အခန်း (၁၄)
ညစာ စားဖြစ်ကြတော့ အိမ်က ထမင်းစားပွဲမှာ လူစုံနေသည်။ ဦးရာပြည့်ငြိမ်း၊ ဒေါ်ရာစုပြည့်၊ ဒေါ်လုံးလုံးတို့အပြင် မြတ်ဋီကာပါ ရှိနေ၏။
အလုပ်ကိစ္စတွေနဲ့ ရှုပ်ထွေးနေတတ်ကြသော တူဝရီးနှစ်ယောက်က မိသားစု ထမင်းစားချိန်တိုင်း ဆုံဖြစ်ဖို့ဆိုတာ မလွယ်ပါ။
"ငြိမ်း ..."
ထမင်းစားနေရင်းနဲ့ ဒေါ်ရာစုပြည့်က မောင်ဖြစ်သူကို ခေါ်လိုက်သည်။
"ဗျာ .. ဘာလဲ မမ ..."
"မန္တလေးက သင်းလဲ့အေးတို့ မင်္ဂလာဆောင်ကို သဘက်ခါသွားရမှာနော် ...မင်းသတိရတယ်မို့လား ..."
"ရပါတယ် မမရဲ့ ...အဲဒီကို သွားဖို့ ကျွန်တော့်အလုပ်ကိစ္စတွေတောင်မှ အချိန်ရအောင် လုပ်ထားသေးတယ် ..."
"အင်း သတိရရင် ပြီးတာပါပဲ ...မေ့နေမှာစိုးလို့ သတိပေးတာ ...ဒါနဲ့ ကိုဆေးလေးရော အားရဲ့လား... သူဘာပြောသေးလဲ ...မင်္ဂလာဆောင်ကို လိုက်ဖို့ ..."
ဆေးရဲ့ နာမည်ပါလာ၍ ဋီကာ့အကြည့်က မေမေ့ထံ ရောက်သွားရသည်။
"သူလိုက်မှာပါ ...ကျွန်တော့်ကို ပြောတယ် ...အလုပ်ကနေ ခွင့်သုံးရက်လောက်တော့ ယူရမှာပေါ့ ..."
"ဪ လိုက်ဖြစ်တယ်ဆိုရင် ပြီးတာပါပဲ ...သင်းလဲ့အေးတို့ မောင်နှမတွေက ကိုဆေးလေးကို လာစေချင်လွန်းလို့ ဖိတ်ထားကြတာ ..."
"ဘာလဲ ကိုကိုကပါ မင်္ဂလာဆောင်လိုက်မလို့လား ..."
"ဟုတ်တယ် သား ...ဘာဖြစ်လို့လဲ ..."
"သူက ဘယ်လိုက ဘယ်လို မန္တလေးက ကျွန်တော်တို့ အမျိုးတွေနဲ့ ဆက်စပ်သွားတာလဲ ..."
မန္တလေးမှာ နေကြသည့် ဆွေမျိုးနီးစပ် တစ်ယောက် မင်္ဂလာဆောင်မဲ့ ကိစ္စမှာ ကိုဆေးက ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ပတ်သက်နေသည်လဲ။
"ဪ ဒီလိုလေ ...ပြီးခဲ့တဲ့နှစ်က အမေနဲ့ ငြိမ်းတို့ မန္တလေးကို ဘုရားဖူးသွားရင်း သူတို့ဆီ အလည်သွားဖြစ်သေးတယ် ...ငြိမ်းက ကိုဆေးကိုပါ ခေါ်လာခဲ့တာလေ ..."
"အန်ကယ်လေးက ဘာလို့ ခေါ်သွားတာလဲ ...ကိုယ့်အမျိုးတွေဆီ သွားလည်တာကို သူစိမ်းတစ်ယောက်ကို ခေါ်သွားတာလား ..."
ဋီကာ မေးလိုက်ပုံကြောင့် ဦးလေးဖြစ်သူရဲ့ အကြည့်က သူ့ထံရောက်လာသည်။
"ငယ်လေးက မန္တလေးကို မရောက်ဖူးလို့ ဘုရားဖူးအလည် ငါခေါ်သွားတာလေ ...ပြီးတော့ ငါတို့အတွက် ငယ်လေးက သူစိမ်းမှမဟုတ်တာ ..."
ထမင်းစားနေရင်းနဲ့ တူဝရီးနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေမိကြပြန်သည်။
သူစိမ်းမဟုတ်ဘူးဆိုတဲ့ စကားက ဘာလဲ။
အိမ်သားတစ်ယောက်အဖြစ် သတ်မှတ်ထားလို့လား။ ဋီကာ ပြန်မေးလိုက်ချင်ပေမဲ့ မမေးဖြစ်တော့ပေ။
"အဲဒီတုန်းက မန္တလေးမှာ နှစ်ရက်လောက်နေခဲ့တာ ...သင်းလဲ့အေးတို့ မောင်နှမသုံးယောက်ရော သားအဒေါ်တို့ လင်မယားကပါ ကိုဆေးကို တော်တော်ခင်ကြတယ် ...ကိုဆေးက လိမ္မာရေးခြားလည်း ရှိတယ် အေးလည်းအေးတယ်လေ ...အခု သင်းလဲ့အေး မင်္ဂလာဆောင်တော့ ကိုဆေးကိုပါ ဖိတ်ခိုင်းထားတာ ..."
သင်းလဲ့အေးတို့ မောင်နှမတွေ ဆိုတာက မန္တလေးမှာ နေကြသည့် မေမေတို့ အန်ကယ်လေးတို့ရဲ့ ဝမ်းကွဲအစ်မမှ မွေးသော သားသမီးတွေဖြစ်သည်။ ဋီကာနဲ့ဆိုရင်တော့ မောင်နှမဝမ်းကွဲတွေ တော်စပ်သည်ဟု ပြောရမည်။
"အင်းပေါ့ ကိုကိုက မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ဆုပြည့်နေတာကိုး ...ဘယ်သွားသွား သူ့ကို မချစ်တဲ့သူ မခင်တဲ့သူဆိုတာ မရှိဘူး ..."
ထမင်းတစ်လုတ်ကို ပါးစပ်ထဲ ထည့်လိုက်ရင်း ဋီကာက ပြောလိုက်သည်။ ဋီကာ့ကို အန်ကယ်လေးက လှမ်းကြည့်နေသည်။ ဋီကာသိပေမဲ့ မသိချင်ယောင်ဆောင်နေလိုက်၏။ ဒီစကားက လိမ်ညာခြင်း မရှိသော စကား။ ရွဲ့စောင်းပြောခြင်း မရှိသောစကား။
"ဟုတ်တယ် ဆေးလေးက တကယ်စိတ်ရင်းကောင်းတဲ့ ကောင်လေး ...အရမ်းလည်း အေးတယ် ...အလုံးလည်း သူ့ကို ချစ်တယ် ..."
လုံးလုံးကလည်း ဆေးနဲ့ ပတ်သက်ပြီး မှတ်ချက်ဝင်ပေးနေသည်။
"ဋီကာ ..."
"ဗျာ မေမေ ..."
"မင်းက ကိုဆေးကို ဒီလိုမျိုးမြင်နေပြီဆိုတော့ ကိုဆေးနဲ့ အခြေအနေက ဘယ်လိုလဲ ..."
"ဘာကိုမေးတာလဲ မေမေ ..."
ဆေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားကြောင်း သူပြောခဲ့တဲ့ အကြောင်းအရာတွေအား အန်ကယ်လေးကတော့ မေမေ့ကို ပြန်ပြောမှာ မဟုတ်နိုင်ပါ။ တူဝရီးနှစ်ယောက်ကြား ဘယ်သူ့ဘက်ပါရမှန်း မသိဘဲ စိတ်ရှုပ်နေရမဲ့ မေမေ့အတွက် စဉ်းစားပြီး အန်ကယ်လေးတစ်ယောက် ရေငုံနှုတ်ပိတ်နေနိုင်ပါသည်။
"မင်းနဲ့ ကိုဆေး ရင်းနှီးပြီး ခင်သွားကြပြီလားလို့ မေးတာ ...ဟိုးတလောတုန်းက မင်း သူနဲ့ မိတ်ဖွဲ့နေခဲ့တာလေ ..."
အလှူနေ့က ကိစ္စကို မေမေက ပြောနေခြင်းပါ။
"ရင်းနှီးတာပေါ့ တအားရင်းနှီးနေပြီ ...ကိုကိုက တကယ်ခင်ဖို့ကောင်းတယ် ..."
အန်ကယ်လေး မျက်နှာကို လှမ်းကြည့်လိုက်တော့ သူ့ကို ပြန်ကြည့်နေတဲ့ မျက်ဝန်းတွေနဲ့ သွားဆုံသည်။ ဋီကာ ပြုံးပြလိုက်မိသည်။
ဒါပေမဲ့ နှစ်လိုဖွယ်ရာတော့ ကောင်းမနေခဲ့။
"အဲဒါဆို ငြိမ်းနဲ့ ကိုဆေးကို သားက သဘောတူပြီပေါ့ ..."
မေမေ့ရဲ့ ရုတ်တရက် ထပြောလာတဲ့ စကားကြောင့် ဋီကာ့အပြုံးတွေ ထွက်ပြေးသွားလေသည်။
"ဘာဆိုင်လို့လဲ ..."
"ကိုဆေးကို အစက သားသဘောမကျဘူးမို့လား ...အခု ခင်နေပြီ ရင်းနှီးနေပြီဆို ...အဲဒါဆိုရင် ဒီအိမ်ရဲ့ မိသားစုဝင်ဖြစ်လာဖို့ ကြည်ဖြူနိုင်တယ်လို့ ယူဆလို့ မရဘူးလား ..."
မေမေ့ စကားက သူ့ကို အမူအရာတွေ ပျက်သွားအောင် လုပ်နိုင်သည်။ အခုတော့ ပြုံးကြည့်နေနိုင်သူက အန်ကယ်လေး ဖြစ်သွားခဲ့သည်။
"မရဘူး ...ကျွန်တော်နဲ့သူ ခင်မင်ရင်းနှီးသွားတာနဲ့ပဲ သူက ဒီမိသားစုဝင် ဖြစ်လာလို့ ရပြီတဲ့လား ...မဆိုင်လိုက်တာ ..."
"ဆိုင်ချင်လည်း ဆိုင်လာနိုင်တာပဲ ...ငယ်လေးသာ ခေါင်းညိတ်လိုက်ရင် ဖြစ်တယ် ..."
ဘယ်နှကြိမ်မြောက်မှန်း မသိသော အကြည့်တွေက တူဝရီးနှစ်ယောက် ထပ်ဆုံသွားပြန်သည်။
"ခေါင်းညိတ်လိုက်ရင် ကောင်းမယ် ...ဆေးလေးနဲ့သာဆိုရင် အလုံးလည်း သဘောတူတယ် ..."
အန်ကယ်လေးက ဆေးဆီကနေ အဖြေစောင့်နေတဲ့ အကြောင်းအား အိမ်ရှိလူကုန် အကုန်သိနေပြီးသား ကိစ္စပင်။ ဒေါ်လုံးလုံးကအစ ဆေးနဲ့ အန်ကယ်လေး Team ဖြစ်နေတော့သည်။
"ကိုဆေးက ငြိမ်းကို သံယောဇဉ်တော့ ရှိမှာပါ ရင်းနှီးလာတဲ့ အချိန်တွေက ၁နှစ် ၂နှစ်လေးမှ မဟုတ်တာဘဲ ...သူခေါင်းညိတ်လာနိုင်တယ် ...ငါ့မောင် ပျော်ရမှာပါ ..."
မေမေတို့က သဘောတူကြည်ဖြူ၍ ပြုံးနေသည်။ ဒီထမင်းစားပွဲမှာ သုံးယောက်က ပြုံးပျော်နေပြီး ဋီကာတစ်ယောက်ပဲ အရယ်အပြုံးမဲ့နေလျက်။
"သံယောဇဉ်ရှိရုံနဲ့ လက်ထပ်ရမှာတဲ့လား ...ဒါက ဘယ်လိုတောင် ယုတ္တိမရှိတာမျိုးလဲ ..."
ဘယ်သူ့ကိုမှ မကြည့်ဘဲ ထမင်းစားရင်း ပြောလိုက်တဲ့စကား။
သူ့ထံကို လူသုံးယောက်ရဲ့ အကြည့်တွေက ရောက်လာခဲ့တော့သည်။
"လက်ထပ်ဖို့အတွက် ငြိမ်းလိုလူက အစစ အရာရာ ပြည့်စုံနေတဲ့ သူပဲလေ...ပြီးတော့ အဓိကက ငြိမ်းက သူ့ကိုချစ်တယ်ဆိုတာ ကိုဆေးလေး ကောင်းကောင်းနားလည်တယ် ...လူတစ်ယောက်ကို လက်ထပ်ဖို့က ဒီအချက်တွေ ပြည့်စုံနေရင် တော်ရုံဘယ်လို ငြင်းဆန်နိုင်မှာတဲ့လဲ ..."
မေမေက တကယ့်ကို အန်ကယ်လေးရဲ့ ရှေ့နေပါပဲ။
"အချစ်ကရော မလိုတော့ဘူးတဲ့လား ...အန်ကယ်လေးကပဲ ချစ်နေတာကို ပြောတာ မဟုတ်ဘူးနော် ...ကိုကို့ဘက်က အချစ်ကိုပြောတာ ..."
ထမင်းစားလို့ ပြီးသွားပေမဲ့ ဋီကာ မထဖြစ်ဘဲ မေးခွန်းထုတ်နေသည်။
"သံယောဇဉ်တွေကနေလည်း အချစ်တွေ ဖြစ်လာနိုင်တာပဲ ...လက်ထပ်ပြီးသွားရင် ..."
ဋီကာ့ကို ကြည့်ပြီး အန်ကယ်လေးက ပြောသည်။
"အင်း မဆိုးပါဘူး နားထောင်လို့တော့ ကောင်းတယ် ...ဒါပေမဲ့ သိလား ..."
သိလားလို့ ပြောပြီး လူကတော့ မတ်တပ်ထရပ်လိုက်လေပြီ။
"အခုပြောနေတာက ယောက်ျားတစ်ယောက်နဲ့ ယောက်ျားတစ်ယောက် လက်ထပ်မဲ့ အကြောင်းအရာနော် ...မိန်းမတစ်ယောက်နဲ့ ယောက်ျားတစ်ယောက် လက်ထပ်မှာ မဟုတ်ဘူး ...အစီအစဉ်တွေက တအားလွယ်ကူ ပေါ့ပါးပြီး ပြောနေကြသလားလို့... အိမ်ကလူတွေကို သတိပေးတာပါ ..."
ပြောလိုက်တဲ့ စကားက ထိုင်နေတဲ့ သုံးယောက်ကို ခဏတော့ ဆွံ့အသွားစေသည်။ ဋီကာက လှည့်ထွက်သွားမည်အပြု ...
"ဒါဆိုရင် ဘာတွေက ခက်ခဲနေနိုင်လဲ ..."
အန်ကယ်လေး မေးလိုက်တော့ သူပြန်လှည့်ကြည့်လိုက်မိသည်။
"နှစ်ဦးနှစ်ဖက်က ပတ်ဝန်းကျင်တွေကိုလည်း ထည့်တွက်သင့်တာပေါ့ ...ယောက်ျားလေးချင်း ယူလိုက်လို့ ပတ်ဝန်းကျင်က ဝေဖန်ပြောဆိုတဲ့ ဒဏ်တွေကို အန်ကယ်လေးခံနိုင်လို့လား ...
ထားပါ အဲ့ဒါ ...အန်ကယ်လေးက ခံနိုင်တယ်ထားဦး...
ကိုကို့ဘက်ကိုရော ထည့်တွေးမိရဲ့လား ...ကိုကို့ ပတ်ဝန်းကျင်လေးက သာမန်ရိုးကျ သေးသေးလေးနဲ့ ကျဉ်းကျဉ်းလေးနော် ...သူရင်ဆိုင်နိုင်ပါ့မလား ..."
ဆေးဘက်ကနေ အများကြီး ထည့်တွေးပြီး ပြောနေတဲ့ ဋီကာ့ကို အားလုံးငေးကြည့်နေမိသည်။ ဦးလေးဖြစ်သူနဲ့ လက်မထပ်စေချင်လို့ ပြောနေတာလည်း ပါသလို ဆေးဘက်ကိုလည်း အများကြီးကြည့်ပေးတဲ့ သဘောမျိုး သက်ရောက်သည်။
"ကိုကို့ကို အရင်သေချာအောင် မေးလိုက်ပါဦး ...သံယောဇဉ်တွေ လက်ထပ်ဖို့တွေက နောက်မှလုပ်ရမှာ မဟုတ်ဘူးလား ...တစ်ဖက်သတ်ကြီး သေချာနေကြလို့ မဖြစ်ဘူးလေ ..."
လူကြီးတွေကို သတိပေး စကားလိုလို ပြောသွားပြီး ဋီကာက အခန်းထဲက ထွက်သွားတော့သည်။
"သူ ကိုဆေးကို တကယ် ခင်တွယ်နေတာ ထင်တယ် ...ကိုဆေးအတွက်တောင် ထည့်စဉ်းစားပေးနေတယ် ..."
အစ်မဖြစ်သူ စကားကို ရာပြည့်ငြိမ်း မတုံ့ပြန်မိပါ။ ဒါပေမဲ့ စိတ်ထဲမှာတော့ ...
"မမသားက ဆေးကို ကြိုက်နေတာကိုး ...အဖက်ဖက်ကနေ သူတွေးနေမှာပေါ့ ..."
စိတ်ထဲက စကားက စိတ်ထဲမှာပင် ထားသည်။ အပြင်ထုတ်ဖော်ရန် မသင့်သေးပေ။ တစ်သက်နဲ့တစ်ကိုယ် ထင်မထားသော ကိစ္စက သူ့တူ မြတ်ဋီကာလိုလူသည် ယောက်ျားလေး တစ်ယောက်ကို စိတ်ဝင်စားနေခြင်းပါပဲ။
ဂေးဖြစ်တဲ့ ဦးလေးဖြစ်သူနဲ့ အနေနီးလို့ ယောက်ျားလေးချင်း စိတ်ဝင်စားပါတယ်လို့ ပြောရအောင်ကလည်း ဒါက ကူးစက်ရောဂါ တစ်ခုလည်းမဟုတ်။ တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုးလို့ ပြောရအောင်ကလည်း ဂေးတယ်ဆိုတာ အနေနီးတိုင်း အကျင့်တွေ ကူးစက်တတ်တာမျိုးမဟုတ်။
ယောက်ျားလေးချင်း စိတ်ယိုင်ရလောက်တဲ့ ဆေးရဲ့ ရုပ်ရည်လေးကြောင့်ဟုပင် ရာပြည့်ငြိမ်းကတော့ ထင်မှတ်ထားမိသည်။ ဘာလို့ဆို သူ့တူက တကယ့် အချောအလှတွေကိုမှ သဘောကျတတ်တဲ့သူ မဟုတ်လား။ ဒါကြောင့်ပဲ ဖြစ်ပါလိမ့်မည်။
ရုပ်ရည်မှာ ခဏတာ သာယာနေတာမျိုး ဖြစ်နိုင်တာမို့ အချိန်တန်ရင် စိတ်ဝင်စားမှုတွေ လျော့သွားနိုင်လိမ့်မည်။ ယောက်ျားလေးချင်း ဖြစ်နေတဲ့ အချက်တစ်ခုထဲနဲ့တင် မြတ်ဋီကာတို့ ရှေ့ဆက်၍ ထပ်တိုးမှာ မဟုတ်လောက်ပေ။ ဒါက ရာပြည့်ငြိမ်း အတွေးပင်။
********************************
မြတ်ဋီကာ အလုပ်အားလပ်၍ အချိန်ရလျင် ဆေးရဲ့ အလုပ်ပြန်ချိန်ကို ရောက်လာတတ်သည်။ မနက်ပိုင်း အလုပ်လာချိန် သွားကြိုပို့ဖို့ မဖြစ်နိုင်တာမို့ အလုပ်ပြန်ချိန်တော့ အချိန်လုပြီး လိုက်ပို့ဖြစ်သည်။
လူချင်းမတွေ့ရလျင် ဖုန်းပြော မက်ဆေ့ပို့တော့ လုပ်လေ့ရှိသည်။ အဆက်အသွယ်မပြတ် ရှိနေတဲ့ သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုက အရင်ကထက်တော့ ပိုရင်းနှီးလာပါ၏။
ဒီနေ့လည်း အချိန်ရ၍ ဆေးဆီကို ရောက်လာခဲ့သည်။ အလုပ်ပြန်ချိန်မို့ ကားမှတ်တိုင်ကနေပဲ ဋီကာစောင့်နေမိပါသည်။ သူရောက်ပြီး ခဏနေတော့ ဆေးလည်း မှတ်တိုင်ကို ရောက်လာ၏။ သူ့ကိုမြင်တော့ ဆေးက ပြုံးပြသည်။ ကြည်စင်တဲ့ ထိုအပြုံးတွေဟာ နှစ်လိုဖွယ်ရာ ကောင်းနေသည်။ ဆေးဆိုတဲ့သူက ရုပ်ရည်လေးပဲ ချောမောနေသည် မဟုတ်။ ပြုမူလိုက်တဲ့ အမူအရာလေးတိုင်းက ငေးကြည့်ချင်စဖွယ် ပန်းချီကားချပ်လေးလိုပင်။
"လက်ထဲမှာလည်း ထီးကြီးနဲ့ပါလား ဋီကာ ..."
ထီးအရှည် တစ်ချောင်းကို ကိုင်၍ ရပ်နေသော ဋီကာ့ကို ကြည့်ပြီး ဆေးက မေးလိုက်တာပါ။
"ကောင်းကင်ကို ကြည့်လိုက်ဦး အခြေအနေမကောင်းဘူးလေ ...အဲဒါကြောင့် ကားထဲက ထီးကို လိုရမယ်ရ ယူလာခဲ့တာ ..."
မှန်သည်။ ညနေခင်း ကောင်းကင်က ညိုမဲ၍ တက်လာသည်။ မကြာခင် မိုးက အရှိန်ကောင်းကောင်းနဲ့ ရွာချလာနိုင်သည်။
"ကိုကို ထီးပါလား ..."
"မပါဘူး ..."
"အင်း နှစ်ယောက်မှာ တစ်ချောင်းပါတော့ အဆင်ပြေတာပဲ ...လုံးဝ မပါတာထက်စာရင်တော့ တော်သေးတာပေါ့ ..."
မြတ်ဋီကာက စကားပြောရင်းနဲ့ ပြုံးနေသည်။ ဆေးက သူ့ရဲ့ အပြုံးတွေကို ကြည့်ရင်း တွေးမိသွားရ၏။
စတွေ့ခဲ့ကြတုန်းကလို မဟုတ်။ မြတ်ဋီကာရဲ့ ဆက်ဆံရေးတွေက သူ့အပေါ်မှာ ပို၍နူးညံ့လာခဲ့သည်။ သူ့အတိတ်တွေကို သိလိုက်ရလို့ မြတ်ဋီကာ တစ်ယောက် သနားနေတာလည်း ဖြစ်နိုင်သည်။ သနားသဖြင့် ခင်တွယ်နေခြင်းမျိုး။
"ကိုကို ဘာလို့ ကျွန်တော့်ကို ကြည့်နေတာလဲ ...ကျွန်တော် ချောလို့လား ..."
"မင်းချောတာတော့ မှန်ပေမဲ့ ချောလို့ ကြည့်နေတာတော့ မဟုတ်ဘူး ...ငါတွေးနေတာ ..."
"ဘာတွေးနေတာလဲ ..."
"ငါ့ကို ဘာလို့ ခဏခဏ အိမ်ပြန်လိုက်ပို့နေရတာလဲ ..."
မေးခွန်းက မေးသင့်တဲ့ မေးခွန်းပင်။ ဒါပေမဲ့ ဖြေရခက်စေသော မေးခွန်းလည်း ဖြစ်နေသည်။ ဟိန်းဇေသော်ကလည်း သူ့ကို ဒီလိုမေးခွန်းမျိုး မေးလာခဲ့သေးသည်။
"မင်း အစ်ကိုဆေးကို မကြိုက်ဘူး စိတ်မဝင်စားဘူးလည်း ဆိုသေးတယ် ...ဘာလို့ သူ့ကို အကြိုအပို့လုပ်ပြီး သူ့ဆီ ခဏခဏ သွားတွေ့နေရတာလဲ ...တကယ်ဆို သူ့အတိတ်တွေကို သိလိုက်ရလို့ သနားပြီး ခင်တွယ်ချင်စိတ် ဖြစ်သွားတယ်ထားဦး... ဒါက ဖြစ်ရိုးဖြစ်စဉ်ပဲ ...
ငါလည်း သူ့အပေါ် ဒီလိုခံစားရတယ် ...တခြားသူတွေလည်း အများစုက ဒီလိုခံစားမိကြမှာပဲ ...
သူ့ကို မကြာခဏ သွားတွေ့ပြီး သူ့နောက် တကောက်ကောက် လိုက်နေတာမျိုးကျတော့ ဒါက လုပ်ရိုးလုပ်စဉ် တစ်ခုမဟုတ်တော့ဘူး ...
ကိုယ်ချစ်ကြိုက်နေတဲ့ လူတစ်ယောက်နောက်ကို လိုက်ကပ်နေတာမျိုးနဲ့ တူနေပြီ ..."
"ငါက သူ့ကို သနားပြီး ခင်တွယ်မိသွားတာပဲ ရှိတယ် အဲ့ထက်မပိုဘူး ...အကြိုအပို့ လုပ်တာကလည်း ငါစိတ်မချလို့ သူ့ကို ..."
"ဘာကို စိတ်မချတာလဲ ..."
"သူ့ရုပ်ရည်က အန္တရာယ်ကို ဖိတ်ခေါ်နေသလို ဖြစ်နေတယ်...ယောက်ျားလေးဖြစ်ပြီး မိန်းကလေးတစ်ယောက်လို ချောလှနေတာက အဓိကပြဿနာပဲ ..."
"အဲဒီတော့ ..."
"သူဘယ်လောက်ပဲ သန်မာချင်ယောင် ဆောင်နေနေ အားပျော့တဲ့ ယောက်ျားလေးထဲမှာပါတယ် ...လက်သီးတစ်ချက် နှစ်ချက် ထိုးတတ်ရုံလေး ...ကိုယ်ခံပညာကို အခြေခံလောက်ပဲ တတ်ထားတဲ့သူက ဘယ်လိုလုပ် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မှာလဲ ...
သူ့ထက် အင်အားကြီးတဲ့ သူတွေနဲ့ တွေ့ရင် ဘယ်လိုမှ မနိုင်ဘူး ...ပြီးတော့ ကိုဆေးက အရမ်း အားနာတတ်တယ် အယုံလွယ်တတ်တယ် ...ငါသူ့ကို ဆေးခတ်ခဲ့ဖူးသလို အရက်တွေလည်း မူးအောင် တိုက်ခဲ့ဖူးတယ် ...
အဲဒါတွေကိုပဲကြည့် ...သူက ဉာဏ်များတဲ့ မုဆိုးတွေနဲ့တွေ့ရင် အလွယ်လေး အဖမ်းခံရမဲ့ သားကောင်ငယ်လေးလိုပဲ ..."
"အဲဒါတွေကြောင့် မင်းက သူ့ကို စိတ်မချဖြစ်ပြီး လိုက်စောင့်ရှောက်ပေးတယ်ပေါ့ ဒီလိုလား ..."
"အဲဒီသဘော ဆင်တူတယ် ..."
"ဒီမှာ ..ငါပြောမယ် ဋီကာ ...လောကကြီးမှာ လူကောင်းတွေကြီးပဲ ရှိနေတာ မဟုတ်မှန်း သိပေမဲ့ လူဆိုးတွေကတော့ နေရာတကာမှာ ပေါ်မလာတတ်ပါဘူးကွာ ..."
"မင်း ဘာပြောချင်တာလဲ ..."
"ငါပြောတာ ရှင်းရှင်းလေးပဲ ...လူကောင်းလူဆိုးတွေ ရှိနေတဲ့ ကမ္ဘာဆိုပေမဲ့ အမြဲတမ်း ဘဝတစ်လျောက်လုံး လူဆိုးတွေနဲ့ကြီးပဲ ဆုံနေရမှာမျိုး မဟုတ်ဘူးလေ ...အဲဒီတော့ အမြဲတမ်း လိုက်ပါစောင့်ရှောက်နေဖို့ မလိုအပ်ဘူးလို့ ပြောချင်တာ ...
ပြီးတော့ ကိုဆေးက ငါတို့ထက်တောင် အရွယ်ရောက်နေပြီးသား ယောက်ျားလေးတစ်ယောက်ပဲ ...ဒီအသက်အရွယ်အထိ သူနေထိုင်လာတာ သူ့အန္တရာယ် သူကာကွယ်နိုင်မှာပါ ...
ကလေးငယ်လေးလို ရင်ခွင်ပိုက်ပြီး လိုက်ကာကွယ်ပေးနေဖို့ မကြိုးစားနဲ့ ...ကြာရင် မင်းသူနဲ့ ငြိလိမ့်မယ် ..."
"ဘာငြိတာလဲ ..."
"သံယောဇဉ်တွေ တွယ်ကုန်ပြီး ဖြတ်မရ ပြုမရနဲ့ ငြိတွယ်ကုန်မယ် ...ချစ်မိသွားမယ် ...ဒါကို ပြောချင်တာဟေ့ သိပြီလား ..."
"ငါ ယောက်ျားလေးတွေကို စိတ်မဝင်စားဘူး ..."
"Straight တွေလည်း ကွေးသွားတတ်ကြောင်း ပုံပြင်တွေ ဒဏ္ဍာရီတွေရှိတယ် ...မင်းလေ့လာလို့ ရအောင် ငါစုဆောင်းပေးရဦးမလား ..."
"ပုံပြင်တွေ ဒဏ္ဍာရီတွေဆိုတာ အကုန်စိတ်ကူးယဉ်တွေပဲလေ ...တကယ်မှ မဟုတ်တာ ..."
"စိတ်ကူးယဉ်ဆိုတာ တကယ့်လက်တွေ့ အဖြစ်အပျက်တွေကိုပဲ အခြေခံထားတာတွေကြီးပဲ ...အခြေခံအုတ်မြစ် မရှိဘဲ ဘယ်အရာမှ ဖန်တီးလို့မရဘူး ..."
"ပြောပါဦး အဲဒီတော့ ..."
"ငါတို့ အလုပ်လိုပေါ့ ...အိမ်တစ်လုံး အဆောက်အဦးတစ်လုံး တည်ဆောက်ဖို့အတွက် အရင်ဆုံး ဖြစ်နိုင်ချေ အရပ်ရပ်ကို ထည့်သွင်းစဉ်းစားထားတဲ့ အကြမ်းထည် ဒီဇိုင်းတွေ ရှိရမယ် ...
အဆောက်အအုံတစ်ခုမှာ ငလျင်ဒဏ်ခံနိုင်ဖို့ မီးဘေးဒဏ်အတွက် ကြိုတင်ပြင်ဆင် ထည့်သွင်းဖို့ လေအဝင်အထွက်ကောင်းဖို့ အသုံးပြုသူတွေ နေထိုင်ရ အဆင်ပြေအောင် တခြားအသေးအမွှားတွေကအစ လိုက်စဉ်းစား ထည့်တွက်ပြီးမှ ပုံကြမ်းကို ဆွဲရတာ ...
ပြီးရင် ပုံစံငယ်တွေလာမယ် ...ပြီးရင် အင်ယာအဖွဲ့နဲ့ ဆောက်လုပ်ရေးလုပ်သားတွေ ပူးပေါင်းပြီး အဆောက်အအုံတစ်လုံးကို အတူတကွ ဖန်တီးကြတယ် ..."
(A/N_အင်ယာဆိုတာ အင်ဂျင်နီယာတွေကို အတိုကောက်ခေါ်တဲ့ အသုံးအနှုန်းပါ။)
"အင်း ..."
"ဒီလိုပဲလေ လူတစ်ယောက်ကို ချစ်မိသွားဖို့ဆိုတာ ခင်တွယ်မှုရယ်...တစ်ယောက်ရဲ့စိတ်ကို တစ်ယောက်က နားလည်နိုင်မှုရယ် ...သံယောဇဉ် အတိုင်းအတာရယ် ...အားလုံး အားလုံး တစ်ဆင့်ပြီး တစ်ဆင့်လာတာ ...အဲ့ဒါတွေ မင်းသိမှာပါ ...
မြတ်ဋီကာဆိုတာ လူညံ့မှမဟုတ်တာ ...မင်းကိုယ်မင်း သေချာ စဉ်းစားချင့်ချိန်ကြည့်ဦး ...မင်းဘယ်ခြေလှမ်း လှမ်းနေသလဲ ဆိုတာကို ..."
ဟိန်းဇေသော်ကတော့ သူ့ကို အကြီးကြီး စဉ်းစားဖို့ အကြံပြုနေခဲ့သည်။
သူကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးခဲ့မိသည်။ ငါဘယ်ခြေလှမ်းတွေ လှမ်းနေမိပြီလဲ။
"မြတ်ဋီကာ ..."
"ဗျာ ..."
ဆေးရဲ့ ခေါ်သံကြားတော့မှ သူပြန်ထူးမိသည်။
"ငါမေးတာ ဖြေဦးလေ ...ဘာလို့ အိမ်ကိုခဏခဏ ပြန်လိုက်ပို့နေရတာလဲလို့ ..."
"ကိုကိုက ဘယ်လိုထင်လို့လဲ ..."
မျက်ဝန်းတွေကို ငေးကြည့်ရင်း သေချာမေးနေသည်။ ဒီနေ့ကျမှ စောင့်နေရတဲ့ YBSကလည်း မလာနိုင်တော့ပေ။ ကြာသည်ဟု ထင်မိ၏။
"မင်းငါ့ကို လိုက်နေတာ ငါသိတယ် ...ဒါပေမဲ့ ဒီအခြေအနေကို ရပ်လိုက်ကြရအောင် ...ငါတို့ ညီအစ်ကို သူငယ်ချင်းတွေလိုပဲ ခင်မင်ကြတာပေါ့ ...ငါ့ကို ခဏခဏ အိမ်ပြန်လိုက်ပို့တာတွေ မလုပ်ပါနဲ့တော့ ဋီကာ ..."
အန်ကယ်လေးနဲ့ ကွဲစေချင်တုန်းက ပြောခဲ့တဲ့စကားတွေကို ဆေးက အတည်ဟု မှတ်ထင်နေဆဲ။ မြတ်ဋီကာက သူ့ကို စိတ်ဝင်စားနေသည်ဟု ဆေးက အခုထိ တွေးထားပုံရသည်။ ဒါကြောင့် ဒီလိုစကားတွေ ထွက်လာခြင်းပါပဲ။
"ဂျိမ်း ..."
ရုတ်တရက် ကောင်းကင်မှာ မိုးခြိမ်းသံ အချို့ထွက်ပေါ်လာခဲ့သည်။ လျှပ်စီးကြောင်း အချို့လည်း လက်ကနဲ ဖျတ်ကနဲ။
"ကားလာပြီ ..."
ဋီကာ့ဆီက ဘာအဖြေစကားမှ မကြားရသေးခင်မှာပင် မှတ်တိုင်ကို ကားက ဆိုက်ရောက်လာခဲ့သည်။ နှစ်ယောက်လုံး စကားစ ပြတ်သွားခဲ့ကြပြီး YBSပေါ်ကို တိတ်ဆိတ်စွာ ရောက်သွားခဲ့သည်။ အိမ်အပြန်လမ်းမှာ နှစ်ယောက်သား ကားပေါ်တွင် ဘာစကားမှ မပြောဖြစ်ကြတော့ပေ။
လမ်းတစ်ဝက် အရောက်မှာပင် မိုးတွေက သဲသဲမဲမဲ ရွာချလာလေပြီ။ ဆင်းရမဲ့ မှတ်တိုင်မှာ ဆင်းဖြစ်ကြရင်း နှစ်ယောက်သား ကားမှတ်တိုင် အမိုးအောက်လေးမှာ ရပ်နေမိကြ၏။
မြတ်ဋီကာက သူယူလာတဲ့ ထီးရှည်ကို ဖွင့်လိုက်ပြီး ...
"ကိုကို့ အိမ်ထိ ကျွန်တော်လိုက်ပို့ေပးမယ် ..."
"နေပါစေ ရပါတယ် ...ငါမိုးတိတ်တော့မှ အိမ်ပြန်လိုက်မယ် ...ထီးက မင်းယူသွားလေ ...မင်းပြန်မှာမို့လား ..."
"မိုးတိတ်တဲ့အထိ ဒီမှာနေမလို့လား...ရာသီဥတုကိုလည်း ကြည့်ဦး ...မိုးတွေ လေတွေနဲ့ ဒီကားမှတ်တိုင်လေးမှာ မိုးမစိုအောင် ခိုနေနိုင်မယ် ထင်လို့လား ကိုကိုက ..."
မိုးက အတော်လေး သည်းနေသည်။ ညနေစောင်းကနေ ချက်ချင်းကြီး မိုးချုပ်သွားသလိုမျိုး မဲမှောင်လို့ပင်။ မိုးသည်းနေရုံတင် မဟုတ်။ ခပ်ကြမ်းကြမ်း လေပါ တိုက်နေလေသည်။
"ဒီမိုးက တော်တော်နဲ့တိတ်မှာ မဟုတ်ဘူး ...ဒီမှာ အချိန်ဘယ်လောက်ကြာကြာထိ ကျွန်တော်တို့ ရှိနေရမှာလဲ ...ကိုကို အိမ်မရောက်မချင်း ကျွန်တော်လည်း မပြန်ဘူး ..."
ဋီကာက စိုးရိမ်လို့ ပြောနေမှန်း သူသိသည်။ ရာသီဥတုကလည်း အခြေအနေ မကောင်းတာကို သူလက်ခံသည်။ ဒါကြောင့် ဆေးက ဆုံးဖြတ်လိုက်သည်။
"လာ သွားမယ် ..."
ထီးအမိုးအောက်ကို နှစ်ယောက်သား ဝင်၍ အိမ်ကို ပြန်လာခဲ့လိုက်ကြသည်။ လမ်းတစ်လျောက်မှာ ဆေးဘက်ကိုသာ ပိုပိုသာသာ ထီးမိုးပေးနေခဲ့တာမို့ ဋီကာ့ ပုခုံးစွန်းကနေ လက်တစ်ခြမ်းလုံး မိုးရေတွေ စိုရွှဲသွားခဲ့ရသည်။
"ဋီကာ ဒီဘက်တိုးလေ ...မင်းစိုကုန်ပြီ ..."
"ရပါတယ် ...ကိုကို မစိုရင် ပြီးရော ..."
ဋီကာ့စကားကြောင့် ဆေးမှာ စိတ်မကောင်း ဖြစ်သွားရသည်။ သူကတော့ စေတနာတွေနဲ့ ဒီလောက်ထိ လိုက်ပို့နေပေမဲ့ ဆေးကတော့ သူ့ကို နှင်လွှတ်နေမိသည်။ ဟိုတယ်နားက မှတ်တိုင်မှာ စကားပြောပြီးတည်းက တစ်လမ်းလုံး ဋီကာ ငြိမ်သွားသည်။ ဒီလိုကျတော့လည်း ဆေးမှာ အားနာရသည်။ ငါပြောမိတာ လွန်သွားပြီလားဟု။
"ရောက်ပြီ ဒါငါ့အိမ်ပဲ ..."
သူ လမ်းထိပ်ထိပဲ ရောက်ခဲ့ဖူးသည်။ အခုတော့ ဆေးရဲ့ အိမ်ရှေ့ထိပင် ရောက်လာခဲ့လေပြီ။ ပျဉ်ထောင် တစ်ထပ်အိမ်လေး။ အတန်အသင့် အကျယ်ရှိတဲ့ ခြံဝင်းငယ်လေး။ ခပ်ရိုးရိုး ရှင်းရှင်းပါပဲ။
"အဲဒါဆို ကျွန်တော် ပြန်တော့မယ်လေ ..."
"အိမ်ထဲဝင်ကြရအောင် ..."
"ဗျာ ..."
အိမ်ရှေ့ရောက်တာနဲ့ နှင်ထုတ်ခံရမည်ဟု ဋီကာ တွေးထားမိသော်လည်း အထင်က လွဲသွားသည်ပဲ။
"မင်း အင်္ကျီတွေ စိုရွှဲကုန်ပြီလေ ...ငါ့အင်္ကျီပေးမယ် အဲဒါလေး လဲဝတ်ပြီး မိုးတိတ်မှ ပြန်ပေါ့ ...အချိန်ရတယ်မို့လား တခြား သွားစရာတွေ ဘာတွေ ရှိသေးလို့လား ..."
"ဟင့်အင်း မရှိပါဘူး ..."
သူပြုံးပြီး ခေါင်းညိတ်ပြလိုက်မိသည်။ တကယ်ကို ကိုကိုက သဘောကောင်းလွန်းပါသည်။
အိမ်ထဲရောက်တော့ ကိုကို့မေမေနဲ့ ညီမလေးကို သူတွေ့သည်။ အိမ်လိပ်စာတွေ ဖုန်းနံပါတ်တွေ ဟိုတယ်ကနေ စုံစမ်းတည်းက မိသားစု ဘယ်နှယောက် ရှိတယ် ဆိုတာပါ ဋီကာ သိထားပြီးသားပင်။
"သား သူငယ်ချင်းလား ..."
"မဟုတ်ဘူး အမေ ...ဦးရာရဲ့ တူပါ ...လမ်းကြုံလိုက်ပို့ရင်း မိုးမိလာကြလို့ ...သူ့အဝတ်အစားတွေ လဲရအောင် ကျွန်တော်ခေါ်လာတာ ..."
"ဟုတ်တာပေါ့ ကြည့်ပါဦး ...အင်္ကျီတွေ စိုရွှဲနေတာပဲ ...ဒီတိုင်းကြီး ပြန်သွားရင် အအေးမိပြီး ဖျားကုန်မှာပေါ့ ..."
"ဟုတ်တယ် အမေ အဲဒါကြောင့် ..."
"သားကြီးကို အိမ်အထိ တကူးတက ပြန်လိုက်ပို့ ပေးတာ ကျေးဇူးတင်ပါတယ်နော် သား..."
"ဟုတ်ကဲ့ ရပါတယ် အန်တီ ...ကိုကိုက ထီးမပါလာတော့ အိမ်အထိ လိုက်ပို့ဖြစ်သွားတာပါ ..."
"ကိုကို ...ကိုကိုဆိုတော့ သားက သားကြီး ကိုဆေးထက် ငယ်တာပေါ့ ဟုတ်လား ..."
"ဟုတ်ကဲ့ ကျွန်တော်တို့ လေးနှစ်ကွာတယ် ..."
"ဪ အန်တီက ရွယ်တူတွေ ထင်နေတာ ..."
ဒေါ်သဲသဲသူက သူ့အထင်ကို ပြောနေလေသည်။ ဘယ်သူမဆို ဒီလိုပဲ ထင်ကြတာ မဆန်းပါ။
"အမေ နောက်မှ စကားပြောလေ ...သူအခု ရေစိုကြီးနဲ့ ..."
"ဪ အေး ဟုတ်သားပဲ ...သွား သွား သားတို့ အခန်းထဲမှာ အဝတ်အစားသွားလဲ လိုက်ကြဦး ..."
ဆေးရဲ့ အခန်းထဲကို နှစ်ယောက်သား ဝင်သွားကြတာကို ဒေါ်သဲသဲသူ လှမ်းကြည့်မိရင်း တွေးမိသည်။ သားဖြစ်သူ ဆေးထက် လိုက်ပို့တဲ့ ကောင်လေးက မိုးရေ ပိုစိုနေတာကို သတိထားမိသည်။
ပြီးတော့ ဦးရာပြည့်ငြိမ်း တူဆိုတာ ဟိုတစ်ခါ လမ်းထိပ်မှာ ကားနဲ့လာရပ်စောင့်နေတဲ့ ကောင်လေးပဲပေါ့။ အဲဒီတုန်းကလည်း လမ်းကြုံဝင်တွေ့ နှုတ်ဆက်တာဟု သားကြီးကိုဆေးက ပြောသည်။ အခုလည်း လမ်းကြုံအိမ်အထိ လိုက်ပို့သည်တဲ့လား။
ရိုးရှင်းသူတွေ အတွက်ကတော့ ဒါကို သံသယမဖြစ်မိ။ လမ်းကြုံဆိုတဲ့ စကားကို အမှန်တကယ် လမ်းကြုံလို့ လိုက်ပို့သည်ဟုပင် မှတ်ထင်ထားလိုက်မိပါသည်။
"ဘောင်းဘီက သိပ်မစိုဘူးဆိုတော့ အင်္ကျီပဲ လဲလိုက်ပေါ့ ..."
မတ်တပ်ရပ် အဝတ်ဗီရိုရှေ့မှာ ရပ်ပြီး မွှေနှောက်ရှာဖွေနေသော ကိုကို့ကို အနောက်ကနေ ရပ်ကြည့်ရင်း ဋီကာပြုံးနေသည်။ ပြီးတော့ ကိုကို့အခန်းလေးကို လိုက်ဝေ့ကြည့်နေမိသည်။
တစ်ယောက်အိပ် ခုတင်လေးတစ်လုံး။ ကြက်သွေးရောင် အိပ်ရာအပြင်အဆင်လေး။ စာကြည့်စားပွဲလေး တစ်ခု။ စားပွဲပေါ်မှာ သုံးဆင့် သစ်သား စာအုပ်စင်ငယ်လေးလည်း ရှိနေသည်။
အခန်းလေးက မကျယ်လွန်း မကျဉ်းလွန်းပါ။ အခန်းတွင်း ပစ္စည်းတွေကလည်း သူ့နေရာနဲ့သူ စီစီရီရီ သပ်သပ်ရပ်ရပ်။
"ရော့ ဒီအင်္ကျီဝတ် ဒါက ငါ့ဆီမှာရှိတဲ့ sizeအကြီးဆုံး တစ်ထည်ပဲ ..."
ရင်ကွဲကြယ်သီးတပ် ရှပ်လက်တိုက အဖြူပေါ်မှာ အနက်ေရာင် လိုင်းစင်းလေးတွေ ပါသည်။ ထိုတစ်ထည်ကို ဆေးက ကမ်းပေးလာသည်။
"ကျေးဇူးပါ ကိုကို ..."
သူ့ကို အင်္ကျီရှာပေးပြီးသည်နှင့် ဆေးကလည်း အိမ်နေရင်း အဝတ်အစား လဲဝတ်ဖို့ ရှာလိုက်သည်။ နှစ်ယောက်သား အပေါ်ပိုင်းအင်္ကျီကို ချွတ်မိပြီးတော့ တစ်ယောက်ကို တစ်ယောက် အကြည့်ရောက်သွားကြသည်။ အမှတ်တမဲ့ မရည်ရွယ်ပါဘဲ။
အပေါ်ပိုင်း ဗလာကျင်းဖြစ်နေတဲ့ ကိုယ်လုံးကိုယ်ထည် အနေအထား မတူသော ယောကျာ်းလေးနှစ်ယောက်။ မြတ်ဋီကာက မော်ဒယ်တစ်ယောက်ရဲ့ ကိုယ်ခန္ဓာလိုမျိုး ကြွက်သားအဖုအထစ်တွေက သူ့နေရာနဲ့သူ ကြည့်ကောင်းနေသည်။ ဆေးကျတော့ ကျစ်လျစ်ပြီး ချပ်ချပ်ရပ်ရပ် ကိုယ်ခန္ဓာမျိုး ရှိသည်။ ဋီကာ့ထက်စာရင် လူကောင်သေးပေမဲ့ မိန်းခလေးတွေလို သေးသေးသွယ်သွယ်လေးတော့ မဟုတ်ပါ။
ဆေးရဲ့ ဝင်းစိုနေသော အသားအရေပေါ်မှာ ရင်ဘတ်က Nipple တွေကနီနီရဲရဲလေး။ ထိုနေရာကို အကြည့်ရောက်သွားတော့ ဋီကာချက်ချင်း အကြည့်လွှဲသွားရသည်။ ပြီးမှ ကိုယ့်ကိုယ်ကိုယ် ပြန်တွေးမိသည်။ မိန်းမတစ်ယောက်ရဲ့ ရင်သားတွေ မဟုတ်ပါဘဲနဲ့ သူက ဘာအတွက် မလုံမလဲ အကြည့်လွှဲသွားရသည်လဲ။ ခိုးကြည့်မိတာလည်း မဟုတ်။
ယောက်ျားလေးချင်း အမှတ်တမဲ့ မြင်မိလိုက်တာပဲ မဟုတ်ဘူးလား။
"ဋီကာ မင်းပြီးပြီလား ..."
"အင်း ပြီးပြီ ..."
အင်္ကျီကြယ်သီး တပ်နေရင်းနဲ့ ဋီကာပြန်ဖြေလိုက်သည်။
"ပြီးရင် အပြင်ထွက်နှင့် ...ငါဘောင်းဘီလဲမလို့ ..."
"ဪ အင်း ..."
ကျောခိုင်းထားရင်းနဲ့ ဆေးက ပြောနေတာပါ။ စောစောက သူ့ရင်ဘတ်ကို ဋီကာငေးကြည့်မိတာ ရိပ်မိသွား၍လား မသိ။ ကျောခိုင်းနေသည်။
ပုခုံးသား လုံးလုံးလေးတွေရယ် စင်းနေတဲ့ ကျောပြင်လေးရယ် အနည်းငယ် ကျဉ်းသယောင်ရှိသော ခါးလေးရယ်။ ဆေးရဲ့ နောက်ကျောဘက် အနေအထားကိုလည်း သူငေးကြည့်မိပြန်သည်။
သက်ပြင်းချသံ တစ်ချက်နဲ့အတူ အခန်းပြင် ထွက်သွားသော ဋီကာ့ကို ဆေး သတိထားလိုက်မိသည်။ သူက ဘာကို သက်ပြင်းချသွားသည်လဲ။
ဆေး အဝတ်အစားလဲပြီး အခန်းအပြင် ထွက်လာတော့ အိမ်ရှေ့ခန်းမှာ အမေဖြစ်သူနဲ့ မြတ်ဋီကာတို့ စကားပြောနေကြသည်။ သူ့အမေ တည်ခင်းဧည့်ခံထားတဲ့ ကော်ဖီပူပူ တစ်ခွက်ကတော့ ဋီကာ့ရှေ့မှာ ရှိနေပါသည်။ ပြီးတော့ ဋီကာ့ဘေးမှာလည်း အကြည်လေးက ထိုင်နေ၏။ ပန်းချီစာအုပ်မှာ ဆေးရောင်စုံတွေ ခြယ်နေတဲ့ အကြည်လေးကို မြတ်ဋီကာက ချီးကျူးနေသေးသည်။
ဒီနေ့ရဲ့ မိုးဟာ ခြောက်နာရီကျော် ခုနှစ်နာရီ ထိုးခါနီးမှ စဲသွားခဲ့သည်။ မေမေနဲ့ အကြည်လေးတို့ကတော့ တစ်ချိန်လုံး မြတ်ဋီကာနဲ့ စကားကောင်းနေခဲ့သည်။ ဆေးကတော့ အနည်းငယ်သာ ဝင်ပြောဖြစ်သည်။
တစ်ချက် တစ်ချက် ဋီကာနဲ့ ဆေးတို့ အကြည့်ချင်း ဆုံမိကြပေမဲ့ ကားဂိတ်မှာ ရပ်တန့်သွားခဲ့တဲ့ ပြောလက်စ စကားစကတော့ ပြန်မဆက်ဖြစ်တော့ပေ။ အခြေအနေ အချိန်အခါအရ မကြုံဆုံ၍ မပြောဖြစ်တော့တာမျိုး။ မိုးတိတ်၍ အိမ်ပြန်တော့ ဆေးက လမ်းထိပ်ထိ ဋီကာ့ကို လိုက်ပို့သည်။
ဋီကာပြန်ဖို့ Taxi တားပေးနေတဲ့ ဆေးကိုကြည့်ပြီး ...
"မန္တလေးက အစ်မသင်းလဲ့အေးတို့ မင်္ဂလာဆောင်ကို ကိုကိုပါ လိုက်မလို့ဆို ..."
"အင်း ဟုတ်တယ်လေ ဘာဖြစ်လို့လဲ ..."
"ဘာမှမဟုတ်ပါဘူး မေးကြည့်တာ ...မေမေတို့ဆီက ကြားမိလို့ ..."
"အင်း ..."
"မန္တလေးကို ကျွန်တော်ပါလိုက်မှာ ..."
"ဟင် ..."
ဋီကာ့စကားကြောင့် ဆေးက နားမလည်သလို ပြန်လှည့်ကြည့်လာသည်။
"ဦးရာပြောတော့ အန်တီပြည့်နဲ့ ဦးရာပဲတဲ့ မင်းက မလိုက်ဘူးဆို ..."
"အင်း အခု စိတ်ပြောင်းသွားပြီ ..."
ဆေးက သဘောပေါက်လိုက်တဲ့ အကြည့်မျိုးနဲ့ ကြည့်ပြီး ကားလမ်းဘက် မျက်နှာ ပြန်လှည့်သွားလေသည်။
"ဘာလို့ စိတ်ပြောင်းသွားတာလဲလို့ မမေးတော့ဘူးလား ..."
"မဖြစ်မနေ မေးဖို့လိုအပ်လို့လား ..."
"ကျွန်တော် လိုက်လာမယ်ဆိုလို့ ကိုကို မလိုက်ဖြစ်တော့ဘူးလို့ ပြောမှာလား ..."
"ငါက ကလေးလား ...အခု တစ်မျိုး တော်ကြာတစ်မျိုး လုပ်နေရအောင် ...ပြီးတော့ ဒါက လူမှုရေးအရ မဖြစ်မနေ သွားရမှာ ...မင်းဘာသာ လိုက်ချင်လိုက် မလိုက်ချင်နေ ငါနဲ့ဘာဆိုင်လို့လဲ ..."
"ကျွန်တော်ကတော့ ကိုကိုပါလို့ လိုက်မှာ ..."
ဆေးက မမေးပေမဲ့ ဖြေချင်တဲ့သူက အတိအကျကို ဖြေနေသည်။
"ငါမမေးပါဘူး ..."
"သိစေချင်တာပါ ...ကိုကိုကြောင့်ဆိုတာ ..."
"မြတ်ဋီကာ ..."
"ဗျာ ..."
"ငါတို့ ညီအစ်ကိုလိုပဲ နေရအောင် ..."
"အခုကရော ချစ်သူတွေလို နေနေလို့လား ကိုကိုကလည်း ..."
ဒီလိုပြန်ပြောတော့ ဆေးတစ်ယောက် အဖြေမဲ့သွားသည်။ ဋီကာကတော့ ပြုံးပြုံးလေး ပြန်ပြောနေတာပါ။
"သိပ်ချစ်ကြတဲ့ ညီအစ်ကိုတွေကို ကိုကိုမြင်ဖူးလား ...တစ်ယောက်သွားရင် တစ်ယောက်က အနောက်ကနေ လိုက်လာတတ်တာမျိုးလေ ..."
"အင်း အဲဒီသဘောအတိုင်းဆိုရင်တော့ အဆင်ပြေတာပေါ့ ..."
Taxi ရပ်လာတော့ ကားပေါ်မတက်ခင် ဋီကာက ဆေး အနားကိုကပ်၍ စကားတစ်ခွန်း ပြောသွားသေးသည်။
"အတင်းကာရော စည်းတားမနေနဲ့ ကိုကို ...ကျွန်တော်က အဲဒီစည်းကို ကျော်ဝင်လာမှာ မဟုတ်ဘူး ...ကိုကိုက မလာနဲ့ဆို ကျွန်တော်မလာဘူး ...ဒီအတိုင်းပဲ စည်းအပြင်ဘက်ကနေ လက်ကမ်းပေးထားမယ် ...ကျွန်တော့်နွေးထွေးမှုတွေကို ကိုကိုခံစားရပါစေ ..."
ဒီစကားတွေရဲ့ အနက်အဓိပ္ပာယ်ဟာ လွယ်မယောင်နဲ့ ခက်၏။
အရိုင်းအစိုင်းလေး မြတ်ဋီကာက ဒီလို လွယ်လွယ်ကူကူ သူများစကားတွေကို နားထောင်လက်ခံသည်တဲ့လား။
ပြီးတော့ နွေးထွေးမှု ဆိုတာကရော ဘာလဲ။
ဘာအတွက်လဲ။
********************************