ဆောင်းကုန်လို့ နွေအကူး နွေဦးလည်းရောက်ပြီဖြစ်တာမို့ ပန်းချယ်ရီတို့က တစ်တောလုံး ဖွေးဖွေးလှုပ်အောင် ဝေနေကြပြီ ။
ရွက်ဟောင်းတို့နဲ့အတူ လေအဝှေ့တိုင်း ကြွေလွင့်လာတဲ့ ချယ်ရီပွင့်ဖက်တို့က ကျောင်းဝန်းတစ်ခုလုံး ခြေချစရာနေရာမရှိအောင် နေရာယူလျက် ။
ရပ်တန့်မနေတဲ့ ရာသီစက်ဝန်းတို့ကြောင့် နှစ်တွေကလည်း အလီလီကြာသွားခဲ့ပြီ ။ သို့ပေမဲ့ နွေဦးနဲ့ ဒီကျောင်းတော်ရဲ့အလှကတော့ မပြောင်းလဲပဲ ဝင့်ဝင့်ကြွားကြွားရှိနေဆဲပင် ။
တစ်ချိန်က ကျောင်းတော်က အငယ်ဆုံးနဲ့ အလိမ္မာဆုံး ၊ အအေးဆုံးရယ်လို့ သတ်မှတ်ထားတဲ့ ကိုရင်ငယ်လေး လန်ဝမ်ကျီးဟာဆိုရင်လည်း အခုဆိုရင် အများအားကိုကြည်ညိုရတဲ့ ဘုန်းတော်ကြီးတစ်ပါး သူတော်စင်တစ်ပါးပင် ဖြစ်နေပြီ ။
သိက္ခာသမာဓိနဲ့ ပြည့်စုံပြီး အေးချမ်းတည်ငြိမ်လှတဲ့ သူတော်စင်လေးလန်ဝမ်ကျီးက နှစ်တွေကြာသွားပေမဲ့ အရင်လိုပဲ ကျောင်းဝန်းတစ်ခုလုံး မနက်ခင်းတိုင်း တံမြတ်စည်းလှဲရတဲ့ တာဝန်ကို ယူတုန်းပါပဲတဲ့ ။
ဓမ္မစာပေတွေတက်မြောက်သွားပြီတဲ့ သူတော်စင်လေးက သူ့ရဲ့အားလပ်ချိန်တွေကို ချယ်ရီတောလေးထဲမှာ တရားထိုင်ရင်း ၊ ကျင့်စဉ်တွေကျင့်ရင်းသာ ကုန်ဆုံးရသည် ။
ကိုရင်လေးရဲ့ တစ်နေ့တာက တကယ်ကိုအေးအေးချမ်းချမ်းပါပဲ...။ အဲ့တာက ဝေ့ပေါက်စလေး ကျောင်းထဲမရောက်ခင်ချိန်ထိပေါ့ ။
" ကိုကိုလေး!! အဟီး... ရှန့်ရှန့်လာပြီ!! "
တိတ်ဆိတ်ငြိမ်သက်နေတဲ့ လန်ဘုန်းတော်ကြီးကျောင်းကို ထိုအသံငယ်လေးက မနက်ခင်းတိုင်း မပျက်မကွက် အသက်သွင်းပေးနေခဲ့သည်မှာ ဆယ်နှစ်ပင်ကျော်ပြီ ။
ချယ်ရီပင်အောက်မှာ မျက်လုံးလေးမှိတ်ပြီး ပုတီးစိပ်နေတဲ့ သူတော်စင်လေးမှာလည်း ထိုအသံစူးစူးလေးကြောင့် တစ်ချက်တုန်သွားပြီး ကြည်ပြာရောင်မျက်လုံးအစုံတို့က ဆက်ကနဲ ပွင့်လာရသည် ။
မနက်ခင်းတွေတိုင်း ပုံမှန်ကြားနေကျ အသံလေးဖြစ်ပေမဲ့ ကိုရင်လေးအဖို့ အခုချိန်ထိ အသားမကျပဲ ရင်တွေထိတ်နေရတုန်းပင် ။
ချယ်ရီလမ်းတစ်လျှောက် အပြာနုရောင်ဝတ်ရုံလေးတစ်လွင့်လွင့်ဖြင့် ပြေးလာတဲ့ ဆယ့်ခြောက်နှစ်အရွယ်ရှန့်ရှန့်လေးက အရင်ကလို ငါးနှစ်သား ဝက်ပေါက်လေးရှန့်ရှန့်မဟုတ်တော့ပေ ။
ဝလုံးလုံးကိုယ်လေးက သွယ်လျလျကိုယ်လေးဖြစ်လာပြီ ။
ပါးဖောင်းဖောင်းကြီးတွေအစား မျက်နှာသွယ်သွယ်လေးက နေရာယူလျက် ။
ဖောင်းကားနေတဲ့ လက်ပုတိုသေးသေးလေးတွေက လက်ချောင်းရှည်သွယ်သွယ်လေးတွေအဖြစ် ပြောင်းလဲသွားပြီ ။
ခြေထောက်တိုတိုတုတ်တုတ်လေးတွေက ခြေတံသွယ်သွယ်လေးတွေအဖြစ် ပြောင်းလဲသွားပြီ ။
ချယ်ရီပွင့်ဖတ်တွေ ကြားကနေ ပြေးလာတဲ့ ကောင်ငယ်လေးက တိမ်မျှင်လေးတွေများ လေယူရာမြောလွှင့်လာသယောင် ။
သာမာန်အချိန်တွေမမြင်နိုင်တဲ့ ရှန့်လေးရဲ့ နှုတ်ခမ်းပါးနုနုက ယခုလို ပြေးလာတဲ့အချိန်များဆို လေအဝှေ့ကြောင့် လွင့်ဖယ်သွားတဲ့ ပုဝါဖြူ လေးအောက်ကနေ တစ်စွန်းတစ်စ မြင်ရတက်သည် ။
ဆံနွယ်အိအိလေးတွေနဲ့အပြိုင် ဖဲကြိုးနီနီလေးတို့ကလည်း လှုပ်ယမ်းကခုန်ပြီး ကိုရင်လေးကို နှုတ်ဆက်နေသည် ။
ခြေကဆုန်ပေါက် ပြေးလာတဲ့ ကောင်ငယ်လေးရဲ့ ဝတ်ရုံအောက်က ခြေကျင်းဝတ်ဖြူဖြူလေးနဲ့ ခြူလုံးသေးသေးလေးတွေ ပါတဲ့ ခြေချင်းလေးဆီက တချွင်ချွင်သံလေးက ကိုရင်လေးရဲ့ ဝဲဘက်ရင်အုံကို ဆောက်တည်ရာမရ ဖြစ်စေသည် ။
ရေပြင်လို အေးချမ်းတည်ငြိမ်လှပါတယ်ဆိုတဲ့ သူတော်စင်လေးအဖို့ ရှန့်ရှန့်လေးက ကျောက်ခဲသေးသေးလေးတစ်လုံး။
ကိုရင်လေးရဲ့ စိတ်အစုံကို ဂယောက်ဂယက်နဲ့ လှိုင်းတွေခတ်သွားစေတဲ့ ကျောက်ခဲလုံးလေး။
" ကိုကိုလေး!! "
" ဟင် "
ရှန့်ရှန့်အနားနားရောက်တဲ့အချိန်ထိ ဝိညာဉ်မကပ်နိုင်ဖြစ်နေတဲ့ကိုရင်လေးမှာ ရှန့်ရှန့်အသံကြားမှ ကယောင်ကတမ်းထူးမိတော့သည် ။ မျက်နှာရှေ့ လက်လေးယမ်းပြကာ မျက်ဝန်းညိုညိုလေးတွေနဲ့ စိုက်ကြည့်နေတဲ့ ရှန့်ရှန့်ကြောင့် နောက်ကိုခြေနှစ်လှမ်းလောက် ဆုတ်လိုက်မိသည် ။ ရှန့်ရှန့်နားကပ်ရင် အခုန်မြန်လာတဲ့ ရင်အစုံကို ဘာရယ်ကြောင့်တွေးမရပေမဲ့ ကိုရင်လေးက မလိုလားဘူး ။
" ရော့ ကိုကိုလေးအတွက် "
ဘာမှမသိတဲ့ ကလေးစိတ်နဲ့ ရှန့်လေးကတော့ ထုံးစံအတိုင်း လက်ထဲက တုတ်ထိုးချိုချဉ်တစ်ချောင်းထုတ်ပေးသည် ။ မယူပဲငေးနေတာကြောင့် ယူလေဆိုသည့်သဘောနှင့် မေးလေးငေါ့ကာ ပြုံးပြသော ရှန့်ရှန့်ကြောင့် ကိုရင်လေး အနည်းငယ်ရှက်မိသွားကာ နီရဲနေသော လည်ပင်းကိုပွတ်လိုက်ကာဖြင့်
" ဟို ကိုယ်တော်က ကလေးမဟုတ်တော့ဘူးလေ တကာလေးရဲ့ "
" ဟင် "
လင်းလတ်နေတဲ့ မျက်ဝန်းကြည်လေးတွေက ကိုရင်လေးရဲ့ အငြင်းစကားအဆုံးမှာ ချက်ချင်းမှိန်ကျသွားတဲ့အခါ ကိုရင်လေးမှာ ခြေမကိုင်မိ လက်မကိုင်မိ ။ ရှန့်ရှန့်မျက်နှာမကောင်းရင် ကိုရင်လေး တကယ်မနေတက်ပါ ။ ထို့ကြောင့်
" ဟို... တကာလေးစေတနာကို မငြင်းတော့ပါဘူး "
" အဟီးး ဒါမှရှန့်ရှန့်ရဲ့ ကိုကိုလေး "
ထိုအခါ ကလေးငယ်ရဲ့မျက်လေးညိုညိုလေးတွေက တန်းကနဲ ကြည်တောက်လာသည် ။ တကယ်ကို မှော်ဆန်လှသည် ။ ကိုရင်လေးလည်း ပြန်လည်ကြည်တောက်လာသည့် မျက်ဝန်းလေးကြောင့် မဆိုသလောက် ပြုံးမိသွားသည် ။
" ဒါနဲ့ ကိုကိုလေး ၊ တကာလေးအစား ရှန့်ရှန့်လို့ခေါ်ကြည့်ပါလား ။ နောက်နေ့ကျ
ဖေဖေမြို့ကဝယ်ခဲ့တဲ့ စတော်ဘယ်ရီဆိုတဲ့ အသီးလေးတွေ ယူခဲ့မယ်လေ ။ စတော်ဘယ်ရီက ချိုချဉ်လိုပဲ ချိုချိုချဥ်ချဥ်လေးနဲ့ သိပ်စားကောင်းတာ "
ရှန့်ရှန့်က ကိုရင်လေးကို သူ့လိုပဲထင်မှတ်ကာ လိုချင်တာရဖို့ အစားနဲ့ဆွယ်သည် ။
သို့ပေမဲ့ ကိုရင်လေးကတော့ မျက်ဝန်းညိုလေးတွေရဲ့ မျှော်လင့်တကြီး တောင်းဆိုမှုကို မခံနိုင်စွာနဲ့ ချိုချဉ်ချောင်းလေးကိုင်ထားတဲ့ လက်ချောင်းလေးတွေကို တင်းကြပ်လိုက်မိသည် ။
" ကိုကိုလေးလို့! ရှန့်ရှန့်ပြောတာ နားထောင်နေရဲ့လား "
" အဲ့လိုခေါ်ဖို့က မသင့်တော်ဘူးလေ "
" ဟွန့်!! ကိုကိုလေးကလည်း!! ပြောလိုက်ရင် မသင့်တော်ဘူး မသင့်တော်ဘူး မသင့်တော့ဘူးပဲ ။
" ....... "
" ထားပါ ။ ကိုကိုလေးကို ပြောရဦးမယ် ။ ချန်ချန်ကလေ အခုဆို ဝမ်အိမ်ရှေ့စံရဲ့ အထူးကိုယ်ရံတော်အဖွဲ့ထဲ ပါသွားပြီတဲ့သိလား "
" အင်း... "
" ချန်ချန်ကတော့ မသွားချင်ပါဘူး ။ ဖေဖေကအတင်းလွှတ်လို့သာ ။ ပြိုင်ပွဲဝင်ဖို့ နန်းတွင်းထဲဝင်ရမဲ့နေ့တုန်းက ရှန့်ရှန့်ကို ဖက်ပြီးငိုနေသေးတာ သနားပါတယ်နော် "
" .... "
" မကြာခင် အိမ်ရှေ့စံနန်းတက်ပွဲ လုပ်တော့မှာဆိုတော့ကိုယ်ရံတော် ရွေးပွဲလုပ်တာ ၊ ပြိုင်ကြတဲ့သူတွေ အားလုံးထဲမှာ ချန်ချန်က အတော်ဆုံးတဲ့သိလား ၊ အဟီး တော်တယ်မလား "
" အင်း "
" ဟီးး "
လက်မလေးထောင်ပြကာ သူ့ရှေ့ကို ခေါင်လေးစောင်းပြီးမေးလာတဲ့ ရှန့်ရှန့်က အရင်တိုင်းပဲ ။ သူသဘောကျတာရှိတိုင်း လက်မလေးထောင်ပြပြီး အားပါးတရ ပြောတုန်း ။ တကယ်ကို ကလေးလေးပါပဲ ။
အရွယ်ရောက်လာတာနဲ့အမျှ ဒီကလေးနဲ့ပတ်သတ်ပြီး ကိုရင်ငယ်လေး ခံစားချတ်တွေ ထူးဆန်းလာသည်ကိုတော့ ကိုရင်ငယ်လေး ကောင်းစွာခံစားမိသည် ။ အဖြေမရှာချင်သော ခံစားချတ်များဖြစ်ပေသည် ။ ခေါင်းလေးစောင်းလိုက် ခြေထောက်လေးလှုပ်လိုက်နှင့် ခြေဟန်လက်ဟန်လေးနဲ့ ဖြစ်ကြောင်းကုန်စင်ပြောပြနေတဲ့ ကလေးလေးကိုကြည့်လို့ ကိုရင်ငယ်လေး ပြုံးရသည် ။ ခံစားချတ်တွေမဖြေရှာစရာမလိုပါဘူး ။ သိလိုက်ကာမှ ဝေးရမှာမျိုး ကိုရင်ငယ်လေး မဖြစ်ချင်ပါဘူး ။ အထပ်ထပ်ကာထားတဲ့စည်းတွေကြားမှာ ခံစားချတ်တွေကိုသာ ထည့်မတွက်ရင် ကိုယ်တော်တို့ ဒီလိုလေးလည်း ပျော်ရွှင်လို့ရနေသေးတယ်မဟုတ်လား ။
ထိုနေ့ကလည်း ခါတိုင်းရက်များလိုပဲ ။ ဝတ်ရုံဖြူ နဲ့ သူတော်စင်လေးက ချယ်ရီပင်အောက်က ကျောက်တုံးအကြီးကြီးပေါ်မှာ ထိုင်ပြီး တရားမှတ်သည် ။ အပြာနုရောင်ဝတ်ရုံလေးဝတ်ထားတဲ့ ကောင်ငယ်လေးကတော့ မြေပြင်ပေါ်မှာ တမင်ခွေထိုင်ချပြီး သူတော်စင်လေး တရားမှတ်နေတဲ့ ကျောက်တုံးကြီးကို ကြောင်လေးတစ်ကောင်လို ပျင်းတိပျင်းရွဲနဲ့ မှီပြီး ခပ်လှမ်းလှမ်းက မြင်နေရတဲ့ မင်းနေပြည်တော်ကြီးကို ငေးသည် ။ ကိုရင်လေး တရားမှတ်တဲ့အချိန်ပြည့်သွားရင်တော့ စာကလေးပေါက်လေးလို တတွတ်တွတ်နဲ့ စကားတွေ ပြောတော့သည် ။
" လှလိုက်တာနော် ။ တစ်ခါလောက်တော့ ချန်ချန်ရှိတဲ့ အဲ့နန်းတော်လှလှကြီးကို ရောက်ဖူးလိုက်ချင်တယ် "
ချိုချဉ်လေးကို ကိုက်လို့ မချိတင်ကဲ ရေရွတ်သံလေးအဆုံးမှာ သူတော်စင်လေးက မျက်လုံးဖွင့်ကာ တရားဖြုတ်ပြီး ရှန့်ရှန်ရှိတဲ့ဘက်ကို လှည့်ကြည့်လာသည် ။
"အယ်.. ကိုကိုလေးတရားမှတ်လို့ပြီးပြီလား အဟီး..ရှန့်ရှန့်ကပျင်းနေတာရယ် "
" အင်း "
" ဒါနဲ့လေ ကိုကိုလေးကို ပြောရဦးမယ်~~~ "
သူတော်စင်လေး တရားမှတ်လို့ပြီးပြီဆိုတာနဲ့ ရှန့်ရှန့်က ဘေးကနေ ငှက်ပုစိလေးတွေလို နှုတ်သီးလေး တချွန်ချွန်နဲ့ စကားတွေကို ကျတ်ထားသည့်အတိုင်း မမောနိုင်း မပန်းနိုင်နဲ့ တတွတ်တွတ်လိုက်ပြောပါတော့သည် ။
အိမ်တော်မှာမွေးထားတဲ့ ကြောင်လေးတွေအကြောင်းက စလို့ အစေခံတွေထဲကသမီးရည်းစားအတွဲကို လိုက်ချောင်းတဲ့အထိ ခရေစေ့တွင်းကျ ပြောပြသည် ။ သူတော်စင်လေးမှာတော့ သူပြောသမျှ ခေါင်းလည်းမညိတ်နိုင်တော့သလို ပြန်လည်းမဖြေနိုင်တော့ပါ ။ ဘေးနားကနေကြည့်နေရုံသာတတ်နိုင်တော့သည် ။
ဒီလိုနဲ့ပဲ တစ်နေ့တာက ကုန်မှန်းမသိ ကုန်သွားခဲ့သည် ။ နေစောင်းတာနဲ့ ရှန့်ရှန့်က ထုံစံအတိုင်း ကိုရင်လေးကို မပြီးဆုံးနိုင်တဲ့ နှုတ်ဆက်စကား အရှည်ကြီးပြောပြီး တာ့တာပြကာ လှည့်ပြေးပြန်သွားသည် ။
ရှန့်ရှန့်ဘယ်လောက်ပဲ တီတီတာတာတွေပြောပြော သူတော်စင်လေးလန်ဝမ်ကျီးကတော့ ' အင်း ' တစ်လုံးတည်းနဲ့သာ နိဂုံးချုပ်ပါသည်။
ရေပြင်လို အတက်အကျမရှိတဲ့ မျက်ဝန်းပြာလေးတွေက ညနေစောင်းတိုင်း ထွက်ခွာသွားတဲ့ ကျောပြင်ငယ်လေးကိုတော့မျက်စိတစ်ဆုံး ခပ်ဆွေးဆွေး ငေးကြည့်မိနေတတ်သည် ။ ဝမ်းနည်းရောင်သမ်းနေတဲ့ မျက်ဝန်းရိပ်တို့ရဲ့အဖြေကိုတော့
သူတော်စင်လေးဟာ သူတော်စင်တို့ပီသစွာဖြင့် လျစ်လျူရှုပြန်ပါသည် ။
______________
Thanks for reading 🖤