ချစ်တြိဂံ

By myvirtualshit

100 1 0

O'Henry ရဲ့ Schools and schools ကို ဘာသာပြန် မြန်မာမှုပြုသည် More

ချစ်တြိဂံ

100 1 0
By myvirtualshit

ဦးဖေခင်က အရမ်းချမ်းသာတယ်။ မြကန်သာလမ်းထဲက သူပိုင်တဲ့ အိမ်ကြီးဆိုတာ အကြီးကြီးပဲ။ သူ့မှာမြို့ထဲက တော်တော် အလုပ်ဖြစ်တဲ့ ပွဲရုံတခုပိုင်တယ်။ မနက်ဆို အိမ်ကနေ သူ့ပွဲရုံဖက်ကို ၁၅မိနစ်လောက် လမ်းလျှောက်ပြီးမှ တက်စီ တစီး ငှားပြီးသွားတယ်။ သူ့ကျန်းမာရေး အတွက် လမ်းလျှောက်တာပေါ့။

သူ့မှာသားတယောက်ရှိတယ်။ ဆုံးသွားတဲ့ သူ့သူငယ်ချင်း တယောက်ရဲ့ သားကို ခေါ်မွေးစား ထားတာ။ နာမည်က စည်သူ၊ တော်တော်အောင်မြင်နေတဲ့ ပန်းချီဆရာလေးပေါ့။ လူဆိုတာက ကိုယ့်ဟာကို ဒုက္ခရှာတဲ့ အမျိုး၊ အဖိုးကြီးကလူလွတ်ဆိုတော့ သူနဲ့ ဖအေတူ မအေကွဲ ညီမကမွေးလာတဲ့ တူမ တယောက်ကိုလဲ အိမ်မှာ ခေါ်တင်ထား သေးတယ်။ လှလှမိုး တဲ့။

စည်သူ နဲ့ လှလှမိုး က တယောက်နဲ့ တယောက် ခင်ခင်မင်မင် ပါပဲ။ တနေ့ကျရင် သူတို့လက်ထပ်ပြီး ဦးဖေခင်ရဲ့ ပစ္စည်းဥစ္စာ တွေနဲ့ နေသွားကြမယ်ဆိုတာ မပြောပဲ သိနေကြတာပါပဲ။ ဒီနေရာမှာ အလှည့်အပြောင်းလေးတခုတော့ ထည့်ရဦးမှာပေါ့။

ဦးဖေခင်မှာ ကျော်ထင်ဆိုတဲ့ ညီတယောက်ရှိတယ်။ လွန်ခဲတဲ့ နှစ်၃၀ လောက်က ကျော်ထင်က သူ့ဖာသာ စီးပွားရှာမယ်ဆိုပြီး မိုးကုတ်ကို ထွက်သွားတာ သူ့အကြောင်း ဘာမှ ထပ်မကြားရ တော့ဘူး။ တရက်တော့ ဦးဖေခင် သူ့ညီဆီက စာရတယ်။ စာရွက် ညစ်ညစ်စုတ်စုတ်မှာ စာကောင်းကောင်း မတတ်သူတဲ့ လူတယောက်က ဖြစ်ကတတ်ဆန်း ရေးထားတဲ့ စာမျိုး။

ကြည့်ရတာ ဦးကျော်ထင် တယောက် ချမ်းသာရေးနတ်ကြီးက သူ့ဆီရောက်မလာပဲ၊ အဲ့နတ်ကြီးရဲ့ ရန်သူပဲ ဦးကျော်ထင်ဆီ ရောက်သွားတဲ့ပုံပဲ။ စာအတိုင်းဆို သူ့မှာ ရောဂါမျိုးစုံ ဝင်နေပြီ၊ အရက်ကို နေ့မလင်း ညမလင်း သောက်တဲ့ လူတယောက်တောင် အဲလောက် ရောဂါစုံမှာ မဟုတ်ဘူး။ ပြီးခဲ့တဲ့ နှစ်၃၀ မှာ သူ့မှာ အဖတ်တင်တာ ဆိုလို့ ၁၉နှစ်သား သမီး တယောက်ပဲ ရှိတယ်။ အခု အဲ့သမီးကို ကျွေးမွေး ပညာသင်ပြီး ကောင်းကောင်းထားဖို့ ဦဖေခင်ဆီ လွှတ်လိုက်တယ်တဲ့။ အနည်းဆုံးတော့ ယောက်ျားမယူခင်ထိ တာဝန်ယူဖို့ပေါ့။

ကမ်းခြေနားက လမ်းလျှောက်ဖို့ ခင်းထားတဲ့ တံတားကို သိတယ် မဟုတ်လား။ ဦးဖေခင်က အဲလိုလူမျိုး။ လိပ်ကျောကုန်းပေါ်က ခြံစည်းရိုးမှာ ကမ္ဘာစောင့်နတ်ကြီး ရပ်ပြီး ကမ္ဘာကြီးကို သူ့ပခုံးမှာ ထမ်းထားတယ်လို့ လူတွေက ပြောကြတာပဲ။ အဲ့လိပ်ကြီးက ဘယ်မှာနေလဲ သိလား။ ဦးဖေခင်လို လူမျိုးတွေနဲ့ လုပ်ထားတဲ့ တံတားပေါ်မှာ နေတာပေါ့။ တချိန်ချိန်မှာ လူတွေ မသေပဲ နေနိုင်မလားဆိုတာ ငါလဲမသိဘူး။ ဒါပေမယ့် အဖိုးကြီး ဦးဖေခင်လို လူစားတွေအတွက် အဲ့ဒီအချိန် ဘယ်တော့ရောက်မလဲ ဆိုတာတော့ ငါသိချင်တယ်။

သူတို့တွေ ရထားဘူတာမှာ မစံပယ်ကို သွားကြိုကြတယ်။ ကလေးမလေးက သေးသေးလေး၊ အသားတွေလဲ နေတွေလောင်လို့၊ ရုပ်ကတော့ တော်တော်ကြည့်ကောင်းတယ်။ ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း ပြောစရာရှိတာ ပြောပြီး လုပ်မယ့် လူစားမျိုး။ ရုပ်ကို ကြည့်လိုက်ရင် ဘာမှ မလုပ်ရဲတာ မရှိဘူးလို့ ထင်ရတယ်။ ဒါပေမယ့် သူဝတ်ထား တဲ့ အဖြူရောင် ရင်စေ့ အင်္ကျီနဲ့ အဝါရင့်ရောင် ပါတိတ်လုံချည်ကို တွေ့လိုက်ရင် စိတ်တမျိုးပြောင်းသွားမယ်။ ရထားပေါ်က သူ့အထုတ်အလေးကြီးကို သက်တောင့် သက်သာနဲ့ ချနေတာများ ပြေးကူတဲ့ အလုပ်သမားတွေတောင် မမှီတော့ဘူး။

လှလှမိုး က နေလောင်ထားတဲ့ မစံပယ်ရဲ့ နေလောင်ထားတဲ့ ပါးကို တချက်ကြည့်လိုက်ပြီး " ငါတို့တွေ သူငယ်ချင်းကောင်းတွေ ဖြစ်မှာ သေချာပါတယ် " လို့နှုတ်ဆက်လိုက်တယ်။ မစံပယ်ကလဲ " ဟုတ်ကဲ့၊ ကျမလဲ အဲလိုပဲ ထင်ပါတယ် " လို့ ပြန်ဖြေလိုက်တယ်။

အဖိုးကြီး ဦးဖေခင်ကလဲ " ငါ့တူမလေး ကိုယ့်အိမ်ကို ကိုယ်ပြန်လာနေတယ် လို့ စိတ်ထဲထား" လို့ လှမ်းပြောလိုက်တယ်။ မစံပယ်လဲ " ဟုတ်ကဲ့။ ကျေးဇူးပါပဲရှင်" လို့ ပြန်ဖြေလိုက်တယ်။

စည်သူက " အကိုက မင်းကို ညီမလေး လို့ပဲခေါ်မယ်နော် " လို့ ခင်စရာကောင်းတဲ့ အပြုံးနဲ့ နှုတ်ဆက်လိုက်တယ်။

" ဒီအထုတ်ကို သယ်သွားလိုက်ပါ " လို့ အလုပ်သမားတွေကို ပြောရင်း " ဒီထဲမှာ အဖေ့ ကျောက်တွင်း ၆တွင်း က ကျောက်နမူနာ တွေပါလာတယ်။ မတရားကို လေးတယ်။ ဘာမှတော့ တန်ကြေးမရှိပါဘူး။ ဒါပေမယ့် အဖေကို သယ်သွားပါ့မယ်လို့ ကတိပေးခဲ့လို့ " လို့ လှလှမိုးကို ရှင်းပြလိုက်တယ်။

ကောင်လေးတယောက်နဲ့ ကောင်မလေးနှစ်ယောက်ရဲ့ ဇာတ်လမ်းကို သုံးပွင့်ဆိုင် ချစ်တြိဂံ လို့ လူတွေက ပြောကြတယ်။ ဒါပေမယ့် သုံးနားညီတဲ့ တြိဂံတော့ မျိုးတော့ ဘယ်တော့မှ ဟုတ်တော့ဘူး။ တမှတ်နဲ့ တမှတ် အနီးအဝေး မတူတဲ့ နှစ်နားညီ တြိဂံမျိုးလဲ ရှိတာပဲ။ မစံပယ် ရောက်လာတော့ စည်သူရယ်၊ လှလှမိုးရယ် နဲ့ဆိုတော့ တြိဂံ ဖြစ်ပြီပေါ့။ ဒါပေမယ့် လှလှမိုးက ထောင့်မှန်တြိဂံ မျိုးဖြစ်ချင်တာ၊ စည်သူ နဲ မစံပယ်ကို ခပ်ဝေးဝေးလေး ရောက်အောင် ထောင့်ဖြတ်မျဉ်းလေး ဆွဲလိုက်တယ်။

တမနက် ဦးဖေခင် မနက်စာစားပြီး မြို့ထဲက သူ့ပွဲရုံကို မသွားသေးပဲ၊ ဘာမှ စိတ်ဝင်စားစရာ မပါတဲ့ မနက်ခင်း သတင်းစာ တစောင်ကို ဟိုလှန်ဒီလှန် ဖတ်နေတယ်။ ဦးဖေခင်က မစံပယ်ကို တဖြည်းဖြည်း ခင်လာပြီ။ သူ့ညီလိုပဲ မစံပယ်က ပွင့်ပွင့်လင်းလင်း ရှိပြီး၊ ကိုယ့်အားကိုယ်ကိုးချင်စိတ် ရှိတာ တွေ့လာတယ်လေ။
အဲ့ဒီအချိန်မှာ အိမ်စေတယောက်က မစံပယ် အတွက် စာတစောင် ယူလာတယ်။
သူက " ကောင်လေးတယောက် ဒီစာကို ယူလာတယ်။ တံခါးမှာ အဖြေကို စောင့်နေတယ် မမလေး " လို့ပြောတယ်လိုက်တယ်။ မစံပယ်က စပိန်အက တီးလုံးလေး အတိုင်း လေချွန်ရင်း လမ်းမှာ သွားနေတဲ့ ရထားလုံး နဲ့ ကားတွေကို ကြည့်နေရာကနေ စာအိတ်ကို လှမ်းယူလိုက်တယ်။ စာအိတ် အပေါ်ထောင့်နားက ရွှေရောင် လက်နေတာကို တွေ့တော့ မဖွင့်ကြည့်ပဲ စည်သူ့ဆီက စာမှန်းသိသွားတယ်၊

ဖွင့်ပြီး စာကို သေချာ ကြည့်လိုက်တယ်။ ပြီးတော့မှ မျက်နှာတည်သွားပြီး သူ့ဘကြီးနားမှာ သွားရပ်လိုက်တယ်။

" ဘဘ၊ ကိုစည်သူက လူကောင်းတ‌ယောက် မဟုတ်လား "
" ဘာလို့လဲ၊ ဟုတ်တာပေါ့။ သူ့ကို ငါကိုယ်တိုင် ငယ်ငယ်ထဲ သင်ပေးလာတာ။ " လို့ သတင်းစာကို ခေါက်ပြီး ပြောလိုက်တယ်။
" သူက တယောက်ယောက်ကို မဟုတ်တာတွေ မရေး လောက်ဘူးပါဘူးနော်၊ ဟိုလေ တယောက်ယောက်က မသိဘဲ ဖတ်မိတာမျိုးပေါ့ "
" လုပ်ရဲ လုပ်ကြည့်စမ်း။ ဘာလို့လဲ ဘာတွေ ရေးထားလို့လဲ" လို့ ဦးဖေခင်က သတင်းစာကို ဆွဲဆုတ်ရင်း ပြောလိုက်တယ်။
" သူ ကျမကိုပေးတဲ့ ဒီစာကို ဖတ်ကြည့်ပါဦး မသင့်တော်တာ တခုခုပါလားလို့၊ ကျမက မြို့ကလူတွေ အကြောင်း သိပ်မသိဘူးလေ "

ဦးဖေခင်က သတင်းစာကို ပြစ်ချပြီး တက်နင်း လိုက်တယ်။ စည်သူပေးတဲ့စာကို အပြန်ပြန် အလှန်လှန် ဖတ်လိုက်ပြီး

"ဘာဖြစ်လို့လဲ သမီးရဲ့။ ဒီကောင်လေး အကြောင်း ငါသေချာသိပေမယ့် သမီးပြောတာနဲ့ ငါတောင်လန့်သွားတယ်။ သူက သူ့အဖေအတိုင်းပဲ သိပ်လိမ္မာတဲ့ ကလေး။ သူက သမီးနဲ့လှလှမိုးကို ညနေ ၄ နာရီလောက် အဆင်သင့်လုပ်ထား၊ အင်းလျားကန်ဘက် ကားလျှောက်စီးဖို့ လာခေါ်မယ်လို့ ရေးထားတာလေ။ ဘာမှ အပြစ်တင်စရာ မပါပါဘူး။ ဒီစာရွက်ကလွဲရင်ပေါ့၊ ဒီလိုအပြာရောင်မျိုးကို ငါကြည့်လို့ကို မရဘူး။
" အဲတာဆို၊ သမီး လိုက်သွားလို့ ရတယ်ပေါ့ " လို့ မစံပယ်က စိတ်ပါလက်ပါ မေးလိုက်တယ်။
" ရတာပေါ့၊ သွား သွား သမီး။ ဘာလို့မသွားရမှာလဲ။ သမီးက ဒီလို သေချာ ဂရုစိုက်တတ်တယ်ဆိုတာ သိရတော့ ဘဘလဲ သဘောကျတယ်။ သွားပါကွယ် "
" သမီးလဲ မသိဘူးလေ၊ ဘဘကို မေးပြီးမှ သွားမလို့ ပါ။ ဘဘရော သမီးတို့နဲ့လိုက်ခဲ့ပါလား"
" ငါလား၊ မလိုက်ဘူး မလိုက်ဘူး။ ဒီကောင်လေး မောင်းတဲ့ကား တခါစီးပြီး ကတည်းက နောက်ဘယ်တော့မှ ထပ်မစီးတော့ဘူး။ ဒါပေမယ့် သမီးနဲ့ လှလှမိုးနဲ့ သွားလို့ရပါတယ်။ သွား သွား။ ငါတော့မလိုက်ဘူး"

မစံပယ်လဲ တံခါးကို အပြေးလေးသွားပြီး အိမ်စေကို " ငါတို့လိုက်မယ်လို့ သွားပြောလိုက်။ အမ အစားငါပဲ ဖြေလိုက်မယ်။ ဟိုစောင့်နေတဲ့ ကောင်လေးကို ငါတို့လိုက်မယ်လို့ ကိုစည်သူကို ပြောခိုင်းလိုက် "
" သမီး စာလေးတကြောင်းလောက် ရေးပေးလိုက်ပါလား " လို့ ဦးဖေခင်က ပြောတော့
" မရေးတော့ပါဘူး။ ကိုစည်သူ နားလည်မှာပါ၊ သူက သမီးကို အမြဲနားလည်ပေးတယ်။ သမီးတခါမှ ကားမစီးဖူးဘူး။ ကင်းချောင်းထဲမှာပဲ လှေလှော်ဖူးတာ၊ လှေစီးတာထက်တော့ ပိုပျော်စရာ ကောင်းမယ်နဲ့ တူတယ် " လို့ အားရဝမ်းသာ နဲ့ ပြောလိုက်တယ်။


ဒီနေ့ဆို မစံပယ် ရောက်တာ နှစ်လ ရှိသွားပြီ။လှလှမိုးက စာကြည့်ခန်းမှာထိုင် နေတယ်။ သူ့အတွက်တော့ ဒီနေရာလေးက စိတ်ချမ်းသာဖို့ ကောင်းတယ်။ ပြသနာပေါင်း သောင်းခြောက်ထောင်ကနေ လူတွေ အနားရဖို့ ရှောင်ထွက်တဲ့ နေရာမျိုးစုံရှိတယ်။ စင်္ကြံရှည်ကြီးတွေ၊ တိတ်တိတ်လေး မျက်ရည်ကျလို့ရတဲ့ နေရာတွေ၊ ပန်းပင်တွေကြားက နေရာတွေ၊ ဘုရားကျောင်းက ခံဝန်ချက်တွေ ပြောတဲ့ အခန်းလေးတွေ၊ ရသေ့ ရဟန်းတွေရဲ့ ကျောင်းသင်္ခန်းတွေ၊ ရှေ့နေတွေရဲ့ ရုံးခန်းတွေ၊ အလှပြင်ဆိုင်တွေ၊ စာကြည့်ခန်းတွေ စုံနေတာပါပဲ။ အကောင်းဆုံးကတော့ စာကြည့်ခန်းပဲ။ လှလှမိုး သူဆွဲလိုက်တဲ့ ထောင့်ဖြတ်မျဉ်းလေးရဲ့ တဖက်မှာ သူရှိနေကိုရော၊ ထောင့်မှန်တြိဂံတခုမှာ ထောင့်ဖြတ်မျဉ်းဆိုတာ အရှည်ဆုံး ဖြစ်နေတာကိုပါ သူမသိနေဘူး။


လှလှမိုးက တယောက်ထဲ အိမ်မှာ ကျန်ခဲ့တယ်။ ဦးဖေခင် နဲ့ မစံပယ်တို့က ပြဇတ် သွားကြည့်ကြတယ်။ လှလှမိုးက လိုက်မသွားဘူး။ သူက စာကြည့်ခန်းထဲမှာပဲ နေခဲ့ချင်လို့။ တကယ်လို့ မင်းကသာ မြို့ကြီးသူ လှလှ တယောက်ဖြစ်နေပြီး၊ မင်း ရည်ရွယ်ထားတဲ့ ကောင်လေးကို ဘာမသိ ညာမသိ အသားညိုညိုနဲ့ တောသူ တယောက်က မလွတ်တန်း စွဲဆောင်ထားနိုင်တာကို ကြုံရရင်၊ မင်းလဲ ခမ်းခမ်းနားနား ပြင်ထားတဲ့ ပျော်စရာ ရီစရာ ပြဇတ်တွေကို ကြည့်နိုင်မှာ မဟုတ်ဘူး။


လှလှမိုးက မဟောဂနီရောင် တောက်နေတဲ့ စာကြည့်စားပွဲ ဘေးမှာ ထိုင်နေတယ်။ သူ့ညာလက်က စားပွဲပေါ်တင်ထားတယ်။ သူ့လက်ချောင်းတွေ ကတော့ ပိတ်ထား စာအိတ်တအိတ်နဲ့ အလုပ်ရှုပ်နေတယ်။ စာက မစံပယ်အတွက် လို့ရေးထားတယ်။ စာအိတ် အပေါ် ထောင့်မှာလဲ ရွှေရောင်လေး တောက်နေတဲ့စည်သူဆီက စာ။ မစံပယ် ထွက်သွားပြီး ည ၉ နာရီလောက်မှ ရောက်လာတာ။


အထဲမှာ ဘာတွေရေးထားလဲ ဆိုတာ သိဖို့ဆိုရင် လှလှမိုးတယောက် သူ့ ပုလဲ လည်ဆွဲကိုတောင် ပေးလိုက်မိမှာ။ ဒါပေမယ့် သူများတွေ လုပ်သလို ရေနွေးငွေ့နဲ့ဖြစ်ဖြစ်၊ ကလစ်နဲ့ဖြစ်ဖြစ် မသိအောင် ဖောက်ဖတ်ဖို့ ဆိုတာကလဲ သူ့ကျင်လည်နေတဲ့ အသိုင်းအဝိုင်းနဲ့ သူ့အဆင့်အတန်းက ပေးမလုပ်ဘူး။ နောက်ခံ အလင်းရောင် ကောင်းကောင်းမှာ ထောင်တော့ကြည့်လိုက်တယ်။ စည်သူက စာအိတ် အကောင်းစားသုံးတဲ့လူ ဆိုတော့ ဘာမှဖတ်လို့ မရဘူး။


ည ၁၁နာရီခွဲတော့ ပြဇတ်သွားတဲ့ လူတွေ ပြန်လာကြပြီ။ အဲဒီညက မိုးတွေ အရမ်းရွာနေတယ်။ ရထားလုံးက အိမ်ဝထိပို့ ပေးသွားတာတောင်မှ အကုန်စိုနေကြပြီ။ ဦးဖေခင်ကတော့ အသုံးမကျတဲ့ ရထားလုံးနဲ့ လမ်းတွေပိတ်နေတာကို ခပ်ညဉ်းညဉ်းလေး ပြောလိုက်တယ်။ မစံပယ်ကတော့ မျက်လုံးနက် တောက်တောက်လေးနဲ့ သူ့အဖေနဲ့ အတူနေခဲ့တဲ့ အခန်းလေးထဲက မိုးသည်းတဲ့ညတွေ ကို ပြန်ပြောပြနေတယ်။ ဒီလို မိုးသည်းတဲ့ ညတွေမှာ လှလှမိုးကတော့ စာအုပ်လေးဖတ် စောင်လေးချုံပြီး ကွေးနေဖို့လောက်ပဲ စဉ်းစားတတ်တာ။ဦးဖေခင်ကတော့ ရေနွေးအိတ်နဲ့ ကွီနိုင်ဆေးပြားရှိတဲ့ အပေါ်ထပ်ကို မြန်မြန်တက်သွားပြီ။ မစံပယ်ကတော့ လင်းလင်းချင်းချင်းရှိတဲ့ စာကြည့်ခန်းထဲ ကျန်ခဲ့တယ်။ ကုလားထိုင် တလုံးပေါ် ပြစ်ထိုင်လိုက်ရင်း စိတ်ရှုပ်ရှုပ်နဲ့ ကြယ်သီးတွေ အများကြီးတပ်ထားတဲ့ လက်အိတ်ရှည်ကြီးကို ချွတ်နေတယ်။ ဒါကြီးဝတ်သွားရတာ ပြဇတ်သွားကြည့် ရတာနဲ့ မကာမိဘူး ပြောနေသလိုပဲ။


" ဟုတ်တယ်။ အမလဲ အဲ့မင်းသားက တခါတလေ တော်တော် ရီစရာကောင်းတယ်လို့ ထင်တယ်။ ဪ.... နောက်ပြီးတော့ ညီမထွက်သွားတော့ စာတစောင် လာပို့သွားတယ်။" လို့ လှလှမိုးက ပြောလိုက်တယ်။" ဘယ်သူဆီကလဲ အမ" လို့ မစံပယ်က ကြယ်သီး တလုံးကို ဖြုတ်ရင်း မေးလိုက်တယ်။လှလှမိုးလဲ ပြုံးပြီး " အမလဲ မှန်းလို့ပဲရတယ်။ စာအိပ် အပေါ်ထောင့်မှာ ထူးထူးဆန်းဆန်းလေး ကပ်ထားတယ်။ ကိုစည်သူကတော့ ဆေးစပ်တဲ့ ကဒ်ပြား လို့ပြောတာပဲ။ အမ မျက်စိထဲတော့ ရွှေရောင် အသဲပုံလေးလို့ မြင်တာပဲ"မစံပယ်လဲ ဂဏာမငြိမ်ဖြစ်သွားပြီး " ဘာရေးလာတာလဲ မသိပါဘူး" လို့ပြောလိုက်တယ်။လှလှမိုးက "အမတို့ မိန်းကလေးတွေက တူတူပဲ။ စာမှာ ဘာပါလဲဆိုတာ သိဖို့ စာတိုက်တံဆိပ်တုံးကို ကြည့်တတ် ကြတယ်။ နောက်ဆုံးတော့ ကတ်ကျေးကိုပဲ သုံးတာပေါ့၊ ပြီးရင် စာကိုလဲ အောက်ဆုံးကနေ ပြန်ဖတ်တတ်ကြတယ်။ ရော့ရော့ ဒီမှာ " လို့ပြောပြီး စာကို မစံပယ်ဆီ လှမ်းပေးလိုက်တယ်။


" တော်တော် ကပ်သီးကပ်သတ်နိုင်တဲ့ ကြယ်သီးတွေ၊ ဒီတလုံးက ဖြုတ်လို့ကို မရဘူး။ အမပဲ စာကိုဖတ်လိုက်ပါလား။ ကျမ ဒီလက်အိတ်က ဒီနေ့ည ချွတ်လို့ရပါ့ မလားပဲ "" ကိုစည်သူက ညီမအတွက် ရေးလိုက်တဲ့ စာကို အမက ဖွင့်ဖတ်လို့ မကောင်းဘူးလေ။ တခြားတယောက်ကို ညီမရဲ့စာ ဖွင့်ဖတ်ခိုင်းတာ မတော်ပါဘူးကွယ် "မစံပယ်က သူ့မျက်လုံးနက် တောက်တောက်လေးတွေကို လက်အိတ်ကို လွှဲလိုက်ပြီး" ဘယ်သူမှ ကျမကို သူများတွေနဲ့အတူ ဖတ်လို့ မရတဲ့ စာမျိုးမရေးကြပါဘူး။ အမပဲ ဖတ်လိုက်ပါ။ ကိုစည်သူက သူ့ကားနဲ့ လျှောက်သွားဖို့ အမ နဲ့ ကျမကို ဖိတ်တာနေမှာပါ။ "စပ်စုစိတ်က ကြောင်ကို သတ်လိုက်တယ်လို့ ပြောကြတယ်။ တကယ်တော့ မိန်းခလေးတွေရဲ့ စိတ်ကမှ ကြောင်ကို သတ်နိုင်တာ။ သဝန်တိုတတ်တဲ့စိတ်ဆိုရင် ကြောင်မျိုးတောင် သုန်းသွားမယ်။ လှလှမိုးလဲ စာကို စိတ်မပါသလို တမင်လုပ်ပြပြီး ဖောက်လိုက်တယ်။ "ညီမ ဖတ်စေချင်တယ် ဆိုလဲ ဖတ်ရတာပေါ့"စာအိတ်ကို ဖောက်ပြီး စာကို ခပ်မြန်မြန်လေး ဖတ်လိုက်တယ်၊ နောက်တခေါက် ထပ်ဖတ်လိုက်ပြီး မစံပယ်ကို အကြံတခုနဲ့ လှမ်းကြည့်လိုက်တယ်။ မစံပယ်အတွက် သူ့ကမ္ဘာလေးထဲမှာ လက်အိတ်တစုံပဲ ရှိနေတယ်။ စာကိုလဲ ဂရုမစိုက်နိုင်ဘူး ဖြစ်နေတယ်။


လှလှမိုးက မစံပယ်ကို ထူးထူးဆန်းဆန်း အကြည့်မျိုးနဲ့ ၁၅ စက္ကန့်လောက်ကြာအောင် စိုက်ကြည့်လိုက်ပြီး၊ နှုတ်ခမ်းက တလက်မရဲ့ ဆယ့်နှစ်ပုံ တပုံလောက်တွန့်ပြီး ပြုံးသွားတယ်။ သူ့မျက်လုံးကလဲ တလက်မရဲ့ အပုံနှစ်ဆယ်ပုံ တပုံလောက် ပိုကျဉ်းသွားပြီး မျက်နှာမှာ အရောင်တချက် လက်သွားတယ်။


ကမ္ဘာဦးစထဲက မိန်းမဆိုတာ တခြားမိန်းမ တယောက် အတွက် ဘာမှ ခန့်မှန်းရ ခက်တာ မျိုးမရှိဘူး။ အလင်းတန်း သွားတဲ့ အမြန်နှုန်းနဲ့ တယောက်စိတ်ကို တယောက်ကဖောက်ပြီး မြင်နိုင်တယ်။ တယောက်က ပြောတဲ့ စကားကို တယောက်ရဲ့နားမှာ စစ်ပြီးမှ ကြားတယ်။ ဘာလိုချင် နေတာလဲ ဆိုတာကို မပြောလဲ သိတယ်။ ဘီးမှာ ပတ်ပြီးကျန်နေခဲ့တဲ့ ဆံပင်ကို ဖယ်သလို နားလည်ရခက်တဲ့ စကားတွေကို လက်မနဲ့ လက်ညှိုးကြားညှပ်ပြီး သံသယ လေပြေလေးနဲ့ ပါမသွားခင် လှောင်ပြုံးပြုံးပြီး လိုရင်းကို နားလည် နိုင်စွမ်းလဲရှိတယ်။ လှလှမိုးက နည်းနည်းချိန်ဆပြီး ရှက်သလိုပြောလိုက်တယ်။


" မစံပယ်၊ တကယ်တော့ ဒီစာကို ညီမက တခြားတယောက်ကို ပေးမဖတ် သင့်ဘူး။ ဒါက သူများတွေ သိလို့ရတဲ့ စာမျိုး မဟုတ်တာ သေချာတယ် "မစံပယ် သူ့လက်အိတ်ကို ခဏမေ့သွားတယ်။" ဒါဆိုလဲ ကျယ်ကျယ်တာ ဖတ်လိုက်ပါတော့။ အမ ဖတ်ပြီးသွားပြီ ဆိုတော့ ဘာမှမထူးတော့ပါဘူး။ ကိုစည်သူက သူ့စာကို သူများတွေ မဖတ်သင့်အောင် ရေးထားတာဆိုရင် ပိုလို့တောင် သူများသိအောင် ပြောရမယ် မဟုတ်လား "


" ဒါဆိုရင် စာထဲမှာပါတာက မစံပယ်ရေ ဒီနေ့ည သန်းခေါင် သူ့အခန်းကို ဆက်ဆက် မပျက်မကွက် လာခဲ့ပါ တဲ့။" လို့ လှလှမိုးက ပြောပြီး ထိုင်ရာကထ စာကို မစံပယ် ပေါင်ပေါ်တင်ပေးလိုက်တယ်။ " ကိုစည်သူက အဲလို လူမျိုး မဟုတ်ပါဘူး။ တခုခု မှားနေတယ်နဲ့တူတယ်။ အမ အမှားလို့ပဲ ထားလိုက်နော် ညီမ။ အမ ခေါင်းကိုက်နေလို့ အခန်းပြန်တော့မယ်။ အမ စာကို ကောင်းကောင်း နားမလည်တာပဲ ဖြစ်မှာပါ။ ကိုစည်သူ တခုခု ဖြစ်ပြီး မှားရေးလိုက်တာနေမှာ၊ နောက်တော့ သူ့ဟာသူ ရှင်းပြပါလိမ့်မယ်။ ကဲ.. အမသွားပြီနော်၊ ဂွတ်နိုက် "


အပေါ်ထပ်က လှလှမိုး အခန်းတံခါး ပိတ်သံ ကြားတော့ မစံပယ် ခြေဖျားလေး ထောက်ပြီး စာကြည့်ခန်းက ထွက်လိုက်တယ်။ စာကြည့်ခန်းက ကြေးနာရီကြီးက ည ၁၂နာရီထိုးဖို့ ၁၅မိနစ်ပဲ လိုတော့တယ်ဆိုတာ ပြနေတယ်။ အိမ်ရှေ့တံခါးကို ပြေးဖွင့်လိုက်ပြီး မိုးသည်းထဲ ထွက်လိုက်တယ်။ စည်သူ့ရဲ့ အခန်းက လမ်း ၆ လမ်း ခြားတယ်။


လမ်းမှာရေတွေ တက်နေပြီ။ တပေလောက်ရှိမယ်။ လူတယောက်မှလဲ လမ်းပေါ်မှာမရှိဘူး။ တိတ်နေတာပဲ။ ရထားလုံးတွေကလဲ ညလသာသာမှာ ပင်လယ်ထဲ ဖြတ်သွားတဲ့ ဇင်ယော်ငှက်လေး တွေလိုပဲ၊ ကားတွေက သိပ်မရှိပါဘူး၊ လာရင်လဲ ရေငုပ်သင်္ဘောတစင်း ဖြတ်သွားသလို ရေတွေ ဖွားခနဲ ဖြစ်သွားတယ်။မစံပယ်လည်း လေနဲ့အတူ ပြေးသွားတဲ့ မုန်တိုင်းစင်ယော် ငှက်လေးတကောင်လို ရေထဲ စွက်ကနဲ ဆင်းလိုက်တယ်။ လမ်းတွေပေါ်က ညမီးရောင်အောက်မှာ မြင်နေရတဲ့ အပြာရောင်၊ အဝါရောင်နဲ့ အညိုရောင် အဆောက်အဦတွေကို ကြည့်ရင်း မိုးကုတ်က အိမ်ပုလေးတွေကို သတိရလာတယ်။ အဲဒီအိမ်လေးတွေလောက် ခုနေရတဲ့ အိမ်ကြီးက သူ့ကို သိပ်ပြီး စိတ်ကျေနပ် လုံခြုံအောင် မလုပ်ပေး နိုင်တာကို တွေးလိုက်မိတယ်။


သူ လမ်းထောင့်မှာ ရဲသား တယောက်နဲ့ ဆုံတော့ ရှေ့ဆက်သွားရမလား အိမ်ပဲပြန်ရမလားလို့ တွေဝေသွားတယ်။ရဲသား က " ညီမ ဒီချိန်ကြီး အပြင်ထွက်မလို့လား " လို့မေးလိုက်တယ်"ကျ...ကျမ ဆေးထွက်ဝယ်မလို့ပါ " လို့ မစံပယ်က ဖြေရင်း သူ့ရှေ့က ခပ်မြန်မြန် ထွက်လာ လိုက်တယ်။


ဒီလို ဆင်ခြေမျိုးက ကောင်းကောင်းမွန်မွန် ဝတ်စားထားတဲ့ မိန်းမပျို လေးတွေ အတွက် ဒီအချိန်မှာ အသင့်တော်ဆုံးပေါ့။ ဒီလိုအဖြစ်မျိုးက မိန်းမတွေ ဘယ်တော့မှ နေရာမရဘူးလို့ ဆိုလိုတာလား။ ဒါမှမဟုတ် အာဒန်ရဲ့ နံရိုးတချောင်း အဖြစ်ကနေ ကိုယ့်ခြေထောက် ပေါ် ကိုယ်ရပ်တည် နိုင်တဲ့ အသိပညာတတ် လူတယောက်ဖြစ်နေပြီလို့ ဆိုလို တာလား၊ သိပ်မကွဲပြားဘူး။


အရှေ့ကို ဆက်သွား လိုက်တယ်။ မိုးက ပိုသည်းလာတာနဲ့ မစံပယ်လဲ အရှိန်ကို ထက်ဝက်လျှော့ပြီး သွားလိုက်ရတယ်။ ရေတွေနဲ့ဆိုတော့ ဟိုကျော် ဒီခွနဲ့ သွားရတာပေါ့။ စပါးပင်လေးတွေလိုပဲ ရေတွေကြားမှာ သန်သန်မာမာ တည်တည်ကြည်ကြည်။ သွားနေရင်းနဲ့ စည်သူနေတဲ့ တိုက်ခန်းကို ရောက်လာတယ်။ ဒီအချိန်မှာဆိုတော့ ဆိုင်တွေအားလုံး ပိတ်ကုန်ပြီ၊ မှောင်မဲတိတ်ဆိတ်နေတာပဲ။ ည ၁၀နာရီဆို ဓာတ်လှေခါးကလဲ မသွားတော့ဘူး။


မစံပယ် ရှစ်ထပ်ကို တက်သွားပြီး အခန်းနံပါတ် ၈၉ ရှေ့မှာ ရပ်ပြီး တံခါးခေါက်လိုက်တယ်။ ဒီနေရာကို လှလှမိုး၊ ဦးဖေခင် တို့နဲ့ အကြိမ်ကြိမ် အခါခါ ရောက်ဖူးတယ်။စည်သူက တံခါးဖွင့်ပေးလိုက်တယ်။ လက်တဖက်က ရောင်စုံခဲတံ ကိုင်ထားတယ်၊ မျက်လုံးတွေပေါ်မှတော့ အစိမ်းရောင်အရိပ် တရိပ် ထိုးကျနေတယ်။ ပါးစပ်မှာလဲ ဆေးတံနဲ့။ သူ့ကိုမြင်တော့ ဆေးတံ ပြုတ်ကျ သွားတယ်။


"ညီမ ရောက်တာ နောက်ကျသွားလား။ အမြန်တော့ ထွက်လာတာပဲ။ ဘဘနဲ့ ညီမက ဒီည ပြဇတ်သွားကြည့်တာ။ ကဲ... ကိုစည်သူ ညီမရောက်လာပြီလေ။ "စည်သူလဲ ကျောက်ရုပ်တရုပ်လို ငြိမ်နေရာကနေ၊ ပြသနာ တခု ဖြေရှင်းရမယ့် လူငယ်တယောက် ပုံစံပြောင်းသွားတယ်။ မစံပယ်ကို အိမ်ထဲပေးဝင်လိုက်ပြီး မိုးရေတွေစိုနေတဲ့ ခေါင်းကို သုပ်ဖို့ မျက်နှာသုပ်ပဝါ ယူပေးလိုက်တယ်။ အိမ်ထဲမှာ အစိမ်းရောင် မီးအုပ်ဆောင်းက ဖြာကြနေတဲ့ အလင်းရောင်က ပန်းချီဆွဲဖို့ ပြင်ထားတဲ့ ဒေါက်တိုင်ပေါ်ကို ကျနေတယ်။ စည်သူက ရောင်စုံခဲတံနဲ့ ပုံတခုခု ရေးနေတဲ့ ပုံပဲ။" ကိုစည်သူက ညီမကို ဘာအတွက် စာရေးပြီး မှာတာလဲ။ "" ညီမလေးက စာကိုဖတ်ပြီး သွားပြီလား။ "" အမ လှလှမိုး ဖတ်ပြတယ်လေ။ ပြီးတော့ ညီမ ဖတ်ကြည့်တယ်။ ညသန်းခေါင် ကိုစည်သူ့ အခန်းကို မပျက်မကွက် လာရမယ်ဆို။ ညီမက အကို နေမကောင်း ဖြစ်နေတယ် ထင်လို့။ ဒါပေမယ့် အကို့ကြည့်ရတာ နေမကောင်းတဲ့ ပုံလဲမရှိပါဘူး "" အဲ... ညီမလေးကို လာခိုင်းတဲ့ အကြောင်းပြောပြမယ်။ ဒီနေ့ည အကိုတို့ ချက်ချင်းပဲ လက်ထပ်လိုက်ကြရအောင်၊ မိုးသည်းတာ ဘာအရေးလဲ။ ညီမလေး သဘောတူလားဟင်။ "" အကို သတိထားမိမှာပါ၊ ညီမက သဘောတူထားတာ ကြာလှပါပြီ။ ပြီးတော့ ခုလဲ မိုးသည်းထဲမှာ ပိတ်မိလို့ စီစဉ်လိုက်တာပါ ဆိုတဲ့ အကြံကိုလဲ သဘောကျတယ်။ ညီမက ဘုရားကျောင်းမှာ ပန်းတွေပြင်ပြီး လက်ထပ်ရတဲ့ ထုံးစံကို မကြိုက်ဘူး။ အကို ခုလို အခြေနေမျိုးမှာ လက်ထပ်ခွင့် တောင်းရဲတဲ့ သတ္တိ ရှိမယ်လို့ မထင်ထားဘူး။ သူတို့တွေ အားလုံးကို အံဩသွားအောင် လုပ်ကြရအောင်။ အသတ်ခံရမလား မသိဘူး "" သေချာတာပေါ့။ နေပါဦး ဒီလိုမျိုး ပြောတာ ဘယ်မှာ ကြားဖူးတာလဲမသိဘူး။ နေအုံး၊ ညီမလေး ၊ အကို ဖုန်း တချက် ခေါ်လိုက်ဦးမယ်။ "


သူလဲ အိပ်ခန်းထဲ ဝင်သွားပြီး မိုးကြိုးသံတွေကြားမှာ ဖုန်းနံပါတ် တချို့ကို နှိပ်နေတယ်။ " မောင်မောင် လားဟေ့။ အိပ်နေပြီလား။ ထ ထ၊ ငါပြောနေတာ။ ခုချက်ချင်း ငါလက်ထပ်တော့ မလို့။ မင်းညီမကိုလဲ နှိုးလိုက်။ ပြန်မေးမနေနဲ့။ မင်းညီမကိုလဲ တခါထဲ ခေါ်လာခဲ့။ မြန်မြန်လုပ်။ မင်းညီမကိုလဲ သူအင်းလျားမှာ ရေနစ်ဖို့ ဖြစ်တုန်းက ငါကယ်ခဲ့တာကိုလဲ ပြန်သတိပေးလိုက်။ အခုချိန်ကြီး အဲလိုပြောရ တာတော့ မကောင်းဘူး။ ဒါပေမယ့် သူပါ ပါလာမှ ဖြစ်မယ်။ ဟုတ်တယ်၊ စံပယ် ဒီမှာလာစောင့် နေတယ်။ ငါတို့ချင်း စေ့စပ်ထားတာ ကြာပါပြီ။ ငါတို့ အမျိုးတွေ သဘောမတူလို့ ဒီလိုမျိုး ဖြစ်နေတာကွ။ ငါတို့ မင်းတို့ကို စောင့်နေမယ်။ မင်းညီမကို ဘာဘာညာညာ ပေးပြောမနေနဲ့၊ တခါထဲ ခေါ်ခဲ့၊ ဟုတ်ပြီလား။ အေး... အေ..း တော်တယ်။ မင်းတို့အတွက် ရထားလုံး တစင်းမှာလိုက်မယ်။ ရှုပ်သွားလား၊ မင်းနောက်တော့ နားလည်သွားမှာပါ "


မစံပယ် စောင့်နေတဲ့ အခန်းထဲ စည်သူ ပြန်ရောက်လာတယ်။" အကို့ သူငယ်ချင်း မောင်မောင်နဲ့ သူ့ညီမ နောက် ၁၅မိနစ်ဆို ရောက်လာကြမယ်။ ဒါပေမယ့် ဒီကောင်က နည်းနည်းနှေးတယ်။ အကို သူတို့ကို မြန်မြန်လုပ်ဖို့ ဖုန်းလှမ်းဆက်ထားတယ်။ သူတို့ဒီကို မကြာခင် ရောက်လာမှာပါ။ အကိုတော့ ကမ္ဘာမှာ အပျော်ဆုံးလူပဲ။ အကို ဒီနေ့ ပို့လိုက်တဲ့ စာကို ဘာလုပ်လိုက်လဲ "" ညီမနဲ့ ပါလာတယ်" လို့ပြောပြီး မစံပယ်က သူ့ပဝါ အောက်ကနေ ထုတ်လိုက်တယ်။ စည်သူလဲ စာကို သေသေချာချာ ပြန်ကြည့်လိုက်ပြီး မစံပယ်ကို စဉ်းစားသလို ကြည့်လိုက်တယ်။" ညီမက အကို ညသန်းခေါင် အခန်းကို ခေါ်တာ ထူးဆန်းတယ် မထင်မိဘူးလား "" ဘာလို့လဲ၊ မဖြစ်ပါဘူး။ ညီမတို့ဆီမှာဆို အရေးကြီးလို့ အမြန်လာပါဆို လူက အရင်ထသွားလိုက်တာပဲ၊ နောက်မှ ဘာဖြစ်လဲ ဆိုတာပြောကြတာ။ ဟိုမှာလဲ ဒီလိုပဲ တခါတလေတော့ မိုးသည်းထဲမှာ လုပ်စရာ ပေါ်လာတတ်တယ်။ ဒီတော့ ညီမတော့ မထူးဆန်းပါဘူး "စည်သူ အခန်းထဲ ပြန်ဝင်သွားပြီး အနွေးထည်နဲ့ မိုးကာအင်္ကျီတွေ ယူလာတယ်။" ညီမ မိုးကာ ဝတ်ထား။ အကိုတို့ ကိုက် ၄၀၀-၅၀၀ လောက်တော့ သွားရမယ်။ မောင်မောင်နဲ့ သူ့ညီမ မကြာခင် ရောက်တော့မယ်။ ဪ...ညီမလေး စားပွဲပေါ်က ညနေ သတင်းစာကို တွေ့လား၊ ခေါင်းကြီးပိုင်းမှာ မိုးကုတ် အကြောင်း ပါလာတယ်။ ဖတ်ကြည့်လိုက်ဦး စိတ်ဝင်စားဖို့ ကောင်းမှာပါ "


စည်သူက သူ့ဘီဒိုထဲက မစံပယ် နဲ့ တော်မယ့် အနွေးထည်ကို ရှာနေတယ်။ ပြန်လှည့်လာတော့ မစံပယ် တယောက် ထိုင်နေတုန်းပဲ။ စည်သူ့ကိုလဲ ခပ်တည်တည်နဲ့ စိုက်ကြည့်နေတယ်။ သူ့ပါးတွေက ခုန မိုးထဲလေထဲမှာ လေတိုး ခံခဲ့ရတာ ထက်တောင် ပိုရဲနေသေးတယ်။ သူ့မျက်လုံးတွေကတော့ ငြိမ်ငြိမ်သပ်သပ်ပဲ။" ညီမပြောမလို့ပဲ၊ ဒါတွေ မတိုင်ခင်က၊ အကို့ကို.. ညီမတို့...ဟိုလေ ဘာမှ မဖြစ်ကြသေးခင်။ အဖေက ညီမကို ကျောင်းမထား ပေးဘူး။ ညီမ စာတလုံးမှ မဖတ်တတ်ဘူး။ တကယ်လို့များ......." ပြောနေတုန်း မောင်မောင် နဲ့ သူ့ညီမရောက်လာတဲ့ ခြေသံတွေ ကြားလာရတယ်။


ညားကာစ လင်မယားနှစ်ယောက် ရထားလုံးနဲ့ အိမ်ကို ပြန်လာကြတယ်။ စည်သူက " ညီမလေး၊ ဒီနေ့ည အကို ပို့လိုက်တဲ့ စာထဲ ဘာရေးထား တာလဲ မသိချင်ဘူးလား "" ပြောလေ "" အတိအကျ ပြောရရင် ( သို့ ၊ ညီမလေး စံပယ်၊ ညီမလေး ပြောတာ မှန်တယ် အဲဒီ ပန်းတွေက စံပယ်မဟုတ်ဘူး။ ဆိတ်ဖလူးပန်းတွေ ) "" ကိစ္စမရှိဘူး။ မေ့ထားလိုက်တော့။ အခု ရယ်နိုင်တဲ့လူက ညီမလေး ဖြစ်သွားပြီ။ "



မူရင်း။ Schools and schools by O'Henry

Continue Reading

You'll Also Like

43.3K 826 45
Short scenarios for your favorite characters! (Well the male characters at least) The characters included are Alastor, Angel Dust, Sir Pentious, Husk...
27.1K 365 58
A WOSO Oneshot book Oneshots of favourite Women's footballers Mainly the Lionesses, Arsenal Women's team,Chelsea Women's team, Man City Women's team...
11.5M 298K 23
Alexander Vintalli is one of the most ruthless mafias of America. His name is feared all over America. The way people fear him and the way he has his...
192M 4.6M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...