ဝေယံ၏ လှုပ်ရှားမှု ဟန်ပန်တွေမှာ တစ်ခုခု ကပ်ငြိနေသလို အပြုအမူများက သာမန်ထက် နှေးကွေး လေးလံနေ၏။
ဒီနေ့မှပဲ အိမ်ကြီးဟာ ခါတိုင်းထက် ပို၍ တိတ်ဆိတ်နေသည် ဟု ဝေယံ ထင်မိသည်။ အခန်းတွင်း၌ သူနှင့် ကြောင်ကလေး စီစီစံမှ လွဲပြီး ဘယ်သူမှ မရှိ။ ငြီးငွေ့ဖွယ် ကောင်းလောက်အောင် အခြေအနေက အေးဆေး ငြိမ်သက်နေ၏။
လွင့်မျောနေသော စိတ်များကို သူ အတင်း စုစည်းလိုက်သည်။
စာကြည့် စားပွဲပေါ်မှ ဖောင်တိန်ကို ကောက်ကိုင်ကာ Calculus အခန်း တစ်ခုလုံးကို အပြီးတွက်ဖို့ ဝေယံ စိတ်စောနေ၏။ စာအုပ်ထဲမှာ တစ်ခုခု ချရေးဖို့ ပြင်လိုက်သည်။ ရုတ်တရက် ထိုအရာက ဘာမှန်းမသိ ဖြစ်သွားသည်။
Trigonometric Functions ၏ Formulas ကို အလွတ် ရေးကြည့်ဖို့ ကြိုးစားသည်။ အစဖော် မရအောင် ဖြစ်သွားပြန်၏။ သင်္ချာတွက်ဖို့ စိတ်စောနေရာမှ စိတ်ရှုပ်ထွေးစွာ ဝေယံ အော်လိုက်မိတော့သည်။
ဒီမနက်မှာ
ဘာဖြစ်နေမှန်း . . . ။
ဘာဖြစ်ချင်နေမှန်း . . . ။
သူ့ကိုယ်သူ သေချာ မသိ။
သူ သိတာ ရူးချင်နေသည်ပဲ ဖြစ်၏။
ထိုခဏမှာပဲ တိတ်ဆိတ်နေသော အခန်းထဲ အသံ တစ်ခု ကြားလိုက်ရသည်။ တံခါးခေါက်သံပဲ ဖြစ်သည်။
"သားယံလေး၊ မေ ဝင်ခဲ့မလို့"
"ဟုတ် . . မေ၊ သား လာပြီ"
"နေ . . နေ၊ မထပါနဲ့"
အခန်းထဲသို့ ရောက်လာပြီ ဖြစ်သော ဒေါ်စန္ဒာခင်က သားဖြစ်သူကို ပြုံး၍ ဟန့်သည်။ သူမ မျက်လုံးများက ဝေယံ့အား စူးစမ်းစွာ အကဲခတ်နေကြ၏။
ဒေါ်စန္ဒာခင်က မျက်နှာချင်းဆိုင်မှ ကုလားထိုင်တွင် ထိုင်လိုက်သည်။ ခုတင်ပေါ်မှ စီစီစံက သူမကို မြင်သည့်အခါ ပြေးဆင်းလာသည်။ ထို့နောက် သူမ ဝတ်ထားသည့် ကာကီရောင် ချည်သား ထဘီပေါ် ခုန်တက်ကာ အခန့်သား ဝင်အိပ်လေတော့၏။
ဒီအိမ်ကြီးမှာ စီစီစံက ဒေါ်စန္ဒာခင်နှင့် ဝေယံတို့၏ သည်းသည်းလှုပ် ချစ်ခြင်းကို ခံရသော ကြောင်ကလေး တစ်ကောင် ဖြစ်သည်။
"မေ့သားလေး အဆင်ပြေရဲ့လား၊ နေမင်းကြီး မရှိတော့ လွမ်းနေမှာပေါ့"
"အာ . . Ma၊ သား မလွမ်းပါဘူး"
"မေလို့ပဲ ခေါ်ပါ"
ဒေါ်စန္ဒာခင် သူမ ပေါင်ပေါ်တွင် အိပ်စက်နေသော စီစီစံကို လက်ဖြင့် အသာအယာ ပွတ်သပ်ရင်း ပြောလိုက်သည်။ နောက်တော့ သူမ အကြည့်များက စာကြည့် စားပွဲပေါ်ရှိ ဝေယံ၏ စာအုပ် အလွတ်ဆီသို့ ရောက်သွားသည်။
ချက်ချင်းပဲ သားဖြစ်သူ၏ အခြေအနေက သူမ ထင်ထားသလို ဖြစ်နေမှန်း သဘောပေါက်သွား၏။
"သားယံ . . တစ်ခါတလေမှာ မေတို့က တစ်ခုခုကို လုပ်ချင်ပေမယ့် . . ဘာလုပ်ရမှန်း မသိတဲ့ အချိန်တွေကို ကြုံရတတ်တယ်၊ စကားတွေ အများကြီး ပြောချင်ပေမယ့် ပြောစရာ စကား မရှိတော့တဲ့ အခိုက်အတန့်တွေလည်း ရှိဖူးတာပေါ့၊ တကယ်တမ်း အဲ့ဒီဖြစ်ရပ်က ရိုးရှင်းတယ်၊ ဒါပေမယ့် နားလည်ဖို့ သိပ် ခက်တယ်"
"မေ သားကို ဘာပြောချင်တာလဲ"
ဒေါ်စန္ဒာခင် ပြုံးသည်။ သူမ စကားကို လိုရင်းနှင့် ထိထိမိမိ ပြောဖို့ ဆုံးဖြတ်မိသည်။
စကားလုံးများသည် မှန်ဘီလူးနှင့် တူပြီး စကားများက နေရောင်ခြည်နှင့် တူသည်။ စုပုံနေသော သစ်ရွက်များအပေါ် မှန်ဘီလူး ထား၍ နေရောင်ခြည်ကို ဖြတ်သန်းသွားစေပါက မီး ထတောက်တတ်သည်။ ဒီလို ရိုးရှင်းသော သဘောတရား ဖြစ်၏။
"အတူ ရှိနေကျ သူငယ်ချင်းက ရုတ်တရက်ကြီး အိမ် ပြန်သွားတော့ စိတ်ဆိုးပြီး နေရခက်တယ် မဟုတ်လား"
"အိုတိုးစံနဲ့ အိုကားစံ ရောက်လာလို့ အိမ် ပြန်သွားတာပဲ၊ သား နားလည်ပါတယ်၊ ဒါပေမယ့် . ."
"ဒါပေမယ့် ဘာဖြစ်လို့လဲ"
"တစ်ပတ်လုံး သားကို တစ်ချက်မှ လာမတွေ့ဘူးလေ"
"ဒါဆို နေရခက်တာတော့ အမှန်ပဲပေါ့"
ဝေယံ မျက်နှာက ပူရှိန်းသွားသည်။
မိခင်သည် သူ၏ စိတ်ကို ထိုးဖောက် မြင်နိုင်စွမ်း ရှိ၏။
"လူ တစ်ယောက်ရဲ့ တန်ဖိုးကို သိချင်ရင် သူ မရှိတဲ့ အချိန်ကို တွေးကြည့်နိုင်တယ် သားယံ၊ အတူ ရှိစဉ်တုန်းက သတိမထားမိခဲ့ပေမယ့် အနားမှာ မရှိတဲ့အခါ . . တစ်ခုခု လစ်ဟာသွားသလိုပေါ့၊ ပထမတော့ အဆင်ပြေလိမ့်မယ်၊ နောက်တော့ တွေဝေလာမယ်၊ ဒါပြီးရင် နည်းနည်းချင်း သိလာမှာပေါ့"
ဒေါ်စန္ဒာခင်က ဝေယံ့ကို စေ့စေ့ ကြည့်နေ၏။
"တကယ်တော့ . . လွမ်းဆွတ်ခြင်း ဆိုတာ ရေရာတဲ့ အကြောင်းပြချက် မရှိဘဲ လူ တစ်ယောက်ကို မျက်ရည် ကျအောင် ပေးစွမ်းနိုင်တဲ့ အင်အားတွေပဲ သားယံ၊ ဒီခံစားချက်ကို မေက အားလုံးထက် ပို သိပါတယ်"
ဒေါ်စန္ဒာခင် မျက်နှာမှာ ညှိုးငယ်သွား၏။
နိုင်ငံရပ်ခြားကို မကြာခဏ ခရီး ထွက်နေရသည့် ဦးဝေယံဟိန်းကို ချက်ချင်း သတိရပြီး လွမ်းဆွတ်သွားတာပဲ ဖြစ်သည်။ မိခင်ကို ကြည့်ကာ ဝေယံ စိတ်မကောင်း ဖြစ်မိသည်။
"မေ သားကလေ . ."
"သား အကြောင်းကို မေ အသိဆုံးပါ၊ ညီလေးကို သိပ် ချစ်တယ်တယ်မလား"
"ဟို . . အဲ့ဒါက"
ဝေယံ အနေရခက်စွာ ချောင်း တစ်ချက် ဟန့်လိုက်မိသည်။
"တွေ့နိုင်တဲ့ အကွာအဝေးမှာ ရှိနေတာပဲ၊ တွေ့ချင်တယ် မဟုတ်လား၊ သွားတွေ့ပေါ့၊ မာန မကြီးချင်ပါနဲ့ သားရဲ့၊ မဟုတ်မှလွဲရော . ."
ဒေါ်စန္ဒာခင်က စကားကို ဆက်မပြောဘဲ ရပ်လိုက်သဖြင့် ဝေယံ အထိတ်တလန့် ဖြစ်သွားရ၏။
"အကြောတင်းလေးကို မေ လိုက်ပို့ဖို့ လိုသေးတာလား"
"ဟာ . . မလိုဘူး မလိုဘူး၊ သား တစ်ယောက်တည်းပဲ သွားမယ်၊ မေ . . သားက ကလေး မဟုတ်တော့ဘူးနော်"
သား၏ ငြူစူစူ အပြုအမူကြောင့် ဒေါ်စန္ဒာခင် သဘောကျစွာ ရယ်မောမိတော့သည်။ သူမ စိတ်ထဲမှာ ဝေယံ့ကို ကလေး သေးသေးလေး ဟု အောက်မေ့နေတုန်း ဖြစ်သည်။
သားကို မွေးဖွားလာခဲ့စဉ်မှာ
သားကို ပြုစုစောင့်ရှောက်လာခဲ့စဉ်မှာ
သားကို ပညာတွေ သင်ပေးလာခဲ့စဉ်များမှာ
ရရှိလာခဲ့သော ပျော်ရွှင်မှုနှင့် ပီတိများသည် သူမ ဘဝအတွက် အဖိုးမဖြတ်နိုင်သည့် အမှတ်တရများစွာ ဖြစ်ခဲ့သည်။
သူမ ပင်ပန်းနေချိန်တိုင်းမှာ
သူမ အထီးကျန်နေချိန်တိုင်းမှာ
သူမ စိတ်အားငယ်နေချိန်တိုင်းမှာ
အကြိမ်ပေါင်းများစွာ ခံစားခဲ့ရသော ချစ်ခြင်းမေတ္တာနှင့် နွေးထွေးမှုများကပါ သူမ နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာအထိ စိမ့်ဝင်နေခဲ့သည်။
"ဟုတ်ပါပြီ၊ လူကြီး အကြောတင်းလေးရယ်"
"ဟာ . . Ma၊ မစပါနဲ့"
"မရဘူး . . ၊ စမှာပဲ၊ မေ့မှာ ချစ်စရာ ဆိုလို့ ဒီသားလေး တစ်ယောက်တည်း ရှိတာကို"
"ဒါဆို Pa ကရော . ."
ဒေါ်စန္ဒာခင် ပြုံးရယ်နေရာမှ ချက်ချင်း တည်သွား၏။
သေတော့မှာပဲ . . ငါ ဘာတွေ သွားပြောမိတာလဲ
"ဒါတော့ တူမလား၊ ပို ချစ်တာပေါ့"
မိခင်၏ ဒေါသ မပါသော ဟန်ဆောင် မျက်စောင်းလေးကို ရလိုက်တော့မှ ဝေယံ သက်ပြင်း ချမိသည်။ ဒေါ်စန္ဒာခင်က သူ ထင်ထားတာထက် ပို၍ ဟာသဉာဏ်ရွှင်သူ ဖြစ်၏။
"မေနော် . . ၊ ဒါတော့ လွန်ပြီ"
"လွန်လည်း မတတ်နိုင်ပေါင်၊ ချစ်တာကိုး"
သူမ ပြောလိုက်သော နောက်ဆုံး စကားသည် တကယ့်ကို တိုးတိုးလေး ဖြစ်သည်။
သို့ပေမယ့် . . .
ဝေယံ အသေအချာ ကြားလိုက်ပါသည်။
ဖခင်အပေါ် ထားရှိသော မိခင်၏ ချစ်ခြင်းမေတ္တာကို ဝေယံ သိလိုက်ရသည့်အခါ Rafael Ortiz ပြောဖူးသော စကား တစ်ခွန်းကို သူ သတိရသွားသည်။
' အချစ် ဟူသည် ကိုယ်နှင့် အတူ နေထိုင်မည့် လူ တစ်ယောက်ကို ရှာတွေ့တာ မဟုတ်ဘဲ၊ သူ မရှိဘဲ ကိုယ် ရှင်သန်လို့ မရတော့သည့် လူ တစ်ယောက်နှင့် ဆုံဆည်းခြင်း ဖြစ်၏ ' တဲ့။
သူရော . .
တစ်နေနေ့မှာ . . .
တစ်စုံတစ်ယောက်ကို . . .
ဤအချစ်မျိုးဖြင့် ချစ်မိသွားနိုင်သလား။
~•~ ~•~ ~•~
နေသူရိန်မင်းခန့် အိပ်ရာက နိုးလာတော့ နံနက် ဆယ် နာရီပင် ထိုးနေပြီ။ ကျောင်း တက်စရာ မလိုသော ဒီဇင်ဘာ ပိတ်ရက် ဖြစ်တာမို့ သူ ဆက် အိပ်ချင်ပါသည်။ သို့ပေမယ့် ဦးခေါင်းက ဆက်ပြီး အိပ်မရအောင် တဆစ်ဆစ် ထိုးကိုက်လို့ နေသည်။
သုံး ရက် ရှိပြီ။
နေသူရိန်မင်းခန့် အပြင်းဖျားကတည်းက နီးနီးနားနားရှိ ဝေယံ၏ အိမ်ကိုပင် မသွားနိုင် ဖြစ်ရသည်။ ဝရန်တာလေးအား ကျော်တက်ဖို့ အားအင်ကို သူ့မှာ လုံလုံလောက်လောက် မရှိ။ သိပ် တွေ့ချင်သော မျက်နှာ၊ အကြည့်၊ ကိုယ်သင်းရနံ့တို့နှင့် ဝေးခဲ့ရသည်။
သေချာသည်။
ပေါ်မလာလို့ စိတ်ဆိုးနေလောက်ပြီ။
နေသူရိန်မင်းခန့် လဲအိပ်နေရာမှ ထဖို့ ပြင်သည်။ ရုတ်တရက် ခေါင်းက မူးခနဲ ဖြစ်သွားရသည်။
"အိုကားစံ"
"အိုတိုးစံ . ."
နေသူရိန်မင်းခန့် လှမ်းခေါ်မိသည်။ ဘာသံမှ မကြားရ။
ယခုမှ သတိရသည်။ ဒီအချိန်ဆို ဦးနေမင်းခန့်က အလုပ်သို့ ရောက်နေလောက်ပြီ။ ဒါဖြင့် မိခင်ကရော . . ။ ကျောင်းစာအတွက် ဂိုက်ဆရာများနှင့် ဆွေးနွေးဖို့ မြို့ထဲသို့ သွားမည် ဟု ပြောထားသည်။ အခုထိ ပြန်မရောက်သေးတာ ဖြစ်လိမ့်မည်။
နေသူရိန်မင်းခန့် ခုတင်ပေါ် ထိုင်နေရာမှ ဖြည်းညင်းစွာ ဆင်းလိုက်သည်။
အဖြူရောင် ခန်းဆီးသည် လေဖြင့် တဖျတ်ဖျတ် လွင့်နေ၏။ ပိတ်ထားခဲ့သော ပြတင်းပေါက်က ပွင့်နေခြင်း ဖြစ်သည်။ ယခုမှ ခေါင်းကိုက်ရသော အကြောင်းအမှန်ကို သူ သိသွားသည်။
ပြတင်းပေါက်ဆီသို့ နှေးကွေး ပင်ပန်းသော ခြေလှမ်းများဖြင့် နေသူရိန်မင်းခန့် လျှောက်သွားလိုက်သည်။ ပြတင်းပေါက် ပိတ်ဖို့ ဖြစ်သည်။
ပြတင်းဝမှာ ရပ်လိုက်မိသည့်အခါ ဟိုးအောက်ဘက် ခြံထဲမှာ မတ်မတ် စီတန်းနေကြသော ငုဝါပင်များကို မြင်ရသည်။ အစုလိုက် အခက်လိုက် ပွင့်တတ်သော ငုဝါပန်းများတော့ မရှိသေး။ အကိုင်းအခက် သက်သက်သာ ရှိနေသည့် အပင်များမှာ လေဖြင့် တဖျတ်ဖျတ် ယိမ်းခါလျက် ရှိသည်။
နေသူရိန်မင်းခန့် မှန်တံခါးရွက်ကို ညာဘက်လက်ဖြင့် တုံ့နှေးစွာ ကိုင်လိုက်သည်။
ငယ်စဉ်က ငုဝါပင်များ အောက်မှာ သူနှင့် ဝေယံတို့ နှစ်ဦး အတူတူ ဆော့ကစားခဲ့ကြသည်။ စာအုပ်များ ဖတ်ခဲ့ကြသည်။ တစ်ယောက်နှင့် တစ်ယောက် အပြိုင်အဆိုင် စကားနိုင် လုခဲ့ကြသည်။
ကြည်နူးခဲ့ရသလောက် ရန်ဖြစ်ခဲ့ရသလို
ဝမ်းနည်းခဲ့ရသလောက် ရယ်မောခဲ့ရသည်။
ငုဝါပင်၏ ပင်စည်တွေ အကြားမှာ ထင်ကျန်နေသော အမှတ်တရတွေဟာ ရေတွက်လို့ မရအောင် အများကြီး ဖြစ်သည်။ ပုံရိပ်များကို တမ်းတမ်းတတ လွမ်းဆွတ်လိုက်သည့်အခါ ရယ်မောသံနှင့် စကားသံများ မမျှော်လင့်ဘဲ နားထဲသို့ တိုးဝင်လာတော့သည်။
"သူရိန် မင်းအပေါ်မှာ ပိုးကောင် ကပ်နေတယ်၊ ဒါပေမယ့် မင်းနဲ့ လိုက်သားပဲ"
"ကျွန်တော်က ဘယ်လို နေနေ . . Perfect ဖြစ်ပြီးသားလေ"
ဝေယံ မျက်နှာက စူပုပ်သွားတော့သည်။
"အိုတိုးစံနဲ့ အိုကားစံကို ပြန်ခံပြောနိုင်ဖို့ ကူညီပေးမယ့် စကားတွေ သင်ပေးလို့ ဆရာမတွေကို ကျေးဇူးတင်လိုက်တာ"
"မင်းက လူဆိုးကောင်ပဲ"
"ဟုတ်တယ်၊ ဒါပေမယ့် ဆိုးတာကို ယံ သဘောကျတယ်မလား"
ဝေယံ ဘာမှ မဖြေခဲ့။
"ယံ ငိုတိုင်း ကျွန်တော် ပင့်ကူ ဖြစ်ချင်လိုက်တာ၊ ဒါမှ ယံ့အတွက် တစ်ရှူး ရက်ပေးလို့ ရမှာ"
"ငါက ပင့်ကူ ကြောက်တယ်၊ ဒါပေမယ့် . . Spider Man ကိုတော့ သဘောကျသား"
ဒီတစ်ခါတော့ ဝေယံ ပြုံးနေခဲ့သည်။
"ယံက တရုတ် ဘာသာစကားမှာ ကျွမ်းတယ်ဆို အချစ် ဘာသာစကားမှာရော ဘယ်လိုလဲ၊ ကျွန်တော့်ကို သင်ပေးလို့ ရမလား"
"ချစ်လို့ ပြောတဲ့ စကားတွေက အိပ်မက်နဲ့ တူတယ်၊ အချစ်ကို ငါ မယုံဘူး"
"အချစ်ကို ယုံစရာ မလိုပါဘူး၊ ကျွန်တော့်ကိုသာ ယုံလိုက်"
"မင်းကို ယုံရမယ်၊ ဘာလို့လဲ"
"ဘာလို့ဆို ကျွန်တော် ယံ့ကို . ."
နေသူရိန်မင်းခန့် ရင်ထဲ သိမ့်ခနဲ ဖြစ်သွား၏။
ဆက်၍ တမ်းတနေဖို့ မသင့်တော့။
ဒီနေ့အဖို့ တံခါးကို ပိတ်မှ ဖြစ်တော့မည်။
"တွေ့ချင်လွန်းလို့ ရူးမှာပဲ"
မျက်နှာ သစ်ပြီး၍ အဝတ်အစား လဲနေသည့် အခိုက် တံခါးဝမှာ အိမ်အကူ တစ်ယောက် လာရပ်သည်။
"အကိုလေး ဧည့်သည် လာတယ်"
ဧည့်သည် လာဖို့ မမျှော်လင့်ထားတာကြောင့် နေသူရိန်မင်းခန့် အံ့သြသွားရသည်။ ဘယ်သူလဲ။ ယံ . . များလား။ မဖြစ်နိုင်။ သူမှ မအားဘဲ။ အားတယ် ဟု ထားဦး။ ရောက်လာမည့် သူလည်း မဟုတ်။
ဟုတ်သည်။ ခြံတွင်းရှိ ငုဝါပင်တန်းတွေဆီ ဝေယံ ခဏခဏ လာဖူးပေမယ့် အိမ်ထဲကိုတော့ တစ်ခါမှပင် မရောက်ဖူးသေး။ အိမ်ကြီးထဲ ဝင်ဖို့ ပြောတိုင်း အကြောင်းအမျိုးမျိုး ပြကာ အိမ် ပြန်သွားတတ်တာချည်း ဖြစ်သည်။ ဘာကြောင့်မှန်းတော့ မသိ။
နေသူရိန်မင်းခန့် အောက်ထပ်သို့ မျှော်လင့်တကြီး အပြေး ဆင်းလာမိသည်။ ဘယ်က စွမ်းအင်တွေများ ရသွားသလဲ မသိ။ နေမကောင်း ဖြစ်နေတာကို သတိမရတော့။
"ယံ"
"အော . ."
အိမ်ရှေ့ ဧည့်ခန်းမှာ ထိုင်နေသော ဝေယံ့ကို တွေ့တာနှင့် နေသူရိန်မင်းခန့် ကျုံးဖက်လိုက်သည်။ လိုအပ်နေသော အချိန်မှာ အမှတ်မထင် ရလာခဲ့သော ပစ္စည်း တစ်ခုလို မက်မက်မောမော ပွေ့ဖက်ထားသည်။ ဝေယံက ရုတ်တရက်ကြီး အဖက်ခံလိုက်ရတာမို့ ခပ်အမ်းအမ်း ဖြစ်နေပုံ ရသည်။
"သူရိန် . . ကိုယ်တွေ ပူနေတယ်၊ နေမကောင်းဘူးလား"
"အင်း၊ နေမကောင်း ဖြစ်နေတာ သုံးရက်လောက် ရှိပြီ"
ဝေယံ့ ရှေ့က နေသူရိန်မင်းခန့်ဟာ လူမမာ တစ်ဦးနှင့် တူ၏။ မျက်နှာမှာ ချောင်ကျကာ နှုတ်ခမ်းများက ဖျော့တော့နေသည်။ အပူရှိန်ကြောင့် ဖြူလွန်းသည့် အသားအရေမှာ အနည်းငယ် နီရဲနေပြီး မျက်လုံးများက ညိုမည်းနေသေးသည်။
အခုမှ ဝေယံ သတိထားမိလိုက်သည်။
ညတွေမှာ မအိပ်ဘူးလား သူရိန်ရာ
လာမတွေ့ရ ကောင်းလား ဟု စိတ်ဆိုးမာန်ဆိုး ဖြစ်ခဲ့သော ကိုယ့်ကိုယ်ကိုယ်ပင် ဝေယံ အပြစ်တင်မိသွားသည်။
နေသူရိန်မင်းခန့် လက်ဖဝါးကို လက် နှစ်ဖက်နှင့် ဝေယံ ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ အထိအတွေ့က ပူလွန်းသည်။ ရင်တွင်းတစ်လျှောက် အပူရည်များ စီးဆင်းခံလိုက်ရသလို နုံးချည့်သွားရသည်။
ထိတွေ့ထားသော လက်ဖဝါးမှ တစ်ဆင့် အပူငွေ့များ ကူးစက်သွားစေချင်သည်။ လောကကြီးမှာ မိသားစုဝင် တစ်ယောက်၏ ဒုက္ခများအား ထပ်တူ ခံစားပေးဖို့ မျှော်လင့်ခြင်းဟာ ကောင်းမွန်သော လုပ်ရပ် တစ်ခုပဲ မဟုတ်လား။ သို့သော် လက်တွေ့မှာ ထပ်တူ ခံစားပေးဖို့က မဖြစ်နိုင်။ ဘေးနားမှာ အတူ ရှိနေ၍ မျှဝေ ခံစားပေးရုံသာ တတ်နိုင်သည်။
"ဆေး သောက်ပြီးပြီလား"
"ဟင့်အင်း"
"နေမကောင်း ဖြစ်နေတယ်လေ"
"အပြင်းဖျားရုံနဲ့တော့ ဘာမှမဖြစ်ပါဘူး"
"ဒါပေမယ့် . ."
တစ်ခုခု ပြောချင်နေသည့် ဝေယံ၏ လက်ကောက်ဝတ်ကို နေသူရိန်မင်းခန့် ဆုပ်ကိုင်လိုက်သည်။ ဝေယံ့ လက်များ အေးစက်နေတာကို နေသူရိန်မင်းခန့် ချက်ချင်း ခံစားမိသည်။ သူ တော်တော်လေး ကိုယ် ပူနေတာပဲ။
"ယံ ကျွန်တော့်ကို တစ်ခုခု လုပ်ကျွေးပါ့လား"
"ဟမ် . . အခုထိ မနက်စာ မစားရသေးဘူးလို့တော့ မပြောနဲ့နော်"
"ဟုတ်တယ်၊ မစားရသေးဘူး"
"ဒုက္ခပါပဲ၊ တော်တော်လေးမှ ဖျားရဲ့လား၊ သေမသွားတာ ကံကောင်းတယ်လို့ ပြောရမယ်"
ဝေယံ စကားကြောင့် နေသူရိန်မင်းခန့် အသံထွက် ရယ်မိတော့သည်။
ဝေယံက ဘယ်အချိန် ဘယ်အခါပဲ ဖြစ်ဖြစ် သူ့ကို ပြုံးပျော်စေနိုင်သော ပြိုင်ဘက်ကင်း သူ ဖြစ်၏။ ရှင်သန်ရာ ဘဝထဲ တစ်သက်လုံး ခေါ်ထားလို့ ရပါက သိပ် ကောင်းမည်။ အပိုင် လိုချင်စိတ် ဖြစ်မိ၏။
"တိတ်စမ်း၊ ဘယ်မှာလဲ မီးဖိုချောင်က . ."
"ချစ်ဖို့ ကောင်းလွန်းတယ်၊ ယံက ကျွန်တော့်ရဲ့ အိမ်ကလေးပဲ၊ ပြန်ရောက်တိုင်း နွေးထွေးရတယ်"
နေသူရိန်မင်းခန့် လက်များက ဝေယံ ပါး တစ်ဖက်ကို ဆွဲဖဲ့လာသည်။ လှပ်ခနဲ ခုန်သွားသော ရင်ဖြင့် ဝေယံ နောက်သို့ ခြေ တစ်လှမ်း ဆုတ်လိုက်မိသည်။
"ဖယ်စမ်းကွာ၊ မင်း လက်ကြီးကို . ."
"တွန့်တိုလိုက်တာ၊ မီးဖိုခန်းက ဟိုဘက်မှာ ရှိတယ်၊ သွားနှင့် . ."
"မင်းကရော . ."
"ကျွန်တော်က လုပ်စရာ ရှိတယ်၊ ပြီးရင် လာမယ်၊ ဟုတ်ပြီလား"
"အင်း"
နေသူရိန်မင်းခန့် လက်ညှိုး ထိုးပြသော အိမ်နောက်ဖေး မီးဖိုခန်းသို့ ဝေယံ လျှောက်သွားလိုက်သည်။
မီးဖိုခန်းထဲ ဝေယံ လုံးလုံး ရောက်သွားသည့်အခါ နံရံကို မှီရင်း လက်ပိုက် ရပ်နေရာမှ နေသူရိန်မင်းခန့် ကိုယ်ကို မတ်လိုက်သည်။ ထို့နောက် အနားတွင် ရှိနေသော အိမ်အကူ တစ်ယောက်ကို လှမ်းခေါ်သည်။
"ထမင်းစားခန်းထဲမှာ ရှိနေတဲ့ မုန့်တွေ၊ စားစရာတွေ အားလုံးကို လွှတ်ပစ်လိုက်"
"ရှင်"
"ဟော . . စားစရာတွေ အားလုံး လွှတ်ပစ်လိုက်လို့၊ ငါ ပြောတဲ့အထဲ မရှင်းတာ ပါလို့လား"
နေသူရိန်မင်းခန့် ခပ်ပြတ်ပြတ် အော်၏။
"စကားကို နှစ်ခါ ပြောရအောင် လုပ်တယ်"
"တောင်းပန်ပါတယ်၊ အခုပဲ ရှင်းလိုက်ပါ့မယ်"
နေသူရိန်မင်းခန့် မီးဖိုချောင်သို့ ဝင်လာတော့ မီးဖိုပေါ်မှာ ဝေယံ တင်ထားသည့် ရေနွေးအိုးပင် ဆူပွက်နေပြီ။ လူကတော့ စားပွဲမှာ ဓား တစ်ချောင်းနှင့် အလုပ်ရှုပ်နေ၏။
ကြက်သွန်မြိတ်ကို ခပ်ပါးပါး လှီးနေရာမှ သူ ရောက်နေမှန်း ဝေယံ သိသွားသည်။ လုပ်လက်စများ ရပ်ကာ ထိုင်ဖို့ ကုလားထိုင်ကို နောက်သို့ အပြေး ရွှေ့ပေး၏။ သိပ် ချစ်ဖို့ကောင်းတာပဲ။
"ရပ်မနေနဲ့၊ ထိုင်လေ"
"အင်း၊ ယံ ဘာလုပ်နေတာလဲ"
"Rice Porridge"
ဒုက္ခပါပဲ။ ဆန်ပြုတ် မကြိုက်သည့် သူက ဆန်ပြုတ် လုပ်ပေးနေသည်။
ငယ်စဉ်က ဝေယံ ဖတ်ပြခဲ့သော ဆရာကြီး မြသန်းတင့်၏ စာအုပ် တစ်အုပ်ကို နေသူရိန်မင်းခန့် သတိရသွားမိ၏။
ချစ်သူ ဆိုသည် အသေးစိတ်ကလေးတွေက အစ ဂရုစိုက်ခြင်းဖြင့် သူ၏ ချစ်ခြင်းတွေကို အနုပညာမြောက်စွာ ထုဆစ်တတ်ကြသည်။ စိုက်ပျိုးတတ်ကြသည်။ ပျိုးထောင်တတ်ကြသည်။
သို့ပေမယ့် . . ဝေယံ။
သူသည် နေသူရိန်မင်းခန့်၏ ချစ်သူ မဟုတ်။ ဘာဖြစ်လို့များ သဘော မတွေ့သော ဆန်ပြုတ်ကို လုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ရတာလဲ။
နေသူရိန်မင်းခန့် ကုလားထိုင်တွင် ထိုင်နေရာမှ ဝေယံ့ကို မော့ကြည့်မိသည်။
"တရုတ်ရိုးရာ ဆန်ပြုတ်လား"
"ဟင့်အင်း . . ဂျပန် ဆန်ပြုတ်ပါ၊ Okayu လို့ ခေါ်တယ်၊ နေမကောင်းတဲ့ သူတွေအတွက် မနက်စာအဖြစ် စားဖို့ သင့်တော်တယ်လို့ ပြောတာပဲ"
"ဘယ်သူက ပြောတာလဲ"
"Google ကလေ"
စားပွဲပေါ် ချထားသော ဖုန်း မျက်နှာပြင်ကို ဖွင့်လျက် နေသူရိန်မင်းခန့်ကို ပြသည်။ ဖုန်းထဲမှ Okayu နှင့် ပတ်သက်သော ချက်နည်း အညွှန်းများကို လှမ်းကြည့်ပြီး နေသူရိန်မင်းခန့် ခပ်ကြောင်ကြောင် ပြုံးပြမိသည်။
"Google က ဆန်ပြုတ် ချက်မပေးတတ်ဘူးနော် ယံ"
"ငါ သိပါတယ်၊ ဆန်ပြုတ်ကို တစ်ခါမှ မလုပ်ဖူးလို့ . . ဘယ်လို ချက်ရသလဲ လေ့လာကြည့်တာပါ"
တကယ်တော့ ဝေယံ မီးဖိုချောင် ဝင်ဖူးတာ ဒီတစ်ကြိမ်က ပထမဆုံး မဟုတ်။ အိမ်မှာ မကြာခဏ ဆိုသလို မိခင်နှင့် အတူ ဟင်း ချက်ဖူးသည်။ တစ်ခါတလေ ဟင်းအသစ်များကိုပင် ကိုယ်တိုင် လက်တည့်စမ်းကာ ချက်ပြုတ်တတ်သေး၏။
"ယံ"
"အင်း . . ၊ ဗိုက်ဆာပြီလား"
"ဟင့်အင်း၊ မေးချင်တာ ရှိတယ်"
ဝေယံ ဆန်ပြုတ်အိုးကို အဖုံး ဖုံးပြီး မီး အရှိန် လျှော့ကာ နေသူရိန်မင်းခန့်ကို ကြည့်လိုက်သည်။
"ကျွန်တော် မရှိတဲ့ အချိန် အိမ်ကို Scarlett လာသေးလား"
မထင်မှတ်ထားသော မေးခွန်း ဖြစ်တာမို့ ဝေယံ စိတ် ကသိကအောင့် ဖြစ်သွားသည်။ နေသူရိန်မင်းခန့်က သူ့အား ရင်ထဲအထိ ထိုးဖောက်ပစ်နိုင်သည့် မျက်လုံးများဖြင့် စိုက်ကြည့်ကာ အဖြေကို စောင့်နေသည်။
ဝေယံ ပြုံးလိုက်၏။ အပြုံးက မပီပြင်။
"ဘာလို့ မေးတာလဲ"
"သိချင်လို့ပေါ့"
"မလာပါဘူး၊ မင်း သူ့ကို စိတ်ဆိုးအောင် စလိုက်ကတည်းက အိမ်ကို မလာတော့တာ"
"သြော် . . ၊ ဟုတ်လား"
နေသူရိန်မင်းခန့် ပါးချိုင့်တွေ ပေါ်အောင် လက်ခနဲ တောက်ပစွာ ပြုံးသည်။ ပြုံးလိုက်ပုံက တစ်မျိုး။ ကျေနပ် အပြုံးများလား ဟု ဝေယံ သံသယ ဖြစ်မိသည်။ သို့ပေမယ့် ဘာမှ မမေးဖြစ်လိုက်။ ဆန်ပြုတ်အိုးက ရုတ်တရက်ကြီး ဆူလာတာကြောင့် ဖြစ်သည်။
ဝေယံ ဆူလာသော ဆန်ပြုတ်ရည်ထဲ သီးသန့် ဖယ်ထားသော ကြက်ဥ အနှစ်ကို ထည့်လိုက်သည်။ သစ်သား ယောင်းမနှင့် အကြိမ်ကြိမ် မွှေပြီးသည့်အခါ ကြက်သွန်မြိတ် အနည်းငယ် ဖြူးပြီး မီးဖိုခလုတ်ကို လှည့်ပိတ်လိုက်သည်။ ချက်နေသည့် တစ်လျှောက်လုံး ဆန်ပြုတ် အရသာကို နည်းနည်းလေးမှ သူ မမြည်းခဲ့။
ပန်းကန်လုံးထဲသို့ Okayu အနည်းငယ်ကို ဝေယံ ခပ်ထည့်သည်။ ဇွန်းနှင့် မွှေရင်း အနည်းငယ် အေးသွားတော့မှ အကူအညီ လိုပါက စေခိုင်းဖို့ အသင့် ရှိနေသော အိမ်အကူထံ ပေးကာ ထမင်းစားခန်း အတွင်းသို့ ထားခိုင်းလိုက်သည်။
"ရေခဲသေတ္တာထဲမှာ ရေက လွဲပြီး ဘာမှမရှိဘူးလား"
"ဟုတ်တယ်၊ ဘာမှမရှိဘူး"
ထမင်းစားပွဲမှာ ဝေယံ ချက်ပေးထားသော ဆန်ပြုတ်ကို ဇွန်းနှင့် ခပ်သောက်နေရာမှ နေသူရိန်မင်းခန့် ခပ်လေးလေး အဖြေ ပေးလာသည်။
"ကြောင်အိမ်ထဲမှာရော . ."
"မရှိဘူး"
"ဒါ ထမင်းစားခန်းမှ ဟုတ်ရဲ့လား"
နေသူရိန်မင်းခန့် ပြုံးလိုက်သည်။
"အဲ့ဒါကြောင့် နေ့လယ်စာ ချက်ကျွေးခိုင်းနေတာလေ"
"နေ့လယ်စာ ချက်ဖို့ပဲ ငါ ပြောနေတာလေ၊ ဒီမှာ ဟင်းချက်ဖို့ အသီးအနှံ့တောင် မရှိဘူး"
Damn . . .
နေသူရိန်မင်းခန့် အသံတိတ် ကျိန်ဆဲမိသည်။
စေခိုင်းလိုက်သော အိမ်အကူက ပြောလိုက်သည့် စကားအား တစ်လုံး မကျန် နားထောင်ပုံ ရသည်။ ထမင်းစားခန်းက လုံးဝကို ပြောင်သလင်းခါနေ၏။
"မီးဖိုခန်းထဲမှာတော့ ရှိလိမ့်မယ်၊ မရှိလည်း အနီးနားက ကုန်တိုက်မှာ သွားဝယ်ကြတာပေါ့"
"အဲ့ဒီလို မလုပ်ဘဲ . . အပြင်မှာ ဝယ်စားလိုက်ပါ့လား"
"မရဘူး"
အသံ ကျယ်သွားသည် ထင်၏။
ဝေယံ ဆတ်ခနဲ တုန်သွားသည်။
"ဟို . . ကျွန်တော်က ယံ ချက်ကျွေးတာ စားချင်လို့ပါ၊ ချက်ကျွေးမယ်မလား၊ နော် . . နော်လို့"
နေသူရိန်မင်းခန့် ဘေးမှာ ထိုင်နေသည့် ဝေယံ၏ ပခုံးပေါ် မျက်နှာ အပ်ရင်း ကပ်ချွဲသည်။
"လုပ်ပါ ယံရာ၊ Akachan က စားချင်နေတာ၊ ချက်ကျွေးသင့်ပါတယ်"
ကလေးလေး ဟု အဓိပ္ပါယ်ရသော Akachan ဆိုသည့် ဂျပန် စကားလုံးနှင့် နေသူရိန်မင်းခန့်က သူ့ကိုယ်သူ သုံးနှုန်းလိုက်တာမို့ ဝေယံ အသံ ထွက်အောင် ရယ်မိတော့သည်။ ယခု နှစ်ပိုင်းအတွင်းမှာ ဂျပန် စကားကို သူ တတ်မြောက်လို့ လာခဲ့ပြီ ဖြစ်သည်။
"ကဲ ကဲ . . ချက်ကျွေးပါ့မယ်၊ အဲ့ဒီလောက်ကြီး ကလေးမဆန်ပါနဲ့ . . ၊ ကြက်သီး ထတယ်"
ဝေယံ ပြောပြီး အသာအယာ ရယ်မောနေသည်။
နေ့လယ်ပိုင်းမှာ နေသူရိန်မင်းခန့် ကြိုက်သည့် ဟင်းအမယ်များကို ဝေယံ ချက်ကျွေးခဲ့သည်။ နှစ်ယောက် အတူ ရယ်မောရင်း ထမင်း စားခဲ့ကြသလို စားပြီးသော ပန်းကန်များကို အတူတူ ဆေးခဲ့ကြသည်။
တကယ်တမ်း နေသူရိန်မင်းခန့် တစ်ခါမှ ပန်းကန် ဆေးဖူးတာ မဟုတ်။ ယခုက ပထမဆုံး အကြိမ် ဖြစ်သည်။ စိုနေသော လက်တွေကို လက်ကိုင်ပဝါဖြင့် သုတ်ကာ ဝေယံ ရှိရာ သူ့အခန်းဆီသို့ နေသူရိန်မင်းခန့် ခပ်သွက်သွက် လျှောက်လာခဲ့သည်။
အဖျားအတွက် သောက်ဖို့ ဆေး ယူပေးမည် ဆိုကာ ယခုအချိန်ထိ ပေါ်မလာသေး။ ကြည့်ရတာ ထားသည့် နေရာကို မတွေ့တာဘဲ ဖြစ်ရမည်။ တကယ်တော့ အဖျားက ဝေယံ့ကို မြင်ကတည်းက ပျောက်သွားပြီ ဖြစ်သည်။ ဒါကို မသိဘဲ တစ်မနက်ခင်းလုံး တကုတ်ကုတ်နှင့် တစ်ယောက်တည်း အလုပ်ရှုပ်နေခဲ့သည်။
နေသူရိန်မင်းခန့် မပြုံးဘဲ မနေနိုင်အောင် ဖြစ်ရသည်။
"ဒါနဲ့ပဲ အကုန် လွှတ်ပစ်လိုက်တယ်ပေါ့၊ နှမြောစရာကြီးဟာ . . ၊ မသိအောင် ယူထားတာ မဟုတ်ဘူး၊ နင်ဟာလေ တကယ့်ကို တုံးတာ၊ အခု ဘယ့်နှယ်လုပ်မလဲ"
"အကိုလေး အကြောင်းကို မသိလို့လား၊ သူက တကယ် ဆိုးတာဟ၊ တော်ကြာ အလုပ်ပြုတ်နေမှဖြင့် . ."
အပေါ်ထပ်မှ အိမ်အကူများ၏ တီးတိုး ပြောသံဟာ လှေကားရင်းမှ နေသူရိန်မင်းခန့်ထံ လွှင့်စင်လာသည်။ မျက်နှာမှာ ဖြစ်တည်နေသော ပြုံးစစ အပြုံးက ရုတ်ခြည်း ပျောက်ကွယ်သွားကာ ခြေလှမ်းများ တုံ့နှေးသွား၏။
"ဒါပေမယ့် အကိုလေး ဘေးက ကောင်လေးကတော့ တကယ် သဘောကောင်းတယ်ဟယ်၊ သူ ဟင်းချက်နေတုန်း လိုတာတွေ ကူပေးလို့ . . ငါ့ကို ကျေးဇူးပဲလို့ ပြောတာများ . . အသံလေးက ချိုမြနေတာပဲ"
"နင်ကတော့ ပိုပြီ၊ ဒါနဲ့ နာမည်က ယံ ဆိုလား . . ၊ အကိုလေး ခေါ်တာ ကြားလိုက်ပါတယ်၊ ချစ်ဖို့ကောင်းတာတော့ အမှန်ပဲဟ"
တစ်ဦးပိုင် ချစ်စနိုး ခေါ်သည့် နာမည်ကို ကြားလိုက်ရတာမို့ နေသူရိန်မင်းခန့် ဒေါသများ ဒိန်းခနဲ ဆောင့်တက်သွားသည်။
"သူ ချစ်ဖို့ကောင်းတာက ငါတို့ အကိုလေး ချောတာကို မမီပါဘူး၊ ခက်တာက အကိုလေးက ကြောက်ဖို့ ကောင်းလောက်အောင် . ."
"ဆိုးသွမ်းနေတာလား"
အကြိတ်အနယ် ဆွေးနွေးနေသော စကားဝိုင်းက နေသူရိန်မင်းခန့် စကား တစ်ခွန်းကြောင့် ရပ်တန့်သွားတော့သည်။
"အကိုလေး . ."
အိမ်အကူ အားလုံး သူ့ကို ထိတ်လန့်စွာ ကြည့်လာကြသည်။ လှမ်းကြည့်နေသော မျက်လုံးများမှာ ကြောက်ရွံ့မှုများ စိုးမိုးနေ၏။
"ငါ့အထင်၊ ကြည့်ရတာ . . တစ်ဖွဲ့လုံး မန်မန် တူးတူးပုန်းချင်နေပြီနဲ့ တူတယ်"
ထိုစကားကို ခပ်ပေါ့ပေါ့ ပြုံးရင်း နေသူရိန်မင်းခန့် ပြောလိုက်တာပဲ ဖြစ်သည်။ အပြုံးတုကြောင့် အိမ်အကူများ ကျောထဲ စိမ့်သွားအောင်အထိ တုန်လှုပ်သွားရသည်။
~•~ S U N ~•~
1 / December / 2019
6 : 00 PM