ဝဋ်ဆိုတာ နောင်ဘဝမကူး ...ချက်ချင်းလက်ငင်း လည်တတ်သည် ...။
အချစ်ဆိုတာ သူနဲ့မှရူး ပြုသမျှ နု၍ ခံရတတ်၏ ...။
**** ***** ***** ***** *****
တောင်တန်းတွေအကြားကို လိမ္မော်ရောင် နေလုံးကြီးက တဖြေးဖြေး ဝင်ရောက်သွားတဲ့ ရှု့ခင်းအား ကျောင်းသားတွေ ငေးမောကြည့်နေမိကြသည်။ "လှလိုက်တဲ့ရှု့ခင်း"လို့ ပါးစပ်ကနေ မပြောဘဲ မနေနိုင်လောက်ကြတဲ့ အထိပင်။ နေရောင် ကွယ်ပျောက် သွားပြီးနောက်မှာ ညအမှောင်ဘက်ကို ကူးပြောင်းလာခဲ့၏။
တောင်ထိပ်ပိုင်းမှာ ရောက်နေတာမို့ မြေပြင်မှာရှိတဲ့ လေထုထက် အနည်းငယ်လောက်လေးတော့ ပြင်းရှရှပါ။ ပြီးတော့ အအေးဓာတ်ကလည်း ပိုကဲပါသေးသည်။ သူတို့ရောက်လာတဲ့အချိန်က မိုးအကုန် ဆောင်းအကူးကာလမို့ မနေနိုင်လောက်အောင် အေးစိမ့်ပြီး ခဲနေတာမျိုးလည်း မဟုတ်ပါ။
မိုးရာသီမဟုတ်တော့တာကြောင့် ကောင်းကင်မှာ millionsနဲ့ချီတဲ့ ကြယ်တွေကိုလည်း ရှင်းလင်းစွာ မြင်နေရသည်။ မြောက်များလွန်းလှတဲ့ ကြယ်အစုအဝေးကြီးက အနက်ရောင် ကတ္တီပါခင်းကြီးမှာ ကျဲချထားတဲ့ စိန်ပွင့်တွေလိုမျိုး တလက်လက်ထနေ၏။
ကျောင်းသားတွေကတော့ အဲ့ဒီ့ကောင်းကင်ကြီး အောက်မှာ သူ့တပ်စုနဲ့သူ မီးပုံပွဲလေးတွေ တဝိုက်တွင် ဝိုင်းထိုင်နေကြလေသည်။ ဒေသခံတိုင်းရင်းသား အထမ်းသမားတွေ သယ်ဆောင်လာပေးတဲ့ ဒေသထွက် အစားအသောက်နဲ့ ခေါင်ရည်အရက်တွေကို သောက်ရင်း အနားယူအပန်းဖြေနေကြသည်။
တချို့က သီချင်းတွေ အော်ဆိုနေကြပြီး တချို့ကလည်း မီးပုံကိုပတ်၍ တန်းစီကာ က,နေလေရဲ့။ တချို့ကလည်း ကနေသူတွေကို လက်ခုပ်တီးပြီး အားပေးနေကြသည်။ တကယ့်ပျော်စရာ အချိန်တွေပါပဲ။ ကောင်းသစ်လွင်က အဲ့ဒီ့အဖွဲ့မှာ တခြားကျောင်းသားတွေနဲ့ ဝင်၍က,နေပြီး နီနီသစ်လွင်နဲ့ မိုင်းကတော့ အားပေးလပ်ခုပ်တီးတဲ့ အဖွဲ့မှာ ရှိနေသည်။ လင်းရဝေကျတော့ ဂျူနီယာတချို့နဲ့အတူ ကြယ်တာရာ နက္ခတ်တွေအကြောင်း ထိုင်ပြောနေလေ၏။
"နီနီ နင့်လက်ထဲက ပုလင်းက ဘာတွေလဲ ခေါင်ရည်လား ငါ့ကိုလည်း နည်းနည်းတိုက် ..."
မိုင်းက ဖျော်ဖြေရေးတွေကို ထိုင်ကြည့်ရင်း နီနီလက်ထဲက ပုလင်းဆီ အာရုံရောက်သွားခဲ့သည်။
"ခေါင်ရည်တော့ မဟုတ်ဘူး ဒါပေမယ့် အရက်ပဲ နင်သောက်ကြည့် ..."
တစ်ခါသုံး ခွက်ငယ်လေးထဲကို နီနီက ပုလင်းထဲက အရည်အချို့ကို ထည့်ပေးလိုက်သည်။ အရောင်က အဝါရောင်ကျဲကျဲ။ အနံ့ကချဉ်စူးစူး။ မိုင်း ယူသောက်ကြည့်လိုက်တော့ အရသာက ချိုသလိုလို ချဉ်သလိုလိုလေး။
"ဒါဘာလဲ နင်ပြောတော့ အရက်ဆို ...အချိုရည်လိုပဲ ချိုချဉ်အရသာနဲ့ ..."
"စောစောတုန်းက လမ်းပြဂိုက် အစ်ကိုတွေက ခေါင်ရည်အခါးကို မသောက်နိုင်တဲ့ မိန်းခလေးတွေအတွက် ဆိုပြီးတော့ ပေးလို့ ငါယူလာတာ ...အချဉ်ဖောက်ထားတဲ့ ဒေသထွက် သစ်သီးအရက်တဲ့... မသိရင် အချိုရည်နဲ့တူတယ်နော် ..."
"အေး... သောက်လို့တော့ ကောင်းတယ် ...ဒါဆို ဒါက ခေါင်ရည်လို မမူးဘူးပေါ့ အဲ့လိုလား ..."
"မမူးတာတော့မဟုတ်ဘူး ...အရက်သောက်လေ့မရှိတဲ့ သူတွေအတွက် ဆိုရင်တော့ နည်းနည်းယစ်မူးစေနိုင်တယ်တဲ့ ..."
"အော် ..."
"နင်သောက်မလား ရော့ ..."
"ဟင့်အင်း ငါ အခါးပဲ သောက်တော့မယ်..."
မိုင်းတို့က Alcoholဒဏ်ကို အတော်လေး ခံနိုင်သူတွေမို့ ပျော့တဲ့အရက် အမျိုးအစားတွေကို သိပ်မသောက်ချင်ပေ။
"မိုင်း ..."
"ဟင် ..."
"သဏ္ဍန်ဆန်းရော ဘယ်မှာလဲ ငါသူ့ကို မတွေ့ဘူး ..."
ဟုတ်ပါသည်။ ဖျော်ဖြေရေး အုပ်စုထဲမှာရော အားပေးသူအုပ်စုထဲမှာပါ မရှိနေပါ။ စကားထိုင်ပြောနေကြတဲ့ လင်းရဝေတို့ အုပ်စုတွေထဲမှာလည်း မရှိ။ သဏ္ဍာန်ဆန်းရဲ့ အရိပ်အယောင်ကို မြင်ကိုမမြင်ရ။
"စီနီယာကိုစိုင်းနဲ့ ခဏလိုက်သွားတယ် ..."
"ဘယ်သွားတာလဲ ..."
"လမ်းပြဂိုက် အစ်ကိုတွေနဲ့ စကားသွားပြောတာထင်တယ် ...အဲ့ဒီ့တဲဘက်ကို သွားကြတာ မြင်လိုက်တယ် ..."
"အံမယ် ...နင်က သူဘယ်သွားတယ် ...ဘာလုပ်တယ် ...အကုန်သိတယ်နော် ..."
"သိတာပေါ့ လိုက်ကြည့်နေတာကိုး ..."
မိုင်းက တချက်ပြုံးလိုက်ပြီး ခေါင်ရည်အခါးတစ်ခွက်ကို လှမ်းယူကာ မော့လိုက်လေသည်။ သူတို့နှစ်ယောက် ထိုင်နေတဲ့ နေရာဘေးမှာက နေရာအလွတ်တွေရှိနေသည်။ တခြားကျောင်းသားတွေ လာကပ်ထိုင်နေတာမျိုး မဟုတ်တာမို့ ဘေးချင်းကပ် စကားပြောသမျှက ဘယ်သူမှမကြားနိုင်။
"နင်သူ့ကို ချစ်နေပြီလား ..."
"အင်း ဟုတ်တယ် ချစ်နေမိပြီ..."
ထင်ထားတာထက် ပို၍မြန်ဆန်လွန်းစွာ တိတိကျကျ ဝန်ခံလာသော မိုင်း။ အရင်က နီနီတို့မေးလိုက်တိုင်း ချစ်တဲ့အဆင့်ထိ မရောက်သေးဘူးလို့သာ ပြန်ဖြေတတ်တဲ့သူ။ အခုကျတော့ အဖြေတွေက ပြောင်းလဲချိန် တန်သွားခဲ့ပြီ ထင်သည်။
"ချစ်နေပြီဆိုရင်လည်း သိသိသာသာ သူ့ရှေ့မှာ ဝပ်ဆင်းပြမနေနဲ့ မိုင်း ..."
"ဘာလို့လဲ ..."
"သိပ်ချစ်ရတဲ့သူက အရှုံးတဲ့ ...အဲ့ဒီ့စကား နင်ကြားဖူးလား ...တချို့တွေက အရမ်းချစ်ပြလွန်းနေရင် ငြီးငွေ့လာတတ်ပြီး အနှောင့်အယှက်လို့ မြင်လာနိုင်တယ်လေ ...နင်က အရမ်းချစ်ပြလွန်းနေလို့ ဆန်းက တမင်အနိုင်ယူပြီး ဆိုးပြနေတာ မဟုတ်မှန်းတော့ ငါတို့သိတယ်...ဒါပေမယ့် နင်ချစ်လို့ ဂရုစိုက်ပေးနေတာတွေက သူ့အတွက် အနှောင့်အယှက်လို့ တွေးနေတဲ့ပုံပဲ ..."
နီနီက မြှောက်ပေးတာမျိုးလည်း မလုပ်။ နောက်ဆုတ်ဖို့လည်း မပြော။ ချစ်ခြင်းမှာ အနှောင့်အယှက်လို့ မြင်လာတဲ့အခါ ပန်းတိုင်က ပို၍ ဝေးကွာသွားနိုင်သည် မဟုတ်လား။ နီနီက ဒါကိုသူငယ်ချင်းအတွက် စိုးရိမ်၍ သတိပေးခြင်းပါ။
"ငါလည်း သိပါတယ် အဲ့ဒါတွေ ...ဒါပေမယ့် သူနဲ့ပတ်သက်လာရင် ငါ့ကိုယ်ငါ ထိန်းချုပ်နိုင်စွမ်းတွေက မေ့မေ့ပျောက်ပျောက် ဖြစ်ကုန်တာ အမြဲပဲ ..."
"သဏ္ဍာန်ဆန်းနဲ့ တွေ့ပြီးနောက်ပိုင်း နင်ကလေ နင်နဲ့ မတူတော့ဘူး သိလား မိုင်း ..."
မိုင်းက နီနီ့ကို ဘာမှပြန်မပြောဘဲ ပြုံးပြလိုက်ပြီး ကောင်းကင်က ကြယ်တွေကို တချက်မော့ကြည့်လိုက်၏။ ဒါပေမယ့် စိတ်ထဲမှာတော့ "ငါသူ့ကို ချစ်မိသွားထဲက ငါက ငါနဲ့မတူတော့ဘူး ..."။
ခဏနေတော့ စီနီယာကိုစိုင်းနဲ့ သဏ္ဍာန်ဆန်းတို့ ပြန်ရောက်လာကြလေသည်။ စီနီယာကိုစိုင်းက မိုင်းနဲ့ နီနီတို့ ထိုင်နေကြတဲ့ ဘေးကနေရာ အလွတ်တွေမှာ လာဝင်ထိုင်လိုက်ပြီး ...
"ဘယ်လိုလဲ ပျော်ဖို့ကောင်းလား မိုင်း ..."
"အင်း ကောင်းတာပေါ့ စီနီယာရဲ့ ..."
မိုင်းက ပြန်ဖြေလိုက်ပြီး စီနီယာ့ဘေးမှာ ထိုင်နေတဲ့ ဆန်းကို လှမ်းကြည့်လိုက်လေသည်။
"စီနီယာတို့ ဘယ်သွားကြတာလဲ ..."
နီနီက မိုင်းရဲ့ဘေးမှာ ထိုင်နေတဲ့ စီနီယာကိုစိုင်းကို ခါးလေးကိုင်းပြီး လှမ်းကြည့်ကာ မေးလိုက်၏။
"အော် လမ်းပြဂိုက်အစ်ကိုတွေကို မနက်ဖြန်ခရီးအတွက် နည်းနည်း သွားမေးတာပါ ..."
"မနက် နီနီတို့ အစောကြီး ထရမှာလား..."
"အင်း ဟုတ်တယ် ...မနက်နေထွက်တာကို ထိုင်ကြည့်ကြမယ် ပြီးရင် တိမ်ပင်လယ်ကိုကြည့်မယ် ...အဲ့ဒါတွေပြီးရင် အပြန်ခရီးစထွက်မယ် ..."
"မနက်ဖြန်ကျရင်ရော ဘယ်နှမိုင် လျောက်ရမှာလဲ ...တောင်ဘယ်နှလုံး ဖြတ်ရဦးမလဲ ..."
မိုင်းက မေးလိုက်တာ ဖြစ်သည်။
"ဒီနေ့လောက်တော့ အများကြီး အကြာကြီး မသွားရတော့ပါဘူး... နေ့ဝက်လောက်ဆိုရင် ငါတို့တည်းမယ့် တောင်ခြေနားက Resortကို ရောက်မှာပါ ..."
Trekking ခရီးဆိုတာက အများအားဖြင့် ခရီးစဉ်စမှတ်နဲ့ ဆုံးမှတ်က မတူညီတတ်ပေ။ စရောက်တုန်းက တည်းခဲ့တဲ့ မြို့က ဟိုတယ်ကို မပြန်ရတော့ဘဲ ခရီးအဆုံးသတ်က တခြားမြို့လေးကို ရောက်သွားမှာပဲ ဖြစ်သည်။
"Resort ကိုရောက်တာနဲ့ ကျွန်တော်တို့ တန်းပြန်ကြမှာလား ..."
"မပြန်ဘူးလေ ...နောက်တစ်နေ့ မနက်အစောပိုင်းမှ ကားတွေနဲ့ ပြန်ကြမှာ ..."
အပြန်ခရီးမို့ အလာတုန်းကလို အေးအေးဆေးဆေး ရထားခရီးစဉ် မဟုတ်တော့။ ဒီကိုမလာခင်ထဲက လမ်းပြဂိုက်တွေကို ကြိုတင် bookingလုပ်ရင်း express ကားတွေပါ တစ်ခါထဲ စီစဉ်ထားတာပါ။
"ဒါဆို နေ့လည်လောက် Resortကို ရောက်သွားမယ်ဆိုရင် နေ့တပိုင်းလုံး အားနေတော့မှာပေါ့ ပျင်းစရာကြီး ..."
နီနီ့အပြောကို စီနီယာကိုစိုင်းက ရယ်လိုက်ပြီး ...
"အဲ့လို ဘယ်ဟုတ်မလဲ နီနီရဲ့ ...အစ်ကိုတို့ အားလုံးစီစဉ်ထားပြီးသား ...ကျန်တဲ့ နေ့တပိုင်းကို အဲ့ဒီ့ Resort မှာ Paintball gun အဖွဲ့လိုက်ကစားမယ် ...မြို့ထဲလည်း လျောက်လည်ကြမယ်လေ ..."
"တကယ်လား ပျော်စရာကြီး ... Paintball ကစားရတာ ကြိုက်တယ် ..."
နီနီပျော်သွားသလို မိုင်းလည်း အစီအစဉ်ကို သဘောကျသွားရသည်။
"ဆန်း မင်းရော Paintball ကစားရတာ သဘောကျလား ..."
မီးပုံဘေးမှာ က,နေတဲ့ အဖွဲ့တွေကို လှမ်းကြည့်ပြီး ငြိမ်နေတဲ့ သဏ္ဍာန်ဆန်းကို မိုင်းက မေးလိုက်သည်။
"သူလား ..."
ဆန်း ပြန်မဖြေရသေးခင် စီနီယာကိုစိုင်းက ဝင်ဖြေလိုက်ပါသည်။
"သဘောကျတာပေါ့ ...သူက ပရိုပဲ ..."
"ဟုတ်လား အဲ့ဒါကို စီနီယာက ဘယ်လိုသိလဲ ..."
မိုင်း ပြန်မေးလိုက်ပုံက ချက်ချင်း။ ဒီနှစ်ယောက်ရဲ့ ရင်းနှီးမှုက တစ်ယောက်အကြောင်း တစ်ယောက် သိနေရတဲ့ အထိပဲလား။ စီနီယာက ဂျူနီယာတိုင်းအပေါ်မှာ ကောင်းတာ သိပေမယ့် သဏ္ဍာန်ဆန်းနဲ့ဆိုရင် ပိုဂရုစိုက်သလိုပင်။ ခရီးစဉ်မှာ လူပြည့်သွားတာတောင်မှ ပါအောင်ထည့်ပေးခဲ့တဲ့သူ။ ခရီးတလျောက်မှာလည်း သဏ္ဍာန်ဆန်းကို ဟိုခေါ်သွားလိုက် ဒီခေါ်သွားလိုက်နဲ့။
အခုလည်း လမ်းပြဂိုက်တွေဆီကို ခရီးစဉ်အကြောင်းသွားမေးတာ တခြားဂျူနီယာတွေကို မခေါ်ဘဲ သဏ္ဍာန်ဆန်းကိုသာ။
"ပြီးခဲ့တဲ့နှစ်က ပင်လယ်ဘက် ခရီးထွက်ကြသေးတယ်လေ ...အဲ့ဒီ့တုန်းက ဆန်းလည်း ပါတယ် ...ငါတို့တွေ အဲ့မှာတုန်းကလည်း paintball ကစားကြသေးတယ် ..."
"သူ့အစွမ်းသိသွားတယ် ဆိုပါတော့ ..."
"အင်း ဟုတ်တယ် ...အဲ့တုန်းက ငါတို့အဖွဲ့နိုင်သွားတာ သူ့ကြောင့်ပဲ ...သူက ကာကွယ်တာ အတော်ကောင်းတယ် ..."
စီနီယာကိုစိုင်းက ပြောရင်းနဲ့ သဏ္ဍာန်ဆန်းပုခုံးကို လှမ်းဖက်လိုက်သေးသည်။ ဒါကိုကြည့်ပြီး မိုင်းမျက်နှာက တည်သွား၏။ မျက်နှာကို အပြုံးတွေပြင်ဆင်ရင်းနဲ့ ဘာမှမဖြစ်သလို ပြောလိုက်ပါသည်။
"ဆန်း မင်း ခေါင်ရည်သောက်မလား ရော့..."
"ဟင့်အင်း ငါအရက်သောက်လို့မရဘူး ..."
"ဘာလို့လဲ Allergic ရှိလို့လား..."
"မဟုတ်ဘူး ... Alcohol ဒဏ်မခံနိုင်လို့ ..."
ဆန်းက ဒါပဲပြောလိုက်ပါသည်။ တကယ်က နည်းနည်းလေး မူးသွားတာနဲ့ ပေါက်ကရတွေ လုပ်တတ်တာကြောင့် ကိုယ့်အကြောင်း ကိုယ်သိပြီး ငြိမ်နေတာ ဖြစ်၏။
"အော် အဲ့ဒါဆိုရင်လည်း သစ်သီးဖျော်ရည်သောက်မလား ...ရော့ ..."
လက်တစ်ထွာသာသာ ပုလင်းငယ်လေးတွေက နီနီ့ရှေ့က ဝါးလုံးစင်ပေါ်မှာ လေးငါးလုံးရှိနေသည်။ အဲ့ဒီ့ထဲကနေ တစ်ပုလင်း လှမ်းယူပေးလိုက်ရင်း မိုင်းကပြော၏။ မိုင်းရဲ့ သစ်သီးဖျော်ရည်ဆိုတဲ့ စကားကြောင့် နီနီတစ်ယောက် အသားခြောက်တစ်ခု ဝါးနေရင်းနဲ့ နင်သွားရပါသည်။ မျက်လုံးအဝိုင်းသားနဲ့ နီနီက မိုင်းကို ကြည့်ကာ ဘာလုပ်တာလဲဆိုတဲ့ သဘောမျိုး။
သဏ္ဍာန်ဆန်းမှာတော့ ဖျော်ရည်ပုလင်း အထင်နဲ့ ဒီတိုင်းယူလိုက်ပြီး မော့သောက်နေလေရဲ့။
"ငါ့လည်း ပေးပါဦး ..."
စီနီယာကိုစိုင်းပါ တောင်းလာတော့ ...
"အာ စီနီယာကလည်း ခေါင်ရည်သောက်လေ ...စီနီယာသောက်နိုင်တယ် မဟုတ်လား ...လူကြီးတွေက အရက်သောက်ကြတာ ...အချိုရည်ဆိုတာက ကလေးတွေ သောက်တာလေ ..."
အဲ့ဒီ့စကားကြားတော့ စီနီယာက ရယ်နေပြီး သူကမ်းပေးတဲ့ ခေါင်ရည်ဘူးကိုသာ ယူလိုက်ပါသည်။ ဆန်းကတော့သူ့ကို ဘုကြည့်ကြည့်လာပါ၏။
"ငါကြည့်လိုက်တိုင်း မင်းတို့နှစ်ယောက်က အမြဲရန်ဖြစ်နေတာပဲနော် ..."
ကျောင်းမှာဖြစ်ဖြစ် ခရီးမှာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ကို မြင်လိုက်တိုင်း မကျေမလည်နဲ့ တခုခုကို စကားများနေကြသည် ချည်းသာ။ ဒါကို ကိုစိုင်းလည်း သတိထားမိပါသည်။
"ကျွန်တော်က သူငယ်ချင်းကို ချစ်လို့စတာပါ ...အဲ့ဒါကို သူက မကြိုက်ဘူး ...သူက ဆတ်ဆတ်ထိမခံလေ ..."
"ဟုတ်လို့လား ငါသိသလောက်ကတော့ သဏ္ဍာန်ဆန်းက အရမ်းအေးပါတယ် ..."
"စီနီယာထင်လို့ပါ ..."
မိုင်းမျက်နှာက ရယ်ကျဲကျဲ။ ဆန်းက အဲ့ဒီ့အမူအရာကို ကြည့်ပြီး မျက်လုံးထောင့်ကပ်ကြည့်ရင်း ပုလင်းကို ဆက်မော့နေလေသည်။ သူမကျေနပ်ပေမယ့် ဘာမှတော့မပြော။ ဖျော်ဖြေပွဲကိုသာ ဆက်ကြည့်ရင်း ပုလင်းကို ခဏခဏမော့နေလေရဲ့။ ဒီချိုချဉ်အရသာဟာ တကယ်ပဲ သောက်လို့ကောင်းပါ၏။
တဖြေးဖြေး ညလယ်ပိုင်းကို ရောက်လာကာ လူတွေလည်း က,တာတွေ ဆိုတာတွေ ရပ်ကုန်ကြပြီး သူ့တပ်စုနဲ့သူ စကားတွေပဲ ထိုင်ပြောနေကြလေတော့သည်။ တချို့ကလည်း တဲထဲကို ဝင်၍အနားယူနေကြ၏။ လူတွေက အုံလိုက်ကြီး ဆူညံမနေတော့ဘဲ ရှဲကုန်သည်။
"ဟင် ဆန်းရော ..."
စီနီယာကိုစိုင်း ဘေးကနေ ဘယ်အချိန်ထဲက ပျောက်သွားမှန်း မသိသော သဏ္ဍာန်ဆန်း။ ဆန်းပျောက်သွားတာကို အရင်ဆုံး သိလိုက်သူက မိုင်း။
"သူ ပြန်အိပ်တာလား အပေါ့သွားတာလား ဒါမှမဟုတ် တခြားဝိုင်းကို သွားတာလား ..."
မြင်နိုင်တဲ့နေရာတွေကို မျက်စိနဲ့ လိုက်ရှာကြည့်တော့လည်း မတွေ့မိ။ လေးယောက်သား ဒေသခံတိုင်းရင်းသားတွေရဲ့ အလေ့အထတွေအကြောင်း ထိုင်ပြောနေကြရင်းနဲ့ ချက်ချင်းပျောက်သွားတာ ဖြစ်သည်။ အာရုံများနေတာမို့ ထထွက်သွားခြင်းကို သတိပင် မထားမိခဲ့။
"ကိုစိုင်း ... ခဏလာဦး ..."
တခြားစီနီယာ တစ်ယောက်က လှမ်းခေါ်တာမို့ ကိုစိုင်းလည်း ထထွက်သွားလေသည်။ ဒီတော့မှ နီနီက ...
"ဆန်း မူးသွားတာထင်တယ် ..."
"ဟမ် ..."
"ဟိုမှာကြည့်လေ သူသောက်သွားတာ သုံးပုလင်းတောင်မှ ..."
သဏ္ဍာန်ဆန်း ထိုင်သွားတဲ့နေရာမှာ ပုလင်းခွံတွေကို နီနီက လက်ညှိုးထိုးပြလိုက်သည်။
"ငါ တစ်ပုလင်းပဲ သောက်တာတောင်မှ ရီဝေဝေဖြစ်နေပြီ ...သူဆို ဘယ်လို ဖြစ်နေပြီလဲ မသိဘူး ...နေပါဦး နင်က ဘာလို့ သစ်သီးဖျော်ရည်ဆိုပြီး သူ့ကို လိမ်တိုက်တာလဲ ..."
မေးချင်နေတာက ကြာပြီ။ အခုမှ လူလစ်သွားတာမို့ အခုမှပဲ မေးဖြစ်တော့၏။
"သူမူးသွားရင် ဘယ်လိုပုံစံလည်း ဆိုတာ သိချင်လို့ တိုက်လိုက်တာလေ ..."
"ယုတ်မာလိုက်တာ လူယုတ်မာ..."
နီနီက ပျစ်ပျစ်နှစ်နှစ် ပြောလိုက်သည်။
"ဘာဖြစ်လဲ ငါ့သဘောပဲ ..."
မိုင်းကတော့ သဘောကျစွာ ရယ်နေဆဲ။
"နင် ဒီည သူနဲ့အိပ်ဖို့ ကြည်သာနဲ့ နေရာလဲထား သေးတယ်မို့လား ..."
"နင်ဘယ်လိုသိလဲ ..."
ညနေတုန်းက တဲထိုးနေရင်းနဲ့ ကြည်သာ့ကို သူခေါ်ပြောတာ နေရာလဲအိပ်ဖို့ ဖြစ်သည်။ ဆန်းက မေးရင် ဘာမှမပြောဖို့လည်း သူမှာလိုက်သေး၏။
"ကြည်သာ့ကို ငါတို့သုံးယောက် မေးကြည့်ထားတာလေ ...နင်တော်တော်လည်း တတ်နိုင်တယ်နော် ...အရမ်းယုတ်မာတာပဲ ..."
"ငါဘာလုပ်နေလို့လဲ ယုတ်မာတယ်ပဲ လာပြောနေတယ် ..."
"အသိသာကြီးပဲလေ နှစ်ယောက်ထဲ အိပ်လို့ရအောင်လည်း ကြံစည်ထားသေးတယ် ...အခုလည်း အရက်တွေကို အချိုရည်ပါဆိုပြီး တိုက်လိုက်သေးတယ်... နင်သူ့ကို တခုခုလုပ်ဖို့ ကြံစည်နေတာ မဟုတ်လားဟင် အကောင်စုတ်ရဲ့ ..."
နီနီသစ်လွင်က သူ့ကျောပြင်ကျယ်ကို လက်နဲ့လာရိုက်ရင်း ပြောနေလေသည်။
"ဟာ နီနီသစ်လွင် ငါနင့်သူငယ်ချင်းနော် ...ငါ့ကို ဘာကောင်ထင်နေလို့လဲ ငါတဏှာရူးမဟုတ်ဘူး ...ဒီတိုင်းပဲ ဒီလိုညမျိုးမှာ သူနဲ့အတူရှိချင်လို့ ကြည်သာနဲ့ နေရာလဲလိုက်တာ ...အချိုရည်ဆိုပြီး လိမ်တိုက်တာကလည်း ဒီတိုင်းပဲ စနောက်ချင်ရုံလောက်ပဲ ...ငါစီစဉ်ထားတာ ဘာရည်ရွယ်ချက်မှလည်း မရှိဘူး..."
"တကယ်လား ..."
"ဟုတ်တယ် ...ငါကလိမ်စရာလား နင့်ကို ...ငါသူ့ကို တကယ်ကြံစည်ချင်ရင်တောင် ဒီလိုနေရာမျိုးမှာ လူတွေအများကြီးနဲ့လေ ကြံစည်စရာလား... နင်က so stupid ပဲ နီနီသစ်လွင်..."
"အေးပါဟယ် မဟုတ်ရင်လည်း ...ဒါပေမယ့်လေ ကြည်သာကတော့ နင်တို့ကို မသင်္ကာတဲ့ပုံပဲသိလား ..."
"နင်တို့ကို သူဘာပြောလို့လဲ ..."
"နင်တို့နှစ်ယောက်က ဘာတွေလဲတဲ့ သူငယ်ချင်းရော ဟုတ်ရဲ့လားတဲ့ ..."
"နင်တို့ ဘာပြန်ဖြေလိုက်လဲ ..."
"ငြင်းတာပေါ့ဟ သူငယ်ချင်းပါဆိုပြီး ..."
"အဲ့တော့ ဟိုက ယုံလား ..."
"မယုံပါဘူးဆိုပြီး အတင်းတော့ မပြောဘူး ...ဒါပေမယ့် ပြုံးစိစိနဲ့ လုပ်နေတယ် ...သူလည်းရိပ်မိချင် ရိပ်မိနေမှာပဲ ...နင်က ဒီလောက်သိသာနေတာကိုး ..."
"ထားလိုက်ပါဟာ ...ဘာဖြစ်လဲ ..."
"နင် အိုခေရင် ပြီးတာပဲ ..."
"အင်း ...ငါ ဆန်းကို လိုက်ရှာလိုက်ဦးမယ် နီနီ...သွားပြီ ..."
"အေး အေး ..."
စခန်းချထားတဲ့ ကွင်းကို တပတ်ပြည့်အောင် လိုက်ရှာလိုက်ရသည်။ တွေ့မယ့်တွေ့တော့လည်း သဏ္ဍာန်ဆန်း အိပ်တဲ့နေရာ သူ့တဲထဲမှာ သွားတွေ့၏။ တဲအဝင် အပေါက်ကို ဖွင့်ထားပြီး အဝနားလေးမှာ ငုပ်တုတ်လေးထိုင်နေတဲ့ သဏ္ဍာန်ဆန်း။ သူ့ခြေထောက်တွေကိုတော့ တဲရဲ့အပြင်ဘက်ကို ဆန့်ထုတ်ထားပြီး လက်တွေက အနောက်ဘက်ကို ပစ်ကာထောက်ထားသည်။
တစ်ယောက်ထဲ အေးအေးလူလူ ကောင်းကင်က ကြယ်တွေကို ထိုင်ငေးကြည့်နေတဲ့ ထိုကောင်လေး။
"ဆန်း ...မင်း ဒီမှာ ဘာလုပ်နေတာလဲ ..."
"ဟင် ...မိုင်း ...ငါ့ကိုကြိုက်နေတဲ့ ကောင်လေး မိုင်း ..."
"ဟမ် ဘာ ဘယ်လို ..."
ပြောလိုက်တဲ့စကားက ရယ်ရအခက် ငိုရအခက်။ မိုင်းလို့လည်း ခေါ်သည်။ စကားတွေကိုလည်း ဒဲ့ပင်ပြောနေလေ၏။ အသံကလည်း ပုံမှန်ထက် ပိုကျယ်နေသေးပြန်သည်။ တော်သေးတာက သူတို့တဲက အစွန်ဆုံးကျပြီး အနားမှာ လူရှိနေတဲ့ တဲတွေလည်း မရှိပေ။
မိုင်းက သဏ္ဍာန်ဆန်း ဘေးမှာကပ်၍ သွားဝင်ထိုင်လိုက်သည်။ ပြီးတော့ သူ့မျက်နှာနဲ့ မျက်လုံးတွေကို သေချာကြည့်လိုက်မိ၏။ ဒီတော့မှ သူနားလည်လိုက်ပါသည်။ သဏ္ဍာန်ဆန်း မူးနေလေပြီ။
"မိုင်း မိုင်း မိုင်း မိုင်း မိုင်း ..."
"ဟင် ဘာလဲ ဘာလဲ ...ဘာလို့ အများကြီး အော်ခေါ်နေရတာလဲကွာ ...ငါမင်းနဲ့ နီးနီးလေးမှာ ထိုင်နေတာလေ ..."
ယိမ်းယိုင်ပြီး အလွန်အကျွံ မူးနေတာမျိုး မဟုတ်ဘဲ နဂိုအသိစိတ် ထိန်းချုပ်မှုတွေတော့ လျော့လျဲသွားတဲ့ပုံပါပဲ။ စကားပြောပုံရော အကြည့်တွေကအစ အကုန်လုံးက ပြောင်းလဲနေသည်။
"ဘာလို့ငါ့အနားမှာ အမြဲရှိနေတာလဲ ...ငါ ဘယ်သွားသွား ဘယ်ရောက်ရောက် မင်းငါ့ဆီ ရောက်အောင် လာတယ် ...ဘာလို့လဲ ..."
"ချစ်လို့ပေါ့ ..."
နှစ်ယောက်သား မျက်လုံးချင်းဆုံမိရင်း ပြောဖြစ်သွားပါသည်။ ပုံမှန်ဖြစ်နေတဲ့ အချိန်မှာ ကြိုက်တယ် သဘောကျတယ်လို့သာ မကြာခဏ ပြောတတ်ပြီး ချစ်တဲ့အကြောင်းတော့ မပြောဖြစ်ခဲ့ပါ။ ဝန်ခံရမှာ ရင်တုန်နေခဲ့ပြီး သူ့မှာမရဲပေ။
"မင်းပြောတော့ ငါ့ကိုကြိုက်တာဆို ...အခုချစ်သွားတာလား ..."
"အင်း အခုတဆင့်တက်သွားပြီ ချစ်တယ် မင်းကို ..."
"ငါ့ကိုမချစ်နဲ့ ..."
မူးနေတဲ့သူက ဒါကျတော့ ငြင်းရကောင်းမှန်းသိသေး၏။ ပြီးတော့ ဆန်းက အဲ့ဒီ့စကားကို မိုင်းရဲ့မျက်နှာအား လက်ဖဝါးနှစ်ဖက်နဲ့ ကိုင်ပြီးပြောလိုက်တာပဲ ဖြစ်သည်။
"ဘာလို့လဲ ...မင်းက ငါ့ကို လုံးဝပြန်မချစ်နိုင်လို့လား ..."
"မဟုတ်ဘူး ...ငါ့ရင်ထဲကို ဝင်လာဖို့ ခွင့်မပြုချင်တာ ..."
မျက်နှာကို ကိုင်ထားရင်းနဲ့ပဲ ဆန်းက အမေးအဖြေလုပ်နေပါ၏။
"ဘာလို့လဲ အကြောင်းရင်းက ..."
"မင်း ငါ့ကိုစွန့်ပစ်သွားမှာ ငါကြောက်တယ် ..."
"ငါမင်းကို ဘယ်တော့မှ စွန့်ပစ်မှာမဟုတ်ဘူးလေ..."
"ငါမယုံဘူး ဘယ်သူ့ကိုမှ...ငါ့ကိုမွေးခဲ့တဲ့ အမေတောင်မှ ငါ့ကို စွန့်ပစ်သွားခဲ့တာ ...ငါ့ရဲ့တည်ရှိမှုက သူ့အတွက် အနှောင့်အယှက် ဖြစ်နေလို့တဲ့ ..."
စကားသံတွေက တစ်လုံးချင်း။ မိုင်းမျက်ဝန်းတွေကို ငေးစိုက်ကြည့်နေတဲ့ ဆန်းရဲ့မျက်ဝန်းတွေမှာလည်း မျက်ရည်စ အချို့က ပါဝင်လာခဲ့၏။ သူငိုနေပြီပဲ။
မိုင်းက သူ့ပါးပြင်ပေါ်က ဆန်းရဲ့လက်တွေကို အပေါ်ကနေ ထပ်ကိုင်လိုက်ပြီး ပြောလိုက်သည်။
"ငါ့ကိုယုံ ...ငါ့ကိုယုံလိုက် ပထမဆုံးအနေနဲ့ ...ငါမင်းကို ဘယ်တော့မှ စွန့်ပစ်မသွားဘူး ...မင်းရဲ့ဖြစ်တည်မှုက ငါ့အတွက် အနှောင့်အယှက် တစ်ခုလည်း မဟုတ်ဘူး...မင်းက သိပ်ကိုအရေးပါတဲ့ သဘာဝတရားကြီးလိုပဲ ...ငါ့ရဲ့ကမ္ဘာမှာ မင်းရှိနေမှ သာယာလှပ နေမှာမျိုးပေါ့..."
"ငါ့ကို အဲ့ဒီ့လောက်ထိ ချစ်တာလား ..."
"အင်း ...မင်း ထင်မထားနိုင် လောက်တဲ့အထိကို ငါ့အချစ်က နက်ရှိုင်းတယ် ...ငါ့ကိုယုံလား ..."
"ငါအခု ဘာတွေတွေးနေလဲ သိလား မိုင်း ..."
"အင်း ဘာတွေတွေးနေလဲ ..."
"ဒီကောင့်ကို ငါယုံကြည်လိုက်ရမလား ...ဒီကောင့်ရဲ့ အချစ်က အထင်ကြီးစရာပဲ ...ဒီကောင်က ငါ့ကို ဘယ်တော့မှ စွန့်ပစ်သွားမှာ မဟုတ်ဘူးလား ...ဒါကြောင့် ငါသူ့လက်ကို တစ်ဘဝလုံးစာအတွက် ဆွဲလိုက်ရတော့မလား ...ငါ့မှာ အတွေးတွေ အများကြီးပဲ ..."
"အဲ့ဒါတွေကို မတွေးနေနဲ့ တကယ်လက်တွေ့ လုပ်လိုက် ...မင်းနောင်တ မရစေအောင် ငါတာဝန် အပြည့်ယူပေးမယ် ..."
ဒီလိုအတွေးတွေ ရှိနေသည် ဆိုထဲက သူ့ကို လက်ခံပေးနိုင်တဲ့ အနေအထားမျိုးပဲ မဟုတ်လား။ စွန့်ပစ်ခံရမှာကို ကြောက်နေတဲ့ Trauma ကြောင့်သာ သူတွေဝေ နေပုံရသည်။ ဒါက မိုင်းရဲ့ ခန့်မှန်းခြေသာ။
"မဖြစ်သေးဘူး ..."
သဏ္ဍာန်ဆန်းက သူ့ပုခုံး တဖက်ခြမ်းမှာ ခေါင်းလေးတင်၍ မှီလိုက်ရင်း ပြော၏။ မိုင်းက ဆန်းသက်သောင့်သက်သာ မှီလို့ရရန် ကိုယ်ကိုခပ်မတ်မတ် ပြင်ထိုင်ပေးလိုက်ပြီး ပုခုံးကိုလည်း ဆန်းဘက်သို့ အနည်းငယ်လေး စောင်းပေးလိုက်လေသည်။
"ဘာလို့လဲ ...ငါ့ကို မယုံလို့လား ..."
"အင်း မယုံဘူး ...ငါ့ကိုယ်ငါက လွဲရင် ဘယ်သူ့ကိုမှ ငါမယုံဘူး ..."
"တယူမသန်နဲ့လေ ...လူတိုင်းကို တပုံစံထဲ သတ်မှတ်လို့မှ မရတာဘဲ ...မယုံကြည်ရတဲ့သူတွေလည်း ရှိသလို ယုံကြည်ရတဲ့ သူတွေလည်း ရှိတယ် ..."
"ဟင်း ..."
ဆန်းက သက်ပြင်းလေး တစ်ချက်ချလိုက်ရင်းနဲ့ ဆက်ပြောသည်။
"တော်ပြီကွာ တခြားအကြောင်း ပြောရအောင် ..."
စိတ်ရှုပ်နေပုံရသော ဆန်းကို မိုင်းက နားလည်လိုက်ပါသည်။ အခုက သူမူးနေတာမို့ ဒီအကြောင်းတွေကို အထူးတလည် မဖြစ်မနေ ဆွေးနွေးလို့ မဖြစ်သေးပါ။ ဒါကြောင့် မိုင်းက စကားလမ်းကြောင်းကို ပြောင်းလိုက်လေ၏။
"စီနီယာကိုစိုင်းနဲ့ မင်းက အရမ်းရင်းနှီးတဲ့ပုံပဲနော် ..."
"အင်း နည်းနည်းပါ ..."
"ဘယ်လိုရင်းနှီးသွားတာလဲ သူနဲ့က ..."
"ငါတို့ဂေဟာမှာ သူလည်း volunteer လာလုပ်ဖူးသေးတယ် အရင်က ...ငါတို့အမြဲ လုပ်အားပေး အတူတူ လုပ်ဖြစ်တယ်လေ...အဲ့ဒီ့မှာ စပြီးနည်းနည်းရင်းနှီးတာ ..."
"နည်းနည်းဟုတ်လို့လား ...သူနဲ့မင်း ရင်းနှီးတာက ပိုထူးဆန်းနေသလိုပဲ ..."
"သူက မေဂျာရဲ့ ကျောင်းသား ခေါင်းဆောင်ပဲ ...ငါသူနဲ့ရင်းနှီးတာ ဘာဆန်းလို့လဲ ...မေဂျာကကျောင်းသားတိုင်း သူနဲ့ရင်းနှီးကြတာပဲလေ ..."
"မဟုတ်ဘူး မင်းကိုဆိုရင် သူက လိုက်ကူညီပေးပြီး ဘယ်သွားသွား ခေါ်သွားနေတာ... သူများတွေနဲ့ မတူဘူးလေ..."
"ဘယ်သွားသွား ခေါ်တာမဟုတ်ပါဘူး တခါတလေမှပါကွာ ...ဘာဖြစ်လို့ မင်းက အဲ့ဒါတွေ လိုက်ပြောနေတာလဲ ...ဘာလဲ စီနီယာကိုစိုင်းနဲ့ ငါနဲ့ရင်းနှီးတာ မင်းမကြိုက်လို့လား ..."
"အင်း နည်းနည်းပါ ..."
"ဘာလို့လဲ ...စီနီယာက လူကောင်းပါ ..."
"ငါသိပါတယ် ဒါပေမယ့် မင်းသူနဲ့ရင်းနှီးလွန်းနေတာကို ငါမကြိုက်ဘူး ...ပြီးတော့ သူမင်းကို ပုခုံးဖက်တဲ့ အခါတိုင်းရောပဲ ငါ့စိတ်ထဲ သဘောမကျဘူး ..."
အဲ့ဒီ့လက်တွေကို သူဖယ်ချ ချင်ခဲ့မိဖူးသည်။
"ဘာလဲ မင်းငါ့ကို သဝန်တိုနေတာလား ..."
"ဟမ် မဟုတ်ပါဘူး ...ငါက ဘာလို့ သဝန်တိုရမှာလဲ ..."
ကိုယ့်ကိုယ်ကိုယ်ပင် သဝန်တိုခြင်း ဟုတ်မဟုတ် မသေချာ မရေရာတာမို့ မိုင်းက ငြင်းလိုက်ပါသည်။
"သေချာလို့လား ..."
ခပ်တိုးတိုး လေသံလေးရဲ့ လေငွေ့ရိုက်ခတ်မှုက မိုင်းရဲ့လည်တိုင်ကို လာထိ၏။ ခေါင်းမှီထားရင်းနဲ့ လည်ပင်းဘက်ကို မျက်နှာက စောင်းငဲ့လာတဲ့ သဏ္ဍာန်ဆန်း။ ဆန်းရဲ့ မျက်ဝန်းတွေဟာ ပိတ်ထားပြီး စကားသံတွေလည်း ပို၍တိုးလျနေခဲ့သည်။
"ဟင် ...မိုင်း ...ပြောလေ ...သေချာလို့လားလို့ ..."
ထပ်မံပြောလိုက်တဲ့ စကားသံတွေက ဒီတစ်ခါမှာတော့ လေငွေ့ရိုက်ခတ်မှုတင် မဟုတ်တော့ဘဲ သူ့လည်တိုင်ကို ဆန်းရဲ့ နှုတ်ခမ်းသားတွေက မထိတထိ။
ကြက်သီးတွေပင် ထသွားမိပါ၏။ လူက လှုပ်လည်း မလှုပ်ဖြစ်ဘဲ တောင့်တောင့်ကြီးနဲ့ ဆန်းကို အသာလေး ငဲ့ကြည့်လိုက်ရသည်။ ဆန်းရဲ့ဆံစတွေကို မရည်ရွယ်ဘဲ သူနမ်းမိသွားသည်။
"မင်း ဘာရေမွှေး သုံးတာလဲ ..."
"ဘာလို့မေးတာလဲ ..."
"ငါအနံ့ရလို့ ...ဒီအနံ့လေး ငါအရမ်းကြိုက်တယ် ..."
မိုင်းက ရေမွှေးဆွတ်တိုင်း လည်ပင်းနဲ့လက်ကောက်ဝတ်တွေကိုပါ ဖြန်းထားတတ်ပါ၏။ ဒါကြောင့် အနံ့ကို သူရနေတာပဲ ဖြစ်ပါမည်။
"ဟင်း ...ငါအရမ်းကြိုက်တာပဲ ဒီအနံ့လေး..."
အသက်ရှုသံလေးကို ခပ်ဖြေးဖြေးလေး ရှုထုတ်လိုက်ပြီးနောက် လည်ပင်းသားတွေကို နှာခေါင်းချွန်ချွန်လေးက ပို၍ဖိကပ်လာခဲ့သည်။
"ဘာရေမွှေးလဲလို့ ငါမေးနေတယ်လေ မိုင်း ..."
မေးတဲ့သူက မေးနေပေမယ့် ဖြေတဲ့သူက ဖြေဖို့ရာ မေ့နေခဲ့ပါသည်။ တကယ်ကို သူသုံးနေကျ ရေမွှေးတံဆိပ် နာမည်အား ခဏတာ မေ့သွားရသည်။ ရင်ခုန်သံတွေဟာ အတင်းဖိနှိပ်ထားလည်းပဲ ကြောက်ရကောင်းမှန်း မသိပါ။ သူတို့စိတ်တိုင်းကျ ထင်ရာစိုင်းနေကြဆဲ။
"ငါ ကြိုက် လိုက် တာ ...ငါ ကြိုက် တယ် အ ရမ်းပဲ ..."
အဲ့ဒီ့လိုမျိုး စကားကို တစ်လုံးချင်း ပြောနေလေရဲ့။ အဲ့ဒီ့ စကားတွေရဲ့ အဆုံးသတ်မှာ မိုင်းတစ်ယောက်ကတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလိုက်သည်။ အကြောင်းကတော့ သဏ္ဍာန်ဆန်းဟာ သူ့လည်ပင်းသားတွေကို နှုတ်ခမ်းတွေနဲ့ လာရောက်နမ်းတဲ့အပြင် အသားစိုင်တွေကိုပါ ခပ်ဖွဖွလေး ငုံ၍စုပ်နေသေးတာမို့။
"မဟုတ်ဘူး မဟုတ်သေးဘူး စိတ်ထိန်းစမ်း မိုင်း ...ဒီလိုနေရာမှာ ငါ့စိတ်ကို လွှတ်ပေးလိုက်လို့ မသင့်ဘူး ...လူတွေအများကြီး လူတွေအများကြီး ရှိတယ် ..."
အဲ့ဒီ့စကားတွေကို စိတ်ထဲကနေ တစ်ယောက်ထဲ ပြောရင်း ကိုယ့်ကိုယ်ကိုယ် သတိပေးနေရသည်။ ကိုယ်ချစ်ရတဲ့သူဆီက ဒီလိုအထိအတွေ့မျိုးကို ရနေတာအား ဘယ်လိုလူမျိုးက မနှစ်သက်ဘဲ နေမလဲ။ ဒါကြောင့် သူမတွန်းဖယ်ဘဲ ငြိမ်နေတာပါ။ ဒါပေမယ့်လည်း ဘယ်လိုလူမျိုးကရော ဒီလိုအခြေအနေမျိုးမှာ သမာဓိအား ကောင်းနေနိုင်မှာတဲ့လဲ။ တခုခု တုံ့ပြန်ချင်စိတ်ကို အတင်းပြန်၍ ချိုးနှိမ်ထားမိရင်း တရားမပေါက်သော တရားကို ထိုင်နေမိပါ၏။
ဆန်းကတော့ သူ့အဖြစ်နဲ့ သူရဲ့ဒုက္ခတရားကို ဘာမှမသိဘဲ သူလုပ်ချင်ရာ လုပ်နေပါတော့သည်။ မိုင်း ခမျာမှာတော့ သူပြုသမျှ နုနေရပါ၏။
မိုင်းရဲ့ လည်တိုင်ဟာ သူ့အပိုင် ဖြစ်သွားခဲ့ရသည်။
"အေး ငါ့သဘော မဟုတ်တော့ဘူး ...မင်းသဘောပဲ ...မင်း လုပ်ချင်တာသာ လုပ်နေလိုက်တော့ သဏ္ဍာန်ဆန်းရေ ..."
မိုင်းသည် အံကိုကြိတ်၍ လက်သီးဆုပ်လိုက် ပေါင်ကိုပွတ်လိုက်နဲ့ အနေရခက်စွာ စက္ကန့်များစွာကို ဖြတ်ကျော်လိုက်ရပါသည်။
အဲ့ဒီ့နောက်မှာတော့ သူစိတ်ကျေနပ်သွားပုံရ၏။ အနမ်းတွေကိုဟာ ရပ်သွားခဲ့ပြီး ...
"ကောင်းကင်ကြီးမှာ ကြယ်တွေက အရမ်းလှတာပဲ ..."
ကောင်းကင်ကြီးကို မော့ငေးကြည့်ကာ ပြောနေပြန်တဲ့ သဏ္ဍာန်ဆန်း။
"မင်းကြိုက်လား ..."
"အင်း ကြိုက်တယ် ..."
"ငါ့လည်ပင်းကို နမ်းရတာရော ကြိုက်လား ..."
"အင်း ကြိုက်တယ် ...မွှေးနေလို့ ..."
"ဒါဆိုရင် ငါ့ကိုရော ကြိုက်လား ..."
မေးသမျှကို ကြယ်တွေကြည့်ရင်း ပြန်ဖြေနေပေမယ့် ဒီမေးခွန်းကိုကြားတော့ သူ့ဆီ လှည့်ကြည့်လာပါ၏။
"မကြိုက်ဘူး ..."
ဘယ်လိုပဲ အငိုက်ဖမ်းဖမ်း မမိသော အမူးပါးလေးပါပဲ။ မိုင်း ရယ်နေမိပါသည်။ ဒါကို ကြည့်နေတဲ့ ဆန်းက ...
"မင်း အရမ်းချောတယ် ..."
"ငါသိပါတယ် ငါချောတာကို ..."
"အဲ့လိုမျိုး တခါတလေ မင်း ဘဝင်မြင့်တတ်တာကို အရမ်းအမြင်ကတ်တယ် ..."
"ဘဝင်မြင့်တာမှ မဟုတ်တာ ဒါကအမှန်တရားပဲလေ ..."
"ငါသိချင်တာ တစ်ခုရှိတယ် မိုင်း..."
"ဘာလဲ ..."
"မင်းမျက်လုံးတွေ ..."
ဆန်းက သူ့မျက်ဝန်းတွေကို စိုက်ကြည့်ရင်း ပြောလာသည်။
"အဲ့ဒီ့မျက်ဝန်း အဲ့ဒီ့အကြည့်တွေနဲ့ လူတကာကို အဲ့လိုမျိုးပဲ ကြည့်တတ်တာလား မင်းက ..."
"ငါ့မျက်လုံးတွေက ဘာဖြစ်နေလို့လဲ ...ဘယ်လိုကြည့်မိလို့လဲ ပြောပါဦး..."
"လူတစ်ယောက်လုံးက မင်းဆီ ပြေးကပ်သွားတော့မယ့် အတိုင်းပဲ သံလိုက်ဓာတ်တွေ လွှတ်နေတာ အဲ့ဒီ့အကြည့်တွေထဲမှာ ..."
"အဟား ဟား ...မင်းကွာ ...ငါက ဘာများလဲလို့ ..."
မိုင်း သဘောကျစွာ အော်ရယ်လိုက်မိပါသည်။ ညှို့ငင် ဆွဲငင်တဲ့ ဆွဲဆောင်မှုရှိသော အကြည့်တွေဟာ သူပြောလိုက်ကာမှ ဟာသတွေ ဖြစ်ကုန်တော့၏။
"လူတိုင်းကိုတော့ ဘယ်ဟုတ်မလဲ ...မင်းကိုပဲ အဲ့လိုကြည့်တာလေ ...အဲ့ဒီ့အကြည့်တွေက ဆွဲဆောင်မှုရှိတဲ့ အကြည့်တွေပဲ ...ငါက မင်းကို ဆွဲဆောင်နေတာလေ ...ဘာလဲ မကြိုက်ဘူးလား မင်းက ..."
"မဟုတ်ဘူး အနေရခက်တယ် ...အဲ့ဒီ့မျက်ဝန်းတွေကို စိုက်ကြည့်လိုက်တိုင်း ..."
"အဲ့ဒါ ဆွဲဆောင်ခံနေရတာ ...မင်းလွတ်မြောက်အောင် မရုန်းထွက်နိုင်ရင် ငါ့ကို ချစ်မိသွားလိမ့်မယ် ..."
မချိုမချဉ် မျက်နှာဘေးနဲ့ မိုင်းက ပြောနေလေရဲ့။
"ဒါက မတရားဘူး ..."
"ဘာလို့လဲ ..."
"မင်းကျတော့ ဆွဲဆောင်မှု့ရှိတဲ့ အစိတ်အပိုင်းရှိလို့ ဆွဲဆောင်လို့ရတယ် ငါကျတော့ ဘာမှမရှိဘူးလေ ဒါမတရားဘူး ..."
ဘာမှမဆိုင်ဘဲ ဘာတွေ ပြောနေသလဲ မသိ။
"ဟာကွာ ...မင်း တကယ်ကို ငရစ်လေးပဲ ..."
ရစ်တာမှ တကယ်ကို ရစ်တာပါ။ အမူးလည်း ပါးပြီး ရစ်လည်း ရစ်တတ်သေးသည်။ ဒီအရက်သမားလေးဟာ ချစ်စရာတော့ အကောင်းသား။
"မင်းကိုငါက ဒီလောက်တောင် ပစ်ကြွေနေတာပဲ... မင်းက ငါ့ကို ဘာတွေထပ်ပြီး ဆွဲဆောင်ချင်နေသေးလို့လဲ ...လောဘကလည်း ကြီးလိုက်တာကွာ ..."
"အဲ့ဒါဆိုရင် ငါ့ရဲ့ ဘယ်နေရာက ဆွဲဆောင်မှု ပိုရှိလဲ ..."
"မင်းရဲ့ ဖြစ်တည်မှုက ငါ့အတွက် ဆွဲဆောင်မှုပဲ ...ငါက ဆွဲဆောင်ခံလိုက်ရတာ ...ဆီဇာနေရဇ္ဇဆိုတဲ့ ငါက ...မိုင်းဆိုတဲ့ ငါက ...မင်းဆီမှာ ကျရှုံးသွားတာ ..."
"အဲ့ဒါဆို ငါနိုင်တာပေါ့ ..."
"အင်း မင်းနိုင်တာ ကျေနပ်ပြီလား ..."
"ကျေနပ်ပြီ ..."
ဆိုပြီး ရယ်နေတဲ့ ပုံလေးက တကယ့်ကလေးလေးလို။ တကယ်ကို ချစ်မိပါတယ်။ ဘယ်ဘဝရေစက်တွေနဲ့ ဆက်ထုံးတွေကြောင့်များ ဒီတစ်ယောက်ကို ဒီလောက်ထိ နင့်နင့်သီးသီးတွေ ဖြစ်နေရပါသလဲ။ မိုင်းဆိုတဲ့ ငါကလေ ...။
ညနက်သည်အထိ ကြယ်တွေကို ထိုင်ငေးကြည့်နေကြရင်းမှ အိပ်ဖြစ်တော့သည်။ အိပ်တဲ့အချိန်ကျတော့လည်း မိုင်းအနားမှာ လာတိုးကပ်ပြီး ဖက်ထားသေး၏။ ပြီးတော့လည်း ပြောသေးသည်။
"ငါချမ်းလို့ ငါ့ကို ဖက်ထားပေးဦး ..." တဲ့။
သေလိုက်ပါတော့။ လည်တိုင်ကို အနမ်းခံရတုန်းက စက္ကန့်များစွာ ဒုက္ခခံလိုက်ရ၏။ အခုကျတော့ တစ်ညလုံး ဒုက္ခခံရပေတော့မည်။
လုပ်စမ်း ဆီဇာနေရဇ္ဇရေ ...။မင်းက သမာဓိအားကောင်းတယ်ဆိုတော့ ...။
ကိုယ့်မှာတော့ သူ့အနား ကပ်အိပ်ဖို့ မဝံ့မရဲ။ သူကတော့ လာကပ်အိပ်ပြီး ဖက်တောင်ထားသေးသည်။ ပြီးတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်အနားယူ နေလိုက်တာများ ဘေးက တစ်ယောက်ကို သူ့အိပ်ရာထဲက ဖက်လုံးအရုပ်ကြီးလို့ ထင်နေသလား မပြောတတ်။
ခက်တယ် သဏ္ဍာန်ဆန်းရေ ခက်တယ် ...။
ငါ့ကို မင်းစိတ်ကြိုက်သာ လုပ်နေလိုက်တော့ ...။
မင်းသဘောပဲ သိလား ...။
ငါ့သဘော မဟုတ်တော့ဘူး ...။
သူ့အဖြစ်ကို ဘယ်သူမှ မသိကြပေမယ့် ကောင်းကင်ကြီးနဲ့ ကြယ်အစုအဝေးတွေကတော့ သိနိုင်လောက်ပါသည်။
သူတို့ရဲ့ အောက်ဘက်မှာ ရင်ခုန်သံတွေ သမာဓိအားတွေကို ထိန်းချုပ်ရင်း အလူးအလဲ ဒုက္ခရောက်နေရတဲ့ လူသားတစ်ယောက် ရှိကြောင်း ...။
အပြစ်ပေးခြင်းဟာ ဒီလိုမျိုး ရက်ရက်စက်စက်။
သူများတွေကို လက်တုံ့ပြန်တတ်သော မကောင်းတဲ့ အကျင့်စရိုက်တွေဟာ အခုကျမှ ပြန်ခံနေရလေခြင်း။
ဝဋ်ဆိုတာ နောင်ဘဝမကူး ...ချက်ချင်းလက်ငင်း လည်တတ်သည် ...။
အချစ်ဆိုတာ သူနဲ့မှရူး ... ပြုသမျှ နု၍ ခံရတတ်၏။
**** ***** ***** ***** *****