ဆူး

By akyinnamon

2.2M 212K 13.2K

(Unicode & Zawgyi) သူက ကျွန်တော့်ရဲ့ နှလုံးသားမှာ စိုက်ဝင်နေတဲ့.....ဆူး.....။ More

Intro (Unicode)
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
ဇာတ်သိမ်းပိုင်း
စာအုပ်လေးသိမ်းထားနိုင်ပါပြီ
Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
ဆူး 2nd Intro
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
ဇာတ်သိမ်းပိုင်း
Thankyou all
ဆူး (အခန်းဆက်​)

အပိုင်း ၂၆

17.2K 1.9K 31
By akyinnamon

အိမ်ရှေ့ရေမြောင်းကိုကျော်ဖြတ်နိုင်ရန် တည်ဆောက်ထားသော သစ်သားပြားများကို ကျော်နင်းလိုက်သည်နှင့် ရင်းနှီးနွေးထွေးသော ခံစားမှုတစ်မျိုးက ဒီမိုးယံရင်ထဲသို့ စီးဆင်းဝင်ရောက်လာသည်။ ဒီအိမ်လေးကို သူ ပြန်ရောက်ခဲ့ပြီဖြစ်သည်။ သူတို့မိသားစု နေထိုင်ရာ သစ်သားအိမ်လေးသည် သူ့ရှေ့တည့်တည့်တွင် ကျက်သရေရှိစွာ လှပနေသည်။

အိမ်လေးကို ကာရံထားသည့် နံရံများ၏ သစ်သားပြားတစ်ချပ်ချင်းစီကို သူမှတ်မိနေသည်။ ကွဲအက်သဖြင့် လွတ်နေသော တရုတ်ကပ်မှန်တစ်ချပ်ကိုလည်း သူ မှတ်မိနေပါသည်။ သူနှင့်မိငယ်တို့ နှစ်ယောက်အတူ စိုက်ပျိုးထားခဲ့သည့် ခြံထောင့်မှ စိန်ပန်းပင်လေးသည်ပင် အရိပ်ကောင်းသောအပင်ကြီးတစ်ပင် ဖြစ်နေပြီဖြစ်သည်။

"ဖေဖေ.."

ကုလားထိုင်အနွမ်းပေါ်မှ ဖခင်ဖြစ်သူကို ဒီမိုးယံ ပြုံးပြနှုတ်ဆက်လိုက်သည်။ ညှို့မှိုင်းနေသော မျက်ဝန်းများနှင့် ချိုင့်ဝင်နေသော မျက်ရစ်များကြားမှ ဖခင်သည် သူရှိရာသို့ မော့ကြည့်သည်။

"သား ပြန်လာပြီလား။"

"ဟုတ်ကဲ့။"

ဦးကျော်ဇောလက်ထဲမှ အငွေ့တထောင်းထောင်းထနေသော ဆေးပေါ့လိပ်ကြောင့် ဖခင်၏ မျက်နှာကို သူကောင်းကောင်းမမြင်ရ။ ခေါင်းထက်မှ ဖြူဖွေးနေသော ဆံပင်များက ကျိုးတဲကျဲတဲနှင့်ဖြစ်နေသည်။ သွေးကြောများထင်းနေသော လက်မောင်းများက ခွန်အားမရှိသလို ကုလားထိုင်လက်ရမ်းကို ဆုပ်ကိုင်ထားသည်။

"ဖေဖေ နေကောင်းရဲ့လား။"

ဖေဖေ့ဘေးနားမှ ပလတ်စတစ်ခုံပုလေးတွင် ဝင်ထိုင်ရင်း ဒီမိုးယံ မေးဖြစ်သည်။ သူ ဖေဖေနှင့် မတွေ့ဖြစ်တာတောင် ကြာခဲ့ပြီ။ စကားမပြောဖြစ်တာလည်း ကြာခဲ့ပြီ။ တစ်အိမ်တည်းအတူနေနေပေမယ့် မေမေ မရှိတော့ကတည်းက ဖေဖေရော သူပါ တစ်အိမ်တည်းအတူနေပြီး တစိမ်းများလို ဖြစ်ခဲ့ကြသည်။ မိခင်ရှိစဉ်က ရင်းနှီးနောက်ပြောင်ခဲ့သော သူတို့နှစ်ယောက်ကြားတွင် စကားတစ်ခွန်း စဖို့ပင် ခက်ခဲနေသလို။

သူ့စိတ်ထဲမှာ ဖခင်ဖြစ်သူကို မသိစိတ်နဲ့ အပြစ်တင်နေမိတာလည်း ပါ ပါလိမ့်မည်။ ဖေဖေ့အနေနဲ့ မေမေ့ကိုသာ ဒီထက်ပိုပြီး ဂရုစိုက်ခဲ့လျှင်၊ မိသားစုအပေါ် တာဝန်ပိုကျေခဲ့လျှင်ဆိုသည့် အတွေးများနှင့် သူ နာကြည်းနေခဲ့သည်ပဲဖြစ်သည်။ အခုတော့ သူ့မျက်စိရှေ့မှ ဇရာရိပ်သန်းနေသော ဖခင်ကို အပြစ်တင်လိုစိတ် မရှိတော့။

"သားလည်းပင်ပန်းနေပြီ။"

ခပ်တိုးတိုးပြောသော ဖခင်၏စကားသံသည် ကွဲအက်တုန်ရီနေသည်။ ဒီမိုးယံ ခေါင်းခါရင်း ဖခင်ဖြစ်သူ၏ လက်များကို အုပ်ကိုင်လိုက်သည်။

"ဖေဖေသာ ကျွန်တော်တို့အတွက် အများကြီးပင်ပန်းခဲ့တာပါဗျာ။"

တကယ်တော့ ဖေဖေသည်လည်း မေမေ့အတွက် အကောင်းဆုံး အဖော်မွန်တစ်ယောက်ဖြစ်ခဲ့သည်။ စည်းစိမ်ဥစ္စာချမ်းသာစွာ မပေးနိုင်ခဲ့ပေမယ့် နွေးထွေးသောမေတ္တာကို ပေးခဲ့သည်။ အချိန်တန်လျှင် အရက်ကို အဖော်ပြုပေမယ့် မူးယစ်ရိုင်းစိုင်းခြင်းမျိုး မရှိခဲ့။ ဖေဖေ့ကြောင့် မေမေစိတ်ဆင်းရဲ ငိုကြွေးခဲ့ရသည်လည်း မရှိခဲ့။ အပြုံးနွေးနွေးများနှင့် ခွင့်လွှတ်တတ်သည့် မေမေသည် ဖေဖေ့ကိုတစ်ခါမှ အပြစ်မတင်ခဲ့ပါလျှင် သူကရော ဘာများပြောခွင့်ရှိမှာလဲနော်။ ဒီမိုးယံ ခေါင်းကိုကုတ်ရင်း အရှက်ပြေရယ်လိုက်သည်။

"ကျွန်တော်လေ စကားကိုနားထောင်ကောင်းအောင် မပြောတတ်ဘူး ဖေဖေရာ။ ပြောချင်တာတွေတော့ အများကြီးပဲ။ ဟီး။ ဖေဖေနဲ့မေမေရဲ့ သားဖြစ်ခွင့်ရတာ ကျွန်တော် ကံကောင်းတယ်လို့ အခုနောက်ပိုင်း အမြဲစဉ်းစားဖြစ်တယ်။ သိလားဖေဖေ။"

သူ့စကားကို ဖေဖေကြားရဲ့လားလို့ လှမ်းကြည့်တော့ ဝေ၀ါးသောအပြုံးကိုတွေ့ရသည်။

"ဖေဖေ။ ကျွန်တော်ပြောတာ ကြားရဲ့လား။"

တဖြည်းဖြည်း ဝေ၀ါးလာနေသော မြင်ကွင်းကြောင့် သူ ကြိုးစားကာ နောက်တစ်ကြိမ် ပြောဖြစ်သည်။ ဒါပေမယ့် ဘာ့ကြောင့်ရယ်မသိ။ သူ လျှာတွေက လေးလံလွန်းနေသလိုလို၊ သူ့မျက်တောင်များက လေးလံလွန်းနေသလိုလိုနှင့် တစ်ကိုယ်လုံး ပင်ပန်းနွမ်းလျသလို ခံစားနေရသည်။

.

.

.

"ဒီဒီ.."

ခပ်ဝေးဝေးမှ ခေါ်သံတစ်ခု။

ခေါ်သံနှင့်အတူ ဆူညံသောစက်သံများကို အဆက်မပြတ် ကြားနေရသည်။ ခေါင်းတစ်နေရာမှ ထိုးကိုက်နာကျင်နေမှုကိုလည်း သတိထားမိလာသည်။

"ထတော့ ဒီဒီလေးရဲ့။ လေယာဉ်ဆင်းတော့မယ်။"

မမရဲ့ခေါ်သံဆိုတာ သေချာပါသည်။ မျက်လုံးများကိုဖွင့်ပြီးတာတောင် ဘာတွေဖြစ်နေသည်ကို ဒီမိုးယံ မသိ။ သူ့ရှေ့မှာ ဖေဖေ မရှိတော့။ သူ့ဘေးမှာရှိနေသော မမရဲ့မျက်နှာကိုလည်း ၀ိုးတဝါးသာမြင်ရသည်။ မျက်စိတွေကို လက်နှင့်သေချာပွတ်သပ်ကြည့်တော့လည်း အရိပ်တွေလို နှစ်ထပ်ဖြစ်နေသည်။ လေယာဉ်စက်သံက ဆူညံစွာ ပေါ်ထွက်နေသည်။ ထို့အတူ သူ့ခေါင်းထဲမှာ ဦးနှောက်တွေကို ဆွဲညှစ်ခံရသလို နာကျင်လွန်းနေသည်။

"ခဏလေးမမ။"

သူ မျက်စိတွေကိုပြန်မှိတ်ကာ မူးနောက်နာကျင်မှုများပျောက်သည်အထိ စောင့်ဆိုင်းမိပေမယ့် မထူးခြားလာ။

သူ အိပ်မက် မက်နေတာလား။

အိပ်ပျော်နေတာလား။

အခုရော။

နိုးလာပြီလား။

တစ်ခါတစ်ရံမှာ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ဆိုသည့် အချိန်ကာလတွေက သူ့အတွက် ထူးခြားမှုမရှိတော့သလို။ အာခေါင်တွေခြောက်ကာ နှုတ်ခမ်းတွေ ကွဲအက်နေသလို ခံစားရသည်။

"ဒီဒီ။ ဘာဖြစ်လို့လဲ။"

မမ ကမ်းပေးလာသော ရေဗူးကို နှုတ်ခမ်းနားတေ့သောက်လိုက်သည်။ ဒါပေမယ့် ရုတ်တရက် အန်ချင်သလိုဖြစ်လာတာကြောင့် သူ့စိတ်တိုင်းကျ မသောက်နိုင်။ နှုတ်ခမ်းစိုရုံလောက်သာသောက်ပြီး ပြန်ကမ်းပေးလိုက်သည်။ လေယာဉ် ပြတင်းပေါက်မှ လှမ်းမြင်နေရသော ပင်လယ်ပြင်ကို သူ ငေးကြည့်ရင်း ခေါင်းထဲမှ နာကျင်မှုကိုလျစ်လျူရှုဖို့ ကြိုးစားဖြစ်သည်။

ပင်လယ်ပြင်၏အလှသည် အမြင့်တစ်နေရာမှကြည့်လျှင်လည်း ရှုမငြီးနိုင်လောက်အောင် လှပလွန်းပါသည်။ အပြာရောင် ပိုးသားစကို ဖြန့်ခင်းထားဟန် ပင်လယ်ပြင်ထက်မှ မညီညာသော လှိုင်းလုံးဖြူလေးများက ပျောက်လိုက်ပေါ်လိုက်နှင့် ချစ်စရာကောင်းနေသည်။ ဖြတ်သန်းသွားလာနေသော သင်္ဘောကြီးများသည်လည်း ကစားစရာ အရုပ်လေးများ ချထားသလို။ ကမ်းစပ်ကိုကျော်ပြီး မြေပြင်ကိုမြင်ရချိန်မှာလည်း စိမ်းညို့သော တောတန်း တောင်တန်းများနှင့် ၎င်းတို့ကြားမှ ဖြတ်သန်းစီးဆင်းနေသော မြေဆီသြဇာကြွယ်ဝသော မြစ်ချောင်းများ၏ အလှသည် စာဖွဲ့၍မကုန်နိုင်လောက်အောင်ပင်။

ထားဝယ်မြေသည် လွမ်းဖို့ကောင်းလောက်အောင် လှပါသည်။ လေယာဉ်ပေါ်မှဆင်းပြီးသည်နှင့် မြို့ပြနှင့်မတူ သန့်ရှင်းသောပင်လယ်လေကို ရှူရှိုက်လိုက်ရသည်ဖြစ်၍ သူ့ခေါင်းထဲမှ နာကျင်ကိုက်ခဲမှုတစ်ချို့ သက်သာသွားသလိုပါ။ လက်ဆွဲသေတ္တာအကြီးမပါသဖြင့် လေယာဉ်ပေါ်မှ အိတ်ချချိန်ကို စောင့်နေစရာမလို။ လေယာဉ်ကွင်းအပြင်ဘက်တွင် သူတို့နှစ်ယောက်ကိုကြိုရန် ဟိုတယ်မှပို့လိုက်သည့် ကားထဲသို့ ဝင်ထိုင်ဖြစ်ကြသည်။

တဖြည်းဖြည်း သက်သာလာသော နာကျင်မှုကြောင့် အခုမှ အသက်ဝ၀ ပြန်ရှူနိုင်သူတစ်ယောက်လို ဒီမိုးယံ သက်ပြင်းချဖြစ်သည်။ ဒီနာကျင်ကိုက်ခဲမှုများနှင့် သူ ယှဉ်တွဲနေထိုင်ဖြစ်ခဲ့တာကြာပါပြီ။ ပျောက်ကွယ်သွားသည်ဆိုတာ မရှိတော့။ မခံနိုင်လောက်အောင် နာကျင်ကိုက်ခဲချိန်နှင့် သက်သာသလို ရှိသည့်အချိန်များသာ ရှိတော့သည်။ ငြီးစီစီဖြစ်နေသော ခံစားချက်များကို မေ့ဖျောက်ရန် ကား ပြတင်းပေါက်များကို အဆုံးထိ ဖွင့်ချတော့ မမက လှမ်းတားသည်။

"အဲယားကွန်းဖွင့်ထားတယ်လေ။"

"ကျွန်တော် အပြင်လေ ကိုခံချင်လို့ပါ မမရာ။"

ခေါင်းတစ်ခုလုံးအပြင်ရောက်အောင်ထုတ်ရင်း သန့်ရှင်းသော လေများကို အားရပါးရ သူ ရှူရှိုက်ဖြစ်သည်။ သူ့ဆံပင်များကို ဖွာလန်ကြဲသွားသည်အထိ တဝူးဝူးတိုက်ခတ်နေသော လေကိုမျက်နှာမော့ခံယူရင်း နှစ်ခြိုက်စွာ ပြုံးဖြစ်သည်။ ဒီတစ်ခါလည်း သူ မမကို ကျေးဇူးတင်ရသည်။

"ခရီးထွက်ရအောင်"

ဟု မမ ပြောလာတုန်းက သူ သိပ်စိတ်ပါသည်တော့ မဟုတ်။ လုပ်လက်စ အလုပ်များနှင့် ချိန်းဆိုထားသည့် ရိုက်ကွင်းချိန်များကို မဖျက်ချင်ခဲ့။

"အားလုံးစီစဉ်ပြီးပြီ။ မလိုက်လို့မရဘူးနော်"

ဆိုပြီး အတင်းခေါ်သည့်မမကြောင့် သူ စိတ်ရှုပ်ခဲ့ရသေးသည်။

အပျော်ခရီးထွက်ဖို့ဆိုတာကို ဒီမိုးယံ မစဉ်းစားဖြစ်ခဲ့တာကြာပါပြီ။ ခရီးများစွာထွက်ခဲ့သော်လည်း အလုပ်ကိစ္စများကြောင့့့်ဖြစ်ကာ အပန်းဖြေဖို့ဆိုတာ မရှိခဲ့။ show လျှောက်ဖို့အတွက်ပဲဖြစ်ဖြစ်၊ ရှုတင်ရိုက်ကွင်းကိစ္စကြောင့်ပဲဖြစ်ဖြစ် အလုပ်ပြီးသည်နှင့် ပင်ပန်းကာ ဟိုတယ်ခန်းထဲဝင်ပြီး နားဖြစ်သည်ကများသည်။

ကတ္တရာလမ်းလေးသည် အဆုံးမရှိတော့သလို ကွေ့ကာ ကောက်ကာဖြင့် မောင်းမကန်ကမ်းခြေရှိရာသို့ သူတို့ကားလေးကို ခေါ်ဆောင်သွားနေသည်။ လမ်းပြင်နေသော နေရာမှ တောသူတောင်သားများ၏ သနပ်ခါးအဖွေးသားနှင့် မျက်နှာတို့သည်လည်း လောဘနှင့်တပ်မက်ခြင်းတို့မှ ကင်းဝေးနေသည်။ ကွေ့ကောက်သော တောင်ကြားလမ်းလေးများသည် သူ့ရင်ကို ငြိမ်းချမ်းစေသည်။ စိမ်းစိုသော တောင်တန်းများ၏ မြင့်မားခိုင်မာမှုသည် သူ့ရဲ့ယောက်ယက်ခတ်နေသော အတွေးများကို တည်ငြိမ်စေသည်။ ဖြတ်သန်းစီးဆင်းနေသော စမ်းချောင်းငယ်များ၏ ကြည်လင်မှုသည်လည်း သူ့ရင်ကို အေးမြစေပါသည်။

သူတို့ကို တင်ဆောင်လာသည့် ကားနက်လေးသည် ကတ္တရာလမ်းမှဖဲ့ဆင်းလာပြီး မြေလမ်းအတိုင်း ဆက်မောင်းလာခဲ့သည်။ လမ်းဘေးတစ်ဘက်မှာ တည်းခိုခန်း၊ ဘန်ဂလိုများရှိနေကာ သူတို့ကြားထဲမှ ပင်လယ်ပြင်သည် ပေါ်လိုက်ပျောက်လိုက်နှင့် ကားနောက်မှပြေးလိုက်လာသော ကလေးငယ်တစ်ယောက်လို လိုက်ပါလာနေသည်။ အခြားတစ်ဘက်မှာတော့ လွင်ပြင်ကျယ်များနှင့် တောင်ကုန်းငယ်လေးကို လှမ်းမြင်ရသည်။ တောင်တန်းငယ်ထိပ်နားမှ စေတီဝါလေးသည်လည်း စိမ်းစိုသောသစ်ပင်ခြုံနွယ်များကြားတွင် သပ္ပာယ်စွာ တည်ရှိနေသည်။

သူတို့တည်းခိုမည့် ဟိုတယ်ဝန်းထဲသို့ ကားလေးကို ထိုးရပ်ချိန်မှာ ဒီမိုးယံ အလောတကြီး ဆင်းဖြစ်သည်။ ဒါပေမယ့် ပင်လယ်ပြင်သည် သူ့ရှေ့မှာမရှိ။ တည်းခိုခန်းဘန်ဂလိုခန်းငယ်များနှင့် ကွယ်နေဟန်တူသည်။ ကွန်ကရစ်ခင်းထားသော လမ်းလေးအတိုင်း ရှေ့ဆက်လျှောက်လာမှ ဝေါခနဲ အပြေးတိုက်လာသော ပင်လယ်လေနှင့်အတူ ကျယ်ပြန့်လွန်းသော မောင်းမကန်ကမ်းခြေကို သူ့ရှေ့မှာ မြင်လိုက်ရသည်။

ပင်လယ်ပြင်၏ မြင်ကွင်းကျယ်သည် လွမ်းစရာကောင်းနေသည်။

အဆုံးအစရှာမရသည့် သောင်ပြင်သည် မျက်စိတစ်ဆုံး ရှည်လျားနေသည်။ ရေကျချိန်ဖြစ်သောကြောင့် သောင်ပြင်ကျယ်က သူ့ရဲ့လက်တံများကို အဆုံးစွန်အထိ ဆန့်ထုတ်ကာ ရေလှိုင်းများကို တွန်းချထားသည်။ မီးခိုးရောင် တိမ်တောင်များနှင့် ပြည့်နှက်နေသော ကောင်းကင်ပြင်သည်လည်း မိုးစက်များကို မကြာခင်သွန်ချတော့မည့်ဟန် လေးလံနေသည်။ ကောင်းကင်ပြင်၏ မှန်တစ်ချပ်ဖြစ်သည့် ပင်လယ်ပြင်သည်လည်း မီးခိုးရောင်လွှမ်းနေပြန်သည်။ ဟိုတယ်နေရာကို ကန့်သတ်ထားသလို ဘောင်ခတ်ထားသည့် ခပ်နိမ့်နိမ့် အုတ်တံတိုင်းငယ်မှာ ဝင်ထိုင်ရင်း ပင်လယ်ပြင်ကို ကြည့်မဝနိုင်သလို မျက်နှာမူဖြစ်သည်။

သူ သာရှိလျှင် ဆိုသည့်အတွေးကို မတွေးဘဲ မနေနိုင်။

ရှိုင်းထွဋ်ကို သူ အရမ်းလွမ်းမိသည်။

"နည်းနည်းတော့ အေးနေပြီ။ မိုးရွာမလားမသိဘူး။"

ဒီမိုးယံဘေးနားသို့ ရောက်လာသော မမက စိတ်ပူသလိုပြောပေမယ့် သူ့ကို အခန်းထဲ အတင်းဝင်ခိုင်းခြင်းတော့မရှိပါ။ အေးနေပြီလားသိချင်သောကြောင့် သူ့ပါးပြင်ကို လှမ်းကိုင်သော မမ၏ လက်ချောင်းများမှ မေတ္တာဓါတ်သည် နွေးထွေးပါသည်။

"ကျွန်တော်လေ။ အိပ်ပျော်သွားတိုင်း ပြန်နိုးမလာတော့မှာကို သိပ်ကြောက်တာပဲ။"

သူ့လက်ဖျားအောက်မှ အုတ်တံတိုင်းငယ်ကို တင်းတင်းဆုပ်ထားရင်း ဒီမိုးယံ ခက်ခက်ခဲခဲ ပြောဖြစ်သည်။ အခုနောက်ပိုင်း နေ့အချိန်များတွင်ပါ ဘယ်နေရာဖြစ်ဖြစ်၊ ဘယ်အချိန်ဖြစ်ဖြစ် သတိလက်လွတ် သူ အိပ်ပျော်သွားတတ်သည်။ ပြန်နိုးလာတိုင်း နိုးထလာရမှာကို သူကြောက်မိသလို မနိုးထနိုင်တော့မှာကိုလည်း အရမ်းကြောက်နေမိသည်ဟုဆိုလျှင် စိတ္တဇဆန်နေမည်လားမသိ။

"ဆောရီးမမ။ စိတ်ညစ်စရာတွေ ပြောမိပြန်ပြီထင်သည်။"

သူ့စကားကို မမ ပြုံးပြီး ခေါင်းခါသည်။

"မင်း ပြောသမျှကို နားထောင်ခွင့်မရတော့မှာကိုလည်း မမက သိပ်ကြောက်တာပဲ ဒီဒီလေးရဲ့။"

"ကျွန်တော် ဘာလို့ လူဖြစ်လာတာလဲ မသိဘူး မမရာ။ တစ်ခါတစ်လေ ဘယ်တော့မှ မမွေးလာခဲ့ရင် အရမ်းကောင်းမှာပဲလို့ တွေးမိတယ်။"

မမရဲ့ မျက်လုံးများကို ရင်ဆိုင်ဖို့ ခွန်အားမရှိသောကြောင့် သဲပွင့်များကို ခြေဖျားဖြင့် ထိုးကော်ကစားရင်း သူ အကြည့်လွှဲဖြစ်သည်။ သူ့ကိုချစ်ရသူတိုင်းကို ဝမ်းနည်းစေဖို့ သူမွေးဖွားလာခဲ့သည်လားမသိ။ ကိုယ့်ကိုကိုယ်မမုန်းမိပေမယ့် စိတ်နာမိသည်။

"မမလည်း အဲဒီ့လိုအတွေးမျိုးကို အရင်က ခဏခဏ တွေးဖူးတယ်။ ဒီဒီ့ကို မမ ပြောခဲ့ဖူးတယ် မဟုတ်လား။ မမက ငယ်ငယ်တုန်းက မိန်းကလေးမဟုတ်ခဲ့ဘူး ဆိုတာလေ။ ကိုယ့်ကိုကိုယ် ဘာသတ္တဝါမှန်း မသိနိုင်တဲ့ ခံစားမှုမျိုးက အရမ်းကြောက်ဖို့ကောင်းတယ်။ ဒီလို လူတိုင်းက လက်မခံတဲ့ လူတစ်ယောက်အနေနဲ့ လူ ဖြစ်လာမယ့်အစား တစ်ခါတည်း မမွေးဖြစ်ခဲ့ရင် ပိုမကောင်းဘူးလားဆိုတဲ့ မေးခွန်းကို မမ အချိန်တိုင်း မေးနေခဲ့တာ။"

"မမလည်း အရမ်းစိတ်ညစ်ခဲ့မှာပဲနော်။"

"အခု ပြန်စဉ်းစားကြည့်တော့လည်း သြော် ငါ အဲဒီ့လို တွေးခဲ့မိပါလားဆိုပြီး ပြုံးမိရုံပါပဲ ဒီဒီရာ။ တကယ်တော့ လူဆိုတာ တခြားလူတွေ ကိုယ့်ကိုလက်ခံဖို့ထက် ကိုယ့်ကိုကိုယ် လက်ခံဖို့ပဲ လိုတာမဟုတ်လား။ အဲဒါကို မမ သတိထားမိတဲ့နေ့ဟာ ယောက်ျားလေး၊ မိန်းကလေးဆိုတဲ့ သတ်မှတ်ချက်တွေထက် လင်းလက်ဆိုတဲ့သူတစ်ယောက်အနေနဲ့ပဲ မမကို ခင်ပါတယ်လို့ မင်းပြောခဲ့ဖူးတဲ့နေ့လေ။"

ပင်လယ်လေက ခပ်ပြင်းပြင်းတိုက်နေသောကြောင့် မမ ဆံပင်တွေလည်း တောင်ပံခတ်နေသော လိပ်ပြာငယ်လို လွင့်ပါးနေသည်။ သူ့ကိုလှည့်ကြည့်နေသည့် မမ၏ မျက်လုံးများမှ အပြုံးများသည် နူးညံ့နေသည်။မမသည် သူ့အတွက်တော့ ဖြူစင်သည့် ကြာပန်းတစ်ပွင့်၊ နူးညံ့သည့် လိပ်ပြာတောင်ပံလေးတစ်စုံဖြစ်သည်။

"အဲဒီ့နေ့က မမ ငိုဖြစ်တယ်။ ငိုတာမှ နှလုံးသည်းခြေပျက်တဲ့ အရူးမလေးတစ်ယောက်လို ငိုဖြစ်တာ။ အဲဒီ့နေ့ကစပြီး မမဟာ လင်းလက်ဖြစ်လို့ မရှက်တော့ဘူး ဒီဒီ။ မမကို ဘယ်သူလဲ၊ ဘာကြီးလဲဆိုပြီး မေးလာခဲ့ရင်လည်း လိုက်ရှင်းပြမနေတော့ဘဲ သူတို့ဘာသာ စဉ်းစား ခေါင်းရှုပ်ဖို့ မမ ထားလိုက်တော့တယ်။ မမ မွေးဖွားလာခဲ့ရတာကို ပျော်တယ်လို့ မပြောနိုင်ပေမယ့် ကျေနပ်တယ်လို့တော့ ပြောလို့ရမယ်။ မင်းနားမှာ ရှိခွင့်ရတိုင်း၊ ဘယ်လောက်ပဲ သေးငယ်တဲ့ အရာလေးပဲဖြစ်ဖြစ် မင်းအတွက် လုပ်ပေးခွင့်ရတိုင်း လင်းလက်ဆိုတဲ့သူတစ်ယောက်အနေနဲ့ မွေးဖွားလာခဲ့ရတာကို ကျေနပ်မိတယ်။"

"မမရာ။"

ဒီမိုးယံ ကောင်းကင်ပေါ် မျက်နှာမော့ရင်း တီးတိုးရေရွတ်မိသည်။ ကောင်းကင်ထက်မှ ခုန်ဆင်းလာသော မိုးဖွားလေး တစ်စက်က သူ့ပါးပြင်ထက်မှာ အနမ်းတစ်စက် ခြွေချထားရစ်ခဲ့သည်။ ထို့နောက် မိုးစက်လေးနောက်တစ်စက်က သူ့နှုတ်ခမ်းများထက်မှာ လာရောက်နားခိုပြန်သည်။

မိုးစက်များ၏ အနမ်းသည် ချိုမြိန်အေးချမ်းလွန်းပါသည်။

"ဘဝဆိုတာ နေမင်းလိုပဲ ပူလောင်လွန်းတယ်ဆိုရင် အချစ်ဆိုတာကတော့ သစ်ပင်ရိပ်လို အေးမြပါတယ် ဒီဒီလေးရယ်။ မွန်းတည့်ချိန်မှာ နေမင်းကို ဘယ်သူမှ မော့မကြည့်နိုင်ပေမယ့် သစ်ပင်ရိပ်ကနေ လှမ်းကြည့်ရင်တော့ သစ်ကိုင်းသစ်ခက်တွေကြားက နေရောင်လေးတွေဟာ လှလွန်းတယ်လေ။ ဘဝဆိုတဲ့ နေမင်းကြီးကို အချစ်ဆိုတဲ့ သစ်ပင်ရိပ်က မင်း မော့ကြည့် ကြည့်ပါလား ကလေးရယ်။"

ဒီမိုးယံ မမ စကားကိုနားထောင်ရင်း ပါးချိုင့်လေးပေါ်အောင် ရွှင်ရွှင်လန်းလန်းပြုံးတတ်သော ကောင်လေးတစ်ယောက်၏ မျက်နှာကို မြင်ယောင်လာကာ သက်ပြင်းချမိသည်။ ထိုကောင်လေးနှင့်အတူ ရှိခဲ့ရသည့် ပျော်စရာအချိန်လေးများကို ပြန်လည်အမှတ်ရလာတော့ ကြည်နူးမှုနှင့်အတူ ဝမ်းနည်းမှုကြောင့် ရင်တွေနာလာပြန်သည်။

"ကိုယ်က တခြားလူတွေအပေါ် ချစ်တဲ့အချစ်၊ ကိုယ့်ကို တခြားလူတွေက ချစ်တဲ့အချစ်။ ဒီအချစ်တွေကသာ ဘဝကို လှအောင် ပြောင်းလဲပေးနိုင်မှာ မဟုတ်ဘူးလား ဒီဒီရယ်။ တစ်ရက်ပဲဖြစ်ဖြစ်၊ တစ်နှစ်ပဲဖြစ်ဖြစ်၊ တစ်သက်ပဲဖြစ်ဖြစ် အချစ်မရှိတဲ့ ဘဝကို ရင်ဆိုင်ရတာက နေမင်းကို မော့ကြည့်နေတဲ့ ကလေးတစ်ယောက်လိုပဲ မင်း ပင်ပန်းမှာပေါ့။"

ရေစိုသော ညှို့မှိုင်းနေသည့် အညိုရောင် သဲသောင်ပြင်နှင့် သူ့ခြေဖဝါးအောက်မှ ခြောက်သွေ့သော သဲသောင်ပြင် အဖြူရောင်။ သဲသောင်ချင်းတူပေမယ့် အရောင်ကွဲနေသည်မှာ ယုံချင်စရာပင် မရှိပါ။ ဘဝဆိုတာသည်လည်း အတူတူပေမယ့် တစ်ယောက်ချင်းစီရဲ့ အမြင်ကတော့ ကွဲပြားမှာပါ။ မမရဲ့ စကားတွေကို နားထောင်ရင်း ဒီမိုးယံ ရင်ထဲ လေးလံလာသည်။

"ဒါပေမယ့် မမရာ။ အဲဒီ့ အချစ်ဆိုတာကြီးကြောင့် ပိုပြီး ခံစားရတယ်ဆိုရင်ရော။"

"ဘယ်အရာမဆို ညှိုယူလို့မရတဲ့အရာမှန်သမျှကြောင့် ခံစားရမှာပဲလေ။ အချစ်မှာလည်း အတူတူပဲ။ ကိုယ်လိုချင်သလောက် ပြန်မရရင်၊ ကိုယ်ပေးသလောက် သူက ပြန် မယူရင် ပူလောင်ရမှာပဲ။ မမလည်း ကိုကို့ ကို ချစ်မိတုန်းက လူးလှိမ့်နေအောင် ခံစားခဲ့ရတာပဲ။ ကိုယ်လိုချင်သလောက် သူကမှ ပြန်မချစ်နိုင်ခဲ့တာပဲလေ။"

"ကျွန်တော့်ကိုကျတော့ရော မမ။ ကျွန်တော့်ကိုချစ်ရတဲ့အတွက်ရော မမ မခံစားရဘူးလား။"

ထိန်းချုပ်ထားသည့်ကြားမှ ပွင့်အန်ထွက်လာသော စကားတစ်ခွန်းအတွက် သူ နောင်တ မရဖြစ်။ မျက်ရည်ဝိုင်းနေသော မမရဲ့ မျက်ဝန်းများကို မညှာတာမိတဲ့ သူ့ကို မမ မုန်းသွားလျှင်လည်း သူ ကျေနပ်နိုင်ပါသည်။

"ခံစားရတယ်ဆိုရင်တောင် ဝမ်းနည်း နာကြည်းမှုတွေ မဟုတ်ဘူး ကလေးရယ်။ မင်း ပြန်ပေးခဲ့တဲ့ ချစ်ခြင်းတရားတွေအတွက် ကြည်နူးကျေနပ်ရတဲ့ ခံစားမှုတွေပဲ ဖြစ်လိမ့်မယ်။ မင်း မမကို ချစ်တာပဲလေ။ မင်း ပေးနိုင်တဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ မင်း အတတ်နိုင်ဆုံး ချစ်ပေးခဲ့တာပဲ မဟုတ်ဘူးလား။"

မမရဲ့စကားများကြောင့် သူ အံ့သြရသည်။ မမ ကျေနပ်သည်တဲ့လား။ သူ မမကို ပြန်မချစ်နိုင်ခဲ့ပေမယ့် သူပေးဖြစ်ခဲ့တဲ့ ဂရုစိုက်မှုတွေ အခြားမေတ္တာတွေအတွက် မမ ပျော်ခဲ့သည်တဲ့လား။

ဟုတ်မှာပါ။

သူ မမကို အတတ်နိုင်ဆုံး ဂရုတစိုက် ဦးစားပေးဆက်ဆံခဲ့တာပဲ။ အတတ်နိုင်ဆုံး စိတ်ချမ်းသာအောင် ထားပေးခဲ့တာပါပဲ။ ဒါပေမယ့် သူ စိတ်ချမ်းသာအောင် မထားခဲ့သူ တစ်ယောက်တော့ရှိသည်။ သူ့ရှေ့မှာ မျက်ရည်မကျအောင်ထိန်းရင်း အံကြိတ်ထားတဲ့ ကောင်လေးတစ်ယောက်နဲ့ မျက်နှာက သူ့မျက်စိရှေ့မှာ ပေါ်လာပြန်တော့ ရင်ညွှန့်ထဲက အောင့်တက်လာသည်။ ဝမ်းဗိုက်တစ်နေရာကို ဓါးထက်ထက်ဖြင့် ထိုးခံရသလို နာကျင်ရသည်။

"ငါ မင်းကို အရေးကြီးတဲ့ စကားပြောစရာရှိတယ်။"

ပင်လယ်ပြင်မှ တိုက်ခတ်လာသော လေအေးတစ်ချို့နှင့်အတူ ဝေးလံသောအတိတ်တစ်ခုမှ ရှိုင်းထွဋ်အသံသည် အတူလိုက်ပါလာသလို သူ ပြန်ကြားယောင်မိသည်။ နားရွက်ဖျားများပင် နီရဲနေကာ မသိမသာ ခေါင်းငုံ့ထားသော ပုံရိပ်ငယ်ကို ပြန်မြင်ယောင်ရင်း ဒီစကားတစ်ခွန်းပြောထွက်ရန် ရှိုင်းထွဋ် ဘယ်လောက်တောင် ကြိုးစားအားယူခဲ့ရမည်ကို တွေးမိတော့ ရင်ခွင်တစ်ခုလုံး ရစရာမရှိအောင် ဆုတ်ဖြဲခံရသလို နာကျင်မိသည်။

သူ အတ္တကြီးခဲ့တာ။

နားထောင်ရဲသည့်သတ္တိမရှိခဲ့တာ။

သူ့အတွက် မမ စိုးရိမ်နေတာကို မြင်ရဲပေမယ့် ရှိုင်းထွဋ် စိုးရိမ်ပူပန်နေမှာကိုတော့ မမြင်ရဲခဲ့။ သူ့ရောဂါအတွက် မမ ဝမ်းနည်းနေတာကို လက်ခံနိုင်ခဲ့ပေမယ့် ရှိုင်းထွဋ် ခံစားနာကျင်နေရမှာကိုတော့ မမြင်ရက်နိုင်ခဲ့။ သူလိုလူတစ်ယောက်ကို မမ ချစ်နေတာကို မထူးခြားသလိုနေနိုင်ခဲ့ပေမယ့် သူချစ်ရသည့်ရှိုင်းထွဋ် သူ့ကိုချစ်နေမှာကိုတော့ သူ မလိုလားခဲ့ပါ။ ထိုအချိန်ကမျက်လုံးဝိုင်းများမှ နာကျင်မှုတွေကို သူ မမြင်ချင်ယောင်ဆောင်ဖြစ်ခဲ့သည်။ ရှင်းသန့်သောမျက်နှာထက်မှ ရှက်ရွံ့မှုတွေကိုလည်း သူ လျစ်လျူရှုဖြစ်ခဲ့သည်။

ဘောလုံးပွဲ အားပေးစင်မှာ သူ့ကိုမြင်ရသည့်ခဏ မယုံနိုင်လောက်အောင် အံ့သြသွားသော မျက်လုံးများ၊ ဘောလုံးပွဲကို လုံးလုံးဂရုမစိုက်နိုင်ဘဲ တခြမ်းစောင်းထိုင်ကာ သူရှိရာသို့ အကြိမ်ကြိမ် မသိမသာခေါင်းငဲ့ကြည့်နေခဲ့သည့် မျက်နှာတခြမ်း၊ မဂ္ဂဇင်းမျက်နှာဖုံးမှာ လက်မှတ်ထိုးပေးပြီး ရင်ခွင်ထဲပြန်ထည့်ပေးလိုက်ချိန်မှာ ပျော်ရွှင်ရိပ်ကို ဖုံးမရနိုင်လောက်အောင် ပြုံးနေသည့် နှုတ်ခမ်းများ။ အရာအားလုံးက သူ ခံစားဖူးသည့် ဝေဒနာများစွာထက် ဆိုးရွားစွာ နာကျင်စေချင်ပါသည်။

"ငါ မင်းကို ရအောင် မုန်းမယ်။"

ဒီစကားတစ်ခွန်းသည် သူ့ရဲ့မျက်နှာပြင်ပေါ် ကျဆင်းနေသော မိုးစက်လေးများကိုလည်း အက်ဆစ်အဖြစ်သို့ ပြောင်းလဲနိုင်သလို သူ့ကို ထွေးပွေ့နှုတ်ဆက်နေသော ပင်လယ်လေညှင်းကိုလည်း အဆိပ်ငွေ့ဖြစ်စေပါသည်။

အခုတော့ သူ့ဘဝမှာ အချစ်ရဆုံးသူရဲ့ အမုန်းများသာ ကျန်ရှိတော့သည်။

ဝမ်းနည်းမိပေမယ့် ကျေနပ်မိပါသည်။

သူကိုယ်တိုင်က ရှိုင်းထွဋ်ကို ချစ်ခဲ့ပေမယ့် ရှိုင်းထွဋ် သူ့ကို ပြန်လည်ချစ်ခွင့်ကိုတော့ မပေးခဲ့နိုင်လောက်အောင် ရက်စက်ခဲ့တာပဲလေ။

Continue Reading

You'll Also Like

4.5M 354K 87
(Unicode & Zawgyi) ပင်လယ်ဆိုသည်မှာ လေညင်းအောက်တွင် သာယာငြိမ့်ညောင်းစွာ လှုပ်ခတ်ရုံ လှုပ်ရှားပြီး ပြင်းထန်သော လေပြင်းအောက်တွင်မူ ဒေါသမာန်ကြီးစွာ ရုန်း...
2.3M 210K 35
My first Story 💜 (Own Creation)
859K 55.7K 52
"ကျွန်တော်ကသွန်းငယ်ကိုစိတ်ချမ်းသာအောင်ထားမှာမို့သွန်းငယ်ရဲ့စိတ်ကူးအိမ်မက်တွေကိုအကောင်အထည်ဖော်ရင်ပါရမီဖြည့်ပေးမယ့်လူတစ်ယောက်ဖြစ်ချင်တာမို့ကျွန်တော်နော...
2.7M 73.3K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...