အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးလာခဲ့သလို ချမ်းအေးသော ဒီဇင်ဘာဆောင်းသည် ကျွန်တော်တို့မြို့လေးကို ဖတ်ခေါ်သူမရှိပါဘဲနှင့် ၀င်ရောက်လာခဲ့ပြီးဖြစ်သည်။ ရှိုင်းညီ မြို့လေးမှာ ရှိမနေ။ ဘောလုံးကန်ဖို့ရန်အတွက် အခြားနေရာသို့ ညအိပ်ခရီးတို ထွက်သွားခဲ့သည်။ ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေသည့် ကျွန်တော့်အတွက် ဆိုင်ကယ်သံကို ကြားရချိန် ခေါင်းတွေမတ်သွားခဲ့သည်။
"ဟိုအကောင်ရေ.. နင့်သူငယ်ချင်းလာကြိုနေပြီ။"
အမေ့ခေါ်သံကြောင့် မနက်စာကို ပါးစပ်ထဲ ပလုတ်ပလောင်းသွင်းကာ အိမ်ရှေ့အမြန်ပြေးထွက်လာခဲ့သည်။ ပြန်လာပြီလားဆိုသည့် အတွေးမဆုံးလိုက်။ မြင်လိုက်ရသူကြောင့် ကျွန်တော် တွန့်သွားသည်။
"မိုးဇေ.. "
လက်ပြနှုတ်ဆက်နေသည့် လင်းမြွေ။ အိမ်ထဲပြန်ဝင်ဖို့လည်း မဖြစ်နိုင်တော့။ မနေ့က ကျွန်တော့်ကိုပြောသည်။ သူ လာကြိုမည်တဲ့။ ကျွန်တော် ငြင်းခဲ့သည်။ ယခုလို အိမ်ရှေ့ထိရောက်လာမည်မထင်ခဲ့။ အခုကျမှ ငြင်းဖို့ကိုလည်း အားနာသလိုဖြစ်ကာ စိတ်လေးလေးဖြစ် ထွက်လာခဲ့သည်။
"ငါ မင်းကို လာကြိုတာ။"
"မလိုပါဘူးလို့ ငါ ပြောထားတာကို။"
"လာစမ်းပါကွာ။ လမ်းကြုံနေတာ။"
လင်းမြွေဆိုင်ကယ်နောက်မှာ ထိုင်ဖြစ်သည်။ ကျွန်တော့်ရဲ့ ကြောက်တတ်မှုနှင့် ပြဿနာကို ရှောင်ချင်တတ်သည့် စိတ်ကို ဒေါသဖြစ်သည်။ လင်းမြွေကို ပွင့်ပွင့်လင်းလင်း မငြင်းရဲလောက်အောင် ကျွန်တော် အခုထိ ရှိန်နေသည်။ တစ်ရက်မှသည် နှစ်ရက်ဖြစ်လာသည်။ ရှိုင်းညီ ပြန်မလာမချင်း ကျွန်တော့်ကို လင်းမြွေကျောင်းအသွား အမြဲလာကြိုတတ်လာသည်။ စိုးရွံ့ပေမယ့် ကျွန်တော် နှုတ်ဆိတ်နေခဲ့သည်။ ရှိုင်းညီ ပြန်လာတော့ ကြိုတင်စိတ်ပူမိသည့်အတိုင်း ကျွန်တော်နှင့်သူ ပြဿနာတက်တော့သည်။
"ရှိုင်း..စိတ်မဆိုးပါနဲ့ကွာ။"
"မင်း အသစ်တွေ့နေပြီ မဟုတ်လား။"
"ဟာ.. မဟုတ်ပါဘူး။"
"ဘာမဟုတ်ဘူးလဲ။ ငါ လာမကြိုနိုင်တဲ့ သုံးလေးရက်အတွင်းမှာတောင်.. မင်းကွာ.. တောက်.."
"ငါ အားနာလို့ပါကွာ။ လာမကြိုပါနဲ့ဆိုတာကို လာကြိုတာ။"
"အားနာလို့ နောက်ကလိုက်လာတယ်ပေါ့။ အဲ့အကောင်ရဲ့ ခါးကိုရော ချမ်းလို့ဆိုပြီး မင်းဖက်ခဲ့သေးလား။"
"ရှိုင်း.. မင်း လွန်လာပြီ။"
ချစ်လွန်းလို့ ခွင့်လွှတ်ပေးနေပါလျက် ရှိုင်းညီ ကျွန်တော့်အပေါ် ရက်စက်လွန်းသည်။ သ၀န်တိုတတ်တာ သိပေမယ့် ဒီလောက်လွန်လာတော့ မွန်းကြပ်လာသည်။ ကျွန်တော် သူ့တစ်ယောက်တည်းကိုသာ ချစ်ပါသည်။ ဒါကို သူ ယုံကြည်အောင် ဘယ်လို ရှင်းပြရမလဲမသိ။ ကျချင်နေသော မျက်ရည်များကို ကျွန်တော် မထိန်းနိုင်။ ကျောခိုင်းထွက်သွားသည့် ရှိုင်းညီကို မတားဖြစ်ခဲ့။
ကျွန်တော့်ဖက်မှ မလွန်ဟု ယူဆခဲ့သောကြောင့် စကားမစဖြစ်။ တစ်ပတ်ခန့်ကြာသည့်တိုင်အောင် တစ်ယောက်နှင့်တစ်ယောက် မခေါ်မပြော ဖြစ်ရပြန်သည်။ ဘေးချင်းကပ်ထိုင်နေကြပါလျက်၊ အသည်းနင့်အောင် ချစ်ကြပါလျက် ဥပေက္ခာပြုချင်ယောင်ဆောင်ရသည်မှာ ပင်ပန်းဖို့ကောင်းသည်။ ထို့နောက်မှာတော့ ရှိုင်းညီ ကျောင်းလာမတက်တော့။ ကြိတ်ပြီး ၀မ်းနည်းခဲ့ရသလို ကြိတ်ပြီးမျှော်ရပြန်သည်။ သူ့ကို ချစ်ရသည်မှာ ပင်ပန်းလိုက်တာဟု မတွေးရက်ပေမယ့် တစ်ခါတစ်ရံ ကျွန်တော် မခံစားနိုင်လောက်အောင် ခံရခက်သည်။
"ကိုမိုးဇေ.."
ရှိုင်းညီ၏ ညီမလေး ကျွန်တော့်အိမ်ရှေ့ရောက်သည်။ ကျွန်တော့်ထက် နှစ်နှစ်နီးပါး ပိုငယ်ပေမယ့် ကျွန်တော့်အရပ်နှင့်မတိမ်းမယိမ်း။
"ကိုကြီးက ကိုဇေ့ဆီက စာဖတ်ချင်တယ်တဲ့။"
"ဟင်.."
"ကိုကြီး ထမင်းမစားဘူး ကိုဇေရ။ စာလေးတစ်စောင်လောက်ဖြစ်ဖြစ် ရေးပေးလိုက်ပါလား။"
ကျွန်တော်တို့နှစ်ယောက်အကြောင်းကို သိနေသည့် ရှိုင်းညီ ညီမလေးက စိတ်ညစ်သလို ခေါင်းကုတ်နေသည်။ ကျွန်တော် သက်ပြင်းချဖြစ်သည်။
"သူ အစ်ကို့ကိုယုံရင် အစ်ကိုတို့နှစ်ယောက် တွေ့နေကြနေရာကို လာခဲ့လို့ပြောလိုက်။ အစ်ကိုစောင့်နေမယ်။"
"ကျေးဇူးပါ ကိုဇေရာ။ အိမ်မှာ ဖေဖေတို့ကလည်း ကိုကြီးကို တစ်ချိန်လုံးဆူနေကြတယ်။ သူတို့က ကိုကြီး ကိုဇေ့ကို မချစ်ရဘူးတဲ့။"
ရှိုင်းညီ ညီမလေး ကျွန်တော့်ကို နှုတ်ဆက်ကာ ထွက်ခွာသွားသည်။ ကျွန်တော့်ရင်တွေ ပူလာသည်။ ကျွန်တော်နှင့်ရှိုင်းညီ ချစ်သူသက်တမ်းသည် ကြာခဲ့ပြီ။ လူနေအိမ်နည်းပါးသော မြို့ငယ်လေးတွင် သတင်းပြန့်သည်မှာ မထူးဆန်းပါ။ တစ်နေ့နေ့ ဒီလိုအဖြစ်မျိုးကို ကျွန်တော်တို့နှစ်ယောက်စလုံး ကြုံရမည်မလွဲဆိုတာ ကျွန်တော် နားလည်သည်။ ကျွန်တော့်ဖေဖေသည်ပင် ကျွန်တော်နှင့် ရှိုင်းညီကို မပတ်သက်စေချင်ကြောင်း အရိပ်အမြွက်ပြောနေပြီဖြစ်သည်။
ညနေကျောင်းဆင်းချိန် မြို့ငယ်လေး၏ မြောက်ဖက်ရှိ ဘုရားကုန်းသို့ ကျွန်တော် ထွက်လာခဲ့သည်။ ညနေခင်းဆည်းဆာချိန် တိတ်ဆိတ်နေသော ဘုရားကုန်းလေး၏ ညောင်ပင်ကြီးအောက်တွင် မတ်တတ်ရပ်နေသည့် ရှိုင်းညီ။ လှမ်းမြင်နေရသည့် မြစ်ငယ်ရေစီးကို ငေးကြည့်ဖြစ်သည်။ ပုဆိုးကို ခြေရင်းထိပုံကျနေအောင် ခပ်ရှည်ရှည်ဝတ်ထားသည်။ ကျောပြင်သည်ခပ်မတ်မတ်။
ကျွန်တော့်ချစ်သူကိုမြင်တော့ စိတ်ဆိုးခဲ့ရတာတွေကိုရော၊ ၀မ်းနည်းခဲ့ရတာတွေကိုပါ ကျွန်တော် မေ့သွားခဲ့ပြန်သည်။ သူ့ရှေ့ရောက်လျှင် ကျွန်တော့်မှာ မာနရော၊ သိက္ခာပါ မရှိတော့သလို။ ရှိုင်းညီ စိတ်တိုင်းကျ အလိုလို လိုက်လျောအောက်ကျခံဖို့ အသင့်ဖြစ်နေတတ်သည်။ ဘေးနားတွင်ဝင်ရပ်ချိန် ကျွန်တော့်ကို ငဲ့ကြည့်ပေမယ့် စကားမဆို။ စပြောသူသည် ကျွန်တော် ဖြစ်ရပြန်သည်။
"မင်း ငါ့ကို ယုံလား ရှိုင်း။"
အဖြေကို မကြားရ။ ကျွန်တော် နာကြည်းစွာပြုံးဖြစ်သည်။
"ချစ်သူနှစ်ယောက်မှာ ယုံကြည်ဖို့က အရေးကြီးတယ် ရှိုင်း။ မင်း ငါ့ကိုမယုံရင် သံသယတွေ အမြဲရှိနေမှာပဲ။ ဒါဆို တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ နားလည်မှုပေးနိုင်မှာ မဟုတ်ဘူး။ မင်း ဘောလုံးကန်ရင် ယွန်းနဒီ အမြဲလာအားပေးနေတာ ငါ သိတယ်။ ဒါပေမဲ့ ငါ မင်းကိုယုံတယ်။ မင်းက ငါ့ချစ်သူ။ မင်း ငါ့ကိုပဲချစ်တယ်ဆိုတာ ငါယုံတယ်။"
ရှိုင်းညီ ကျွန်တော့်ကို လှမ်းဖက်လိုက်သည်။ ကျွန်တော့်ခေါင်းမှ ဆံပင်များကို ဖွဖွနမ်းသည်။
"ငါ မင်းကို ချစ်လွန်းလို့ပါကွာ"
ဘုရားပေါ်မှ ဆည်းလည်းသံလေးများကြားမှ ချစ်သူ၏ ၀န်ခံစကားသည် ချိုမြိန်လွန်းနေသည်။ ကျွန်တော် ကျေနပ်ရပြန်သည်။ ရှိုင်းညီ၏ ၀န်ခံကတိသည် ကျွန်တော့်ရဲ့ ၀မ်းနည်းမှုမှန်သမျှကို ဖျောက်ဖျက်နိုင်သည်။ ဒါပေမဲ့ ကျွန်တော်တို့နှစ်ယောက် ပြန်လည်ပြေလည်သွားတာတောင် မျက်နှာမကောင်းသည့် ရှိုင်းညီ၏ အမူအရာကို ကျွန်တော် သတိထားမိသည်။
"ရှိုင်း.. မင်း မိဘတွေနဲ့ ပြဿနာတက်နေတယ်ဆို။"
ရှိုင်းညီ မျက်နှာပျက်သွားသည်။ ကျွန်တော် စိတ်မကောင်းနိုင်။ ကျွန်တော့်မိသားစုတွင် ကိုကို ရှိသေးသည်။ ဘာပဲဖြစ်ဖြစ် အဖြစ်မှန်ကိုသိထားကာ ကျွန်တော့်ဖက်မှ ရပ်တည်ပေးမည့်သူ။ မေမေသည်လည်း ရှိုင်းညီနှင့်ကျွန်တော် ချစ်သူဖြစ်မှန်း မသိသေးပေမယ့် ကျွန်တော် ဂေးတစ်ယောက်ဆိုတာကိုတော့ ရိပ်မိသိရှိထားသည်။ ရှိုင်းညီ မိဘများကတော့ သူတို့သားသည် လိင်တူချစ်သူတစ်ယောက်ဆိုတာကိုပင် မသိထားသေး။ လက်ခံနိုင်မည့်သူများလည်းမဟုတ်။ ရှိုင်းညီကို ဖိအားပေးကာ ဆူပူနေကြလိမ့်မည်ကို ကျွန်တော် မေ့ထားခဲ့သည်။
"မင်းအိမ်က ငါတို့နှစ်ယောက်ကိစ္စကို ဘာပြောလဲ မိုးဇေ။"
"မင်းကို မကြိုက်နဲ့တဲ့။"
ဟာသတစ်ခုလို ပေါ့ပေါ့ပါးပါး ပြောလိုက်ပေမယ့် ကျွန်တော့်ရယ်သံသည် အသက်မပါ။
"မင်းအိမ်ကရော..ရှိုင်း"
"အတူတူပဲ။ မင်းနဲ့အဆက်ဖြတ်ဖို့ချည်းပဲ ပြောနေတယ်။"
"ဟုတ်လား။"
ကျွန်တော် ခေါင်းငုံ့သွားတော့ ကျွန်တော့်လက်များကို ရှိုင်းညီဆုပ်ကိုင်သည်။ အားပေးသည့်ဟန် အားထည့်ကာ တင်းတင်းဆုပ်ထားပေမယ့် သူ့လက်ဖ၀ါးများတွင် ခွန်အားမရှိ။ ဆုပ်ကိုင်ထားသော လက်ဖ၀ါးများကို မျက်ရည်များကြားမှေ၀၀ါးဝါးမြင်နေရသည်။ ကျွန်တော်တို့နှစ်ယောက်ရဲ့ တွဲလက်တွေ ဘယ်အချိန်ထိ ခိုင်မြဲနိုင်မှာလဲဟု မရွံ့မရဲတွေးမိသည်။
သ၀န်တိုတာတွေ၊ အထင်လွဲတာတွေ၊ စကားများတာတွေ..
ဒါတွေအားလုံးသည် ကျွန်တော်တို့ လူငယ်နှစ်ယောက်၏ အချစ်ပြဿနာများပင်။ အကြိမ်ကြိမ်ရန်ဖြစ်သည်။ အကြိမ်ကြိမ် ပြန်တည့်သည်။ အထင်လွဲသည်။ ပြန်ချစ်ကြသည်ပင်။ ဒါတွေကို ရင်ဆိုင်နိုင်ဖို့ ကျွန်တော်တို့မှာ ခွန်အားရှိခဲ့သည်။ ကျော်လွှားနိုင်ဖို့ ကျွန်တော်တို့နှစ်ယောက်စလုံး ကြိုးစားခဲ့သည်။ ယခုအချိန်ထိ အောင်မြင်ခဲ့သည်ပင်။ ဒါပေမဲ့ မိသားစု၊ အသိုင်းအ၀ိုင်းဆိုသည့် အရိပ်များပါ ပါဝင်လာခဲ့လျှင်ရော။ ကျွန်တော် ပင့်သက်တစ်ခုကို ရှိုင်းညီမကြားအောင် ချဖြစ်ခဲ့သည်။
"မိုးဇေ.."
"ဟင်.."
"ငါတို့ နှစ်ပတ်လည်နေ့ရောက်တော့မယ်။"
"အေး.."
စိုးရိမ်မှုများကို ကျွန်တော်မေ့ထားကာ ပြုံးဖြစ်သည်။
"မင်း သွားချင်တဲ့နေရာ ငါလိုက်ပို့ပေးမယ်။"
"တကယ်လား။"
"နောက်ပြီး စားချင်တာစား။ ၀ယ်ချင်တာဝယ်။ အားလုံးမင်းစိတ်တိုင်းကျပဲ။"
အသံထွက်အောင် အော်ဟစ်လိုက်ပြီး ကျွန်တော် ရှိုင်းညီကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားဖြစ်သည်။ ဒီအပျော်တွေကို မပျောက်သွားစေချင်။