ဆူး

由 akyinnamon

2.2M 213K 13.2K

(Unicode & Zawgyi) သူက ကျွန်တော့်ရဲ့ နှလုံးသားမှာ စိုက်ဝင်နေတဲ့.....ဆူး.....။ 更多

Intro (Unicode)
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
ဇာတ်သိမ်းပိုင်း
စာအုပ်လေးသိမ်းထားနိုင်ပါပြီ
Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
ဆူး 2nd Intro
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
ဇာတ်သိမ်းပိုင်း
Thankyou all
ဆူး (အခန်းဆက်​)

အပိုင်း ၂၁

17K 1.8K 193
由 akyinnamon

မီးရောင်ထိန်ထိန်လင်းနေသော ဟိုတယ်ခန်းမကြီးသည် တောက်ပမှုများဖြင့်သာ ဖွဲ့စည်းထားလေသလားဟု ထင်ရလောက်သည်။ ဟိုတယ်ခန်းမအလယ်မျက်နှာကြက်မှ မီးဆိုင်းကြီးသည် လင်းထိန်ခန့်ညားနေသလို အိစက်နေသော ဆိုဖာကြီးများသည်လည်း ဧည့်ကြိုကောင်တာနှင့် မလှမ်းမကမ်းတွင် ရှိနေသည်။

စကားပြောနေသူများ၊ ဖြတ်သန်းသွားလာသူများ၊ ခပ်သုတ်သုတ် သွားလာကာ အလုပ်ရှုပ်နေသော ဟိုတယ်ဝန်ထမ်းများဖြင့် ဧည့်ခန်းမကြီးတစ်ခုလုံးမှာ ပြည့်နှက်နေသည်။ ထူးခြားချက်ကတော့ သူတို့အားလုံး တောက်ပြောင်လှပစွာ ဝတ်စားဆင်ယင်ထားခြင်းဖြစ်သည်။ ဝန်ထမ်းများကလည်း ဝန်ထမ်းဝတ်စုံများနှင့် ကျက်သရေရှိနေသလို ဧည့်သည်များ၏ကိုယ်မှ တဖျတ်ဖျတ်လက်နေသော လက်ဝတ်ရတနာများနှင့် အဝတ်အစားဒီဇိုင်းဆန်းဆန်းများသည်လည်း ထူးခြားမှုများဖြင့် တောက်ပြောင်နေကြသည်။

ဟိုတယ်ဝန်ထမ်းမှ တရိုတသေဖွင့်ပေးလာသော တံခါးပေါက်မှ လှမ်းဝင်လိုက်သည်နှင့် လင်းလက် ရင်တွေခုန်ကာ လက်ဖျားတွေ အေးလာသည်။ ခေတ်မီအဝတ်အစားဒီဇိုင်းမျိုးစုံဖြင့် လှပလွန်းနေသော လူများကြားမှာ သူမ ဝင်ဆံ့ပါ့မလားဆိုသည့် မေးခွန်းက မေးစရာမလိုဘဲ ခေါင်းထဲတိုးဝင်လာသည်။ တကယ်တော့ သူမ ဝတ်ဆင်ထားသည့် အဝတ်အစားများမှာလည်း ကဲ့ရဲ့စရာတော့မဟုတ်ပါ။ ဒါပေမယ့် သိမ်ငယ်သလို ခံစားရတာတော့ အမှန်ပင်ဖြစ်သည်။

အဖြူရောင် ပါးလျားသော ပိတ်သားစပေါ်တွင် ဇာဖောက်ထားသော အခက်အနွယ်လေးများမှာ ယဉ်ယဉ်လေးနှင့် လင်းလက်၏ အလှကို ပေါ်နေစေသည်။ ပေါင်တံရှည်များကို ထွင်းဖောက်မြင်ရသော ပါးလျားသည့် ပိတ်သားစဖြစ်သော်လည်း အောက်ခံအနက်ရောင် ကိုယ်ခန္ဓာကွက်တိ ဂါဝန်နက်လေးမှာ ပေါင်လယ်ထိရှိသည်ဖြစ်၍ မရိုင်းပါ။ ပုလဲရောင် ဒေါက်မြင့်ဖိနပ်လေးနှင့် ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ဝေ့ဝိုက်လွင့်သွားသော ကြည်လင်သော ဂါဝန်အနားစလေးများမှာ လှိုင်းလုံးများကြားမှ လျှောက်လှမ်းလာသော ပင်လယ်စောင့်နတ်သမီးလေးလို သူမ အလှကို ပေါ်လွင်စေသည်။

"ဟိုလေ။ xxx က လုပ်တဲ့ show ပွဲခန်းမက ဘယ်နားမှာလဲဟင်။"

အနားမှာရှိနေသည့် ဝန်ထမ်းကောင်လေးကို မရဲတရဲလှမ်းခေါ်ရင်း လင်းလက် မေးလိုက်သည်။ ဝန်ထမ်းကောင်လေးက

"ဟုတ်ကဲ့။ ဒီဘက်ကိုကြွပါအစ်မ"

ဟု သူမကို တရိုတသေ လမ်းညွှန်ပြသည်။ ဖိတ်စာကတ်ကိုပင် မတောင်း။ သူမကို ဒီမိုးယံနှင့်အတူ တွဲသိနေသည်မှာ သေချာသည်။

ဟိုတယ်ကော်ရစ်ဒါတစ်လျှောက် ဝန်ထမ်းကောင်လေးနောက်မှ လိုက်လာရင်း နံရံတစ်ဖက်တစ်ချက်တွင် ကပ်ထားသော ပန်းချီကားများကို ငေးကြည့်လာခဲ့သည်။ comtemporary art ဟု ခေါ်သည့် ခေတ်ပြိုင်ပန်းချီကားများကို သူမ နားလည်သည်တော့မဟုတ်။ ဒါပေမယ့် ခေတ်နှင့်အညီ ပရိဘောဂမှအစ အဆင်အပြင်ကိုပါ ရွေးချယ်ထားသည့် ယခုဟိုတယ်ကြီးအတွက်ကတော့ ဒီပန်းချီကားများနှင့် လိုက်ဖက်နေသည်ကို သူမ မငြင်းနိုင်။

"ဒီကနေဝင်သွားရင် ရောက်ပါပြီခင်ဗျ။"

"ဟုတ်ကဲ့။ ကျေးဇူးပါနော်။"

နီညိုရောင်တံခါးလက်ကိုင်ကို တွန်းဖွင့်ကာ လှမ်းဝင်လိုက်သည်။ ခန်းမအတွင်း ထွန်းညှိထားသော ဆလိုက်မီးများကြောင့် မျက်လုံးများပင် ကျိန်းစက်သွားသည်။ မြူးကြွသော တီးလုံးများကလည်း ခန်းမထဲမှာ ဟိန်းနေသလို ခန်းမလယ်တွင်ရှိနေသော ဆလိုက်မီးဖြူများကြားမှ အဖြူရောင် လမ်းလျှောက်စင်သည် ရှည်လျားခန့်ညားလွန်းနေသည်။

"မမ.."

တရင်းတနှီး လှမ်းခေါ်သံကြောင့် လင်းလက် ဘေးဘက်သို့ လှည့်ကြည့်လိုက်သည်။ မတ်တပ်ရပ်စကားပြောနေသော လေးယောက်အုပ်စုကြားမှ ကောင်လေးတစ်ယောက် သူမကို လက်ပြနှုတ်ဆက်နေသည်။

မှူးသစ္စာ

မိန်းကလေးနာမည်နှင့် ခပ်ချောချောကောင်လေးကို သူမ မှတ်မိစွာ ပြန်လည်ပြုံးပြလိုက်သည်။ သစ္စာက ဒီမိုးယံ၏ လုပ်ဖော်ကိုင်ဖက် မော်ဒယ်တစ်ယောက်လည်းဖြစ်သလို ဟန်ဆောင်မှုများနှင့်သာ ပြည့်နေတတ်သော ဒီလောကတွင် မျက်နှာဖုံးမပါသည့် ဒီမိုးယံအတွက် သူငယ်ချင်းကောင်းတစ်ယောက်ဟုလည်း ပြော၍ရသည်။

"လာ မမ။ မမအတွက် နေရာက ဟိုးထိပ်ဆုံးမှာ။"

သစ္စာက သူမ လက်ကိုဆွဲကာ runway နေရာကို ခြံရံပြီး ချထားသော ထိုင်ခုံများထဲမှာ ထိပ်ဆုံးနားမှာရှိနေသော နေရာကို ခေါ်သွားခဲ့သည်။ ထိုင်ခုံတွေက အများကြီးတော့မဟုတ်။ လျှောက်လမ်းတစ်လျှောက်ကို ခြံရံကာ သုံးတန်းလောက်သာ ချထားခြင်းဖြစ်သည်။ ဒါပေမယ့် ဒီပွဲကို လာကြသူများသည် တကယ့်လူချမ်းသာအသိုင်းအဝိုင်းကဆိုတာ မေးစရာမလို။ အဝတ်အစားနှင့် အပြင်အဆင်များကို ကြည့်လိုက်သည်နှင့် သူမ သိသည်။

"မင်းရော ဒီနေ့ပွဲမှာ မလျှောက်ဘူးလား သစ္စာ။"

"ကျွန်တော်လား။ rehearsal မှာ ခြေကျင်းဝတ်လည်သွားတယ်။ ဟီး။"

"ဟယ်။"

"ဘာမှမဖြစ်ဘူး မမ။ နည်းနည်း နာသွားရုံလောက်ပဲ။"

သူမ စိတ်ပူပန်စွာ လှည့်ကြည့်တော့ သစ္စာက လက်ကာပြီး ကပျာကယာရှင်းပြသည်။

"အခုပွဲမှာ ကျွန်တော့်နေရာမှာ ဒီမိုးယံ ဝင်လိမ့်မယ်။ ဒီကောင်က show leader လည်းဖြစ်တော့ ဘယ်လိုအဝတ်အစားလဲမလဲတော့ ကျွန်တော်လည်း မသိဘူး။"

သစ္စာကရယ်ရင်းပြောပေမယ့် လင်းလက် ဒီမိုးယံအတွက် စိတ်မပူဘဲ မနေနိုင်။ show leader ဆိုတာက ပွဲတစ်ခုမှာ အရေးအကြီးဆုံးဖြစ်သည်။ အကောင်းဆုံး၊ အတော်ဆုံးဟု ပြောလို့လည်းရောက်သည်။ show ပွဲစစချင်း သစ္စာတို့လို အရံတွေက အရင်ထွက်ရသည်။ show leader ကတော့ အားလုံးလျှောက်ပြီးမှ အကောင်းဆုံးအဝတ်အစားဖြင့် ပွဲလုပ်ပေးသည့် လုပ်ငန်းရှင်ကို ခေါ်ထုတ်လာရသည်။

show လျှောက်သည်ဆိုသည်မှာလည်း ပြီးစလွယ်တော့မဟုတ်။ နှစ်ရက်၊ သုံးရက်လောက် show director မကျေမနပ်မခြင်း အထပ်ထပ် အခါခါ လျှောက်ကျင့်ထားရသည်။ နောက်ပြီး တီးလုံးနှင့် ကွက်တိဖြစ်ဖို့လည်း လိုသည်။ ထွက်ချိန်၊ ဝင်ချိန်က စက္ကန့်ပိုင်းလောက်ပင် လွဲချော်၍မရ။

လင်းလက် သက်ပြင်းချရင်း စင်မြင့်ပေါ်ကို ငေးကြည့်ကာ အတွေးများက ဟိုရောက်သည်ရောက်ဖြစ်နေသည်။

ကြာခဲ့ပြီပဲ။

အချိန်ကာလအားဖြင့် သုံးနှစ်ဆိုသည့် အချိန်တစ်ခု ကြာခဲ့ပြီပဲဖြစ်သည်။

လင်းလက်တို့ခြံဘေးမှ အုတ်ဘောင်ပေါ်တွင် သူမနှင့် ဒီမိုးယံ ပျော်ရွှင်နောက်ပြောင်စွာ လမ်းလျှောက်ကျင့်ခဲ့သည့် အချိန်များသည် အခုတော့ လွမ်းစရာကောင်းနေသည်။ သူမ ဝတ်ပေးသော အဝတ်အစားဒီဇိုင်းများအတိုင်း မငြီးမငြူဝတ်ကာ ကင်မရာရှေ့နေပေးသော ကောင်လေးသည် အခုတော့လည်း လျှမ်းလျှမ်းတောက်အောင်မြင်နေသည့် မော်ဒယ်ကောင်လေးတစ်ယောက် ဖြစ်လို့နေပြီဖြစ်သည်။ သူများတွေက ကင်မရာရှေ့နေတတ်ဖို့ သင်ကြားလေ့လာရချိန်မှာ ဒီမိုးယံက ဘယ်လိုနေနေ ကြည့်ကောင်းနေတတ်ပုံကို သတိရမိတော့လည်း ဂုဏ်ယူမှုများနှင့် သူမ ပြုံးမိသည်။

ဓါတ်ပုံရိုက်ခံရသည်ထက် ရှိုးပွဲလျှောက်ရသည်ကို ပိုပြီးဝါသနာကြီးသည့် ဒီမိုးယံ..

အင်တာဗျူးသူတွေနှင့် ဘယ်တော့မှ အဆင်ပြေစွာ မဆက်ဆံတတ်သည့် ကောင်လေး..

သူ ဘာဖြေဖြေ၊ဘယ်လိုနေနေ အားပေးချစ်ခင်နေတတ်သည့် ဒီမိုးယံ၏ ပရိသတ်များ..

ဒီဒီနှင့်ပတ်သက်ပြီး လင်းလက်ဘဝမှာ မေ့မရစရာတွေ အများကြီးရယ်ပါ။

"ဟိုအကောင် ပါသေးလား။"

"ပါမှာပေါ့။ မပါလို့ဖြစ်မလား။ ပွဲပိုင်ရှင်ကို ပေါင်ကြားထဲထည့်ထားတာကို။"

သူမနောက်နားမှ အတင်းပြောသံက ခပ်တိုးတိုး ထွက်လာသည်။ အထူးအဆန်းတော့ မဟုတ်။ ဒါမျိုးတွေက ဒီလိုပွဲမျိုးတွေမှာ ကြားနေရမြဲဖြစ်သည်။ အချင်းချင်း မနာလိုသံတွေလည်းပါသည်။ အမှန်တရားတွေလည်းပါသည်။ ရှုပ်ထွေးပျက်ဆီးလွန်းသည့် ဒီလောကအကြောင်းကို အနည်းနဲ့အများတော့ သူမလည်း သိနေပြီဖြစ်သည်။

"နေရာတကာ သူချည်းပဲ။"

"ဟုတ်ပ။ ရုပ်လေးနဲ့ လုပ်စားနေတာ။ သူပွဲလျှောက်ရင် သူဝတ်ထားတဲ့ အဝတ်အစားထက် သူ့ကိုပဲ ပိုကြည့်လွန်းလို့ ပွဲရှင်တွေတောင် လက်မခံချင်ဘူး ပြောတာပဲ။"

"အေး။ ဒါပေမယ့် သူ မပါဘဲလည်း ဘယ်သူက ပွဲလုပ်ဖူးလို့လဲ။ နင် ကြားသေးလား။ အခု အဲ့ကောင်က အသစ်ကောင်မလေးနဲ့တဲ့။"

"ဟယ်။ တကယ်လား။ ဟိုတစ်လောကတွဲနေတဲ့ သူဌေးသားဆိုတာကရော။"

"ထားခဲ့ပြီပြောတာပဲ။ ချူစားလို့ ဝသွားလို့နေမှာပေါ့။"

"ဟိ။ ဟုတ်မှာ။ ဒါနဲ့ အဲ့အကောင်က စျေးဗန်းခင်းတာ အရမ်းတော်တယ်။"

"ဟုတ်ပ။ သူနဲ့တွဲသူတွေက တိုက်ခန်းကအစ ကားအဆုံး ဝယ်ပေးတာတဲ့။"

"အခုတွဲနေတဲ့ ကောင်မလေးကတော့ အဲဒီ့လောက် မချမ်းသာဘူးဆိုလားပဲ။ ဆေးကျောင်းတက်နေတယ်ဆိုတာကလွဲရင် ဘာဂုဏ်မှ မရှိဘူး။"

လင်းလက် နောက်ဘက်သို့ လှည့်မကြည့်ဖြစ်ပါ။ ဒါပေမယ့် သူမ ပခုံးတွေ မတ်သွားသည်။ သူတို့ပြောနေသူ၏ နာမည်သည် သူမ မြတ်နိုးရသည့် နာမည်ပိုင်ရှင်တော့ မဟုတ်ပါစေနဲ့ဟု ရင်တွင်းမှ ကြိတ်ပြီးဆုတောင်းမိသည်။

"နင် မသိလို့ပါဟာ။ ဒီကောင် ဘယ်လောက်ရည်းစားများများ သူ တကယ်ချစ်တာ သူ့ မမ ပဲရှိတယ်။"

"နင်ကလည်း သေချာလို့လား။"

လင်းလက် ဆက်မကြားရဲတော့။ သူမ မျက်နှာတွေ ပြင်မရအောင် ပျက်ယွင်းနေပြီဖြစ်သည်။ သစ္စာက တခြားဘေးတစ်ဖက်မှလူတစ်ယောက်နှင့် ရယ်ရယ်မောမော စကားပြောနေသဖြင့် နောက်ဘက်မှ တီးတိုးသံများကို သတိထားမိဟန်မတူ။

"သေချာတာပေါ့။ အဲ့မမဆိုတဲ့ ဟာမကို အရမ်းအလေးပေးတာ။ တရားဝင်သာမတွဲတာ။ အဲ့မိန်းမရှိရင် ကျန်တာတွေကို အကုန်ခေါက်ထားတာဟ။ လှည့်ကိုမကြည့်တာ။ နောက်ပြီး ငါ သိသလောက် မမကို လက်ဖျားနဲ့တောင် မတို့ဘူးဆိုပဲ။"

"ဘာရယ်။"

"အေးလေ။ ဒီကောင်က တွေ့သမျှလူနဲ့အိပ်တာ။ မမနဲ့တော့ ဘာမှမဖြစ်ဘူးတဲ့။ တကယ်ချစ်လို့ပဲဖြစ်ရမယ်။"

"သူတို့ဘာသာ တိတ်တိတ်ပုန်းတွဲနေလည်း နင် သိတာကျနေတာပဲ။"

"ဟား ဟား။"

"ဒါနဲ့လေ။ သူနဲ့တွဲဖူးတဲ့သူတိုင်းက ပြောကြတယ်။ အိပ်ရာထဲမှာ အဲ့ကောင် ဒီမိုးယံက တကယ်ကျွမ်းတာတဲ့။"

ရယ်သံတွေကို ကြားနေရသည်။ လင်းလက် ငိုချင်လာသည်။ လူတွေသာ အနားမှာမရှိလျှင် သူမ ကလေးတစ်ယောက်လို ရှိုက် ရှိုက်ပြီးသာ ငိုလိုက်မိမည်ထင်သည်။

ပြောရက်လိုက်ကြတာ...

သူမ အတွက် တန်ဖိုးရှိလွန်းတဲ့ သူမ မြတ်နိုးရလွန်းသည့် လူသားတစ်ယောက်ကိုမှ တစ်ပြားမှမတန်အောင် ပြောရက်ကြသည့် လူတွေကို သူမ နာကြည်းချင်ပေမယ့် အခွင့်မရှိ။ သူတို့ပြောနေသည့် စကားများ အားလုံးက မမှန်ခဲ့လျှင်တောင် တစ်ချို့တစ်ဝက်က အမှန်တွေဆိုတာ လင်းလက်သိသည်။ ဒီမိုးယံနားသို့ရောက်လာတိုင်း ဒီစကားမျိုးတွေကို သူမ ကြားရတတ်သည်။

ရင်ခွင်တစ်ခုလုံး ဆွဲစုတ်ခံရသလို ခံစားရတာမှလွဲလျှင် သူမ တတ်နိုင်တာ ဘာဆိုဘာမှ မရှိပါ။

မှောင်မိုက်သွားသော မီးရောင်များကြောင့် ပွဲစပြီဆိုတာကို လင်းလက်သိလိုက်သည်။ အခုအချိန်မှာတော့ သူမ အတွက် အကောင်းဆုံးဖြစ်သည်။ စို့တက်လာသော မျက်ဝန်းထောင့်မှ မျက်ရည်စကို ဘယ်သူမှ သတိမထားမိအောင် သုတ်ဖယ်ခွင့် ရသွားသည်လေ။

မြူးကြွသောတီးလုံးများနှင့် မော်ဒယ် မိန်းကလေးများ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြသည်။ လှပလွန်းသည်။ တောက်ပလွန်းသည်။ အဝတ်အစား ဒီဇိုင်းမျိုးစုံနှင့် တည့်မတ်ဟန်ပါစွာ လျှောက်နေသည့် မိန်းကလေးများ၏ အဝတ်အစားများကိုရော မျက်နှာများကိုပါ သူမ သတိမထားမိ။ လင်းလက် မျက်လုံးများက မော်ဒယ်များ ထွက်ပေါ်လာရာ မျက်စိဆုံးမှ နေရာကွယ်တစ်ခုကိုသာ စူးစိုက်ကြည့်နေမိသည်။

သိပ်မကြာလိုက်ပါ။

မိန်းကလေးများ အားလုံးဝင်သွားတာနှင့် သူမ စောင့်မျှော်နေသည့် အရိပ်လေးကို မြင်လိုက်ရသည်။

"1st round မှာကတည်းက စဝင်လိုက်တာပဲ။ ဒီကောင်ကတော့။"

သူမဘေးမှ သစ္စာ၏စကားသံကို မကြားမိလိုက်။ လမ်းလျှောက်စင်ပေါ်တစ်လျှောက် ထွန်းညှိထားသော မီးလုံးငယ်များကြားမှ ခပ်မတ်မတ် လျှောက်လာသော ဒီမိုးယံကိုသာ မျက်တောင်မခတ်ဘဲ သူမ စူးစိုက်ကြည့်နေမိသည်။

ကိုယ်နေဟန်က ခိုင်မာလွန်းသည်။

မျက်စိရှေ့တည့်တည့်က တစ်နေရာတည်းကိုသာ စူးစိုက်ကြည့်နေသော အကြည့်တွေက စူးရှလွန်းသည်။

တည်နေသော မျက်နှာမှာ တစ်ခါမြင်ရုံနှင့် တစ်သက်လုံး မေ့မရနိုင်လောက်အောင် ဆွဲဆောင်မှုအပြည့်။

လျှောက်စင်အဆုံးထိ တစ်လှမ်းချင်း မမြန်၊ မနှေးလျှောက်လာပုံမှာ အားလုံးကို အသက်ရှူမေ့သွားလောက်အောင် လှပလွန်းသလို လက်များကို ဘေးတစ်ဖက်တစ်ချက်မှာ လွတ်လပ်စွာချကာ စိတ်အေးအေးလျှောက်နေပုံမှာ ပေါ့ပါးသလို ခန့်ညားမှုနှင့်အပြည့်။

ဒီမိုးယံ၏ ရှည်လျားသော ခြေတံများနှင့် ကွက်တိဖြစ်သော ဂျင်းဘောင်းဘီမှာ သပ်ရပ်အချိုးကျစွာ ရှိနေသလို ကိုယ်ခန္ဓာအထက်ပိုင်းမှ ဇကာပေါက်ပါသည့် အနက်ရောင်လက်ပြတ်အကျီင်္နှင့် သားရေဂျာကင်လက်ရှည်ကလည်း စူးရှသည့် အကြည့်များကို ပိုပြီးအထောက်အကူဖြစ်နေစေသည်။ လှိုင်းတွန့်ကောက်များနှင့် ဆံပင်များက မညီမညာနှင့် နဖူးပေါ်ဝဲကျနေသည်။ တီးတိုးသံတွေ၊ လေချွန်သံတစ်ချို့နှင့် ကင်မရာမီးတဖျတ်ဖျတ်သည် ထူးထူးခြားခြား ပိုကျယ်လောင်သွားသည်။

"ဘုရားရေ ချောလိုက်တာဟယ်။"

"သူသာ ငါ့ကို တစ်ချက်ကြည့်ရင် သေပျော်ပြီ။"

အခုနလေးတင်ကမှ မကောင်းပြောနေသူများထံမှ ချီးကျူးသံများနှင့် တပ်မက်သံများကို လင်းလက် ကြားလိုက်ရတော့ ဘာမှန်းမသိပေမယ့် ဂုဏ်ယူမိသည်။ သူမ၏ ဒီမိုးယံလေးသည် တောက်ပသည် ကြယ်တစ်ပွင့်ပါ။ သူမ အတွက်တော့ တကယ့်ကို ဂုဏ်ယူစရာကောင်းသည့် ကြယ်လေးတစ်ပွင့်။

လမ်းလျှောက်စင်အဆုံးမှာ ခြေတစ်ဖက်တစ်ချက်စီပေါ် စက္ကန့်ပိုင်းမှ အားပြုပြီး ဟိုဘက်ဒီဘက် ဝေ့ခနဲယိုင်လိုက်ကာ ကြည့်ကောင်းဟန် ဟန်ပြချိန်မှာ လင်းလက်အသက်မရှူမိ။ ဒီ့နောက်မှာတော့ ဒီမိုးယံ သူမရှိရာ တစ်ချက် လှမ်းကြည့်ကာ နှုတ်ခမ်းထောင့်လေးကွေးရုံပြုံးလိုက်ကာ မျက်စိတစ်ဖက် မှိတ်ပြသွားသည်။

"ဒီကောင်လေးကတော့နော်။"

ရင်တွေခုန်လွန်းသဖြင့် သူမဘယ်ဘက်ရင်အုံကို လက်များဖြင့် ဖိအုပ်ထားရသည်။ လှည့်ထွက်သွားပြီဖြစ်သော ဒီမိုးယံကို သူမ အော်ဆူလိုက်ချင်သည်။ တကယ်ဆို မျက်နှာတည်ဖြင့်သာ လျှောက်ရသည့်ပွဲမှာ ဒီမိုးယံ လုပ်သွားပုံက စည်းကမ်းမှန်သမျှကို ချိုးဖောက်သွားခြင်းဖြစ်သည်။ ဒါပေမယ့် ဒီအတွက် ဒီမိုးယံကို အပြစ်တင်မည့်သူကတော့ ရှိမှာမဟုတ်။

Show ပွဲပြီးသွားသည်နှင့် တီးလုံးသံများကြားမှာ စကားသံများဖြင့် တဖန်ပြန်လည်ဆူညံလာသည်။ နှုတ်ဆက်သံများ၊ ချီးကျူးသံများ လက်ခုပ်သံများကြားမှာ လင်းလက် ဆက်မနေချင်တော့။ မိတ်ဆက်စကားများ၊ ဝိုင်းဖွဲ့စကားများ၊ တီးတိုးချိန်းချက်ခြင်းများနှင့် လှုပ်ရှားသက်ဝင်နေတတ်သည့် နေရာတစ်ခုမှာ သူမ ရှိမနေချင်တော့။

"မပြန်ပါနဲ့ဦးမမရ။ သူ ထွက်လာလို့ မမကိုမတွေ့ရင် ဒီမိုးယံက ကျွန်တော့်ကိုဆဲမှာ။"

အိမ်ပြန်ရန် ဟန်ပြင်နေသော လင်းလက်ကို အတင်းတားနေသည့် သစ္စာကို အားနာပေမယ့် မတတ်နိုင်။

"နောက်မှ မမသူ့ကို ဖုန်းပြန်ဆက်လိုက်ပါ့မယ်။ အခုတော့.."

"လာပါ မမရာ။ ခဏလေးပါ။ မမရှိနေရင် သူ ချက်ချင်းထွက်လာမှာ။"

ငြင်းခွင့်မရလိုက်။ လက်ဆွဲခေါ်သွားသည့် သစ္စာနောက်သို့ လင်းလက် တရွတ်တိုက် ပါသွားရသည်။ ဟိုတယ် ကော်ရစ်ဒါတစ်လျှောက် ဖြတ်လျှောက်ပြီး စားသောက်ခန်းရှိရာ သီးခြားခန်းမထဲသို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်။ စားပွဲထိုင်ခုံများ သပ်ရပ်ခန်းနားစွာ ပြင်ဆင်ခင်းကျင်းထားသော ခန်းမကျယ်ကြီး၏ ဘေးနံရံတစ်နေရာတွင် နိုင်ငံခြားဖြစ်အရက်မျိုးစုံကို နံရံကပ်စင်များတွင် ခင်းကျင်းပြသထားသော ဘားကောင်တာရှိနေသည်။ အဖိုးတန်စကျင်ကျောက်ပြားခင်းထားသည့် ကောင်တာသည် တလက်လက်တောက်ပနေသလို သားရေအုပ်ထားသည့် အနက်ရောင် ခံဝိုင်းမြင့်များ၏ အောက်ခြေထောက်တိုင်များသည်လည်း စတီးရောင်တောက်နေသည်။

"ပြန်ပါရစေ သစ္စာရယ်။ မိုးချုပ်နေပြီ။"

"ချုပ်ပါစေဗျာ။ ဒီမိုးယံ လိုက်ပို့မှာ သေချာနေတာပဲ။ ဒီကောင်က ဘယ်တုန်းက မမကိုတစ်ယောက်တည်း အိမ်ပြန်ခိုင်းဖူးလို့လဲ။ ရှမ်ပိန် ချာတိတ်။"

သစ္စာက လင်းလက်ကို ပြောရင်းမှ ဘားကောင်တာမှ ဘားမန်းကို ရှမ်ပိန်နှစ်ခွက် လှမ်းမှာလိုက်သည်။ လင်းလက်အခုအချိန်ထိ ဒီမိုးယံကို စောင့်ရမည်လား၊ ထွက်သွားရမည်လည်း ဝေခွဲမရသေး။ နောက်မှ သက်ပြင်းချကာ ခုံဝိုင်းမြင့်ပေါ် ဝင်ထိုင်လိုက်ရသည်။ သစ္စာ ကမ်းပေးလာသော ရှမ်ပိန်ခွက်ကို လှမ်းယူချိန်မှာတော့ သူမနောက်မှာ လူရိပ်တစ်ခု ရောက်လာခဲ့သည်။

"မမက ဒါတွေ သောက်လို့မရဘူးလေဗျာ။"

လင်းလက် လက်ချောင်းများကြားမှ ရှမ်ပိန်ဖန်ခွက်ရှည်လေးမှာ ဒီမိုးယံ လက်ထဲရောက်နေပြီဖြစ်သည်။ အဖြူရောင် အသားကပ်လက်ပြတ်အကျီင်္လေးက အချိုးအစားကျလွန်းသည့် ကိုယ်ခန္ဓာမှာ ချပ်ချပ်ရပ်ရပ် ဝတ်ထားသည်။ ဘောင်းဘီကတော့ show လျှောက်ခဲ့သည့် ဂျင်းဘောင်းဘီရှည်ပဲဖြစ်သည်။ လက်ကောက်ဝတ်မှ ခေတ်မီတံဆိပ် နာရီဝိုင်းလေးနှင့် ဒီမိုးယံကိုယ်ပေါ်မှာ ဘာတစ်ခုမှ အပိုအလိုမရှိ။ သစ္စာကတော့ သူမဘေးမှ ကောင်လေးကိုကြည့်ရင်း မျက်လုံးပြူးနေသည်။

"မင်း မြန်လှချည်လား ဒီမိုးယံ။"

"အေး။ မမ စောင့်နေရမှာစိုးလို့ အမြန်ဆုံးလာခဲ့တာ။ ဘယ်သူ့မှ မနှုတ်ဆက်ခဲ့ဘူး။"

"ဟေ့ကောင်။ မင်းက show leader လေ။"

"ဘာဖြစ်လဲကွာ။ ဂရုမစိုက်ဘူး။ မင်းစိုးရိမ်ရင် မင်း မျက်နှာသွားပြလိုက် သစ္စာ။"

"ကျွန်တော်မပြောဘူးလား။ မမရှိနေရင် ဒီကောင်မနေနိုင်ပါဘူးလို့။"

သစ္စာ ရယ်သံနှင့်ပြောပြီးမှ သူတို့နားမှ ထွက်သွားခဲ့သည်။ လင်းလက်ဘေး ထိုင်ခုံမှာ ဒီမိုးယံ ဝင်ထိုင်ရင်းခွက်ထဲမှ ရှမ်ပိန်ကို တစ်ခါတည်းနှင့် အကုန်မော့သောက်ပြီး ဘားကောင်တာပေါ်မှာ လှမ်းတင်လိုက်သည်။

"ဒီဒီနော်။ ဒါတွေသောက်နေပြန်ပြီ။"

သူမ ဆူတာကို ပန်းနှင့်ပေါက်သည်ဟု သဘောထားလားမသိ။ ကလေးတစ်ယောက်လို ခုံအဝိုင်း၏အနားကို လက်နှစ်ဖက်စုရှေ့ချပြီးကိုင်ကာ ပတ်ချာလှည့်နေသည်။ အခုနတုန်းက show ပွဲမှာ စတိုင်ကျစွာ၊ ခန့်ညားစွာ လျှောက်ခဲ့သည့် မော်ဒယ်ကောင်လေးဟု ကျမ်းကျိန်ပြောလျှင်တောင် ယုံနိုင်စရာမရှိ။ သူ့စိတ်ကြိုက် ပတ်ချာလှည့်ပြီးမှ သူမကို ခြေဆုံးခေါင်းဆုံး တစ်ချက်ကြည့်ပြီး ပြုံးသည်။

"မမ အရမ်းလှတယ်ဗျာ။"

လင်းလက် မရှက်ဘဲ မနေနိုင်ပါ။ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်လို ပါးနှစ်ဖက်လုံး နီရဲသွားခဲ့သည်။

"မင်းကမှ တကယ့် star ပါ ဒီဒီရာ။ အရမ်းတော်တယ်။"

သူမ လှိုက်လှိုက်လှဲလှဲချီးကျူးတော့ သွားတက်လေးများပေါ်အောင် ဟီးခနဲ ရယ်ကာ ခေါင်းကုတ်ပြီး ရှက်နေသေးသည်။ ဘယ်လိုတောင် ချစ်ဖို့ကောင်းမှန်းမသိ။

ဒီကောင်လေးကလေ...

ဖြစ်နိုင်ပါ့မလားနော်...

ဒီမိုးယံနှင့်ပတ်သက်ပြီး သူမ ကြားရတဲ့ သတင်းတိုင်းကို ယုံကြည်ဖို့ လင်းလက်မှာ ခွန်အားမရှိသလို ဖွင့်မေးဖို့လည်း ဘယ်တုန်းကမှ သတ္တိမရှိခဲ့။ အတွေးများကို ရပ်တန့်ရင်း နှုတ်ဆက်ဖို့ ကြိုးစားရသည်။

"မမ ပြန်ဦးမယ်။ မင်းလည်း တခြားလုပ်စရာတွေ အများကြီးရှိဦးမှာ။"

"ကျွန်တော် လိုက်ပို့ပေးမယ်။"

"ရတယ်။ မမ ကားပါတယ်။"

"ကျွန်တော် မောင်းမယ်လေ။"

"မင်းကားကို ဘယ်နားထားခဲ့မလို့လဲ။"

"ဒီမှာပဲ ထားခဲ့မှာပေါ့။"

တစ်ခွန်းမကျန် ထင်သလိုဖြေနေသည့် ကောင်လေးကို လင်းလက် တကယ်မနိုင်။

"အလကား အလုပ်ရှုပ်မခံနဲ့ ဒီဒီရာ။ မမကိုလိုက်ပို့ပြီးရင် ဒီကို မင်းဘယ်လိုပြန်လာမလဲ။ မမနေတဲ့နေရာက ကားငှားဖို့ အဆင်မပြေတာ သိရဲ့သားနဲ့။"

"ကားငှားဖို့က app တွေ ရှိနေပြီလေ မမရာ။ ခေတ်နောက်ကျလိုက်တာ။"

နဖူးပေါ် ငိုက်ကျလာသည့် ဆံပင်များကို သပ်တင်ရင်း ဖြေပုံလေးက ငေးကြည့်ချင်စရာ။ နာရီဝိုင်းလေးမှတဆင့် ရောင်ပြန်ဟပ်သည့် အလင်းရောင်တစ်ချို့က မျက်လုံးစိမ်းတောက်တောက်လေးများကို ဖြတ်သန်းသွားချိန်သည် လောကမှာ အလှပဆုံး အခိုက်အတန့်များဟု လင်းလက် ထင်မိသည်။

"မင်းကွာ။ ရှာလိုက်ရတာ။ ဟိုမှာ မင်းကိုနှုတ်ဆက်ချင်လို့ စောင့်နေတဲ့ လူတွေအများကြီးပဲ။"

အသက်လေးဆယ်အရွယ် လူကြီးတစ်ယောက်၏ ခေါ်သံကြောင့် ဒီမိုးယံတစ်ချက်လှည့်ကြည့်ပြီး ဘာလာရှုပ်ပြန်ပြီလဲဗျာဆိုပြီး ညည်းသည်။ ကုတ်အကျီင်္၊ နက်ကတိုင်၊ အနောက်တိုင်းဝတ်စုံအပြည့်အစုံဖြင့် ခန့်ညားနေသော လူကြီးက သူမတို့ရှိရာ လျှောက်လာပြီး သူမကိုပြုံးပြသည်။

"သြော်။ မမ ရောက်နေတာကိုး။ အဲဒါကြောင့် မင်းကို ရှာမတွေ့တာ။"

"အခုပဲ ကျွန်တော် မမကို ပြန်လိုက်ပို့မလို့။"

"ငါးမိနစ်လောက်ပဲ လာပြီး မျက်နှာပြစမ်းပါကွာ။"

ဒီမိုးယံမဖြေ။ ပခုံးနှစ်ဖက်သာ တွန့်ပြသည်။ ပြောသည့်အတိုင်း မလုပ်နိုင်ပါဆိုသည့် အမူအရာက အထင်းသား။

"အေးပါကွာ။ မင်း မမ ရောက်လာရင် ဘယ်သူ့ကိုမှ မျက်လုံးထဲမထည့်တော့တာ ငါ သိပါတယ် ဒီဒီရာ။ ဟား ဟား။"

လုပ်ငန်းရှင်ဖြစ်ဟန်တူသော ထိုလူကြီးက အလျှော့ပေးသည့်ဟန် ပြောကာ လှည့်အထွက် ဒီမိုးယံ လူကြီးပခုံးကို ဆတ်ခနဲ ဖမ်းဆွဲသည်။

"ကျွန်တော့်ကို ဒီဒီလို့ မခေါ်နဲ့။"

"ဟေ။"

"ခင်ဗျားကြားပါတယ်။ ကျွန်တော့်နာမည် ဒီမိုးယံ။ ကြိုက်သလိုခေါ်။ ဒီဒီလို့တော့ မခေါ်နဲ့။"

ခြိမ်းခြောက်မှုအပြည့်နှင့် အေးစက်သည့်အသံကြောင့် လင်းလက်ပင် နေစရာမရှိတော့လောက်အောင် ခံစားလိုက်ရသည်။ ထိုလူကတော့ အတန်ငယ် ကြောင်တောင်တောင်ဖြစ်နေပြီးမှ အေးပါကွာ ဟု ဆိုကာ သူတို့နားမှ နှုတ်ဆက်ထွက်ခွာသွားသည်။

"ဒီဒီကလည်းကွာ။ လုပ်ငန်းရှင်ကို ဒီလိုပြန်ပြောစရာလား။"

ဒီမိုးယံ၏ အပြုအမူက အလုပ်အတွက် အနှောင့်အယှက်ဖြစ်နိုင်မှာကို စိုးရိမ်ပြီး သူမ ဆူတော့ ဒီမိုးယံ က ပြုံးရုံသာပြုံးသည်။

"မရဘူးလေဗျာ။ တစ်လောကလုံးမှာ ကျွန်တော့်ကို ဒီဒီလို့ ခေါ်ခွင့်ရှိတဲ့ လူ သုံးယောက်ပဲရှိတယ်။"

လက်ညှိုးသုံးချောင်းကို သူမ မျက်နှာရှေ့မှာထောင်ပြီး ဆရာကြီးတစ်ယောက်လို ရှင်းပြနေသော ဒီမိုးယံကိုကြည့်ပြီး လင်းလက် ပြုံးလိုက်သည်။

"ဆိုစမ်းပါဦး။ အဲဒီ့ထဲမှာ မမ မှ ပါရဲ့လား။"

"ပါတာပေါ့။ မေမေရယ်... မမရယ်.."

လက်ညှိုးတစ်ချောင်းချင်းစီကို နောက်လက်တစ်ဖက်ဖြင့် ချိုးပြသွားပြီး နောက်ဆုံးတစ်ချောင်းကိုတော့ ကိုင်ပြီး ဒီမိုးယံ စကားသံတို့ ပျောက်ဆုံးသွားသည်။

စက္ကန့်ပိုင်းပဲဖြစ်သည်။

တကယ့်ကို စက္ကန့်ပိုင်းလောက်ပဲဖြစ်သည်။

ဒါပေမယ့် မျက်လုံးတောက်တောက်လေးများက အရောင်ဖျော့သွားတာကို သူမ သတိထားမိသည်။ မျက်နှာချောချောလေးထက်မှာ ဝမ်းနည်းရိပ်တစ်ချို့ ဖြတ်ပြေးသွားတာကို သူမ မြင်ဖြစ်သည်။

"အင်း.. နောက်တစ်ယောက်ရယ် မမရာ။ မမတို့သုံးယောက်ပဲ ခေါ်ခွင့်ရှိတာ။"

အရေးမကြီးသလို ဟန်ဆောင်အပြုံးနဲ့ စကားစဖြတ်လိုက်သည့် ဒီမိုးယံကို ငေးကြည့်နေရုံမှလွဲ၍ သူမ ဘာမှမတတ်နိုင်။ နှစ်ယောက်စလုံး အသံတိတ်သွားကြပြီးမှ ခုံဝိုင်းမြင့်လေးပေါ်မှ ဒီမိုးယံ ခုန်ဆင်းလိုက်သည်။

"လာ မမ။ ကျွန်တော် လိုက်ပို့ပေးမယ်။"

လင်းလက် ဒီမိုးယံ ဘေးမှ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့သည်။ လင်းလက်ဆိုသောသူမသည် အရပ်နိမ့်သူတစ်ယောက်မဟုတ်ဘဲ အရပ်မြင့်သည်ဆိုသည့် အမျိုးသမီးများထဲတွင် ပါဝင်ပါသည်။ နောက်ပြီး အခု ဒေါက်မြင့်ဖိနပ်ကိုလည်း စီးထားသေးသည်။ ဒါတောင် သူမ အရပ်က ဒီမိုးယံ နားရွက်လောက်ပဲရှိနေသည်။ အရင်က သူတို့နှစ်ယောက် ဘယ်သူအရပ်ပိုရှည်ကြောင်း အမြဲပြိုင်ရင်း ပြုံးရယ်ခဲ့ရသည်များကို သတိမရဘဲမနေနိုင်။ အချိန်သုံးနှစ်အတွင်းမှာ ပြောင်းလဲသွားတာတွေက အများကြီးဖြစ်သည်။ ဒါပေမယ့် သူမရင်ထဲက ချစ်ခြင်းမေတ္တာတွေကတော့ ဟိုးအရင်ကလိုပဲဖြစ်သည်။

"ဒီဒီ။"

"ဗျာ မမ။"

"မင်း ကောင်မလေးတစ်ယောက်နဲ့ တွဲနေတယ်ဆို။"

"ဟာ။ သတင်းတွေက မြန်တာ မမရာ။"

ဝန်ခံသည့် သဘောမှန်း နားလည်ရသည်မို့ လင်းလက် သက်ပြင်းချဖြစ်သည်။ ဘယ်တုန်းကမှ ဒီမိုးယံ၏ ချစ်ရေးချစ်ရာကိစ္စများကို သူမ ဝင်မစွက်ဖက်ခဲ့ဘူးပါ။ စွက်ဖက်ခွင့်လည်း မရှိခဲ့လို့ ပြောလို့ရမည်ထင်သည်။ လင်းလက်နှင့် ဒီမိုးယံ ဆိုတာက မိတ်ဆွေဆိုတာထက်ကို ဘယ်တုန်းကမှ အဆင့်ကျော်ခဲ့ခြင်း မရှိခဲ့ကြ။

"ကောင်မလေးက ဆေးကျောင်းကဆို.."

ဒီမိုးယံ ချက်ချင်းမဖြေ။ အသံတိတ်ရင်း သူမ ဘေးမှာ တိတ်တဆိတ် လျှောက်နေသည်။

"ဆေး ၁ ကလား ၂ ကလား ဒီဒီ။"

"ဆေး ၂ ကပါ မမ။"

သူမနှင့် မျက်လုံးချင်းမဆိုင်အောင် ကြိုးစားနေကတည်းက ဒီမိုးယံ၏အဖြေကို မကြားရသေးပေမယ့် လင်းလက် နားလည်ပြီးသားဖြစ်သည်။

继续阅读

You'll Also Like

1.7M 146K 42
တစ်စုံတစ်ယောက်ကိုဂရုစိုက်ပေးချင်တာက ချစ်တယ်လို့ဆိုလိုတာမဟုက်လား.. ဒါဆိုငါမင်းကိုဂရုစိုက်ပေးမယ်
1.4M 60K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
1.5M 105K 41
ချစ်ခင်မြတ်နိုး အားကိုးရတဲ့... ချစ်သူစကား တန်ဖိုးထားပါ့မယ်.. အဆိုးအကောင်း အကျိုးအကြောင်း.. ပိုင်းခြားဆုံးဖြတ် ဝေဖန်တတ်အောင်.. လမ်းပြဆောင်တဲ့ မင်း...