ဒေါ်မိမိတင်တို့၏ ဆိုင်လေးသည် အရင်ကထက်စာလျှင် ပိုပြီးရောင်းကောင်းလာသည်။ ကော်ဖီမှုန့်၊ ဆပ်ပြာမှုန့်နှင့် မုန့်ပဲသားရေစာများသည်လည်း ရောင်းအားတိုးလာရုံမက အအေးမျိုးစုံ၊ ရေခဲချောင်း၊ ရေခဲမုန့်များကိုပါ လက်မလည်အောင် ရောင်းနေရသည်။ ဆန်အမျိုးအစား နှစ်မျိုး၊ သုံးမျိုးပင် ခွဲရောင်းနိုင်သည့်အပြင် အိတ်လိုက်ဝယ်သိမ်းထားနိုင်လောက်သည်အထိ အခြေအနေတိုးတက်နေပြီဖြစ်သည်။
"အန်တီမိ။ ဆန်အိတ်လာပို့တာ။"
ကျောပေါ်က ဆန်အိတ်ကို ကြမ်းပြင်ပေါ် ခပ်ဖြည်းဖြည်းချရင်း ဒီမိုးယံ အိမ်အတွင်းပိုင်းထဲသို့ လှမ်းအော်လိုက်သည်။ ဆိုက္ကားဆရာကို ကျသင့်ငွေရှင်းကာ ဆိုက္ကားပေါ်ကျန်နေသေးသော နောက်ထပ် ဆန်တစ်အိတ်ကိုပါ ထမ်းချလာခဲ့သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် လာပြီ သားရေ ဆိုသည့်စကားသံနှင့်အတူ အိမ်ခန်းထဲမှ ခပ်သွက်သွက်ထွက်လာသော ဒေါ်မိမိတင်ကို တွေ့လိုက်ရသည်။
"ကျေးဇူးပဲ ဒီဒီရယ်။ ဒီမှာ ဆန်ဝယ်ဖို့ လာမေးနေကြတာ သုံးလေးယောက်ရှိပြီ။"
"တစ်ခါတည်းထည့်ပေးမယ်လေ အန်တီ။"
"အေးအေး။"
ဒေါ်မိမိတင် ဆန်အိတ်ကိုဖွင့်ပေးလိုက်မှ ဒီမိုးယံက အသင့်ရှိနေသော ဆန်ချိန်ခွက်ကိုယူကာ ဆန်အမျိုးမျိုးအစားစားကို ခင်းကျင်းထားသော ပလတ်စတစ်ဇလုံအကြီးအသေးများတွင် ခွဲထည့်ပေးသည်။
"အန်တီပေးလိုက်တဲ့ ပိုက်ဆံ လောက်ရဲ့လား။"
"လောက်တယ် အန်တီ။ ပိုတောင်ပိုသေးတယ်။"
ဒီမိုးယံ အကျီင်္အိတ်ကပ်ထဲမှ ပိုက်ဆံလိပ်ကို ကမ်းပေးတော့ ဒေါ်မိမိတင် ပျာပျာသလဲငြင်းရသည်။
"ရတယ်။ ရတယ်။ မလိုဘူး။ သားယူထားလိုက်။"
"ဟာ။ မဟုတ်တာဗျာ။"
ဒီမိုးယံ ပိုက်ဆံလိပ်ကို သူတို့ဆိုင်မှ ပိုက်ဆံသိမ်းသည့် အံဆွဲထဲထည့်ပြီးမှ လုပ်လက်စ အလုပ်ကို ပြီးအောင် ဆက်လုပ်နေသည်။ ဒီမိုးယံတစ်ယောက် အရပ်မြင့်လာသလို အသံကလည်း လူငယ်သံပျောက်ကာ လူကြီးသံဖြစ်လာသည်။ ဆွဲဆောင်မှုနှင့် တည်ငြိမ်မှုတစ်ချို့ ကိန်းအောင်းနေသည့် အသံမျိုးပါ။ အရင်ကလို နောက်ပြောင်စကားများသည်လည်း မရှိတော့သည်မို့ ပိုမိုတည်ကြည်ကာ ဒီကောင်လေးကို တစ်ခါတစ်ရံ ဒေါ်မိမိတင်ပင် ရှိန်သလိုဖြစ်ရသည်။ အခုလည်း သူမက မုန့်ဖိုးပေးချင်ပေမယ့် ဒီမိုးယံ တစ်ခါငြင်းလိုက်သည်နှင့် ထပ် မပြောရဲတော့။
"ဟိုကောင်ရော အန်တီ။ ပြန်မရောက်သေးဘူးလား။"
"ငထွဋ်လား ကျောင်းတက်ဖို့ကိစ္စတွေ လိုက်လုပ်နေတာ။ နောက်ပြီး ညနေ စာသင်စရာရှိသေးလို့ တစ်ခါတည်း ဆက်သွားတယ်ထင်တယ်။ သားရော။ ဆေးကျောင်းတက်ဖို့ အမှတ်မီရဲ့သားနဲ့ မတက်ဘူးလား သားရယ်။"
ဒေါ်မိမိတင် မချင့်မရဲပြောမိသည်။ နှစ်ယောက်စလုံး အမှတ်မီပေမယ့် မိမိသားဖြစ်သူသာ တက်ရောက်နိုင်ပြီး ဒီမိုးယံက အခုလို အလုပ်ကြမ်းတွေ လုပ်နေသည်ကို ရင်နာမိသည်။
"ကျွန်တော် ကျောင်းဆက်တက်ချင်စိတ် မရှိတော့လို့ပါ။"
ဒီမိုးယံက အရေးမကြီးသလို ခပ်အေးအေးဖြေပေမယ့် ကြိုးစားနားချကြည့်ချင်သည်။ မိငယ်လေးအတွက် ကျောင်းစရိတ်ကိုပင် ကျောင်းအုပ်ဆရာမကြီးက တာဝန်ယူထားမှတော့ ဒေါ်မိမိတင်လည်း သားတစ်ယောက်လို ချစ်ရသော ဒီကလေးအတွက် တာဝန်ယူပေးချင်သည်။
"သားရယ်.. ကျောင်းစရိတ်ကို အန်တီတို့ ထောက်ပံ့နိုင်ပါတယ်။ စာအုပ်တွေဆိုလည်း ငထွဋ်နဲ့ အတူတူ ကြည့်လို့ရတာပဲ။"
မို့မောက်သွားပြီဖြစ်သော ဆန်ဇလုံများကြောင့် လက်ကျန်ဆန်အိတ်ကို သေချာပိတ်ကာ ဆိုင်အနောက်ဘက် ခြောက်သွေ့သောနေရာသို့ ဒီမိုးယံ ရွှေ့နေသည်။
"နေပါစေဗျာ။ ကျွန်တော် တကယ်မတက်ချင်လို့ပါ။ ဆရာဝန်လုပ်ရမှာလည်း ၀ါသနာမပါဘူး။ အဝေးသင်ပဲဖြစ်ဖြစ် တစ်ခုခုတက်ဖို့ကိုတော့ ကျွန်တော် စဉ်းစားကြည့်ပါဦးမယ်။"
နဖူးမှ ချွေးစက်များကို လက်ဖမိုးဖြင့် ပင့်သုတ်ရင်း အပြုံးနှင်ေ့ပြာလာတော့လည်း ဒေါ်မိမိတင် ငေးကြည့်ရပြန်သည်။ အမေတူ သား ဆိုတာထက်ကို ပိုသည့် ကောင်လေးပါ။ ဒီမိုးယံက သူမ၏ သူငယ်ချင်းဖြစ်သူ ဒေါ်မြလေးထံမှ ချောမောဆွဲဆောင်မှုများကို ပိုင်ဆိုင်ထားပေမယ့် မတူညီသည့်အချက်တွေရှိသည်။ ဒေါ်မြလေးအလှက မရဲတရဲအလှ။ ဒီမိုးယံကတော့ တောက်ပသည့်အလှ။ မာကျောသည့်အလှ။
သူမမျက်စိရှေ့မှာပင် ကြီးပြင်းလာသည့် ဒီကလေးသည် အခုတော့ နှာတံစင်းစင်း၊ နှုတ်ခမ်းလှလှနှင့် တကယ့်ကို လူချောလေးတစ်ယောက်ဖြစ်နေပြီဖြစ်သည်။ ပြုံးလိုက်လျှင် ပေါ်လာတတ်သည့် သွားတက်လေးနှင့် တောက်ပသွားသော မျက်လုံးစိမ်းလေးများကြောင့်လည်းပါသည်။ ဒီမိုးယံ နှုတ်ဆက်ထွက်သွားပြီး အတော်ကြာသည်အထိ သူမ ဆိုင်ရှေ့မှာ ငေးငိုင်ကျန်နေခဲ့သည်။
"ဟယ်။ ဝက်သားဟင်းချက်ထားတာ ပေးလိုက်ဖို့ကို မေ့သွားတယ်။"
သတိရမှ မီးဖိုချောင်ကိုပြေးလာကာ ဟင်းခွက်ပြင်စဉ် ဒေါ်မိမိတင် နောက်ဘက်မှ ဦးမင်းမင်းရောက်လာသည်။
"မပေးနဲ့ဦး မိ။"
"ဘာလို့တုန်း တော်ရဲ့။"
တစ်နေ့တစ်နေ့ ဟင်းကောင်းလေးများချက်ရလျှင် ဒေါ်မိမိတင် ဟိုဘက်အိမ်ကို ပို့ပေးဖို့ အမြဲသတိရသည်။ မိခင်မရှိတော့သည့် ကလေးတွေကို သူမ တတ်နိုင်သလောက် ကူညီချင်သည်လေ။ ဒါ့ကြောင့် အရင် တစ်ဆယ်သား၊ နှစ်ဆယ်သားဝယ်ရာကနေ ဒီနေ့မနက် ဝက်သားငါးဆယ်သားလောက်ဝယ်ကာ ပိုပိုများများ ချက်ထားခြင်းဖြစ်သည်။ ဒါကို ယောက်ျားဖြစ်သူက မပေးနဲ့ဦးလာလုပ်နေ၍ မျက်စောင်းကို ဒိန်းခနဲနေအောင် ထိုးပစ်လိုက်သည်။
"ဟိုကောင် ကျော်ဇောကို မကျွေးချင်လို့ဟေ့။ အဲဒီ့ကောင် အလုပ်သွားမှ ပို့။"
"ရှင်ကလည်းနော်။ ပါးစပ်က ဘုရား လက်က ကားယားနဲ့။"
"ဟ။ ဘုရား တရားနဲ့မို့လို့ မပေးနဲ့ပြောတာ။ ဒီကောင်က အရက်နဲ့ မြည်းပစ်မှာ။"
"ရှင် စိတ်ပုပ်ရင် ပုပ်တယ်ပေါ့။"
အဘိုးကြီးကို မျက်စောင်းနာနာထိုးကာ ဝက်သားဟင်းတွေကို ပိုပိုသာသာခပ်ထည့်တော့ ဦးမင်းမင်းမျက်နှာကြီး ရှုံ့မဲ့သွားသည်။ နောက်မှ မသိချင်ယောင်ဆောင်ကာ ရေတစ်ခွက် ခပ်သောက်နေသည်။
"အခုနက ဆန်လာပို့တာ ဒီမိုးယံလား။ အခုနောက်ပိုင်း ဒီကောင်လေး ဟိုကလေးမအိမ်ကို ခဏခဏ သွားနေတယ်ဆို။"
"ဘယ်ကလေးမလေးလဲ။"
"လင်းလက်ဆိုတာလေ။"
"ဒါလည်း ရှင် သိတာပဲလား။"
ယောက်ျားဖြစ်ပေမယ့် ဦးမင်းမင်းက သူမထက် ရပ်ကွက်ထဲမှ သတင်းစုံကို ပိုသိသည်။ စျေးဝယ်လာလို့ ဒီအတိုင်း ပိုက်ဆံယူပြီး ရောင်းလိုက်သည်မဟုတ်။ မင်းအမေ ဘာလုပ်နေလဲ။ အဖေ နေကောင်းရဲ့လားမှ အစပြုကာ စပ်စုသည်မှာ တော်တော်နှင့်မပြီး။ စပ်စုရုံပဲလားဆိုတော့ မဟုတ်။ ကလေးတွေကသာ လိမ္မာတာ။ ဒီလူက အရက်သောက်နေတာ။ ဘာညာနှင့် ဘေးအိမ်မှ ဦးကျော်ဇောအတင်းကိုလည်း ကြုံလျှင်ကြုံသလို ပြောလိုက်သေးသည်။ အလုပ်မရှိ ပင်စင်စားတစ်ယောက်ဖြစ်၍ ဒီလိုအချိန်ဖြုန်းတတ်တာကို ဒေါ်မိမိတင်လည်း အထူးအထွေ အပြစ်မတင်တော့။ တစ်ခါတစ်ရံ သူ ပြောပြသည်များကို နားထောင်ရသည်မှာ အပျင်းပင် ပြေသေးသည်။ သားဖြစ်သူ ထွဋ်ထွဋ်ကတော့ အဖော်ရဖို့နေနေသာသာ အိမ်မှာ အရိပ်ပင် မမြင်ရသည်မှာ ကြာပြီ။ ဆိုင်ကိစ္စခိုင်းစရာရှိသည်များကို ဒီမိုးယံက ကူပေးနေ၍ပင် တော်တော့သည်။
"ကလေးမက တော်တော်ချောတာတဲ့။"
"ဒါကတော့ ရှင်ကိုယ်တိုင် သွားကြည့်လို့ သိတာမဟုတ်လား။ သူများပြောတာတော့ မဖြစ်နိုင်ဘူး။"
"ဟဲ ဟဲ။ သူများတွေပြောလွန်းလို့ ဟုတ်ရဲ့လား ငါလည်း သွားကြည့် ကြည့်တာပါကွာ။"
ပြုံးဖြဲဖြဲနှင့် ဦးမင်းမင်းကို ကျည်ပွေ့နှင့်ကိုင်ပေါက်ချင်စိတ်ကို ဒေါ်မိမိတင် မနည်းထိန်းလိုက်ရသည်။
"ရှင်နော်။ ကိုယ့်သမီးအရွယ်လေးကို.."
"ဟာ။ မိန်းမကလည်း။ ငါက တရားသဘောနဲ့ ရှုတာပါ။"
"အောင်မလေး.. လေး.."
သူမဘေးမှ ဘုရားတကာကြီး၏ ဗိုက်ခေါက်ကို ဆွဲလိမ်ချင်သည်မှာ ဒေါ်မိမိတင် လက်ကိုယားနေသည်။ ဒီအဘိုးကြီးကို ကိုင်ပေါက်ချင်နေသည့် ကျည်ပွေ့မှာသာ အတက်ပေါက်ချင်ပေါက်မည်။ ဒီစကားကတော့ ဘယ်လိုမှမဖြစ်နိုင်။