တဖွဲဖွဲရွာနေသော မိုးရေစက်လေးများသည် ဒီမိုးယံ၏ မျက်လုံးများကို ကောင်းကောင်းဖွင့်လို့မရအောင် အနှောင့်အယှက်ပေးနေသည်။ ဒူးထိသာရောက်သော ဘောင်းဘီတိုကို ဝတ်ထားပေမယ့် ရွှွံ့စက်များပေနေသော သူ့ခြေထောက်များသည် ဆေးစက်ဖြန်းထားသလို ဖြစ်နေပြီဖြစ်သည်။
ဒီလမ်းကို သူလျှောက်ဖူးသည်။
ဒီအိမ်ကို သူ လာဖူးသည်။
ဒီရေဗူးကြီးကိုလည်း သူ ထမ်းဖူးသည်။
ဒါပေမယ့် ယခင်အချိန်နှင့် ယခုအချိန်သည် ကွဲပြားခြားနားမှုများစွာ ရှိနေသလိုပင်။ မြေနီလမ်းဖြစ်ခဲ့သော လမ်းကျဉ်းလေးသည် ကတ္တရာခင်းထားပြီဖြစ်သည်။ တဖွဲဖွဲခုန်ဆင်းနေသော မိုးပေါက်မိုးစက်လေးများမှ ဖြာထွက်လာသော ရေမှုန်ပွင့်လေးများသည် ကတ္တရာလမ်းတစ်လျှောက် ပြန့်ကျဲနေသည်။ ရေဆေးထားသော မှန်သားပြင်လို ထင်ရနိုင်သည့်ကတ္တရာလမ်းပေါ်မှ မိခင်ဖြစ်သူ၏မျက်နှာသည် ပေါ်လိုက်၊ ပျောက်လိုက်နှင့် သူ့အတွေးများကို ကြီးစိုးထားနေသည်။
အချိန်ဆိုသည့်အရာသည် အချို့သော ဒဏ်ရာများကို ကုစားနိုင်ပေမယ့် ရင်ဘတ်တစ်နေရာမှာ ဖြစ်ပေါ်ခဲ့သော ကွက်လပ်တစ်ခုကိုတော့ ဖြည့်ဆည်းပေးနိုင်ခြင်းမရှိ။ မိခင်တစ်ယောက်၏ ထိုကွက်လပ်နေရာသည် အချိန်ကြာလာသည်နှင့်အမျှ တဖြညး်ဖြည်း ပိုပြီးနက်ရှိုင်းလာသလိုပင်။ ကျပ်တည်းခြင်းဆိုသည့်စကားကို သူ ငယ်စဉ်ကတည်းက ရင်းနှီးခဲ့သည်။။ သူတို့မိသားစုဆိုတာက တစ်နှစ်မှာ ရက်ပေါင်းသုံးရာလောက် အဆင်ပြေသည်မဟုတ်။ ယခင်ကတော့ မိခင်ဖြစ်သူက တံတိုင်းတစ်ခုလို သူတို့ရှေ့မှာရပ်နေပြီး အခက်အခဲများကို ခါးစည်းခံခဲ့သည်လေ။ နေ့စာညစာ ထမင်းတည်ရန် ဆန်ရှိလား၊ မရှိဘူးလားဆိုတာကို သူ ပူပင်ရန်မလိုခဲ့။ မီးခ၊ ရေခဆိုတာကို ထည့်စဉ်းစားနေစရာမလိုသလို ဆီဖိုး၊ စျေးဖိုးဆိုတာကိုလည်း တကူးတက ဖယ်ထားရမည်ဆိုတာကိုလည်း သိစရာမလိုခဲ့။
အခုတော့..
ခြားနားသောအခြေအနေတွေက သူ့ကို ပူပင်ထိုင်းမှိုင်းစွာ လောကဓံဆိုသည့်အရာထဲ အတင်းဆွဲနှစ်နေသည်။
မိငယ်..
ဖေဖေ..
မွေးကာစ ကလေးငယ်..
တက်ကြွလန်းဆန်းမှုဆိုတာကို သူ ရှာလို့မတွေ့တော့။ ရယ်ရ၊ ပြုံးရမှာကို စိတ်မပါတော့။ တဖြညး်ဖြည်းနှင့် လေးလံသည်ထက် ပိုမိုလေးလံလာသော ပခုံးထက်မှ ရေသန့်ဗူးကို နေရာပြင်ရင်း ခြံဂိတ်ဝမှ ခေါင်းလောင်းခလုတ်ကို ဖိနှိပ်လိုက်သည်။
မိုးရေများကြားမှ ထီးတစ်ချောင်းနှင့် ပြေးထွက်လာသော ပူစူးမကို သူ တွေ့လိုက်ရသည်။ သူ့ကိုတွေ့တော့ အံ့သြသလို မျက်လုံးပြူးကြည့်နေသည်မှာ အရင်အခေါက်များက အတိုင်းပါ။ ဒါပေမယ့် သူနှင့်ရွယ်တူလောက်သာဖြစ်မည့် ပူစူးမကို စနောက်ချင်စိတ် ဒီမိုးယံမှာမရှိတော့။
"ရေလာပို့တာ။"
"အင်း။ အင်း။ နင့်ကို မမ စောင့်နေတာ။"
သူမလက်ထဲရှိ သော့တွဲမှ ခြံတံခါးသော့ကို အလောတကြီးရှာပြီး ဖွင့်လိုက်သည်။ ဒီမိုးယံ ခြံထဲသို့လှမ်းဝင်လိုက်သည်နှင့် အိမ်တံခါးဝမှာ အရိပ်တစ်ခုကို မြင်လိုက်ရသည်။
မမ..
အနီရောင်နှင့် အဖြူရောင်အစင်းများရောသော လက်ရှည်အကျီင်္နှင့် ဘောင်းဘီရှည်အနီရောင်ကို ဝတ်ထားသည်။ လက်ရှည်ဆိုပေမယ့် လက်ကောက်ဝတ်အထိမဟုတ်။ လည်ဝိုက်ကလေးနှင့် လက်ဖျံတစ်ဝက်လောက်သာရှိသည့် ဒီဇိုင်းဆန်းဆန်း အကျီင်္မျိုးလေးဖြစ်သည်။ ဘောင်းဘီရှည်သည်လည်း ကိုယ်ကြပ်မဟုတ်။ ကားကား စွင့်စွင့်လေးဖြစ်ကာ အရပ်ရှည်ပြီး ကိုယ်ခန္ဓာလှသော သူမနှင့် လိုက်ဖက်လွန်းသည်။
"မနက်ကတည်းက မျှော်နေတာ။"
တောက်ပသောမျက်လုံးများနှင့် ချိုသောအပြုံးကပါ မမ၏အလှကို ကူညီပေးထားသည်။ မမ၏ အပြုံးသည် အချိန်တိုင်းလိုလိုမှာပင် အတွေးများစွာနှင့် ပူလောင်နေတတ်သောသူ့ကို အေးချမ်းသွားအောင် ကူညီပေးနိုင်ပါသည်။ သူနှင့် မမတို့ ခင်မင်ရင်းနှီးနေပြီဖြစ်သည်။ မိခင်ဆုံးပြီးတော့ သူ လုပ်ငန်းခွင်ကို ချက်ချင်းပြန်မဝင်ဖြစ်ခဲ့။ ဒါပေမယ့် ရေပြန်ပို့သည်နှင့် လင်းလက်ဆိုသည့် ရင်းနှီးနေသောအမည်ကို သူရေပို့ရမည့် စာရင်းစာအုပ်မှာ ပြန်တွေ့ခဲ့ရသည်။ အေးချမ်းပြီး သူ့အပေါ် ကောင်းလွန်းသည့် မမ၏ မေတ္တာစေတနာတွေကို သူ အသိအမှတ်မပြုဘဲ မနေနိုင်ခဲ့။
"ကျွန်တော်အိမ်ထဲမဝင်တော့ဘူး မမ။ ညစ်ပတ်သွားမယ်။"
ရေဗူးကို အိမ်ပေါက်ဝမှာသာ ချရင်း ဒီမိုးယံ ပြောဖြစ်သည်။
"ဝင်ပါ။ ဘာမှမဖြစ်ဘူး။"
"ဒါပေမယ့် .. ကျွန်တော်.."
"လာပါ။"
တံခါးကိုဟင်းလင်းဖွင့်ကာ သူ့ရှေ့မှ မမ အိမ်ထဲလှမ်းဝင်သွားသည်။ classical music တီးလုံးတစ်ချို့ကိုမတိုးမကျယ်ဖွင့်ထားသည်ဖြစ်၍ ခမ်းနားသောအိမ်မှာ ပိုပြီးထည်ဝါနေသလိုပင်။ ဖတ်လက်စဖြစ်ဟန်တူသော မဂ္ဂဇင်းတစ်အုပ်သည် ထိုင်ခုံပေါ်မှာ မှောက်လျက်သား ရှိနေသည်။
"ရတယ် ဒီဒီ။ အပေါက်ဝမှာပဲထားခဲ့။"
"ဟာ။ ရပါတယ်။ ကျွန်တော်က အိမ်ထဲဝင်ရင် ညစ်ပတ်မှာစိုးလို့ပါ။ အခုတော့မထူးတော့ဘူး။"
တံခါးပေါက်မှ ရေဗူးကြီးကို မကာ သူ မီးဖိုခန်းသို့လျှောက်လာခဲ့သည်။
"Tea ပဲသောက်မှာ မဟုတ်လား။"
"ဗျာ။ ဟုတ်ကဲ့။"
စားပွဲဝိုင်းမှ ထိုင်ခုံကို မမက ရှေ့ဆွဲပေးတော့ ဒီမိုးယံ ဝင်ထိုင်ဖြစ်သည်။ သူ့အကြိုက်ကို မှတ်မိနေသည့် မမရှေ့မှာ နေရခက်စွာ ခေါင်းကိုငုံ့တော့ မမ၏ခြေဖမိုးလှလှလေးကို မြင်ရပြန်သည်။ ဖိနပ်မစီးထား။ ခြေချောင်းလေးများကို တောက်ပသော အနီရောင်ခြေသည်းနီဆိုးထားပြီး အဖြူရောင်ပန်းပွင့်ပုံလေးတွေဖော်ထားသည်။ ဝဲပျံနေသော ဘောင်းဘီရှည်အနားစဖြစ်သော အနီရောင်နှင့်လိုက်ဖက်ကာ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ထင်းခနဲနေအောင် လှလွန်းသည့် ခြေချောင်းလေးတွေပါ။ ကမ်းပေးလာသော လက်ဖက်ရည်ခွက်ကို ကိုင်ထားသော လက်ချောင်းလှလှလေးများတွင်လည်း ဆင်တူ လက်သည်းနီပုံစံလေးဆိုးထားသည်ကို သူ သတိမထားမိဘဲ မနေနိုင်။
"မမ မင်းဆီကိုလာချင်နေတာ။"
"ဗျာ။"
"အခုနောက်ပိုင်း ရေမှာတိုင်း မင်းမလာတော့လို့ အိမ်လိုက်လာပြီး သတင်းမေးချင်နေတာ။ မလာရဲလို့။ သိလား။ ကျောင်းကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာလားလို့တောင် တွေးမိသေးတယ်။"
သူ့ရှေ့မှာ ဝင်ထိုင်သည့် ရှက်ပြုံးလေးနှင့် မမသည် ကလေးငယ်တစ်ယောက်လို ချစ်ဖို့ကောင်းနေသည်။ သူ ရှိရာသို့ မျက်တောင်ရှည်ကြီးများနှင့် တစ်ချက်မော့ကြည့်ပြီးမှ ခေါင်းပြန်ငုံ့သွားသည့် အမူအရာလေးကလည်း တစ်မျိုးလေးပင်။
"ကျွန်တော် ကျောင်းဆက်တက်ဖြစ်မယ် မထင်ဘူး မမ။"
မမက အံ့သြသွားဟန် နှုတ်ခမ်းလေးဝိုင်းသွားသလို စိတ်မကောင်းဟန် မျက်နှာညိုးသွားသည်။ ဒါပေမယ့် ဘာမှဆက်မမေး။ သူ မမကို လေးစားမိသည့်အကြောင်းများတွင် တစ်ဖက်သားကို လေးစားဦးစားပေးတတ်သည့် ဒီသဘောထားများကြောင့်လည်းပါသည်။ မမက သူပြောချင်လျှင် နားထောင်ပေးသည်။ သူ စိတ်ညစ်နေလျှင် အားပေးတတ်သည်။ ဒီလောက်ပဲဖြစ်သည်။ စပ်စုတာမျိုး၊ အတင်းမေးတာမျိုး ဘယ်တော့မှမရှိ။
"အကျီင်္တွေ ရေစိုကုန်ပြီ။ လဲမလား။ မမမှာ အကျီင်္ပိုတွေရှိတယ်။"
"ဟာ။ နေပါစေ။ ရတယ်ဗျ။"
သူ အလန့်တကြားငြင်းတော့ မမက နားမလည်သလို တစ်ချက် လှမ်းကြည့်သည်။ ပြီးမှ အသံထွက်အောင်ရယ်လိုက်သည်။
"မဟုတ်တာ ဒီဒီရယ်။ မိန်းကလေးအကျီင်္မဟုတ်ပါဘူး။ ယောက်ျားလေးအကျီင်္တွေပါ။ မမ မှာ အများကြီးရှိတယ်။ လာ။"
လက်မဆွဲရုံတမယ် ခေါ်နေသည်မို့ သူ မငြင်းနိုင်။ ဒီလို တရင်းတနှီး အပြုအမူမျိုးကို ပထမဆုံးအကြိမ် သူ တွေ့ရခြင်းဖြစ်သည်။ မမသည် သူ့အတွက် ပဟေဠိဆန်သလို လျှို့ဝှက်ချက်များနှင့် သိမ်မွေ့နက်နဲသည်။ သူ မမနှင့်ရင်းနှီးခင်မင်နေသည်မှာ လနဲ့ချီနေပြီဖြစ်ပေမယ့် မမအကြောင်းကို သူ ဘာမှမသိသေး။ တောင်ကြီးဇာတိဖြစ်ပြီး ရန်ကုန်မှာအခြေချနေသည့် မိန်းမပျိုလေးတစ်ယောက်ဖြစ်သည်ဆိုတာလောက်ပဲ သိထားသည်။
မမ၏အိပ်ခန်းသည် ကျဉ်းလည်းမကျဉ်းသလို။ ကျယ်လည်းမကျယ်ပါ။ အလှပြင်ပစ္စည်းများ စုံလင်စွာရှိနေသော မှန်တင်ခုံတစ်ခု၊ တစ်ယောက်အိပ်ကုတင်နှင့် ကုတင်ဘေး ပစ္စည်းတင်သည့် ဘီးတပ်ဗီရိုငယ်လေးသာရှိသည်။
"အဝတ်အစားတွေက ဒီအခန်းထဲမှာ။"
မမက တံခါးတစ်ချပ်ကိုဖွင့်ကာ သူ့ကိုလက်ယပ်ခေါ်သည်။ တံခါးနောက်မှ အခန်းငယ်သည် အကြီးစားစတိုခန်းအရွယ်ဖြစ်သည်။ ထူးခြားမှုက တစ်ခန်းလုံး အဝတ်အစားများ၊ ဖိနပ်များ၊ လက်ကိုင်အိတ်များနှင့်ပြည့်နေခြင်းဖြစ်သည်။ လှမ်းဝင်လိုက်သည်နှင့် မျက်နှာရှေ့တည့်တည့်တွင် စာအုပ်စင်လိုမျိုး နံရံကပ်စင်တစ်ခုတွင် ဖိနပ်များကို သူ့အံနှင့်သူ ထည့်ထားသည်။ ဖိနပ်များဘေးတွင်တော့ သူနှင့်လိုက်ဖက်မည့် လက်ကိုင်အိတ်မျိုးစုံရှိနေသည့်အပြင် သူတို့နှင့်အဆင်တူ အသွေးတူ ပိုးသားလည်ပတ်ပဝါများကိုလည်း ခွေလိပ်ကာ ထားထားသည်။
ဘေးနံရံတစ်ဖက်တွင်လည်း အဝတ်အစားများရှိသည်။ ကုတ်အကျီင်္၊ အနွေးထည်များရှိသည်။ အရောင်စုံသည်။ မျိုးစုံသည်။ စီတန်းချိတ်ဆွဲထားသည်မှာ နာမည်ကြီးအရောင်းပြခန်းတစ်ခုထက်ပင် ပိုပြီးသပ်ရပ်သေးသည်။
"ကြိုက်တာရွေး ဒီဒီ။ ယောက်ျားလေးအဝတ်အစားတွေက ဒီမှာ။"
အခန်းထောင့်မှ နောက်ထပ်ဗီရိုတစ်ခုကို ဖွင့်ပြပြီး မမပြောသည်။ ဒီဗီရိုထဲမှာတော့ ဘောင်းဘီရှည်မျိုးစုံကို ဖြောင့်စင်းနေအောင် မီးပူတိုက်ကာ အောက်နားမှ ချိတ်ဖြင့်ချိတ်ဆွဲကာ ဇောက်ထိုးချိတ်ထားသည်။ အရောင်လဲ့နေသော သားရေဖိနပ်များလည်းရှိသည်။ ရှူးဖိနပ်များလည်းရှိသည်။ ခါးပတ်မျိုးစုံနှင့် နက်ကတိုင်မျိုးစုံကိုတော့ ဗီရိုတံခါးချပ်တွင် ကြိုးတန်းလိုချိတ်ကာ အစီအရီရှိသည်။ စတိုင်ဦးထုပ်မျိုးစုံကိုလည်း ဗီရိုအပေါ်ထပ်မှာ တွေ့ရသည်။
"ပေါ့ပေါ့ပါးပါးလေးတွေဝတ်ချင်ရင် ဟိုဘက်မှာကြည့်။"
မမညွှန်ပြရာမှာတော့ ဂျင်းဘောင်းဘီအတိုအရှည်မျိုးစုံနှင့် အခြားအမျိုးအမျိုးသော အကျီင်္များ၊ ဆွယ်တာများ ရှိနေသည်။ အရောင်စုံ၊ ဒီဇိုင်းစုံ ဘယ်နေရာကိုကြည့်လို့ကြည့်ရမလဲတောင် သူ မသိတော့။
"ဒါလေးဝတ်မလား။"
အဖြူရောင်တီရှပ်တစ်ထည်ကို ကမ်းပေးရင်း မမမေးသည်။ အနက်ရောင် အမှတ်ခြစ်ရာလေးနှင့် Nike ဆိုသည့် စာတန်းလေးက ရင်ဘတ်တည့်တည့်မှာ။ တစ်ဆက်တည်းမှာပင် မမက မလှမ်းမကမ်းမှ ဒူးကွဲဂျင်းဘောင်းဘီတစ်ထည်ကို ချိတ်မှဖြုတ်သည်။
"ဒီ ဂျင်းနဲ့ဆို အဆင်ပြေမယ်။ မင်းက အရပ်ရှည်တာပဲ။ နေဦး ဖိနပ်က.."
"ဟင့်အင်း။ နေပါစေမမ။ ကျွန်တော်မလဲတော့ဘူး။"
ဒီမိုးယံ ငြင်းဆန်ရင်း အခန်းထဲမှ ခြေဆုတ်ထွက်ခွာလာခဲ့သည်။ သူ ဒီအဝတ်အစားတွေကို မဝတ်ရဲ။ တန်ဖိုးကို မသိပေမယ့် သူဝယ်နေကျ လမ်းဘေးအဝတ်ထည်တွေလို မဟုတ်တာ သေချာသည်။
"ဟင်။ ဘာဖြစ်လို့လဲ။"
"ရတယ်။ ကျွန်တော့်အကျီင်္က ခြောက်သွားပြီ။"
မမက ရင်ဘတ်မှာအဝတ်တွေကို ပွေ့ထားဆဲဖြစ်ကာ သူ့ကို လှမ်းကြည့်နေပြီးမှ ပြုံးသည်။
"မမကို လန့်သွားပြီလား။ တို့က ဒီလိုပဲ။ အဝတ်အစားဝတ်ပေးရတော့မယ်ဆိုရင် ဘီလူးစီးသလိုပဲတဲ့။ ကိုကိုလည်းတစ်ခါကပြောဖူးတယ်။"
ကိုကိုဟူသည့် အသုံးအနှုန်းနေရာတွင် မမအသံက ပိုပြီးနူးညံ့သွားသည်ကို သူ သတိထားမိလိုက်သည်။
"မဟုတ်ပါဘူးဗျာ။ ကျွန်တော် တကယ်မလဲချင်လို့ပါ။"
မမက အရှုံးပေးသလို သက်ပြင်းချရင်း အဝတ်အစားများကို နေရာတကျ ပြန်ချိတ်သည်။ နှမြောသလို
"မင်းနဲ့သာဆို အရမ်းလိုက်မှာ"
ဟု မပွင့်တပွင့် ခပ်တိုးတိုးပြောသည်။ များပြားလွန်းလှသည့် အဝတ်အစားများကို တစ်ချက်ဝေ့ကြည့်ရင်း ဒီမိုးယံ မနေနိုင်စွာ မေးဖြစ်သည်။
"အဝတ်အစားတွေက များလိုက်တာဗျာ။ မမက ဆိုင်ဖွင့်ထားတာလား။"
"မဟုတ်ပါဘူး။ ၀ါသနာပါလို့ပါ။ ပြီးတော့ ဒီအဝတ်အစားတွေက တို့ငယ်ငယ်ကဝတ်ခဲ့တာတွေလေ။"
ယောက်ျားလေးအဝတ်အစားများကို လက်ညှိုးညွှန်ရင်း ပြောသည်မို့ ဒီမိုးယံ ချက်ချင်းနားမလည်။ မမက အတော်ကြာအောင် အသံတိတ်နေပြီးမှ သူ့ကို လှမ်းကြည့်သည်။
"မမက မိန်းကလေးတစ်ယောက်အနေနဲ့ မွေးဖွားလာခဲ့သူတစ်ယောက်မဟုတ်ဘူး ဒီဒီ။"
ခပ်ဖြည်းဖြည်းပြောလာသော လင်းလက်၏ စကားသံထဲမှာ ဝမ်းနည်းမှုရော၊ လွမ်းဆွတ်ရိပ်ပါ ရှိနေပါသည်။
လင်းလက် ဘဝမှာ ဘယ်တော့မှ မေ့မရနိုင်သော နေ့ရက်တစ်ခုရှိခဲ့သည်။
ရှစ်တန်းစာမေးပွဲအပြီး ပထမဆုံးအကြိမ် ပင်လယ်ကမ်းခြေတစ်ခုကို မြင်ခွင့်ရခဲ့သည့်နေ့တစ်နေ့။
ထိုနေ့လေးကို အမှတ်ရနေမိသည်က တောင်ပေါ်သူက ပင်လယ်ပြင်ကို တွယ်တာမိ၍တော့မဟုတ်သလို သူမ မြတ်နိုး်သော သဲပြင်နုနုပေါ်တွင် ခြေဗလာဖြင့် လျှောက်လှမ်းခွင့်ရခဲ့၍လည်းမဟုတ်ခဲ့။ နောက်ပြီး သူမ တစ်ဖက်သတ် တိတ်တခိုးချစ်နေရသော ကိုကိုနှင့်အတူ ခရီးအတူထွက်ဖြစ်၍လည်း မဟုတ်ခဲ့ပါ။
ထိုနေ့ရက်ကို သူမ မေ့မရခဲ့တာက ပင်လယ်ကမ်းခြေသောင်ပြင်ပေါ်မှ ဝင်ကစွပ်ကောင်လေးများ၏အကြောင်းကို သိရှိခွင့်ရခဲ့သည့်နေ့ဖြစ်သောကြောင့် ဖြစ်ခဲ့သည်။
"လင်း ဒီမှာကြည့်စမ်း.."
လှုပ်လှုပ်ရွရွ ထိုသတ္တဝါလေးကို ကိုကိုက သူ့လက်ဖဝါးပေါ်မှာတင်ကာ သူမကို ခေါ်ပြခဲ့ဖူးသည်။ ပင်လယ်ရေစိုနေသော ကိုကို့ဆံပင်များသည် အချောင်းလိုက် မျက်နှာပေါ် ငိုက်ကျနေသည်မှာ တစ်မျိုးလေး ဆွဲဆောင်မှုရှိနေခဲ့သည်။ မြင့်မားသောအရပ်နှင့်လိုက်အောင် ခြေလှမ်းကျဲသော ကိုကို့နောက်သို့ မီအောင်လိုက်ရသည့် လင်းမှာ မောပေမယ့် ပျော်နေခဲ့သည်။
"ဘာကောင်လေးလဲကိုကို.."
"ဝင်ကစွပ်လေ လင်း.."
သူမ.. ဟင့်အင်း.. ထိုစဉ်က လင်းလက်ဆိုသည့်သူမသည် မိန်းကလေးတစ်ယောက်မဟုတ်သေး။ အများအမြင်မှာ ကြီးကောင်ဝင်စ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ပေါ့။ ဆံပင်ဖြောင့်ဖြောင့်၊ မျက်နှာသွယ်သွယ်၊ အရပ်မြင့်မြင့်နှင့် ကောင်လေးတစ်ယောက်ပါ။
"ဝင်ကစွပ်။ ဟုတ်လား ကိုကို။"
တိုးတိုးရေရွတ်ရင်း လက်ညှိုးဖြင့်တို့ကြည့်တော့ ခြေချောင်းလေးများ ကားယားနှင့် ထိုသတ္တဝါလေးကို ကိုယ်ကိုကြုံ့ကာ အခွံအတွင်းသို့ တိုးဝင်သွားခဲ့သည်။ ကိုယ်ယောင်ဖျောက်ကာ အစရှာမရတော့။
"ဟောဗျာ။ ဘယ်ရောက်သွားလဲ။"
"လင်းက သွားတို့တာကိုး။ ဒီအတိုင်းခဏစောင့် ထွက်လာလိမ့်မယ်။"
ကိုကို ပြောတာမှန်ပါသည်။ ထိုသတ္တဝါလေးသည် စက္ကန့်အနည်းငယ်အတွင်းမှာပဲ ခေါင်းလေးပြူကာ ကောက်ကောက်ကွေးကွေးခြေချောင်းငယ်များကို ထုတ်သည်။ ကိုကို့လက်ဖဝါးပြင်ပေါ်တွင် သူ့ကိုယ်ခန္ဓာထက် အဆပေါင်းများစွာ ပိုမိုလေးလံမည့်ပုံရသည့် ကန်တော့ပုံ ခရုခွံငယ်ကိုဆွဲကာ ရှေ့သို့ရွှေ့သည်။
သူ အသည်းယားစွာ နောက်ကိုခုန်ဆုတ်တော့ ကိုကိုရယ်သည်။ သူ့အကျီင်္လည်ဝိုက်နေရာကိုဆွဲဖွင့်ပြီး ကျောထဲရောက်အောင်ထည့်တော့ လင်းမှာ အော်လိုက်ရသည်မှာ ပင်လယ်လှိုင်းရိုက်သံများကိုပင် ဖုံးသည်အထိ။ ပင်လယ်ကမ်းခြေဘေးမှာ သူတို့နှစ်ယောက် လွတ်လပ်စွာ ရယ်မောခဲ့ရသည်။
"ကိုကို။ ဒီမှာကြည့်ဦး။ ဒါဆို ဒီအခွံလေးတွေက သူတို့အခွံတွေလား။"
လင်းထက် သုံးနှစ်သာပိုကြီးပေမယ့် အစစအရာရာကို ကိုကိုသိကာ နားလည်သည်ဟု မှတ်ယူထားသောကြောင့် ကမ်းခြေမှာငုတ်တုတ်ထိုင်ရင်း ကန်တော့ပုံအလိပ်လေးများပါသည့် ခရုခွံလေးတစ်ခုကို ကောက်ရင်း ကိုကို့ကို မေးဖြစ်ခဲ့သည်။
"ဟုတ်တယ်လင်း။ ဒါပေမယ့် ဒီအကောင်လေးတွေက အမြဲတမ်း အခွံလဲနေတာ။"
"ဟင်.."
"ဟုတ်တယ်။ သူတို့ကိုယ်ခန္ဓာကြီးလာတာနဲ့ အခွံဟောင်းကိုစွန့်ပြီး သူတို့ကိုယ်ခန္ဓာနဲ့သင့်တော်မယ့်အခွံသစ်ကို ရှာပြီးနေကြတယ်။ သူတို့အခုနေနေတဲ့ အခွံလေးတွေက အငှားနေတယ်လို့ ပြောလို့ရတာပေါ့။"
အငှားနေတာ...တဲ့။
ဒီစကားလေးပါ။
ဒီစကားလေးကို ကြားရချိန်မှာ လင်း တွေဝေမိသွားတာ။
ထိုအချိန်မှာ သူသည်လည်း ခြေချောင်းလေးများဖြင့် ပင်လယ်ရေစိုနေသော သဲမြေကိုဖွပြီး တိုးဝင်နေသည့် ဝင်ကစွပ်ကောင်လေးတစ်ကောင်ဖြစ်သွားသလို လင်းခံစားခဲ့ရဖူးသည်။
လင်းလက်ဆိုသည့် သူသည်လည်း ယောက်ျားလေးကိုယ်ခန္ဓာထဲမှာ ခဏရောက်နေတဲ့ မိန်းကလေးတစ်ယောက်လေ။
ရယ်ဖို့တော့ကောင်းသည်။ လူတွေက ဒီကောင် မိန်းမစိတ်ပေါက်နေတာ။ ခြောက်နေတာလေဟု လွယ်လွယ်လေးသမုတ်လိုက်လို့ရပေမယ့် လင်းအတွက်က ဒီလောက်မလွယ်ဘူးဆိုတာကို ဘယ်လိုရှင်းပြရမလဲ။
ဟင့်အင်း။
ငယ်ငယ်လေးကတည်းက မိန်းကလေးလို ဝတ်ချင်ခဲ့တာ၊ နေချင်ခဲ့တာမဟုတ်ပါဘူး။ လိင်စိတ်ခံယူတာတွေ၊ ယောက်ျားလေးမိန်းကလေး သတ်မှတ်တာတွေကို မွေးကတည်းက နားလည်လိမ့်မည်ဟု ယုံကြည်နေသူတွေရှိတာ အံ့သြဖို့တော့ကောင်းသည်။ တဖြည်းဖြည်း ကြီးပြင်းလာတာနဲ့အမျှ သူ့ ရင်ထဲမှာ တစ်ခုခု မှားယွင်းနေသလို ခံစားနေရတာ။ ဒါကို လူတွေနားလည်အောင် ဘယ်လိုရှင်းပြရမလဲ။
ကိုကို့ကို ချစ်မိတာကြောင့် လင်းလက်ဆိုသည့်ကောင်လေးက အခြောက်ဖြစ်သွားတာ မဟုတ်ပါဘူး။ အရုပ်မလေးတွေကို အကျီင်္လှလှလေး ဝတ်ပေးချင်တာနဲ့ လင်းလက် မိန်းမစိတ်ပေါက်နေတာမဟုတ်သလို မိန်းကလေးတစ်ယောက်လို မျက်နှာသွယ်သွယ်၊ တင်ပါးလုံးလုံးလေးနဲ့ ချစ်စရာကောင်းနေလို့ မိန်းမစိတ်ဖြစ်သွားတာလည်း မဟုတ်ပါဘူး။
လင်းလက် ကိုယ်တိုင်က ကိုယ့်ရဲ့ကိုယ်ခန္ဓာထဲမှာ ဧည့်သည်တစ်ယောက်လို မျက်စိလည်လမ်းမှားရင်း ရောက်လာသလို ခံစားနေရတာ။
ငါ မိန်းကလေးတစ်ယောက်အနေနဲ့ မွေးဖွားလာရမှာ။
ဒီအတွေးကို ရောက်ဖို့အထိ လင်းလက် ရုန်းကန်ခဲ့ရတာတွေ အများကြီးမှ အများကြီးလေ။ ပတ်ဝန်းကျင်ရဲ့ လှောင်ပြောင်မှုတွေ၊ သူငယ်ချင်းတွေရဲ့ စနောက်မှုတွေဟာ ဆိုးရွားလိမ့်မယ်ဟု တစ်ချို့ကတော့ ထင်ကြလိမ့်မည်။ ယောက်ျားဝါဒကြီးစိုးတဲ့ အသိုင်းအဝိုင်းတစ်ခုကြားမှာ ကိုယ့်ရဲ့ဖြစ်တည်မှုက လှောင်ပြောင်စရာဖြစ်နေခဲ့တာ အဆန်းမဟုတ်။ အသိုင်းအဝိုင်းဆိုတာက ရှောင်ပုန်းလို့ရသည်။ သူငယ်ချင်းဆိုတာက မရှိလည်းဖြစ်ခဲ့သည်။
သူမ ထွက်ပြေးလို့မရတာက လင်းလက်ဆိုတဲ့ သူမကိုယ်တိုင်ဆီကဖြစ်သည်။ ကိုယ့်သိစိတ်ရယ်၊ မသိစိတ်ရယ်နဲ့ ရင်ဆိုင်ရတဲ့ ငြင်းခုန်မှုတွေကြားမှာသွေးပျက်ခဲ့ရတာတွေဟာ အဆိုးရွားဆုံးသော အချိန်တွေပါ။
လူတွေ လက်မခံတာထက် ကိုယ့်ကိုကိုယ် လက်မခံခဲ့တာ။ လူတွေ ရွံရှာတာထက် ကိုယ့်ကိုကိုယ် မုန်းတီးခဲ့တာ။ ငါ ဘာလို့ သူများတွေနဲ့ မတူရတာလဲဆိုတဲ့ မေးခွန်းတစ်ခုရဲ့အောက်မှာ ကိုယ့်ကမ္ဘာတစ်ခုလုံး မှောင်မိုက်ထဲ ရောက်နေသလို နေ့စဉ်နေ့တိုင်း ရှင်သန်ခဲ့ရတာ။
မှန်တွေဆိုတာ မကြည့်ရဲလောက်အောင်ပင်။ မှန်တွေထဲမှာ ရောင်ပြန်ဟပ်နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ပုံရိပ်ဟာ သူမပါဆိုတာကို ဘယ်လိုမှ လက်ခံလို့မရနိုင်ခဲ့။ လူပျိုဖော်ဝင်ကာစ မုတ်ဆိတ်မွှေးရေးရေးလေးကို မြင်ရချိန် သူမ ကမ္ဘာပျက်ခဲ့တာကို ဘယ်သူနားလည်မှာလဲ။ ဗျာဟု ထူးရမည့်အစား ရှင် ဟု ထူးခွင့်ရမည့် အချိန်တစ်ခုကို သူမ ရူးမတတ် စောင့်ဆိုင်းခဲ့ရတာ ဘယ်သူ့ကို ပြောပြရမလဲ။
လင်းလက်ဆိုတာ ရာနှုန်းပြည့် မိန်းကလေးတစ်ယောက်ဖြစ်ပါလျက်နဲ့ ယောက်ျားလေးကိုယ်ခန္ဓာထဲမှာ ချုပ်နှောင်ခံနေရခဲ့ရတာပါဆိုတာကို တစ်ကမ္ဘာလုံးကြားအောင် အော်ပြောချင်ပါသော်လည်း တိတ်ဆိတ်မှုကို အစဉ်အမြဲ ရွေးချယ်နေထိုင်ခဲ့ရတာ။
ဟန်ဆောင်တတ်အောင် ဘဝက သင်ကြားပေးခဲ့သည်။ မိဘနှစ်ပါး သက်ရှိထင်ရှား ရှိနေချိန်တစ်လျှောက်လုံးမှာ ကိုယ်မြတ်နို်းသည့် အရောင်နုနု လေးတွေအစား မီးခိုးရောင်မှိုင်းမှိုင်းတွေကို ရွေးချယ်ဖြစ်ခဲ့သည်။ နှစ်သက်သည့် ဂါဝန်လှလှလေးတွေအစား ဘောင်းဘီရှည်တွေကိုသာ ဝတ်ဖြစ်ခဲ့သည်။ အားလုံးစိတ်တိုင်းကျအောင် ယောကျ်ားလေးတစ်ယောက်လို ဟန်ဆောင်ရှင်သန်နေခဲ့ရပေမယ့် ညပေါင်းများစွာ တစ်ယောက်တည်း ကြိတ်ငိုခဲ့ရတာကိုတော့ ဘယ်သူမှ မသိနိုင်။
ဝဋ်ကြွေးတဲ့လား။
အဓိပ္ပါယ်မရှိလိုက်တာ။ ဘာမှမမှတ်မိသည့်၊ ရှိခဲ့သည်ဟု လူအတော်များများက ယုံကြည့်သည့် အတိတ်ကံကို အပြစ်ချပြီး အခုလက်ရှိ အသက်ရှင်နေသည့် လူတစ်ယောက်ကို တစ်သက်တာဒဏ်ခတ်တာကတော့ ရက်စက်လွန်းပါသည်။ လူချင်းအတူတူ ကိုယ်က သူ့ထက်မြတ်ပါသည်ဟု သက်သေပြချင်သူများက အလွယ်တကူအသုံးပြုသည့် ထိုစကားလုံးရဲ့ အဓိပ္ပါယ်သည် သူမ အတွက် မဟုတ်မှန်နိုင်တော့ပါ။
သဘာဝကို ဆန့်ကျင်သည်တဲ့လား။
လင်းလက်က စကြဝဠာအပြင်ဘက်က မျက်စိလည်လမ်းမှားလာတဲ့ ဧည့်သည်တစ်ယောက်မှ မဟုတ်တာ။ ဒီကမ္ဘာမြေမှာပဲ မွေးဖွားလာသည့် သဘာဝတရားကိုယ်တိုင်က ဖန်တီးထားသည့် လူသားစစ်စစ်လေ။ လူတစ်သိန်းမှာ လင်းလက်လိုမျိုး မွေးဖွားလာသူက ၅ ယောက်ကနေ ၁၄ ယောက်လောက်အထိပဲ ရှိနေမှတော့ ကျန်လူတွေက ဒီလူနည်းစုကို မှားယွင်းသူတွေလို့ လွယ်ကူစွာ သမုတ်လိုက်ကြတာကိုတော့ မအံ့သြချင်တော့။
တကယ်တော့ မိန်းကလေးတစ်ယောက်အဖြစ် ရာနှုန်းပြည့် ဖြစ်ခွင့်ရဖို့ ခွဲစိတ်မှုဆိုတာ အစွန်းလေးသာ မြင်နေရတဲ့ ရေခဲတောင်တစ်ခုပါ။ ဘုန်းကညာတပါး လုံးရာကပြားတယ်လို့ ရယ်စရာလုပ်ပြောနေတဲ့ လူတွေရဲ့ စကားနောက်မှာ လူသားတစ်ယောက်ရဲ့ သောကတွေ၊ မျက်ရည်တွေ၊ ဝမ်းနည်းမှုတွေ၊ နားမလည်နိုင်မှုတွေ၊ လက်မခံနိုင်မှုတွေ ရှိနေတာကိုတော့ အားလုံးမေ့ထားချင်ကြသည်လေ။
လွတ်မြောက်ခွင့်ဆိုတာ အခုမှ သူမ ရခဲ့တာ။
တစ်သက်လုံး ယောက်ျားလေးတစ်ယောက်လို ဟန်ဆောင်လာရာကနေ အခုမှ မိန်းကလေးတစ်ယောက်အဖြစ် လွတ်လပ်ခွင့်အပြည့်အဝရခဲ့ပေမယ့် အတိတ်ဆိုတာကတော့ အိပ်မက်ဆိုးတစ်ခုလို သူမ ကိုခြောက်လှန့်ဆဲပါ။
အခုလည်း သူမရှေ့မှ ဒီမိုးယံဆိုသည့် ကောင်လေး၏ အမုန်းနှင့် ရွံရှာမှုကို သူမ လက်ခံရဦးမည်ထင်သည်။ ဒါပေမယ့် သူမမှာ ဘယ်ကရောက်လာမှန်းမသိသည့် သတ္တိတွေရှိနေသည်။ အမှန်တရားတစ်ခုကို ဖွင်ေ့ပြာချင်သည့် ဆန္ဒတွေရှိနေသည်။ သူမထက် အသက်များစွာငယ်သည့် ကောင်လေးတစ်ယောက်ထံမှ နားလည်မှုတစ်ခုကို ရူးမိုက်စွာ မျှော်လင့်နေမိသည့် မိမိကိုယ်ကို လင်းလက် ရယ်ပစ်ချင်ပေမယ့် မျက်ရည်တွေဝဲလာတာကိုတော့ သူမ ဘာမှမတတ်နိုင်။
"မင်း အံ့သြသွားတာလား ဒီဒီ။"
"ဗျာ..ဟုတ်..ဟုတ်ကဲ့။"
သူမရှေ့မှာ အနေရခက်စွာ မျက်လွှာချသွားသည့် ကောင်လေးကို လင်းလက် အပြစ်မတင်ရက်ပါ။ သူသည်လည်း လင်းကို သိပ်မကြာခင် စွန့်ပစ်သွားမှာပါ။ တောင်ကြီးမှာ ကျန်ခဲ့တဲ့ သူမရဲ့ ဆွေမျိုး မိတ်ဆွေတွေလို၊ အသိသူငယ်ချင်းဟောင်းတွေလို လမ်းမှာ မျက်နှာချင်းဆိုင်မိရင်တောင် သိကျွမ်းခင်မင်ခြင်းမရှိခဲ့သလို မျက်နှာလွှဲသွားတော့မှာ။ အားလုံးနှင့်အဆက်ဖြတ်ကာ တစ်သက်တာ အေးအေးချမ်းချမ်း နေထိုင်ရန် ဆုံးဖြတ်ထားပြီးမှ ဒီကောင်လေးကို သူမရင်တွင်း ဝင်ခွင့်ပေးလိုက်တာကတော့ သူမ အမှားဖြစ်မည်။ ကိုကို့လိုပဲ ဒီမိုးယံလည်း သူမကို နားလည်လိမ့်မည်ဟု တိတ်တိတ်လေး မျှော်လင့်နေမိတာကိုတော့ မငြင်းနိုင်။ အခန်းပေါက်ဝမှ သစ်သားတံခါးကို လက်သည်းချွန်များဖြင့် အကြောင်းမဲ့ကုတ်ခြစ်ရင်း လင်းလက် သက်ပြင်းချမိသည်။
"မင်းကို အမှန်အတိုင်းပြောချင်လာတာ ဘာလို့လဲတော့မသိဘူး။ မမ ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောဘူး။"
"စိတ်ချပါ မမ။ ကျွန်တော် ဘယ်သူ့ကိုမှ မပြောပါဘူး။"
"မင်း.. မင်း မမကို မမုန်းသွားဘူးလား။"
"မမက မမပါပဲ။ ကျွန်တော်သိတဲ့ မမက လင်းလက်လေ။ မိန်းကလေး၊ ယောက်ျားလေးဆိုတဲ့သတ်မှတ်ချက်တွေထက် လင်းလက်ဆိုတဲ့ လူတစ်ယောက်အနေနဲ့ပဲ မမကို ကျွန်တော်ခင်ခဲ့တာပါ။ ဒီအတိုင်းပဲ ဆက်ခင်သွားမှာပါ မမရာ။"
ငယ်ရွယ်ပေမယ့် တည်ကြည်သောမျက်နှာသွင်ပြင်က သူမရင်ကို ငြိမ်းချမ်းသွားစေပါသည်။ စီးကျလာသော မျက်ရည်ကို လင်းလက် မထိန်းနိုင်။ လှိုက်တက်လာသော ဝမ်းသာမှုများနှင့် သူမရင်ခွင်တစ်ခုလုံး ဗြောင်းဆန်နေပြီဖြစ်သည်။