နှင်းဆီမိုးစက်
အပိုင်း(၄)
#နှင်းဆီမိုးစက်
"ဟင်.."
မိုးစက် ကားကို ဘရိတ်မှေးလိုက်ပြီး ကော်ဖီဆိုင်ထဲ ကို အကြည့်ရောက်သွားတော့ တိုးတိုး နဲ့ အတူတူ စကားပြောနေတဲ့ သူ့ကို တွေ့လိုက်ရသည်...။
ကားရပ်ဖို့ အဆင်မပြေလို့ ပြန်မောင်းလာပြီး ပါကင်ထိုးကာ ဆင်းသွားလိုက်မိသည်..။
"ဟာ...အစ်ကို...လာ.."
မိုးစက် ဆိုင်ထဲ ၀င်သွားကတည်းက တိုးတိုးက မြင်ပြီး လက်ပြတော့ ပြန်ပြုံးပြကာ အနားကို ရောက်သွားသည်..။
"ထိုင်လေ...အစ်ကို...တစ်ယောက်ယောက်နဲ့ ချိန်းထားလို့လား.."
"ဟအေး.."
မိုးစက် ခေါင်းရမ်းငြင်းလိုက်ကာ တစ်ချက်ကြည့်လိုက်တော့ စာအုပ်ဖတ်နေရာက မျက်လုံးလှန်ကြည့်တဲ့ သူနဲ့ အကြည့်ချင်း ဆုံသွားသည်..။
"မင်းတို့ကော ဧည့်သည်စောင့်နေတာလား..."
"မဟုတ်ပါဘူး...ကျွန်တော်က မုန့်စားချင်လို့ လိုက်လာတာလေ..ဟီး..ဟီး..."
တိုးတိုးက ကလေး တစ်ယောက်လို ရယ်ပြီး ပြောတော့ မိုးစက် ပြုံးရင်း ရှေ့မှာ ချထားတဲ့ စာအုပ်တစ်အုပ်ကို ဆွဲယူကြည့်လိုက်သည်..။
ထွက်ထားတာ နှစ်လ မကြာသေးတဲ့ ဘာသာပြန် စာအုပ်တစ်အုပ်မို့ မျက်ခုံးပင့်သွားကာ ခပ်မြန်မြန် ပြန်ချမိသည်..။
"အစ်ကို ဘာသောက်မလည်း...ကျွန်တော် သွားယူပေးမယ်...မုန့်ကော..."
"မုန့်တော့ မစားဘူး..ကော်ဖီကတော့ ကိုးပဲ..."
"ဟုတ်.."
တိုးတိုး က ခပ်သွက်သွက် ထသွားတော့ မိုးစက် ရှေ့မှာ ထိုင်နေတဲ့ သူ့ကို မကြည့်ပဲ နှစ်ယောက်ကြားမှာ ရောက်နေတဲ့ ပန်းအိုးထဲက သစ်ခွ ခရမ်းရောင်ကို ငေးကြည့်နေမိသည်..။
"အဟမ်း....မင်းတောင် မနည်းပြောင်းသွားပြီ...."
"ဘာကိုလည်း.."
"သြော်...စာအုပ်တွေ ဘာတွေ ဖတ်နေပြီ ဆိုတော့ အရင်ထပ်တော့ ပိုယဉ်ကျေးလာမယ် ထင်တယ်..."
"အင်း...ယဉ်ကျေးတာ..ရိုင်းစိုင်းတာထက်...ကိုယ်နဲ့ မဆိုင်တာကို ခေါင်းထဲထည့် မစဉ်းစားချင်တော့တာပါ..."
"ဟား..ဟား...ဟုတ်မယ်..."
"မင်းလည်း စာအုပ်ဖတ်ဖို့ လိုမယ်ထင်တယ်..."
"ဘာလို့..."
မိုးစက် မေးခွန်းကို မဖြေသေးပဲ စာရွက်နောက် တစ်မျက်နှာ လှန်လိုက်ပြီး လက်ညိုးနဲ့ အသာပွတ်ဆွဲကာ စာရွက်ကို နေရာချနေသေးသည်..။
ပြီးတော့မှ မျက်လုံးလှန်ကြည့်ရင်း ခပ်သဲ့သဲ့ပြုံးလိုက်သည်..။
"မဆိုင်တာတွေ စိတ်ဝင်စားနေသလားလို့ပါ..."
"ဘာ.."
သူ့စကားကြောင့် မိုးစက် ဒေါသဖြစ်ကာ အသံ နည်းနည်း ကျယ်သွားချိန် သူက မျက်လုံးပြူးပြီး သတိပေးသလို ကြည့်သည်..။
"ဒေါသမထွက်ပါနဲ့..မင်း...ဒီကို ကော်ဖီ လာသောက်ရုံ သပ်သပ် မဟုတ်ဘူး..စာအုပ်ဖတ်ရအောင်လည်း မင်းမှာ အချိန်မရှိဘူး..တခြား မဆိုင်တဲ့ စိတ်ဝင်စားစရာ တစ်ခုခု ကြောင့် ရောက်လာတာလို့ ထင်မိလို့ပါ..."
"ကော်ဖီဆိုင်က မင်းဘိုးအေ ပိုင်တာမို့လို့လား...ငါ့ဟာငါ ဘယ်အကြောင်းနဲ့ လာလာ..မင်းအပူလား.."
စကားတွေ က အဆက်စပ်ရှိရဲ့လား သေချာမတွေးတော့ပဲ မကျေမနပ် ပြောပစ်လိုက်တော့ အသံမထွက်အောင် ထိန်းရင်း ပခုံးလှုပ်ကာ ရယ်နေသည်..။
အဲလို ပုံစံတွေကြောင့် မုန်းတာပေါ့ကွာ..။
"မင်းလာတာ ငါ့အကြောင်းမဟုတ်ပါဘူး...ငါ့နဲ့ မျက်နှာချင်းဆိုင်မှာ ၀င်ထိုင်လိုက်တော့ ငါ့ အကြောင်း ဖြစ်သွားပြီလေ..."
"တိုးတိုး ကို လာတွေ့တာ..."
"အင်း...အဲလိုဆိုရင်တော့ ပိုကောင်းတာပေါ့..."
"နေစမ်းပါဦး...ငါက မင်းကို တွေ့လို့ ၀င်လာတယ် ထင်နေတာလား..."
"ငါ့ စိတ်ထဲတွေးမိတာ ပြောလိုက်ရင် မင်း လူရှေ့သူရှေ့ မရှောင် ဒေါသထွက်ပြီး အရှက်ကွဲဦးမယ်..."
"ပြောလိုက်စမ်းပါ.."
"ငါ့ကို ကြောင်ဖို့ ပြန် ကြိုးစားနေတာများလားလို့...ငါ့ ယောင်္ကျားလေးဆို စိတ်မ၀င်စားဘူးနော်..."
"ဟား..ဟား..ဂျွန်းထိုး သေလိုက်တော့...."
"လူတစ်ယောက်က အမြင်နဲ့ အထင် ကိုယ်ပိုင် လွတ်လပ်စွာ တွေးနိုင်တာပဲလေ..."
"အေး..ထုတ်ပြောတဲ့ အခါကျရင်တော့ သူတပါး မထိခိုက်အောင် ပြောတက်ရတယ်ကွ..."
"ဆောရီး...ငါ ပွင့်လင်းတာ မင်းပိုသိပါတယ်....ထားပါတော့...မင်းနဲ့ ငါ တွေ့တာ ခဏခဏ ဆိုတော့ ဒီလိုပဲ တွေးမိလို့ပါ...အချိန် ငါးနှစ်အတွင်း တစ်မြို့ထဲ နေပြီး တစ်ခါမှ မတွေ့ပေမဲ့ တစ်လအတွင်း ဆယ့်သုံး...အဲ...ဒါနဲ့ဆို ဆယ့်လေးချိန်လောက် တွေ့နေရတာ ထူးဆန်းတဲ့ တိုက်ဆိုင်မှုပဲလေ..."
"ငါ့ဘက်က ရှင်းတယ်...ကျော်ကျော်...မင်း နဲ့ ငါ အရင်အတိုင်း သူငယ်ချင်းတွေပဲ...မင်း ဘက်က ရိုးသားတယ်ဆိုရင် အခင်အမင်မပျက်နေလို့ ရပါတယ်ကွာ.."
"ဒါဆိုရင်တော့ ပိုအဆင်ပြေတယ်...ငါတို့ အရင်အတိုင်း သူငယ်ချင်းတွေပဲပေါ့..."
"အဲဒါ ပိုကောင်းတယ်..သြော်...ငါ့ရှိုးတစ်ခု စီစဉ်နေတယ်....မင်းနဲ့တိုးတိုး လာခဲ့လို့ရတယ်..."
မိုးစက် အိတ်ထဲက ဖိတ်စာကို ထုတ်ပြီး ပေးလိုက်တော့ ဆွဲယူကာ စိတ်မ၀င်စားသလို တစ်ချက်ကြည့်၍ ဘေးမှာ ချထားလိုက်သည်..။
"ငါပြန်မယ်..."
"ကော်ဖီသောက်သွားပါဦးဟ..."
"မင်းသောက်လိုက်ပါ....နိုင်ငံခြား ကော်ဖီ အရသာကို မင်းသိခွင့််ရတာ မကြာသေးဘူးမလား.."
မိုးစက် စကားကို ဒေါသ မဖြစ်ပဲ ဟက်ခနဲ့ တစ်ချက်ရယ်ကာ ခေါင်းညိတ်ပြတော့ စားပွဲဝိုင်းက ထွက်လာချိန် မျက်မှောင်ကြုတ်နေမိသည်..။
ကားပေါ်ရောက်တော့ ကိုယ့်ကိုယ်ကို ကျိန်ဆဲလို့ မဆုံးနိုင်အောင် ဖြစ်ရသည်.။
ကိုယ့်ဘက်က မရိုးမသားစွာဖြင့် တွေ့ဖို့ အကြောင်းတွေ တမင်တကာ ဖန်တီးနေတာများလား..။
မဟုတ်ပါဘူး...မိုးစက် ရဲ့ အောင်မြင်မှုကို တခြားသူတွေထက် သူပိုသိသင့်တယ်လေ...။
.
"ကိုကို..."
"ဟင်..."
"အဲဒီ့ဆိုင်မှာ သွားဝယ်မှ ဖြစ်မှာလား...."
"........"
Humidifier (ရေငွေ့စက်)လေး တစ်ခုကို တောင်နဲ့ မြှောက် ကားမောင်းပြီး တကူးတက သွားဝယ်ရလောက်အောင် ရူးသွားပြီ ထင်ပါရဲ့..။
မိုးစက် ကိုယ့်အဖြစ်ကို ကိုယ် လှောင်ရယ်လိုက်ရင်း နောက်ဆုံးတွေ့တုန်းက ကြောင်ဖို့ ကြိုးစာနေတာလားဆိုတဲ့ စကားကြောင့် ထိတ်လန့်ရသည်..။
ဒီတစ်ခေါက်လည်း ဒီလိုပြောစရာ ဖြစ်ပြန်ပြီလား..။
မဟုတ်ဘူး...ဒီတစ်ခေါက်က ခြူးပါလို့ တမင်တကာကို သွားတွေ့မှာပါလေ..။
ခြူးက ပိုတို ရှုတင်အတွက် ပြင်ဆင်ပြီးမှ မရိုက်ဖြစ်တော့ ဒီလို အလှလေးကို သူနဲ့ တွေ့ပေးရမှာပေါ့လေ..။
"ကိုကို.."
"သြော်....ဟုတ်တယ်....ဘေ့ရဲ့....ကိုကို့ သူငယ်ချင်းဆိုင်ကို အားပေးရမှာပေါ့ကွာ..."
"ဟွန့်..."
မိုးစက် ဆိုင်ရှေ့ရောက်တော့ ကောင်မလေး တစ်ယောက်နဲ့ စကားပြောရင်း ရယ်မောနေတဲ့ သူ့ကို တွေ့ချိန် ဒေါသက အလိုလို ထွက်သွားသည်..။
ရှပ်ကော်လာ နဲ့ ဆံပင်တွေကြားက လွတ်နေတဲ့ လည်တိုင်နေရာမှာ အသည်းပုံ တက်တူးတစ်ခုတွေ့လိုက်တော့ ပိုဆိုးသည်..။
တကယ်ရူးသွားရှာပြီ ထင်ပါတယ်လေ...။
မိုးစက် တံခါးဖွင့်ဝင်လိုက်တော့ အဲကွန်း လေနဲ့ အတူ အမွှေးနံ့တစ်မျိုး ရလိုက်သည်..။
"မင်္ဂလာပါ..."
"သြော်..ဒီဘက်မှာ ကိုကို.."
"အင်း.."
ခြူးက အရင်တွေ့ပြီး အရောင်လေးတွေနဲ့ ပုံစံလေးတွေ လျှောက်ရွေးနေတုန်း မိုးစက်ကတော့ စကားပြောနေတဲ့ သူ့ဆီကို တစ်ချက် လှမ်းကြည့်လိုက်သည်..။
သူ့မျက်လုံးထဲမှာ တစ်စုံတစ်ရာ လိုက်ရှာမိပေမဲ့ ဘာမှ မထူးခြားသလို မေးငေါ့နှုတ်ဆက်ပြန်သည်..။
ကောင်မလေးရဲ့ ပခုံးပေါ်က တစ်ခုခု ကို ပုတ်ချပေးရင်း စကားဆက်ပြောနေတော့ မိုးစက် ကျောခိုင်းကာ ခြူးအနားကို ရောက်သွားသည်..။
"ပန်းရောင်လေး ယူပါလား ဘေ့.."
ခြူးရဲ့ ခါးလေး ကို သိုင်းဖက်လိုက်ကာ နား အနား ကပ်၍ပြောလိုက်တော့ မိုးစက်ကို အံသြသလို ပြန်ကြည့်နေသည်..။
လူရှေ့မှာဆို အနေအထိုင် ဆင်ခြင်တက်တဲ့ မိုးစက်ရဲ့ အပြုအမူတွေက အခု ပြောင်းပြန်ဖြစ်နေပြီလေ...။
"ကျော်...ဖုန်းဆက်လိုက်လေ..."
"အိုကေ...အိုကေ...."
ကောင်မလေး က မိုးစက်နဲ့အတူ ဘေးမှာ ရှိနေတဲ့ ခြူးကို သိသလို တစ်ချက်လှမ်းကြည့်ပြီး ထွက်သွားသည်..။
"ကိုကို....ဟိုဘေးက သစ်ရွက်ပါတာလေးပဲယူမယ်..."
"အိုကေ..."
မိုးစက် လှမ်းယူလိုက်ကာ ခြူးလက်ကလေး ကို ဆွဲပြီး ကောင်တာ ခုံဆီကို လျှောက်သွားလိုက်သည်..။
"သြော်...ဟိုအစ်ကို ရှိတာပဲ..."
"ဟုတ်ကဲ့....ခြူး..မတွေ့တာကြာတော့ ပိုလှလာတယ်နော်..."
"ဟိ...ဟုတ်လား...ကျေးဇူး..."
"ဒီ တစ်မျိုးပဲလား...ယူသွားလေ..."
"ငါ ၀ယ်နိုင်ပါတယ်..."
"အို...ကိုကို ကလည်း.."
မိုးစက် ရဲ့ စကားကို ခြူးက အံသြစွာ လှမ်းဟန့်လိုက်ပေမဲ့ သူကတော့ ခပ်ပြုံးပြုံး ဖြင့်ပင် ခေါင်းညိတ်လိုက်ကာ ကောင်တာ က ကောင်မလေး ဆီကို ပစ္စည်းလှမ်းပေးလိုက်သည်..။
"ပစ္စည်းတော်တော် စုံတယ်နော်...ဟိ...MP3 လေးတွေ တွေ့တော့ ငယ်ငယ်တုန်းက အချိန်တွေကို သတိရသွားတယ်..."
"ဟုတ်ကဲ့....ကျွန်တော်လည်း...အဲဒါကြောင့် အစုံတင်ထားတာ.. ငယ်ဘ၀ကို ပြန်မရနိုင်ပေမဲ့ တချို့ပစ္စည်းတွေက အမှတ်တရတွေဆီကို အလည်ပို့ပေးတက်တယ်လေ..."
"နေပါဦး...ဒီဂိမ်းစက်လည်း..သိတယ်...ကိုကို မှတ်မိလား..."
"စူပါ မာရီယို ဂိမ်းလေ..."
"အင်း..အင်း...ဘေ့ ဆော့ချင်တယ်..၀ယ်ပေးနော်...."
"ဆော့လို့မရဘူး ညီမရဲ့...အဲဒါလေး က ပျက်နေတယ်..."
"ဟင့်..."
"ဟား..ဟား...တွေ့လား...သူတို့ဆိုင်က အစုတ်တွေလည်း အဲလို လူထင်ကြီးအောင် ပြထားတာပဲလေ..."
"ဟာ..ကိုကို..."
"အစုတ်တွေကို လူထင်ကြီးအောင် ပြထားတာ မဟုတ်ပါဘူးကွာ....တချို့ အမှတ်တရတွေက လွင့်ပစ်ရလောက်အောင် မပေါလို့ပါ..."
မိုးစက် မျက်နှာ တည့်တည့်ကို ကြည့်ပြီး ပြောလိုက်တော့ အကြည့်လွဲပစ်လိုက်ကာ စင်ပေါ်က LED ပစ္စည်းတချို့ ကိုပဲ လိုက်စပ်စုနေမိသည်..။
"ပြန်ဦးမယ်နော်..."
"ဟုတ်ကဲ့..."
မိုးစက် ကားပေါ် ရောက်ချိန် တံခါးဝမှာ မတ်တက်ရပ် ကျန်ခဲ့တဲ့ သူ့ဆီကို အကြည့်မရောက်အောင် ထိန်းသိမ်း၍ ကားကို မောင်းထွက်လာခဲ့လိုက်သည်..။
"ကိုကိုကလည်း .."
"ဟင်.."
"ပြောတော့ သူငယ်ချင်းမို့လို့ အားပေးတာတဲ့...ရန်သူတွေ ကျနေတာပဲ..."
"မဟုတ်ပါဘူးကွာ...ကိုကိုနဲ့ သူက ဒီလိုပဲလေ...စ နောက်နေကျပါ..."
"စနောက် နေတာနဲ့ မတူပါဘူး..ကိုကို မျက်နှာကြီး ဒီလောက် တည်တင်းနေတာ ဘေ့ တော့ အားနာတယ်..."
"ဘာမှ အားမနာနဲ့ ဒီကောင်က ပြောမနာ ဆိုမနာ အမှတ်သည်းခြေ မရှိတဲ့ ခပ်ပေါပေါကောင်ပါကွာ.."
မိုးစက် ပြောပြီး သဘောကျစွာ ရယ်လိုက်တော့ ခြူးက ခေါင်းလေး ရမ်းပြီး ဖုန်းထုတ်၍ နှိပ်နေတော့သည်...။
အားနာစရာမလိုလောက်အောင် သူရဲ့ လုပ်ရပ်တွေက ပြင်းထန်လွန်းတာ ဘယ်သူက သိမှာလည်းလေ...။
.
"မိုး တို့များ တစ်ခါတည်း ထုတ်ကြွားလိုက်တာနော်..."
"ဟဲ..ဟဲ...အဲလို ဖြစ်သွားလား..."
"ဖြစ်တာပေါ့...ဖြစ်တာပေါ့....နှင်းဆီမိုးစက် ကိုယ်ပိုင် တံဆိပ်နဲ့ အ၀တ်အစား ဘရန်း တစ်ခု ကြော်ငြာသလို အရုပ်မလေးရဲ့ ပိုင်ရှင်လို့ပါ ကြွားနေတာလေ..."
"ဒါကတော့ စိတ်မချလို့ပါဗျာ..."
"အပို သိလား..မမ...တကယ်ဆို ခြူးက စိတ်မချရမှာပါနော်..."
"ဟား..ဟား..ဟုတ်တယ်လေ....မိုးက နိုင်ငံတကာ အထိ သွားနေတာပဲ..."
"မမ ကလည်း ပို့နေပြန်ပြီ...တစ်ခါ စိတ်ကောက်ရင် ကျွန်တော် ခုနှစ်ရက်လောက် ချော့ရတာဗျ..."
"တွေ့လား.."
"ဟား..ဟား..."
မိုးစက် အနားမှာ ရပ်နေတဲ့ ခြူးက လက်မောင်းကို မသိမသာ လိမ်တော့ မင်းသမီးကလည်း သဘောကျစွာ ရယ်နေသည်..။
ဒီဇိုင်နာ အဖြစ် ကိုယ်ပိုင် တံဆိပ် နဲ့ အ၀တ်အစားတွေ ထုတ်နိုင်ဖို့ ဆိုတာ တခြားနာမည်ကြီးတွေ အတွက် သိပ်မခက်ပေမဲ့ မိုးစက် အတွက်တော့ ခက်ခဲပါသည်..။
လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကတည်းက မက်ခဲ့တဲ့ အိပ်မက်ကို အခုမှ အကောင်အထည် ဖော်နိုင်တာမို့ ဒီပွဲမှာ မိုးစက်က အပျော်ဆုံးနဲ့ အတက်ကြွဆုံး ဖြစ်နေသည်..။
စတိုင်လ်လစ် တစ်ယောက် အနေနဲ့ အနုပညာအသိုင်းအ၀ိုင်းမှာလည်း နာမည် တစ်ခု ရှိနေပြီမို့ နာမည်ကျော် အနုပညာရှင်တွေ တော်တော် များများ တက်ရောက်အားပေးသည်..။
"ဘေ့တော့ ကိုကို ကလဲ့စား ချေတယ်ပဲ ထင်တယ်..."
"ဘာကိုလည်း ဘေ့ရဲ့..."
"သြော်...လှည်းတန်းက ကိုကို့ဆိုင် ကျဉ်းကျဉ်းလေးကို လာတုန်းက ဘေ့ ကဲ့ရဲ့ ခဲ့တာလေ..အခုတော့ ကိုကိုက လမ်းဆုံမှာ ဟဲဗီးကြီး ဖွင့်ချပစ်လိုက်တယ်..."
"ဟား..ဟား...မဟုတ်ဘူး ငြင်းရင်တော့ လိမ်ရာ ကျတော့မယ်..."
"ကြည့်စမ်း...တော်တော် အမှတ်ကြီးတာပဲ..."
"ဟိုဆိုင်လေးလည်း ထားမှာပါ...ဒီဆိုင်က ကိုကို့ ဘရန်းသီးသန့်ဆိုင်လေးပေါ့ ဘေ့ရယ်..."
"ဆိုင်ကြီးပါ..."
"ကဲ..ကိုကို အခုလို အောင်မြင်တိုးတက်လာတာ ဘေ့က ၀မ်းမသာဘူးလား..."
"မေးစရာတောင် မလိုဘူး...ကိုကို ရှာသမျှ ဘေ့အတွက်ပဲလေ..."
"ဟား..ဟား...အလည်လေး...."
"ဟော...ဟိုမှာ ကိုကို့ သူငယ်ချင်းလည်းလာတယ်..."
"ဟင်.."
မိုးစက် နဲ့ မျက်နှာချင်းဆိုင် စကားပြောနေတဲ့ ခြူးက နောက်ကို လက်ညိုးထိုးပြတော့ အလန့်တကြား လှည့်ကြည့်လိုက်မိသည်..။
"ကိုကို့ သူငယ်ချင်းက စွံတယ်နော်...ကောင်မလေးက အချောလေးပဲ..."
"ဟမ်...အင်း.."
မိုးစက် ကို တွေ့တော့ လက်ထောင်ပြ နှုတ်ဆက်သည်မို့ လက်ထဲက ခွက်ကို နီးစပ်ရာ စားပွဲ တစ်ခု ပေါ်တင်ထားခဲ့ရသည်..။
ဘယ်လိုဖြစ်ပြီး ဆင်တူလာဖြစ်နေတာလည်း..။
မိုးစက်လည်း နက်ပြာရောင် ၀တ်စုံပြည့် ဖြစ်သလို သူလည်း နက်ပြာရောင် ၀တ်စုံပြည့်ပင်..။
မတူတာ ဆိုလို့ မိုးစက် ၀တ်စုံမှာ အဖြူခြစ်ရာလေးတွေ မသိမသာပါနေပြီး နက်ခ်တိုင် ၀တ်ထားတာပင်..။
ဘေးနားက ကောင်မလေးကတော့ ဂါဝန်အ၀ဲလေး နဲ့ ပုလဲပါတဲ့ ဆွဲကြိုးလေး ၀တ်ထားသည်..။
ဒီကောင်မလေးကို သိတာပေါ့...။
ဟိုတစ်ခါတုန်းက သူ့ဆိုင်မှာ တွေ့ခဲ့တဲ့ ကောင်မလေး..။
"ဆောရီးကွာ...နောက်ကျသွားတယ်..."
"အင်း...ငါက မင်းမလာရဲလို့ မလာတော့ဘူးတောင် ထင်နေတာကွ..."
"လာရမှာပေါ့..."
"မသိဘူးလေ...အရင်တုန်းက မင်းက လူတော သူတော သိပ်မှ မတိုးပဲ..."
မိုးစက် စကားလုံးတွေနဲ့ တိုးနှက်လိုက်ချိန် သူက ဘာမှ မပြောင်းလဲ ပေမဲ့ သူ့ဘေးက ကောင်မလေး မျက်နှာပျက်သွားတော့ အားနာရသည်..။
"လာ...စားပွဲမှာ ထိုင်မလား..ဘားမှာတော့ လူရှင်းတယ်.."
"အင်း..လာလေ...ဘေဘီ..."
မိုးစက် ကိုယ့်နားကို ကိုယ် မယုံနိုင်လို့ အကြောင်သားဖြစ်နေပေမဲ့ သူ့အနားက ကောင်မလေး ခေါင်းညိတ်တော့ မှ သေချာသွားသည်..။
ဘာရူးတာလည်း ကျော်ကျော်ရာ....ခြူးကို ဘေ့လို့ ခေါ်တာ ကြားပြီး ဘေဘီ ထရူးတာလား..။
မိုးစက်သာ တိုက်ရိုက် မေးရင် ဘေဘီခေါ်ခွင့် လူတိုင်းမှာ ရှိတယ်ဆိုပြီး ငြင်းဦးမှာ ကြိုသိနေသည်..။
"မင်း နဲ့ ငါ ဆင်တူဖြစ်နေတယ်ကွ...ကျော်ကျော်.."
"ငါတို့ အတွေးက တူနေလို့ ဖြစ်မှာပေါ့...ဘာလည်း ကောင်မလေးတွေလို မျိုး တစ်ယောက်ယောက်နဲ့ ဆင်တူ ဖြစ်နေတာ မကြိုက်ဘူးလား.."
"အေးပေါ့ကွ...ငါ က စတိုင်လစ်လေ..."
"ဖက်ရှင်ဆိုတာ တစ်ယောက်တည်း ပိုင်တာမှ မဟုတ်တာကွာ...အထည် စက်ရုံတွေက တစ်ထည်တည်း ချုပ်နေတာ မဟုတ်ဘူး...မျက်နှာချင်းဆိုင် မတူရင်တောင် ဒီစတိုင်လ် အကျီ င်္ကို တစ်ချိန်တည်း လူတွေ အများကြီး ၀တ်နေကြမှာပဲ...အဲ ဘယ်သူနဲ့မှ မတူချင်ဘူးဆိုရင်တော့ ငါတို့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေလည်း လှီးဖြတ်ပစ်ရတော့မယ် ထင်တယ်..."
မိုးစက် ကို သာသာလေးနဲ့ ထိုးနှက်လိုက်တော့ ဘာမှ ပြန်မပြောနိုင်ပဲ ရှေ့က ခွက်ကိုသာ မော့သောက်ပြီး လှည့်ထွက်လာခဲ့ရသည်...။
သူကတော့ ကောင်မလေးနဲ့ စကားပြောရင်း ရယ်မောကျန်ခဲ့ပေမဲ့ မိုးစက်ရဲ့ ပျော်ရွှင်နေခဲ့တဲ့ စိတ်တွေကတော့ ပျောက်ကုန်သည်. ...။
"ကိုကို ..."
"ဟင်..."
"ကြည့်ဦး...ကိုကို့ သူငယ်ချင်းကို ဖိတ်ပြီး နှုတ်မဆက် စကားမပြောပဲနေတာပဲ...အားနာစရာကြီး...ပြန်ခါနီး နှုတ်ဆက်တာလည်း ခြူး တစ်ယောက်တည်းရယ်..."
"သူက အရေးမကြီးပါဘူး..."
"ကိုကို က ပေါင်းသင်းဆက်ဆံရေးကောင်းပေမဲ့ သူ့ကိုတော့ ရန်လိုနေသလိုပဲနော်..."
"အဓိပ္ပာယ် မရှိတာ ခြူးရယ်...ကိုကို ဒီမှာ ရုပ်ရှင်အဖွဲ့နဲ့ စကားပြောနေတာလေ..."
"ဟွန့်...တစ်ချိန်တည်း မဟုတ်ပါဘူး...ကိုကို့ ပုံစံက ငယ်ငယ်က ရည်းစားလုဖက်ကို ပြန်တွေ့သလိုပဲ..အရမ်းသိသာတယ် သိလား..."
မိုးစက် စကားပြောချင်စိတ်မရှိတော့လို့ သက်ပြင်းချပြီး ခပ်လှမ်းလှမ်းမှာ ၀ိုင်းဖွဲ့နေတဲ့ Model အုပ်စုဘက်ကို သွားနှုတ်ဆက်ရသည်..။
ပျော်စရာတွေနဲ့ အဆုံးသတ်ရမှာ ဖြစ်ပေမဲ့ ခြူးနဲ့ ရန်ဖြစ်ပြီး အိမ်ပြန်ရောက်ခဲ့သည်..။
ခေါင်းထဲမှာ ရှုပ်တာတွေ များနေတော့ တစ်ယောက်တည်း ခေါင်းဆေးရင်း မသောက်တာကြာတဲ့ အရည်တွေကို ထပ်မြိုချမိပြန်သည်..။
"ဟလို..."
"........."
"ဟလို...."
"........"
မိုးစက် ဖုန်းကိုင်ထားတဲ့လက်တွေကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း ဖန်ခွက်ထဲက လက်ကျန်အရည်တွေကို မော့ချပစ်လိုက်သည်...။
"မိုး မလား...ပြောလေကွာ..."
"မင်း...အဲလို မပြောစမ်းနဲ့ ....ငါ ရွံလို့ပါ..."
"ဟော....မင်းပဲ ဖုန်းခေါ်တာလေကွာ..."
"ဟုတ်တယ်..."
"အေး...ခေါ်ပြီး ပြောမှပေါ့...နေပါဦး...တစ်နာရီထိုးတော့မယ်...မင်း မအိပ်သေးဘူးလား..."
"အိပ်တာက သောက်ရေးမပါပါဘူးကွာ...သေရင် တစ်ဝကြီး အိပ်ရမှာပဲ..."
"မင်း မူးနေပြီ ထင်တယ်..."
"ဟုတ်တယ်...မူးတယ်...မင်းကြောင့်..."
"ဟာ...ရစ်ပြီ....ငါ ဘာလုပ်မိလို့လည်း..."
"ကျေးဇူးပြုပြီး...ငါ့ရှေ့မှာ ပေါ်မလာပါနဲ့လား..."
"အိုး...မင်းမှားနေပြီ....ငါ မင်းရှေ့ကို ရောက်လာတာ မဟုတ်ဘူးလေ....မင်းကချည်း ငါ့ရှေ့ကို ရောက်လာတာ မဟုတ်ဘူးလား.."
"မဟုတ်ဘူး...မင်းက ငါ့ရှေ့အရင်ရောက်လာတာလေ.."
"......."
"ငါ ပြောချင်တာ...မင်း ကို မတွေ့ချင်ဘူးကွာ...ရှင်းလား.."
"အိုကေ....ငါမှားတာ...မင်း အိပ်လိုက်တော့..."
"အေး...မင်းမှားတာ...ငါ မမှားဘူး....မင်းသိတယ်မလား...မင်းကိုတွေ့တိုင်း ငါ့ဒဏ်ရာတွေ အသစ်ဖြစ်တယ်..."
"ဆောရီး....ဆောရီး....မရည်ရွယ်ပါဘူးကွာ..."
"မင်း မပြောနဲ့...နားထောင်စမ်းပါ...ငါ့စကားကို မင်း နားထောင်ရမယ်.."
"........"
"မင်းနဲ့ငါ့ရဲ့ အတိတ်တွေက ကောင်းတာ တစ်ခုမှ မရှိဘူး..ကျော်ကျော်...သိရဲ့လား.....ငါ့မှာ ပြန်တွေးတိုင်း လောင်ကျွမ်းနေရတယ်..."
".........."
"မင်း...မင်း....ပျော်လားဟင်...ပျော်နေတယ်မလား....ငါ အရမ်းပင်ပန်းတယ်....မင်း...ငါ့ကို ဒီလိုလုပ်ပြီး...ပျော်နေနိုင်တာ တရားလား ကျော်ကျော်...ဟမ်.....မင်းကြောင့် ငါ အလူးအလဲ ခံစားရတယ်ကွာ...မင်း ပျော်နေရင် ငါ ပူလောင်တယ်...ငါ....ငါ ခံစားရသလို မင်း ခံစားကြည့်စေချင်တယ်...မင်း..ငါ့ကို ...င့ါကို..."
"ဟင်း....မင်း ထင်သလို မဟုတ်ပါဘူး..မိုးရာ...မင်း မရှိတဲ့ အချိန် ငါ ပျော်နေတယ်ဆိုတာ မင်း အထင်လွဲနေတာပါ..."
"ဒါဖြင့်....မင်း..."
"ငါတို့ ကိုယ့်လမ်း ကိုယ်လျှောက်ဖို့ ကြိုးစားခဲ့တာလေ...အခုလည်း ကိုယ့်လမ်း ကိုယ်လျှောက်နေတာပဲမလား...ငါတို့တွေ ရင်းနှီးမှုအရ သူငယ်ချင်း အဖြစ် ဆက်ထိန်းထားလို့ရပါသေးတယ်..."
"ကျွန်းထိုးပြီး သေလိုက်ကွာ..."
မိုးစက် အော်ပြောရင်း ပါးစပ်ထဲရောက်လာတဲ့ စကားတွေ အကုန်လုံးကို ဆဲဆို ကျိန်ဆဲနေမိသည်.။
"ဟား..ဟား...ဆိုးတာကွာ..."
သူ့ဘက်က ရယ်သံကြောင့် မိုးစက် နားထဲ ပူလောင်ပြင်းရှသွားကာ အံကြိတ်မိသည်..။
"မင်း နဲ့ ငါ သူငယ်ချင်း အဖြစ် ရှိနေမှာ မဟုတ်ဘူး ကျော်ကျော်...အမုန်းဆုံး ရန်သူပဲ သိလား.."
"ငါ...နားလည်ပါတယ်....ငါသိတယ် ...မချစ်ဘူးလို့ ကြွေးကြော်ထားတဲ့ သူတွေပဲ ပိုထိတာလေ..."
"ဟား..ဟား...အချစ်ဆိုတာကြီး မင်းပါးစပ်က ထွက်ဖို့ မကောင်းဘူး...ကျော်ကျော်..မင်းပါးစပ်က ဒီလို နူးညံ့လှပတဲ့ စကားလုံး တစ်ခုနဲ့ မတန်ဘူး..."
".........."
အပြန်အလှန် စကားတွေနဲ့ ထိုးနှက်ပြီး မိုးစက်ရဲ့ စကားလုံးတွေ အောက်မှာ အရာအားလုံး ရပ်တန့်တိတ်ဆိတ်သွားတော့ ရယ်မိသည်..။
အမှန်တရားက အရှိုက်ထိအောင် ဖြစ်သွားပြီမလား..။
အချစ် မှာ တယူသန် အတွေး တွေ မရှိဘူး..။
အချစ် မှာ အတွက်အချက်တွေ မရိုးသား မှုတွေ မရှိဘူး..။
အချစ် မှာ ဘာဆို ဘာမှ မရှိဘူး...။
တစ်စုံတစ်ခုသော အကြောင်းအရာ ကပ်ပါလာရင် ဒါကို အချစ်လို့ မခေါ်ထိုက်ဘူး မလား..။
"မင်း ဘာပြောဦးမလည်း..."
"ဘာဖြစ်လို့လည်း...."
"ငါ အရမ်းအိပ်ချင်နေပြီ...မင်း ရစ်လို့ပြီးရင် ဖုန်းချလိုက်တော့မယ်..."
"ချလေ..."
"အိုကေ..."
"ငါ ကတော့ ပြောစရာ သတိရရင် ခေါ်နေမှာပဲ..."
မိုးစက် ရှေ့မှာ ရှိတဲ့ ရေခဲခွက်ကိုဆွဲယူပြီး ရေခဲညှပ်လေးဖြင့် ရေခဲတုံးကို ကောက်ကာ ခွက်ထဲ ပစ်ထည့်လိုက်သည်...။
ပုံမှန်ဆိုရင် ဖုန်းကို စပီကာ ဖွင့်ပြီး မဟုတ်ရင် နားကြပ်ဖြစ်ဖြစ် တပ်ပြောနေကျပေမဲ့ အခုတော့ ဘယ်လက်ဖြင့် ဖုန်းကို ကိုင်ကာ ပါးမှာ အပ်ထားမိသည်...။
"ဟား..ဟား...တုံးတာကွာ...ငါ ဖုန်းပိတ်အိပ်မှာပေါ့ကွ..."
"မင်း ဖုန်း မပိတ်ရဲဘူး ဆိုတာ ငါ သိတယ်.."
"........."
"ဟုတ်တယ်မလား..."
"မပိတ်ရဲတာတော့ မဟုတ်ပါဘူးကွာ...ဘော်ဒါ တစ်ယောက် ရင်ဖွင့်လို့ ရအောင် ဖွင့်ထားပေးမယ်လေ...ကဲ...ပြောချင်ရာသာ ပြော....ငါတော့ အိပ်ပြီ.."
မိုးစက် ဖုန်းကိုင်ထားရင်း ဖန်ခွက်ကို ခပ်ဖြည်းဖြည်း လှုပ်ကာ မြှောက်၍ ငေးကြောင်ကြည့်နေမိသည်..။
တကယ်ပင် တိတ်ဆိတ်သွားပြီး တစ်ခုခု ကို နှိပ်လိုက်လို့ တီ ဆိုတဲ့ မြည်သံ တစ်ချက် ကြားလိုက်ရသည်..။
တယောသံ ခပ်တိုးတိုး ထွက်လာတော့ မိုးစက် ဟက်ခနဲ့ တစ်ချက်ရယ်ပြီး ဖန်ခွက်ကို ချလိုက်ကာ ဆံပင်တွေကို ထိုးသပ်တင်မိသည်..။
My heart will go on ရဲ့ တယော သံ သီးသန့် ထွက်လာတော့ မျက်လုံးတွေကို မှိတ်၍ ခံစား နားထောင်နေရင်း ပါးပြင်တစ်လျှောက် ပူနွေး စိုစွပ်ကုန်သည်..။
မင်းနဲ့ ပတ်သက်လာရင် ယောင်္ကျားတစ်ယောက်ရဲ့ မာန သိက္ခာ မကျန်တော့လောက်အောင် အောက်ကျို့နေမိပြီလား...။
မိုးစက် အံကြိတ်လိုက်ကာ ဖုန်းကို နားကနေ ခွာပြီး ချလိုက်ဖို့ တွေးမိပေမဲ့ နောက်တကြိမ်မရတော့မဲ့ အခွင့်အရေး တစ်ခုလို လက်တွန့်သွားမိသည်..။
လက်တွေက ဖုန်းဆီရောက်မသွားတော့ပဲ ဖန်ခွက်ဆီ ရောက်သွားကာ နံရံဆီ အားကုန်လွဲပေါက်ပစ်လိုက်သည်..။
မိုးစက် အသက်ရှုသံက လွဲလို့ အရာအားလုံး တိတ်ဆိတ် ငြိမ်သက်သွားတော့မှ စိတ်တွေက တည်ငြိမ်စ ပြုလာသည်..။
"ဆောရီး...မင်းကို နှောင့်ယှက်မိပြီ...Good night.."
"......"
သူတကယ် ဖုန်းကို ဘေးချပြီး အိပ်နေတာ သိလိုက်တော့ ရင်ဘတ်ထဲ နာကျင်မှုကြောင့် ဆစ်ခနဲ ဖြစ်သွားသည်..။
အခုမှ မဟုတ်ပါဘူး..အတိတ်ပုံပြင်မှာလည်း မင်းက ပြတ်သားတဲ့သူ ငါ က အမှတ်မထားတဲ့သူ...။
.
"ဟေ့ကောင်..."
"ဘယ်လိုလည်း..မင်းနဲ့ ခြူး အဆင်မပြေဘူးလား.."
"ပြေပါတယ်ကွာ..."
" ...ညတိုင်း ပုလင်းထောင်နေတာပဲ.."
"မေးမနေနဲ့...ဝေကြီးရေ..ဒီကောင် အပီအပြင် ခံစားနေရတယ်..."
"ဟေ...ဘာဖြစ်လို့လည်း.."
သူငယ်ချင်း အပေါင်းအသင်းတွေကိုပဲ ခံစားနေရသမျှ ရင်ဖွင့်ပြီး သက်သာသလို နေဖို့ ကြိုးစားမိသည်..။
ခုရက်ပိုင်း ဆိုင်ကို အကြောင်းပြပြီး အလုပ်တွေလည်း လက်မခံပဲ နားနားနေနေ နေဖို့ ဆုံးဖြတ်ထားသည်..။
ခြူး ဖုန်းဆက်ရင်တောင် နေမကောင်းလို့ ဆိုတဲ့ အကြောင်းပြချက်ဖြင့် ရှောင်နေလိုက်သည်..။
"ဒီကောင်...မကြံကောင်းမစည်ရာတွေ တွေးနေတာကွ..."
"ဟေ..."
" မျိုးကိုကိုဆန်းတို့ မထက်တို့ကို ကြွေတယ်ဆို တော်သေးတယ်ကွာ..ခုတော့ တကယ့် အစစ်ကြီးကို သွားကြွေတာ...တို့လည်း မကူနိုင်ဘူး.."
"မဖြစ်နိုင်တာကွာ..."
"ဟုတ်တယ်...ဒီကောင် လမ်းကြောင်းရှာပြီး ခဏခဏ သွားနေတာနော်...ဟိုမှာလည်း စော်လေးနဲ့ပဲ...ဒါပေမဲ့ ဒီကောင့်ကိုလည်း မျှော်လင့်ချက်တွေ ပေးထားသလိုပဲကွာ..မပြတ်မသားနဲ့.."
"မဖြစ်နိုင်တာ..ဒီကောင်က ယောင်္ကျား အစစ်ပါ...ဟေ့ကောင် မိုးစက်...မင်း လိုင်းပြောင်းရင် ငါတို့ မပေါင်းဘူးနော်..."
"ဟား..ဟား..."
"မင်း တို့ နှစ်ကောင် က စော် ကိုယ်စီနဲ့ အကြောင်ရိုက်ဖို့ ကြိုးစားနေတာ ကောင်မလေး နှစ်ယောက် အသည်းကွဲနေရပါ့မယ်ကွာ...မလုပ်ကောင်းတာတွေ မလုပ်ကြပါနဲ့..."
"ဟား..ဟား..ပေါက်ကရကွာ....အသည်းကွဲလောက်အောင် ငါ့ဘေ့က ငါ့ကို အဲလောက် မချစ်ပါဘူးကွာ..."
"ဟေ့ကောင် အတည်ကြီးလား..."
"မသိတော့ဘူးကွာ...ပြန်မယ်..."
မိုးစက် ဒယိမ်းတယိုင် ထရပ်လိုက်တော့ ဖြိုးကြီးနဲ့ စစ်နိုင် က တွဲပြီး ထူပေးကာ ပြန်ပို့ပေးဖို့ ကားအထိ ဆွဲခေါ် လာကြသည်..။
နောက်ခန်းမှာ ပစ်ထည့်ပြီး ကားမောင်းရင်း ပြောနေကြတာ တစ်ခုမှ စိတ်ချမ်းသာ စရာမရှိ...။
"ဟိုကောင် က စော်ကြည်ဘဲပုံမျိုးကွ...ရုပ်ကလည်း မော်ဒန် တစ်ယောက်လိုပဲ ...မိန်းမချောလို့တောင် ပြောလို့ရတယ်ကွ...ခပ်နွဲ့နွဲ့ပါပဲ...ယောက်ျား မဆန်ဘူး.."
"ဘယ်လိုတွေ့သွားတာလည်း.."
"အဲဒါတော့ ငါ့ကို မပြောဘူး..ဟိုနေ့က သောက်နေရင်း ထပြောတာ...သူ ခြူးမဟုတ်တဲ့ တစ်ယောက်ကို ချစ်နေပြီ ထင်တယ်တဲ့ကွာ...ငါက စော်တပွေ မှတ်လို့ ဟုတ်လား...လုပ်ပေါ့ကွာလို့ ပြောလိုက်တာ..သူက ဘယ်လိုမှ မဖြစ်နိုင်ဘူး ပြောပြီး
ဓာတ်ပုံပြတယ်...သူ့ဆိုင်ဖွင့်ပွဲကို လာတုန်း အမှတ်တရ ဓာတ်ပုံ ရိုက်ထားတာလေကွာ...ဟို့ကောင့် စော်ကလည်း ခပ်လန်းလန်းပဲကွ..."
"သူ့ဘက်ကပဲလား..ဟိုဘက်ကကော..."
"သူလည်း မုန်းတယ်တဲ့...ဒါပေမဲ့ အမြဲတွေ့ချင်ပြီး တွေ့ဖို့ပဲ ကြိုးစားနေမိတယ်ပြောတယ်...အတည်ကြီး ကွဲပြဲနေတာတော့ မမိုက်ပါဘူးကွာ..."
"ငါကွာ....ဒီကောင့်ကို ဒီလိုကြီး ဖြစ်နေမယ် လုံးဝ မထင်ထားဘူး...ကျောတောင် ချမ်းတယ်..."
"ကျောပဲ ချမ်းတာလားကွ..."
မိုးစက် ကုန်းထပြီး လည်ပင်းကို သိုင်းဖက်လိုက်တော့ နှစ်ယောက်သား လန့်ပြီး ခုန်ကြတာ ကားကလည်း ခေါင်းရမ်းသွားသလို ဆဲသံဆိုသံတွေလည်း ဆူညံထွက်သွားသည်..။
"ဟုး..."
မိုးစက် အခန်းထဲက ထွက်ပြီး သီချင်းခပ်တိုးတိုး ဖွင့်ကာ ရေချိုးခန်းထဲ ၀င်သွားလိုက်သည်..။
ရေနွေးစပ်ပြီး ဖယောင်းတိုင်လေးတွေ ထွန်း၍ အဆင်သင့်ပြင်ရသည်..။
ခေါင်းထဲမှာ မူးတာပျောက်တော့ တစ်မျိုးပြောင်းကာ ဝေဒနာ ခံစားရပြန်သည်..။
ကော်ဖီ ခါးခါး တစ်ခွက်ကို ပြင်ဆင်၍ အ၀တ်အစားတွေ လဲကာ ရေချိုးထဲ ၀င်ခဲ့လိုက်သည်..။
ဆပ်ပြာ မွှေးမွှေးဖြူဖြူလေးတွေအောက်ကို တစ်ကိုယ်လုံး နှစ်မြုပ်လိုက်ကာ မျက်လုံးစုံမှိတ်ထားမိသည်..။
သီချင်းသံက မိုးစက် မကြိုက်တဲ့ သီချင်း တစ်ပုဒ်ကို ပြောင်းသွားတော့ စိတ်ရှုပ်ရပြန်သည်..။
တကယ်ဆို ရေချိုးခန်းထဲ ယူလာပြီး ဖွင့်လည်း ရရဲ့သားနဲ့ ဘာဖြစ်လို့များ အခန်းထဲမှာ ထားခဲ့မိပါလိမ့်..။
မိုးစက် သီချင်းသံကို အာရုံဖျောက်ကာ လက်တွေကို လှုပ်ရမ်းဆော့ရင်း စိတ်သက်သာသလို နေရသည်..။
မျက်လုံးတွေကို မှိတ်ထားရင်း စိတ်ကူးထဲမှာ အနာဂတ်ကို ပုံဖော်မိသည်..။
အခုလိုမျိုး ရေချိုးခန်းထဲက ကြွေကန်ထဲမှာ ဇိမ်ကျ နေရင်း မကြိုက်တဲ့ သီချင်းလာရင်..။
"မိန်းမရေ... သီချင်းကျော်ပေးပါဦးကွာ..."
"အသံ နည်းနည်း မြှင့်ပေးဦးနော်..."
"အိုကေပြီ..."
မိုးစက် စိတ်ကူး အတွေးထဲမှာ ခြူးကို အစားထိုးမြင်ယောင်မိတော့ နှုတ်ခမ်းတစ်စုံက ပြုံးရိပ်ထင်သွားရသည်..။
ခြူးလို မိန်းကလေး တစ်ယောက်က အိမ်မှုကိစ္စ နိုင်နင်းနေတာ အံသြစရာကောင်းမနေဘူးလား..။
ဒါပေမဲ့ ၀ါသနာအရ စားဖိုမှူး သင်တန်းတွေတက်လိုက် မုန့်လုပ်တဲ့သင်တန်းတွေ တက်လိုက်ဖြင့် ငယ်ငယ်လေးနဲ့ တက်တာ တော်တော် များနေသည်..။
"ကိုကိုရေ....ထမင်းစားဖို့လေ...ကျန်တာ နောက်မှ ဆက်လုပ်နော်..."
"ခြူးလည်း ဗိုက်ဆာနေပြီ....ကိုကို့ကို ထမင်းစားစောင့်နေတာလေ..."
"ဘေ့ လက်ရာလေး ဘယ်လိုနေလည်း..."
"ဘေ့ မီးပူတိုက်ထားတာ တော်တယ်မလား..."
"အ၀တ်လျှော်ထားတာ...မွှေးမွှေးလေး..."
မိုးစက် ခေါင်းကို ခါရမ်းပစ်လိုက်ချိန် သီချင်းက အကြိုက် တစ်ပုဒ်ပြောင်းသွားတော့ စိတ်ထဲ ကြည်လင်သွားသည်..။
အိုး...ဟင်းချက် ထမင်းချက်တာတော့ မိုးစက်လည်း ကောင်းကောင်း လုပ်တက်တာပဲလေ..။
လက်ထပ်တယ်ဆိုတာ ထမင်းချက် ဟင်းချက် ခိုင်းဖို့မှ မဟုတ်တာပဲ..။
သူများတွေ လက်ထပ်တာကို ဘယ်လို မြင်လည်း မသိပေမဲ့ မိုးစက်ကတော့ ရိုးသားသည်..။
ကြင်စဦး မှာ ကြည်ကြည်နူးနူးနဲ့ သတို့သမီးလောင်းလေး ရဲ့ ချွဲနွဲ့ဆိုးတာလေး ကို ခံချင်သည်..။
လက်ထပ်တယ်ဆိုတာ ချစ်ရသူနဲ့ အတူတူ အိပ်စက် အတူတူ နိုးထကာ အိပ်မက် မက်ရင်တောင် အတူတူယှဉ်တွဲ မက်ချင်တာမျိုးပင်..။
ဒါကြောင့်လည်း ခြူးကို ချစ်တယ်ဆိုတာ မသေချာခင် လက်မထပ်ချင်သေးတာပါ..။
မရိုးသားတဲ့ စိတ်ကူးတွေကိုခေါင်းထဲက မောင်းထုတ်ပေမဲ့ အတွေးထဲ တစ်စွန်းတစ ပေါ်လာပြန်သည်..။
အိုး..ကိုယ့်အတွေးထဲကို ဘယ်သူက လိုက်ကြည့်နေလို့လည်း..။
မိုးစက် က အခုနောက်ပိုင်း ထမင်းဟင်းချက် ကျွမ်းကျင်သလို သူကလည်း အပြင်အဆင် ကျွမ်းကျင်သည်လေ..။
မိုးစက် ဟင်းချက်နေချိန် သူက မီးဖိုခန်းထဲ ၀င်လာပြီး ခါးကို ဖက်၍ ဟင်းတွေကို စပ်စုရင်း နှိုက်မြည်းချင် မြည်းလိမ့်မယ်...။
အ၀တ်တွေလျှော်ပြီးရင် သူက တာဝန်ယူပြီး မီးပူတိုက်လိမ့်မယ်...။
"ကျော်ကျော်...လုပ်ဦး...မီးဖို ပျက်သွားပြီ..."
" ယောင်္ကျားလေး ဖြစ်ပြီး ဒါတောင် မတက်ဘူးလား...."
"အိုး..ယောင်္ကျားလေးဆိုတိုင်း အကုန်တက်မလားကွ..."
မိုးစက် ခပ်တင်းတင်း ပြန်ပြောလိုက်ရင် ချော့သလိုနဲ့ ပါးကို ဆွဲဖျစ်ပြီး မီးဖိုကို ကပျာကယာ ပြင်ပေးဦးမည်..။
"မင်း အတွက် ကိုယ် ဒီဇိုင်းဆွဲထားတာလေ.."
"အိုး...မိုးက တော်တာကွာ..."
မိုးစက် ပြလိုက်တဲ့ ဒီဇိုင်းကို ကြည့်ပြီး အနမ်းတစ်ပွင့်နဲ့ ဂုဏ်ပြုချင် ပြုလိမ့်မည်..။
"မင်း ဒီလို လုပ်လို့မရဘူးနော်..."
"ဘာလည်း သ၀န်တိုတာလား.."
"ဟုတ်တယ်..."
တစ်ခါတလေ သွေးအေးတယ် မိုးစက်ကို နားလည်တယ် စိတ်မ၀င်စားဘူးလို့ ပြောထားတဲ့ သူကိုယ်တိုင် ကပဲ သ၀န်တိုပြီး ပြဿနာတွေ ရှာချင်သေးသည်..။
မီးဖိုခန်း နဲ့ အိမ်ရှေ့ ဧည့်ခန်း အပြန်အလှန် အော်ဟစ် ရန်ဖြစ်မည်..။
သူက ခေါင်းကုတ်ရင်း မကြည်မလင် ထိုင်နေချိန် မိုးစက်ကလည်း မီးဖိုခန်းမှာ ရိုက်ခွဲစရာ တစ်ခုခု အပေါ် စိတ်ထွက်ပေါက် ရှာချင် ရှာမည်..။
တစ်နာရီ နှစ်နာရီလောက်ကြာရင် သူ့ဘက်က အရင် အလျော့ပေးစရာမလိုပဲ မိုးစက်ကပဲ စချော့မည်..။
ထိုအခါ အမှတ်သည်းခြေ မရှိတဲ့ သူက ခပ်ပြုံးပြုံးဖြင့် မိုးစက် ခါးကို ဖက်ကာ ပခုံးပေါ် မှီရင်း ချွဲမည်..။
စိတ်ဆိုးပြီး စိတ်ပြေသွားရင် အရင်ထပ် နှစ်ဆပိုချစ်ကြမည်..။
အချစ်ဇာတ်လမ်းတွဲ တစ်ခုကို နှစ်ယောက်သား တူတူကြည့်ရင်း မုန့်တစ်ခုခု အပြန်အလှန်ခွံ့မည်..။
သူ အိပ်ပျော်သွားရင် ပေါင်ပေါ် အိပ်ခိုင်းပြီး သူ့ဆံပင်တိုလေးတွေကို တယုတယ သပ်ကာ အနမ်းလက်ဆောင်ပေးဦးမည်..။
ပိန်ပိန်ပါးပါး ဖြစ်သွားတဲ့ သူ့ကိုယ်လုံးလေးကို ခပ်ဖွဖွ ပွေ့ချီပြီး အိပ်ရာပေါ် မှာ ချပေးရမည်..။
ရင်ခွင်ထဲ ထည့်သိပ်ပြီး အိပ်မက်တွေ တူတူ မက်နိုင်အောင် တူတူ အိပ်စက်ကြမည်..။
မိုးလင်းရင်လည်း မျက်နှာချင်းဆိုင် တူတူ နိုးထပြီး အတူတူ မျက်နှာသစ် သွားတိုက်ကာ မနက်စာ တူတူပြင်၍ တူတူစားကြမည်..။
မိုးစက်တို့ နှစ်ယောက်စလုံး ကလေးလည်း မချစ်တက်လို့ ကလေး တစ်ယောက် မလိုအပ်ပါဘူး..။
တစ်ယောက်နဲ့ တစ်ယောက် သစ္စာရှိရှိ ချစ်ရင်း တစ်ခါတလေ ရန်ဖြစ်လိုက် တစ်ခါတလေ တိုးချစ်လိုက်ဖြင့် ဘ၀ နောက်ဆုံးချိန်ထိ တူတူ သွားချင်သည်..။
သူနဲ့ ခရီးထွက်ရတာ စိတ်ချမ်းသာတယ်ဆိုရင် မိုးစက် အလုပ်တွေ ထားပြီး တူတူသွားမှာပေါ့..။
အခုလည်း အလုပ်ကိစ္စကြောင့် အမြဲခရီးထွက်နေရတာပဲလေ..။
သူ့မိသားစုနဲ့ မိုးစက် ပြဿနာ မရှိပေမဲ့...သူ့အစ်ကိုနဲ့တော့ မရင်းနှီးလို့ နေသားကျအောင် ကြိုးစားရမည်..။
အိုး...မကြိုးစားနိုင်ဘူး...မိုးစက် မိသားစုနဲ့ သူ အဆင်မပြေရင် မိုးစက်ရဲ့ မိသားစုကို စွန့်လိုက်မှာပေါ့...သူလည်း ဒီလိုပဲ လုပ်ရမယ်...။
ဒီအတိုင်းလည်း မိသားစုက မိုးစက်ကို နားလည်တာမှ မဟုတ်တာပဲ..။
မိုးစက် ကို နားလည်ပေးနိုင်တာ တစ်လောကလုံးမှာ တစ်ယောက်တည်း ရှိတာလေ...။
အဲဒီ့လူနဲ့ပဲ အတူတူ ထာဝရ နေချင်တယ်ဆိုရင် မိုးစက်ရဲ့ ဆန္ဒက မှားယွင်းနေဦးမလား..။
"ငါတို့ ရှေ့ဆက်လို့ မရတော့ဘူး...၀သန်မိုးစက်..လမ်းဆုံးနေပြီ...လမ်းခွဲကို ရောက်နေပြီ...မင်းသွားရမှာက တစ်လမ်း...ငါသွားရမှာက တစ်လမ်း ဖြစ်နေတယ်...မင်းလမ်းကို ငါမလိုက်နိုင်သလို...ငါ့လမ်းကိုလည်း မင်းကြိုက်မှာ မဟုတ်ဘူး.."
"မဟုတ်ဘူး.."
မိုးစက် မျက်လုံးစုံမှိတ်ထားရင်းက မျက်ခုံးတွန့်သွားကာ ခပ်တိုးတိုး ငြင်းဆန်မိသည်..။
မနေ့က သူနဲ့ သွားတွေ့တော့ ပြောခဲ့တဲ့ စကားတွေကို မယုံနိုင်သေး..။
သွေးအေးချင်ယောင် ဆောင်ထားတဲ့ မိုးစက်မျက်နှာမှာ စိုးရိမ်ထိတ်လန့်မှုတွေ မယုံနိုင်မှုတွေနဲ့ ခံစားချက်သွေးရောင်တွေ ပုံသဏ္ဍန်ပြောင်းကုန်သည်..။
မစဉ်းစား မဆင်ခြင်ပဲ စိတ်ခံစားမှုကို ရှေ့တန်းတင်လွန်းတယ်ဆိုတဲ့ သူ့မျက်နှာကတော့အေးစက်ကာ တည်ငြိမ်လွန်းသည်..။
မိုးစက် အခြေအနေ ကို မလိုလားစွာဖြင့် မျက်လုံးဖွင့်လိုက်တော့ ခြောက်ခြားစရာ ပုံရိပ်တွေ ပျောက်ဆုံးသွားပြီး မီးရောင်လဲ့လဲ့ ရေချိုးခန်းထဲကို ပြန်ရောက်နေသည်..။
ကောင်းပါတယ်...ဒီအခြေအနေလေးပဲ ကောင်းတယ်..။
အေးစက်နေတဲ့ ကော်ဖီခွက်ကို လှမ်းယူပြီး အရသာခံကာ သောက်နေရင်း ကိုယ့်ကိုယ်ကို စိတ်ပျက်စွာ တစ်ချက်ရယ်မိပြန်သည်..။
ရေချိုးပြီးရင်တော့ ခြူးကို ဖုန်းဆက်ပြီး ချော့ဦးမှပါလေ...။
မနက်ဖြန် ပွဲတစ်ခု အတွက် အပ်ထားတဲ့ ဒီဇိုင်းကို ရှာပေးရဦးမည်..။
အိုး...ကိုလတ်ကိုလည်း မွေးနေ့လက်ဆောင်ပို့ပေးရဦးမည်..။
ငါ့ရဲ့ လက်တွေ့ ဘ၀တွေက မင်း အကြောင်းတွေးဖို့ အချိန်မရှိအောင် တာဝန်ဝတ္တရားတွေနဲ့ ပြည့်နေတာပဲလေ..။
ခဏတဖြုတ် ရူးသွပ်မှုတွေ အဆုံးသတ်သွားပါစေတော့..။
မင်း ပြောသလို မတူတဲ့ လမ်းတွေကို အဆုံးထိရောက်အောင် လျှောက်ရဦးမည်..။
13-7.07 ×12.04
**•̩̩͙✩•̩̩͙*˚ ˚*•̩̩͙✩•̩̩͙*˚***•̩̩͙✩•̩̩͙*˚ ˚*•̩̩͙✩•̩̩͙*˚*
ကျော်ကျော် နဲ့ မိုးစက် ဆိုရင် သဘောတူမှာလားဟင် 😅
တစ်မျိုးလေး ပြောင်းရေးချင်လို့ပါ🌹
ဖတ်ရတာ အဆင်မပြေရင် ခွင့်လွှတ်ကြပါနော် 🙏
ဒီဇာတ်လမ်းက သိပ်တော့ မမျှော်လင့်ပါနဲ့ မရေးတက်တော့လို့ပါ 😭💔🙏
အရေးအသား အဆင်မပြေ စာလုံးပေါင်း မမှန်ရင် ခွင့်လွှတ်ပါနော်။
အခုလို ခပ်ညံ့ညံ့ အရေးအသားကို အချိန်ပေး ဖတ်ပေးခဲ့တာ ကျေးဇူးအထူးတင်ပါတယ်
Love U All ❤
#စပိုက်ကာ 🌹