ပင်လယ်ပြင်၏ မနက်ခင်းသည် မိုးရိပ်မိုးသား မကုန်သေးသောကြောင့် ချမ်းစိမ့်စိမ့်ဖြစ်နေသည်။ ဟိုတယ်မှ မနက်စာခင်းကျင်းထားသော စားသောက်ခန်းတွင် ဒီမိုးယံမှလွဲ၍ မည်သူမျှ မရှိသေး။ မနက်စာအတွက် ဘူဖေးခင်းကျင်းထားသော စားသောက်ဖွယ်အမျိုးမျိုးက စားပွဲတန်းရှည်ပေါ်တွင် သပ်ရပ်စွာ ရှိနေသည်။ ထမင်းကြော်၊ ခေါက်ဆွဲကြော်အတွက် ပန်းကန်များ၊ လိမ္မော်ရည်၊ ဖျော်ရည်များအတွက် ဖန်ခွက်များမှာလည်း သူ့နေရာနှင့်သူ ရှိနေသည်။
မှန်လုံကာထားသော ခန်းမထဲတွင် မထိုင်ချင်သောကြောင့် အပြင်ဘက်မြက်ခင်းပေါ်မှ စားပွဲဝိုင်းတစ်ခုတွင် သူ ထိုင်နေခြင်းဖြစ်သည်။ လေအေးအေးက ဖြတ်သန်းတိုက်ခိုက်နေသော်လည်း ချမ်းရမှန်းကိုသတိမထားမိ။ မနက်မိုးလင်းချိန်တိုင်း စူးစူးရှရှ ထိုးကိုက်နေသော ကိုက်ခဲခြင်းတစ်ချို့ကိုပင် သက်သာစေသလို ခံစားရသည်ဖြစ်၍ ကျေနပ်မိသည်။
သိပ်မကြာခင်မှာပင် တည်းခိုခန်းများရှိရာအခြမ်းမှ သူရှိရာသို့ လျှောက်လာသော မမကို လှမ်းတွေ့လိုက်ရသည်။ ကိုယ်ကြပ်ဘောင်းဘီရှည်ပေါ်မှ ပုလဲရောင်အကျီင်္ကိုအောက်ခံကာ ပေါင်တစ်ဝက်အထိရှည်သော ဂျင်းအနွေးထည်လေးကို ဝတ်ဆင်ထားသည်။ အပြာရောင် သိုးမွှေးဦးထုပ်ဝိုင်းလေးကိုပါ တစောင်းဆောင်းထားသေးသည်။ပင်လယ်ပြင်ကိုနောက်ခံထားကာ လွင့်ပါးနေသော ဆံပင်ရှည်များနှင့် သူရှိရာလျှောက်လာနေသောမမသည် မေခလာနတ်သမီးလေးလို လှနေသည်။
"ဒီဒီ။ မောနင်း။"
"မောနင်း မမ။"
"ခေါင်းကိုက်နေသေးလား။"
"နည်းနည်းပါ။ ကျွန်တော်နဲ့ ဒီခေါင်းလည်း နေသားကျနေပြီ။"
နဖူးပေါ်မှ အဖြူနှင့်အနက်ရောင် ခေါင်းပတ်ဝိုင်းကို နားရွက်အုပ်သည်အထိ နေရာရွှေ့ရင်း မမစိတ်မပူအောင် သူ ဖြေဖြစ်သည်။ မနက်မိုးလင်းချိန်တိုင်း ဆိုးဆိုးဝါးဝါး ထိုးကိုက်တတ်သော ခေါင်းကိို သက်သာအောင် သူ့မှာ တတ်နိုင်စွမ်းမရှိ။ ဘာဆေးမှ သောက်လို့လည်း အရာမထင်။ တဖြည်းဖြည်း သက်သာသွားမည့်အချိန်ကို စောင့်စားရဖို့သာရှိသည်။
"ရှိုင်းထွဋ်ရော။ အိပ်နေတုန်းပဲလား။"
"ဟုတ်ကဲ့။"
သူ့ကိုလှမ်းကြည့်သည့် မမမျက်လုံးများမှာ စူးစမ်းခြင်းတစ်ချို့ပါနေသောကြောင့် ဒီမိုးယံ မျက်နှာမထားတတ်တော့သလို စကားပြောင်းရန်ကြိုးစားမိသည်။
"မမ ဘာစားမလဲ။ Toast ပဲလား။"
"ရပါတယ်။ ငြိမ်ငြိမ်ထိုင်နေစမ်းပါ ဒီဒီရယ်။ မင်းခေါင်းကိုက်နေတယ်မဟုတ်လား။"
"ဟာဗျာ။ ကျွန်တော့်ကို လူနာကြီးတစ်ယောက်လို မဆက်ဆံစမ်းပါနဲ့ဗျာ။"
မမက ပြုံးရုံပြုံးကာ
"လူနာပဲဟာ"
ဟု ပြောသွားခဲ့သည်။ သူ့ရှေ့မှမမ ထွက်သွားပြီး သိပ်မကြာလိုက်။ အရက်မူးသမားပုံစံဖြင့် ယိုင်ထိုးယိုင်ထိုး လျှောက်လာသော ရှိုင်းထွဋ်ကို သူ တွေ့လိုက်ရသည်။ ဆံပင်များက ဖြီးသင်ထားခြင်းမရှိဘဲ ထိုးထိုးထောင်ထောင်နှင့် ရှုပ်ပွနေသည်။ အဝတ်အစားမလဲဘဲ အိပ်ရာထဲမှ ညအိပ်ဝတ်စုံဖြင့်တစ်ခါတည်း တန်းပြီး ထလာမှန်းသိသာသည်။ အကျီင်္အနားစက တစ်ဖက်မှာ ဘောင်းဘီထဲရောက်နေကော နောက်တစ်ဖက်မှာ အပြင်ထွက်ကျနေသည်။ မျက်လုံးများက ကောင်းကောင်းမဖွင့်သေး။ မျက်နှာတောင် သစ်ခဲ့ရဲ့လားမသိသည့် ရှိုင်းထွဋ်ပုံစံကိုကြည့်ရင်း ဒီမိုးယံ မပြုံးဘဲမနေနိုင်။ အခုနက သူရှိရာသို့ လျှောက်လာသော မမပုံစံနှင့်တော့ ဆီနှင့်ရေလို ကွာနေပါသည်။
"အိပ်ချင်လိုက်တာကွာ။"
ဒီမိုးယံရှေ့မှာ ရှိုင်းထွဋ် ဝင်ထိုင်ရင်း ခြေဆန့်လက်ဆန့်နှင့် အားရပါးရ သန်းဝေလိုက်သည်။ မျက်နှာကို နှစ်ခါသုံးခါပွတ်ကာ မျက်လုံးတွေကိုပါ ဖိပွတ်နေသည်။ နိုးတော့မလိုလိုဟန်ပြပြီးနောက်မှ စားပွဲပေါ် ပြန်မှောက်အိပ်နေပြန်သည်။ မမအတွက် စားပွဲထိုးလေး လာချပေးထားသော ကော်ဖီခွက်ကို သူ ကမန်းကတန်း လှမ်းဖယ်လိုက်ရသည်။
"ကော်ဖီခွက်မှောက်မယ် ဟေ့ကောင်။"
"ကော်ဖီ။"
ကော်ဖီသံကြားမှ ခေါင်းထောင်လာသည်။ ချိတ်ထားသော လက်နှစ်ဖက်ကြားမှ မျက်နှာတစ်ခုလုံးဖော်သည်တော့မဟုတ်။ အိပ်ချင်မပြေသေးသည့် မျက်လုံးများသာ မြင်ရသည်။ သူ့ရှေ့မှ ကော်ဖီကို မမီမကမ်းနှင့် လှမ်းဆွဲနေပြန်သည်။
"ဒါ မမရဲ့ ကော်ဖီ။"
"ဘာဖြစ်လဲ။"
"မင်းသောက်ချင်ရင် ကိုယ့်ဘာသာမှာ။"
"မမက ငါ့ကိုတိုက်တယ်။"
"ဘယ်သူပြောလဲ။"
"မမက ကျွန်တော့်ကိုတိုက်တယ်နော်။ ဟုတ်တယ်မဟုတ်လား မမ။"
ပေါင်မုန့်မီးကင်ထားသော ပန်းကန်ငယ်နှင့် သူတို့နား ပြန်ရောက်လာသော မမကို ရှိုင်းထွဋ်က ဆီးမေးလိုက်ခြင်းဖြစ်သည်။
"သောက်ပါ။ ရတယ်။"
"တွေ့လား။ မမက မင်းလို စိတ်မပုပ်ဘူး။"
ရှိုင်းထွဋ် သူ့ကို လျှာထုတ်ပြကာ ကော်ဖီခွက်ကို ဆွဲယူသွားသည်။
"မင်းရှေ့က ထမင်းကြော်က အလှပြထားတာလား။ ငါ့ကို ပေး။"
တောင်းသည်က နောက်မှဖြစ်သည်။ ဒီမိုးယံရှေ့မှ ထမင်းကြော်ပန်းကန်ကို ရှိုင်းထွဋ် ဆွဲယူသွားပြီးဖြစ်သည်။
"ငါ စားနေတာ။"
"မစားပါဘူး။"
"စားနေပါတယ်ဆို။"
ထမင်းကြော်တစ်ပန်းကန်ကို သူဆွဲ ကိုယ်ဆွဲနှင့် ဖြစ်နေတာတောင် ရှိုင်းထွဋ် အလျှော့မပေး။ သူကလည်း လျှော့ပေးဖို့စိတ်ကူးမရှိ။ အရင်အချိန်များလို ရှိုင်းထွဋ် စိတ်တိုအောင် စ ချင်နေသည်။ ရှိုင်းထွဋ်က ထမင်းကြော်ပန်းကန်ကို သူ့ရှေ့ဆွဲကာ လက်နှစ်ဘက်ကိုဝိုက်ပြီး ကာထားသည်။ ဒီမိုးယံ ပြန်ဆွဲလို့မရတော့။ စားပွဲပေါ်မှ ဇွန်းတစ်ချောင်းကို ကောက်ယူကာ ပါးစပ်ထဲ ထည့်ငုံလိုက်ပြီးမှ ရှိုင်းထွဋ်ရှေ့မှ ထမင်းကြော်ပန်းကန်ထဲ ထည့်မွှေလိုက်သည်။
"ဟာ။ ဟာ။"
သူ ဒါမျိုးလုပ်လိုက်မည်ဟု မထင်ထားသောကြောင့် ရှိုင်းထွဋ် အငိုက်မိသွားခဲ့သည်။
"စားလေ ထွဋ်ထွဋ်။ ငါ့တံတွေးတွေနဲ့ နယ်ပေးထားတယ်။"
"မင့်.."
ရှိုင်းထွဋ် သူ့ကိုဆဲဆိုမည့်ဟန်ပြင်ပြီးမှ ဘေးမှာ မမရှိသေးတာကို သတိရပြီး ပါးစပ်ကို အမြန်ပြန်ပိတ်လိုက်သည်။ ဒါပေမယ့် စားပွဲအောက်မှ သူ့ခြေထောက်တွေကို ဆောင့်ကန်သည်။
"အား..ရား။ နာတယ်ကွ။"
ဒီမိုးယံ ရယ်ရင်း ခြေထောက်နှစ်ချောင်းလုံး ထိုင်ခုံပေါ်တင်ကာ ဆောင့်ကြောင့်ထိုင်လိုက်ရသည်။ မမကလည်း ပါးစပ်ကိုလက်ဖဝါးနှင့်အုပ်ကာ ရယ်နေသည်။
"မမ။ တွေ့လား။ ဒီကောင်ဘယ်လောက်ညစ်စုတ် အကျင့်ပုတ် ယုတ်မာလဲ တွေ့လား။"
"မမကို စစ်ကူမခေါ်နဲ့ ထွဋ်လေး။ မင်း ငါ့ကိုမနိုင်ရင် မနိုင်ဘူးပေါ့။"
ရှိုင်းထွဋ် ခဏငြိမ်သွားသည်။ ပြီးမှ မျက်စိကိုမှိတ်ကာ မျက်မှောက်ကြုတ်ရင်း သုံးစက္ကန့်လောက် ငြိမ်နေပြီးမှ ကျေနပ်သလို ပြုံးလိုက်သည်။
"အား။ အခုမှ နေသာထိုင်သာရှိသွားတယ်။"
ခပ်ပြုံးပြုံးမျက်နှာနှင့် ရှိုင်းထွဋ်ကို ဒီမိုးယံ မသင်္ကာသလို စိုက်ကြည့်နေမိသည်။
"မင်း ဘောင်းဘီထဲမှာ ငါ ရှူးပေါက်ချနေတာ။"
"ဟာကွာ။"
"ဟယ်။"
သူရော မမရော ပြိုင်တူ ထအော်တော့ ရှိုင်းထွဋ် စားပွဲကိုထုပြီး ရယ်နေသည်။ ရှိုင်းထွဋ်ဝတ်ထားတာက သူ့အဝတ်အစားတွေဖြစ်သည်။ တကယ်လုပ်တာမဟုတ်မှန်းသိပေမယ့် ဒီမိုးယံ သောက်လက်စ လက်ဖက်ရည်ကိုပင် ဆက်သောက်ချင်စိတ် ကုန်သွားသလို မမမှာလည်း ပါးစပ်ထဲထည့်ခါနီး ပေါင်မုန့်ချပ်ကို ပန်းကန်ထဲ ပြန်ထည့်လိုက်သည်။
"မင်းတို့နှစ်ယောက်နဲ့တော့ မနက်စာကို ဘယ်လိုစားရမလဲ။"
မမက အရှုံးပေးသလို ထိုင်ခုံမှာနောက်မှီထိုင်ရင်း ရယ်နေသည်။ စစ်နိုင်သူတစ်ယောက်လို ကျေနပ်စွာပြုံးနေသည့် ရှိုင်းထွဋ်ကိုကြည့်ပြီး ဒီမိုးယံကိုယ်တိုင်လည်း မပြုံးဘဲမနေနိုင်။
"မမ..ကျွန်တော်တို့ ဒီနေ့ဘယ်သွားမှာလဲ။"
"မျှော်ရစ်ဘုရားသွားမယ်လေ ထွဋ်ထွဋ်ရဲ့။"
"ဆိုင်ကယ်နဲ့လား။"
"အင်း။"
"ကားနဲ့သွားရအောင်ဗျာ။ ပိုဇိမ်ကျတယ်။"
"ကားနဲ့က ရန်ကုန်မှာ တစ်ချိန်လုံး သွားနေရတာပဲ ထွဋ်ထွဋ်ရယ်။"
"မမက ဆိုင်ကယ်စီးတတ်လို့လား။"
"တောင်ကြီးသူပါနော်။ မယုံလို့လား။"
"မဟုတ်ဘူးဗျာ။ နောက်ကလိုက်စီးမလို့။"
ရှိုင်းထွဋ် ပြောနေပုံက သူနှင့်မမသာ အချိန်းအချက်လုပ်ကာ မောင်းမကန်ကို အပျော်ခရီးထွက်နေသလို။ ပြီးမှ စားပွဲဝိုင်းမှာ သူ ရှိနေသေးတာကို သတိရဟန် လှည့်ကြည့်သည်။
"မင်းပါ လိုက်ချင်ရင် လိုက်ခဲ့လေ ဒီဒီ။"
"သြော်။ အေး။ ကျေးဇူးပဲ ငထွဋ်။"
မမ၏ ရယ်သံလွင်လွင်လေးက နားထောင်လို့ကောင်းသလို ရှိုင်းထွဋ်၏ အပြုံးများကလည်း ကြည့်မဝနိုင်လောက်အောင် တောက်ပနေသည်။
.......................................................
.......................................................
"မမက အရမ်းလှတယ်ကွာ။"
မနက်စာစားပြီး အခန်းထဲပြန်ရောက်ကတည်းက ရှိုင်းထွဋ် သူ့နောက်မှ တကောက်ကောက်လိုက်ကာ မမရဲ့အလှကို ချီးမွမ်းခန်းဖွင့်နေခြင်းဖြစ်သည်။ ဒီမိုးယံ ဘာမှပြန်မဖြေ။ ကျောပိုးအိတ်ထဲသို့ ရေဗူးနှင့် လိမ္မော်သီးနှစ်လုံးကို ထိုးထည့်လိုက်သည်။ ခရီးလမ်းမှာ သောင်ပြင်တွေ့လျှင် ရေကူးဖို့ရန်အတွက် ရေကူးဘောင်းဘီကိုသာ တစ်ခါတည်းဝတ်သွားရန် စဉ်းစားကာ အဝတ်လဲဖြစ်သည်။ အနွေးထည် ဂျာကင်တစ်ထည်လောက် ထပ်ထည့်ရမလား စဉ်းစားမိကာ အဝတ်အစား ဘီရိုကိုဖွင့်လိုက်သည်။
"မမက ဘာဝတ်ဝတ် လှတယ်နော် ဒီဒီ။ မနက်က ပုံစံလေးက မျက်စိထဲကကိုမထွက်ဘူး။"
ရှိုင်းထွဋ်က လုပ်သံကြီးနှင့် ပြောနေခြင်းဖြစ်သည်။ သူ့ဘက်က တုန့်ပြန်မှုမရှိတာကို မခံမရပ်ဖြစ်နေပုံရသည်။ အကြောင်းသိထားလို့လည်း ဒီမိုးယံ ဘာမှမကြားချင်ယောင်ဆောင်ကာ မမရဲ့မောင်လေး ဇာတ်ညွှန်းရေးချင်နေသည့် ရှိုင်းထွဋ်ကို သူ ဘေးမဲ့ပေးထားခြင်းဖြစ်သည်။
"အဲဒီ့ ခါးသေးသေးလေးကို တစ်လမ်းလုံး ကိုင်ပြီး ဆိုင်ကယ်စီးရမယ့် အရသာကို တွေးကြည့်တာနဲ့.."
အနွေးထည်ဂျာကင်ကို ကျောပိုးအိတ်ထဲ ထိုးထည့်နေသည့် ဒီမိုးယံ လက်များရပ်တန့်သွားသည်။ နောက်ပြန်လှည့်ကာ ရှိုင်းထွဋ်ကိုယ်ကို နံရံမှာကပ်သွားအောင် ဖိတွန်းရင်း သူ့ရင်ဘတ်ကိုတွန်းနေသည့် လက်နှစ်ဖက်ကို ဖမ်းချုပ်လိုက်သည်။ သေးသွယ်သော လက်ကောက်ဝတ်နှစ်ခုစလုံးကို သူ့လက်တစ်ဖက်တည်းနှင့် ကောင်းကောင်းဖမ်းချုပ်နိုင်ပါသည်။
"မင်း အရမ်းစကားများတယ် ထွဋ်ထွဋ်။"
မျက်လုံးဝိုင်းများထဲသို့ စူးစိုက်ကြည့်ရင်းပြောတော့ ရှိုင်းထွဋ်၏ ပါးနှစ်ဖက်စလုံး ရဲသွားသည်။ ဒီလိုကျတော့လည်း အရမ်းကိုချစ်ဖို့ကောင်းနေပြန်ပါသည်။ သူ ရှိုင်းထွဋ် နှုတ်ခမ်းများကို ငုံ့နမ်းတော့ ရှိုင်းထွဋ်မရုန်းပါ။
"ပြောဦးလေ။ ဘယ်သူကလှတာလဲ။"
ရှိုင်းထွဋ်၏ နှုတ်ခမ်းများကို လွတ်မြောက်ခွင့်ပေးရင်း နားထဲကပ်ကာ ခပ်တိုးတိုးမေးတော့ ရှိုင်းထွဋ်ရယ်သည်။
"ဘာမှမသိတော့ဘူး။ ငါဘဝမေ့သွားပြီ။"
အပြုံးများနှင့်ဖြေပုံလေးမှာလည်း စွဲမက်ဖို့ကောင်းတာထက်ကို ပိုပါသည်။ ဒီမိုးယံ အောက်နှုတ်ခမ်းကို တစ်ချက်ကိုက်ကာ ပြုံးပြီးမှ လူချင်းခွာလိုက်သည်။ မမသာ အပြင်မှ စောင့်မနေဘူးဆိုလျှင် သူ့ရှေ့မှကောင်လေးကို ကုတင်ပေါ် ချက်ချင်းဆွဲခေါ်သွားမိမည်ထင်သည်။
မောင်းမကန်ကမ်းခြေမှ မျှော်ရစ်ဘုရားသို့သွားရာလမ်းခရီးသည် နီးမလိုနှင့် ဝေးလှသည်။ ကမ်းခြေမှ မျှော်ရစ်ဘုရားကို လှမ်းဖူးရသည်မှာ နီးနီးလေးထင်ရသော်လည်း တကယ်တမ်းသွားကြည့်မှ အတော်ဝေးသည်ကို သိနိုင်သည်။ ဒီမိုးယံရော မမပါ ဆိုင်ကယ်ကို ကျွမ်းကျင်စွာ မောင်းတတ်လို့သာ တော်သေးသည်။ လမ်းတစ်လျှောက်တွင် ကတ္တရာခင်းထားသော်လည်း တစ်ချို့နေရာများတွင် သဲလမ်းသက်သက် ရှိနေသည်လည်းရှိသည်။ ချိုင့်တွေ၊ ခွက်တွေနှင့် မညီညာသော လမ်းနေရာများလည်းရှိသည်။
"ဒီဒီ။ ဟေ့ကောင်။ ရပ်ဦး။ ရပ်ဦး။"
ရှိုင်းထွဋ် သူ့ ပခုံးနှစ်ဖက်ကို ကိုင်ဆောင့်ရင်း အတင်းရပ်ခိုင်းနေသည်။ လမ်းနေရာက သဲလမ်းဖြစ်နေသောကြောင့် ဆိုင်ကယ် လဲမကျသွားအောင် ဒီမိုးယံ ထိန်းလိုက်ရသည်။
"ဘာဖြစ်လို့လဲ။"
"ဆီးသီးတွေတွေ့လို့။"
"ဟမ်။"
"ဆီးသီးတွေပါဆို။"
ဆိုင်ကယ်ပေါ်မှ ခုန်ဆင်းကာ ရှိုင်းထွဋ် နောက်ဘက်သို့ ပြေးသွားသည်။
"မမဆိုင်ကယ်ကို အမီလိုက်ရမှာကွ။ အချိန်မရဘူး။"
"ခဏလေးပါကွာ။"
လမ်းဘေးခြုံထဲသို့ ခုန်ဆွခုန်ဆွတိုးဝင်နေသည့် ရှိုင်းထွဋ်ကို စိတ်ပျက်လက်ပျက် ကြည့်ရင်း ဒီမိုးယံ ခေါင်းခါဖြစ်သည်။ မျက်လုံးကလည်း ဒီလောက်တောင် ကောင်းရသည်တဲ့လား။ မောင်းနေသော ဆိုင်ကယ်ပေါ်မှာထိုင်စီးရင်းတောင် လမ်းဘေးဆီးပင်မှာ သီးနေသည့် ဆီးသီးတွေကို မြင်ဖြစ်အောင်မြင်လိုက်သေးသည်။ ဒီမိုးယံပါ ဆိုင်ကယ်ပေါ်မှဆင်းကာ ရှိုင်းထွဋ်ရှိရာသို့ လျှောက်လာခဲ့သည်။
"ဘယ်မှာလဲ။"
"ဟိုမှာလေ။"
ရှိုင်းထွဋ် လက်ညှိုးညွှန်သည့်ဆီးပင်ရှိ အဖြူရောင်ပန်းပွင့်ငယ်များကြားမှာ အစိမ်းရောင်ဆီးသီးတစ်ချို့ ရှိနေသည်။
"အစိမ်းတွေပါကွာ။"
"စားလို့ရပါပြီ။"
"ဆူးတွေနဲ့ ထွဋ်ထွဋ်ရ။"
ဆီးပင်မှာလည်း ဆူးတွေရှိသည်။ ဆီးပင်နားရောက်အောင် ရှိုင်းထွဋ်တိုးဝင်နေသည့် ချုံတွေမှာလည်း ဆူးတွေရှိသည်။ ဒူးအောက်အထိသာရောက်သည့် ဘောင်းဘီတိုကိုဝတ်ထားသည့် ရှိုင်းထွဋ်၏ ခြေသလုံးများမှာပင် ခြစ်ရာတစ်ချို့ ရှိနေသည်။
"ထွဋ်ထွဋ်။ ပြန်လာခဲ့။ ဆူးတွေနဲ့ပါဆိုကွာ။"
"ငါက ဆူးတွေကို ချစ်တတ်တော့လည်း မတတ်နိုင်ဘူး ဒီရာ။"
ဆီးပင်အောက်နားမှ သူ့ကိုလှည့်ကြည့်ရင်း ပြောလာသော ရှိုင်းထွဋ်ရဲ့ စကားအဆုံးမှာ ဒီမိုးယံ ရင်ခုန်သံတွေ ဆူညံသွားရသည်။ တစ်ခွန်းတည်းသော ထိုစကားလေးက အခုမှ ပထမဆုံးအကြိမ် ရည်းစား စကားအပြောခံရသလို သူ့ရင်တွေကို လှိုက်ဖိုသွားစေသည်။