မို့ရန် နိုးလာတော့ သူမအရင်ဆုံး သတိရမိတာက ဘယ်ရောက်နေသလဲပင်။ သူမနောက်ဆုံးမှတ်မိတာက မြို့စားတူနှင့် ရဲမက်တို့ သူမခေါင်းပေါ် ကျင်ငယ်စွန့်ကြသည်။ ပြီးနောက် လွတ်သွားသော အသိစိတ် အစွန်နောက် ဘာတွေဆက်ဖြစ်ခဲ့သည်ကို တရေးရေးဖြင့် သတိရလာသည်။
"ဘုရားရေ… အဲဒါက…"
"မဖြစ်နိုင်တာကြီး… ငါ အားလုံးကို ပြာဖြစ်သွားအောင် လုပ်လိုက်တာလား…"
ထိတ်လန့်သွားပြီးနောက် မို့ရန် သူမ၏ တစ်ကိုယ်လုံးကို ပြန်စမ်းမိသည်။ ထိုမှသာ သူမမေ့နေသော အရာတစ်ခုကို သတိထားမိသွားသည်။
"ငါ့ ရင်စည်း….."
စောစောကထက် ပိုပြီးရင်ထိတ်သွားကာ အခန်းကို ကြည့်မိသည်။
"အမလေး… ကိုယ်ကျိုးနည်းပြီထင်တယ်…."
သူမ ကုတင်ပေါ်က ချက်ချင်းပင် ခုန်ဆင်းပြီး မျက်စိထဲမြင်သည့် အပေါ်ရုံအဝတ်တစ်ထည်ကို ဆွဲယူဝတ်ထားလိုက်တော့သည်။ မို့ရန်၏ အလောကြီးမှုကြောင့် ဝတ်ရုံသည် စားပွဲပေါ်က တစ်စုံတစ်ခုကို တိုက်ချမိသလို ဖြစ်သွားပြီး အောက်သို့ကျကွဲသွားသည့်အသံ ကြားလိုက်ရသည်။ သူမ ကျသွားသည့်ပစ္စည်းကို ဂရုမစိုက်နိုင်။ အခန်းထဲတွင် ဘယ်သူမှ မရှိသည်ကို အခွင့်ကောင်းယူပြီး သူမအခန်းဆီသို့ ခပ်သုတ်သုတ်ပြန်ရန် အခန်းတံခါးကို ဆွဲဖွင့်သည်နှင့် ရုတ်ချည်းမြင်လိုက်ရသော မျက်နှာကြောင့် နှလုံးတစ်ခုလုံး အပြင်သို့ ထွက်သွားသလား သူမထင်မိသည်။ တံခါးချပ်ကို ဆွဲကိုင်ထားသော လက်တို့သည် အလိုလိုပင် ပြုတ်ကျသွားသည်။ နှုတ်ကလည်း
"စစ်သူကြီး…."
ဟွာရှန့် အခန်းထဲလှမ်းဝင်ကာ စားပွဲငယ်ဆီ လျှောက်သွားပြီး ယူလာသည့် ပန်းကန်လုံးကို စားပွဲပေါ် တင်သည်။ ထို့နောက် လက်နှစ်ဖက်စလုံး နောက်ပစ်ပြီး ရပ်နေပြီး မို့ရန်ကို မျက်နှာချင်းဆိုင် ရပ်သည်။ သူ့ပုံစံသည် ပုံမှန်ထက် ပိုမိုအေးစက်နေသယောင်ယောင်။ တည်တင်းနေသော နှုတ်ခမ်းနှင့် အသူရာကဲ့သို့ နက်လွန်းလှသည့် မျက်ဝန်းအစုံတို့က မို့ရန်ကို အေးခဲစေသည်။ အနားသို့ကပ်လာသော ဟွာရှန့်ကြောင့် သူမ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာသည်။ မို့ရန်သည် မတည်ငြိမ်နိုင်တော့သော မျက်လုံးတို့ကို ဖုံးကွယ်ရန် အလို့ငှာ ကြမ်းပြင်ကိုသာ စိုက်ကြည့်နေတော့သည်။
"မင်းရဲ့… သရုပ်မှန်က.. ဘာလဲ… ဘာအတွက်နဲ့ အယောင်ဆောင်နေတာလဲ…"
"……………."
"ပြောစမ်း…."
"……………"
အာစေးမိသလို ဆွံ့အနေသော နှုတ်ခမ်းတို့သည် ဟွာရှန့်၏ အော်သံကြောင့် ပိုတုန်သွားသည်။ သူမ ဘယ်လိုစပြီး ပြောရမှန်း သူမကိုယ်တိုင်လည်း မသိချေ။
"ငါမင်းကို…. ပြောနေတယ်လေ…."
ဟွာရှန့် စိတ်မရှည်နိုင်တော့။ သူမ၏ ပုခုံးကိုဆွဲယူပြီး ခပ်ကြမ်းကြမ်း ဆွဲလှုပ်လေသည်။
"ဘာလဲ…. င့ါကို လုပ်ကြံဖို့… မင်းကို လွှတ်လိုက်တာလား… မင်း ပြောလေ…."
ပုခုံးကို ဆွဲလှုပ်တာ အားမရတော့ထင့်။ ထပ်ပြီးအားပါလာသောအခါ မို့ရန် နာကျင်မှုကို မခံနိုင်တော့ဘဲ ကြမ်းပြင်ပေါ် ထိုင်လျက်သား ပြုတ်ကျသွားသည်။
"မဟုတ်ဘူး… စစ်သူကြီး… အထင်လွဲနေပြီ…"
"ပြီးတော့…. မင်း…. ဒါ င့ါအတွက် ဘယ်လောက် အရေးပါသလဲ… မင်း သိလား…. အတော် နမော်နမဲ့နိုင်တဲ့ မိန်းမ…"
ဟွာရှန့် လက်ညှိုးညွှန်ရာကို အကြည့်က ရောက်သွားသည်။ ကြမ်းပြင်ပေါ်တွင် တစ်စစီ ပြန့်ကျဲနေသော ကျောက်စိမ်း အကွဲအစတို့က မို့ရန်ကို လှောင်ပြောင်နေသယောင်ယောင်။ ဝတ်ရုံကို ဆွဲယူမိစဉ်က အမှတ်တမဲ့ တိုက်ချသွားသော အရာသည် ကျောက်စိမ်းလက်ကောက်မှန်း သိတော့သည်။ သူမ၏ ဝိဥာဉ်သည် သူမကိုယ်ပေါ်မှ ထွက်ခွာသွားသလိုလို မို့ရန် ခံစားလိုက်ရသည်။ ထိုကျောက်စိမ်းလက်ကောက်ကို သူမ ကောင်းကောင်းကြီးသိသည်။ စစ်သူကြီးရဲ့ သေဆုံးသွားတဲ့ အချစ်ရဆုံး မိန်းကလေး၏ ရတနာ။ ထိုမိန်းကလေးက သူ့အတွက် တစ်ခုတည်းသာ ချန်ခဲ့သည့် အရာ။ မို့ရန် ယခုရှိနေသည့် နေရာကနေ အငွေ့ပျံ ပျောက်ကွယ်သွားလို့ရလျှင် ပျောက်ကွယ်သွားချင်သည်။ မိုးကောင်ကင်တစ်ခုလုံး သူမအပေါ် ပိကျလာပြီ။ ကံဆိုးလိုက်လေခြင်း….
"စစ်သူကြီး… အဲ့ဒါ… မတော်တဆ…"
"ဘာ…"
ဟိန်းခနဲ ထွက်လာသည့် အော်သံကြောင့် ဝဲချင်ချင်ဖြစ်လာသည့် မျက်ရည်တို့ကို မျက်တောင်တဖြတ်ဖြတ်ခပ်ပြီး ခပ်မြန်မြန် သိမ်းလိုက်ကာ အသည်းအသန် ရှင်းပြဖို့ သူမ မကြိုးစားတော့။ ဒီအချိန်တွင် သူမ ဘယ်လောက်ရှင်းပြပြ သူ့နားထဲ ဝင်မည်မဟုတ်မှန်း သိသည်။ အာညောင်းရုံသာ အဖတ်တင်မည်မို့ သူမနှုတ်ဆိတ်လိုက်သည်။ ခေါင်းကိုတော့ ငုံ့ထားဆဲ။
ဟွာရှန့် သည်းမခံနိုင်စွာ ထွက်လာသော ဒေါသတို့ကြောင့် ကြမ်းပြင်ပေါ် ထိုင်လျက်သားရှိနေသော မိန်းကလေးကို သူ တစ်စစီ ဆုတ်ဖြဲချင်လာသည်။ သူ့အမြတ်နိုးဆုံး ပစ္စည်း၊ ဖန်းယဲ့ချန်ခဲ့သော တစ်ခုတည်းသော အမှတ်တရကို မတော်တဆဆိုသည့် ခေါင်းစဉ်အောက်ဆိုတိုင်း သူဘယ်လိုလုပ် ခွင့်လွှတ်လို့ရမလဲ။
"လက်ထောက်ဝူ…"
"ရှိပါတယ်… စစ်သူကြီး…"
"သူ့ကို… တောဝက်စခန်းမှာ တစ်လတိတိ သွားလေ့ကျင့်ခိုင်း… အဆင့်(၅) မအောင်မချင်း ပြန်ထွက်မလာစေနဲ့…"
လက်ထောက်ဝူ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ တစ်စုံတစ်ခုကို ပြောရန် ပြင်သော်လည်း စကားလုံးတို့က လည်ချောင်းဝကနေ ထွက်မလာ။ စစ်သူကြီးကိုလည်း စောဒက မတက်ဝံ့။ တောဝက်လေ့ကျင့်ရေးက အပြင်းထန်ဆုံး လေ့ကျင့်ရေးစခန်း။ ပြီးတော့ အဆင့် (၁၀) ဆင့် ရှိသည့်အထဲ တစ်လတည်းနှင့် အဆင့် (၅) အောင်ဖို့ဆိုသည်မှာ သူတို့လို စစ်ထဲ ကျွမ်းဝင်နေသည့် တိုက်ခိုက်ရေးသမားကောင်း တို့တောင် အောင်ဖို့အနိုင်နိုင်။ မိန်းကလေးတစ်ယောက်အဖို့ တွေးကြည့်စရာပင် မလို။ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ရန် ဝေလာဝေး။ အမိန့်က အမိန့်ပင်ဖြစ်သည့် အားလျော်စွာ ရိန်းအတွက် ဆုတောင်းပေးရုံ မျှတပါး သူလည်း မတတ်နိုင်။ ရိန်းကို ဆွဲခေါ်ရင်း စစ်သူကြီးရှေ့က ခပ်သုတ်သုတ် ထွက်သွားတော့သည်။
ရိန်းနှင့် လက်ထောက်ဝူ ထွက်သွားပြီးတော့မှ သူ ကုလားထိုင်ပေါ် ထိုင်ချလိုက်သည်။ စားပွဲပေါ် တင်ထားသည့် ဆေးရည်ပန်းကန်အား မြင်မိကာမှ သူ သူမကို ဆေးမတိုက်ဖြစ်လိုက်သည်ကို သတိရသွားသည်။ ကြမ်းပြင်ပေါ်က ကျောက်စိမ်းလက်ကောက် အပိုင်းအစဘက်ဆီ အကြည့်ရောက်သွားပြန်တော့ သူ့လက်က ဆေးရည်ပန်းကန်လုံးအား နံရံသို့ အလိုလို ပစ်ပေါက်မိလျက်သား။
---------------------------------
"စိတ်မကောင်း မဖြစ်ပါနဲ့ ရိန်းရယ်… ငါ တာဝန်ခံခေါင်းဆောင်ကို သွားပြောပေးမယ်… ငါပြောရင် ခေါင်းဆောင်က မင်းကို သက်သက်ညှာညှာ လုပ်ပေးမှာပါ…"
"ကူညီဖို့ ကမ်းလှမ်းလို့ ကျေးဇူးတင်ပါတယ်… လက်ထောက်ဝူ… ကျနော် ဒါကို ငြင်းပါရစေ…"
"ဒါပေမယ့်…"
"စစ်သူကြီးက လက်ထောက်ဝူ ကူညီနေမှန်းသိရင်… ကျနော့်ကို အပြစ်ဒဏ် မတိုးပေးနိုင်ဘူးလို့ ဘယ်သူက… အာမခံနိုင်မှာလဲ… လက်ထောက်ဝူလည်း ရောပြီး အထောင်းခံရနိုင်ပါတယ်… ကျနော့်ကြောင့် မဆိုင်သူတွေ ဒုက္ခမရောက်စေချင်လို့ပါ…"
"ငါ သိတယ်… မင်း တစ်လအတွင်းမှာ အဆင့် ၅ အောင်ဖို့ဆိုတာက…."
"အဖြေက ရှင်းရှင်းလင်းလင်း ရှိပြီးသားပါ… လက်ထောက်ဝူ… အပန်းမကြီးဘူးဆိုရင် ကျနော် တစ်ခုလောက် တောင်းဆိုပါရစေ…"
"ပြောပါ… ငါကူနိုင်တာ ကူပေးမယ်…
ဈေးထဲမှာ ဟင်းရွက်လာလာရောင်းတဲ့ ယဲ့မိန်းကလေးကို… ကျနော် အလုပ်များနေလို့ တစ်လလောက် လာမတွေ့နိုင်တဲ့အကြောင်း… လမ်းကြုံရင် သတင်းပေးပေးပါလား… သူ ကျနော့်ကို စိတ်ပူနေမှာ စိုးလို့ပါ…"
"ငါ… သေချာပေါက် ပြောပေးပါ့မယ်…"
"ဒါဆို… ကျနော့်ကို ခွင့်ပြုပါဦး…"
တောဝက်စခန်းထဲ လျှောက်ဝင်သွားသည့် ကျောပြင်သေးသေးက မာနကြောင့် ပိုမိုဖြောင့်မတ်နေသည်ဟု လက်ထောက်ဝူ ထင်မိသည်။ သူမကိုယ်သူမ သေလူဟု သဘောထားနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ စစ်သူကြီးဆီ ပြန်သွားပြီး ရိန်း တောဝက်စခန်းထဲ ရောက်သွားပြီဖြစ်သည့်အကြောင်း သတင်းသွားပို့တော့ စစ်သူကြီးက စိတ်ဝင်စားဟန် မပြ။ ရေးလက်စ စာတောင် အရေးမပျက်ချေ။ ကြမ်းပြင်ပေါ်က ပန်းကန်အကွဲအစ၊ အခြားသော ကြွေထည်အကွဲများ၊ ကျောက်စိမ်းလက်ကောက် အပိုင်းအစတွေ တွေ့တော့ သူသန့်ရှင်းရေး လုပ်ပေးခဲ့သည်။ အားလုံးနေသားတစ်ကျ သပ်သပ်ရပ်ရပ်ဖြစ်ပြီဆိုတော့မှ အခန်းထဲကနေ ပြန်ထွက်ခါနီးတွင်
"လက်ထောက်ဝူ…"
"စစ်သူကြီး… ခိုင်းစရာများ ရှိသေးပါသလား…"
"သွားပစ်လိုက်…."
ပိတ်စအပါးဖြင့်ပတ်ထားသည့် အထုပ်တစ်ထုပ် ကမ်းပေးလာသည်ကို ဘာမှ မမေးဘဲ ယူလာခဲ့လိုက်သည်။ သူ့နားနေဆောင်ရောက်တော့ အထုပ်ကို ဖြေကြည့်မိသည်။ လက်ထောက်ဝူ သူတာဝန်ထမ်းဆောင်သည့် သက်တမ်းတစ်လျှောက်လုံး ဟွာရှန့်ခိုင်းသည့်အတိုင်း တသွေမတိမ်း လိုက်နာသည်။ ယခုလို တစ်ခါမှ မလုပ်ဖူးချေ။ စက္ကူထုပ်ငယ်လေးများကို ဖြေကြည့်တော့ သူ အံ့သြသွားသည်။
"ဒါ… ဆေးဆရာပေးသွားတဲ့… အားဆေးတွေပဲ… စစ်သူကြီးက ဘာလို့ လွှင့်ပစ်ခိုင်းရတာလဲ… သူ ရိန်းကို သေမယ့်လူလို့ သတ်မှတ်ထားလိုက်တာလား…"