တိတ်ဆိတ်သော တိုက်ခန်းငယ်သည် အေးစက်သော သဘောကိုဆောင်နေသည်။ တစ်ခန်းလုံးတွင် လှုပ်ရှားမှုဆို၍ ပုံမှန်လည်ပတ်နေသော အဲယားကွန်းနှင့် ထိုအဲယားကွန်းမှ မှုတ်ထုတ်သော လေအေးငွေ့များကြောင့် တုန်ခါနေသော လိုက်ကာဖြူလေးသာ ရှိသည်။ အပြင်ဘက်မှ တောက်ပသော နေရောင်များ မဝင်စေရန် ပြတင်းမှန်အားလုံးကို ပိတ်ထားပြီး လိုက်ကာဖြူကို ချထားခြင်းဖြစ်သည်။
အခန်းငယ်ထဲမှာတော့ ဆေးပုလင်းများ ဆေးဗူးများအပြည့်တင်ထားသော ဘီရိုတစ်လုံး၊ လူနာကုတင်နှင့် ထိုင်ခုံတစ်လုံးသာရှိသည်။
လူနာကုတင်ထက်တွေ ဖျော့တော့ပိန်လှီသော ကောင်လေးတစ်ယောက် အိပ်ပျော်နေသည်။
ချိုင့်ဝင်နေသောမျက်လုံးများနှင့် မေးရိုးများငေါထွက်နေသော ပါးပြင်သည် ထိတွေ့လိုက်ရုံနှင့် ကြွေကျသွားမည်လားထင်ရသည့် ရော်ရွက်ဝါ တစ်ရွက်လိုပါ။ လေပြင်းဟူသည့် ဒဏ်ရာများကြားမှာ ယဲ့တဲ့တဲ့လေးကျန်ရှိနေသော သူ့ဘဝအတွက် ပင်ပန်းခက်ခဲစွာ ကြိုးစားငြိတွယ်ထားရသလိုပါ။ ဘယ်လိုတောင် နာကျင်ခက်ခဲနေမည်ဆိုတာကို သွေးမရှိဟန် ဖြူဖျော့နေသော မျက်နှာနွမ်းနွမ်းလေးက ဖော်ပြနေပါသည်။
လူနာကုတင်ဘေးတွင်တော့ စာအုပ်တစ်အုပ်ကို လက်မှာကိုင်ထားသော ကောင်လေးတစ်ယောက် စာဖတ်နေသည်။ ထိုင်ခုံပေါ်တွင် သတိအနေအထားမျိုး ခါးမတ်မတ်နှင့် ထိုင်နေခြင်းဖြစ်သည်။ အသက်မဲ့သောမျက်လုံးများက စာမျက်နှာပေါ်သို့ စူးစိုက်ကြည့်နေသော်လည်း မြင်ရသည့်ပုံမရ။ စာတစ်ကြောင်းတည်းကို အခါတစ်ရာလောက် ထပ်ခါထပ်ခါ ဖတ်နေသော်လည်း ဘာဆိုလိုချင်သည်ဆိုသည့် အဓိပ္ပါယ်ကို နားမလည်သလို။ မိနစ်မခြားဘဲ ကုတင်ပေါ်မှ လူနာကောင်လေးကိုသာ လှမ်းလှမ်းကြည့်ဖြစ်သည်။
ထိုအကြည့်မှာ မချိတင်ကဲသည့် ပုံရိပ်များရှိသည်။
မျှော်လင့်ရိပ်များလည်းရှိသည်။
နာကျင်ဝမ်းနည်းရိပ်များလည်းရှိသည်။
ကြွေကျသွားမည့် သစ်ရွက်ငယ်ကို မြေပြင်ပေါ်သို့ မကျသွားရန် ဖမ်းဆုပ်ချင်သည့်ဟန်။
အပြီးတိုင် နှုတ်ဆက်သွားတော့မည့်သူ၏လက်ကို အတင်းဖမ်းဆွဲထားချင်သည့် ပုံစံမျိုးပါ။
တစ်ခါက ဒီမိုးယံ ရှိုင်းထွဋ်ကိုပြောခဲ့ဖူးသည်။ ရှေ့လမ်းမှာ သူ့အတွက် အန္တရာယ်ရှိတာကိုမြင်လျှင် ရှိုင်းထွဋ် မျက်လုံးများမှာ ဖတ်လို့ရမည်တဲ့လေ။ ရှိုင်းထွဋ်က ကယ်တင်လိမ့်မည်ဆိုတာကို သူ ယုံကြည်သည်ဟု ပြောခဲ့ဖူးပါသည်။ အခုတော့လည်း ဒီမိုးယံ၏ ရှေ့လမ်းမှာ ရှိနေသည်က ပြန်လမ်းမရှိသည့် သေခြင်းတရားဆိုသည့် ချောက်နက်ကြီးရယ်ပါ။
ခြေတစ်လှမ်းချင်းဆုတ်ရင်း သွားနေသည့် ဒီမိုးယံကို တားပိုင်ခွင့်သူ့မှာမရှိ။
ဆွဲထားပိုင်ခွင့်လည်း သူ့မှာမရှိ။
တားဆီးပိုင်ခွင့်လည်း သူ့မှာ မရှိတော့။
နီရဲလာသော မျက်လုံးများနှင့်အတူ မျက်ရည်စများကို စီးမကျလာအောင် တားနေသည့် တစ်ယောက်တည်းသော လူသားငယ်၏ တစ်ဦးတည်းပါဝင်သည့် စစ်ပွဲသည်ရင်နာဖို့ကောင်းနေသည်။ silente tone ကြောင့် လင်းလက်လာသော ဖုန်းငယ်ကို လှမ်းဖြေရင်း မတ်တပ်ရပ်ကာ အခန်းထဲမှ ထွက်လာသော ရှိုင်းထွဋ်၏ ကိုယ်ခန္ဓာသည် အချိန်မရွေး လဲကျသွားတော့မည့်ဟန် ယိမ်းယိုင်နေသည်။
"မမ။ ရောက်နေပြီလား။ ခဏလေး။ ကျွန်တော် တံခါးလာဖွင့်ပေးမယ်။"
တိုက်ခန်းတံခါးကို အသံမမြည်အောင်ဖွင့်နေသော ရှိုင်းထွဋ်၏လက်များသည် တုန်ရင်နေသည်။ တိုက်ခန်းရှေ့မှာ ရပ်နေသော မမကို မမြင်ရဲသည့်ဟန် ခေါင်းငုံ့ထားသည်။
"မင်းအတွက်တဲ့။"
သူမလက်ထဲမှ စုတ်ဖွားခွေးလေးကို မြှောက်ပြရင်း မမပြောမှ ရှိုင်းထွဋ် အိပ်မက်မှ လန့်နိုးလာသူလူတစ်ယောက်လို မော့ကြည့်ဖြစ်သည်။
"ဗျာ။"
မမရင်ခွင်ထဲတွင် ခွေးပေါက်လေးတစ်ကောင်ရှိသည်။ နားရွက်ညိုညို အမွှေးဖြူဖြူလေးနှင့်ဖြစ်သည်။ နှာသီးမည်းမည်းလေးကို ရှုံ့ပွရင်း ဝုတ်ခနဲ ထဟောင်ပုံလေးကိုက ချစ်ဖို့ကောင်းနေသည်။
"ဒီဒီ ပေးခိုင်းတာ။ သူကိုယ်တိုင်ရွေးပေးချင်တာ မဖြစ်နိုင်တော့လို့ မမ ရွေးပေးပါတဲ့လေ။ ဒီကောင်လေးက မင်းနဲ့တူလို့ မမရွေးလာတာ။ ကြိုက်ရဲ့လား။"
"ဗျာ။ ဟုတ်။ ဟုတ်ကဲ့ခင်ဗျ။"
မမလက်ထဲမှ ခွေးပေါက်လေးကို သူ လွှဲပြောင်းယူရင်း မျက်နှာနားကပ်ကြည့်ကာ ပြုံးမိသည်။ သူ ပါရီမြို့မှာ ဒီမိုးယံနှင့် လည်ပတ်ခဲ့စဉ်က ခွေးလေးတစ်ကောင်သာ မွေးဖြစ်ခဲ့လျှင် ဘယ်လိုနာမည်ပေးမယ်ဆိုတာကို ပြောခဲ့ဖူးတာကို သတိရဖြစ်သည်။ ဒီမိုးယံ မှတ်မိနေသေးသည်တဲ့လား။ သူတို့နှစ်ယောက်ပါရီမြို့မှ ပြန်ရောက်ခဲ့တာတောင် တစ်လလောက်ရှိတော့မည်ဖြစ်သည်။
"အိမ်ထဲဝင်လေ မမ။ မိငယ်ရော။"
"မမ မခေါ်ခဲ့တာ ထွဋ်လေး။ အရမ်းငိုနေတယ်။ သူ့ကိုယ်သူ မထိန်းနိုင်ဘူးဖြစ်နေတယ်။"
တံခါးကို လှမ်းပိတ်နေသည့် ရှိုင်းထွဋ်လက်များ ခေတ္တရပ်တန့်သွားပြီးမှ ခပ်ဖြည်းဖြည်း ပြန်တွန်းပိတ်လိုက်သည်။
"ဝင်သွားလေ မမ။ သူ အခန်းထဲမှာ အိပ်နေတယ်။"
ပြောစရာမလိုအောင် လင်းလက်လည်း သိထားပြီးသားဖြစ်မည့်စကားကိုသာ ရှိုင်းထွဋ် ပြောဖြစ်သည်။ တကယ်လည်း အခုအချိန်များတွင် ဒီမိုးယံအတွက် အိပ်ပျော်နေချိန်က နိုးထနေချိန်ထက် အများကြီးကိုပိုနေပါပြီ။ ကောင်းကောင်းဖွင့်မရတော့သော ဘယ်ဘက်မျက်လုံးများနှင့် လှုပ်ရှားမရတော့သော ဘယ်ဘက်ကိုယ်တခြမ်းက အိပ်ရာပေါ်မှာ အမြဲလဲလျောင်းနေဖို့ကလွဲပြီး ဘာမှမတတ်နိုင်တော့။ ဆိုးဝါးလာသော ရောဂါအခြေအနေက တက်နင်းခံလိုက်ရသည့် ပန်းတစ်ပွင့်လို ဒီမိုးယံအတွက် မျှော်လင့်ချက်ဆိုတာ မရှိတော့။
"ဆရာဝန်လာသွားသေးလား ထွဋ်ထွဋ်။"
"ဟုတ်ကဲ့။"
"ဘာပြောသွားသေးလဲ။"
ရှိုင်းထွဋ် လက်သီးများကို တင်းတင်းဆုပ်လိုက်ရင်း အသက်ဝအောင်ရှူဖြစ်သည်။
"ရက်ပိုင်းပဲတဲ့မမ။"
တိုးတိုးလေးဖြေဖြစ်သော အဖြေသည် နှစ်ယောက်စလုံး၏နားမှာ ခါးသက်ပူလောင်လွန်းပါသည်။ တိတ်ဆိတ်သွားသော ဧည့်ခန်းမသည် သေမင်း၏ခြုံလွှာမည်းကို လွှမ်းခြုံထားသည်လား ထင်မှတ်မှားရအောင် အရာအားလုံးကို အရိပ်မည်းကြီး ကြီးစိုးနေသည်။ ရေခဲပြင်တမျှ အေးစက်နေသော အခန်းနံရံများက ပိတ်လှောင်မွန်းကြပ်အောင် ကူညီပေးနေပြန်ပါသည်။
"ဆရာဝန်ပြောစကားအရဆိုရင်တော့ အိပ်နေရင်းနဲ့ပဲ..."
အဆုံးမသတ်သည့်စကား၏ အဓိပ္ပါယ်ကို နှစ်ယောက်စလုံး နားလည်ပါသည်။ လင်းလက်၏ လက်ထဲမှ လက်ကိုင်ပဝါငယ်မှာ ရစရာမရှိအောင် လုံးချေခံနေရသည့် ဓါးစာခံဖြစ်လို့နေသည်။ သူမ၏ တုန်ရီလာသော နှုတ်ခမ်းများက အသက်ရှူဖို့ ခက်ခဲနေသော သောင်ပြင်ပေါ်မှ ရွှေငါးငယ်လေးတစ်ကောင်လို။ တစ်လှမ်းချင်းဖြင့် အခန်းထဲလှမ်းဝင်ရင်း ကုတင်ပေါ်မှ ဒီမိုးယံကို ပြုံးပြနေပေမယ့် စိုနေသော မျက်လုံးများမှာ မျက်ရည်ကြည်များကို ဘယ်သူမှ မတားနိုင်။
"နိုးနေတာလား ဒီလေး။"
ကုတင်ပေါ်မှ ဒီမိုးယံ မျက်တောင်ပုတ်ခတ်ရုံသာ အဖြေပေးသည်။ သူမရှိရာလှမ်းကြည့်နေသည့် မျက်လုံးမှာ အပြုံးရိပ်သဲ့သဲ့လေးရှိနေသည်။
"မမ.."
ဒီခေါ်သံလေးသည် နားထောင်လို့အကောင်းဆုံး တေးသံစဉ်တစ်ပုဒ်ဆိုလျှင် မမှားပါ။ လင်းလက်အတွက် နားထောင်လို့အကောင်းဆုံး၊ အကြားချင်ဆုံး ခေါ်သံလေးရယ်ပါ။ ကုတင်နားထိတိုးကပ်ရင်း ဒီမိုးယံ၏ နဖူးပြင်ကို ခပ်ဖွဖွ ဖိနမ်းလိုက်သည်။
နှုတ်ဆက်ခြင်း..
ထားသွားခံရခြင်း..
ဘာလို့များ ဒီလောက် နာကျင်ဖို့ကောင်းရတာလဲ။
ဘာလို့များ ဒီလောက် ခက်ခဲရပါသလဲ။
သူမ အရာရာကို လက်ခံနိုင်ဖို့ ကြိုးစားပေမယ့် ဘဝဆိုတာက လက်ခံဖို့ထက် ရင်ဆိုင်ဖို့က ပိုခက်နေပြန်ပါသည်။
"နားလိုက်နော် ဒီလေး။ မမ အပြင်မှာရှိတယ်။"
စကားတစ်ခွန်းပြောဖို့ ဒီလောက်ခက်ခဲလိမ့်မည်ဟု လင်းလက် မသိထားခဲ့။ မျက်ရည်များ ထိန်းမရအောင် ကျ မလာခင်မှာ သူမ အခန်းပြင် ပြန်ထွက်လာခဲ့သည်။
ရှိုင်းထွဋ် အခန်းထဲကို ပြန်ဝင်လာပြီး ပြတင်းပေါက်မှ ကာထားသော လိုက်ကာကို လက်တစ်ဖက်ဖြင့် ခပ်ဖြည်းဖြည်း ဆွဲဖယ်လိုက်သည်။ အခြားလက်တစ်ဖက်ထဲမှာတော့ ခွေးပေါက်လေးကို ပွေ့ထားဆဲဖြစ်သည်။
"ငါ ပြတင်းပေါက် ဖွင့်လိုက်မယ်နော်။ အဲယားကွန်းနဲ့ချည်းပဲ တစ်ချိန်လုံးဆို ငြီးစီစီဖြစ်နေမှာစိုးလို့။"
ပြတင်းမှန်ကို ခပ်ဟဟဖွင့်ချိန် ပြေးဝင်လာသော လေပြေအေးအေးက အခန်းထဲမှာ ကွေ့ဝိုက် လွင့်ပျံသွားသည်။ နောက်ဆုံးချိန်များဟု သိထားရသော အချိန်များသည် ဆောက်တည်ရာမဲ့အောင် လူ့စိတ်ကို လှုပ်ကိုင်စေပါသည်။ တုန်လှုပ်စေပါသည်။ ခြောက်ခြားစေပါသည်။ ဒါပေမယ့် ဒီအခန်းထဲဝင်တိုင်း ဝမ်းနည်းနာကျင်ရိပ်များ သူ့မျက်နှာမှာ မရှိရအောင် ရှိုင်းထွဋ် သတိထားဖြစ်သည်။ သူ့လက်ထဲမှ ခွေးငယ်လေးကို ဒီမိုးယံ မြင်အောင် မြှောက်ပြလိုက်သည်။
"မင်းလက်ဆောင်အတွက် ကျေးဇူးပဲ။"
"ခွေးလို့ခေါ်ဦးမှာလား။"
ရှိုင်းထွဋ် ရယ်ရင်း ခေါင်းခါဖြစ်သည်။
"doggie လို့ခေါ်မယ်ကွာ။ အဓိပ္ပါယ်ချင်းက အတူတူပဲကို"
ဒီမိုးယံ နှုတ်ခမ်းများ သဲ့သဲ့လေး ပြုံးသွားသည်။
"ထွဋ်လေး။ ငါ အိပ်မက်မက်နေတာ။"
ကုတင်ဘေးမှ ထိုင်ခုံမှာ ရှိုင်းထွဋ် ဝင်ထိုင်ရင်း ဒီမိုးယံ၏ လက်ဖဝါးကို နူးညံ့စွာ အုပ်ကိုင်ဖြစ်သည်။ လက်ထဲမှ ခွေးငယ်လေးကို ကြမ်းပြင်ပေါ် ချပေးလိုက်ချိန် အခန်းပြင်သို့ ပြန်ပြေးထွက်သွားသည်။ ပါကေးခင်းထားသော ကြမ်းပြင်ထက်မှ doggie လေး၏ ခြေသံငယ်များသည် တစ်မျိုးချစ်စရာကောင်းနေပြန်သည်။
"ဟုတ်လား။ ဘာတွေမက်လဲ။"
"ငါ သေနေပြီတဲ့။ အခေါင်းထဲမှာ ငါ့အလောင်းကို ငါ ပြန်မြင်နေရတယ်။"
ဆုပ်ကိုင်မိသွားသော လက်ဖဝါးပြင်သည် အေးစက်နေသည်။ ဒီမိုးယံ သိပ်ကြောက်နေသလားမသိ။ သူ့ရင်တွေ အောင့်တက်လာသည်။ ထိန်းထားသည့်ကြားမှ မျက်ရည်တွေ ဝဲလာပြန်သည်။
"သေရမှာကို ငါမကြောက်ဘူး ထွဋ်လေးရာ။ ဒါပေမယ့် ငါ မသေသေးဘဲ အခေါင်းထဲရောက်သွားမှာကို ငါ ကြောက်တယ်။"
မပီပြင်သော စကားတွေပေမယ့် ဓါးနက်နက်နှင့် ရင်ခွဲခံရသလို နာကျင်ရပါသည်။ စိမ့်ထွက်လာသော မျက်ရည်စက်များကို သူ့မှာ တားဆီးချင်ပေမယ့် အပြုံးတစ်ပွင့် နှုတ်ခမ်းဖျားမှာ ပေါ်လာဖို့ အစွမ်းကုန်ကြိုးစားနေရသော သူ့အတွက် အောင်မြင်မှုမရှိပါ။
"မင်း နိုးလာတိုင်း ငါ မင်းအနားမှာ ရှိနေမယ်။ ငါ့ကိုယုံ ဒီလေးရာ။ မင်း်မျက်လုံးဖွင့်လာချိန်တိုင်းမှာ မင်း အနားမှာ ငါ ရှိနေစေရမယ်။"
ဒီ့ထက်ပိုသည့် ကတိစကားများကို ရှိုင်းထွဋ် ပေးချင်ပေမယ့် ပေးခွင့်မရှိ။ ပြောချင်ပေမယ့် ပြောခွင့်မရှိ။ အိပ်ပျော်နေရာကနေ ဒီမိုးယံ နိုးထလာမည့်အခွင့်အရေးဆိုတာ သိပ်မရှိတော့ကြောင်းကို နှစ်ယောက်စလုံး သိနေပြီပဲလေ။ အမှန်တရားကို လက်မခံလို့မရတော့သည့် အခြေအနေမှာ မဖြစ်နိုင်တာတွေပြောပြီး ချစ်ရသူကို မနှစ်သိမ့်ချင်တော့ပါ။ ဘာပဲဖြစ်ဖြစ် သူ ဘေးနားမှာရှိနေမည်။ ဒါကိုတော့ ဒီမိုးယံ ယုံစေချင်ပါသည်။
"ကျေးဇူးပါ ထွဋ်လေးရာ။"
ရင်ထဲမှလာသော စကားဖြစ်ကြောင်း မျက်လုံးက သက်သေခံနေသည်။ ရှိုင်းထွဋ်၏လက်ချောင်းများကို ပြန်လည်ဆုပ်ကိုင်သည့် ဒီမိုးယံ၏ ခွန်အားမရှိသည့် လက်ဖဝါးမှာ အားကိုးခြင်း၊ ချစ်ခင်ခြင်း၊ ကျေးဇူးတင်ခြင်းများဖြင့် ပြည့်နှက်နေသည်။
"ဒီဒီ။ ငါလေ.. ငါ ... မင်းကိုပြောစရာရှိတယ်။"
အသက်တောင် ရဲရဲမရှူရဲလောက်အောင် စိုးရိမ်မှုအပြည့်ဖြစ် မရဲတရဲပြောလာသည့် ရှိုင်းထွဋ်၏စကားသံသည် လွမ်းမောစိတ်အပြည့်နှင့်ဖြစ်သည်။ ဘယ်တုန်းကမှ ခွင့်မရခဲ့သော စကားတစ်ခွန်းအတွက် ဒီတစ်ခါမှာရော သူ့မှာ အခွင့်ရှိပါ့မလားဆိုသည့် အတွေးက ရင်ဘတ်ထဲမှာ ဆူးနှင့်ထိုးခံရသလို အောင့်လာသည်အထိ ခက်ခဲစေသည်။ ဒီမိုးယံ၏ မျက်ဝန်းများကို မရင်ဆိုင်ရဲစွာ လှမ်းကြည့်ဖြစ်သည်။
"ပြော ထွဋ်လေး။ ငါ နားထောင်နေတယ်။"
"ငါ.. ငါလေ.."
အသံတွေတုန်ကာ ရှေ့ဆက်မရ။ ဒီမိုးယံ သူ့ကို လှမ်းကြည့်ရင်း ပြုံးပြပါသည်။ ကွဲအက်ဖြူရော်နေသော နှုတ်ခမ်းများမှ အပြုံးသည် ပြောမပြနိုင်လောက်အောင် ကျက်သရေရှိနေသည်။ ဆက်ပြောဖို့မတိုက်တွန်းပေမယ့် ငြိမ်သက်စွာ သူ စကားဆက်မှာကို စောင့်နေသည့် မျက်လုံးများကို ရင်ဆိုင်ကြည့်ရင်း တစ်လုံးချင်း ပြောဖြစ်သည်။
"ငါ မင်းကိုအရမ်းချစ်တယ်။"
ရှိုက်သံရောသွားသော သူ့ရဲ့ဖွင့်အ ဝန်ခံသံအဆုံးမှာ ဒီမိုးယံမျက်လုံးမှ မျက်ရည်တစ်စက် ထပ်မံစီးဆင်းသွားသည်။
"ကျေးဇူး.."
တိုးတိုးလေးဖြေသည့် နှစ်လုံးတည်းသောအဖြေသည် သူတို့နှစ်ယောက်ကြားမှာ ဘာကိုမှ ထပ်မံရှင်းပြစရာမလိုအောင် ပြီးပြည့်စုံပါသည်။ ရှိုင်းထွဋ် မျက်ရည်များကို ဖိသုတ်ရင်း ပြုံးလိုက်သည်။ ဒီမိုးယံခါးကို သိုင်းဖက်ကာ ရင်ဘတ်ပေါ်မှာ မဖိမိအောင် သတိထားရင်း ခေါင်းချဖြစ်သည်။
ဒီမိုးယံဆိုသည်မှာ သူ မြတ်နိုးရသော ဆူးလေးပါ။
ဘယ်လောက်ပင် နာကျင်ရပါစေ..
သူ့နှလုံးသားမှာ သွေးစိမ်းရှင်ရှင် ထွက်ပါစေ..
သူ ပွေ့ဖက်ထားဖြစ်မည်ပဲဖြစ်သည်။
"ငါလေ ပါရီမြို့မှာ ပြတိုက်သွားတုန်းက စဉ်းစားမိတာတစ်ခုရှိတယ်။ မင်း မှတ်မိသေးလား။ Van Gogh ရဲ့ ပန်းချီကားရှေ့မှာရပ်ပြီး မင်းနဲ့အတူတူ ကြည့်ဖြစ်ခဲ့တုန်းကလေ။"
တဒုတ်ဒုတ်နှင့် ပင်ပန်းစွာ ရုန်းကန်နေသော ဒီမိုးယံ၏ နှလုံးသားမှ ရင်ခုန်သံကို ရှိုင်းထွဋ်နားထောင်ရင်း စကားဆက်ခဲ့သည်။ ဘယ်အချိန်ထိ ဒီနှလုံးခုန်သံလေးကို သူ ကြားနေနိုင်ဦးမှာလဲမသိ။ မောပန်းနွမ်းနယ်နေသည့် ထို နှလုံးသားလေးကို သူ ပွေ့ဖက်အားပေးချင်ပါသည်။
"ဘယ်သူမှ သေခြင်းတရားကို မလွန်ဆန်နိုင်ကြဘူးလို့ မင်းပြောခဲ့တာလေ။ အဲဒါအမှန်ပဲ ဒီလေးရာ။ ငါတို့အားလုံး သေခြင်းတရားကို ဘယ်တော့မှ လွန်ဆန်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့်ကွာ..."
ရှိုင်းထွဋ်မျက်ရည်တစ်စက် ဒီမိုးယံ၏ရင်ဘတ်ပေါ် ကျဆင်းသွားသည်။ ကိုက်ခဲနာကျင်နေသော မျက်ဝန်းတစ်စုံ၊ ရစရာမရှိအောင် စုတ်ပြဲနာကျင်နေသော နှလုံးသားတစ်စုံဖြင့်ပင် ရှိုင်းထွဋ် စကားဆက်ဖြစ်သည်။
"ဒါပေမယ့် လူသားတွေရဲ့ ချစ်ခြင်းမေတ္တာကိုလည်း သေခြင်းတရားက ဘယ်တော့မှ မဖျက်ဆီးနိုင်ခဲ့ဘူး။ ဟုတ်တယ် မဟုတ်လား ဒီလေး။ ဘယ်တုန်းကမှ သူ မဖျက်ဆီးနိုင်ခဲ့ဘူး။"
ခိုင်မာသော စကားသံအဆုံးမှာ ရှိုင်းထွဋ် နင့်နဲစွာ ရှိုက်လိုက်မိချိန် သူ့ခေါင်းပေါ်သို့ အုပ်မိုးလာသော လက်ဖဝါးတစ်ဖက်၏ နူးညံ့မှုကို ခံစားလိုက်ရသည်။ ဒီမိုးယံ၏ လှုပ်ရှား၍ရသေးသော တစ်ဖက်တည်းသော လက်ချောင်းများက သူ့ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးနေခြင်းဖြစ်သည်။ ကလေးငယ်တစ်ယောက်ကို ချော့သိပ်နေသလို တုန်ရင်စွာ ပွတ်သပ်ပေးနေသော ခွန်အားမရှိတော့သည့် လက်ချောင်းငယ်များမှ နူးညံံ့မှု၊ နွေးထွေးမှု၊ ချစ်ခြင်းမေတ္တာများက အားပြင်းထန်သော လှိုင်းလုံးငယ်များလို သူ့တစ်ကိုယ်လုံးကို ပွေ့ဖက်အားပေးနေသည်။
သူတို့နှစ်ယောက်ဘေးမှ လိုက်ကာဖြူလေးကတော့ ပြတင်းမှန်များကြားမှ တိုးဝင်လာသော လေညှင်းကြားမှာ တလွင့်လွင့် လှုပ်ရှားနေဆဲ။
................the end.............
15/05/2018
12:39
အကြင်နာမွန်