လောင်းရိပ်
By akyinnamon
96.4K 7K 428
(Unicode & Zawgyi) ခက်စွာရှေ့လှမ်း .. အားမာန်တင်းလည်း ... မသိစိတ်က ကျရှုံးရသည်..မေ့ပါပြီလို့ .. ဟစ်ကြွေးနေဆဲ... More
A/N (Unicode)
Part 1 (Unicode)
Part 3 (Unicode)
Part 4 (Unicode)
ဇာတ်သိမ်းပိုင်း
A/N (Zawgyi)
Part 1 (Zawgyi)
Part 2 (Zawgyi)
Part 3 (Zawgyi)
Part 4 (Zawgyi)
ဇာတ်သိမ်းပိုင်း
Part 2 (Unicode)
8.3K 789 55
By akyinnamon
ကျောင်းစိမ်း၀တ်စုံကို လဲလှဲဖို့မကြာပေမယ့် စာအုပ်တွေကို ကျောပိုးအိတ်ထဲထည့်ရတာ ကျွန်တော့်အတွက် အမြဲကြာတတ်သည်။ ဖတ်စာအုပ်၊ ရေးစာအုပ်တွေ မမှားအောင် ဂရုစိုက်ရတာသည် လွယ်ကူမနေ။ နောက်ပြီး ရှာမရ။ ဘယ်နားရောက်နေမှန်းမသိ။ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်အပြီး ပြန်တက်ရသည့် တနင်္လာနေ့မျိုးဆို ပိုဆိုးသည်။ စာကျက်မည်ဆိုပြီး ဆွဲထုတ်ထားသမျှ ဘယ်နေရာတွေ ရောက်ကုန်သည်မသိ။ တကယ်ကျက်ဖြစ်သည်ဆိုလျှင်လည်း တစ်မျိုး။ အခုက တကယ်လည်း မကျက်ဖြစ်။ စာအုပ်တွေလည်း ပျောက်။ ဒါ့ကြောင့် တနင်္လာနေ့ မနက်ခင်းတွေမှာ ကျွန်တော် စိတ်ရှုပ်ရမြဲ။
"ဟိုအကောင်.. အခုထိ အဆင်သင့်မဖြစ်သေးဘူးလား။"
ကျွန်တော့်အမေ၏အသံကို အောက်ထပ်မှ ကြားနေရသည်။ မနက် မိုးလင်းသည်နှင့် ဟိုအကောင် အိပ်ရာက မထသေးဘူးလား။ ဟိုအကောင် မနက်စာ မစားသေးဘူးလား။ ဟိုအကောင်.. ဟိုအကောင် နှင့် ကျွန်တော် စိတ်ညစ်လှသည်။ ၀တ္ထုတွေထဲကလို သားလေးရေ ဘာဘာညာညာမရှိ။ ကျွန်တော့်တွင် အဖေ၊ အမေနှင့် အစ်ကိုတစ်ယောက်ရှိသည်။ မိသားစု ၀ိုင်းထိုင်ကာ စကားပြောတာ၊ ထမင်း၀ိုင်းမှာ စုံစုံညီညီ ရယ်ရယ်မောမော စကားပြောကြတာမျိုးတွေ မရှိ။ ဒါမျိုးတွေ ရုပ်ရှင်တွေထဲမှာပဲ ကျွန်တော်မြင်ဖူးသည်။
မိုးလင်းတာနှင့် ၀န်ထမ်းများဖြစ်သော အဖေနှင့်အမေမှာ ကသုတ်ရိုက်ကာ ပြင်ဆင်ကြသည်။ အမေကတော့ အအော်၊ အဆဲလေးပါ ပါသည်။ အိပ်ရာထ နောက်ကျတတ်သည့် ကျွန်တော့်ကြောင့် အိမ်လေးသည် အကျယ်အ၀န်းနှင့်မလိုက်ဖက်အောင် ဆူညံနေတတ်သည်။ မနက်စာကိုလည်း ဦးသူအရင်စားကာ အလုပ်၊ ကျောင်း ဆိုင်ရာဆိုင်ရာ သွားကြသည်ပဲဖြစ်သည်။
"ဟဲ့..ဟိုအကောင်.. ငါ ခေါ်နေတယ်လေ။ ဒီမှာ နင့်သူငယ်ချင်းရောက်နေပြီ။"
"လာပါပြီ အမေရ။"
ကျွန်တော် အပြေးတပိုင်း အောက်ထပ်ဆင်းလာခဲ့သည်။ ကျွန်တော့်သူငယ်ချင်း ရောက်နေပြီတဲ့။ မည်သူလဲဆိုတာကို ချက်ချင်းသိသည်။ ပျော်သလိုလိုဖြစ်ပေမယ့် မျက်နှာတည်ထားဖို့လည်း မေ့လို့မရ။ ကျွန်တော် ရှိုင်းညီကို စိတ်ကောက် မပြေသေး။
"ညီလေး.. မနက်စာ.."
"မစားတော့ဘူး ကိုကိုရ။ ကျွန်တော်သွားတော့မယ်။"
ဧည့်ခန်းထဲမှ ကိုကို့ကို ကျွန်တော် ဖြေရင်း အိမ်တံခါးကို တွန်းဖွင့်လိုက်သည်။ ကျွန်တော့်ကို ဂရုတစိုက်ဆက်ဆံတတ်သည်မှာ ကျွန်တော့်အစ်ကိုတစ်ယောက်သာ ရှိသည်။ အသက်ချင်းကွာလွန်းသဖြစ် အတူတူ ကစားတာတွေ၊ ရန်ဖြစ်တာတွေ သိပ်မရှိ။ ဒါပေမဲ့ ကျွန်တော် လိုအပ်သည်ဆိုတိုင်း ကိုကိုသည် ကျွန်တော့်အတွက် အမြဲအဆင်သင့် ဖြစ်နေတတ်သည်။
ကျွန်တော်တို့ အိမ်လေးသည် မကျယ်၀န်းလှ။ ခြံလေးမှာလည်း ကျဥ်းသည်။ တောင်ပေါ်မြို့လေးဖြစ်ပေမယ့် သစ်ပင်တောတန်း နည်းပါးသောကြောင့် စိမ်းလန်းမှုမရှိ။ နေရာတိုင်းတွင် မြေရောင်သန်းကာ မြူမှုန်များကြောင့် စိုထိုင်းထိုင်းဖြစ်နေတတ်သည်။
"မိုးဇေ... မင်း ငါ့ကိုစိတ်ဆိုးနေတုန်းပဲလား။"
ခြံတံခါးအပြင်ထွက်လိုက်သည်နှင့် ရှိုင်းညီ ကျွန်တော့်ကိုမေးသည်။ စူပုပ်ပုပ်နှင့် စကားပြန်မဖြေဘဲ ကျွန်တော် စိတ်ဆိုးနေသေးကြောင်း အသိပေးဖြစ်သည်။ လ၀က်စာမေးပွဲတွင် ကျွန်တော် သင်္ချာကျသည်။ ရှိုင်းညီကြောင့်ဖြစ်သည်ဟု တထစ်ကျစွပ်စွဲကာ ကျွန်တော် စိတ်ဆိုးနေခြင်းဖြစ်သည်။
ကျွန်တော်တို့ ချစ်သူဖြစ်ခဲ့ကြသည်မှာ လပေါင်းကြာခဲ့ပြီဖြစ်သည်။ နှစ်ယောက်စလုံး ပျော်ခဲ့ကြသည်။ ကျောင်းမှာအမြဲအတူတူ ဖြစ်သလို ကျောင်းသွား၊ ကျောင်းပြန်လည်း ရှိုင်းညီက ကျွန်တော့်ကို လာခေါ် ပြန်ပို့ပေးတတ်သည်။ ထို့အပြင် စာကျက်မည်ဟု အကြောင်းပြကာ ရှိုင်းညီအိမ်သို့ ကျွန်တော် မကြာခဏ ရောက်ဖြစ်ခဲ့သည်။ စာကျက်သည်ထက် စကားတွေများနေခဲ့သည်သာ။ ကျွန်တော့်အကြောင်းတွေ၊ သူ့အကြောင်းတွေ ဘယ်တော့မှ ပျင်းစရာမကောင်းခဲ့။
သီတင်းကျွတ်နှစ်၀က် စာမေးပွဲဖြေချိန်တွင်လည်း ရှိုင်းညီထံ ကျွန်တော်ရောက်သည်။ သင်္ချာဖြေမည့်နေ့က ကြယ်တွေကြည့်ရင်း ရှိုင်းညီ သီဆိုသော သီချင်းများကို ကျွန်တော် နားထောင်ဖြစ်ခဲ့သည်။ မက်မောစရာ အနမ်းများကြောင့် စာအုပ်တွေကို လှည့်မကြည့်ဖြစ်။ ထိုညတွင် အနမ်းထက်မပိုခဲ့သော်လည်း မနက်မိုးလင်းချိန် တစ်ယောက်အင်္ကျီတစ်ယောက် မှား၀တ်ထားသောကြောင့် ရယ်ခဲ့ကြသေးရသေးသည်။
အခုတော့ ကျွန်တော် မရယ်နိုင်တော့။ ထိုညက စာကောင်းကောင်း မကြည့်ခဲ့သောကြောင့် ကျွန်တော် သင်္ချာကျသည်။ တစ်သက်လုံး တစ်ခါမှ စာမေးပွဲမကျဘူးသော ကျွန်တော့်အတွက်တော့ အင်မတန် ခံရခက်သည်။ အဆူလည်းခံရသည်။ ရှိုင်းညီကြောင့်သာမဟုတ်လျှင် ကျွန်တော်စာကောင်းကောင်းကြည့်ဖြစ်မှာဟု အပြစ်မတင်ဘဲ မနေနိုင်။
"ဒီနေ့ ကျောင်းရောက်ရင် ခရေပန်းတွေ သွားကောက်ရအောင်။ ဘုရားတင်ရအောင်လေကွာ.."
ကျွန်တော့် အားနည်းချက်ကိုသိသည့် ရှိုင်းညီပင်။ ကျွန်တော် မပြုံးဘဲမနေနိုင်။ ပန်းတွေအတူကောက်ရင်း ဘုရားတင်ရတာကို ကျွန်တော် နှစ်သက်သည်။ နောင်ဘ၀များအတွက်ပါ အတူဆုံစည်းခွင့်ရှိလိမ့်မည်ဟု ကျွန်တော်ယုံကြည်သည်။
"ဘယ်လိုလဲ ဇေလေး။ အချိန်ရတယ်မဟုတ်လား။"
"သွားလေ။"
အသံမာအောင် ကြိုးစားပြောပေမယ့် ကျွန်တော့် စကားသံတွေက ကျေနပ်နေမှန်း သိသာပါလိမ့်မည်။ ရှိုင်းညီ ကျွန်တော့်ကို နောက်လှည့်ကြည့်ရင်း တစ်ချက်ပြုံးသည်။ ခရေပင်ကြီးသည် အကိုင်းအခက်များ ‌‌ေ၀ဆာစွင့်ကားနေသည်။ သိပ်သည်းစွာရှိနေသော အခက် အရွက်များကြားမှ ခရေပွင့်ငယ်များကို မြင်ဖို့ရန်ခက်သည်။ သို့ပေမယ့် ခရေပင်အောက်ရောက်သည်နှင့် တဖြုတ်ဖြုတ်ကြွေနေသော ခရေပွင့်ငယ်များသည် ပန်းမိုးရွာနေသလား ထင်မှတ်မှားရသည်။
ပထမဆုံးအကြိမ် ခရေပွင့်ဖြူများကို မြင်ရစဥ် ကျွန်တော် အံ့သြခဲ့သည်။ ရန်ကုန်သား ကျွန်တော် ဆိုတာက ခရေပန်းပွင့်ကို မမြင်ဖူးခဲ့။ နှီးကြိုးနှင့်သွယ်ထားသည့် ခရေကုံးများသာ မြင်ဖူးခဲ့ပြီး ခရေပွင့်သည် အညိုရောင်ဟု ခပ်လောလော သတ်မှတ်ခဲ့သူ။ ယခုကျောင်းရောက်မှ ခရေပွင့်ဖြူလေးများကို ကျွန်တော် ချစ်တတ်နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ရှိုင်းညီနှင့်အတူ ခရေပန်းကောက်၊ ဘုရားတင်ရသည်ကို မြတ်နိုးတတ်နေပြန်ပြီဖြစ်သည်။
ရှိုင်းညီနှင့် တွဲလာပြီးချိန်တွင် ကျွန်တော် နားလည်ရတာ တစ်ခုရှိသည်။ ကျွန်တော်က စိတ်ကောက်သန်သလောက် သူက မချော့တတ်ခြင်းဖြစ်သည်။ ကျွန်တော့်ကိုယ်ကျွန်တော်လည်း အံ့သြရသည်။ အငယ်ဆုံးသားဖြစ်ပေမယ့် အိမ်တွင် စိတ်ကောက်တာမျိုး ဘာညာ သိပ်မလုပ်တတ်။ ကျွန်တော့်အစ်ကိုနှင့်လည်း ရန်ဖြစ်ခဲသည်။ ရှိုင်းညီကိုတော့ ထစ်ခနဲဆိုလျှင် ကျွန်တော် စိတ်ဆိုးသည်။ စိတ်ကောက်ချင်သည်။ သူက ပြန်မချော့တတ်လေ။ ကျွန်တော်က ပိုစိတ်ဆိုးလေ။ ဒီလိုနှင့် ကျွန်တော်တို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် ခေါ်ချင်လျက်နှင့် စကားမပြောဖြစ်သည့် ရက်တွေရှိခဲ့သည်။
အခုလည်း ခရေပင်အောက်ရောက်ပြီး ပန်းတွေကောက်နေကြသည့်တိုင် ရှိုင်းညီ ဘာစကားမှ ထပ်မပြော။ သူက မပြောတော့ စိတ်ကောက်နေသည့် ကျွန်တော်က စပြောဖို့ ပိုခက်သည်။ သို့ပေမယ့် သူကောက်ထားသော ခရေပန်းလေးများကို ကျွန်တော့်လက်ထဲ လာထည့်ပေးတော့ အကြည့်ချင်းဆုံကာ ကျွန်တော် ပြုံးဖြစ်သည်။
"ဟိတ်... ဘာလုပ်နေတာလဲ။"
အသံချိုချိုလေးကို ကြားလိုက်ရချိန် ကျွန်တော့်အပြုံးတွေ ပျောက်ကွယ်သွားသည်။
ယွန်းနဒီ။
အမည်လေးက မဟာဆန်သလို ချောမောမှုတွင်လည်း ကျွန်တော်တို့ကျောင်းတွင်သာမက တစ်မြို့လုံးတွင်ပါ ပြိုင်ဖက်မရှိသူ။ သူမ၏ မိဘများသည် ကျောက်လုပ်ငန်းများတွင် နာမည်ရှိသူ။ မြို့၏အထင်ကရ လူချမ်းသာများဖြစ်သည်။ ကျွန်တော်တို့ကျောင်းက ကျောင်းသားတိုင်း သူမကြောင့်ရင်ခုန်ကြပေမယ့် ကျွန်တော်ကတော့ သူမကိုမြင်တိုင်း ရင်တုန်ရသည်။
"နဒီ.. ဒီနေ့အစောကြီးပါလား။"
"ဟုတ်တယ်။ နဒီ့ကားပျက်နေလို့လေ။ ဖေကြီးကားနဲ့ သူ အလုပ်သွားချိန် တစ်ခါတည်း လိုက်လာခဲ့တာ။"
ယွန်းနဒီတွင် ကိုယ်ပိုင်ကားနှင့် ဒရိုင်ဘာနှင့်ဖြစ်သည်။ သူမတို့မိသားစု၀င်တိုင်း ကားတစ်စီးစီ သီးသန့်ရှိသည်။ ပန်းပွင့်လေးတွေကို ငုံ့ကောက်နေသည့် ကျွန်တော် ခေါင်းမဖော်ရဲတော့သလို ခံစားရသည်။ သိမ်ငယ်စိတ်နှင့် မနာလိုစိတ်ကြောင့် ကျွန်တော် သူမကို မုန်းမိသည်။
"ပန်းကူကောက်ပေးမယ်နော် ရှိုင်း.."
"ဟင်.. ရတယ်။ ရတယ် နေ.."
ရှိုင်းညီ ကျွန်တော်ရှိရာ တစ်ချက်လှမ်းကြည့်ရင်း ကမန်းကတမ်းဖြေသည်။ ယွန်းနဒီသည် ခပ်သွက်သွက် ကောင်မလေးမဟုတ်ပါ။ အတန်းထဲတွင် အနေအေးကာ စကားနည်းတာကို လူတိုင်းသိသည်။ ဒါပေမဲ့ ရှိုင်းညီကိုတော့ ကျွန်တော်ထံမှ ပွင့်ပွင့်လင်းလင်း ဆွဲခေါ်သွားချင်နေသည်။ ရှိုင်းညီနားသို့ သိသိသာသာ ချဥ်းကပ်တတ်မြဲ။ ကျွန်တော်တစ်ယောက်လုံး အနားမှာရှိနေလျှင်လည်း မမြင်ချင်ယောင်ဆောင်ကာ ရှိုင်းညီနှင့်သာ စကားပြောသည်။
"ရပါတယ်။ အစောကြီးရှိသေးတာကို။"
ယွန်းနဒီသည် ဒူးလေးတုပ်ထိုင်ရင်း ပန်းတွေစကောက်သည်။ ပျက်နေသော ကျွန်တော့် မျက်နှာကိုဘယ်လိုမှ ပြင်မရ။ နေရာမှထကာ ထွက်လာခဲ့သည်။ ရှိုင်းညီသည် ကျွန်တော့်ကို လှမ်းမခေါ်။ ကျွန်တော့်နောက်မှ ပြေးလိုက်မလာ။ မျက်လုံးတွေစပ်လာသည်အထိ မျက်ရည်ကျချင်ပေမယ့် ကျွန်တော် မငိုဖြစ်အောင် အံကြိတ်ထားသည်။ အတန်းထဲရောက်တော့ စာသင်ခန်းပြတင်းပေါက်ရှိရာသို့သွားကာ သူတို့ကို မကြည့်မိအောင် မနည်းစိတ်ထိန်းထားရသည်။
ကျွန်တော်သိသည်။ ကျွန်တော်နှင့် ရှိုင်းညီအကြောင်းကို အချို့သူတွေသိကာ စကြ၊ နောက်ကြသည်။ အချို့ကလည်း ရွံရှာသလိုလို အပြစ်တင်ကြသည်။ ဒီဒဏ်တွေကို ရှိုင်းညီ မခံနိုင်။ တစ်ခါက သူ ကျွန်တော်နှင့် လမ်းခွဲဖို့ပင် စဥ်းစားခဲ့သေးသည်။ ဒါပေမဲ့ ကျွန်တော်ကတော့ သူနှင့် လမ်းခွဲဖို့ဆိုတာကို ယောင်မှား၍ပင် မစဥ်းစားရဲ။ သူ့ကိုကျွန်တော် အမှန်တကယ် ချစ်နေမိပြီဖြစ်သည်။ သူလည်း ကျွန်တော့်ကို ချစ်သည်ကို ကျွန်တော် သံသယမရှိ။ ဒါပေမဲ့ ပတ်၀န်းကျင်ဒဏ်ကို ကျွန်တော့်လောက် မခံနိုင်။
ကျွန်တော်ကတော့ ခုနှစ်တန်းကျောင်းသား အရွယ်လောက်ကတည်းက အပြောခံခဲ့ရဖူးသည်။ ကျောင်းမော်နီတာအစ်ကိုကြီးက ကျွန်တော့်ကို ခေါင်းပုတ်ပြီး ချစ်စရာလေးဟု ပြောခဲ့စဥ် ရင်တွေတုန်ကာ တစ်မျိုးကြီး ဖြစ်ခဲ့သည်။ သူငယ်ချင်းတစ်ယောက်ကို ဖွင့်ဟအပြောတွင် ကျွန်တော့်ကို ကျားမလိင်ပိုင်းဆိုင်ရာ စာအုပ်တွေဖတ်ခိုင်း၊ ဇာတ်ကားတွေကြည့်ခိုင်းသည်။ ကျွန်တော်ကြည့်ရင်း ရွံလာသည်။ ဘယ်လိုမှ စိတ်မပါ။ နောက် သူငယ်ချင်းက နှုတ်မလုံသဖြစ် ကျွန်တော့်အကြောင်းကို တစ်ခန်းလုံး သိသွားခဲ့သည်။ အခြောက်ဟု အခေါ်ခံခဲ့ရသည်။ -င်ခံမလား။ ငါးရာပေးမယ်။ လိုက်မလား စသည်ဖြစ် အမေးခံရသည်။
ကျွန်တော်လည်း လူထဲကလူပင်။ အစော်ကားခံရသဖြစ် စိတ်ဆိုးသည်။ ဒေါသဖြစ်သည်။ သို့ပေမယ့် ယှဥ်မပြောရဲ။ ကျွန်တော့်ဖက်က ချို့ယွင်းချက်ကြီးလိုလို ဖြစ်နေကာ ကြိတ်မှိတ်ခေါင်းငုံ့ခံနေဖြစ်ခဲ့သည်။ အခု ရှိုင်းညီနှင့် ချစ်သူဖြစ်ကြတော့လည်း ပတ်၀န်းကျင်ဟူသည် မပြောင်းလဲသေး။ မထိတထိ ပြောဖို့၊ နှိမ်ဖို့၊ စဖို့ရန် အမြဲအဆင်သင့်။ ဒါပေမဲ့ ရှိုင်းညီသည် ကျွန်တော့်လို ခေါင်းငုံ့မခံတတ်။ သည်းမခံတတ်။
ဒီကြားထဲတွင်မှ ယွန်းနဒီလို ပြိုင်ဖက်တစ်ယောက်ကို ကျွန်တော် ဘယ်လိုယှဥ်နိုင်မှာတဲ့လဲ။ ယွန်းနဒီနှင့်သာဆိုလျှင် ယခုလို အပြောမခံရသည့်အပြင် လူတိုင်းအားကျလိမ့်မည်ဟုတွေးမိချိန်များသည် အရှင်လတ်လတ် ငရဲကျချိန်များပင်။
ကျွန်တော်နှင့် ရှိုင်းညီကြား ပိုပြီးအေးစက်လာသည်။ အစပိုင်းတွင် ကျွန်တော် စိတ်ကောက်ခဲ့သည်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အမှန်တကယ် စိတ်ဆင်းရဲခဲ့သည်။ ရှိုင်းညီကို ဦးစားပေးဆက်ဆံတတ်သည့် ယွန်းနဒီသည် ကျွန်တော့်ကို ပြောင်ပြောင်တင်းတင်း ယှဥ်ပြိုင်လာသည်အထိ။ တကယ်တော့ ကျွန်တော်က မှောင်ရိပ်ထဲကလူ။ ရှုံးပြီးသားပြိုင်ဖက်တစ်ယောက်ကို အနိုင်ယူနေစရာ လိုသေးလို့လား။ တစ်နေ့ သူမ ကျွန်တော့်ရှေ့သို့ ရောက်လာခဲ့သည်။
"မိုးဇေ.. ငါ နင့်ကို မေးစရာရှိတယ်။"
မျက်နှာလှလှလေးကို ကျွန်တော် မော့ကြည့်ဖြစ်သည်။ သူမဘေးမှာ ကျွန်တော်တို့အတန်းထဲမှ မျိုးခန့်ကျော်ဆိုသည့် ကောင်လေးလည်းပါသည်။
"ဘာလဲ ယွန်းနဒီ။"
"နင်နဲ့ရှိုင်းက တကယ်ချစ်နေကြတာလား။"
အကြည့်က မီးတောက်နေသည်။ ကျွန်တော် အံကြိတ်ဖြစ်သည်။ ယွန်းနဒီ့ကို ကျွန်တော်သည်းခံနေခဲ့သည်မှာ ကြာခဲ့ပြီ။ ယခုလို ပြောင်ပြောင်တင်းတင်း လာမေးလိုက်မည်ဟု မထင်ထားခဲ့။ ဖတ်လက်စစာအုပ်ကိုပိတ်ဖြစ်သည်။ အမှန်အတိုင်း၀န်ခံဖို့အသင့်။ ရင်ဆိုင်ဖို့အသင့်။ ရှိုင်းသည် ကျွန်တော့်ရဲ့ ချစ်သူ။ ကျွန်တော့်ဖက်က အမှန်အတိုင်း မပြောရဲစရာမရှိ။
"ဟုတ်တယ် ယွန်းနဒီ။ ဘာဖြစ်လို့လဲ။"
"နင် မရှက်ဘူးလား။ ရွံစရာကောင်းလိုက်တာ။"
ယွန်းနဒီ တမင်ပင် အသံကိုမြှင့်ကာ ပြောသည်လားမသိ။ ဘေးနားမှသူတွေကျွန်တော်ရှိရာ လှည့်ကြည့်လာသည်။
"မင်းကဘယ်လိုလူစားလဲ မိုးဇေ။ ခြောက်နေတာလား။"
မျိုးခန့်ကျော်ရဲ့အသံက ကျွန်တော့်ကို ဖြတ်ရိုက်လိုက်သလိုပင်။ ၀ုန်းခနဲ ထရပ်ကာ စားပွဲကို ထုဖြစ်သည်။ ဒါပေမဲ့ မျိုးခန့်ကျော်သည် မိမိအမြင်ကို သိမ်း၀ှက်ထားရန် စိတ်ကူးရှိဟန်မတူ။ ခပ်ပြတ်ပြတ်ပင် စကားဆက်သည်။
"ငါ့သူငယ်ချင်းထဲမှာ အဲ့လို ဟိုမရောက်ဒီမရောက်ကောင်တွေ မရှိဘူး။ ပတ်လည်းမပတ်သက်ချင်ဘူး။"
ကျွန်တော့်မှာ သူတို့ကိုပြန်ပြောဖို့ စကားလုံးတွေ အဆင်သင့်ရှိမနေခဲ့။ ရင်တွေနာလာသည်။ စူးအောင့်သည်အထိ။ မျက်ရည်တွေအိုင်ထွန်းလာသည်။ မထိန်းထားနိုင်။ ကျွန်တော် မျက်ရည်ကျသည်ကို ယွန်းနဒီ မျက်စောင်းထိုးကြည့်နေခဲ့သည်။ စိတ်ဓါတ်ပျော့ညံ့လိုက်တာဟူသော စကားများကို အကြည့်ဖြစ်သာ သရုပ်ဖော်နေခဲ့သည်။
"မိုးဇေ.. မင်း သူနဲ့မကြိုက်နဲ့။ တခြားမိန်းကလေးတွေ အများကြီးရှိတယ်။ အဲ့ဒီ့လောက် ရှားမနေဘူး။"
မျိုးခန့်ကျော်ထွက်သွားချိန် ကျွန်တော် မတ်မတ်မရပ်နိုင်။ ထိုင်ခုံပေါ်၀ုန်းခနဲ ပြန်ထိုင်ချဖြစ်သည်။ ဒေါသတွေမရှိတော့။ ၀မ်းနည်းစိတ်မကောင်းတာပဲ ကျန်ခဲ့သည်။ ဘာ့ကြောင့်လဲ။ ဘာလို့လဲ။ ကျွန်တော် ဘာလို့ ရှိုင်းကိုချစ်ခွင့်မရှိတာလဲ။ ယွန်းနဒီ့ကိုမောင်းထုတ်နေသည့် နိုင်ဦးအသံတွေကို ကျွန်တော် ကြားနေရသည်။ ဒါပေမဲ့ မျက်ရည်တွေကျကာ ရှိုက်ကြီးတငင်ငိုနေမိသည့် ကျွန်တော် စားပွဲပေါ် ခေါင်းမှောက်တင်ထားကာ ခေါင်းမဖော်ရဲ။
မျိုးခန့်ကျော် ပြန်လာသည်။ ကျွန်တော့်လက်ကိုကိုင်ပြီး ငါတို့ရှိတယ်။ စိတ်မညစ်နဲ့ ဟု အားပေးသည်။ အားပေးတယ်လို့သာ ကျွန်တော် သုံးရသည်။ နားလည်ပေးသည်ဟုတော့ မထင်။ ရှိုင်းညီကို မချစ်ဘဲနေနိုင်လျှင်။ ရှိုင်းညီနဲ့အဆက်ဖြတ်ပြီးလျှင် သူတို့လို ယောက်ျားစစ်စစ်ပြန်ဖြစ်လိမ့်မည်ဟုများ သူ ထင်သည်လား။ ကျွန်တော်မတွေးချင်။
မပြတ်မသားမှုတွေ၊ မပြေလည်မှုတွေနဲ့ပဲ ဒီဇင်ဘာလကို ရောက်လာခဲ့ရသည်။ မြို့လေးသည် အေးသည်ထက် အေးလာခဲ့သည်။ စိမ့်နေအောင်ချမ်းသည့် တောင်ပေါ်မြို့လေး၏ ဆောင်းကို ကျွန်တော် ကြံ့ကြံ့ခံနိုင်ဖို့ ကြိုးစားရသည်။ မြူတွေဆိုင်းနေသည့်တစ်နေ့ ကျွန်တော်နှင့် ရှိုင်းညီ နောက်တစ်ကြိမ် ပြဿနာဖြစ်ခဲ့ရပြန်သည်။
တကယ်တော့ ဘာမှကြီးကြီးမားမား ပြဿနာမဟုတ်။ ကျောင်းပေါင်းစုံပွဲအတွက် ရှိုင်းညီ ဘောလုံးကန်ဖို့ စာရင်းပေးချင်ခဲ့သည်။ ကျွန်တော်က တားခဲ့သည်။ စာမေးပွဲကျမှာကို စိုးရိမ်ခဲ့သည်။ ဘောလုံးမကန်နဲ့။ စာကျက် ဆိုသည့် ကျွန်တော့်စကားသည် ရှိုင်းညီအတွက် လိုက်နာစရာမဟုတ်ခဲ့။ စာရင်းသွားပေးသည်။ ဘောလုံးကန်လေ့ကျင့်သည်။ ကျွန်တော့်စကားကို နားမထောင်သည့် ရှိုင်းညီကို ကျွန်တော် စိတ်ကောက်စိတ်ဆိုးခဲ့ပြန်သည်။ သူ ပြန်ချော့လေမလားဟူသော မျှော်လင့်ချက်သည် အရာမထင်ခဲ့။
ကျွန်တော် ရှိုင်းညီကို နားလည်ပေးဖို့ ကြိုးစားချင်သည်။ သူ့ကို ကျွန်တော်ချစ်တာနှင့် ချုပ်ချယ်ပိုင်ခွင့် မရှိကြောင်း နားလည်ဖို့ ကြိုးစားချင်သည်။ သူသည်လည်း သူ့၀ါသနာနှင့်သူ၊ သူ ဖြစ်ချင်တာတွေနှင့်သူ လွတ်လပ်စွာ ရွေးချယ်နိုင်သည့် လူသားတစ်ယောက်။ ဒါပေမဲ့ ကလေးဆန်သည့် ကျွန်တော့်စိတ်သည် သူ့ကို စိတ်ဆိုးမပြေနိုင်။ သူ ပြန်မချော့၍ ကျွန်တော် ပိိုစတ်ဆိုးကာ ဘောလုံးပြိုင်ပွဲများကို အားပေးဖို့ မသွားခဲ့။ သို့ပေမယ့် သူတို့ အနိုင်ရဖို့ နေ့တိုင်းဆုတောင်းပေးဖြစ်သည်။ ရှိုင်းညီတို့အနိုင်ရကြောင်း ကြားရတိုင်း ကျွန်တော် ၀မ်းသာခဲ့သည်။ နောက်ဆုံးနေ့မှာလည်း ထပ်တူရင်ခုန်နေခဲ့သည်။
စာကိုကောင်းကောင်းမကျက်နိုင်။ စာအုပ်ကိုဖွင့်ဖတ်နေသော်လည်း ပြတင်းပေါက်ရှိရာ မကြာခဏလှမ်းမျှော်ကြည့်ဖြစ်သည်။ သူတို့ ဘယ်တော့ပြန်လာမှာလဲ။ နိုင်လာပါ့မလား။ ကျွန်တော့်အတွေးတွေသည် ရှိုင်းညီအကြောင်းများနှင့်သာ ပြည့်နှက်နေခဲ့သည်။ ငေးငိုင်နေချိန်မှာ ဆူဆူညံညံအသံတွေကို ကြားလိုက်ရသည်။
"နိုင်လာတယ်ဟေ့။"
"ငါတို့ကျောင်း နိုင်တယ်။"
"ပထမဆုတဲ့ကွ။"
အော်သံတွေ ရယ်သံတွေကြားမှာ ကျွန်တော့်ဘေးနားမှာ ဘယ်သူမှမရှိတော့။ ကျောင်း၀င်းထဲ၀င်လာသည့် ရှိုင်းညီတို့နားသို့ရောက်သွားကြပြီဖြစ်သည်။ ကျွန်တော်အ‌ေ၀းကနေ ပြုံးနေခဲ့သည်။ မျက်ရည်များနှင့်ဖြစ်သည်။ မငိုမိအောင် အတင်းထိန်းထားပေမယ့် ကျွန်တော့်မျက်လုံးတွေ စူးစပ်နေခဲ့သည်။ ကျောင်းအုပ်ကြီးနှင့် ဓါတ်ပုံတွဲရိုက်နေသည့် ရှိုင်းညီထံမှ အသိအမှတ်ပြုမှုလေးတစ်ခု ရခဲ့မလားဟု မျှော်လင့်ခဲ့သည်။ ခေါင်းငဲ့အကြည့်တစ်ခုပဲဖြစ်ဖြစ်ပါ။ ဒါပေမဲ့ ရှိုင်းညီ ကျွန်တော့်ကို မမြင်ခဲ့။ ပျော်ရွှင်စွာ ပြုံးပျော်နေခဲ့သည့်သူ့အတွက် ကျွန်တော်သည် ခပ်‌ေ၀း‌ေ၀းမှာ ရှိပေးခဲ့သည်။
Continue Reading
You'll Also Like
392K 42.2K 43
The UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For background photo of Fiction cover, Fully cred...
4M 269K 81
Married Life ( Male Pregnant ) " ငါမောင့်ကိုချစ်တယ် ဒါပေမယ့် ငါ့မှာလည်းသည်းခံနိုင်တဲ့အတိုင်းအတာဆိုတာရှိတယ် မင်းငါ့ကိုအရင်ကျောခိုင်းရင် မင်းထားခဲ့တဲ့အ...
18.3K 2.2K 21
1853 წელი ,12 ივნისი ,22 :15 ... სამეფო მეჯლისიდან ახალი ამბის გაგების შემდეგ, სასოწარკვეთილი გავიქეცი აკრძალულ ტყეში და იმედგაცრუებულმა ჩემი ყოველ...
2.5M 190K 77