“မ… မ ခဏ…”
ရန်နောင် မကေသရီနောက်ကို ပြေး၍လိုက်လာတာဖြစ်သည်။ ဆိုင်ကယ်ရပ်သည့်အနားရောက်မှ မကေသရီ့အား မီတော့သည်။
“မောင် လိုက်လာတယ်။”
ကေသရီ ဝမ်းသာသွားမှုတို့ကို ဖုံးဖိ၍ပင် မရပါ။ မောင် သူ့နောက်က ပြေးလိုက်လာသည်ကိုပင် ဟန်မဆောင်နိုင်အောင် ဝမ်းသာမိသွားသည်။ ဒါဆို မောင်လည်း သူ့အပေါ် ချစ်သည်ဟု သူမျှော်လင့်လို့ ရတယ်မဟုတ်လား…။
“မ… ဘယ်သွားမလို့လဲ…။ အတန်းမတက်ဘူးလား…။”
ကေသရီ မောင့်မျက်နှာကို သေချာမော့ကြည့်လိုက်သည်။ မောင့် မျက်ခုံးတန်းတန်းလေးတွေကို ချစ်သည်။ အငယ်ဖြစ်တဲ့မောင်ကတောင် လိုက်ချော့သေးသည်ပဲ… အကြီးဖြစ်တဲ့ ကိုယ်က အလျှော့ပေးရမှာပေါ့။
“မ အတန်းထဲကို မသွားချင်ဘူး မောင်…။ အတန်းထဲက သူငယ်ချင်းတွေက မနေ့ညကတည်းက မဆီကို ဖုန်းဆက်ပြီး မေးနေကြတာ။”
“မဟုတ်တာ မကလည်း…။ မောင်ကိုယ်တိုင် လိုက်ပို့ပေးရင်ရော…”
ကေသရီ၏မျက်ဝန်းများ ရွှန်းဝေသွားသည်။ အမှန်တိုင်းဝန်ခံရရင် မောင့်အပေါ် ဒီလောက်ထိ မျှော်လင့်မထား…။ မနေ့ကမှ သေချာသိလိုက်သည်က ကေသရီ မောင့်အပေါ် တကယ်ချစ်နေမိပြီဆိုတာပါပဲ…။ သဝန်တိုတာနဲ့ အချစ်က တိုက်ရိုက်အချိုးကျသလားတော့ ကေသရီ မပြောတတ်…။ မောင့်အပေါ် အူတိုမိတာတော့ ကေသရီ ဝန်ခံရမည်ပေ…။
မောင့်လက်ကိုချိတ်၍ အတန်းကို သွားလိုက်သည်။ မောင့်မျက်နှာက အသက်အရွယ်နှင့်မလိုက်အောင် တည်ကြည်လွန်းသည်။ ကေသရီကို ပြုံးပြသွားတာတောင် ခပ်ရေးရေးကလေးသာ တည်တည်ငြိမ်ငြိမ်ပြုံးပြသွားသည်။ သူငယ်ချင်းတွေ မေးလာမည့် မေးခွန်းတွေကိုလည်း ကေသရီ ဂရုမစိုက်တော့။ ကေသရီ မောင့်လက်ကို ချိတ်၍လာသည်ကို သူတို့လည်း အမြင်ဖြစ်ပြီးပြီမဟုတ်လား…။
~•~
“ညီ… ကော်ဖီဖြစ်ဖြစ်၊ အအေးဖြစ်ဖြစ် တစ်ခုခုသောက်ပါလား။ ကိုယ်တိုက်ပါ့မယ်…”
“အာ… မဟုတ်တာ ရပါတယ်ဗျ။ ခုနကပဲ ကန်တင်းမှာ စားလာခဲ့တော့ ဗိုက်ပြည့်နေပါပြီဗျ။ အစ်ကိုသောက်ချင်သောက်လေ… ကျွန်တော် စောင့်ပေးပါ့မယ်ဗျ။”
တဗျဗျနှင့် ယဉ်ကျေးနေသော ညီ့ကို သုတ ချစ်မဝနိုင် ဖြစ်နေမိပြီ။ ညီဟာ သူ့ရင်ထဲကို တိုးဝှေ့လာတဲ့ လေပြည်ညှင်းကလေးတစ်ခုလိုပါ။ ရင်ကိုတသိမ့်သိမ့်ဖြင့် နှလုံးသားအား တဒိတ်ဒိတ်လှုပ်ရှားစေသည်။ စကားတွေပြောကာ ဆိုင်ကယ်မောင်းလာကြရင်း မိန်းနားက ကော်ဖီဆိုင်တစ်ခုရောက်တော့ သုတက ဆိုင်ကယ်ရပ်လိုက်သည်။
“ညီ… လာ… ကိုယ်တို့ ခဏထိုင်ကြရအောင်…”
ကိုသုတက ခေါ်တော့ ကျော်စွာ ဆိုင်ကယ်ပေါ်မှ ဆင်းလိုက်တော့သည်။ ဆိုင်ရှေ့တောင် ရောက်နေပြီဆိုတော့ ကျော်စွာ ဆက်မငြင်းသာတော့ပါ။
“ညီ… ဘာသောက်မလဲ…”
“ဟို… Cappuccino တစ်ခွက်ပါဗျ…”
“Cappuccino ဆို ကိတ်လေးနဲ့ တွဲစားရင် မကောင်းဘူးလား။ ညီ chocolate cake ကြိုက်တယ် မဟုတ်လား… ကိုယ် မှာလိုက်မယ်နော်…”
ကျော်စွာမှာ တားချိန်ပင် မရလိုက်ပါ။ ကိုသုတက မှာပြီးပြီဖြစ်သည်။ ကျော်စွာလည်း ကိုသုတနှင့်ဆို ထူးဆန်းသည်။ ခါတိုင်း ခပ်သွက်သွက်ရှိတဲ့လူက ကိုသုတနှင့်ဆို အာစေးမိနေသလို ဘာမှမပြောနိုင်လောက်အောင် ရင်တွေ တအားလှုပ်ရှားနေမိသည်။
“ညီ ပင်ပန်းနေပြီလား ကိုယ်နဲ့ အဖော်လိုက်ပေးရတာ…”
“အာ… မပင်ပန်းပါဘူးဗျ။ ကျွန်တော်က အားနာနေတာ။ အဖော်လိုက်ပေးရုံလေးနဲ့ မုန့်တွေလည်း ဝယ်ကျွေးရနဲ့ဆိုတော့…”
“ကိုယ်က ညီ့ကို ခင်လို့ပါကွာ…”
သုတ ရင်ထဲက ခံစားချက်တွေကို ထိန်းသိမ်းထားလိုက်ပြီး ခင်လို့ပါ ဟူ၍သာ တစ်ဆင့်တက်လိုက်သည်။ သူ အဆင့်မကျော်သင့်ဘူး မဟုတ်လား…။
“ဟုတ်… ကျွန်တော်လည်း အစ်ကို့ကို ခင်ပါတယ်ဗျ…”
သုတ ပြုံးလိုက်မိသည်။ သူ ညီ့ကို ကျောင်းအပ်လက်ခံတဲ့နေ့မှာ ပထမဦးဆုံး မြင်ပြီးကတည်းက ချစ်မိသွာခဲ့တာလည်း ဖြစ်နိုင်သည်။ ကျောင်းဝန်းထဲမှာ ဟိုပြေး၊ ဒီပြေး အလုပ်ရှုတ်နေတဲ့ ညီ့ကို သူ တိတ်တဆိတ်ငေးကြည့်နေခဲ့ဖူးသည်။ ဖောင်ဖြည့်နေတဲ့ ညီ့အနား စီနီယာတစ်ယောက်အနေနဲ့ သွားကူပေးခဲ့ဖူးသည်။ ညီ မမှတ်မိပေမဲ့ သုတဆိုတဲ့ ကျွန်တော် အတိအကျ မှတ်မိနေခဲ့ပါသည်။ ထိုနေ့က ညီ ရှပ်အင်္ကျီအဖြူလေးကို ဂျင်းဘောင်းဘီလေးနဲ့ တွဲဝတ်ထားတာဖြစ်သည်။
“ကိုယ် ညီ့ကို ကျောင်းအပ်တဲ့နေ့ကတည်းက စတွေ့ခဲ့တာ။ ညီ့ကိုတောင် လာကူပေးခဲ့သေးတယ်လေ…”
“အာ… အဲနေ့က အစ်ကိုလား…။ ကျွန်တော်လည်း ဖောင်ဖြည့်တဲ့ထဲ စိတ်လောနေတာနဲ့ အစ်ကို့ကို ကျေးဇူးတင်ဖို့ မေ့သွားခဲ့တာ။ ဖောင်ထပ်ပြီးမှ သတိရလို့ လိုက်ရှာသေးတယ်။ အစ်ကို့ကို မတွေ့တော့လို့…”
ညီက သူ့ကို လိုက်ရှာခဲ့သေးသည်တဲ့လား…။ ညီ ပြောနေတာလေးတွေကို နားထောင်ရင်း သုတ အလိုလို ပြုံးနေမိသည်။ အချစ်က ထူးဆန်းသည်။ သူ့ကို အပြုံးပန်းတွေ အမြဲဝေနေစေသည်။
“ကိုယ် အဲနေ့က အစောကြီး အိမ်ပြန်ခဲ့မိတာ နောင်တရသွားပြီ။ အမှန်ဆို ညီနဲ့ အဲနေ့ကတည်းက အစောကြီး ခင်ခွင့်ရခဲ့မှာ…”
သုတအပြောကြောင့် ကျော်စွာ့မှာ မနေတတ်တော့။ ရင်တွေ တဒိန်းဒိန်းခုန်နေမိတာကို သူကိုယ်တိုင်တောင် သတိထားမိဟန်မပေါ်ပါ။
သုတ တကယ် နောင်တရမိသည်။ ရင်တွေခုန်လာလွန်း၍ အိမ်ပြန်ခဲ့ပေမဲ့ အဲနေ့က တစ်နေ့လုံး သူ ငြိမ်ငြိမ်မနေနိုင်ခဲ့ပါ။ ညီနဲ့ ထပ်မဆုံခဲ့တော့ရင် ဆိုတဲ့အတွေးက သူ့ကို တစ်ချိန်လုံး နောင်တရနေစေခဲ့သည်။ သုတအတွက် ပထမဦးဆုံး ရင်ခုန်ခဲ့ရသည့်သူဟာ မျိုးတူ ယောက်ျားလေးတစ်ယောက် ဖြစ်နေခဲ့ခြင်းအပေါ် စိတ်တွေထူးဆန်းလွန်း၍ ဆက်မစဉ်းစားချင်တော့တာကြောင့် အိမ်ပြန်ခဲ့ပေမဲ့လည်း ညီ့မျက်နှာလေးကသာ သူ့နှလုံးသားတစ်ခုလုံးကို မောင်ပိုင်စီးသွားခဲ့သည်။
ကျောင်းတွေစဖွင့်တော့ ညီ့ကို တစ်ကျောင်းလုံးအနှံ့ သူလိုက်ရှာခဲ့ပါသေးသည်။ ညီကပဲ အပုန်းကောင်းသလား…၊ သူကပဲ ညံ့လွန်းတာလားမသိပါ။ ညီ့ကို မရှာနိုင်ခဲ့။
ကံတရားက မျက်နှာသာပေးသည်ပဲ ဆိုရမလား…။ Welcome ပွဲအတွက် ပထမနှစ်ကို စကားလာပြောတော့ အဲအဖွဲ့ထဲ သူပါ ပါလာခဲ့သည်။ ညီ့ကို ဒုတိယအကြိမ် ပြန်မြင်လိုက်ရတော့ သူ့ရင်တွေ အဆမတန်အခုန်မြန်နေတာကို သူ သေချာ သတိထားမိခဲ့သည်။ သူ အပျော်လွန်ကာ ညီ့ကို သတိလက်လွတ်ငေးနေမိခဲ့သေးသည်။
“Welcome ပွဲအတွက် ညီတို့အတန်းထဲ စကားလာပြောတဲ့နေ့က ညီ့ကို ပြန်တွေ့တော့ ကိုယ် ဝမ်းသာသွားသေးတယ်။ ညီကလည်း ကိုယ်နဲ့ မေဂျာတူနေတော့လေ…”
“ကျွန်တော်ကတော့ အစ်ကို့ကို အဲနေ့ကမှ စပြီး သတိထားမိခဲ့တာ။ အဲနေ့ကမှ သေချာကြည့်မိတော့ အစ်ကိုက အရမ်းချောတာပဲလို့တောင် တွေးခဲ့သေးတယ် ဟီး…”
ညီက ကျွန်တော့်ကို ပေါ်တင်ကြီး ချီးကျူးလိုက်တာလား…။ ကျွန်တော့်ကိုလည်း ရက်ရက်ရောရော ပြုံးပြနေသေးသည်။ ထိုအပြုံးလေးကို ငေးရင်း ကျွန်တော့်မှာ လေဟာနယ်ထဲသို့ ခေတ္တကူးခပ်လိုက်ရသလိုပါ…။
ညီ့အပေါ်ဖြစ်တည်သွားသော ခံစားချက်သည် မည်မျှရေတွက်၍ပင် မကုန်နိုင်အောင် ဖြစ်ရသည်။ ညီ သောက်လိုက်သော cappuccino ခွက်လေးထဲက အသည်းပုံ အရုပ်ကလေးနှင့်ပင် အူတိုမိသည်အထိ ကျွန်တော့်ရောဂါ သည်းနေပြီ။ ညီသာ သောက်သုံးချင်ပါသည်ဆိုလျှင် သူ့အသည်းနှလုံးကိုပင် ဆပ်သဖို့ အလိုရှိနေသလိုပါ…။
“ညီ ဘာလိုသေးလဲ… ညီစားချင်တာ ထပ်မှာလေ…”
“အာ… တော်ပြီဗျ အစ်ကို… ကျွန်တော့်ဗိုက် ကွဲထွက်တော့မယ် ဟီး…”
“ဟုတ်ပါပြီကွာ… ချစ်စရာလေး…”
ညီက ပြုံးဖြီးဖြီးလေးဆိုတော့ အသည်းယားစွာ ညီ့ဆံပင်ကလေးတွေကို ဖွမိသည်။ ညီကွာ… သိပ်ချစ်စရာကောင်းလွန်းတယ်။ သုတစိတ်ထဲ အကြံတစ်ခု လတ်ခနဲ ပေါ်သွားသည်။
“ညီ… ကိုယ် ဓာတ်ပုံရိုက်ပေးမယ်လေ။ ဒီကော်ဖီဆိုင်လေးက ဓာတ်ဖမ်းလို့ကောင်းတယ်။”
“ဗျာ… ဟုတ် ဟုတ်…”
ကျော်စွာက သူ့ဖုန်းကို ထုတ်ပေးဖို့ပြင်သည်။ အကြံနှင့်မို့ သုတက အမြန်တားရပြန်သည်။
“ကိုယ့်ဖုန်းနဲ့ပဲ ရိုက်ပေးမယ်လေ။ ပြီးမှ ညီ့ဆီ ပြန်ပို့ပေးမယ်။”
ကျော်စွာမှာတော့ သုတပြောသမျှ ဘာမှမငြင်းနိုင်လောက်အောင် မှင်သက်နေရတော့သည်။ သူလည်း ကိုသုတနှင့် ခုထက်ပို၍ ရင်းနှီးချင်မိပါသည်။
“ညကျ ပုံရွေးပြီး ညီ့အကောင့်ကို ပို့ပေးထားမယ်နော်…”
သုတ လူလည်ကျလိုက်သည်။ အခုပို့လိုက်လည်း ရနေပေမဲ့ ညကျ ညီနဲ့ စကားပြောချင်၍ သက်သက်ဉာဏ်ဆင်လိုက်ခြင်းဖြစ်သည်။ ကျော်စွာမှာတော့ သုတအား ဘာမှ ပြန်မပြောနိုင်…။ ကိုသုတပြောသမျှကို နာခံရုံသာ တတ်နိုင်တော့သလိုပါ။ ကျော်စွာ chocolate cake ကလေးအား တစ်ဇွန်းခပ်စားလိုက်သည်။
“ညီ… ခဏ…”
ကိုသုတက ရုတ်တရက်ပြောလာတော့ ကျော်စွာ စားလက်စ ကိတ်ကလေးကိုပင် အယောင်ယောင်အနနဖြင့် မဝါးဘဲ ရပ်ထားမိသည်အထိ…။ သုတက Tissue တစ်ရွက်အား အမြန်ယူကာ ကျော်စွာ့နှုတ်ခမ်းထောင့်က chocolate cake အပိုင်းအစကလေးအား သုတ်သင်ပေးလိုက်သည်။ ကျော်စွာ့ရင်တွေ တဒိန်းဒိန်းခုန်လာပြန်၏။ နှလုံးသားကလေးပင် ခန္ဓာကိုယ်အပြင်ဘက်သို့ ခုန်ထွက်ပြေးတော့မလိုပါ…။ ထို Tissue လေးအား သုတ လွှင့်မပစ်ရက်ပါ။ တယုတယပင် ခေါက်သိမ်း၍ သူ့ အင်္ကျီဘေးအိတ်လေးထဲသို့ ထည့်သိမ်းလိုက်သည်။ ဒါကို အရှက်သည်းနေသည့် ကျော်စွာကတော့ သတိမထားမိခဲ့ပါ…။
“ညီ… ကိုယ့်ကို မခင်ဘူးလား…။ စကားလည်း သိပ်မပြောတော့…”
“အာ… အဲလို မဟုတ်ပါဘူးခင်ဗျာ…။ ကိုသုတကို ခင်ပါတယ်ဗျ။”
ရင်ခုန်လွန်း၍သာ ကျော်စွာ စကားသိပ်မပြောနိုင်ပေမဲ့ သူ့ရင်ထဲမှာတော့ ကိုသုတဟာ နေရာအကြီးကြီးယူသွားခဲ့ပြီးသားပင်ဖြစ်သည်။
“အဲတာဆို လာ… ကိုယ်တို့နှစ်ယောက်အတူ selfie…”
သုတ ပြောလည်းပြောကာ ကျော်စွာ့ဘက်သို့ ချက်ချင်းပြောင်းထိုင်လိုက်သည်။ ကျော်စွာ၏ ပုခုံးလေးကိုပင်ဖက်ကာ Selfie ဆွဲလိုက်သေးသည်။ ကျော်စွာမှာတော့ ရင်ခုန်ရလွန်း၍ ရူးတော့မည်ပင် ထင်ရသည်။ ကိုသုတက “selfie” ဟု Timing ခေါ်လိုက်ချိန်တွင်မှ အယောင်ယောင်အမှားမှားဖြင့် ပြုံးပြမိလိုက်သည်။ သူ ကိုသုတ၏ မျက်နှာချောချောအား သတိလက်လွတ်ငေးနေမိခဲ့ပါသေးသည်။
သုတ ထိုပုံကလေးကိုကြည့်၍ နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိလိုက်သည်။ ညီ့မျက်လုံး ညီ့အကြည့်တွေက သူ့ဆီမှာ…။ ညီ့အပြုံးလေးက သိပ်လှသည်။ ဒီနေ့မှ သုတ၏ အပြုံးတို့ကလည်း အသက်ဝင်လွန်းနေခဲ့သည်။
အတန်းချိန်အမီ သုတနှင့် ကျော်စွာ ကျောင်းသို့ ပြန်ခဲ့ကြသည်။ နှစ်ဦးလုံး စိတ်တွေ လှုပ်ရှားနေကြလွန်း၍ သင်နေသည့် စာထဲတွင်တောင် စိတ်မရောက်နိုင်ဘဲ ဖြစ်နေကြရသည်။ ကျော်စွာတစ်ယောက် တစ်ခုခု ထူးခြားနေသည်အား ချမ်းငြိမ်းနှင့် သော်တာတို့ကတော့ ရိပ်မိခဲ့ကြပါသည်။