ဆိုင်တံခါးပိတ်ပြီး သော့ခတ်နေချိန် နေ့လည်က အကြောင်း ခေါင်းထဲပြန်တွေးမိနေသည်။ 'ဖေဖေ ဒေါ်ယဉ်ငြိမ်းမေနဲ့ ဒီနေ့ပဲလမ်းခွဲလိုက်ပြီ' ဟု မထင်မှတ်ပဲ ရောက်ရှိလာကာ ပြောပြခဲ့သည့်စကား။
ကျွန်တော် နဲ့မေမေကို ပြန်ခေါ်ချင်တဲ့အကြောင်း သွယ်ဝှိုက်ပြောပေမယ့် လိမ္မာပါးနပ်စွာပဲ ငြင်းဆိုခဲ့သည် ။ မေမေ့မာနကို ကျွန်တော်တင်မက ဖေဖေပါ သိတာကြောင့် အတင်းကြပ်တော့မခေါ်။ လိုအပ်တဲ့အချိန်ဆက်သွယ်ပြီး အချိန်မရွေး ပြန်လာလို့ရအောင် ပြောကာ ပြန်သွားသည်။
ဖေဖေရဲ့ ကိစ္စတွေမှာဝင်ရောက်ပြောဆိုခြင်း မရှိခဲ့ပေမယ့် မေမေနဲ့နေရတာသာ ပိုပြီးပျော်သည်။နောက်ပြီး ဝမ်းနည်းရိပ်သမ်းနေတဲ့ ဖေဖေမျက်ဝန်းတွေကို အပြုံးနဲ့ဟန်ဆောင်နေပေမယ့် ကျွန်တော်သိသလို ထိုအမျိုးသမီးကို သူ တကယ် မြတ်နိုးခဲ့တယ်ဆိုတာ ထိုမျက်ဝန်းတွေမှ တွေ့နိုင်သည်။
ကျွီ.....ဒုန်း .....!
ဆိုင်ကယ်ပေါ် တက်ပြီး မောင်းရန်ပြင်လိုက်ချိန် အနောက်မှ ကြားရသော အသံတစ်ခု။ ညနေအချိန်ဆိုင်း ဖြစ်တာကြောင့် ဒီနေ့ ကျွန်တော် ပြန်ချိန်က လူပြတ်နေပြီဖြစ်သည်။ လမ်းထောင့် တစ်နေရာ အမှောင်ရိပ်ကနေ အရှိန်ပြင်းပြင်းမောင်းထွက်သွားတဲ့ ကားတစ်စီးက တစ်ခုခုကို ဝင်တိုက်မိခဲ့ဟန်ပေါ်သည်။ ထောင့်အကွေ့မှာ ဖြစ်တာဆိုတော့ တိုက်တဲ့အရှိန်က သေးမှာမဟုတ် ။
လမ်းရဲ့ တစ်ဖက်ကို ကူးသွားလိုက်ပြီး ထိုနေရာသို့သွားကြည့်မိသည်။ အဝေးက မမြင်ရသော အမှောင်ထုက အနီးကပ်ကြည့်မှ အနည်းငယ်ရှင်းလင်းလာပြီး ကျိုးကျေနေသော ဆိုင်ကယ် အစအနတွေ မြေမှာပြန့်ကြဲလျက်။
ထို့နောက် ဆိုင်ကယ်နဲ့ ခပ်လှမ်းလှမ်းနေရာမှာ မှောက်နေသော လူတစ်ယောက်။ ဆိုင်ကယ်ဦးထုတ်မပါသောကြောင့် ခေါင်းမှ သွေးတွေက ကတ္တရာလမ်းမပေါ်မှာ စီးကျနေသည်။အရေးပေါ် ဖုန်းကို ခေါ်လိုက်ပြီး မှောက်နေတဲ့ လူကို အသက်ရှိမရှိသိရအောင် ဖလက်မီးနဲ့ထွန်းကြည့်လိုက်ချိန် လက်ထဲက ဖုန်းတောင်လွတ်ကျတော့မည့် အခြေနေ။
"အစ်ကိုနိုင်ထက် !"
ဘေးတစောင်းမြင်နေရသော မျက်နှာ တစ်ခြမ်းက သွေးစီးကြောင်းများရှိနေသော်လည်း ကျွန်တော့်ဖို့ စိမ်းမနေ ။အလန့်တကြား အနားကပ်ပြီး လှုပ်နိုးကြည့်ပေမယ့် သတိလည်မလာ။ အသက်တော့ရှူနေသေးသည်။
......
တကိုယ်လုံးကိုင်ရိုက်ထားသလို နေရာတိုင်း နာကျင်စေတဲ့ခံစားချက်နဲ့ အသိဝင်လာချိန် ဆေးနံ့ခပ်စူးစူးတွေက ပိုခေါင်းကိုက်စေသည်။မကြည်လင်တဲ့ စိတ်နဲ့ ဆိုင်ကယ်ကိုသာ အရှိန်တင်မောင်းလာရင်း ကားတစ်စီးက သူ့ကို ဝင်ကျုံးသွားတာပဲမှတ်မိပြီး ဘယ်ကကားလဲ လမ်းမပေါ် သူဘယ်လို ပုံစံနဲ့ ကျလဲဆိုတာ လျှင်မြန်လွန်းတဲ့ အဖြစ်ပျက်ကြောင့်ဘာမှ မသိလိုက်ပေ။
"ခင်ဗျား သက်သာရဲ့လား"
ခုတင်ဘေးမှာ ရှိနေသော ကောင်လေး ။ ဘာလို့ အဲ့လောက်တောင် တိုက်ဆိုင်ပေးနေရတာလဲ ။သူ့အဖေနဲ့ ကွဲလာတဲ့ အမေက အိမ်က အဖေရင်းနဲ့ နှောင်ချိန်နေတာကို အခု ဒီကောင်လေးက အရှေ့ ရောက်လာပြန်ပြီ။ ကံတရားကမယုံကြည်တဲ့ သူ့ကို စောက်ခွက်လာပြောင်နေတာလား မသိတော့ပါ။လက်ဖျံက ဆေးပိုက်နဲ့ တွဲထားတဲ့ အပ်ကို ဆြွဲဖုတ်လိုက်တော့ ပတ်တီးစည်းထားတဲ့နေရာက ဆစ်ခနဲ။
" -ီး မို့ဆေးရုံကိုခေါ်လာတာလား"
အသက်ကယ်ထားပေးတဲ့လူကို ပထမဆုံးပြောတဲ့စကားက ရိုင်းချင်ရိုင်းနေမယ်။သို့ပေမယ့် နိုင်ထက် ပါးစပ်က ဒီစကားထက် ယဉ်ကျေးအောင်ထွက်ဖို့ ဆိုတာ ဆေးရုံထဲမှာ ရှိနေသ၍ မဖြစ်နိုင်။ သို့သော် ပြောခံရသော ကောင်လေးက မျက်နှာတစ်ချက်မပျက်တဲ့အပြင် ခြေထောက်တစ်ဖက်ထောက်ရခက်နေသော သူ့ကို တွဲကူပေးလာသည်။
"ဆဲနိုင်သေးတယ် ဆိုတော့ အသက်နဲ့ဝေးသေးတာပဲ။ ခင်ဗျားဘယ်ကို ပြန်မှာလဲ ကျုပ်ဆိုင်ကယ်နဲ့ လိုက်ပို့ပေးမယ် "
"မင်းသွားချင်တဲ့ နေရာကိုသွား"
တစ်ခွန်းသာပြောပြီးဆေးရုံအပြင်ဘက်ဖြည်းဖြည်းချင်းလျှောက်လာလိုက်သည်။အနောက်မှာ ဘယ်လိုကျန်နေ ခဲ့လည်းလှည့်မကြည့်မိ။ဆေးရုံစရိတ်ရှင်းနေသံကြားရပြီး အနောက်ကနေ အလောတကြီးပြေးလာတဲ့ ခြေသံပါ ကြားရသည်။
ထို့နောက် သူတွဲခေါ်တဲ့နေရာကို အသာတကြည်လိုက်သွားပြီး ကြည့်လိုက်တော့ ဆိုင်ကယ်တစ်စီးရှိနေသည်။
125 ဆိုင်ကယ်နောက်ကနေ ဝင်ထိုင်လိုက်တော့ feel အောက်သည်။ ကိုယ်စီးနေကျ ဆိုင်ကယ်က ကိုယ့်အရပ်နဲ့ ကွက်တိ၊ အခုက ခြေတင်ခုံမှာ ခြေထောက်တင်ထားတောင် ပတ်တီးဖွေးဖွေးနဲ့ ဒူးက ဘေးကိုကားထွက်နေတာ တော်တော် အဆင်မပြေဖြစ်သည်။နောက်ပြီး ကိုယ့်ထက် လူကောင်သေးတဲ့ ဟာလေး အနောက်က လိုက်ရမယ်ဆိုတဲ့ ယုံကြည်ချက်လည်း သိပ်မရှိ။ မတတ်နိုင်။ မေ့သွားအောင်အထိ တိုက်လိုက်တဲ့ အရှိန်က နည်းမှာမဟုတ်တဲ့အတွက် သူ့ဆိုင်ကယ်ကလည်း သုံးလို့မရတော့မှာ သေချာနေပြီ။
အရှေ့ကနေ ခေါင်းတစ်လုံးအနိုမ့်မှာ ထိုင်နေရင်း အနောက်လှည့်ကြည့်သည်။ နောက်ပြီး လက်ကိုင်မှာ ချိတ်ထားတဲ့ဆိုင်ကယ်ဦးထုပ်ကို စောင်းပေးတာကြောင့် အနာနဲ့ ထိပြီး လူက ဒေါသထွက်ကာ ထပ်ဆဲမိတော့မယ် ။
"ဆောင်းထား နောက်တစ်ခါ ထပ်ကွဲရင် ခင်ဗျား ခေါင်းက သုံးစားရမှာမဟုတ်တော့ဘူး"
"မင်းကရော "
"ဦးထုပ်က အပိုမပါဘူး။ တစ်လုံးပဲယူလာတာ "
"အခု ဘယ်သွားနေတာလဲ "
ဖြေးဖြေးနဲ့မှန်မှန်သာ သွားနေသော်လည်း တွန့်နေသော ရှပ်အင်္ကျီရဲ့ ပုခုံးပေါ်ကို လက်အသာတင်ရင်း မေးလိုက်သည်။
"စစ်ကိုင်း တံတားပေါ် ။ ခင်ဗျား အိမ်မပြန်ချင်သေးဘူးမလား"
"မင်းလည်း သိပြီးပြီပဲ"
"အင်း နေ့လည်က အဖေလာသွားတယ်"
ငွေတွင်းနဲ့လမ်းခွဲပြီးတဲ့ အမေက သူတို့အိမ်ပြန်လာသည် ။ စကားများနေတဲ့ လင်မယားတွေက ပြောရမယ် ၊မပြောရဘူးဆိုတာကိုလည်း စည်းမစောင့်တတ်ကြတော့ဘူး ။
ပိုက်ဆံလိုလို့ တခြားအိမ်ထောင်က ယောကျာ်းကို ပေါင်းနေရတယ် ဆိုတာ နိုင်ထက်ရော ရှင်ငြိမ်းရော အကြောင်းစုံကြားရသည်။အမေပြန်လာလို့ ပျော်ရမှာလား။ ပိုက်ဆံပဲ မြင်တတ်တဲ့ အဖေ့ကို ပဲ မုန်းရမလားဆိုတာ ဝေခွဲချိန်မရ။ကြားနေရတာတဲ့ စကားတွေစိတ်ရှုပ်တာကြောင့် သူအပြင်ကို ထွက်လာရင်း အခုလိုဖြစ်တာပဲ ။ ဒုက္ခဆိုတဲ့ မျိုးမစစ်က အပေါင်းအဖော်ပါ ခေါ်လာတာ ။
"ခင်ဗျားတို့ အိမ်အဆင်ပြေရဲ့လား"
"မသိဘူး "
.......
စစ်ကိုင်းတံတားဘေးက ဘောင်တန်းမှာ ထိုင်ရင်း ဧရာဝတီ မြစ်ကို အကြောင်းမဲ့ ငေးကြည့်နေမိသည်။တိုက်ခတ်လာသော လေပြည်က မြစ်ပြင်ကို ဖြတ်လျှောက်လာတာကြောင့် အေးမြနေသည်။ မျက်စိရှေ့ ထိုးပေးလာတဲ့ စီးကရက်အဖြူရောင်တစ်လိပ်ကို ယူပြီး နှုတ်ခမ်းနား တေ့လိုက်တာနဲ့ လက်တစ်ဖက်ဖြင့် လေကွယ်ကာ မီးညှိပေးသည်။
ဘေးက ပန်းဆီရောင် နှုတ်ခမ်းထပ်မှာလည်း မီးစရဲရဲနဲ့ ဆေးလိပ်တစ်လိပ်။လိုက်ဖက်တယ်လို့ မထင်ပေမယ့် မတားဖြစ်ပါ။
"ကျွန်တော်ဆေးလိပ် သောက်ချင်တဲ့အခါ ဒီကို လာဖြစ်တယ်။ ဘယ်လိုလဲ သာယာတယ်မလား"
ရှိုက်ကာ ဖွာလိုက်ရင်း ခေါင်းမော့ကာ အငွေ့တို့ ထုတ်လွတ်မိသည်။ဟိုအရင်ချိန်က ကျောင်းဆောင်နောက်မှာ ဆေးလိပ်သောက်နေတုန်း ဆုံခဲ့တဲ့ အရာကို တွေးမိပြီး နိုင်ထက် ပြုံးမိသည်။ အခုလည်း ဒီကောင်လေး သူ့ဘေးမှာရောက်နေပြန်ပြီ ။သေချာတာကတော့ ဘာကို အလိုမကျမှန်းမသိတဲ့ စိတ်ကို တပါးသူအပေါ် မပုံချတော့ဘူး ။ နိုင်ထက် ရယ်သံကြားတော့ ခေါင်းစောင်းကာ လှည့်ကြည့်လာသည်။
"အိမ်မှာ သောက်လဲဒီဆေးလိပ်ပါပဲကွာ "
"အိမ်မှာကျ တားမယ့် သူရှိလို့လေ "
စီးကရက်ကို ခြေထောက်နဲ့ ဖိခြေနင်းလိုက်ပြီး တံတားသံဘောင်တန်းပေါ် လက်ထောက်ကာ လေပြည်အေးကို မျက်နှာမူလိုက်သည်။ကျွန်တော် စီးကရက်သောက်တာ ကိုကိုက မသိတာတော့မဟုတ် ။ အိမ်ပြန်ရောက်ရင် သူ့နှုတ်ခမ်းကနေ တဆင့်ဒီအနံ့ကို သိနေမှာပဲ။သို့သော် ဆေးလိပ်သောက်နေတာလား ၊ ဘာလို့ သောက်လာတာလဲ ဆိုတဲ့ မေးခွန်းတွေကို ဘယ်တော့မှ စစ်မေးချင်းမရှိ။ ကျွန်တော်ကိုယ်တိုင် သူ့ရှေ့မှာ မသောက်ဘူးဆိုတာ သိနေပြီးဖြစ်မည်။
"ငါ့အဖွား အူအတတ်ပေါက်တုန်းက ဆေးရုံတက်ပြီး ခွဲရတယ် "
အဆက်စပ်မရှိသော စကားတို့ ဖွင့်ဟလာမိသည်။မဆိုင်ပေမယ့် မြစ်ကိုကျောပေးပြီးသူ့ဘက်ပြန်လှည့်ကာ အာရုံစိုက်နားထောင်လာသော ကောင်လေးကြောင့် နိုင်ထက် ဆက်ပြောမိသည်။
"အတွင်းချုပ်ရိုးက သွေးစိမ့်နေတာ ။ အဖွားကဗိုက်အောင့်တယ် ပြောတော့ သူတို့ ဘာပြောလဲ သိလား "
"........."
"ခွဲထား ခါစမို့ နာမှာပေါ့တဲ့ ။ တစ်ပတ်လောက်နေတော့ ဘယ်လိုမှ မနေနိုင်ပဲ အော်နေတဲ့အချိန်မှ ဗိုက်ကို ပြန်ဖွင့်တယ် ။ အတွင်းက စိမ့်ထွက်နေတဲ့ သွေးတွေက ပုတ်နေပြီ ။ အဲ့ကျမှ သူတို့ တာဝန်ယူမှုက ခေါင်းရမ်းပြီး မရတော့ဘူး ဆိုတဲ့ စကားတစ်ခွန်းတည်းပဲ။စောက်ရမ်းရယ်ရတယ်နော် "
လုပ်ကြံ ရယ်သံအဆုံး ခင်ဗျား အဲ့ဒါကြောင့် ဆေးရုံတွေ မုန်းတာလားဆိုပြီး သူ့ကို ဆဲခဲ့တဲ့ စကားတချို့အား နားလည်းသွားဟန် ။ ခဏတာ တိတ်ဆိတ်ပြီးမှ ...
"အဖွားဖြစ်သူ အတွက်တော့ စိတ်မကောင်းဘူး ။ဒါပေမယ့် ခင်ဗျား အဲ့လောက်ကြီးထိတော့ အစွဲမထားသင့်ဘူး။ဒါက အချိန်တန်လို့ ဖြစ်တယ်ပဲ တွေးရမယ် ။ ဆရာဝန်ဆိုတာလည်း လူပဲလေ သူတို့အမြဲ အမှားကင်းမနေနိုင်ဘူး "
"ငါ မင်းကို ကတုံး တုံးပြီး ဘုန်းကြီးဝတ်ပေးရမလား။ ဟမ်.. သင်္ကန်းလှူမယ်လေ သွားမလားအခုဘုန်းကြီးကျောင်းကို "
ခေါင်းရမ်းကာ ပြန်လှည့်သွားသော ပုခုံးပြင်က သဘောကျစွာ ရယ်သောကြောင့် လှုပ်ခတ်နေသည်။
တံတားပေါ်မှ ယဉ်တစ်စီး နှစ်စီး ဖြတ်ပြီး မြစ်ထဲက တရွေ့ရွေ့သွားနေသော သင်္ဘောသံတို့ကြား ထိုရယ်သံကနှမြောစရာကောင်းအောင် တိုးတိတ်စွာ။တံတားဘောင်တန်းကို လက်ထောက်ငေးနေသော သူ့ရဲ့ ဆံပင်တွေ လေအယိမ်းမှာ ဝေ့ပါနေသည်။ကျယ်ပြန့်တဲ့ မြစ်ပြင်နဲ့ တိတ်ဆိတ်တဲ့ည ။ မျက်စိရှေ့မှာ ရှိနေသော ရင်းနှီးမှုခေါင်းစဉ် မတပ်ထားသော သူတစ်ယောက် ။
အင်း ...ဘယ်နေရာသောက်သောက် ဒီဆေးလိပ်ပဲ ဆိုတဲ့ စကား ပြန်ရုတ်သိမ်းမယ် ။ ဒီည သောက်တဲ့ စီးကရက်က ပိုအရသာရှိနေသလားလို့။