နံနက်ခင်း၏ ပြာလွင်သော ကောင်းကင်ထက်မှာ အဖြူရောင် မြူခိုးငွေ့များ လွင့်မျောနေကြသည်။ အမြင့်ပေ သုံးသောင်း ဆိုပေမယ့် တိမ်ကတော့ တိမ်ပါပဲ။
အရှိန်ပြင်းစွာ ပျံသန်းနေသည့် လေယာဉ် အပြင်မှာ ကောင်းကင်က အပြာသက်သက် ဖြစ်သည်။ တိမ်စုပ်တိမ်စိုင်တို့ကို ဟိုးခပ်လှမ်းလှမ်းမှာ အမျှင်လိုက် ကျဲကျဲပါးပါး မြင်ရသည်။
ပြတင်းမှန်မှ မြင်ရသည့် မြင်ကွင်းကို စိုက်ကြည့်နေရင်းမှ နေသူရိန်မင်းခန့် အကြည့် လွှဲလိုက်သည်။ ထို့နောက် လက်ထဲမှာ ရှိနေသည့် ဖိတ်စာကဒ် လှလှလေးကို ငေးကြည့်မိသည်။
အနီရောင် ဖိတ်စာကဒ်ဟာ သေသေသပ်သပ်နှင့် တရုတ် ရိုးရာအတိုင်း ဂရုတစိုက် ဖန်တီးထားမှန်း သိသာလှသည်။ အထဲတွင် နဂါး ရုပ်ပုံတို့ကို ပန်းထိုးထားသေး၏။ မွှေးရနံ့ သင်းသင်းလေးပါ သင်းပျံ့လျက် ရှိသည်။
ဖိတ်စာကဒ် နောက်ကျောတွင် စာသား တစ်ခု။
ရှင် ပြောတဲ့ ခပ်တုံးတုံး မိန်းမကလေ
ယောကျာ်း တစ်ယောက်ရဲ့ ဘဝကို အပိုင် ယူနိုင်ခဲ့ပြီ။
ဖောင်တိန်ဖြင့် ရေးထားသည့် ခပ်သော့သော့ လက်ရေးများ ဖြစ်သည်။ ဂျပန်အထိ တကူးတက လှမ်းဖိတ်ပုံထောက် သူမ ကြည့်ရတာ နေသူရိန်မင်းခန့်အား သိပ်ကို အနိုင်ပိုင်းချင် ပုံ ရသည်။
"တော်တော် အမြင်ကတ်စရာကောင်းတဲ့ ဖိတ်ကြားမှုပဲ"
ဖိတ်စာကဒ်ကို လှန်ပြီး သတို့သား နာမည်ကို ဖတ်ကြည့်ပြီး နောက်မှာ နေသူရိန်မင်းခန့် အသက်မဲ့စွာ ပြုံးလိုက်မိသည်။
ဝန်ခံရပါက ဖိတ်စာ ရရချင်း နွေလယ်ခေါင်မှာ မိုးကြိုး ပစ်ခံလိုက်ရသလို နေသူရိန်မင်းခန့် တုန်လှုပ်သွားခဲ့သည်။ စိတ်ထဲ နေစရာ မရှိအောင် ထိတ်လန့်သွားပေမယ့် မဖြစ်နိုင်ကြောင်း မျက်စိစုံမှိတ် ယုံချင်ခဲ့သည်။ ခေါင်းကို တွင်တွင်ခါပြီး မဖြစ်နိုင်ကြောင်း ငြင်းဆန်ချင်ခဲ့သည်။
သို့သော် လက်ထပ်ပွဲက အမှန်ပဲ ဖြစ်သည်။ နိုဝင်ဘာလ၏ ပထမဆုံး အပတ်။ လာမယ့် ခုနစ် ရက်နေ့မှာ လက်ထပ်ပွဲ ကျင်းပမည်က အစစ်အမှန်ပဲ ဖြစ်သည်။ လက်ထဲမှ အနီရောင် ဖိတ်စာကဒ်ကို လုံးချေပြီး နေသူရိန်မင်းခန့် စိတ်မောစွာ လေယာဉ် ခုံမှာ မှီလိုက်မိသည်။
လွန်ခဲ့သော တစ်နှစ်က စပြီး ပြောင်းလဲသွားသည့် ဝေယံ၏ အပြုအမူတွေကို သူ သတိထားခဲ့ဖို့ ကောင်းသည်။ နှစ်ယောက်ကြားမှာ အဆက်အသွယ် မရှိသလောက် စိမ်းကားသွားသည့် ဆက်ဆံရေးတွေ။ ဖုန်း ခေါ်ပါက ရှောင်နေသည့် အခြေအနေတွေ။ ယခင်လို ကြည်ကြည်နူးနူး စကားပြောဖို့ နေနေသာသာ သာကြောင်း မာကြောင်း မေးဖို့ပင် အခြေအနေက ခက်ခဲခဲ့သည်။
ပို ဆိုးတာက မြတ်နိုးသည်၊ လွမ်းသည်တို့ကို စိတ်ကူးထဲသာ နေသူရိန်မင်းခန့် ကြားခွင့် ရှိတော့သည်။ ဝေယံ လုံးလုံး မပြောခဲ့။ တကယ်ဆို ကျောင်းစာများနှင့် မအားလပ်လို့ ဟု အကြောင်းပြခဲ့သော စကားတို့ကို သူ မယုံခဲ့သင့်။ တကယ်တမ်း ဂုဏ်ထူးတန်း ပြီးလို့ ဘွဲ့ ရတော့လည်း သူ့ကို ဝေယံ လုံးဝ ဆက်သွယ် မလာခဲ့။
ယခု လက်ထပ် ဖိတ်စာတောင် မေ Scarlett ပို့မှ နေသူရိန်မင်းခန့် သိခွင့်ရသည့် အခြေအနေ။ မဟုတ်ပါက ဘယ်အချိန်ထိ သူ့ကို ဝေယံ ရှောင်ဖယ်နေဦးမလဲ မသိ။ သူ ကျောင်းပြီးမှလား။ သို့မဟုတ် မေ Scarlett နှင့် အိမ်ထောင်ကျပြီး ကလေးတွေ မွေးပြီးမှလား။
မျှော်နေမည် ဆိုပြီး လေဆိပ်မှာ ပေးခဲ့သော ကတိတွေ။
ဘွဲ့ ရပါက ဂျပန်ကို လိုက်လာမည် ဆိုသော စကားတွေ။
အားလုံး အလိမ်တွေ၊ အညာတွေ။
အလိမ်အညာတွေချည်း ဖြစ်သည်။
ဘာကြောင့်များ . . .
မတည်နိုင်ဘဲ ကတိတွေကို ပေးခဲ့ရတာလဲ။
နေသူရိန်မင်းခန့် လေယာဉ် ခုံပေါ်က တစ်ခါသုံး ကော်ဖီခွက်ကို ယူကာ မော့သောက်ပစ်လိုက်သည်။ အရသာအတိုင်း ခါးသီးသော အရည်များ ခန္ဓာကိုယ် တစ်ခုလုံးသို့ လျင်လျင်မြန်မြန် ပျံ့နှံ့သွားသည်။
တစ်ခုပဲ ရှိသည်။
ဝေယံနှင့် လူချင်း တွေ့ပြီး အကြောင်းပြချက်ကို မေးမှ ဖြစ်တော့မည်။ ဒီလက်ထပ်ပွဲကို ဘာကြောင့် လက်ခံရတာလဲ။ ဘာလို့များ သူ့အပေါ် သစ္စာ မဲ့နိုင်ရတာလဲ။ အဖြေကို နေသူရိန်မင်းခန့် သိမှ ဖြစ်မည်။ ဝေယံ့ နှုတ်မှ ကိုယ်တိုင် ကြားရမှ ဖြစ်မည်။
အနည်းဆုံးတော့ ဒီလက်ထပ်ပွဲဟာ ဝေယံ မငြင်းဆန်နိုင်၍ မတတ်သာဘဲ လက်ခံလိုက်ရသည့် လက်ထပ်ပွဲ တစ်ခု ဟုသာ နေသူရိန်မင်းခန့် ယုံကြည်ချင်နေသည်။
လေယာဉ် ဆိုက်တာနှင့် တစ်ခါတည်း တက္ကဆီ ဋ္ဌားပြီး သိပ္ပံ လမ်းမကြီးဆီက သူ ယခင် နေခဲ့သည့် အိမ်ကို နေသူရိန်မင်းခန့် တန်းပြန်လာခဲ့သည်။ ချက်ချင်းကြီး ဝေယံ အိမ်ကို သွားဖို့ မသင့်တော်တာကြောင့် ဖြစ်သည်။ ဘာကြောင့်ဆို လက်ထပ်ပွဲ နီးတာမို့ အိမ်မှာ လူကြီးတွေ ရှိနေလောက်သည်။ စီစဉ်စရာ ရှိတာ စီစဉ်ကြမည်။ ညွှန်ကြားစရာ ရှိတာ ညွှန်ကြားလိမ့်မည်။
အဆိုးဆုံးက သတို့သမီးလောင်း မေ Scarlett ပါ ရှိနေလိမ့်မည်။ ယခုအချိန်မှာ ပြုံးပျော်နေမည့် သူမ မျက်နှာကို နေသူရိန်မင်းခန့် မမြင်ချင်။ အတတ်နိုင်ဆုံး ရှောင်ရလိမ့်မည်။
ဝေယံကရော ဒီအချိန်ဆို ဘယ်မှာ ရှိနေမှာလဲ။
အိမ်မှာလား။ အပြင်မှာလား။
ခြံတံခါး တွန်းဖွင့်ပြီး ပန်းခြံဆီက ကွန်ကရစ် လမ်းမအတိုင်း ခြေလှမ်းကျဲကျဲ လျှောက်လာသော နေသူရိန်မင်းခန့်၏ ဖိနပ်သံမှာ လူ မရှိသော အိမ်ကြီးအတွက် ကျယ်လောင်နေသလို ထင်ရသည်။
နေသူရိန်မင်းခန့် လမ်းလျှောက်နေတုန်း လေနွေးနွေး တချို့ ဖြတ်တိုက်လာသည်။
ပန်းခြံထဲမှ အလှစိုက်ထားသော မြက်ခင်းပြင်မှာ စိမ်းစို တောက်ပနေသည်။ မိုး မရွာဘဲ ရေစက်ဥကလေးတွေ တင်ကျန်နေ၏။ အလှဆင်ထားသည့် ပန်းပင်တို့မှာ ဖူးပွင့် သစ်လွင်နေဆဲ။ သစ်ပင်တို့ကပါ သစ်ရွက်နုများဖြင့် နုပျို လှပနေဆဲ ဖြစ်သည်။ ကြည့်ရတာ အိမ်ကို တစ်ယောက်ယောက် လာရောက်ပြီး ပန်းပင်တို့ကို အချိန် မှန်မှန် ဂရုစိုက်ပုံ ရသည်။
တံခါး အပြင်ဘက် ရောက်သည့်အခါ ဘေးနားရှိ ဧရာမ ပန်းအိုးကြီး နှစ်အိုးထဲမှ ပန်းပင်၏ ပင်စည်ကို ကန့်လန့်ဖြတ်ပြီး ကဗျာဆန်အောင် ဖူးပွင့်နေသော အဝါရောင် ပန်းပွင့်ကြီးကို နေသူရိန်မင်းခန့် တစ်ချက် ကြည့်လိုက်မိသေးသည်။ သူ့အတွက် အရမ်းကြီး လှလွန်းတာမျိုး မဟုတ်ပေမယ့် ဒေါသများကို အနည်းငယ် ငြိမ်းအေးစေတာတော့ အမှန်ပဲ ဖြစ်သည်။
အိမ်ကြီး၏ တံခါးကို ဖွင့်ပြီး အထဲသို့ ဝင်လိုက်တော့ ဧည့်ခန်းတွင် သူ ဘယ်လိုမှ ထင်မှတ်မထားသော လူ တစ်ယောက်ကို ဗြုန်းခနဲ မြင်လိုက်ရ၏။ နေသူရိန်မင်းခန့် အံ့သြ မှင်တက်သွားမိသည်။
"ကြည့်စမ်းပါဦး၊ ဘယ်သူများလဲလို့ . . ၊ မကြာခင်မှာ လက်ထပ်တော့မယ့် သတို့သားလောင်းကြီးပါလား"
ခဏတာ ငြိမ်းအေးသွားသော ဒေါသတို့ ပေါက်ဖွားမလာပေမယ့် တစ်နှစ်ပတ်လုံး ထိန်းချုပ်လာခဲ့ရသော မကျေနပ်ချက်များ အချိန်ကိုက် ဝုန်းခနဲ ထွက်ပေါ်လာတာတော့ သေချာသည်။ စိတ်လိုက်မာန်ပါ ရွဲ့စောင်းမိသွား၏။
"ဘာလဲ . . ၊ ရည်းစားဟောင်းကို လွမ်းလို့ အိမ်ကို အလည်လာပြီး အလွမ်း ဖြေတာလား"
နေခင်းကြောင်တောင်ကြီး သရဲတစ္ဆေ အခြောက် ခံလိုက်ရသလို ဝေယံ လန့်ဖျပ်သွားသည်။ ဂျပန်မှာ ရှိနေရမည့် သူက မျက်စိ ရှေ့ကို ရောက်လာတာမို့ အခြေအနေကို နားမလည်ဟန်။ အသိမဲ့စွာ အတန် ကြာအောင် ရပ်နေမိသည်။ ထို့နောက် ဖြည်းဖြည်းချင်း အသိ ကပ်သွား၏။
"သူ . . ၊ သူရိန်"
ခပ်ဖွဖွ ခေါ်သံ နောက်မှာ အပြစ်သား တစ်ဦးလို နောက်သို့ ခြေ တစ်လှမ်း ဆုတ်သွားသည်။ ဒါ ဘာသဘောလဲ။ မဟုတ်မှလွဲရော . . . ။
တစ်စွန်းတစ်စ ရိပ်မိလိုက်သော အတွေး အဆုံး တင်းမာလွန်းသော မျက်နှာထားဖြင့် ဝေယံ အနီးသို့ နေသူရိန်မင်းခန့် ရောက်သွားကာ ပခုံး နှစ်ဖက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။
"လက်ထပ်ပွဲကို ယံ ကိုယ်တိုင် လုပ်ချင်ခဲ့တာလား"
ဆတ်ခနဲ တုန်သွားပေမယ့် ဝေယံ မဖြေ။ နေသူရိန်မင်းခန့် လက်ဖျားများ အေးစက်လာသည်။ ထိန်းမရအောင် တဆတ်ဆတ် တုန်ခါလာချိန်မှာတော့ ခွန်အား သုံးပြီး ဝေယံ၏ ပခုံးတို့ကို ခပ်ကြမ်းကြမ်း လှုပ်ယမ်းပစ်လိုက်မိသည်။
"ကျွန်တော် မေးနေတယ်လေ"
ကျယ်လောင်လွန်းသော အော်သံ နောက်မှာ ဝေယံ တစ်ကိုယ်လုံး တုန်တက်သွားသည်။ ထို့နောက် စကား တစ်လုံး ပြောဖို့ပင် အတန်တန် ကြိုးစားယူရသော နှုတ်ခမ်းလွှာဟာ ဖြည်းဖြည်းချင်း လှုပ်ခတ်လာသည်။
"ငါ . . ငါ တောင်းပန်ပါတယ် သူရိန်"
ရုတ်တရက် လှိုက်တက်လာသည့် အံ့သြမှု တစ်ခုနှင့် အတူ ရင် တစ်ခုလုံး ဖိခြေခံလိုက်ရသော နာကျင်မှု။ မယုံကြည်နိုင်ခြင်းဟာ နှလုံးသားထဲအထိ စိမ့်ဝင်နေသည်။
တောင်းပန်သည်။
ဘာအတွက် တောင်းပန်တာလဲ။
တောင်းပန်သည် ဆိုတာ အမှား လုပ်ထားသူတွေအတွက် မဟုတ်လား။
ဒါဖြင့် . . . ။
ဒုန်း
ဝေယံ ဘေးက နံရံကို နေသူရိန်မင်းခန့် လက်သီးဖြင့် ခပ်ပြင်းပြင်း ထိုးပစ်လိုက်သည်။ နာကျင်မှုက နင့်ခနဲ။ လက်ဖျားမှ မဟုတ်။ နှလုံးသားမှ ဖြစ်သည်။
အဖြေကို မေးခဲ့ပေမယ့် တကယ်တမ်း ဝေယံ၏ တောင်းပန်မှုဟာ နေသူရိန်မင်းခန့် သတ္တိများကို ကုန်ခန်းသွားစေသည်။ သူ့မှာ နောက်ထပ် ပြောလာမည့် စကားများကိုပင် နားထောင်နိုင်စွမ်း မရှိတော့။
ဆုပ်ကိုင် ဖျစ်ညှစ်ထားသော ဝေယံ၏ ပခုံးများကို နေသူရိန်မင်းခန့် လွှတ်ချလိုက်သည်။ ခပ်ကြမ်းကြမ်း လွှတ်ချခံရလိုက်ရတာမို့ အရှိန်ဖြင့် ဝေယံ ဘေးသို့ ယိုင်သွားသည်။ ထုံနေသော ပခုံးတို့မှာ ပိုပြီး နာကျင်လာ၏။
"သူရိန် . ."
"မပြောနဲ့၊ ဘာမှ ထပ်မပြောနဲ့တော့"
နေသူရိန်မင်းခန့်ကို မော့ကြည့်ချိန် ဝေယံ တစ်ကိုယ်လုံး အေးစက် တုန်ခါသွားသည်။ သူ့ကို စိုက်ကြည့်နေသော နေသူရိန်မင်းခန့် မျက်လုံးများမှာ အဆိပ် လူးထားသလို နီမြန်းနေသည်။
နေသူရိန်မင်းခန့် ဒေါသကြီးပါက ကြောက်စရာ ကောင်းလွန်းသည်။ ရှေ့မှာ ရှိနေသော လူသားကို ဝေယံ တုန်လှုပ် ကြောက်ရွံ့လာသည်။ စူးရဲသော မျက်လုံးများ၏ ကြမ်းတမ်းမှုကို မခံနိုင်စွာ ခေါင်းကို အောက်သို့ ငုံ့စိုက်ပစ်မိသည်။
"ဒီတစ်ခုပဲ ဖြေပါ၊ ကျွန်တော့်ကို ရွေးချယ်မှာလား၊ ပစ်ပယ်မှာလား"
မမျှော်လင့်သော စကားကြောင့် ဝေယံ မျက်လုံးတွေ ပြာဝေသွားသည်။ မေးခွန်း၏ အဖြေကို သူ မစဉ်းစားတတ်။ တကယ်တမ်း လက်ထပ်ပွဲ လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် နေသူရိန်မင်းခန့်အား ဆုံးရှုံးခံရဖို့ သူ အဆင်သင့် မဖြစ်သေး။
ဘယ်လိုလုပ်ရမလဲ ဝေယံ မသိ။ သူ သိတာ ကြောက်ရွံ့တာပဲ ဖြစ်သည်။ နေသူရိန်မင်းခန့် စိတ်နာသွားမှာ၊ သူ့ကို မုန်းသွားမှာကို ဝေယံ ကြောက်သည်။ သေလောက်အောင်အထိ ကြောက်သည်။ ကြောက်ရွံ့မှုဟာ ရိုးတွင်းခြင်ဆီထဲအထိ နင့်ဝင်နေ၏။
"ခေါင်း မော့စမ်း ယံ"
ခေါင်း ငုံ့ထားသော ဝေယံ၏ လည်ပင်းကို နေသူရိန်မင်းခန့် တင်းကျပ်စွာ ဖိညှစ်ရင်း မေးဖျားမှ ဆုပ်ကိုင်ကာ မျက်နှာကို မော့စေသည်။ ခေါင်း တစ်ခုလုံး ကိုင်ရိုက် ခံလိုက်ရသလို။ ဝေယံ အသက်ရှူ မဝတော့။ ချက်ချင်းပဲ နေသူရိန်မင်းခန့် မျက်လုံးများနှင့် ရင်ဆိုင်လိုက်ရသည်။
စူးရဲလွန်းသော မျက်လုံးများ။
အေးစက်လွန်းသော မျက်လုံးများ။
ကြောက်စရာ ကောင်းလွန်းသည်။
"ဖြေလေ၊ ယံ့မှာ ပါးစပ် မပါဘူးလား"
နောက်ဆုတ်ရန် လမ်း မရှိတော့။
အပြင်းအထန် ဖိအား ပေးနေသော နေသူရိန်မင်းခန့်ကြောင့် ထွက်ပေါက် မရှိတော့တာ ဝေယံ နားလည်လိုက်သည်။ မထူးတော့။ အန္တရာယ် စက်ကွင်းထဲ တိုးဝှေ့လိုက်ရုံသာ ရှိသည်။ ဝေယံ နာကျင်စွာ ပြုံးလိုက်မိသည်။ နွမ်းဖျော့လှသော အပြုံးဟာ နေသူရိန်မင်းခန့် အမုန်းကို လက်ခံလိုက်ဖို့ အဆင်သင့် ဖြစ်သွားသော အပြုံး တစ်ခုပဲ ဖြစ်သည်။
စကားပြောဖို့ အားယူပေမယ့် တားဆီးချင်နေသည့် လည်ချောင်းမှာ ခြောက်ကပ် တစ်ဆို့နေသည်။ မနည်း အားတင်းရင်း စကား တစ်ခွန်းကို အနိုင်နိုင် ပြောဖို့ ဝေယံ ကြိုးစားယူလိုက်ရသည်။
"မိသားစုထက် ဘယ်အရာကမှ ငါ့အတွက် ပိုပြီး အရေးမကြီးပါဘူး"
တင်းမာသွားသော မျက်နှာထားနှင့် အတူ နေသူရိန်မင်းခန့် လက်ဖျံ တစ်လျှောက် သွေးကြောများ ထထောင်လာသည်။ လည်တိုင်ထက် ဖိကပ်ထားသော အေးစက်နေသည့် လက်ဖဝါး၏ ဖျစ်ညှစ်မှုဟာ နှလုံးသားအထိ မွန်းကျပ်စေသည်။ ရင်ဘတ်ထဲက ဒဏ်ရာဟာ တစစီ ဖဲ့ခံလိုက်ရသလို သွေး အလိမ်းလိမ်း ပေကျံလာသည်။
"အရေးမကြီးဘူး၊ အရေးမကြီးဘူး တဲ့လား"
နေသူရိန်မင်းခန့် ရယ်ချလိုက်သည်။ ရယ်သံမှာ မကောင်းဆိုးဝါး တစ်ကောင် ဝင်ပူးထားသလို ကြောက်စရာ ကောင်းကာ ခါးတူးနေ၏။
"ကောင်းပြီလေ၊ ဒီလို ပြောလာမှတော့ ကျွန်တော်လည်း ရွေးချယ်စရာ မရှိတော့ဘူး၊ ယံက ကျွန်တော့်အတွက် ပထမ ဖြစ်နေတဲ့ အချိန် ကျွန်တော်က ယံ့ရဲ့ ဒုတိယ ရွေးချယ်မှု ဖြစ်နေတာမျိုး ဒီထက်ပိုပြီး ကျွန်တော်လည်း အလိုမရှိတော့ဘူး"
နေသူရိန်မင်းခန့် ဝေယံ၏ ပခုံးကို ခပ်ဆတ်ဆတ် ဆောင့်တွန်းလိုက်သဖြင့် ဝေယံ နောက်ကျောမှာ နံရံနှင့် ထိအပ်မိသွားသည်။ တစ်ဆက်တည်း ကျောပြင်မှာ ပူထူကာ အောင့်သွား၏။ ဝေယံ ကြောက်လန့်တကြား ခေါင်း ခါယမ်းရင်း လက် နှစ်ဖက်ကို မျက်နှာ ရှေ့မှာ ကာလိုက်ရသည်။
"သနားစရာကောင်းအောင် ဘယ်လိုဖြစ်လို့ အမှား လုပ်ထားပြီး . . အခုမှ တုန်တုန်ယင်ယင် ဖြစ်ပြနေရတာလဲ"
ဝေယံ၏ နှုတ်ခမ်းမှာ သွေး မရှိတော့အောင် ဖြူဆုတ်နေပြီ။
နေသူရိန်မင်းခန့် လက်ချောင်းများဖြင့် ဝေယံ ဆံပင်တွေထဲ တိုးဝင်ကာ ဆံစတွေကို ဆုပ်ကိုင်ပြီး ခေါင်းကို ဆွဲမော့လိုက်သည်။ ထိုအချိန်မှာပဲ ဝေယံ နှုတ်ခမ်းများကို နေသူရိန်မင်းခန့် ငုံ့နမ်းလိုက်သည်။ နှုတ်ခမ်းများကို ပူလောင်သွားအောင်အထိ အတင်းအကျပ် နမ်းခြင်း ဖြစ်သည်။ ထိုအနမ်းများက ပြင်းပြ ကြမ်းတမ်းလွန်း၏။ မွတ်သိပ်လွန်းသော ဒေါသ အနမ်းများ ဖြစ်သည်။
နှုတ်ခမ်းလွှာများ ပေါက်ကွဲထွက်တော့မလို ပူထူပြီး စိုစွတ်လာသည်။ လက် နှစ်ဖက်ဖြင့် ကြောက်လန့်တကြား တွန်းဖယ်ပေမယ့် ခွန်အား ကြီးလွန်းသော နေသူရိန်မင်းခန့် ရင်ခွင်က ဝေယံ၏ အင်အားများကို ကုန်ခန်းစေသည်။
ဝေယံ အသက်ရှူလို့ မရတော့။
စုပ်ယူတာထက် ပိုလွန်ကာ အာခေါင် အဆုံးထိ တိုးဝင်လာသော နေသူရိန်မင်းခန့် လျှာဖျားက တစ်ကိုယ်လုံးကို ကြက်သီး ဖြန်းဖြန်း ထသွားစေသည်။ ထို့နောက် ချက်ချင်းလိုလို အပေါ် နှုတ်ခမ်း၊ အောက် နှုတ်ခမ်း၊ နှုတ်ခမ်းလွှာ နှစ်ခုကို လျှာဖျားဖြင့် မက်မက်မောမော ထိတို့၏။ နွေးပူလွန်းသော အထိအတွေ့ အောက်မှာ ဝေယံ အသိတို့ ပျောက်ဆုံးချင်သွားသည်။
"သူရိန် တော်တော့၊ ဖယ်ပေးပါ"
နှုတ်ခမ်းလွှာများ ရုတ်တရက် ကင်းကွာသွားချိန် ဝေယံ တားမြစ်ဖို့ ကြိုးစားမိသည်။
"ကျေးဇူးပြုပြီး . . တော်ပါတော့"
သို့သော် နေသူရိန်မင်းခန့်က အခွင့် မပေး။ နှုတ်ခမ်းများဖြင့် ကြမ်းတမ်းစွာ နမ်းရှိုက် တိုးတိတ်စေလိုက်သည်။ စကားလုံး မသဲမကွဲသာ ညည်းသံ တချို့နှင့် တိုးတိုးတိတ်တိတ် ထွက်ပေါ်လာသည်။
နေသူရိန်မင်းခန့် လက်များက လည်တိုင်မှတစ်ဆင့် အောက်သို့ လျှောဆင်းလာသည်။ ထိုအချိန်မှာ ဘာကို ရည်ရွယ်နေမှန်း ဝေယံ အထိတ်တလန့် သတိထားမိသွားသည်။
ဟင့်အင်း။ သူ ဒီလို မဖြစ်ချင်။
အတွေး မဆုံးလိုက်။
ရှပ်အင်္ကျီ အနားစ နှစ်ခုကို နေသူရိန်မင်းခန့် လက် နှစ်ဖက်ဖြင့် ခပ်တင်းတင်း ဆုပ်ကိုင်ပြီး ဆွဲဖြဲလိုက်သည်။ ဝေယံ ထိတ်လန့်စွာ မျက်ရည်ကျမိတော့သည်။
"ဟင့်အင်း . . ၊ မကြိုက်ဘူး၊ မလုပ်နဲ့"
ရှေ့မှ နေသူရိန်မင်းခန့်ကို တွန်းဖယ်ဖို့ ကြိုးစားတော့ တစ်ချက်ထဲ ဆွဲလှည့် ခံရသည်။ နေသူရိန်မင်းခန့် တစ်ကိုယ်လုံး ဒေါသကြောင့် ပူလောင်နေသည်။ ဆန့်ကျင်စွာ ပါး တစ်ဖက်မှ ထိကပ်ခံလိုက်ရသော ကြွေပြား နံရံမှာ အေးစက်နေသည်။
ထိုအချိန်မှာပဲ ပခုံးပေါ်က ရှပ်အင်္ကျီကို နေသူရိန်မင်းခန့် အောက်သို့ ဆွဲချလိုက်သည်။ ကုပ်ပိုးပေါ်သို့ ခပ်နွေးနွေး ကျရောက်လာသော နေသူရိန်မင်းခန့် ထွက်သက်များက ဝေယံ့ကို အသက်ရှူ မှားစေအောင်အထိ လန့်သွားစေသည်။
နေသူရိန်မင်းခန့် ဝေယံ မေးစေ့ကို ဆွဲလှည့်ကာ နှုတ်ခမ်းများကို နမ်းသည်။ အဲ့ဒီမှ တစ်ဆင့် အောက်သို့ လျှောဆင်းသွားကာ လည်တိုင်ကို နမ်းသည်။ ခါး နှစ်ဖက်ကို လက်ချောင်းများဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားချိန် ပခုံးစွန်းပေါ် အနမ်း တစ်ခု သက်ရောက်လာသည်။ အနမ်းဟာ အစပိုင်းမှာ ဖွဖွကလေး ဖြစ်သည်။ ထို့နောက် တဖြည်းဖြည်း ပြင်းထန်လာသည်။ စုပ်ယူ နမ်းရှိုက်ပြီးချိန်မှာတော့ ပခုံးထောင့်မှာ စူးခနဲ အားကုန် ဖိကိုက်ခံလိုက်ရသည်။ နာကျင်မှုက နင့်ခနဲ။
"ဟင့်"
ဝေယံ အသံ ထွက်ပြီး အော်ညည်းလိုက်မိသည်။
နေသူရိန်မင်းခန့် လွှတ်မပေးသေး။
ခဏတာ လွတ်ထွက်သွားသော အသိတွေ ပြန်လည် စုစည်းပြီးချိန်မှာ ဝေယံ တစ်ကိုယ်လုံး ထူပူသွားသည်။ နေသူရိန်မင်းခန့် သူ့ကို ကြောက်အောင် လုပ်နေသည်။ ဝေယံ ရင်တွေ တဒိန်းဒိန်း ခုန်ကာ ခြေထောက်တွေ ပျော့ခွေလာသည်။ မျက်ဝန်းအိမ်မှာ မျက်ရည်တွေ ချက်ချင်း စုအိုင်လာတော့သည်။
စက္ကန့်မလပ် ခါး နှစ်ဖက်မှ တစ်ဆင့် နေသူရိန်မင်းခန့် လက်ချောင်းများ အောက် အနားဆီသို့ ပြေးကပ်လာချိန်မှာတော့ ဝေယံ အလန့်တကြားသာ အော်လိုက်မိတော့သည်။
"ငါ မင်းကို ကြောက်တယ် သူရိန်"
ဗြုန်းခနဲ ဆိုသလို လှုပ်ရှားမှု အားလုံး ချုပ်ငြိမ်းသွားသည်။
"ကြောက်တယ်၊ မင်း ငါ့ကို ကြောက်အောင် လုပ်နေပြီ"
နေသူရိန်မင်းခန့် ဝေယံ့ကို ချက်ချင်းပဲ လွှတ်ပေးလိုက်သည်။
ထိုအချိန်မှ မီး ကင်ခံလိုက်ရသည့် ပုစွန် တစ်ကောင်လို ကြမ်းပြင်ပေါ်သို့ ဝေယံ ဒူးကွေးကျသွားသည်။ ရင်ထဲမှာ ထိုးအောင့်နေသည်။ ပြင်းထန်လွန်းလှသော နေသူရိန်မင်းခန့် လုပ်ရပ်များက နှလုံးသားကို သွေး တစက်စက် ယိုကျစေသည်။ နှလုံး သွေးများအဖြစ် မျက်ရည်ပူတွေဟာ မျက်လုံးအိမ်မှ အထိန်းအချုပ် မရှိ ပြိုဆင်းလာတော့သည်။
ဝေယံ၏ မျက်ရည်တို့ကို မြင်သည့်အခါ ကြမ်းတမ်းသော ရက်စက်သော နေသူရိန်မင်းခန့် အပြုအမူများ ရုတ်ခြည်း ပျောက်ကွယ်ကုန်သည်။ မျက်ရည် ပေကျံသော ပါးပြင်ကို လက်ဖျားများဖြင့် ဖွဖွကလေး သုတ်ပေးလာချိန်တွင် နေသူရိန်မင်းခန့် ရင်ခွင်ထဲ ဝေယံ ရောက်နေခဲ့ပြီ ဖြစ်သည်။
အားကိုးတကြီး တိုးဝင် မှီတွယ်ချင်စရာ ကောင်းသော ရင်ခွင်သည် ဝေယံ့ကို ပိုပြီး ဝမ်းနည်းစေသည်။ တိတ်တခိုး ရှိုက်ငင်ရင်း နေသူရိန်မင်းခန့် ပခုံးစွန်းကိုသာ ပါးဖြင့် ထိအပ်လိုက်မိသည်။ ဝမ်းနည်း မျက်ရည်တွေကို မမြင်စေလိုတာကြောင့် ဖြစ်သည်။ သို့သော် တစိမ့်စိမ့် စီးနွှယ်နေသော မျက်ရည်တွေကြောင့် နေသူရိန်မင်းခန့် အင်္ကျီ ပခုံးစွန်းဆီမှာ စိုစွတ်လာသော အထိအတွေ့ကို ဝေယံ ခံစားမိသည်။
"တောင်းပန်ပါတယ်"
နေသူရိန်မင်းခန့် အသံမှာ တိုးတိုးလေး။
ဝေယံ ကြားရရုံကလေးသာ ဖြစ်သည်။
"ယံ့ကို ကျွန်တော် ကြောက်အောင် လုပ်ခဲ့မိပြီ"
ဆံစတို့ကို နှုတ်ခမ်းများဖြင့် နမ်းရှိုက်ရင်း နူးညံ့စွာ ပြောလာချိန် ဝေယံ တိတ်တခိုး ပြုံးမိသွားသည်။ အဲ့ဒီအပြုအမူ၊ အဲ့ဒီအသံနှင့် အဲ့ဒီ မျက်နှာကမှ သူ ချစ်ရသူ ဖြစ်သည်။ တစ်ဆက်တည်းမှာပဲ ဝေယံ ဝမ်းနည်းသွားခဲ့သည်။
နေသူရိန်မင်းခန့်၏ နွေးထွေးသော ရင်ငွေ့ငွေ့မှ တစ်ဆင့် ရှူသွင်းလိုက်ရသော ကိုယ်သင်းနံ့ဟာ ရင်ထဲအထိ ချိုမြ မွှေးသည်။ နောက်ဆို ဒီရင်ခွင်မှ ကိုယ်ရနံ့ကို ဝေယံ ရှိုက်မွှေးခွင့် ရပါဦးမလား။
"ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် ချစ်ကြတာပဲ၊ ဘာလို့များ . . ကျွန်တော် မဟုတ်တဲ့ တခြားတစ်ယောက်နဲ့ လက်ထပ်ချင်ရတာလဲ ယံ"
ခေါင်းညိတ်လိုက်ရမလား။
ခေါင်းခါလိုက်ရမလား။ ဝေယံ သေချာ မသိ။
ပြင်းထန်စွာ အားထုတ်စရာ မလိုသည့် သေးငယ်သော လှုပ်ရှားမှုလေးကိုပင် ပြုလုပ်ဖို့ ဝေယံ့မှာ စွမ်းအင်များ လုံလောက်စွာ မကျန်။ ဝေယံ ဘာစကားမှ မပြောချင်။ နေသူရိန်မင်းခန့် ရင်ခွင်မှာ မှီနေချင်တာပဲ သူ သိသည်။ ဒီရင်ခွင်သည် သူ့ကို ပြည့်စုံ နွေးမြစေသည်။ ခဏလောက်ပဲ ဖြစ်ဖြစ် အနားမှာ နေသူရိန်မင်းခန့် ရှိနေချိန် နောင်အနာဂတ်ကို နေသူရိန်မင်းခန့် မပါဘဲ လျှောက်လမ်းဖို့ ဝေယံ အားယူသင့်ပါသည်။
"တကယ်လို့ . . တစ်ချိန်ချိန်မှာ ငါတို့ ပြန်ဆုံဖြစ်တဲ့အခါ မင်းလည်း မင်းဘဝနဲ့ မင်း၊ ငါလည်း ငါ့ဘဝနဲ့ ငါ ဖြစ်နေရင်တောင် . . သူစိမ်းတွေလို ကျောခိုင်း မသွားဘဲ ရင်းနှီးခဲ့ဖူးတဲ့ အတိတ်က ဖြစ်ရပ်တွေကို အောက်မေ့ တမ်းတပြီး . . ပျော်စရာ အမှတ်တရလေးတွေ ပိုင်ဆိုင်ခဲ့ရတဲ့အတွက် . . တစ်ယောက်ကို တစ်ယောက် အပြုံးနဲ့ နှုတ်ဆက်ကြရအောင်နော် . ."
သိမ်မွေ့သော နှုတ်ဆက် စကားက ပူပြင်းသော မီးစ တစ်ခုနှင့် ထိုးခံလိုက်ရသလို နေသူရိန်မင်းခန့် နှလုံးသားကို စူးအောင့်သွားစေသည်။ မူးနောက်သွားသော အာရုံနှင့် အတူ ရင်ခွင်ထဲမှ ဝေယံ့ကို သူ ဆွဲထူလိုက်မိသည်။
"ဘယ်လိုတောင် ပြောရက်ရတာလဲ၊ ယံနဲ့ ကျွန်တော်က မတူညီတဲ့ လမ်း နှစ်ခုပေါ် လျှောက်နေတာမှ မဟုတ်တာ၊ ယံက ကျွန်တော် ရွေးချယ်ထားတဲ့ လမ်းလေ"
"ဟင့်အင်း၊ မင်းက ပို ကောင်းတာနဲ့ပဲ ထိုက်တန်ပါတယ်"
တစ်လုံးချင်း ပြောလာသော ဝေယံ၏ စကားများက ချွန်ထက်နေသည့် ဓားသွားတွေလို ရင်ဘတ် တည့်တည့်ကို စိုက်ဝင်လာသည်။
အသစ် စရန် အခွင့်အရေး မရှိတော့။ ယခင်လို ပြန်မဖြစ်နိုင်တော့မှန်း နေသူရိန်မင်းခန့် သဘောပေါက်လိုက်သည့် နောက်မှာ နာကျင် မုန်းတီးစွာ ရယ်ချလိုက်မိသည်။ အရာရာကို အရှုံး ပေးလိုက်သည့် ရယ်မောခြင်းမျိုး ဖြစ်သည်။
"ဒီလို လမ်းခွဲ ရမယ်မှန်း ကြိုသိခဲ့ရင် ဘဝ တစ်ခုလုံး ရင်းပြီး မချစ်ခဲ့ပါဘူး၊ အင်းလေ . . ၊ လူတိုင်းနီးပါး လမ်းခွဲဖူးတာပဲ၊ ဘာလို့ ငါ့ကျမှ ကံဆိုးရတာလဲ တွေးပြီး လောကကြီးကို အပြစ် မတင်ချင်ပါဘူး၊ ကျွန်တော့်အတွက် စိတ်မပူပါနဲ့၊ ယံနဲ့ ဆင်တူတဲ့ တခြားတစ်ယောက်ကို ရှာပြီး ချစ်နိုင်ဖို့ ကြိုးစားကြည့်မယ်"
မလိုအပ်ဘူးလို့ ညာချင်ပေမယ့် နေသူရိန်မင်းခန့် ဟန်ဆောင်လို့ မရ။ နောက်ဆုံး နှုတ်ဆက်ချိန်မှာတောင် ဝေယံ့ကို မစွန့်လွှတ်နိုင်သေး။ ဆင်တူသည့် တစ်စုံတစ်ယောက်ကို ချစ်ပေးမည် ဟု ပြောမိသည်။ သူ တကယ်ကို အရှက်၊ သိက္ခာ ကင်းမဲ့လွန်းသည်။
ဟုတ်ပါသည်။
ချစ်သော သူနှင့် တစ်သက်လုံး ဝေးရတော့မည် ဆိုမှတော့ အဲ့ဒီအရာတွေကို ဘာဂရုစိုက်ရမှာလဲ။
"လက်ထပ်ပွဲကို မတက်ရောက်နိုင်တော့တာ ခွင့်လွှတ်ပါ၊ စိတ်ရင်းနဲ့တော့ ဂုဏ်ပြုပါတယ်"
ဝေယံ နေသူရိန်မင်းခန့် ရှေ့မှာ ငြိမ်သက်စွာ ရပ်နေဆဲ။ တားမြစ်ခြင်း မရှိ။ ချော့မော့ ဖျောင်းဖျခြင်း မရှိ။ နေသူရိန်မင်းခန့် ဒေါသတွေ၊ ခံပြင်းမှုတွေ၊ နာကျင်မှုတွေကို အသိအမှတ် မပြုသလို။ မတုန်မလှုပ်သာ ရှိနေသည်။
"Congratulation"
နာကျင် အက်ကွဲသည့် တိုးဖွဖွ စကားသံ အဆုံး မျက်ရည် တစ်စက်ဟာ ပါးပြင်ပေါ်သို့ လိမ့်ဆင်းကျလာသည်။ ထို့နောက် ကျောခိုင်းလျက် ဝေယံ ရှေ့မှ ချာခနဲ နေသူရိန်မင်းခန့် လှည့်ထွက်သွားခဲ့သည်။
တံခါး ဖွင့်သံ၊ ပိတ်သံ။
ထို့နောက် ခြံထဲမှ ကား တစ်စီး မောင်းထွက်သွားသံ။
ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်ခြည်း တိတ်ဆိတ်သွားသည်။
ဝေယံ စိတ်ကို လျှော့ချလိုက်သည်။
ကြမ်းပြင်ပေါ်သို့ ဝုန်းခနဲ ပြိုလဲသွားချိန် ရင်ထဲမှာ တမြေ့မြေ့ နာနေသည်။ သို့သော် မျက်ရည် တစ်စက် မကျ။ သူ ငိုလို့ မရတော့။ ဖြူဆွတ်နေသော မျက်နှာနှင့် လူသေကောင် တစ်ယောက်လိုသာ ကြမ်းပြင်ပေါ် လက်ထောက်ထားမိသည်။
"ကိုယ်တိုင်က လမ်းခွဲပြီး ဘာလို့ ဝမ်းနည်းနေတဲ့ မျက်နှာ ဖြစ်နေရတာလဲ"
ရုတ်တရက် ထွက်လာသည့် အသံကြောင့် ဝေယံ လှည့်ကြည့်လိုက်မိသည်။
အာကာဟိန်းထက် . . ။
တံခါးဝကို မှီရပ်နေသည်။ လက် နှစ်ဖက်ကို တင်းတင်း ပိုက်ကာ ကိုယ်ကို တစ်ခြမ်း စောင်းထား၏။ ဘယ်အချိန်ကတည်းက ရောက်နေသလဲ ဝေယံ မသိ။
"လက်လွှတ်ခြင်းကို ရွေးချယ်တာ မှန်ကန်တယ်လို့ ထင်လား . . ၊ လောလောဆယ်တော့ ရွေးချယ်ခြင်းကို မင်း လက်လွှတ်လိုက်ရပြီ"
အာကာဟိန်းထက် မျက်နှာမှာ ထူးဆန်းသည့် စူးစိုက်မှု တစ်မျိုးကို ဝေယံ မြင်ရသည်။ အပြုံး မရှိ။ ပျော့ပျောင်းမှု မရှိ။
"အနည်းဆုံးတော့ ငါ ဘာဖြစ်ချင်တာလဲလို့ ကိုယ့်ကိုယ်ကိုယ် မမေးခင် . . ဒီရွေးချယ်မှုဟာ ငါ့ဘဝကို ပျော်ရွှင်စေမှာလား ဆိုတာ အရင် မေးကြည့်ပါလား၊ ကိုယ် မင်းကို နောင်တ မရစေချင်ဘူး ဝေယံ"
ဝေယံ အနီးသို့ လျှောက်လာသော အာကာဟိန်းထက် ခြေလှမ်းများမှာ ဖြည်းညင်းလွန်းနေသည်။ ဒဏ်ရာ ရလျက် ဆတ်ဆတ်ခါ တုန်ရီနေသော သားကောင်အား ငဲ့ညှာစွာ ချဉ်းကပ်ခြင်းမျိုးနှင့် ဆင်တူသည်။
"ဒါပေမယ့် ဒီကမ္ဘာမှာ မင်းကို အချစ်ဆုံး လူ တစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီ၊ ကိုယ် မင်းအတွက် ဝမ်းနည်းတယ်"
စုတ်ပြဲနေသော အင်္ကျီ။
နီရဲနေသော နှုတ်ခမ်းများ။
မျက်ရည်များ စုအိုင်နေသည့် မျက်ဝန်း။
ကြမ်းပြင်ကို ထောက်ထားသော လက်ချောင်းတို့မှာ တဆတ်ဆတ် တုန်နေသေးသည်။ ပခုံးပေါ်မှ သွေးစို့ချင်သည့် သွားရာ ဖွေးဖွေးကို အာကာဟိန်းထက် မြင်ချိန်မှာတော့ ချက်ချင်းပဲ ဂျင်း အနွေးထည်ကို ချွတ်ပြီး ဝေယံ့ကို လွှမ်းခြုံပေးမိသည်။
"ထ . . ကိုယ့်အိမ်ကို သွားရအောင်"
ဝေယံ ကိုယ်ခန္ဓာက ခပ်လေးလေး သစ်တုံး တစ်တုံးလို အာကာဟိန်းထက် ဆွဲထူရာသို့ ပါလာသည်။
"ဒီပုံစံနဲ့ မင်း အိမ်ကို ပြန်လို့ မဖြစ်ဘူးလေ"
ရီဝေသော မျက်ဝန်းတို့ဖြင့် အိမ်ကြီးကို နောက်ဆံ တငင်ငင် လှည့်ကြည့်ရင်းနှင့်ပဲ အာကာဟိန်းထက် ခေါ်ရာ နောက်သို့ ဝေယံ ပါသွားခဲ့သည်။
ပြန်မပိတ်ခဲ့ရသော တံခါးကြီး၏ အနီးတွင် စိမ်းလဲ့ရောင် ကြွေပန်းအိုး တစ်အိုး ရှိနေသည်။ ပန်းထိုးထားတာ ရက် အနည်းငယ် ကြာပြီ ဖြစ်သည့် တစ်စည်းတည်းသော အဖြူ၊ အပြာစပ် Sweet Pea ပန်းတို့မှာ နုဖတ်စွာ ပွင့်လန်းလျက် ရှိသည်။
ဝမ်းနည်းစရာကောင်းစွာ . . .
ထိုပန်း၏ အဓိပ္ပါယ်မှာ နှုတ်ဆက်ပါသည် ဟူ၍ ဖြစ်သည်။
~•~ S U N ~•~
9 / October / 2020
1 : 50 PM