ငိုသံတွေ...
အော်ကြီးဟစ်ကျယ်မဟုတ်။
ပွင့်ထွက်မသွားအောင် ထိန်းချုပ်ထားသည့် ရှိုက်သံများနှင့် ရောယှက်နေသည့် ငိုသံတွေပါ။
ဒီအသံတွေကိုကြားမိတာနဲ့ ရှိုင်းထွဋ် အလာနောက်ကျခဲ့ပြီဆိုတာကို သဘောပေါက်မိသည်။ သူ ခေါ်လာခဲ့သည့် ဆရာဝန်ကြီး၏ အိမ်ပေါ်လှမ်းတက်သည့် ခြေလှမ်းသွက်သွက်များသည်လည်း အရာမဝင်တော့။
အသက်ကလည်းကြီးပြီဆိုတော့...
မိခင်က အားသိပ်မရှိတဲ့ပုံစံလည်းဖြစ်နေတော့...
လိုအပ်တဲ့သွေးကို အမြန်ရှာပြီး အသက်ကယ်နိုင်မယ့် ဆေးရုံမှာမွေးတာမျိုးလည်းမဟုတ်တော့..
အကြောင်းပြချက်တွေကများပေမယ့် ဖြစ်ပေါ်လာသည့် အကျိုးဆက်ကတော့ တစ်ခုတည်းရယ်ပါ။
ဒေါ်မြလေး အသက်မရှိတော့။
သေဆုံးကြောင်းအတည်ပြုရုံမှလွဲ၍ ရှိုင်းထွဋ် အပြေးအလွှားခေါ်လာခဲ့သော ဆရာဝန်ကြီး ဘာမှမတတ်နိုင်။
မြင်ရက်စရာမရှိပါ။
ဒေါ်မြလေး၏ မျက်လုံးများသည် ပွင့်နေကာ မျက်နှာကြက်ကို မော့ကြည့်နေသလို လည်ပင်းကပါ ခပ်မော့မော့ဖြစ်သည်။ ဖြူစုတ်ကွဲအက်နေသော နှုတ်ခမ်းများနှင့် ပါးစပ်များက ပွင့်ဟနေသည်။
အသက်မရှူတော့။
မျက်တောင်မခတ်တော့။
နှလုံးမခုန်တော့။
နာရီပိုင်းသာခြားခဲ့သည့် အချိန်ကာလတစ်ခုတုန်းက ရှိခဲ့သော ဒေါ်မြလေး၏ စကားသံ၊ ရယ်မောသံ၊ ညည်းညူသံ၊ အော်ဟစ်သံများသည် ယခု ဖျာကြမ်းပေါ်မှာ လှဲလျောင်းနေသော အသက်မရှိတော့သည့် ဒေါ်မြလေးနှင့် လုံးဝသက်ဆိုင်မှုမရှိတော့သလိုပင်။
ရှင်သန်ခြင်းနှင့် သေဆုံးခြင်းသည် မျဉ်းတစ်ကြောင်းသာ ခြားထားသော နယ်နမိတ်သတ်မှတ်မှုတစ်ခုဆိုက မမှား။
ဒါပေမယ့် စကားလုံးများဖြင့် ဖွင့်ပြောလို့ပင် မရနိုင်လောက်အောင် ခြားနားနေသည်။
ရှိုင်းထွဋ် လက်တွေအေးစက်လာကာ နှုတ်ခမ်းတွေတုန်ချင်လာသည်။ သူ့ရှေ့တွင်ရှိနေသည်က မိခင်ကိုယ်ခန္ဓာကို အဆက်မပြတ်ကိုင်လှုပ်နေသော မိငယ်။ မျက်ရည်တွေက သူမမျက်နှာမှာ တသွင်သွင်စီးကျနေပါသည်။ ဖောင်းမို့အစ်နေသော မျက်လုံးများက ပေါက်ထွက်တော့မည်။ ဒေါ်မြလေး၏ အသက်မဲ့ကိုယ်ခန္ဓာဘေးမှာ ခေါင်းငိုက်စိုက်နှင့်ထိုင်နေသော ဦးကျော်ဇောသည်လည်း အသက်မရှိတော့သလို ငြိမ်သက်နေသည်။ ဒေါ်ကြည့်လက်ထဲမှာတော့ မွေးကာစ နီနီရဲရဲနှင့် ကလေးငယ်လေးရှိသည်။ သူမမျက်နှာမှာလည်း ဝမ်းနည်းကြေကွဲခြင်းအပြည့်။ ယူကျုံးမရခြင်းအပြည့်။
ဒီမိုးယံကတော့ ၀ိုင်းစက်ပြူးကျယ်နေသော မျက်လုံးများဖြင့် မိခင်ကို စူးစိုက်ကြည့်နေသည်။ မေးတွေခိုက်ခိုက်တုန်ကာ ကြောက်ရွံ့တုန်လှုပ်ခြင်းအပြည့်နှင့် သူငယ်ချင်းဖြစ်သူကို ရှိုင်းထွဋ်မကြည့်ရက်တော့။
အမေကို ချစ်လွန်းသောသားတစ်ယောက်။
သရဲတစ္ဆေဆိုလျှင် နေစရာမရှိအောင် ကြောက်တတ်သည့် သူ။
သူချစ်ရသောအမေက သူကြောက်ရသည့် လူသေတစ်ယောက်ဖြစ်နေပြီကို ဒီမိုးယံ ဘယ်လိုခံစားရမလဲဆိုတာ သူ မတွေးကြည့်ရဲ။
"ဒီဒီ။ သွား။ ငါ့အမေနဲ့အဖေကို ဖုန်းဆက်ခေါ်ပေး သူငယ်ချင်း။ သွား။ မြန်မြန်။"
ဒီမိုးယံကို အခန်းပြင် တွန်းထုတ်ပြီးသည်နှင့် တစ်ခန်းလုံး ရှိုက်သံများမှလွဲ၍ တိတ်ဆိတ်နေသည်မှာ ခြောက်ခြားစရာကောင်းလှသည်။
"ဒေါ်မြလေးကို ကျွန်မတို့ ဒီအတိုင်းတော့ မထားသင့်ဘူး။"
ခဏအကြာမှပြောလာသည့် ဒေါ်ကြည်၏ အသံတိုးတိုးကို ဘယ်သူကမှ မကြားသလို တုန့်ပြန်မှုမရှိ။ အခန်းထဲကို ဝေ့ကြည့်ပြီးမှ ဒေါ်ကြည်က ရှိုင်းထွဋ်ကို အားကိုးတကြီး လှမ်းကြည့်သည်။
"သားထွဋ်။ ဒေါ်ဒေါ့်ကို ကူညီပါဦး။"
"ဗျာ.. ဟုတ်..။ ဟုတ်ကဲ့ အဒေါ်။"
လန့်နိုးလာသူတစ်ယောက်လို ရှိုင်းထွဋ် အသက်ဝင်လာကာ မိခင်အလောင်းဘေးမှ မိငယ်ကို ဆွဲဖယ်ရသည်။
"မိငယ်။ ကလေးကို အပြင်ခေါ်သွား။"
မိငယ်ကိုသနားပေမယ့် သူတို့မှာ လုပ်စရာတွေအများကြီးရှိသည်။ သူ့ကိုမော့ကြည့်သော မိငယ်မျက်လုံးများက ၀ိုင်းစက်ပြူးကျယ်နေသည်။
"မိငယ်.. မ.. မချီတတ်ဘူး ကိုထွဋ်.."
တုန်နေသော အသံက သနားစရာကောင်းလွန်းလှသည်။ ရှိုင်းထွဋ်ရင်ခွင်တစ်ခုလုံးဗြောင်းဆန်အောင် နာကျင်သွားရသည်။ ဝေ့ခနဲတက်လာသော မျက်ရည်စများကို အပြင်သို့ထွက်မကျသွားအောင် မျက်တောင်ပုတ်ခတ်ထိန်းလိုက်ရသည်။
"မခက်ပါဘူးဟာ။ လက်နှစ်ဖက်နဲ့ သေချာပွေ့ထားလိုက်ရုံပဲ။"
ဒေါ်ကြည့်လက်ထဲမှ မွေးကာစကလေးငယ်လေးကို မကြောက်သလို လှမ်းချီပြလိုက်ရပေမယ့် တကယ်တော့ သူလည်းကြောက်သည်။ ကလေးပြုတ်ကျမှာစိုး၍ အသက်ပင်မရှူရဲ။ မိငယ်လက်ထဲထည့်ပေးလိုက်သော ကလေးငယ်သည် ငိုယိုခြင်းမရှိ။ မျက်လုံးနက်များဖြင့်သူ့ကို လှမ်းကြည့်နေသည်။ တကယ်ဆို မွေးကာစကလေးတစ်ယောက်၏ အမြင်အာရုံသည် ကြည်လင်မှုမရှိ ဝေ၀ါးသည်ဆိုတာကို သူ သိသည်။ ဒါပေမယ့် ခေါင်းကြီးကြီး လက်တံရှည်ရှည်နှင့် ထိုကလေးငယ်၏ မျက်လုံးများကတော့ သူ့စိတ်ဝိညာဉ်ထဲအထိ ဝင်ရောက်ကြည့်ရှုနေသလို သူ ထင်သည်။
"ကျွန်မတို့ လူအကူခေါ်ဦးမလား ဦးကျော်ဇော။"
ကလေးကို ပွေ့ချီကာ မိငယ်အပြင်ထွက်သွားသည်နှင့် ဒေါ်ကြည်က ဦးကျော်ဇောကို လှမ်းမေးသည်။ အဖြေပြန်မရတော့ သူရှိရာသို့လှမ်းကြည့်သည်။
"ဒေါ်မြလေးကို အဝတ်အစားလဲပေးဖို့လိုမယ် ရှိုင်းထွဋ်။ အဒေါ့်ယောကျ်ားကိုပါ လာကူခိုင်းမှဖြစ်မယ်။"
"မခေါ်ပါနဲ့ အဒေါ်။ ကျွန်.. ကျွန်တော် ကူပေးပါ့မယ်။"
အလောင်းပြင်ဖို့ဆိုသည့် စကားကို ရှောင်ပြောခဲ့သည့် ဒေါ်ကြည့်ကို သူ ကျေးဇူးတင်ရသည်။ ဒါပေမယ့် အရှက်အကြောက်ကြီးလှသော ဒေါ်မြလေးကို တခြားယောက်ျားများမှ အဝတ်အစားလဲပေးသည်ကို သူ မမြင်ရက်။ အိမ်အောက်မှာရေဆင်းချိုးလျှင်ပင် လူမမြင်အောင် ရေစည်ပိုင်းနောက်၊ သစ်ပင်နောက်တိုးကပ်ပြီးမှ ချိုးတတ်သည့် ဒေါ်မြလေး၊ ထဘီရင်လျားပေါ်မှာ သဘက်လွှမ်းပြီးမှ အိမ်ပေါ်ပြန်တက်တတ်သည့် ဒေါ်မြလေးရယ်ပါ။ အသက်မရှိတော့ပေမယ့် သူမရဲ့အရှက်အကြောက်ကို နောက်ဆုံးအချိန်အထိ သူ ကာကွယ်ပေးချင်သည်။ သူကတော့ ဒီမိုးယံနှင့်အတူ သားတစ်ယောက်လိုဖြစ်နေပြီလေ။
"ဒါဆိုလည်း ပြီးရော။ မြန်မြန်လေး စရအောင်။"
အရင်ဆုံး သွေးများကို တတ်နိုင်သမျှ ရေနှင့်ဆေးချရသည်။ ရဲရဲနီနေသော ရေဇလုံကို ဘယ်နှစ်ခေါက်မှန်းမသိအောင် သူ လဲရ၊ သွန်ရသည်။ ဒါပေမယ့် စိမ့်ထွက်နေသော သွေးများကို ရပ်တန့်သွားအောင်တော့ မတတ်နိုင်။
ပွင့်နေသော ဒေါ်မြလေး၏ မျက်လုံးနှစ်လုံးကို ဒေါ်ကြည်မှ လက်နှင့်အသာထိကာ ပိတ်လိုက်ပြီးဖြစ်ပေမယ့် ပွင့်ဟနေသော ပါးစပ်များက မပိတ်သေး။ ပုဆိုးနွမ်းတစ်ထည်ကို ဖြဲကာ ကြိုးရှည်ပုံ လုပ်ပြီး ဒေါ်ကြည်တစ်ဆက်တည်း ပြောလာသည်။
"မြန်မြန်လုပ် သားထွဋ်ရဲ့။ ကြွက်သားတွေ မတောင့်သွားခင် အဒေါ်တို့ ပါးစပ်ပိတ်ပေးရမယ်။ ခေါင်းကိုမထား။"
ဒေါ်မြလေး၏ မျက်နှာကို ရင်မှာပွေ့ကာ ခေါင်းကို မရသည်။ လေးလွန်းသည်။ တကယ့်ကို လေးလွန်းလှသည်။ အသက်မရှိသည့် လူတစ်ယောက်၏ ကိုယ်ခန္ဓာသည် ကျောက်တုံးကျောက်ဆောင်များလို လေးသွားတတ်သည်ကို သူ မသိထားခဲ့။ ခဏချင်းမှာပင် ချွေးတွေစိုလာခဲ့သည်။
"အင်း။ အင်း။ ရပြီ။ ခဏလေး။"
လည်ပင်းအောက်မှ ကြိုးကိုသိုင်းကာ ခေါင်းကိုပတ်ပြီး စည်းပေးရခြင်းဖြစ်သည်။ နှစ်ပတ်သုံးပတ်ပြီးမှ ဒေါ်ကြည်က သေချာချည်ပေမယ့် လျှောခနဲ ပြုတ်ထွက်ကာ ဒေါ်မြလေး ပါးစပ်များက ပြန်ပွင့်လာသည်။ တစ်ခါလည်းမဟုတ်။ နှစ်ခါလည်းမဟုတ်။ ဒေါ်မြလေးခေါင်းသည် သူ့လက်ထဲမှာ လျှောခနဲ ပြန်ကျပြီး ကြမ်းပြင်ပေါ် ရုပ်ကြိုးပြတ် ပြန်ပြုတ်ကျသွားသည်။
"အန်တီမြလေးရာ။ အဖြစ်ဆိုးလှချည်လား။"
ရှိုင်းထွဋ် မခံစားနိုင်တော့။ နံရံကိုလက်နှင့်ထောက်ကာ လက်ပေါ်ခေါင်းမှောက်ပြီး ငိုရှိုက်မိသည်။ သူ ငိုတာကိုကြည့်ပြီး ဒေါ်ကြည်လည်း အကျီင်္လက်နှင့် မျက်ရည်သုတ်သည်ကိုမြင်မှ ရှိုင်းထွဋ် စိတ်ပြန်ထိန်းဖို့ သတိရသည်။ အခုအချိန်မှာ သူ့မှာ ငိုဖို့အချိန်မရှိ။ မိုးလင်းသည်နှင့် ဒေါ်မြလေးအတွက် သတင်းမေးလာသူတွေ ရောက်လာတော့မည်။ ဒေါ်မြလေးကို နောက်ဆုံးအကြိမ်လာရောက်နှုတ်ဆက်သူများ အမြင်တင့်အောင် သူ လုပ်ပေးရဦးမည်။
"ခေါင်းကို အဒေါ် မထား။ ကြိုးကို ကျွန်တော်ချည်မယ်။"
ဒေါ်ကြည် ခေါင်းကို မထားမှ ဒေါ်မြလေး၏ လည်ပင်းအောက်မှ ကြိုးကိုသိုင်းကာ ပြန်ချည်ရသည်။ ဘာလှုပ်ရှားမှုမှ မရှိတော့သော ကြွက်သားများကြောင့် ဒေါ်မြလေးကိုသနားပေမယ့် တင်းနေအောင် ဆွဲချည်ရသည်။ ဒီတော့မှ ဒေါ်မြလေး၏ ဟနေသော ပါးစပ်များမှာ ပိတ်စေ့သွားသည်။
အဝတ်အစားလဲပေးဖို့အတွက် မိငယ်၏ အကူအညီနှင့် ဒေါ်မြလေးနှစ်သက်သော ထဘီ၊ အကျီင်္ကို ရှာရသည်။ ကိုယ်ခန္ဓာကို ရေပတ်တိုက်သလို အဝတ်နှင့် တိုက်ပေးချိန်မှာတော့ စေးထန်းနေသော အရေပြားမှ အသိသည် ခြောက်ခြားဖို့ကောင်းလှသည်။ သွေးစွန်းနေသည့် အကျီင်္ကိုလည်း ချွတ်ဖို့ဆိုတာထက် ကတ်ကြေးဖြင့်သာ ကိုက်ဖြတ်ရသည်။ အသက်မရှိတော့သည့် ဒေါ်မြလေး၏ ကိုယ်ခန္ဓာကို တစ်ဘက်စောင်းလှည့်ဖို့ဆိုတာကတောင် ခက်လွန်းနေသည်လေ။
အားလုံးပြီးစီးသွားသည့်အချိန်မှာတော့ အိပ်ရာထက်မှာ ငြိမ်သက်စွာ လှဲလျောင်းနေသော ဒေါ်မြလေးသည် ငြိမ်းချမ်းစွာ အိပ်ပျော်နေသလိုပါ။ နာကျင်မှုကြောင့် ရှုံ့မဲ့နေခဲ့သော မျက်နှာပြင်မှာ အခုတော့ အပူအပင်မရှိသလို ဝေဒနာကင်းစွာ လှပနေသည်။ သူ သိခဲ့သော အန်တီမြတစ်ယောက် အခုမှ ပြန်ရောက်လာသလို။ ဒီပုံစံကို ဒီမိုးယံကို သူ မြင်စေချင်သည်။ မိခင်ဖြစ်သူ၏ နောက်ဆုံးမြင်ကွင်းသည် သွေးသံရဲရဲမဟုတ်ဘဲ ငြိမ်သက်စွာ အိပ်ပျော်နေသည့် ပုံစံလေးဖြစ်စေချင်သည်။
အခန်းထဲမှ ပြန်ထွက်လာတော့ မိငယ်လေးက ကလေးငယ်ကိုပွေ့ကာ ရှိုက်နေဆဲဖြစ်သည်။ မငိုပါနဲ့တော့ဟု သူ မပြောရက်။ တိတ်တော့လေဟာဟုလည်း သူ မတောင်းဆိုရက်။ ငိုလိုက်ရလို့ အနည်းငယ်ပဲဖြစ်ဖြစ် နေသာသွားမည်ဆိုလျှင် အားရအောင် ငိုလိုက်စမ်းပါဟာဟု သူ ပြောမိမည်ဖြစ်သည်။
"မိငယ်... နင့် အစ်ကိုရော။"
"ပြန်မလာသေးဘူး ကိုထွဋ်။"
ရှိုက်သံများကြားမှ မိငယ်အဖြေကြောင့် ရှိုင်းထွဋ် စိတ်ပူသွားရသည်။ ဒီမိုးယံအိမ်ကထွက်သွားသည်မှာ ကြာပြီလေ။
"ငါ သွားရှာလိုက်ဦးမယ်။"
အိမ်ပေါ်သို့ အလောတကြီး ပြေးတက်လာသည့် ဆရာမကြီးကို သူ ဝင်တိုက်မိတာတောင် ဆောရီးပြောဖို့ သတိမရလိုက်။
"မြလေး ဘယ်မှာလဲ။ ဘယ်လိုဖြစ်တာလဲ"
ဟု စိုးရိမ်တကြီးမေးနေသည့် ကျောင်းအုပ်ဆရာမကြီး၏ မေးခွန်းများကို သူ မဖြေအား။
"ကျွန်တော်အပြင်သွားဦးမယ်"
တစ်ခွန်းသာ ပြောနိုင်ကာ အိမ်ပေါ်မှ ပြေးဆင်းလာခဲ့သည်။
ညှို့မှိုင်းလာသော မိုးရိပ်မိုးသားများကြောင့် မနက်ခင်းသည် တောက်ပမှုမရှိတော့ပါ။ မျက်စောင်းထိုးခြံမှ ညက ရုပ်သိမ်းဖို့ကို မေ့လျော့ခဲ့ဟန်တူသည့် အဝတ်တန်းတစ်ခုမှ အဝတ်များသည်သာ ဟိုယိမ်းသည်တိမ်းဖြင့် နွမ်းနယ်စရာ မနက်ခင်းကို ကြိုဆိုနေကြသည်။ သစ်ရွက်ငယ်များကလည်း မိုးဖွဲများအောက် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ရှိုင်းထွဋ်ရင်ထဲမှ ဝေဒနာကို နားလည်သလို။
ဒီမိုးယံ စက်ဘီးမယူသွားခဲ့။
အိမ်ရှေ့မြောင်းပေါ်ဖြတ်ခင်းထားသော သစ်သားတံတားချပ်ကိုကျော်ကာ စက်ဘီးကိုတွန်းထုတ်ရင်း ရှိုင်းထွဋ် စိတ်တွေလောနေမိသည်။ သိပ်မဝေးသော ဖုန်းဆိုင်အရောက် ဒီမိုးယံ မလာဟူသောအဖြေမှလွဲ၍ ဘာမှ ပိုမသိခဲ့ရ။
မိုးဖွဲများကြား စက်ဘီးကို မတ်တပ်ရပ် အားကုန်နင်းရင်း သူ ရှာမိသည်။ အသိတွေ့တိုင်း ဒီမိုးယံကိုတွေ့မိသလားဟု မေးရသည်မှာလည်း အာခေါင်တွေ ကွဲအက်တော့မည်။
"ဘုရားလေးဘက် လျှောက်သွားတာတွေ့တယ်တော့ပြောတာကြားမိတာပဲ။ သူ့အမေ ဆုံးပြီဆိုတာဟုတ်လား။"
စျေးထဲမှ မုန့်ဖတ်ဆိုင်ရှင် ဦးလေးကြီး၏ ရှေ့ပိုင်းစကားကိုသာ သူကြားသည်မို့ ဒုတိယမေးခွန်း၏ အဖြေကို ပြန်မဖြေမိ။ ချက်ချင်းစက်ဘီးကိုကွေ့ကာ အားကုန်နင်းခဲ့သည်။ လွင့်စင်သွားသော မျက်ရည်စက်တစ်ချို့ကို မသုတ်ဖယ်မိ။
သူ ဘယ်လောက်တောင် ဝမ်းနည်းနေမလဲ။
အကြိမ်ကြိမ် အဖန်ဖန်တွေးနေမိသော တစ်ခုထဲသော မေးခွန်းက ဒါပဲဖြစ်သည်။ စေတီဖြူလေးကို အဝေးမှလှမ်းမြင်မိချိန်တိုင်း ဖြစ်ပေါ်ခဲ့ရသော ငြိမ်းချမ်းမှုသည် ယနေ့မှာတော့ အစရှာမရအောင် ကိုယ်ရောင်ဖျောက်နေပါသည်။ ပလတ်စတစ်အကာအုပ်ထားသော ကြံကြိတ်စက်ဘေးမှာ ထိုင်နေသော လူငယ်တစ်ယောက်သည် ဒီမိုးယံဆိုတာကို ဟိုးအဝေးကြီးကတည်းက သူသိသည်။ စက်ဘီးကို ဒေါက်ပင် မထောက်နိုင်။ မြေကြီးပေါ်ဒီအတိုင်းပစ်လှဲချကာ ဒီမိုးယံရှိရာ သူ အပြေးတပိုင်း လျှောက်လာခဲ့သည်။
ဒီမိုးယံမျက်နှာမှာ မျက်ရည်မရှိပါ။
လက်နှစ်ဖက်ဖြင့် ဒူးကိုပိုက်ထားပြီး သူ့ရှေ့မှာရှိနေသော ကွင်းပြင်တစ်ဆုံးကို ငေးကြည့်နေသည်။ အစိမ်းရောင် မျက်လုံးများသည် မှုန်မှိုင်းနေသည်။ ဆံပင်နက်များမှာ မိုးရေဖြင့်စိုကာ နဖူးပေါ်ဝဲကျနေသည်။ ပါးစပ်ကို ဟပြီးမှ သူ ဘာစကားပြောရမှန်းမသိ။ လက်များကို ကမ်းပေးပြီးမှ လှမ်းယူမှာမဟုတ်တာကို နားလည်ရသည်။
အခုအချိန်မှာ ဒီမိုးယံအတွက် သူ ဘာတတ်နိုင်မှာလဲ...
ဒီမိုးယံ စိတ်သက်သာအောင် ဘာလုပ်ပေးနိုင်မှာလဲ...
မေးခွန်းများရဲ့အဖြေက သူ့ကို လှောင်ပြောင်ရယ်မောနေကြသလို ရှိုင်းထွဋ် ခံစားရသည်။
ဟုတ်ပါသည်။
သူ တတ်နိုင်တာ ဘာမှမရှိ။
သူ လုပ်ပေးနိုင်တာ ဘာမှမရှိ။
ဘဝမှာ တစ်စုံတစ်ယောက်အတွက် သေချင်မတတ် တစ်စုံတစ်ခုလုပ်ပေးချင်နေတာတောင် ဘာမှမတတ်နိုင်သည့် အချိန်အခါမျိုးဆိုတာ ရှိတာပဲလား။
လူတစ်ယောက်ရဲ့ဖြစ်တည်မှုဆိုတာ ဒီလောက်တောင် သေးသိမ်နုံချာတာပဲလား။
လှိုက်တက်လာသော ဝမ်းနည်းမှုများကို မြိုချရင်း ဒီမိုးယံဘေးမှာ သူ ထိုင်ဖြစ်သည်။
လက်မောင်းတစ်ဖက်ပေါ်တင်းကြပ်စွာ ဆုပ်ကိုင်ထားသည့် ဒီမိုးယံ၏ လက်ဖမိုးပေါ် သူ့လက်များဖြင့် အုပ်ကိုင်ရုံမှလွဲ၍ စကားတစ်ခွန်းမှ မပြောဖြစ်ပါ။
မိုးဖွဲလေးများက စတင်ကျဆင်းလာပြီဖြစ်သည်။ ကွင်းပြင်ကျယ်များ၊ မြက်ပင်စိမ်းများ၊ ဘုန်းကြီးကျောင်းငယ်နှင့် သစ်ပင်များအားလုံး မိုးပေါက်များကြားမှာ ခပ်ဝါးဝါး ပန်းချီကားချပ်လို မှိုင်းညှို့နေပါသည်။ ခြောက်သွေ့နေသော မြေနီနီသည် မိုးပေါက်များ၏ စိုထိုင်းမှုကို စတင်စုပ်ယူနေပြီဖြစ်သလို ဗွက်အိုင်ငယ်များတွင်လည်း ရေပွက်ငယ်များ ထင်လာကြပြီဖြစ်သည်။
"မင်း သိလား ထွဋ်ထွဋ်။ မေမေက ငါ့မျက်လုံးတွေကို သဘောအကျဆုံးပဲတဲ့။"
မိုးစက်များကြားမှ ကွဲအက်ရှတနေသော ဒီမိုးယံ၏ စကားသံများသည် အဝေးမှလွင့်ပျံလာသလို။ တိုးတိုးလေးဖြစ်သည်။
"ငါ့မျက်လုံးတွေက မေမေ့ကို စိတ်မပူနဲ့။ ကျွန်တော်အဆင်ပြေမှာပါလို့ ပြောနေသလိုပဲတဲ့ကွာ။"
စကားအဆုံးမှာတော့ ရယ်သံတစ်ချက်။ ငိုသံရောသည့် ရယ်သံတစ်ခုကို ရှိုင်းထွဋ် နားထောင်နိုင်စွမ်းမရှိ။
"ငါ.. ငါ လေ... မေမေသာ မရှိရင် ကျွန်တော် ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ဘူးဆိုတာ မေမေ့ကို ပြောပြချင်လိုက်တာကွာ။"
ဒီမိုးယံ စကားအဆုံးမှာ ရှိုင်းထွဋ် ငိုမိသည်။
ချော့ဖို့လာသူက မျက်ရည်ကျနေရသည်။
အားပေးဖို့လာခဲ့သူက ကယ်သူ ကူသူမရှိတော့သလို ခံစားနေရသည်။
ရင်တွေပူလိုက်တာ။
ရင်ညွှန့်နေရာတည့်တည့်မှ ဆူးထိုးခံထားရသလိုပင်။
ဒါပေမယ့် ဒီနာကျင်မှုအတွက် ရှိုင်းထွဋ် ကျေနပ်ပါသည်။ ဒီကောင်လေးအတွက် ခံစားနေရသည့် နာကျင်မှုကိုပဲ အခုအချိန်မှာ သူ တမြတ်တနိုး ပွေ့ဖက်ထားဖြစ်သည်။
ဒီမိုးယံ ဆိုသည်က သူ့အတွက်တော့ မြတ်နိုးရသည့် ဆူးတစ်ချောင်းပါ။