သူတို့နှစ်ယောက်ကြားမှာ ပစိဖိတ်သမုဒ္ဓရာကြီး ကာဆီးနေသည့်တိုင် လီရှော့သည် လီချန်းရှို့တစ်ယောက် ထိုနာမည်ကိုကြားစဉ်မှာ ဘယ်လောက်တောင် တုန်လှုပ်ခြောက်ခြားနေမလဲဆိုတာ တွေးကြည့်လို့ရနေသည်။ ထိုခံစားချက်က သူ့နှလုံးသားကို ပြင်းပြင်းထန်ထန် နာကျင်ရစေ၏။
သူက ဒေါပွပွနဲ့ပင် ဆက်ပြောလိုက်သည်။
"ကိုယ်လက်ရှိ ပတ်သက်မိနေတဲ့ကိစ္စက ဟိုးတုန်းကတည်းက ပြီးပြတ်ပြီးသားတွေ။ ပြီးတော့လည်း ဘယ်သူတွေမှ သိခဲ့တာမဟုတ်ဘူး။ ကိုယ့်ကို ကြံစည်တဲ့လူက အဲဒါတွေအတွက် အကျိုးအမြတ်မရရုံတင်မဟုတ်ဘူး။ သူ့တို့ပြဿနာကိုပါ သူတို့ကမီးထွန်းရှာနေကြတာ။ထပ်ခါတစ်လဲလဲ စဉ်းစားကြည့်ပြီး ကိုယ် ကောက်ချက်ချနိုင်တာကတော့ တစ်ခြား ရှယ်ယာရှင်တစ်ယောက်ကလုပ်တာလို့ထင်တယ်။ ကိုယ့်ကိုဒီလိုမျိုး ပစ်မှတ်ထားတာမျိုးက သေချာပေါက် ပုဂ္ဂိုလ်ရေးအရ လက်စားချေတာမျိုးပဲ"
လီရှော့ကတုံ့ဆိုင်းသွားပြီးမှ
"ပုဂ္ဂိုလ်ရေးရာအရ လက်စားချေမယ့်အရေးနဲ့ ပတ်သက်ပြီးပြောရရင်တော့ အဲ့အချိန်မှာ ရှောက်ချွမ်ကိုပဲ ကိုယ်စဉ်းစားမိတယ်"
လီချန်းရှို့အသံက ငိုချတော့မယောင်ပင်။
"အစ်ကိုလီ....တကယ်ပဲသူလားဟင်"
လီရှော့က ခပ်တိုးတိုးပြောလိုက်သည်။
"သူဖြစ်ဖို့များတယ်"
"ဒါဆို အစ်ကို ပြန်လာလို့မရသေးဘူးပေါ့"
"အခုလောလောဆယ်ပေါ့။ ကိုယ်မကြောက်ပါဘူး။ မစွန့်စားရဲရုံတင်ပါ။ ဒီအခြေအနေတိုင်းဆိုရင် အဆိုးဆုံးဖြစ်လာမှာက ကိုယ်တရုတ်ကို ဘယ်တော့မှ ပြန်ဝင်ခွင့်မရရုံပေါ့။ ဒါပေမဲ့ ပြန်သာလာခဲ့ရင်....ဘာတွေဖြစ်မလဲ ကိုယ်မသိဘူး"
လီချန်းရှို့ရဲ့အသက်ရှုသံတွေတောင်မှ တစ်သိမ့်သိမ့်တုန်ယင်နေသည်။
လီရှော့ကအသံအက်အက်ဖြင့် စကားဆိုလိုက်သည်။
"ချန်းရှို့...ခုချိန်မှာ ကိုယ်မင်းကို စိတ်အပူဆုံးပဲ။ တကယ်လို့ရှောက်ချွမ်သာ ဒီကိစ္စနောက်ကွယ်မှာရှိရင် သူ့ရဲ့ပထမခြေလှမ်းက ကိုယ်တရုတ်ကိုပြန်မလာအောင် တားဆီးဖို့ဆိုရင် ဒုတိယခြေလှမ်းက မင်းကိုလိုက်ရှာဖို့ပဲဖြစ်မှာ။ မင်းနေဖို့နေရာသစ်ကို ရှာထားပေးဖို့ ကိုယ့်လက်ထောက်ကိုပြောထားလိုက်မယ်။ မင်းလည်း ကြိုပြင်ဆင်ထားလိုက်တော့"
လီချန်းရှို့က တိုးတိတ်စွာပင် တုံ့ပြန်လာသည်။
"အစ်ကိုလီ...ကျွန်တော်တောင်းပန်ပါတယ်..."
"ချန်းရှို့...မင်းတောင်းပန်စရာမလိုဘူးလေ။ ဒါမင်းအမှားမှ မဟုတ်တာ။ကိုယ် မနေ့က ကိစ္စအများကြီး စဉ်းစားကြည့်ခဲ့တယ်။ ကိုယ့်မိဘတွေ အသက်ကြီးလာတဲ့အကြောင်း၊ ဒီဖြစ်ရပ်အကြောင်းရော စဉ်းစားကြည့်ခဲ့တယ်။ဒါက ကိုယ့်ကိုလမ်းကြောင်းပြနေတဲ့ ကံအကြောင်းတရားလည်း ဖြစ်ချင်ဖြစ်မယ်။ကိုယ့်အတွက် USမှာ အချိန်အတိုင်းအတာတစ်ခုလောက်ထိ နေရဖို့လည်း ဖြစ်ချင်ဖြစ်မယ်။ အခု ကိုယ့်မှာ မင်းကိုမေးချင်နေတဲ့မေးခွန်းတစ်ခုနဲ့ ကြားချင်နေတဲ့အဖြေတစ်ခု ရှိတယ်။"
"ဘာများလဲ"
"မင်း USကို လာချင်တဲ့ဆန္ဒရှိလား"
ဖုန်းရဲ့တစ်ဖက်က စကားသံက ငြိမ်ကျသွားသည်။
လီရှော့ သည်လက်တစ်ဖက်နဲ့မျက်လုံးများကို အုပ်ထားမိသည်။ ဒီမေးခွန်းကိုမေးဖို့ သူ့ရဲ့သတ္တိတော်တော်များများကို ထုတ်သုံးလိုက်ရသည်။သူတို့နှစ်ယောက်ကခုထိ ခိုင်မာတဲ့ Relationshipတစ်ခုလို မတိုးတက်သေးမှန်း သူကောင်းကောင်းသဘောပေါက်ထား၏။။သူ့အပေါ်မှာ လီချန်းရှို့က ချစ်ခြင်းတရားထပ် ကျေးဇူးသိစိတ်က အလေးသာနေမှန်းလည်း သူသိသည်။
"ဒါကြီးက ဆုံးဖြတ်ချက်ချဖို့ သိပ်ကြီးလွန်းတဲ့ကိစ္စဆိုတာ ကိုယ်သိပါတယ်။မင်းဘဝကိုလည်း ပြန်စရမယ်။ မင်းရင်းနှီးနေတဲ့ ပတ်ဝန်းကျင်ကိုလည်း စွန့်ခွာခဲ့ရမယ်ဆိုတော့ ဒီဆုံးဖြတ်ချက်က ဘယ်သူမဆို ခက်ခဲနေမှာပါပဲ။ ဒါပေမဲ့လည်း မင်းသာသဘောတူရင်လေ အရာအားလုံးကိုကျော်လွှားနိုင်မှာပါ။ ဘာသာစကားအတာအဆီး၊ ပတ်ဝန်းကျင်၊ သူငယ်ချင်းတွေ အလုပ်အကိုင်တွေ အရာအားလုံးကို ကျော်လွှားနိုင်မှာ။ ကိုယ် ဒီမှာရှိနေမှာမို့ မင်းလုပ်ရမှာက သဘောတူလိုက်ဖို့ပါပဲ"
"ကျွန်တော်...ကျွန်တော် မသိတော့ဘူး"
"အရင်ဆုံး မင်းရဲ့ ဗီဇာရအောင်ကူညီပေးဖို့ကိုယ့်လက်ထောက်ကို ပြောထားလိုက်မယ်။ အဲ့ဒီအချိန်မှာ မင်းသေချာစဉ်းစားကြည့်ပေါ့။ လေယာဉ်ပေါ်မတက်ခင်ထိ မင်းမှန်တယ်ထင်ရင် နောက်ဆုတ်လိုက်လို့ရပါတယ်။ ဒါပေမဲ့ USမှာ မင်းကို ပွေ့ဖက်ထားနိုင်မယ့် တစ်ရက်ရက်ကိုတော့ ကိုယ်တကယ်မျှော်လင့်မိတယ်"
**************
သူ့မိဘတွေ ထူးဆန်းတာတစ်ခုခုကို သတိမထားမိစေရန်ငှာ လီရှော့သည် ရေမိုးချိုးကာ သူ့မျက်နှာကို စေ့စေ့စပ်စပ် ရိတ်သင်ပြီး သူ့ကိုယ့်သူ အပြစ်ပြောစရာမရှိအောင် ပြင်ဆင်လိုက်သည်။
သူ တရုတ်ကိုပြန်ရောက်ခဲ့စဉ်တုန်းက သူ့ရဲ့ကိုယ်ပိုင်ကုမ္ပဏီလေး အခြေကျအောင် အခက်အခဲတွေကိုဖြတ်သန်းနေရဆဲ ဖြစ်သည်။ လီရှော့သည် ပိုက်ဆံကိစ္စနဲ့ ပတ်သက်ပြီး သူ့မိဘတွေကိုတစ်ခါမှ မတောင်းဆိုခဲ့သလို သူ့ဖိအားတွေနဲ့ပတ်သက်ပြီးတော့လည်းတစ်ခါမှပင် မညည်းညူခဲ့။အခုဆို သူ့မိဘတွေကသူတို့ဘဝမှာ ပျော်ရွှင်ရမယ့်အသက်ရွယ်ကိုရောက်ပြီမို့ သူ့အတွက်နဲ့ သူတို့ကို စိတ်ပူရအောင်လည်း မလုပ်ချင်တော့ပါချေ။
သူ့ကိုယ်သူ သေသပ်သန့်ရှင်းအောင် ပြင်ဆင်ပြီးသွားတော့မှ သူက အောက်ထပ်ကို ဆင်းလာခဲ့သည်။
သူ့ကိုမြင်မြင်ချင်း မစ္စတာလီမေးသောပထမဆုံးမေးခွန်းသည်က
"မနေ့က မင်း ကျင်ရှင်းကိုသွားကြည့်တော့ သူဘယ်လိုနေသေးလဲ" ဟူ၍ပင်။
"အတော်လေး သက်သာနေပါပြီ။ နောက်ရက်နည်းနည်းလောက်ဆို ယောင်ရမ်းနေတာတွေ သက်သာလောက်ပါပြီ။"
"အိုး တော်သေးတာပေါ့။နောက်ဆက်တွဲ အကျိုးဆက်တွေ မကျန်ခဲ့ပါစေနဲ့လို့တော့ မျှော်လင့်မိပါရဲ့"
ရုတ်တရပ်ကြီးပင် လီရှော့သည် ကျောက်ကျင်ရှင်းအတွက် ထမင်းဟင်းတွေ ခုထိ မပို့ရသေး ဆိုတာကို သတိရမိသွားသည်။
လီရှော့က ကျောက်ကျင်ရှင်းရဲ့တိုက်ခန်းနဲ့အနီးဆုံးက စားသောက်ဆိုင်ကို ဖုန်းဆက်ကာ ကျောက်ကျင်ရှင်းအခန်းကိုသွားပို့ပေးဖို့ တောင်းဆိုလိုက်သည်။ထို့ပြင် "ဆေးကို အချိန်မှန်သောက်" ဟူသော စာတိုလေးပါချန်ခဲ့ပေးဖို့ ထိုသူတွေကို ညွှန်ကြားထားလိုက်သည်။
စားသောက်နေစဉ်မှာပင် မစ္စလီက သူမသားကို ဘယ်ချိန်ပြန်ဖြစ်မလဲ မေးမြန်းလိုက်သည်။
"အိုး..ကျွန်တော်အလျင်မလိုပါဘူး"
လီရှော့ကပြုံးရင်းပြန်ဖြေသည်။
"ခုတလော ကုမ္ပဏီမှာ လုပ်စရာလည်း သိပ်မရှိဘူးလေ။ အခု ကျွန်တော်ပြန်ရောက်နေတုန်းလေး မေမေတို့နဲ့ အချိန်ပေးပြီး နေချင်လို့"
"ကောင်းတာပေါ့ကွဲ့"
မစ္စလီက ဝမ်းမြောက်ဝမ်းသာတုံ့ပြန်သည်။
"သားအန်ကယ်လ်ကျောက်က ချန်သောက်ကျွန်းမှာ အားလပ်ရက်အတွက် ဗီလာဝယ်ထားတာ။ ပြီးတော့သူက မေမေတို့ကို အမြဲဖိတ်ခေါ်နေတာ။ခုတစ်ခါတော့ သားလည်းရှိနေတာဆိုတော့ အားလပ်ရက်ကို တူတူသွားကြတာပေါ့"
လီရှော့ရဲ့အပြုံးတွေက တင်းခဲသွားရသည်။
"မိသားစုနှစ်စု အတူတူသွားဖို့...ဟုတ်လား"
"အင်းလေ...ကျင်ရှင်းကလည်း အိမ်မပြန်ချင်သေးဘူးတဲ့လေ။ အခုသူ့လက်ကလည်း ဒဏ်ရာ ရနေတာဆိုတော့ တကယ်လို့ သူတို့မိသားစုတွေ ခရီးအတူသွားကြမယ်ဆိုရင် သူတို့သားကို ဂရုစိုက်ပေးဖို့ ပိုလွယ်သွားတာပေါ့"
"အာ..."
လီရှော့အတွက်ကတော့ ခရီးအတူသွားဖို့ စိတ်မပါရုံသာမက ကျောက်ကျင်ရှင်းနဲ့ အခန်းတစ်ခုတည်း မျှသုံးဖို့တောင် နည်းနည်းလေးမှ စိတ်ဝင်စားခြင်းမရှိ။
"မင်းအမေက စကပ်အသစ် လေးထည်တောင် ဝယ်ထားပြီဗျား"
မစ္စတာလီက လီရှော့ကို မျက်လုံးတစ်ဖက်မှိတ်ပြရင်း ဆိုသည်။
"ဟုတ်လား..."
လီရှော့က အားတင်းပြုံးပြလိုက်ရသည်။
"ဒါဆို ကျွန်တော်လည်း ကင်မရာတစ်ခုလောက်ပြင်ထားမှပဲ။ ပြီးရင်တော့ ကျွန်တော့်အမေ ဘယ်လောင်လှလဲဆိုတာ ဓာတ်ဖမ်းပေးရမယ်"
သူ့အတွက် ဘာဆင်ခြေကောင်းကောင်းကိုမှ မတွေးတတ်တော့။
မစ္စလီက ရယ်မောလိုက်၏။
"ဟုတ်ပါပြီရှင်။ ဒါနဲ့..သားကောင်လေးနဲ့ မေမေတို့ကို စကားပြောခိုင်းမလို့ ဆိုပြီး သားပြောဖူးသလားလို့"
"အခုလောလောဆယ် ခဏမေ့ထားတာ။ သူက အရမ်းရှက်နေလို့လေ။ ကျွန်တော်သူ့ကို USကို ခေါ်လာမှာပါ။ အဲ့ဒီအခါကျမှ စကားပြောကြတော့ပေါ့"
လီရှော့ရဲ့ မျက်ဝန်းထဲမှာ အထီးကျန်နေတဲ့ အရိပ်အယောင်တို့က ဖြတ်ပြေးသွားသယောင်ပါပင်။
"ကောင်းပြီ။ ဒါဆိုလည်း လာကြ လာကြ။ ဒီ ပင်လယ်မျှော့ကို မြည်းကြည့်ကြဦး"
လီရှော့တစ်ယောက် စားသောက်နေစဉ်မှာပင် သူ့ဖုန်းက နှစ်ခါလောက် မြည်သွားသည်။ သူက အရေးကြီးတဲ့ဖုန်းကောလ်တွေ မက်ဆေ့ခ်ျတွေ ကိုလွတ်သွားမှာစိုးရိမ်တာကြောင့် ဖုန်းကို ကောက်မကာ ယူကြည့်လိုက်သည်။ ပို့သူက ကျောက်ကျင်ရှင်း ဖြစ်နေသည်။
"ကျွန်တော်နဲ့သဘောတူထားတဲ့ကိစ္စကို စားသောက်ဆိုင်က ဟင်းတွေပို့ခိုင်းပြီး ဖြေရှင်းလိုက်တယ်ပေါ့"
မက်ဆေ့ခ်ျနဲ့တစ်ဆက်တည်း ပါလာသည်က ငိုနေသော အီမိုဂျီပါပေ။
လီရှော့က ခပ်မြန်မြန်ပင်စာပို့လိုက်သည်။
"ဆေးသောက်ပြီးပြီလား"
"ခင်ဗျား ကျွန်တော်နဲ့လာနေ မပေးမချင်း ဆေးလည်းမသောက်ချင်ဘူး။ အစာလည်းမစားချင်ဘူး"
"ကိုယ်ဒီနေ့ လုပ်စရာရှိတယ်။ မလာနိုင်သေးဘူး"
"မလာနိုင်လည်းရတယ်လေ။ ခင်ဗျားရဲ့ ကိုယ်လုံးတီးပုံသာ ပို့ပေး"
လီရှော့တစ်ယောက် ဖုန်းကိုစားပွဲပေါ်တင်ထားလိုက်ကာ လျစ်လျူရှုပစ်လိုက်တော့သည်။
ဖုန်းကတော့ မရပ်မနားကို တစ်တီတီမြည်နေတော့၏။
လီရှော့ရဲ့ မိဘနှစ်ပါးကတော့ သူ့ကို နားမလည်သလို စိုက်ကြည့်နေကြသည်မို့ သူက အတော်လေး ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။
"ကျွန်တော့်လက်ထောက်က စာဖိုင်တစ်ချို့ ပို့ပေးနေလို့ပါ"
သူက အမြန်အဆန်ပင် ဟင်းလျာတို့ကို နှစ်ခါသုံးခါလောက် စားသောက်လိုက်ပြီးမှ ဖုန်းကို ကောက်ကိုင်ကာ သူ့အခန်းဆီ ပြန်လာခဲ့သည်။
ဖုန်းကိုကြည့်လိုက်တော့ ကျောက်ကျင်ရှင်းတစ်ယောက်ဟာဖြင့် စာတော်တော်များများကို ပို့ထားပါ၏။
"တင်ပါးလေးဆို တော်ပါပြီ"
"ကောင်းပြီဗျာ။ ရင်ဘတ်ပုံပဲပို့"
"ဒါဆိုလည်း ခါးလေးဖြစ်ဖြစ် ပေါင်လေးဖြစ်ဖြစ် ပို့ပေး။ဒီထပ်ပိုပြီး အလျော့မပေးနိုင်တော့ဘူး"
"ကောင်းပြီ။ လက်ပုံလေးပဲ ပို့ပေးတော့ ဟုတ်ပြီလား"
"လီရှုရှု...ကျွန်တော် ခင်ဗျားလက်တွေကို တကယ်ကြိုက်လို့ပါ။ ပုံလေးရိုက်ပြီး ပို့ရုံလေးတင်ကို။ ဒီနေ့ လိမ်လိမ်မာမာနေမယ်လို့ ကတိပေးတယ်ဗျာ ဟုတ်ပြီလား"
လီရှော့မှာ ငိုရခက် ရယ်ရခက်ပင်။ ဒီလောက် မျက်နှာပြောင်တိုက်ကာ အရှက်မရှိတဲ့လူကို တစ်ခါမှပင် မတွေ့ဖူးသေးပါချေ။ သူသည် ဖုန်းက ကင်မရာကိုဖွင့်ကာ သူ့လက်ကို ဓာတ်ပုံရိုက်၍ ပို့ပေးလိုက်ရသည်။
"မင်းပြောထားတဲ့အတိုင်း လိမ်လိမ်မာမာနေ"
ကျောက်ကျင်ရှင်းက စာတစ်ကြောင်းနဲ့အတူ အပြုံးအီမိုဂျီကိုပြန်ပို့လိုက်၏။
"ဒီလက်လေးက ကျွန်တော့်ညီလေးကို ကိုင်ထားမယ့်အကြောင်း လိမ်လိမ်မာမာတွေးနေပါ့မယ်"
လီရှော့မျက်နှာက နီရဲသွားသည်။သူက လက်ခလယ်ထောင်ပြထားတဲ့ပုံကို ရိုက်ပြီး ပို့ပေးလိုက်တော့သည်။
ကျောက်ကျင်ရှင်းတစ်ယောက်ဟာဖြင့် သွေးဆောင်ဖြားယောင်းတတ်သည့် နတ်ဆိုးတစ်ပါးပါပင်။
ခဏလောက်ကြာတော့ လီရှော့ဖုန်းက ထပ်မံတုန်ခါလာပြန်၏။ မျက်ဝန်းထောင့်စွန်းကနေကြည့်လိုက်တော့ ကျောက်ကျင်ရှင်းဆီက ထပ်မံရောက်ရှိလာသော မက်ဆေ့ခ်ျပင် ဖြစ်နေပြန်သည်။သူက တဒင်္ဂလောက်တုံ့ဆိုင်းသွားပြီးမှ သိချင်စိတ်ကို ထိန်းမရပြန်တာကြောင့် ဖွင့်ဖတ်လိုက်တော့သည်။
"ခင်ဗျား တရုတ်မှာ ပြဿနာတစ်ချို့ ရင်ဆိုင်နေရတာ ကျွန်တော်သိတယ်။ ကျွန်တော် ခင်ဗျားကို ကူညီပေးချင်တယ်"
လီရှော့က တောင့်ခဲသွားကာ သူ့လက်ချောင်းတို့က စခရင်မ်ပေါ်မှာ အမြန်ပြေးလွှားသွားသည်။
"ကိုယ့်နောက်ကို ထပ်ပြီး နောက်ယောင်မခံစမ်းနဲ့!"
"ဒါတွေအားလုံးက ခင်ဗျားကို သဘောကျလို့ပဲလေ"
ူသဘောကျတယ်တဲ့လား။
"သဘောကျတယ်" ဆိုတာ ဘယ်လိုမျိုးပါလိမ့်။
ရှောက်ချွမ်က လီချန်းရှို့ကို သဘောကျခဲ့လား။ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူ့ဘက်က လီချန်းရှို့ကိုပေးခဲ့သမျှက နာကြင်မှုချည်းပဲ။
လီချန်းရှို့ကသူ့(လီရှော့)ကိုရော သဘောကျပါရဲ့လား။ ဖြစ်ကောင်းဖြစ်နိုင်ပါရဲ့။ ဒါပေမဲ့လည်း အဲဒီသဘောကျမှုတွေထဲမှာ ကျေးဇူးတင်စိတ်တွေနဲ့ ယုံကြည်အားထားစိတ်တို့က ဘယ်လောက်များများ ပါဝင်နေပါလိမ့်။
ပြီးတော့ ကျောက်ကျင်ရှင်းကရော...။ သူ့လိုလူမျိုးက ဒီလိုစကားတွေကို ခဏခဏပြောလွန်းလို့ အကျင့်တစ်ခုလိုတောင် ဖြစ်နေမှာ သေချာပေါက်ပါပင်။ နားထောင်လို့ကကောင်းပါရဲ့။ အသုံးမဝင်တာကခက်သည်။
လီရှော့က ခနဲ့တဲ့တဲ့ရယ်လိုက်ရင်း ပြင်းပြင်းထန်ထန် စကားလုံးတွေသုံးနှုန်းထားတဲ့ မက်ဆေ့ခ်ျကိုပြန်ပို့လိုက်သည်။
"သူတစ်ပါးကိစ္စထဲ ဝင်မစွက်ဖက်စမ်းပါနဲ့"
Mal's Note : wallထဲမှာ Blooming Romanceဆိုတာလေး အသစ်တင်ထားတာ။ ဝင်ကြည့်ပေးဦးနော်😁
ကလေးတွေရော အခြေအနေ ဘယ်လိုရှိကြလဲ။
Have a nice day☺️