"အစေခံတွေကို အလုပ် ထုတ်ရမယ်၊ အကြောင်းပြချက်က . ."
"အာရုံနောက်လို့"
မျက်နှာချင်းဆိုင် ဆိုဖာတွင် ရှိသော ဦးနေမင်းခန့်က သားဖြစ်သူအား ခပ်မဲ့မဲ့ ပြုံး၍ ကြည့်သည်။ သူ့အတွက် အဖြေက နည်းနည်းလေးမှ အံ့သြစရာ မကောင်း။ ရိုးနေပြီ ဖြစ်သည်။
တကယ်တော့ အစေခံတွေကို နေသူရိန်မင်းခန့် အလုပ် ထုတ်တတ်တာက ယခုမှ မဟုတ်။ ငယ်စဉ် ကလေး ဘဝကတည်းက ဖြစ်သည်။
ပြောရပါက အစေခံတွေကို အလုပ် ဖြုတ်တာနှင့် ပတ်သက်ပြီး နေသူရိန်မင်းခန့် သတ်မှတ်ထားသော စံနှုန်းက သိပ်ကို ရိုးရှင်းသည်။
သူ မကြိုက်တာကို လုပ်လျှင် ဖြုတ်သည်။
သူ ခိုင်းတာကို မလုပ်နိုင်လျှင် ဖြုတ်သည်။
တာဝန် မကျေလျှင် ဖြုတ်သည်။
အမြင် မကြည်လျှင် ဖြုတ်သည်။
တစ်ခါတလေ . . .
အကြောင်းပြချက် မရှိ ဖြုတ်ချင်လို့ကို ဖြုတ်သည်။
ဒါပါပဲ။ နေသူရိန်မင်းခန့်အတွက် ထွေထွေထူးထူး သိပ် မရှိ။ အပျော်ကစားရုံလောက်သာ ဖြစ်၏။
"ကောင်းပြီ၊ တခြား ဖြစ်ချင်တာတွေ ရှိသေးလား"
"ကား အသစ် လိုချင်တယ်"
"ကား လိုချင်တာ ကိစ္စတော့ မရှိပါဘူး၊ အချိန်မရွေး ဝယ်ပေးလို့ ရတယ်"
ဦးနေမင်းခန့် စကားကို ဆက်မပြောသေး။ ခဏ စဉ်းစားနေ၏။ သူ့အတွက် အာရုံစိုက်စရာ ကိစ္စလေး တစ်ခု ရှိနေတာကြောင့် ဖြစ်သည်။
"အသက် မပြည့်ဘဲ ကား မောင်းဖို့ကျတော့ မင်းနဲ့ ဘယ်ဖြစ်မလဲ၊ ဟေ့ကောင် . . မင်းမှာ ယာဉ်မောင်း လိုင်စင်မှ မရှိတာ"
"မရှိရင် ရှိအောင် လုပ်ပေးလေ၊ ဘာခက်လို့လဲ"
ဦးနေမင်းခန့် စကား မဆုံးခင် နေသူရိန်မင်းခန့် ဖြတ်ပြောလိုက်ခြင်း ဖြစ်သည်။ မျက်လုံးက လက်ထဲမှ Ipad ၏ ဖန်သားပြင်ကို အကြည့် မပျက်။ အသည်းအသန် ဂိမ်း ဆော့နေ၏။
"ဟ . . ဖြစ်နိုင်တာကိုပဲ ပြောလေ၊ မင်းက အခုမှ ဆယ့်ငါး နှစ်ပဲ ရှိသေးတာ၊ ငါက ဘယ်လိုလုပ်ပေးရမှာလဲ"
"အဖေ ဆိုတာ သားသမီးတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ဖြစ်တည်လာတာ၊ ကျွန်တော်ကတော့ ဒီလိုပဲ သတ်မှတ်တယ်၊ အဲ့ဒီတော့ ကား ဝယ်ပေးမှာလား . . ၊ မဝယ်ပေးဘူးလား၊ ဒါပဲ ပြော"
"ဟေ့ကောင် . . မင်း ငါ့ကို ဓားပြတိုက်နေတာလား၊ ဒီလို မလုပ်ဘဲ ငါ့ခေါင်းကို သေနတ်နဲ့သာ ချိန်ပြီး ပစ်ထည့်လိုက်ပါ့လား"
နေသူရိန်မင်းခန့် တဟဲဟဲ ရယ်သည်။
Ipad ဖန်သားပြင်၌ နေသူရိန်မင်းခန့် သေနတ် ပစ်ချက်ဖြင့် ဂိမ်း ဇာတ်ကောင် တစ်ယောက် မြေပြင်ပေါ် ဗိုင်းခနဲ လဲကျသွားသည်။ ဦးခေါင်းမှ သွေးများ အိုင်ထွန်းနေ၏။
"ဟာဗျာ . . ပစ်စရာလား၊ အိုတိုးစံရဲ့ သား အလိမ္မာလေးက အိုတိုးစံကို လုပ်ကျွေး ပြုစုရဦးမယ်လေ"
"ဟား ဟား . . ငါ့သားမှ ဟုတ်ရဲ့လား"
"ဒါတော့ အိုကားစံပဲ သိမှာ၊ မေးကြည့်လေ၊ တော်ကြာ ချို ပေါက်နေမှဖြင့် အား . ."
ဦးနေမင်းခန့် ခြေထောက်ကို လှမ်းကန်လိုက်တာမို့ နေသူရိန်မင်းခန့် နာသွားရသည်။ သို့ပေမယ့် မျက်နှာက ပြုံးစိစိ ဖြစ်နေ၏။
ငယ်စဉ်ကတည်းက ဖူးဖူးမှုတ် အလိုလိုက်ခံထားရ သူ ဖြစ်တာမို့ ဦးနေမင်းခန့်နှင့် နေသူရိန်မင်းခန့်က သားအဖ ဆိုတာထက် သူငယ်ချင်းလို ဖြစ်နေသည်။ အတူ ဆုံချိန်တိုင်း တစ်ယောက်နှင့် တစ်ယောက် စကား အကောင်း ပြောတာမျိုး မရှိ။ အမြဲလိုလို စနောက်ကာ စကားဝိုင်းက ဆူညံနေတတ်သာချည်း။
တစ်ခါတလေ မဖြစ်နိုင်တာများကို တောင်းဆိုတတ်တာမို့ ဦးနေမင်းခန့် နေသူရိန်မင်းခန့်ကို ဆူပူ ကြိမ်းမောင်းနေရသည်။ သို့သော် ဘယ်လောက်ပင် ဆူဆူ၊ ဆဲဆဲ ဖခင်ဖြစ်သူကို နည်းနည်းပင် မကြောက်။ စကား နားမထောင်၊ ထင်ရာစိုင်း ဆိုးသွမ်းမြဲ ဖြစ်သည်။
အငယ်ဆုံး ဖြစ်တာမို့ အချစ်ကြီးကာ အလိုလိုက်ထားသမျှ မိဘများအပေါ် အဆိုးကြီး ဆိုးနေခြင်း ဖြစ်၏။
ယခုလည်း လိုချင်တာ မရမချင်း ဦးနေမင်းခန့်ကို စိတ်တို၊ စိတ်ညစ်အောင် လုပ်နေပြန်သည်။
"All D ပါရင် ဝယ်ပေးမယ်၊ ခွေးကောင်လေး"
"ခွေးဖေဖေကြီးကတော့ လုပ်ပြီ၊ ကျွန်တော် ဆေးထိုးအပ် ကိုင်ဖို့ ဝါသနာ မပါဘူး"
လက်ထဲမှ Ipad ကို ပိတ်ပြီး ဆိုဖာပေါ် ပစ်တင်လိုက်ရင်းမှ နေသူရိန်မင်းခန့် ပြောလာသည်။
"မင်းကို ဘယ်သူက ဆရာဝန် လုပ်ခိုင်းနေလို့တုံး"
"ဒါဆို . ."
"ဂျပန်မှာ ကျောင်း သွားတက်ဖို့ ပြောနေတာကွ"
"Nantekotta"
နေသူရိန်မင်းခန့်ထံမှ ဂျပန်လို ဆဲရေးသံ ထွက်လာသည်။
"မင်း မေ့နေတာလား နေသူရိန်"
သူ တကယ်ကြီး မေ့နေခဲ့သည်။
သို့မဟုတ် မေ့ချင်ယောင် ဆောင်ခဲ့တာလည်း ဖြစ်နိုင်သည်။
"ငါ ပြောပြီးသားနော် ဟေ့ကောင်၊ ငြင်းဖို့ မကြံနဲ့"
ဖြစ်ချင်တာကို မေ့ထားပြီး ဟုတ်ကဲ့ လို့ ပြန်ပြောရသည့် အခိုက်အတန့် တစ်ခု လူတိုင်းမှာ ရှိကြသည်။ ထို့နည်းတူ နေသူရိန်မင်းခန့်မှာပါ ရှိသွားခဲ့သည်။
ယံ့ကို ဘယ်လို အသိပေးရမလဲ
ခေါင်း ငိုက်စိုက်လျက် ခြံပြင်ကို ထွက်လာချိန် ပထမဆုံး တွေးမိသော အတွေး တစ်ခု ဖြစ်သည်။
သေချာတာကတော့ . . .
ဒီနှုတ်ဆက်မှုဟာ
နေသူရိန်မင်းခန့်နှင့် ဝေယံတို့ အကြား
တဖြည်းဖြည်း ဝေးကွာခြင်းကိုသာ ဖြစ်စေတော့မည်။
~•~ ~•~ ~•~
"မယ်ရီ ခရစ်စမတ် ကိုကို"
"မယ်ရီ ခရစ်စမတ်ပါ"
ဝေယံနှင့် မေ Scarlett တို့ ထိုင်ရာ ဒန်းကလေး၏ အထက်တည့်တည့်တွင် ဧကရာဇ်ပင်ကြီး ရှိနေသည်။ ဧကရာဇ် ပန်းကလေးများက ချမ်းအေးသော ဆောင်းရာသီမှာသာ ပွင့်တတ်ကြသည်။ ဆွတ်ဆွတ်ဖြူသော ပွင့်ချပ်၊ ပွင့်ဖတ်များက စိမ်းလန်းသော မြက်ခင်းပြင်ပေါ် ပြန့်ကြဲနေကြ၏။
"ခရစ်စမတ်နေ့မှာ ဘယ်မှ မသွားဖူးလား"
"ညီမအတွက် ခရစ်စမတ်မှာ ချစ်ရသူနဲ့ အတူ ရှိနေဖို့က အဓိကပါ"
ပြောစရာ စကားများ တိတ်ဆိတ်သွား၏။
မေ Scarlett ဝေယံ့ကို အကဲခတ် ကြည့်နေသည်။
ညနေခင်း ဖြစ်တာမို့ ခြံထဲမှာ အပူရှိန် မရှိတော့။ ဆောင်းလေညင်းက တသုန်သုန် တိုက်ခတ်နေသဖြင့် အနည်းငယ် ချမ်းစိမ့်စိမ့် ဖြစ်နေသလို ခံစားရသည်။
"ကိုကိုကရော . ."
"ကိုယ်က ဗုဒ္ဓဘာသာ ကိုးကွယ်တာလေ"
"အို . . ၊ ရုတ်တရက် ဆိုတော့ ညီမ မေ့သွားတယ်"
မေ Scarlett ရယ်မိ၏။
ထိုအချိန် အပင်ပေါ်မှ ပန်းကလေး တစ်ပွင့် ချာချာလည်ကာ သူမဆီ ကြွေကျလာသည်။ ထဘီ အနက်ရောင်ပေါ် အဖြူရောင် ပန်းပွင့်လေးက လင်းလက်နေ၏။ သူမ ထဘီပေါ်က ဧကရာဇ် ပန်းကလေးကို ကောက်ယူလိုက်သည်။
ရိုးတံရှည်ရှည်မှာ ပန်းပွင့်လေးက ဘေးသို့ ဖြာထွက် ကားစွင့်နေသည်။ ပွင့်ချပ် စုစုပေါင်း ငါးခု ပါပြီး အလယ်မှ ဝတ်ဆံတိုင်၏ ဝတ်ဆံချောင်းကလေးက ဝါနုရောင် ဖြစ်နေသည်။ မေ Scarlett ပန်းပွင့်လေးကို နမ်းရှိုက်ချင်လာသည်။
ယောကျာ်း တစ်ယောက် ရှေ့မှာ ပန်း တစ်ပွင့်ကို နမ်းပြတာဟာ မိန်းမ မာယာ လေးဆယ်ထဲမှာ အကျုံးဝင်သတဲ့။ မေ Scarlett ဝေယံ့ကို မော့ကြည့်လိုက်မိ၏။ သူက သူမကို ငေးကြည့်နေတာနှင့် ဆုံမိသွားသည်။ ရဲတင်းစွာပဲ ပန်းပွင့်လေးကို သူမ ရှိုက်မွှေးလိုက်သည်။
ရနံ့က သင်းပျံ့ မွှေးထုံနေ၏။
မေ Scarlett အလိုလို မိန်းမော နူးညံ့သွားရသည်။
"ဧကရာဇ် ပန်းလေးက ရိုးရိုးလေးနဲ့ သိပ် လှတာပဲ၊ ကိုကိုရော ဘယ်လိုမြင်လဲ"
"ကိုယ်ကတော့ ဂျပန်က ဆာကူရာတွေကို ပိုပြီး မြတ်နိုးတယ်"
"ဂျပန်က . . ၊ သြော်"
မေ Scarlett ရင်ထဲမှာ စူးနစ်သွား၏။
အခုတလော ဝေယံ စကားပြောပါက နေသူရိန်မင်းခန့်နှင့် ပတ်သက်သော အကြောင်းအရာများ တစ်ခု မဟုတ် တစ်ခု ပါလာတတ်တာကို သူမ သတိထားမိသည်။ ဒီလိုတော့လည်း မစွပ်စွဲရက်။ တိုက်ဆိုင်သွားတာပဲ ဖြစ်ပါလိမ့်မည်။
သို့သော် ထိုနေ့က နေသူရိန်မင်းခန့်ကို ကြည့်လိုက်သော ဝေယံ၏ မျက်ဝန်းများ။
ထိုသို့ တွေးလိုက်မိသောအခါ မေ Scarlett လက်ထဲရှိ ပန်းပွင့်လေးကို ကြေမွသွားအောင် ဖျစ်ညှစ်ပစ်လိုက်မိသည်။ ဖြစ်နိုင်ပါက သူမ လက်ထဲ ရှိနေတာ ပန်းပွင့်လေး မဟုတ်ဘဲ တစ်စုံတစ်ယောက်၏ အသက်ဝိညာဉ် ဖြစ်စေချင်သည်။
"ရုတ်တရက်ကြီး သိချင်လာတယ်၊ ဖြေပေးမလား ကိုကို"
"ဟင် . . ဘာကိုလဲ"
"ကိုကိုနဲ့ ကိုနေရဲ့ သူငယ်ချင်း သတ်မှတ်ချက် စံနှုန်းလေ၊ ဘယ်အဆင့်ထိ သတ်မှတ်ထားလဲ"
ဝေယံ မေ Scarlett ရှိရာသို့ ကိုယ်ကို တစ်ခြမ်းစောင်း လှည့်လိုက်သည်။ သူ့ကို ကြည့်ရတာ ထိုမေးခွန်းအပေါ် အနည်းငယ် အံ့သြဟန် ရှိပုံရသည်။
"ပြောရရင် . . ပုံမှန် သူငယ်ချင်းတွေလိုပါပဲ"
မေ Scarlett မဲ့ပြုံး ပြုံးကာ ခေါင်း တစ်ချက် ညိတ်သည်။
"ဒါဆို ကိုကို ပြောချင်တာ အတူတူ အိပ်တာတွေ၊ တစ်ယောက် အင်္ကျီ တစ်ယောက် ယူဝတ်တာတွေက ပုံမှန် သူငယ်ချင်းတိုင်း လုပ်တယ်ပေါ့၊ အဲ့ဒီလိုလား"
"အဲ့ဒီလို သိမ်းကျုံး ပြောလို့တော့ ဘယ်ရပါ့မလဲ၊ အားလုံး မဟုတ်တောင် အနည်းစုတော့ ရှိမှာပေါ့"
"ဒါပေါ့ . . ဒါပေါ့၊ အနည်းစုတော့ ရှိနိုင်တာပေါ့နော်"
မေ Scarlett မျက်လွှာချလျက် အသာ ငြိမ်လိုက်မိသည်။
တစ်ခုခုကို တွေးတောဖို့ အချိန် ယူလိုက်တာပဲ ဖြစ်သည်။
ထိုအချိန် လေပြင်း တစ်ချက် တိုက်လိုက်သဖြင့် အပင်ပေါ်ရှိ ဧကရာဇ် ပန်းများမှ အနည်းငယ် ကြွေကျသွားသည်။
"ကိုကို ဝေယံအောင် . ."
မေ Scarlett က သူ၏ နာမည်ကို အပြည့်အစုံ ခေါ်လိုက်တာမို့ ဝေယံ အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
"ကိုကို့အင်္ကျီ ညီမ ယူဝတ်ချင်တယ်၊ ရမလားဟင်"
ခပ်အေးအေး မေးလာပေမယ့် မေ Scarlett မျက်နှာက တည်နေသည်။ ဝေယံ အနည်းငယ်တော့ တွေဝေသွား၏။
"ညီမ အင်္ကျီကလေ ဝတ်နေကျ မဟုတ်တော့ နေရခက်တယ် ကိုကိုရယ်"
မေ Scarlett ပြောမှပဲ ဝေယံ သတိထားမိတော့သည်။
သူမက ဇာကွပ်ထားသော ရင်ဖုံးအင်္ကျီ အနက်ရောင်လေးနှင့် အရောင်တူ ထဘီကို တွဲဖက် ဝတ်ဆင်ထားသည်။ အမြဲလိုလို အနောက်တိုင်း ဝတ်စုံများကိုသာ ဝတ်စားတတ်သော သူမက မြန်မာ ဝတ်စုံလေးနှင့် မထင်မှတ်စွာ လိုက်ဖက်နေသည်။
ဝင်းလဲ့သော မေ Scarlett ၏ မျက်နှာထက်တွင် သနပ်ခါး ပါးကွက်လေး နှစ်ခု ရှိနေသေးသည်။ သာမန်ထက် ထူးခြားစွာ ဆံပင်ရှည်များကိုတော့ ဖြန့်ချထားသည်။ ထိုဆံသားများ အထက်တွင် ဖဲကလစ် အဖြူရောင်လေးဖြင့် တော်ဝင် သဇင်ပန်း နှစ်ခက်ကို ပန်ဆင်ထားသည်။
ဝေယံ ပြောခဲ့ဖူးသော စကားများကို အလေးထား၍ မေ Scarlett ပြင်ဆင်ခဲ့လေသလားတော့ မသိ။ ဒီလိုဆိုတော့လည်း သူမက မင်းသမီးလေး တစ်ပါးလို ကျက်သရေ ရှိနေတော့သည်။
"ရပါတယ်၊ ယူဝတ်လေ"
"တကယ်လား ကိုကို၊ အရမ်း ချစ်ဖို့ကောင်းတာပဲ"
မေ Scarlett ဝေယံ ပါးကို ရွှတ်ခနဲ နမ်းကာ အဝတ်အစား လဲရန် အိမ်ထဲသို့ ခပ်သွက်သွက် ပြေးဝင်သွားသည်။ ဝေယံ ရှက်ပြီး ကျန်နေခဲ့မှန်း သူမ လှည့်ကြည့်စရာ မလိုအောင် သိသည်။
သိပ် မကြာလိုက်။
အပြာနုရောင် ရှပ်လက်ရှည်နှင့် Levis ဂျင်းဘောင်းဘီရှည် အဖြူကို ဝတ်လာပြီး ဝေယံ့ထံ ပြန်ရောက်လာသည်။ သူမကို မြင်မြင်ချင်း ထိုင်နေရာမှ ဝေယံ ထရပ်မိတော့သည်။
"အဲ့ဒီအင်္ကျီ၊ အဲ့ဒီအင်္ကျီက . ."
"ဘာလို့လဲ ကိုကို၊ ညီမနဲ့ အရမ်း လိုက်ဖက်နေလို့လား၊ ဟင်း ဟင်း . . အဲ့ဒါကြောင့် ပြောတာပေါ့၊ ယောကျာ်လေးတွေက သူတို့ရဲ့ အင်္ကျီကို ကောင်မလေးတွေ ယူဝတ်ရင် စိတ်လှုပ်ရှားပါတယ်လို့"
မေ Scarlett က စိတ်ကျေနပ်သော မျက်နှာဖြင့် ပြောသည်။ ပြာနုရောင် လက်ရှည်အင်္ကျီက သေးသွယ်သော သူမ ကိုယ်လုံးလေးနှင့် အနည်းငယ် ပွယောင်းလွန်းသလို ရှိသည်။
"အခုတော့ ဒီကောင်မလေးက ကိုကိုရဲ့ ဇနီးလောင်းလေးပေါ့၊ လက်ထပ်ပြီးရင်လည်း ကိုကိုရဲ့ အင်္ကျီတွေ ယူဝတ်မယ်နော်၊ ခွင့်ပြုမယ်မလား"
"မေလေး . . တခြား အင်္ကျီ လဲလိုက်ပါ့လား"
ဝေယံက မေ Scarlett ကို အားနာသလို ကြည့်သည်။ သူမ ပြောသော အကြောင်းအရာများထက် သူမ ကိုယ်ပေါ်က အပြာနုရောင် အင်္ကျီကိုသာ စိတ်ဝင်စားနေပုံ ရသည်။
"ဘာလို့လဲ ကိုကို"
"အဲ့ဒါ . . သူရိန် လက်ဆောင် ပေးထားတဲ့ အင်္ကျီ"
မထင်မှတ်ထားသော အဖြေ တစ်ခု။
သူမ စူးနင့်စွာ အားငယ်သွားပြန်သည်။
"မဝတ်စေချင်ဘူးလားဟင်"
မေ Scarlett ကို ကြည့်လာသော ဝေယံ၏ မျက်လုံးများက စိတ်မသက်သာဟန် အပြည့်။ ရုတ်တရက်ကြီး နေသူရိန်မင်းခန့်ကို ကြည့်ဖူးသော အကြည့်များကို ပြန်ပြီး မြင်ယောင်လာစေသည်။
ကျေးဇူးပြုပြီး မဖြေလိုက်ပါနဲ့
အဖြေကို သူမ လုံးဝ မကြားချင်။
သို့သော် သူမ ဆုတောင်း မပြည့်။
"မဝတ်စေချင်ဘူး"
မျှော်လင့်ထားပြီးသား အဖြေ တစ်ခု ဖြစ်ပေမယ့် တကယ် ကြားလိုက်ရသည့်အခါ သူမ ရင်ထဲမှာ နာကျင်သွား၏။
"ဆောရီးပဲ ကိုကို၊ မေလေး လဲမပေးနိုင်ဘူး"
"ဒါပေမယ့် . ."
ထိုအချိန် ခြံရှေ့မှ ကျယ်လောင်သော ကားဟွန်းတီးသံ တစ်ခုကို ကြားလိုက်ရသည်။ မေ Scarlett အိမ်မှ သူမကို လာကြိုသော ကား ဖြစ်သည်။
"မေလေး ပြန်တော့မယ် ကိုကို"
မေ Scarlett ဝေယံ မျက်လုံးများကို ပြုံးကြည့်ရင်း နှုတ်ဆက်လာသည်။ သို့သော် သူမ အပြုံးများက အေးစက်စက် ဖြစ်နေတာကို ဝေယံ ခံစားမိသည်။
စိတ်မကောင်း ဖြစ်မိသည်။ သို့သော် သူ ဘာတတ်နိုင်မှာလဲ။ ကြမ်း ကျွံရင် နှုတ်လို့ ရနိုင်ပေမယ့် စကား ကျွံရင် နှုတ်လို့ မရနိုင်ဘဲ။
တောင်းပန်ပါတယ် မေလေးရေ
မေ Scarlett ခြံ ရှေ့ကို ထွက်လာချိန်
နေသူရိန်မင်းခန့်နှင့် မျက်နှာချင်းဆိုင်မိသည်။
"Scarlett . ."
နေသူရိန်မင်းခန့်က မေ Scarlett ကို မြင်ရတာ ခပ်အမ်းအမ်း ဖြစ်နေပုံ ရသည်။ မေ Scarlett မျက်နှာကလည်း မမြင်ချင်သည့် သူကို မြင်လိုက်ရသလို ဘဝင်မကျသည့် ဟန် ဖြစ်နေသည်။ နေသူရိန်မင်းခန့် မျက်လုံးများက သူမ ကိုယ်ပေါ်က အဝတ်အစားများထံ ရောက်သွားချိန် ချက်ချင်းပင် မျက်နှာက အလိုမကျမှုကြောင့် ညိုမှောင်သွားတော့သည်။
"ဒီအင်္ကျီက . ."
မေ Scarlett မရည်ရွယ်သော စကား တစ်ခွန်းကို ပြောလိုက်မိ၏။
"ကိုကိုက ပေးလိုက်တာ၊ သူ့အတွက် မလိုလို့လေ၊ ဘာများဖြစ်လို့လဲ ကိုနေ"
သူမ စကားကို ကြားတော့ နေသူရိန်မင်းခန့်က ဒေါပွ မသွားဘဲ စိတ်ရှည်စွာ ပြုံးသည်။ တကယ်တမ်း ဒေါသတွေ အကုန်လုံးကို အပြုံးတုထဲ စုပြုံ ထည့်လျက် ပြုံးလိုက်ခြင်း ဖြစ်သည်။
"ဘာမှမဖြစ်ပါဘူး"
ဘာမှမဖြစ်ဘူး ပြောပေမယ့် တစ်ခုခု ဖြစ်သွားမှန်း မေ Scarlett ရိပ်စားမိသည်။ သူမ အကြံအစည် အောင်မြင်ပါသည်။
"စကားမစပ် မယ်ရီ ခရစ်စမတ်နော် ကိုနေ"
မေ Scarlett ၏ ရွှင်နောက်နောက် အသံ။
နေသူရိန်မင်းခန့် စိတ်မရှည်ချင်တော့။ သူမက သူ့အား မသိမသာ ရန်စနေသလို ခံစားရသည်။ နေသူရိန်မင်းခန့် မေ Scarlett ကို ဒေါသတကြီး ကြည့်လိုက်၏။
"ငါ ခရစ်ယာန် မဟုတ်ဘူး"
"ဟင်"
"ဖယ်စမ်း၊ ငါ ရှေ့က ပိတ်မရပ်နဲ့"
နေသူရိန်မင်းခန့် ဒေါသ မျက်လုံးများဖြင့် ကြည့်ကာ ရှေ့မှာ ရှိနေသော မေ Scarlett ကိုယ်လုံးကလေးကို ဝင်တိုက်ပစ်လိုက်၏။ အရှိန် ပြင်းလွန်းသဖြင့် မေ Scarlett ဘေးသို့ ယိုင်ထွက်သွားသည်။
သူမ ကိုယ်ကို မတ်ကာ လှည့်ကြည့်ချိန် နေသူရိန်မင်းခန့်က မြင်ကွင်းမှ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ တော်တော်လေး ဒေါသထွက်နေပုံ ရသည်။ နာသွားသည့် သူမ လက်မောင်းလေးကို ထိကိုင်ရင်း မေ Scarlett ပြုံးလိုက်သည်။ နူးညံ့သော သူမ အပြုံးမှာ ကောက်ကျစ်မှုတွေ ပါသွား၏။
တောင်းပန်ပါတယ် ကိုကိုရယ်
တစ်ယောက်နှင့် တစ်ယောက် တူညီစွာ တောင်းပန်ခဲ့ကြသည်။
သို့သော် ရည်ရွယ်ချက်များ မတူညီခဲ့ကြပါ့လား။
~•~ ~•~ ~•~
နေသူရိန်မင်းခန့် အခန်းထဲ ဝင်လာတော့ ဝေယံက စာကြည့်စားပွဲမှာ စာ လုပ်နေပြီ ဖြစ်သည်။
စားပွဲပေါ်ရှိ စာအုပ်များမှာ စနစ်တကျ စီထားပြီး စာရေး ကိရိယာများပါ သူ့နေရာနှင့်သူ ရှိနေကြသည်။ ဝေယံ မျက်လုံးများက လင်းနေသော ကွန်ပျူတာ၏ မျက်နှာပြင်မှ ဓာတုဗေဒနှင့် ပတ်သက်သည့် မှတ်စုတို တချို့ကို ဖတ်ရှုရင်း အလုပ်များနေကြသည်။
နေသူရိန်မင်းခန့် ရောက်နေတာကိုပင် သတိမထားမိတော့။
"ယံ"
နေသူရိန်မင်းခန့် စိတ်မရှည်စွာ ခေါ်မိသည်။
"သူရိန် ပြန်လာပြီလား၊ ငါ မင်းကို စောင့်နေတာ"
နေသူရိန်မင်းခန့် မဖြေ။ ဝေယံ့ လက်ထဲက ဘောပင်ကို ဆွဲယူကာ ခပ်ဝေးဝေးကို လွှတ်ပစ်လိုက်သည်။ ပစ်ပေါက်လိုက်သော အရှိန်ဖြင့် ဘောပင်လေးက နံရံနှင့် တိုက်မိပြီး နှစ်ပိုင်း ကျိုးသွားသည်။
ဝေယံ နားမလည်သလို မော့ကြည့်လာသည်။ နေသူရိန်မင်းခန့် ခပ်ကြမ်းကြမ်းပဲ ဝေယံ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ ဆွဲထူပြီး နံရံမှာ ဖိကပ်လိုက်သည်။ နေသူရိန်မင်းခန့် ဒေါသက ကြီးမားလွန်းသည်။ ဝေယံ့ ကျောက အောင့်သွားသည်အထိ နာသွားရသည်။
"သူရိန် . ."
နေသူရိန်မင်းခန့် ဒေါသကို တစ်ခါမှ မမြင်ဖူးခဲ့သဖြင့် ဝေယံ အထူးအဆန်း ဖြစ်သွားသည်။ ဒီလို ဒေါသ ပါသည့် အပြုအမူမျိုးကို နေသူရိန်မင်းခန့်ထံမှ သူ လုံးဝ မမြင်ချင်မိ။
"ပြောစမ်းပါဦး၊ လက်ဆောင်ကို တန်ဖိုး မထားရတဲ့ အကြောင်းလေး . ."
ဝေယံ သက်ပြင်း ချမိသည်။ နေသူရိန်မင်းခန့် ဒေါသထွက်ရသော အကြောင်းအမှန်ကို သဘောပေါက်သွားလို့ ဖြစ်သည်။ လည်ပင်း ကော်လံစကို ဖမ်းဆုပ်ထားသော နေသူရိန်မင်းခန့် ညာဘက်လက်ကို ဘယ်ဘက်လက်ဖြင့် ဝေယံ အုပ်ကိုင်လိုက်သည်။
"တောင်းပန်ပါတယ်၊ ငါ မကောင်းတာပါ"
"တောင်းပန်တယ် ဆိုတာ အလကားပဲ၊ ဖိတ်သွားတဲ့ နွားနို့အတွက် စိတ်မကောင်း ဖြစ်နေရုံနဲ့ မပြီးဘူး"
မျိုသိပ်ထားရသော ဒေါသများကြောင့် နေသူရိန်မင်းခန့် လေသံက မာသွားသည်။ ဝေယံ မျက်နှာက ပြင်မရအောင်အထိ ညှိုးငယ်သွားသည်။ တင်းတင်း ဆုပ်ကိုင်ထားသော လက်များက နှစ်ကိုယ်တူ အေးစက်နေပြီ ဖြစ်သည်။
"အိုင်းစတိုင်းက ပြောဖူးတယ်၊ ဒီကမ္ဘာမှာ လေ့လာ သင်ယူစရာတွေ အများကြီး ရှိနေပါရက်နဲ့ ဘာလို့များ အဝတ်အစားတစ်ခုအတွက် အချိန် ကုန်ခံနေမှာလဲတဲ့"
နေသူရိန်မင်းခန့် သူ၏ လက်ပေါ် အုပ်ကိုင်ထားသော ဝေယံ လက်ကို ဆွဲဖယ်လိုက်သည်။
သူ ယံ့ကို အချိန်ကုန်အောင် လုပ်နေမိပြီလား
အင်္ကျီလေး တစ်ထည်အတွက်နဲ့လေ
သို့သော် ထိုအင်္ကျီက ဝေယံ၏ တစ်ဆယ့်ခြောက် နှစ်ပြည့် မွေးနေ့အတွက် နေသူရိန်မင်းခန့် ကိုယ်တိုင် ဒီဇိုင်း ဆွဲကာ ဂျပန် နိုင်ငံမှ သီးသန့် မှာယူခဲ့သော တစ်ထည်တည်းသော အင်္ကျီ ဖြစ်သည်။ အင်္ကျီ၏ ကျောဘက်မှာ ပန်းနုရောင် ဆာကူရာ ပန်းပွင့်ကလေးများ ပါရှိကြသည်။ ကြယ်သီးများကို ဆာကူရာ ပန်းပွင့် သဏ္ဌာန် ထွင်းဖော်ထားသည်။ တခြားသော ဆင်တူ အင်္ကျီ ဟူ၍ ဒီကမ္ဘာမှာ မရှိနိုင်တော့။
"အင်း . . အချိန်ကုန်တယ်၊ အင်းလေ . . ၊ ကျွန်တော် မှားတယ်လို့ပဲ ထားလိုက်ပါ"
မလိုချင်လို့ ပေးလိုက်ပြီးမှတော့ ဘာတတ်နိုင်မှာလဲ
နေသူရိန်မင်းခန့် စိတ်လျော့ကာ လက်သီး ဆုပ်လိုက်မိသည်။ ဝမ်းနည်းနေသော ဝေယံ့ကို သူ ကြာကြာ စိတ်ဆိုးနိုင်စွမ်း မရှိ။ နာကျင်သွားသော မျက်လုံးများဖြင့် ဝေယံ့ကို သူ စိုက်ကြည့်လိုက်သည်။
"တစ်ခါ ပျောက်ဆုံးသွားတဲ့ အရာက နောက်တစ်ခါ ပြန်မရနိုင်တော့ဘူး"
နေသူရိန်မင်းခန့် ဝေယံ့ကို ငုံ့ကြည့်မိသည်။ နောက်တော့ ဝေယံ၏ မဟူရာ မှဲ့နက်လေး ရှိသော နှာဖျားကို လက်ညှိုးဖြင့် ခပ်ဖွဖွ တို့လိုက်၏။
"ကျွန်တော့်အတွက်တော့ ယံက အရေးကြီးဆုံးပါပဲ"
အခန်းဟာ ရုတ်တရက် တိတ်ဆိတ်သွားသည်။ နေသူရိန်မင်းခန့်ကို မော့ကြည့်လာသော ဝေယံ၏ မျက်လုံးများက အေးစက်နေသော ကိုယ်တွင်း အပူချိန်ကို အနွေးဓာတ် ပေးလိုက်သလို။
"သူရိန် . ."
ဝေယံ အသံက တိုးတိုးလေးပဲ ထွက်လာခဲ့သည်။ ထိုအသံ တိုးတိုးလေးကပဲ လုံလောက်သော ချုပ်တည်းမှု တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
"ကျေးဇူးပဲ"
"ဘာအတွက်လဲ"
"ခွင့်လွှတ်ပေးလို့"
နေသူရိန်မင်းခန့် ကြည်နူးစွာ ပြုံးမိသွားသည်။
"ကျွန်တော့်မှာ ယံ့အတွက် လုပ်ပေးစရာ များများစားစား မရှိဘူးလေ"
ဝေယံ ထိတ်ခနဲ ရင်ခုန်သွားသည်။
နေသူရိန်မင်းခန့် မျက်လုံး နက်နက်တွေက ဝေယံ့ မျက်လုံးများထဲသို့ ခပ်ကြာကြာ စိုက်ကြည့်နေသည်။ အကြည့်များက အဝေးကို ထွက်သွားရန် ပြင်ဆင်နေသော လူ တစ်ယောက်၏ အကြည့်များလို။
နေသူရိန်မင်းခန့် မျက်ဝန်းများ၏ စူးရှ တောက်ပသော အလင်းတန်းကို ဝေယံ မခံနိုင်။ မျက်စိ ရှေ့တည့်တည့်မှာ ရှိနေသော နေသူရိန်မင်းခန့်၏ အင်္ကျီကော်လံ အဖြူဆီသို့ အကြည့် လွှဲမိသည်။
"တစ်နေရာကို သွားမလို့လား"
"ကျွန်တော် ကျောင်း ပြီးရင် . . အိမ် ပြန်ရမယ် ထင်တယ်"
"အိမ်၊ ဂျပန်ကိုလား"
"ဟုတ်တယ်၊ ဂျပန်မှာ Business Management ပညာရပ်ကို သင်ဖို့ အိုတိုးစံဆီမှာ ကတိ ပေးထားခဲ့တာ"
"ဘယ်တော့ ပြန်လာမလဲ"
သူ မေးမိသည်။ နေသူရိန်မင်းခန့် မဖြေ။
ဘာကြောင့်မှန်း မသိ။ ပြန်မလာတော့မည့် လူ တစ်ယောက်လို ဝေယံ ခံစားနေရသည်။ လိုက်တွေ့ဖို့ မလွယ်ကူသော နိုင်ငံရပ်ခြား တစ်ခု။ သူ ချန်ထားခံရတော့မည်လား။
ဟုတ်ပါသည်။
' အိမ် ' ဟု ပြောကတည်းက သိသင့်ပါ၏။
"ငါ မင်းနဲ့ တွေ့ဆုံခဲ့တဲ့အတွက် သိပ် ဝမ်းသာတယ်၊ တစ်ယောက်တည်း ဆိုတော့ အဖော်မဲ့ နေခဲ့တာ"
ဒီနေ့အတွက် ဝေယံ သိပ်ကို ပင်ပန်းနေပြီ ဖြစ်သည်။ ယိမ်းယိုင်လာသော ခန္ဓာကိုယ်ကို လဲကျမသွားစေဖို့ နေသူရိန်မင်းခန့် ပခုံးပေါ် ခေါင်း မှီလိုက်ရသည်။ ထို့နောက် နှလုံး ခုန်ရာ ဘယ်ဘက် ရင်ခွင်ဆီ မျက်နှာ အပ်လိုက်မိ၏။
"မင်း ရင်ထဲ ငါ ရှိနေသမျှ . . ဘယ်တော့မှ အထီးကျန်မယ် မထင်ဘူး"
မွှေးပျံ့သော ကိုယ်သင်းရနံ့ကို ဝမ်းနည်းစိတ်ဖြင့် သိမ်းဆည်းရင်း မျက်လုံးများကို မှိတ်လိုက်မိသည်။
"ယံ ငိုနေတာလား"
နေသူရိန်မင်းခန့် အသံက ခပ်တိုးတိုး။ စိုးရိပ် ပူပန်မှု အပြည့်။ ထိုအသံကို ကြားရမှ ဝေယံ မျက်ရည် ဝဲချင်လာသည်။
"ဟင့်အင်း၊ မငိုပါဘူး"
မငိုပါဘူး ဟု ပြောပြီးမှ မျက်ရည်တို့က ပူနွေးစွာ မျက်တောင်ဖျားမှ လိမ့်ဆင်းကျလာတော့သည်။ သိသွားမှာ စိုးသဖြင့် လက်ဖမိုးနှင့် ကပျာကယာ သုတ်လိုက်မိသည်။ သူ သိပ် စိတ်ပျော့လွန်းသည်။
"ယံ"
ဝမ်းနည်းမှုများကို တုံ့ခနဲ ရပ်သွားအောင် စွမ်းဆောင်စေနိုင်သော ခေါ်သံ။ နေသူရိန်မင်းခန့် ဝေယံ့အား ပခုံး နှစ်ဖက်မှ တင်းတင်း ဆုပ်ကိုင်လိုက်သည်။
"ကျွန်တော့်ကို မတားချင်ဘူးလား"
တားရမည်။ ဘယ်တုန်းကမှ မတွေးခဲ့ဖူးသော စကားစု။
နေသူရိန်မင်းခန့်က ဝေယံ၏ မျက်လုံးများကို စိုက်ကြည့်ကာ အဖြေကို မျှော်လင့်နေသည်။ ဝေယံ လက်ဖျား ခြေဖျားတွေ အေးစက် တုန်ခိုက်လာသည်။
"မင်းမှာ ကောင်းမွန်တဲ့ အနာဂတ် ရှိနေပြီ၊ ငါ မင်းကို ထွက်သွားခွင့်ပြုရမယ်"
အသံ ခပ်တိမ်တိမ်ဖြင့် ဖြေမိသည်။
ကောင်းမွန်သည့် အနာဂတ်အား ပိုင်ဆိုင်ရတော့မည့် လူ တစ်ယောက်ကို သူ ဘာအတွက်ကြောင့် တားဆီးရမှာလဲ။
မတားနိုင်။ မတားနိုင်ပါဘူး။
လူတွေဟာ
တစ်ယောက်နှင့် တစ်ယောက် ပိုမို နီးကပ်လာတာနှင့်အမျှ
တစ်ယောက်အပေါ် တစ်ယောက် ပိုမို မျှော်လင့်တတ်ကြသည်။
ထိုစကားကို သူ ကြားဖူးသည်။
ဒါဖြင့် ဝေးကွာချိန်မှာရော . . . ။
~•~ S U N ~•~
29 / December / 2019
2 : 20 PM