာတင်ထားတဲ့ပန်းအိုးကို ထောင့်မျိုးစုံကနေ သေချာရိုက်ကူးနေဟန်က တကယ့်နိုင်ငံကျော်ဓာတ်ပုံဆရာကြီးတွေလို။
“ ပန်းအိုးထဲကပန်းကညှိုးနေပြီလေ ”
သူလှမ်းပြောလိုက်တော့ ဖက်ထုပ်လုံးက ဓာတ်ပုံရိုက်နေတာကို ရပ်တန့်လိုက်ပြီး သူ့ကိုလှမ်းကြည့်လာတယ်။ တစ်ယောက်တည်းရိုက်ချင်ရာရိုက်နေတာကို တစ်ယောက်ယောက်ကမြင်သွားတာမို့ ရှက်သလိုအမူအယာလေးကရှိနေလေတယ်။ ခေါင်းလေးတကုပ်ကုပ်နဲ့ထိုကလေးက ပြုံးနေဖို့ကိုလည်းမမေ့ဘူး။ ဒီလိုအပြုံးချိုပြီးလိမ္မာတဲ့ကလေးကို သူ့မိဘတွေဆို ဘယ်လောက်တောင်ချစ်မဝဖြစ်နေလိုက်မလဲ။ ဝမ်ရွှိုက်ကျား ခင်ဗျားကိုနာကျင်စေမယ့်နည်းလမ်းက သေချာပေါက်ဒီကလေးပဲရှိတာလား။
“ ကောကိုပြမယ်။ ဒီကိုလာ ... ”
ဘာမှထပ်မစဉ်းစားနေတော့ပဲ မုန့်ပန်းကန်နဲ့အအေးခွက်ကို စားပွဲပေါ်ချပြီးတာနဲ့ ထိုကလေးဘေးတိုးသွားလိုက်တယ်။ ကင်မရာကြိုးကိုလည်ပင်းမှာလွယ်ထားပြီး ပုံတွေတစ်ပုံပြီးတစ်ပုံထောက်ကြည့်နေတဲ့ထိုကလေးကလည်း သူ့ဘေးကိုကပ်လာပါတယ်။
“ ညှိုးလို့အလှပျက်မယ်မထင်နဲ့နော်။ ကြည့်ကြည့် ... လှတယ်ဟုတ် ”
မျက်လုံးလေးပြူးပြီး သူ့အဖြေကိုစောင့်နေပုံက သာမာန်ကာလျှံကာပုံစံမျိုးမဟုတ်ပဲ သူ့လက်ရာကိုအကဲဖြတ်ပေးမယ့် လူကြီးတစ်ယောက်ရဲ့စကားသံကို အားကိုးတကြီးမျှော်နေတာမျိုး။ ဒီကလေးက ဒီလောက်ငယ်ငယ်နဲ့ အနုပညာကိုခံစားတတ်နေတာလား။
“ လှတယ် မင်းကပုံရိုက်တော်တာပဲ ”
ဆံပင်လုံးလုံးလေးကိုဆွဖွပစ်လိုက်တော့ ဂုဏ်ယူသွားဟန်နဲ့ ပုခုံးလေးနှစ်ဖက်ကိုအသာပင့်ပြီး ဇက်ကလေးပုဝင်ကာ ‘ဟီးဟီး’ဆိုတဲ့ကလေးရယ်သံလေးကလည်း အဆက်မပြတ်။ သူ့ချီးကျူးစကားတစ်ခွန်းတည်းနဲ့ ပျော်သွားဟန်ကအတိုင်းသားမို့ ရှောင်းကျန့်လည်းပြုံးမိပါတယ်။
ရုတ်တရက် ထိုကလေးကိုကြည့်ပြီးပြုံးနေတုန်း ခေါင်းကထိုးကိုက်ပြီး အမြင်တွေပြာထွက်သွားတာမို့ ရှောင်းကျန့်အထိတ်တလန့်ဖြစ်သွားပြီး ခေါင်းကိုနှစ်ချက်လောက် ဆွဲခါပစ်လိုက်ရတယ်။ စိတ်အလိုလိုက်ပြီး ကလဲ့စားချေချင်တဲ့ဆန္ဒကိုရှေ့တန်းတင်မိတဲ့တခဏ နေ့မအိပ်ညမအိပ်နဲ့လူတစ်ယောက်အနောက်လိုက်ခဲ့ခြင်းတွေက အခုတော့ ရှောင်းကျန့်ကိုကောင်းကောင်းကြီးဒုက္ခပေးလေပြီ။
“ မုန့်စားလိုက်ဦး။ ငါအိမ်သာ ခဏသွားဦးမယ် ”
သူမူပျက်နေတာကို ထိုကလေးမရိပ်မိအောင်လို့ စကားဆိုပြီးမတ်တပ်ရပ်လိုက်တော့ မူးဝေမှုကပိုလို့ပင်ဆိုးလာရတယ်။ တစ်လှမ်းနှစ်လှမ်းလျှောက်အပြီးမှာပဲ ဘယ်လိုမှထိန်းမနိုင်တော့တဲ့ဝေဒနာကို လွှတ်ချလိုက်ရတော့တယ်။ ကြမ်းပြင်ပေါ်လဲကျကျချင်း အာရုံထဲကိုတိုးဝင်လာတဲ့နောက်ဆုံးအသိလက်ကျန်လေးကတော့ လှမ်းအော်လိုက်တဲ့ ‘gege’ ဆိုတဲ့ ခေါ်သံလေးကိုပင်။
.............
ခေါင်းကတရိပ်ရိပ်ဖြစ်ကာ ပုံရိပ်တွေက နီးလာလိုက် ဝေးသွားလိုက်ဖြင့်။ အဲ့ဒီပုံရိပ်ထဲမှာ အမေ့ကိုလည်းတွေ့မိသလို အဖေ့ကိုလည်းတွေ့မိပြန်တယ်။ ဝိုးတဝါးပုံရိပ်တွေထဲမှာ အဖေနဲ့အမေအတူတူမတ်တပ်ရပ်နေကြကာ သူ့ကိုတာ့တာပြနေတဲ့ပုံရိပ်တွေကလည်း အပါအဝင်ပင်။ ‘လိုက်ချင်တယ်၊ အတူခေါ်သွားပါ’လို့သူအော်ခေါ်နေသည့်တိုင် အဖေနဲ့အမေကတော့ သူ့ကိုကျောခိုင်းကာ ခပ်ဝေးဝေးကိုထွက်သွားကြလေတယ်။ ကျောပြင်တွေကိုမြင်ကွင်းကနေပျောက်တဲ့အထိ လိုက်ကြည့်ပြီးနောက် သူကတော့ ဒူးထောက်လို့သာငိုကြွေးမိတော့တယ်။
နောက်တော့ သူ့ပုခုံးထက်ကိုထိကပ်လာတဲ့ လက်တစ်ဖက်။ မော့ကြည့်လိုက်တော့ သူ့ကိုပြုံးပြနေပါတဲ့ ဝမ်ဖက်ထုပ်လုံး။ သူလည်းပြန်ပြုံးပြဖို့လုပ်လိုက်သည့်တိုင် ထိုကလေးက လက်ကိုဖယ်ခွာလို့ ထွက်ပြေးသွားပြန်တယ်။
« gege ... gege ! မသေပါနဲ့ »
ဖက်ထုပ်လုံးရဲ့ကျောပြင်မပျောက်ကွယ်ခင်မှာတင်ပဲ နားနားကိုကပ်အော်နေသလိုမျိုး ခပ်စူးစူးအသံတစ်သံကို ရှောင်းကျန့်ကြားလိုက်ရတယ်။ ဒူးထောက်နေရာကနေ အမြန်ထကာထိုကျောပြင်နောက်ပြေးလိုက်တော့ လေဟာနယ်ထဲပြုတ်ကျသွားသလိုမျိုး ရှောင်းကျန့်တစ်ကိုယ်လုံးဆတ်ခနဲတုန်ရင်သွားရတယ်။
အဲ့ဒီအချိန်ကျမှပဲ ကယောင်ခြောက်ခြားပုံရိပ်တွေထဲကနေ ရှောင်းကျန့်ရုန်းထွက်လာနိုင်တာဖြစ်တယ်။ အသံခပ်စူးစူးလေးကကြားနေရဆဲဖြစ်တာမို့ ရှောင်းကျန့်အသိစိတ်တို့က ဟိုဟိုဒီဒီလျှောက်တွေးမိပါတယ်။ မူးလဲသွားခဲ့တဲ့ဖြစ်အင်ကို အချိန်ကြာတွေးတောပြီးမှ မှတ်မိသွားတာဖြစ်တယ်။ မျက်လုံးကိုဖွင့်မကြည့်နိုင်ခင် ခေါင်းတစ်ခုလုံးကရီဝေဝေဖြစ်နေဆဲမို့ မျက်မှောင်ကိုခပ်တင်းတင်းကြုတ်ရင်းကနေ ငြိမ်ငြိမ်လေးနေမိတယ်။
« gege ... gege လို့ ! »
ငိုသံလေးစွက်နေတဲ့အသံက ရှောင်းကျန့်နားစည်ထဲ စူးခနဲထပ်ဝင်လာပြန်တယ်။ အော်ခေါ်နေရုံတင်မဟုတ်ပဲ လက်ကလေးနှစ်ဖက်ကပါ ရှောင်းကျန့်လက်မောင်းကိုကိုင်လှုပ်နေတာဖြစ်တယ်။ လှုပ်ယမ်းနေမှုက ခေါင်းကိုပိုမူးဝေလာစေတာမို့ မဖွင့်ချင်ဖွင့်ချင်နဲ့ပဲ မျက်လုံးကိုဖွင့်လိုက်ရတော့တယ်။
“ gege မသေဘူးပေါ့နော်။ မသေဘူးမလား ”
“ အင်း ... ”
ပြန်ဖြေသံက လည်ချောင်းထဲကနေ အက်ရှရှနဲ့ထွက်သွားရတယ်။ ထုံကျင်သလိုဖြစ်နေတဲ့နဖူးကြောကိုဖိနှိပ်ဖို့အတွက် နဖူးကိုလက်လှမ်းလိုက်တော့ အဝတ်စိုစိုတစ်ခုရဲ့အထိအတွေ့ကို ရရှိလိုက်တယ်။ အဲ့ကျမှပဲ သူ့ဘေးနေရာကို တအံ့တဩနဲ့စူးစမ်းမိတော့တာပဲဖြစ်တယ်။ ဆေးသေတ္တာထဲကပစ္စည်းတွေ ပြန့်ကျဲနေရုံသာမက သူ့နဖူးပေါ်မှာလည်း အဝတ်စိုတစ်ခုကရှိနေသေးတယ်။
“ ဒါတွေက ... ”
“ ကျန့်ကော မေ့လဲသွားတော့ သားစိတ်ပူသွားတာ။ ဘာလုပ်ပေးရမလဲလည်းမသိဘူး။ လှုပ်ကြည့်တော့လည်း ကျန့်ကောကမနိုးဘူး။ သားတို့အိမ်မှာဆို ဆေးသေတ္တာက ရေချိုးခန်းထဲက နံရံကပ်ဗီရိုလေးထဲမှာထားတာဆိုတော့ ဒီမှာလည်းအဲ့လိုပဲလားဆိုပြီး ပြေးကြည့်တာ။ တွေ့တာနဲ့ ယူချလာပြီး သားသိသလောက်လေး လုပ်တာပဲ။ အဲ့ဒါလည်း ကျန့်ကောက နိုးမလာဘူး။ သားမှာ တစ်ယောက်တည်း ... ”
ပြောရင်းနဲ့ နောက်ဆုံးစကားမှာအသံကတိမ်ဝင်သွားတာမို့ ရှောင်းကျန့်ဂရုဏာသက်သွားရတယ်။ ကြည့်နေတုန်းမှာပဲ ထိုကလေးကငိုချလာတော့ ခြေမကိုင်မိလက်မကိုင်မိဖြစ်ရသူက ရှောင်းကျန့်ပဲ။ လက်ဖောင်းဖောင်းလေးတွေနဲ့ ပါးပြင်တွေကိုဖိသုတ်နေတာတွေ့တော့ ကိုယ့်ဝေဒနာတောင်သတိမရနိုင်တော့ပါပဲ ချော့မြူဖို့နည်းလမ်းတွေအသည်းအသန်စဉ်းစားမိတော့တယ်။ ရှောင်းကျန့်က မျက်ရည်တွေကို တကယ်မကြိုက်ပါဘူး။
တအီအီငိုနေတဲ့ကလေးက သူ့ချော့ပေးစရာတောင်မလိုပဲ သူ့ဟာသူပဲ တိတ်သွားလေတယ်။ ဆေးသေတ္တာထဲမှာ ပစ္စည်းတွေအစုံအလင်ရှိတဲ့အထဲကမှ ရှူဆေးဘူးတွေကိုပဲ ထိုကလေးက ဖွထားတာဖြစ်လေတယ်။ ဘယ်လောက်တောင်စိုးရိမ်နေလိုက်မလဲ။ ဒီလိုစိတ်ပူပေးတာကို အမေမရှိတော့တည်းက ကင်းဝေးခဲ့ရတဲ့ရှောင်းကျန့်က ရင်ထဲနွေးနွေးလေးဖြစ်သွားရပါတယ်။
တဆတ်တည်းပဲ ရေချိုးခန်းရဲ့နံရံကပ်ဗီရိုထဲက ဆေးသေတ္တာကို ထိုကလေးထုတ်ယူနေပုံတွေကို ရှောင်းကျန့်မြင်ယောင်မိပါတယ်။ ခပ်မြင့်မြင့်မှာလုပ်ထားတဲ့ဗီရိုမို့ သေချာပေါက်ကို ခုံခုပြီးယူရမှာပဲ။ မကြောက်မလန့်နဲ့ ထိုကလေးက ခုံပေါ်တက်ယူတယ်ပေါ့။ သူ့ကိုစိတ်ပူပြီးတော့လေ။
အသေးစိတ်တွေးမိတော့ နွေးထွေးတဲ့ခံစားချက်က တစ်ကိုယ်လုံးအနှံ့ကူးလူးလေတယ်။ ‘တစ်ဦးမေတ္တာ တစ်ဦးမှာ’တဲ့။ ဒီကလေးမေတ္တာတွေ သူလက်ခံရပေမယ့် သူ့မေတ္တာတွေကရော။ သေချာတဲ့ဆုံးဖြတ်ချက်တစ်ခုကတော့ အခုချက်ချင်းပင် ရှောင်းကျန့်စိတ်အတွင်းထဲမှာ ချမှတ်ပြီးဖြစ်ပါတယ်။
“ ကျန့်ကော ကျန့်ကော ... ဘယ်လိုလုပ်မလဲဟင် ! ၁၁ကျော်နေပြီ။ သားအိမ်ပြင်ခိုးထွက်တာ ပါးပါးသိလောက်ပြီ။ သားအဆူခံရတော့မယ်ထင်တယ်။ အရိုက်ပါခံရမလားမသိဘူး ”
ညနေတည်းကနေ မေ့လဲသွားခဲ့တဲ့ရှောင်းကျန့်က သန်းခေါင်ယံရောက်လုရောက်ခင်အချိန်မှ ပြန်သတိရလာတယ်တဲ့လား။ ဝမ်ဖက်ထုပ်လုံးကတော့ ကြောက်ရွံ့စိတ်နဲ့အတူ သူ့ဘေးမှာငုတ်တုတ်လေးထိုင်နေဆဲ။ ခေါင်းကိုဖွဖွလေးပုတ်ပေးပြီးနောက် မျက်တောင်ဖျားတို့မှာ စိုစွတ်နေတဲ့မျက်ရည်စတို့ကို လက်နဲ့ဖိသုတ်ပေးလိုက်တယ်။ ထို့နောက် မျက်နှာလုံးလုံးလေးကို လက်ဖဝါးနှစ်ဖက်နဲ့ သေချာအုပ်ကိုင်လိုက်ပြီးနောက် ... ။
“ စိတ်မပူပါနဲ့။ ဖက်ထုပ်လုံးအဆူမခံရအောင် ကောကောကပြောပေးမယ်နော်။ ယုံတယ်မလား ”
ပထမဆုံးအကြိမ်အဖြစ် ကလေးတစ်ယောက်ပျော်သွားအောင်လို့ ချော့မြူပြောဖူးခြင်းဖြစ်ပါတယ်။ ပြုံးသွားတဲ့မျက်နှာလေးကိုမြင်ရတော့ မတတ်တခေါက်ကြိုးစားချော့မြူလိုက်ခြင်းအပေါ် ကျေနပ်ခြင်းအတိဖြစ်ရပါတယ်။
“ ဟုတ်။ ကောကောကို ယုံတယ် ”
ပြောပြီးပြီးချင်းပဲ ဖက်ထုပ်လုံးကမတ်တပ်ထရပ်လို့ ထိုင်နေတဲ့သူ့လည်ပင်းကိုတွဲလွဲခိုကာဖက်တွယ်လာပါတယ်။ ကျောပြင်သေးသေးလေးကို စည်းချက်ညီစွာပြန်ပုတ်ပေးနေရင်းကနေပဲ ရှောင်းကျန့်မျက်ရည်ကျမိတယ်။ အဖေ့အတွက် ကလဲ့စားမချေနိုင်တော့ဘူးထင်ပါတယ်။
လျော့ရဲလာတဲ့စိတ်အစဉ်က ကလေးငယ်တစ်ယောက်ကို ဂရုဏာသက်ခြင်းကနေ စတင်သွားတာဖြစ်တယ်။ ရက်စက်တဲ့စိတ်က ဒီကလေးပေါ်တော့ ချွင်းချက်ဖြစ်နေတဲ့ပုံ။
............။...........
JP : မရက်စက်နိုင်သော ရှောင်းကျန့်ကောကော။
Little WYB : ကောကောကသားကိုဂရုစိုက်တယ်။ ကောကော အကောင်းဆုံး၊ ကောကော အမိုက်ဆုံး။
WYB : အဲ့တော့ ... ရှောင်းကျန့်။ ခင်ဗျားကကျွန်တော့်ကို အဲ့တည်းကကြိုက်သွားတာပေါ့။
XZ : မဟုတ်ပါဘူး ဝမ်ရိပေါ်ရယ်။ ကိုယ့်ကိုကိုယ်အထင်မကြီးပါနဲ့။
[20102020/Tue]