The Throne(ရာဇာပုလ္လင်)
အပိုင်း-၁၇
မနက်သုံးနာရီ မြူတွေဆိုင်းနေသောအချိန်မှာ ဝမ်ယောလ် ၊ ဝမ်အွန်း ၊ရှီရွှန်း ၊ဂျွန်မြောင် နဲ့ ဂျောင်ဆူး တို့လေးယောက် နန်းတော်ကိုပြန်လာခဲ့သည်။
ရှီရွှန်း နဲ့ ဂျွန်မြောင်အတွက် မြင်းလှည်းပြင်ထားပြီး ဂျောင်ဆူး ကမြင်းလှည်းမောင်းသည်။
ဝမ်အွန်း ကတော့ ဝမ်ယောလ် ရင်ခွင်ထဲမှာ မြင်းပေါ်၌ အတူပါလာခဲ့သည်။
တိတ်ဆိတ်နေသော ညချမ်းအချိန်အခါကို မြင်းသံလူတွေဖြင့် ဆူညံသွားစေသည်။
ရှီရွှန်း မြင်းလှည်းရဲ့ ပြတင်ပေါက်ကို အသာလှပ်ကာ ဝမ်ယောလ် နဲ့ ဝမ်အွန်း ကိုလှမ်းကြည့်လိုက်သည်။
သူမြင်နေရသည်က ဝမ်ယောလ် ရဲ့ကျောပြင်ဖြစ်ပြီး ဝမ်အွန်း ကိုတော့ မတွေ့ရပေ။
'မင်းကြီး ဘာလို့ အလောတကြီးပြန်ခိုင်းတာလဲ ဆိုတာ မင်းသိလား ရှီရွှန်း'
ရှီရွှန်း ခေါင်းခါပြရင်း တံခါးပေါက်ကို ပြန်ပိတ်လိုက်သည်။
'မသိဘူး'
'မင်းကြီး က အွန်းလေး လိုပဲ မှန်းရခက်တယ်'
'ဒါပေမဲ့ မင်းသားကတော့ မှန်အောင်မှန်းနိုင်တယ်ထင်တယ်။အမြဲတမ်း မင်းကြီး ဘာလုပ်မလဲဆိုတာကို ကြိုသိနေတတ်တယ်'
'နန်းတော်ထဲပြန်ရောက်ရင် ငါ့ကို နန်းတွင်းသမားတော်လုပ်ခိုင်းမယ်ထင်တယ်'
'ကောင်းသားပဲ'
'မကောင်းပါဘူး။ငါက နန်းတွင်းကိုမကြိုက်ဘူး။အမြဲတမ်း ကျီးလန့်စာစားနေရသလိုပဲ။ဘယ်အချိန်မှာ အသက်ပျောက်မလဲဆိုပြီး တွေးပူနေရတာ။ငါက အဲ့လို ဘဝကိုမုန်းတယ်'
'အခန့်မသင့်ရင် ကုန်ကောက်စရာမရှိအောင် ဆုံးရှုံးသွားမှာ'
ရှီရွှန်း ဆွေးဆွေးမြေ့မြေ့လေးပြော၏။
ဂျွန်မြောင် ရှီရွှန်း ကို ဂရုဏာသက်စွာ ကြည့်နေသည်။
ရှီရွှန်း သည် တစ်ကယ်လှပါသည်။နှုတ်ခမ်းပါးပါး အသားဖြူဖြူ နဲ့ ရီလိုက်တိုင်း မျက်လုံးလေးတွေပိတ်သွားသည်က လွန်စွာ ချစ်စရာကောင်းသည်။
အခုတော့ သူ့ရဲ့ အပြုံးတွေဟာ ပျောက်ကွယ်နေသည်။
ဝမ်အွန်း သည် သူမပျော်သ၍ တခြားသူပါ လိုက်ပြီး မပျော်ရအောင် ကျိန်စာတိုက်ထားသည်ဟုပင် ထင်ရသည်။
'အိမ်ကိုရော ပြန်ဖြစ်သေးလား'
ရှီရွှန်း ခေါင်းခါပြသည်။
'လက်ထပ်ပွဲနေ့က အစ်ကိုကြီး နဲ့ အဖေ့ကို တွေ့ပြီး စကားပြောဖြစ်တယ်။အဲ့ဒါနောက်ဆုံးပဲ။အမေ့ကိုတော့ မတွေ့ရတာ အတော်ကြာပြီ'
ရှီရွှန်း ခေါင်းလေးငုံ့ကာ တိုးညှင်းစွာ ပြောသည်။
ကြင်ယာတော်ဖြစ်လာပြီးမှ ပျော့ပျောင်းသွားသော စိတ်တွေနဲ့ နူးညံ့လာမှုတွေကို ရှီရွှန်း အသားကျသွားပြီထင်သည်။
'တစ်ခါမှတောင် မတွေးဖူးဘူး။ဒီလိုနေရာမျိုးမှာ အသက်ရှင်နေရမယ်လို့'
ရှီရွှန်း သက်ပြင်းမော တစ်ခုကို ချလိုက်ပြီ ကျချင်နေသော မျက်ရည်တို့ကို သိမ်းဆည်းလိုက်သည်။
'အစ်ကိုလည်း သတိထားဦး။မင်းသားက သူမကျေနပ်ရင် တစ်ခုခုလုပ်ရမှကျေနပ်မဲ့သူမျိုး'
'လုပ်လည်း ငါက တားလို့မှမရတာ။ငါတို့အပြစ်လည်းမကင်းဘူးလေ'
'အဲ့လိုဆိုတိုင်းလည်း မင်းသား ထီးနန်းကိုပြန်ရလို့မဖြစ်ဘူး။မင်းသား က .......'
ရှီရွှန်း ပြောခါနီးမှာ မြင်းလှည်းက ရပ်သွားသည်။
ရှီရွှန်း ပြတင်းပေါက်လေးကိုဖွင့်လိုက်တော့
'ရွာထဲရောက်နေပါပြီ သမားတော်ကင်'
ဂျောင်ဆူး က အရိုအသေပေးရင်း ပြောလာတော့ ဂျွန်မြောင် လှည်းပေါ်ကနေဆင်းသွားသည်။
'မင်းကြီးက ခရီးခဏနားပါမယ်တဲ့ ကြင်ယာတော်'
'အင်း '
ရှီရွှန်း စကား အဆက်ပြတ်သွားသည်။
လှည်းပေါ်ကနေဆင်းလာတော့ အတော်အသင့်ကြီးသော ခြံဝန်းရှေ့တွင် ရပ်ထားမှန်း သိလိုက်သည်။
ခြံဝန်ထဲဝင်သွားလိုက်တော့ အိမ်သူအိမ်သားတွေက ဝမ်ယောလ် အား ဒူးထောက်ကာ အရိုအသေပေးနေကြသည်။
ထို့နောက် ဝမ်ယောလ် နဲ့ ဝမ်အွန်း က အိမ်ရှေ့ရှိ ကွပ်ပျစ်ပေါ်တွင် ထိုင်လိုက်သည်။အိမ်ရှင်တွေကတော့ ရှိတာလေးနဲ့ ဧည့်ခံသည်။
'ရှီရွှန်း လာထိုင်လေ'
'ဟုတ်ကဲ့'
ဝမ်ယောလ် ခေါ်တော့ ရှီရွှန်း ဝမ်ယောလ် အနားမှာ ထိုင်လိုက်သည်။ဝမ်အွန်း နဲ့ ရှီရွှန်း ရဲ့ အလယ်တွင် ဝမ်ယောလ် ထိုင်နေပြီး ဂျောင်ဆူး ကတော့ ဝမ်အွန်း ဘေးနားတွင် မတ်တပ်ရပ်နေသည်။
ဂျွန်မြောင် ကတော့ ရောက်ကတည်းက အိမ်ထဲကိုဝင်သွားသည်။
'ကလေးကော'
ဂျွန်မြောင် အိမ်ထဲက ထွက်လာပြီး ဝမ်ယောလ် တို့ ထိုင်နေတဲ့ နားရဲ့ ခပ်လှမ်းလှမ်းတွင် ရပ်နေသော လူတွေကိုမေးလိုက်သည်။
'ကလေး က ဟိုဘက်အိမ်မှာ သွားအိပ်နေလို့ပါ သခင်လေး။အခု သွားခေါ်နေပါပြီ'
အသက်ကြီးကြီး လူတစ်ယောက်ရဲ့ အဖြေကို ကြားပြီး မကြာခင်မှာပဲ ခြံထဲကို ကလေးလေးတစ်ယောက်ပြေးဝင်လာခဲ့သည်။
'ပါးပါး!!'
'ရှင်းလေး'
ဂျွန်မြောင် ကလေးကို ပြေးဖက်လိုက်သည်။ နှစ်နှစ်ကျော်ကျော် သုံးနှစ်အရွယ်လောက် ကလေးတစ်ယောက်ရဲ့ ခြေထောက်တွေက သန်မာနေပြီဖြစ်သလို ဒူးတစ်ဖက်ထောက်ပြီး ကြိုဆိုနေတဲ့ ဂျွန်မြောင် ရင်ခွင်ကို ပြေးဖက်သည်။
ဂျွန်မြောင်ကတော့ ကလေးရဲ့ ပါးတစ်ဖက်ကို နမ်းရှိုက်လိုက်သည်။
'ဖေကြီးကော ပါးပါး ပြန်လာသေးဘူးလား'
'ဖေကြီးက အိမ်မှာစောင့်နေတဲ့။ပါးပါးနဲ့ ရှင်းလေးက အိမ်အသစ်ကိုသွားပြီး ဖေကြီးကိုစောင့်ရအောင်'
'အိမ်သစ်? အိမ်သစ်က ဘာလဲ'
နှုတ်ခမ်းလေးဆူပြီးမေးနေတဲ့ ကလေးလေးသည် အရမ်းချစ်စရာကောင်းသည်။ကလေးက ဂျွန်မြောင် ကလေးလို့အထူးမေးစရာမလိုအောင် သူနဲ့ ရုပ်အတော်တူသည်။ပါးပေါ်က ပါးချိုင့်လေးလောက်ပဲ ရီရှင်းနဲ့ တူသည်။
'ပါးပါတို့ အိမ်အကြီးကြီးမှာ သွားနေရမှာ။အဲ့ဒါကြောင့် ပါးပါးနဲ့ အတူတူသွားမယ်နော်'
'ဖွားဖွားကော ဖွားဖွားကော လိုက်မှာလား'
'လိုက်မှာပေါ့ ရှင်းလေးရဲ့'
ဂျွန်မြောင် ရှင်းလေး ရဲ့ ပါးကို ထပ်နမ်းလိုက်ပြီး ကလေးကိုချီက မတ်တပ်ရပ်လိုက်သည်။
'ပြင်စရာရှိတာပြင်လိုက်ပါ။ကျွန်တော်တို့ မြို့တော်မှာ ပြောင်းနေရမယ်'
'ဟုတ်ကဲ့ပါ သခင်လေး'
ဂျွန်မြောင် ပြောလိုက်တော့ ဦးလေးနဲ့ အဒေါ်ကြီးက အိမ်ထဲပြေးဝင်သွားပြီး ပြင်ဆင်နေသည်။
ရှီရွှန်း ကလေးကို မြင်တော့ မနေနိုင်တော့ဘဲ ဂျွန်မြောင် အနားသွားလိုက်သည်။
'ကလေးလေး ကချစ်ဖို့ကောင်းလိုက်တာ။နာမည်ဘယ်လို့ခေါ်လဲ'
'ရှင်းလေး ပါ ဦးဦး'
'ရှင်းလေး က ချစ်ဖို့ကောင်းလိုက်တာ။လာပါဦး ဦးဦးဆီ '
ရှီရွှန်း ကလေးကိုချီပြီး မြူနေသည်။
'အဲ့ကလေးက ဘယ်သူ့ကလေးလဲ'
ဝမ်အွန်း မေးလိုက်တော့ ဝမ်ယောလ် ကလေးကိုပြုံးပြီး ကြည့်နေရင်း
'ရီရှင်း နဲ့ ဂျွန်မြောင့် ကလေးလေ'
'ဂျွန်မြောင် က ယောကျာ်းလေးလေ'
ဝမ်အွန်း စိတ်တွေ စဉ်းစားရခက်နေသည်။သူထင်တာ ဒီကလေးကို သူတို့ မွေးစားထားသည်ပေါ့။
'ဒီကလေးက ဂျွန်မြောင် ကိုယ်တိုင်မွေးထားတာ။ရီရှင်း ပြောတာတော့ ဂျွန်မြောင် က စမ်းသပ်ချက်တစ်ခုကို သူကိုယ်တိုင်နဲ့ စမ်းသပ်လိုက်တာ'
'နားမလည်ဘူး'
'ငါလည်း သိပ်မရှင်းဘူး။ဒါပေမဲ့ သေချာတာတော့ ဒီကလေးကို ဂျွန်မြောင် ကိုယ်တိုင်မွေးထားတာ။သူကိုယ်ဝန်ဆောင်တုန်းကတောင် ငါရောက်သေးတယ်'
'မဖြစ်နိုင်တာ'
ဝမ်အွန်း ရေရွတ်မိလိုက်သည်။
ထို့နောက် ဝမ်ယောလ် ပါသွားပြီး ရှီရွှန်း နဲ့ ရှင်းလေး နဲ့အတူ ဆော့နေသည်။
ဝမ်အွန်း သူတို့ကို ကြည့်နေသည်။ပါးချိုင့်လေး ထင်းနေအောင်ရီနေသော ဝမ်ယောလ် နဲ့ မျက်လုံးလေးတွေမှိတ်သည်အထိ ရီနေသော ရှီရွှန်း၊ ပြီးတော့ ပြေးလွှားနေတဲ့ ကလေးငယ်.....
တစ်ကယ်တမ်းတွေးကြည့်ရင် မိသားစုလေး တစ်ခုနဲ့တောင်တူသေးသည်။
ဝမ်အွန်း ဆေးထုပ်တွေထုပ်ပိုးနေသည့် ဂျွန်မြောင် ကျောပြင်ကိုကြည့်ရင်း အတွေးတွေဝင်လာသည်။
ပြီးတော့ ဝမ်အွန်း ပြုံးသည်။
~~~~~~~~~~~
ရှီလာနန်းတော်
ဝမ်ဆောနို ဝမ်ယောလ် ပြန်ရောက်လာသည်ဆိုသည့် သတင်းကြားကြားချင်း နန်းတော်ရှေ့ထွက်ကြိုသည်။
'မင်းကြီး အကြောင်းမကြားဘဲ ပြန်ရောက်လာတော့ စိုးရိမ်နေတာ'
'ရတယ်။ကိုယ်က ဘာမှမဖြစ်ဘူး'
ဝမ်ယောလ် နဲ့ ဝမ်ဆောနို တို့စကားပြောနေတုန်း ဝမ်အွန်း ထွက်သွားသည်။ဘာတစ်ခွန်းမှမပြောဘဲ မသိချင်ယောင်ဆောင်သွားသည့် ဝမ်အွန်း ကို ဝမ်ယောလ် ကြည့်နေရင်း
'ခဏနေရင် ဝမ်အွန်း ဆီကို နန်းတွင်းသမားတော်ကြီးကို လွှတ်လိုက်ပါ'
'ဟုတ်ကဲ့ မင်းကြီး'
'ရှီရွှန်း လည်း ဒဏ်ရာရထားတယ်'
'ဆောနို စီစဉ်လိုက်ပါ့မယ်'
ဝမ်ယောလ် ပြန်ရောက်ပြီး တစ်ရက်လောက်သာနေသည်။ဝမ်ဆောနို လုပ်နေသည့် ကိစ္စတွေကို စစ်ဆေးပေးပြီး နောက်နေ့မှာတော့ စစ်ပွဲဆီကိုပြန်သွားခါနီး
'ဒိုင်းမိုခံတပ် ကိုရပြီးရင် လုပ်စရာရှိတဲ့ဟာတွေကိုပြင်ဆင်ထားပါ။နန်းတွင်းပန်းပဲဖိုက လူတွေရွေးထား။ပြီးတာနဲ့ ဟိုကိုတန်းသွားပြီး ပညာသင်ရမယ်'
'ဆောနို လူရွေးထားလိုက်ပါ့မယ်'
ဝမ်ယောလ် တစ်ယောက်တည်း ပြန်သွားသည်။
ဝမ်ဆောနို စိတ်ပူသွားပေမဲ့ အပြင်ရောက်မှ ဂျုံအင် နဲ့တွေ့ပြီး ထွက်သွားတာကြောင့် နန်းတော်ထဲကိုသာ ပြန်ဝင်လာခဲ့သည်။
~~~~~~~~~~~~
ဝမ်အွန်း ကို နန်းတွင်းသမားတော်ကြီးက စစ်ဆေးပေးပြီး ပြန်ထွက်သွားသည်။
အထိန်းတော် ယန်း က ဝမ်အွန်း ဘေးနားမှာ လာရပ်လိုက်ပြီး
'မင်းသား ဒဏ်ရာရလာလို့လား။မင်းကြီးကိုယ်တိုင် နန်းတွင်းသမားတော်ကြီးကို လာကြည့်ခိုင်းတာဆိုတော့'
'နဲနဲလေးပါ'
'ဟုတ်ကဲ့'
'ငါခိုင်းထားတဲ့ကိစ္စဘယ်လိုလဲ'
'အဆင်ပြေပါတယ်မင်းသား။အမတ်တွေနဲ့ မိဖုရား အခုထိ မပြေလည်သေးပါဘူး'
'ကောင်းသားပဲ'
'ဒါပေမဲ့ သူတို့က လက်လျှော့မဲ့ပုံမပေါ်ဘူး'
'ငါပြန်ရောက်နေပြီလေ။ဘာလုပ်နိုင်ဦးမှာမို့လို့လဲ'
ဝမ်အွန်း ရဲ့ ခပ်တည်တည်မျက်နှာတွင် ကျေနပ်ရိပ်များသမ်းနေသည်။
'ဒါနဲ့ မင်းသားကို အသိပေးစရာရှိပါတယ်'
'ဘာလဲ'
'မင်းမယ်တော်ကြီးက မိဖုရားကို ဆေးတွေတိုက်နေပါတယ်'
ဝမ်အွန်း ကဘာထူးဆန်းလို့လဲဆိုသည့်အကြည့်ဖြင့်ကြည့်နေသောကြောင့် အထိန်းတော် ယန်း ခေါင်းငုံ့ကာ
'ကိုယ်ဝန်ရစေတဲ့ဆေးတွေပါ မင်းသား'
'ဘာ'
'ကြည့်ရတာ မိဖုရားနဲ့ ကလေးရအောင်လုပ်ပြီး ထီးနန်းကို ပိုပြီး မြဲအောင်လုပ်မယ့်ပုံပါ'
'အဖွားကြီးက ရဲလှချည်လား'
'ဒီကိစ္စက အရေးကြီးလို့ မင်းသားကို ပြောပြရတာပါ။မင်းသားက ယောကျာ်းလေးလေ။ပြီးတော့ မင်းမယ်တော်ကြီးက ဒီကိစ္စကိုအပိုင်တွက်ထားတဲ့ပုံပါပဲ။နတ်နန်းကိုတောင် နက္ခတ်မေးထားပါတယ်'
ဝမ်အွန်း မျက်နှာ တင်းသွားသည်။
'ဝမ်ဆောနို မှာ ကလေး မရှိစေရဘူး။ငါသတ်ပစ်မှာ!'
လက်သီးဆုပ်ကာ ဒေါသထွက်စေသည်အထိ ဒီကိစ္စသည် ဝမ်အွန်း အတွက် ကြီးမားလွန်းသည်။ဘာကြောင့်လဲဆိုတာကိုတော့ ဝမ်အွန်း သာသိလိမ့်မည်ထင်သည်။
~~~~~~~~~~THE THRONE~~~~~~~~~~~
ဝမ်ယော အမိန့်ကြောင့် ကြင်ယာတော်တွေနဲ့ မိဖုရားတွေအားလုံး နတ်နန်းက ဆုတောင်းပွဲကို ရောက်နေသည်။
ဒီနေ့သည် အလွန်အရေးကြီးသည်။ရှီလာ-ဘတ်ဂျယ် တို့ရဲ့ ထိပ်တိုက် တိုက်ပွဲဖြစ်ပြီး မင်းကြီးတွေကိုယ်တိုင်ဦဆောင်သည့် တိုက်ပွဲမျိုးဖြစ်သည်။ဥာဏ်ကောင်းသော ဝမ်ယောလ် နဲ့ အတွေ့အကြုံရင့် ဘတ်ဂျယ်မင်းကြီး တို့၏ တိုက်ပွဲသည် အနိုင်အရှုံးခန့်မှန်းရခက်သည်။ထို့အပြင် ရှီလာသာရှုံးလျှင် စစ်လျော်ကြေးအဖြစ် ဝမ်အွန်း ကိုပေးရမည်ဖြစ်သည်။
ဝမ်အွန်း ကတော့ အေးအေးဆေးဆေး ဖြစ်နေသည့်ပုံစံကြောင့် ဝမ်ယော စိတ်တိုကာ
'ဘာလို့ ဒီလောက်တောင်အေးအေးဆေးဆေးဖြစ်နေတာလဲ ဝမ်အွန်း။ဘတ်ဂျယ်သာနိုင်သွားရင် မင်း အဲ့မှာသွားနေရမှာနော်။နည်းနည်းလေးတောင်စိုးရိမ်မှု မရှိတဲ့ မင်း ရဲ့ ပုံစံက သိပ်ကို မသွားချင်ရှာဘူးကိုး'
ဝမ်အွန်း ဝမ်ယော ပြောတာကို မသိချင်ယောင်ဆောင်နေသည်။
အဖြူရောင်ဝတ်စုံတွေဝတ်ပြီး မိန်းကလေးတွေပဲလာခွင့်ရှိတဲ့ နတ်နန်းကို ကြင်ယာတော်ဆိုတဲ့ ဂုဏ်ပုဒ်ကြောင့် လာနေရတာကို စိတ်တိုနေရတဲ့ကြားထဲ ဝမ်ယော က ပွစိပွစိပြောနေတော့ ဝမ်အွန်း စိတ်တိုလာသည်။
ရှီရွှန်း ကတော့ ဝမ်ယော စကားတွေကြောင့် ဝမ်အွန်း ကိုကြည့်နေပြီး ဝမ်ဆောနို က ဝမ်ယော ထပ်မပြောစေရန် တားနေသည်။
'ငါ့သားကို သစ္စာဖောက်ပြီး ဖောက်ပြန်ချင်နေတာ'
'ဒါနတ်နန်းနော်။အပြောအဆိုဆင်ခြင်ပါ ယောလ်လေး အမေ။ပြီးတော့ ကျွန်တော်က ယောလ်လေးအမေရဲ့ မွေးရပ်မြေကို ရွံလွန်းလို့ အလုပ်ကိစ္စကလွဲရင် ဘယ်ကိစ္စကြောင့်နဲ့မှ မသွားဘူး။ကြင်ယာတော်အဖြစ်ဆိုရင် ပိုဆိုးပေါ့။ယောလ်လေး အမေက ကိုယ့်သားကိုမယုံဘူးလား'
'မင်း!'
'ပါးစပ်ပိတ်ပြီး ကန်တော့ဖို့ပြင်တော့'
ဝမ်အွန်း စကားတွေကြောင့် စိတ်တိုသွားသော်ငြား နတ်ဆရာမကြီးရောက်လာသောကြောင့် ဝမ်ယော ဘာမှမပြောတော့ဘဲ မျက်စောင်းထိုးပြီးသာ အရှေ့ပြန်လှည့်သွားသည်။
ထို့နောက်တွင်တော့ သူတို့တွေအားလုံး နတ်နန်းတွင်ဆုတောင်းကြသည်။
ဝမ်အွန်း နဲ့ ရှီရွှန်း ကိုပါ နတ်ဆရာမလေးတွေအတိုင်းပြင်ထားပေးတာကြောင့် ယောကျာ်းလေးတွေမှန်းတောင် မသိသာတော့ပေ။ထိုထဲမှာမှ နတ်ဆရာမကြီးသည် ဝမ်အွန်း ကိုကြည့်နေသည်။
စိုက်ကြည့်ခံနေသော ခံစားချက်ကြောင့် ဝမ်အွန်း မျက်မှောင်ကြုံ့လိုက်ပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်။သူကြည့်တော့ နတ်ဆရာမကြီး က မျက်နှာလွှဲသွားသည်။ဝမ်အွန်း အလိုမကျဖြစ်သွားပြီး ပြန်ကြည့်နေလိုက်သည်။
နောက်မှ ပြန်ပြီး ဆုတောင်းခြင်းကို စတင်လိုက်သည်။
စိတ်ထဲတွင်တော့ နတ်ဆရာမကြီး ၏ အကြည့်တွေကို ဘာသာပြန်နေမိသည်။ဒါပေမဲ့ သူနားမလည်။ထိုအကြည့်တွေသည် အရင်မင်ကြီး သူ့ကိုကြည့်တတ်သော အကြည့်တွေနဲ့ တူနေသည်။ပြီးတော့ အစ်ကိုတွေနဲ့ အမတ်တွေကြည့်တတ်သော အကြည့်နှင့်လည်း တူနေပြန်သည်။
ဒီနန်းတော်မှာ သူမသိသေးသည့် ဘာကိစ္စတွေများရှိနေသေးလို့လဲ။
ဝမ်အွန်း ပြန်ကြည့်မိတော့ နတ်ဆရာမကြီး မရှိတော့ပေ။
~~~~~~~~~
ရှီလာ နှင့် ဘတ်ဂျယ် တိုက်ပွဲတွင် ရှီလာက အနိုင်ရခဲ့သည်။
ဝမ်အွန်း ပြောပြခဲ့သည့် ဘတ်ဂျယ် စစ်သူကြီးတွေ ရဲ့ အားနည်ချက်တွေက ဝမ်ယောလ် ကို နိုင်ပွဲဆက်စေခဲ့သည်။
ဘတ်ဂျယ်က အထိအခိုက်များသည့်အပြင် မင်းကြီး ကိုပါ ဓားစားခံအဖြစ် ဖမ်းခေါ်လာခဲ့သည်။
'ငါမင်းကို လျှော့တွက်မိတာပဲ ဝမ်ယောလ်'
ဝမ်ယောလ် က ရီပြီး
'မဟုတ်တာ ကျွန်တော် တော်လို့ပါ'
'ဟား.ဟား.ဟား...ငါ့အထင်တော့ အွန်းလေး က ပိုတော်တာထင်တယ်။သူကြောင့်သာမဟုတ်ရင် ငါတို့ ဒီလောက်အထိမနာဘူး'
'ငါ့ကြင်ယာတော်နာမည်ကို မင်းပါးစပ်ကမထွက်နဲ့'
'ဒါနဲ့ မင်းရဲ့ အစ်ကို တဖြစ်လည်း ကြင်ယာတော်မင်းသားလေးကော။မတွေ့ပါလား'
ဘတ်ဂျယ်မင်းကြီးက ပတ်ဝန်းကျင်ကို လိုက်ကြည့်ပြီး ပြောလိုက်သည်။
ဝမ်ယောလ် လက်သီးဆုပ်လိုက်ပြီး
'လောလောဆယ် ငါတို့နိုင်တော့ လျော်ကြေးကိစ္စပြောရအောင်'
ဝမ်ယောလ် စကားလွှဲလိုက်တော့မှ ဘတ်ဂျယ်မင်းကြီး ၏ အကြည့်တွေသည် ဝမ်ယောလ် ဆီပြန်ရောက်လာပြီး
'ပြော'
ဝမ်ယောလ် ရွှေရောင် စာလိပ်တစ်ခုအား ဘတ်ဂျယ်မင်းကြီး ထံ ပေးစေလိုက်သည်။
~~~~~~~~~
ရှီလာနန်းတော်
ဝမ်အွန်း နတ်ဆရာမကြီး ကို သူ့နန်းဆောင်ကို ခေါ်တွေ့သည်။
'ကြင်ယာတော်မင်းသား ကို ဂါရဝပြုပါတယ်'
'ထိုင်'
'ဟုတ်ကဲ့ ကြင်ယာတော်မင်းသား'
'ယောလ်လေး အမေက ဝမ်ယောလ် ရင်သွေးအတွက်ဆွေးနွေးပြီးပြီလို့ကြားတယ်'
'ဟုတ်ပါတယ်မင်းသား။ဥာဏ်ရည်ထက်မြတ်ပြီး အိမ်ရှေ့စံ အရည်အချင်းနဲ့ ပြည့်စုံစေမဲ့ မင်းသားလေးရရှိအောင် ကျွန်မ နေ့ကောင်းပေးထားပါတယ်'
'ဟုတ်လား'
ဝမ်အွန်း သူ့စားပွဲပေါ်ရှိ ရေနွေးအိုးထဲက ရေနွေကြမ်းကို ကြွေခွက်တစ်လုံးထဲ ငှဲ့ထည့်ပြီး နတ်ဆရာမကြီး ရှေ့၌ချပေးလိုက်သည်။
'သောက်'
'ဟုတ်ကဲ့ ကြင်ယာတော်မင်းသား'
'မနေ့က ဘာလို့ အဲ့ဒီလိုကြည့်နေတာလဲ'
'ဘာကိုမေးချင်တာလဲ မသိဘူး'
'မနေ့က အကြာကြီးကြည့်နေခဲ့တယ်မဟုတ်လား။မငြင်းနဲ့။ငါသိတယ်'
'ဒီအတိုင်းပဲ နတ်နန်းကို မရောက်တာကြာနေလို့ပါ'
'မဟုတ်ပါဘူး။အဲ့အကြည့်ရဲ့ အဓိပ္ပါယ် ကိုသိချင်တယ်။အဲ့အကြည့်က ငါ့ကို အထင်သေးတဲ့အကြည့်မျိုး။နှမျောနေတဲ့ အကြည့်မျိုး။ငါ ရှီလာကိုအုပ်ချုပ်ခဲ့တုန်းက အစ်ကိုတော်တွေနဲ့ အမတ်တွေကြည့်တဲ့အကြည့်မျိုး'
ဝမ်အွန်း နတ်ဆရာမကြီး ကိုသေချာစိုက်ကြည့်လိုက်ပြီး
'ဘာလို့ အဲ့လိုကြည့်တာလဲ။အမှန်အတိုင်းဖြေ။ငါစုံစမ်းလို့ မင်းအဖြေအတိုင်းမဟုတ်ရင် နတ်နန်းကို ပိတ်ပစ်မယ်'
'မင်းသား'
'ပြော'
နတ်ဆရာမကြီးက ခေါင်းငုံ့ပြီး အကြည့်တွေက တောင်စဉ်ရေမရဖြစ်နေသည်။စိတ်လှုပ်ရှားလွန်းလို့ ဘာပြောရမှန်းမသိတော့တဲ့ အခြေအနေမျိုး။
'ပြောလေ!!!'
'မင်း.မင်းသားက မိန်းကလေးနက္ခတ်နဲ့ မွေးဖွားလာလို့ပါ'
'ဘာ!!'
'တောင်းပန်ပါတယ်။ခွင့်လွှတ်ပေးပါ'
နတ်ဆရာမကြီး ခုံပေါ်ကဆင်းကာ မြေပြင်ပေါ်ဝပ်တွားပြီး တောင်းပန်နေသည်။
'အရင်မင်းကြီးက မင်းသားကိုမွေးပြီးတော့ အဲ့ဒီအကြောင်းကိုဖုံးကွယ်ခိုင်းခဲ့တာပါ။ပြီးတော့ မင်းသား နက္ခတ်က နိမ့်ကျတဲ့ မိန်းကလေးဖြစ်တာကြောင့် ထီးနန်းနဲ့မထိုက်တန်လို့ပါ'
'မဖြစ်နိုင်တာ။ငါကယောကျာ်းလေးလေ'
'မင်းသားလေး မွေးခါနီးသည်အထိ အရင်နတ်ဆရာမကြီးက ပြီးပြည့်စုံအောင်လှတဲ့ မင်းသမီးတစ်ပါးဖြစ်ပါမယ် လို့ ဟောခဲ့တာပါ။ဒါပေမဲ့ မွေးဖွားလာတော့ အရမ်းလှတဲ့ မင်းသားတစ်ပါးဖြစ်နေခဲ့ပါတယ်။အရင်မင်းကြီးက မင်းသားကိစ္စကြောင့် အရင်နတ်ဆရာမကြီးကို နတ်နန်းကျောက်ဆောင်ထဲမှာ အကျဉ်းချထားပြီး မင်းသားကို အိမ်ရှေ့စံအဖြစ်တင်မြှောက်ခဲ့တာပါ'
ဝမ်အွန်း ဘာပြောရမလဲတောင်မသိတော့ပေ။
'ဒါပေမဲ့ မင်းသားမွေးပြီးတော့မှ ထီးနန်းရဲ့ ကံကြမ္မာက ကမောက်ကမဖြစ်ခဲ့ပါတယ်။ရှေ့ဆက်ပြီး ဘာတွေဖြစ်မလဲဆိုတာ ဘယ်သူမှမပြောနိုင်ပါဘူး'
'ငါ အဲ့ဒီ နတ်ဆရာမကြီးနဲ့ တွေ့ချင်တယ်'
'ရှင်'
'ငါ့ကို မိန်းကလေးလို့ပြောတဲ့သူ ကို ငါတွေ့ချင်တယ်'
'မင်း မင်းသား'
နတ်ဆရာမကြီး ဝမ်အွန်း ကို အထိတ်တလန့်မော့ကြည့်မိသည်။
•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
နောက်တစ်ပိုင်းကိုတော့ ph bill ဖြည့်ပြီးရင်ပြန်up ပါ့မယ်