ရသစုံလင် တရုတ်ဝတ္ထုတိုများ

By Iris-Lily

15.6K 1.6K 84

Original Writer : Ling Yutang Translated by Ma Hnin Pwint More

ချန်နန် (အပိုင်း - ၁)
ချန်နန် (အပိုင်း - ၂)
ချန်နန် (အပိုင်း - ၃)
ချန်နန် (အပိုင်း - ၄)
မင်းကတော် မဒီ (အပိုင်း - ၁)
မင်းကတော် မဒီ (အပိုင်း - ၂)
မင်းကတော် မဒီ (အပိုင်း - ၃)
မင်းမတော် မဒီ (အပိုင်း - ၄)
မနာလိုစိတ် (အပိုင်း-၁)
မနာလိုစိတ် (အပိုင်း - ၂)
မနာလိုစိတ် (အပိုင်း - ၃)
ရမ္မက် (အပိုင်း - ၁)
ရမ္မက် (အပိုင်း - ၂)
ရမ္မက် (အပိုင်း - ၃)
ရမ္မက် - အပိုင်း (၄)
မုတ်ဆိတ်နီကြီး (အပိုင်း - ၁)
မုတ်ဆိတ်နီကြီး (အပိုင်း - ၂)
မုတ်ဆိတ်နီကြီး (အပိုင်း - ၃)
မုတ်ဆိတ်နီကြီး (အပိုင်း - ၄)
လူမျောက်ဖြူ (အပိုင်း - ၁)
လူမျောက်ဖြူ (အပိုင်း - ၂)
လူမျောက်ဖြူ (အပိုင်း - ၃)
လူမျောက်ဖြူ (အပိုင်း - ၄)

မနာလိုစိတ် (အပိုင်း - ၄)

454 83 14
By Iris-Lily








စဉ်းစားလေ စိတ်ရှုပ်လေဖြစ်လာတော့ ဝူဟန် ဒီကိစ္စတွေရဲ့ အရင်းခံအောင်သွယ်တော်ကြီး ဒေါ်ဝမ်ပိုကိုသွားတွေ့ဖို့ ဆုံးဖြတ်လိုက်တော့တယ်။ ဒါပေမဲ့ ဒေါ်ဝမ်ပိုရဲ့အိမ်ကိုရောက်တဲ့အခါ တံခါးဝကို မင်းတံဆိပ်နဲ့ ချိပ်ပိတ်ထားပြီး လူဆိုးတို့ရဲ့ အသည်းနှလုံး ဘယ်လောက်မာမာ မင်းကြီးရဲ့ မီးလျှံဥပဒေများတို့အောက်မှာ အရည်ပျော်ရရှာ.. ဆိုတဲ့စာတန်း ချိတ်ထားတာကို တွေ့ရပါလေတယ်။ ဝူဟန် တအံ့တသြနဲ့ အိမ်နီးချင်းတွေကို မေးမြန်းကြည့်တော့ ဒေါ်ဝမ်ပိုကို လွန်ခဲ့တဲ့ခြောက်လက မိန်းကလေးတွေကို ပြည့်တန်ဆာတန်းဆီ လှည့်ဖျားပြီး ရောင်းစားဖို့ကြံစည်မှုနဲ့ ကြိုးပေးစီရင်လိုက်ပြီလို့ သိရသတဲ့။ ဒါကိုကြားရော ဝူဟန်ခမြာမှာ အကြီးအကျယ်ကို ကြောက်သွားတော့တယ်။ လီဟွားပြောသမျှက မှန်နေပြီကိုး။ ဘယ့်နှယ်..အရင်နှစ်လလောက်ကပဲ သူ့မင်္ဂလာကိစ္စစီစဉ်ပေးနေတဲ့ မိန်းမကြီးဟာ လွန်ခဲ့တဲ့ခြောက်လလောက်က သေပြီးသား ဆိုတာကို တွေးမိတိုင်းမယုံနိုင်ဖြစ်ရတဲ့အပြင် အလွန်အမင်း ကြောက်လန့်တုန်လှုပ်မိတယ်။ ဇောက်ထိုးပြောင်းပြန်ဖြစ်ကုန်ပြီလို့ ထင်ရတဲ့ သူ့ဘဝမှာ လီဟွားရဲ့နာမည်လေးကို တွေးမိလိုက်တိုင်း ဝူဟန်ရဲ့တုန်လှုပ်နေတဲ့ရင်ဟာ ချက်ခြင်းကိုငြိမ်ကျသွားပြီး နွေးထွေးလာလို့ တော်ပါသေးတယ်။

ဝူဟန်အချိန်တိုင်းလိုလို လီဟွားလေးရဲ့ မျက်နှာငွေလရယ်၊ သူကလေးရဲ့ ရိုးသားတည်ကြည်တာတွေ အမြဲပျော်ရွှင် နေတတ်တာတွေ၊ ဟာသဥာဏ်ရွှင်တာတွေ စတဲ့အရည်အချင်းတွေကိုပဲ တွေးရင်းနဲ့ လီဟွားကိုသာ လက်ထပ်ခဲ့ရင် ဘယ်လောက်တောင် ကောင်းလိမ့်မလဲလို့ တွေးမိတော့တယ်။ ဆိုတော့လီဟွားဆီကို သွားတွေ့ပြီး ပြတ်ပြတ်သားသားမေးစမ်းပြီး အားလုံးကို ရှင်းလိုက်တော့မယ်လို့ ဆုံးဖြတ်လိုက်တော့တယ်။ တဖက်က တွေးပြန်တော့ ယိုနီယာဆိုတာ မကောင်းဆိုးဝါးလား ဘာလား မသေချာသေးပေမဲ့ သူ့ပေါ်မှာ အင်မတန်မှ မယားဝတ္တရားကျေခဲ့ ၊ ကောင်းခဲ့တာတွေကို အမှတ်ရမိပြန်တော့ သူများပြောတာကိုနားယောင်ပြီး ဇနီးသည်အပေါ် အမှားလုပ်မိမှာကိုလည်း စိုးရိမ်မိပြန်တယ်။ ဒါနဲ့ပဲ အိမ်မပြန်ပဲနေတာကြာလေ ရှင်းရခက်မှာ စိုးလေ ၊ ရှင်းရမှာစိုးလေ အိမ်မပြန်ပဲနေလေနဲ့ လုံးချာလည်လိုက်ပြီး စိတ်ရှုပ်ရလွန်းလို့ နေ့လည်သုံးနာရီသာ ထိုးသွားပေမဲ့ တျောင်ရှီလင်းဘက်ကို ဘယ်လိုမှ ခရီးမစနိုင်သေးဘူး။ နောက်ဆုံးတော့ စိတ်ဒုန်းဒုန်းချလို့ ကူးတို့လှေပေါ်ကို တက်လိုက်ပြီးမှပဲ လီဟွားမျက်နှာကို တခါ ပြန်မြင်ရတော့မယ်ဆိုတဲ့ အသိနဲ့ စိတ်နည်းနည်း ပြန်ကြည်လာပြီး အကြောက်ပြေလာတော့တယ်။

သူပါလာတဲ့ကူးတို့လှေက ရေဆန်ကို ခပ်မှန်မှန်သွားနေတုန်း အနောက်မြောက်ကနေ မိုးတွေမည်းတက်လာပြီးတော့ ကဆုန်လရဲ့ နွေမုန်တိုင်းလာတော့မလို အရိပ်အယောင် ပြလာပါလေရော။ အနောက်ဘက်က တာင်တန်းတွေပေါ်မှာတောင် တိမ်တွေပြိုကျ လာနေပြီ။ ဝူဟန်ကတော့ ထီးမပါလာပေမဲ့ မမှုလှပါဘူး။ မကြာခင်ပဲ လီဟွားကို တွေ့ရတော့မယ် မဟုတ်လား။ ဒါ့အပြင် ရင်ပူလွန်းအားကြီးနေလို့ မုန်တိုင်းပြီး မိုးမိရင်လည်း အကောင်းသားလို့တောင် ထင်မိသေးတယ်။ လှေပေါ်ကလဲဆင်းရော၊ တျောင်ရှီလင်းက သူသွားနေကျလမ်းတွေအတိုင်း လိုက်သွားနေရင်းနဲ့ ချောင်းဘေးက လီဟွားတို့ တဲကလေးကို တွေးမြင်ယောင်နေမိပါတယ်။ သွားနေရင်း ကောင်းကင်ကြီးက မှောင်ကျလာလိုက်တာဆိုတာ ဘယ်အချိန်လဲ ဆိုတာတောင်ပြောဖို့ခက်ပေမယ့် ညနေစောင်း ခြောက်နာရီခွဲလောက်လို့တော့ ဝူဟန်မှန်းမိတယ်။ ဒီလိုနဲ့ တဖြည်းဖြည်းလေနီကြမ်းတွေ ပြင်းလာလိုက်တာ တောအုပ်ကလေးတောင် ပြားပြားဝပ်လို့ အကုန်ကျိုးကြေကျကုန်မလိုပဲ။

သူရောက်နေတဲ့နေရာနားမတော့ သချိုင်းမြေတခု ရှိဟန်တူပြီး စုပေါင်းမြေပုံတွေရော ကိုယ်ပိုင် ဂူသချိုင်းတွေပါ ပြန့်ကျဲလို့ရှိတယ်။ ဝူဟန်ကတော့ စိတ်မရှည်တာရော မိုးမမိခင် လီဟွားတို့တဲဆီကို အမြန်ရောက်ချင်တာပါပေါင်းလို့ တောင်စောင်းကို လမ်းရယ်လို့မရှိပဲ မြေပုံတွေ၊ ကျောက်တုံးကြီးတွေ အပြည့်နဲ့ ဖြတ်လမ်းလို့ထင်ရတဲ့ဖက်က ဆင်းဖို့ကြံတယ်။ အောက်လဲရောက်ရော မိုးရွာစပြုလာတာနဲ့ ဝူဟန်ပြေးတာပေါ့။ ဒါပေမဲ့ လီဟွားတို့ဆိုင်နားကို မရောက်တတ်သေးခင် ကိုက်တရာလောက်အလိုမှာ မိုးက သည်းသည်းမည်းမည်းကို ရွာလာတဲ့အပြင် မိုးကြိုးတွေပါပစ်လို့ လျှပ်စီးတွေတဖြတ်ဖြတ်နဲ့ ဆိုတော့ ခိုစရာရှာရပြန်တယ်။ အခန့်သင့်ပဲ အနားက သချိုင်းအပေါက်ဝမှာ ဇရပ်လိုလို အိမ်လေးထောင့်သေးသေးလေးတခု တွေ့လိုက် ရလို့ အဲဒီထဲကို ခဏဝင်နေရတော့တယ်။ ဒီအချိန်မှာ ဝူဟန်ရဲ့ မသိစိတ်က တံခါးပိတ်ထားဖို့ သတိပေးနေသလိုရှိတာကြောင့် သူလည်း အတွင်းကနေ တံခါးကိုပိတ်ရုံတင်မကပဲ မင်းတုန်းပါ ချထားလိုက်တယ်။ ပြောရရင် ထူးဆန်းသလိုဖြစ်နေမှာပေမဲ့ အကြောင်း တခုခုကြောင့် ဝူဟန်ဟာ ဒီတောင်ကြားထဲမှာ လူဆိုလို့ သူတယောက်တည်းပဲရှိတာကို ခံစားသိနေမိလို့ပါပဲ။ ဘာပဲဖြစ်ဖြစ်လေ ကဆုန်လရဲ့ မုန်တိုင်းတွေက ဝုန်ဒိုင်းနဲ့ပေမဲ့ မကြာတတ်တော့ ဝူဟန်အဖို့ အစိုမခံဘဲ မိုးစဲတဲ့အထိ ဒီထဲအမှာခိုနေခွင့်ရတာကို ဝမ်းသာနေတယ်။ အဲဒီလို စိတ်သက်သာရာ ရလို့မှ မကြာသေးဘူး။ တံခါးကို တစုံတယောက်က လာတွန်းကြည့်နေလို့ ဝူဟန်မှာ အသက်တောင် ရဲရဲမရှူရဲဖြစ်နေတုန်း အပြင်ကနေ ချင်အော်ရဲ့ အသံနဲ့ ပြောသံကို ကြားလိုက်ရတယ်။

“…တံခါးက အထဲကနေ မင်းတုန်းချထားတယ်… မမလေး…. ကျွန်မတို့တံခါးကြား အကွဲကြောင်းထဲကနေ လျှိုဝင်ကြမလား…”

ဝူဟန် ရှိသမျှဆံပင်တွေ ထောင်သွားတုန်းမှာ ယိုနီယာရဲ့ အသံနဲ့ အံကြိတ်ပြောသံ ထွက်လာပြန်ပါလေရော။

“နေပါစေကွယ်… သူဘယ်ပြေးနိုင်မှာမှတ်လို့… ဒီလောက်မုန်တိုင်းထဲမှာတောင် ဒီမှင်စာမဆီကို လာတွေ့ချင်သေးတဲ့သူတော့ တွေ့ကြသေး တာပေါ့ဟယ်… ကိစ္စမရှိပါဘူးလေ… သူများ လင်ကို ခိုးချင်တဲ့ကောင်မကို အရေခွံခွာပီးမှ သူနဲ့စာရင်းရှင်းမယ်… တစ်ချိန်တော့ အိမ်ပြန် လာရမှာပဲဟာ.. သူဘယ်လောက် ပုန်းနေနိုင်မလဲ ကြည့်ကြသေးတာပေါ့….”

ပြောပြောဆိုဆိုနဲ့ ထွက်သွားကြတဲ့ခြေသံတွေကို ကြားလိုက်ရပေမဲ့ ဝူဟန်ကတော့ ဒူးတွေ တဆတ်ဆတ်တုန်လို့ အသက်တောင် မရှူနိုင်တော့ဘူး။ အရေးထဲမှာပဲ မုန်တိုင်းကတော့ ငြိမ်ကျသွားပေမဲ့ လျှပ်စီးတွေရဲ့ ခြောက်ခြားစရာ အလင်းစတွေက ဝူဟန်ပုံးနေတဲ့ ဇရပ်ထဲကို အမဲလိုက်နေတဲ့ မကောင်းဆိုးဝါးတွေလို တဖျတ်ဖျတ်ဝင်လာနေတာက ခက်လှတယ်။ ဝူဟန်လည်း အခန်းအတွင်းဘက်ကျကျကို ဆုတ်လာတော့ သူခိုနေတဲ့ ဇရပ်လေးရဲ့ အနောက်မှာ မြေပုံတွေမှတ်တိုင်တွေ စီရရီနဲ့ ရှေးသချိုင်းဟောင်းကြီးတခုကို တွေ့လိုက်ရ တော့တာပဲ။ တချို့သချိုင်းဂူတွေဆို အိုလွန်းလို့ ကဗျည်းတိုင်တွေပြိုကျပြီး အပေါက်ကြီးတွေ ဖြစ်နေပြီ ။ အဲဒီအချိန်မှာ လီဟွားတို့တဲဘက်ဆီက ကြောက်လန့်တကြားနဲ့ စူးစူးရှရှအော်ဟစ်သံတွေ ထွက်တယ်။

“အမလေး… ကယ်ကြပါဦး… သတ်ကုန်ပါပြီတော့်… ကယ်ကြပါဦး…”

ဆိုတဲ့အသံလည်း ကြားလိုက်ရရော ဝူဟန်ရဲ့ တကိုယ်လုံးက မွှေးညင်းမှန်သမျှ အကုန်ထောင်ထလာပြီလို့ ထင်လိုက်မိတုန်းမှာ ခုနနေရာဆီကနေ အကြီးအကျယ် ကျိန်ဆဲ အော်ဟစ်ပြီး ဆဲရေးတိုင်းထွာသံတွေနဲ့အတူ မိန်းမလေးယောက် လုံးထွေးသတ်ပုတ်နေသလို အသံတွေ ထွက်လာတော့တယ်။ ဝူဟန် တခုသတိပြုမိတာက အဲဒီမိန်းမသံတွေဟာ သာမန်လူအသံလိုမျိုးမဟုတ်ပဲ နားမခံသာစရာ အလွန်လေပေါက်မြင့်ပြီး အသဲအေးစရာ စူးစူးရှရှထွက်လာတဲ့ ပရလောကသားတွေရဲ့ အသံတွေဖြစ်နေတာကို နားမချမ်းသာစွာနဲ့ ကြားသိလိုက်ရတော့တာပဲ။ အဲဒီအချိန်မှာ သချိုင်းဟောင်းဝင်းထဲ ဂူပျက်တခုကြားက အကောင်ကြီးကြီး၊ ဗလတောင့်တောင့် အရိပ်တရိပ်ခုန်ထွက်လာပြီး လှမ်းခေါ်သံကြားလိုက်ရတယ်။

“ကိုချူလေး… ကိုချူလေး… ရန်ဖြစ်နေကြတဲ့အသံတွေ.. ကြားသလားလို့…”

အဲဒီအရိပ်ရဲ့ခေါ်သံအဆုံးမှာ မြေပုံတခုထဲက ဆံပင်ဖားလျားနဲ့ ပိန်ချိချိအရိပ်တခု တွားသွားပြီး ထွက်လာတာကို ဝူဟန်တွေ့လိုက်ရပြန်တယ်။ အရိပ်က အလွန်ကုန်းနေတဲ့အပြင် ချောင်းတဟွတ်ဟွတ် ဆိုးနေတော့ ပန်းနာရင်ကြပ်နဲ့ ဆုံးတဲ့သူထင်ပါရဲ့ လို့တောင် တွေးမိလိုက်သေးတယ်။ အဲဒီမှာတင် သွားကြည့်မှပဲ ဆိုပြီး ပြောပြောဆိုဆိုနဲ့ သရဲနှစ်ကောင် အမှောင်ထဲကို လှစ်ကနဲ လေလိုလျှင်မြန်တဲ့အဟုန်နဲ့ ပြေးဝင်သွားကြပြီး
ဘယ်လောက်မှမကြာဘူး ယောက်ျားတယောက်ရဲ့ အသံနက်ကြီးနဲ့ အော်ငေါက်သံ ထွက်လာပါရော။

“တိတ်ကြစမ်းဟေ့…  ညည်းတို့ လေးယောက်စလုံး.. တပြိုင်တည်း လုပြောနေကြတော့.. ငါကဘယ်လို နားထောင်ရမှာလဲ… တကတည်း… အင်မတန်စွာတဲ့ မိန်းမတွေဗျာ….”

မိုးသံတွေနဲ့ ဆူပူအော်ဟစ်နေကြတဲ့ အသံတွေ အားလုံးကြားထဲမှာတော့ ငိုရှိုက်နေတဲ့ အသံလေးတခု ဝူဟန်ရင်နာနာနဲ့ မှတ်မိလိုက်သေးတယ်။ လီဟွား… လီဟွားရဲ့ အသံပေါ့။ ရုတ်တရက်ပဲ အသံတွေအားလုံး တိတ်သွားပြီးတော့ ရိုက်နှက်သံတွေ၊ သံကြိုးကို တရွတ်ဆွဲလာသံတွေကို သစ်သားခုံးတံတားလေး ဒီဘက်ကနေကြားလိုက်ရတော့ ဝူဟန် သွေးပျက်မတတ် ဖြစ်သွားတော့တယ်။ အသံတွေက သူပုန်းခိုနေတဲ့ ဇရပ်လေးဆီ ဦးတည်ပြီးလာနေတာကိုး။ သူပုန်းနေရာ ဇရပ်အနောက်ဘက်ကသချိုင်းမှာ ငါးပေအမြင့်လောက်ရှိမယ့် နံရံခပ်နိမ့်နိမ့်တခုရှိလို့ ဘာမှတော့မမြင်ရပေမဲ့ ချွင်ကနဲ သံကြိုးခတ်သံနဲ့အတူ အုန်းကနဲရိုက်လိုက်သံနဲ့ နောက်ဆက်တွဲမှာ ဝူဟန့်ဇနီးယိုနီယာရဲ့ မချိမဆန့်အော်သံပါ ထွက်လာပြန်ပါတယ်။

“အမလေး…. သေပါပြီတော့်…”

“ညည်းကိုငါဒီမှာမမြင်ဖူးပါဘူး… ဘာကိစ္စနဲ့ ငါ့ပိုင်နက်လာပြီး ဆူပူနေရသလဲဟင်... ညည်းတို့ ဘယ်ကလာကြသလဲ.. ပြောစမ်း…”

ဆိုပြီးယောက်ျားသံတစ်သံက မေးရင်းနဲ့ တဖြောင်းဖြောင်း ရိုက်သံတွေထွက်လာပြီး သူ့ဇနီး ယိုနီယာရဲ့ နာနာကျင်ကျင်အော်သံနဲ့ အတူ ပြန်ဖြေတာကိုပါကြားလိုက်ရတယ်။

“အမလေး.. သေရချည်ရဲ့… ကျွန်မက ခင်ပွန်းသည်ကို လိုက်ရှာနေတာပါ.. နယ်ပိုင်ကြီးရဲ့… ခုနကဒီနားမှာတင် သူ့ကိုခြေရာခံမိတာပါ.. သူဒီနားတဝိုက်မှာပဲ ရှိတယ်ဆိုတာ ကျွန်မသိပါတယ်… ဘုရားစူး ရစေ့… ကျွန်မသက်သေပြနိုင်ပါတယ်…”

ယိုနီယာတယောက် ပိုင်ပိုင်နိုင်နိုင်ဖြေနေတာ ကြားရတော့ ဝူဟန်ခမြာ ဒီတခါတော့ ခေါင်းနဲ့ကိုယ် အိုးအိုးစားကွဲပဟဆိုပြီး ဘုရားတမိတော့တယ်။ ဒေါသထွက်နေတဲ့ ယိုနီယာကတော့ ဆက်ပြောတာပဲ။

“ကျွန်မတို့က တရားဝင်ထိမ်းမြားထားတာပါ.. နယ်ပိုင်တို့ရဲ့... ဒီမှင်စာစုတ်မက ကျွန်မရဲ့ခင်ပွန်းသည်ကို ခိုးထားလို့ လိုက်လာရတာပါ… ဒီဘက်ကို နဂါးလှေပွဲနေ့က လာလည်ပြီးကတည်းက.. ခင်ပွန်းသည် အိမ်ပြန်မလာတော့တာ ဒီနေ့အထိပဲ.. ဒါကြောင့် ကျွန်မမှာ အိမ်ကကျွန်မလေးကို အဖော်လုပ်လို့… ခင်ပွန်းသည်ကို လာရှာရင်း အရှင်ကြီးတို့ကို မထင်မှတ်ပဲ နှောင့်ယှက်မိတာပါ…”

ယိုနီယာက ဒီလိုလဲပြောရော ချွမ်လီဟွားခမျာ ချုန်းပွဲချငိုရင်းငြင်းပါတယ်။

“ဟင့်အင်း… ကျွန်မဘာမှမလုပ်ရပါဘူး… ဘုရားစူးရစေ့… ဘာမှမလုပ်ရပါဘူးရှင်…”

ဒီအခြေအနေရောက်မှတော့ သူချစ်တဲ့ လီဟွားဟာလည်း လူသားမဟုတ်မှန်း ရိပ်မိလိုက်ပေမဲ့ ဝူဟန်မှာ သူကလေးငိုသံ ကြားရတော့ ရင်နာမိပြန်တယ်။ ဒေါသ အင်မတန်ကြီးနေတဲ့ ယိုနီယာကတော့ အာခေါင်ခြစ်ပြီးတော့ အော်ဟစ် ရန်တွေ့တော့တာပဲ။

“ဘာ.. ဘာမလုပ်ဘူးဟုတ်လား… သူများလင်ကို ကြောင်တောင်နှိုက်တဲ့ ကောင်မကများ… နင့်လိုမိန်းမကို.. ဓါးအစင်းတရာလောက်နဲ့ နှုတ်နှုတ်စင်းပြီး သတ်ပစ်ရမှာ… ငါလုပ်လိုက်ရ… တယ်.. လင်ခိုးမ…..”

ဆိုပြီးတော့ လီဟွားကို နပန်းပဲဝင်လုံးသလား၊ ဆံပင်တွေပဲ ဆွဲဆောင့်သလား မမြင်ရပေမဲ့ လီဟွားရဲ့နာနာကျင်ကျင် အော်ဟစ်သံတွေ ထွက်လာပြန်တော့ နယ်ပိုင်သချိုင်းစောင့်တွေ ရန်ပွဲကို ဖျင်နေသံတွေထွက်လာပြန်ပါတယ်။

“ဟေ့… တော်ကြစမ်း… တော်ကြလို့ဆိုနေတာ… အခုရပ်လိုက်ကြ.. ဗိုင်းတာမတွေ…”

အသံတွေဆူညံနေတဲ့ကြားက ချွမ်မုဆိုးမကြီးအသံ အကျယ်ကြီးထွက်လာပြန်ရော။

“ကြည့်နေကြတော့မှာလား.. အရှင်ကြီးတို့ရဲ့… ကျုပ်တို့သားအမိ ဒီနေရာမှာ.. ဘယ်လောက် အေးအေးနေခဲ့သလဲဆိုတာ တော်တို့သိပါတယ်.. ကျုပ်တို့ဘယ်သူ့ကိုမှ မကောင်းမကြံရပါဘူး… ဒီသရဲမက လူ့ဘဝတုန်းကလည်း ကျုပ်သမီးကို ဝရံတာပေါ်ကနေတွန်းချပြီး.. ရက်ရက်စက်စက် အသေသတ်ခဲ့တာတောင်.. အားမရနိုင်သေးပဲ.. ဒီဘဝထိလိုက်ပြီး သတ်ဖို့လုပ်နေတာပါ.. ခုနက အရှင်ကြီးတို့သာ အချိန်မီမလာရင် ကျုပ်တို့သားအမိတော့ ဒုက္ခရောက် ရတော့မလို့ပါလားတော်…. ကယ်ကြပါဦး…”

ဒီတင် နယ်ရှင်သချိုင်းစောင့်ဖြစ်ဟန်တူတဲ့ ယောက်ျားသံနဲ့ သရဲကြီးကဆိုတယ်။

“အေး..အေး.. ငါသိပါတယ်… လီဟွားက လိမ္မာတဲ့ကလေးပဲ… ကဲ… ဟိုတယောက်ကလည်း တကယ်လို့ လီဟွားက ညည်းခင်ပွန်းကို ဖြားယောင်းတယ်ဆိုရင်တောင်.. ငါ့ဆီဖြစ်ဖြစ်.. ညည်းသချိုင်းက နယ်ရှင်ဆီဖြစ်ဖြစ် သွားတိုင်ရမှာပေါ့ကွဲ့… တို့တွေမှာလဲ.. ဥပဒေဆိုတာရှိတာပဲ.. အခုတော့ညည်းက ငါ့ပိုင်နက်ထဲလာပြီး.. လီဟွားကို လည်ပင်း ညှစ်သတ်ဖို့လုပ်တာ ညည်းမှာအပြစ်ရှိတယ်… ညည်းဒီလိုလုပ်တော့ရော သူကသေမှာ မှတ်လို့… ညည်းနယ်ပိုင်က ဘယ်သူတုန်း… ပြောစမ်း.. ညည်းဘယ်သချိုင်းက လာသတုန်း…”

ယိုနီယာက စူအောင့်အောင့်အသံနဲ့ပြန်ဖြေတယ်။

“ပေါင်ဘုရားကုန်း က လာတာပါ…”

“ကဲ… ညည်းပြောသလို.. ညည်းတို့က တရားဝင်ထိမ်းမြားထားတာဆိုရင်… ဘယ်သူက ဒီမင်္ဂလာကိစ္စကို စီစဉ်ပေးခဲ့သလဲ…”

“ချန်တန်တံခါးနားမှာနေတဲ့.. အောင်သွယ်ကြီး ဒေါ်ဝမ်ပိုပါ…”

လို့ယိုနီယာဖြေလိုက်ရော ဖြန်းကနဲ ဖြန်းကနဲ အသံတွေ ဆက်တိုက်ထွက်လာပြီး သချိုင်းစောင့်နယ်ရှင်တွေရဲ့ ငေါက်သံထွက်လာပြန်တယ်။

"မညာနဲ့နော်… နာချင်လို့လား…. အမှန်ပြောစမ်း…”

“အမှန်အတိုင်းပြောနေတာပါရှင်… မယုံရင် သွားမေးကြည့်ပါ… အမလေး… ကျွန်မခင်ပွန်းကို ခေါ်မေးလည်းရတာပဲ… သူကိုယ်တိုင် သဘောတူခဲ့တဲ့ မင်္ဂလာပွဲပဲဟာ…..”

ယိုနီယာ အသနားခံနေတုန်း ဝူဟန်လည်း မကြာခင်မှာ မေးရင်းစစ်ရင်းနဲ့ သူ့ဘက် လှည့်လာတော့မှာကိုသိလိုက်တော့ တံခါးမင်းတုန်းကို အသံမကြားအောင်ဖွင့်ပြီး ဇရပ်ကလေးထဲက အသာထွက်လို့ ဖနောင့်နဲ့ တင်ပါး တသားတည်းကျအောင် ပြေးတော့တယ်။ ကံကောင်းထောက်မစွာဘဲ ငိုသံတွေ၊ ရိုက်နှက်ငြင်းခုန်သံတွေ ဆူညံပွက်လော ရိုက်နေတော့ သူပြေးတာကို ဘယ်သရဲမှ သတိမပြုမိဘူး။ ဝူဟန် သစ်သားခုံးတံတားလေးကို ဖြတ်ပြေးရင်းနဲ့ ညောင်ပင်ကြီးနား ရောက်လာလို့ လီဟွားတို့တဲဘက်ကို လှမ်းကြည့်လိုက်မိတော့ အဲဒီနေရာမှာ ဘာတဲမှမရှိတော့ဘဲ သချိုင်းဂူ နှစ်လုံးကိုသာ တွေ့လိုက်ရတော့တယ်။ ဖွေးနေတဲ့ဂူတွေပေါ်က နာမည်တွေကို လှမ်းဖတ်ကြည့်ဖို့အထိ သတ္တိမရှိတော့တဲ့ ဝူဟန်ဟာ အသက်တောင်မရှူနိုင်ပဲ လှည့်မကြည့်စတမ်း ဆက်ပြေးပြန်တယ်။ တကိုယ်လုံး ဇောချွေးတွေပြန်နေတဲ့ ဝူဟန်ဟာ ပြေးလေကြောက်လေဖြစ်လာတဲ့အထဲ တောင်ကြားတခုလုံး အရိပ်မည်းတွေလွှမ်းလာပြီး အင်မတန်မှခြောက်ခြားစရာ ကောင်းလာပါတယ်။

ဝူဟန်ခဏလေးတောင်ရပ်ဖို့ မစဉ်းစားဘဲ ခြေဦးတည့်ရာ ဆက်ပြေးနေတုန်း ဟိုတခါ လိုချီစန်နဲ့လာတုန်းက အပြန်လမ်းကို စမ်းချောင်းလေးတလျှောက်ကနေ ပြန်ကြတာကို သတိရလိုက်မိတော့ အဲဒီလမ်းကို လိုက်ဖို့ကြံတာပေါ့လေ။ အဲဒီဘက်ကို ချိုးဝင်သွားတော့ လမ်းကစိုစွတ်ပြီး ချောနေတဲ့အပြင် မှောင်လည်းမှောင်လှတာနဲ့ စိတ်တထင့်ထင့်နဲ့ ပြေးလာတုန်းမှာ လမ်းရဲ့အဆုံး တောအုပ်အစပ်နားမှာ မိန်းမကြီးနှစ်ယောက် ရပ်နေကြတာကို ဝူဟန် လှမ်းတွေ့လိုက်ရပြန်တယ်။ ခပ်ရေးရေးပေမဲ့ မိန်းမကြီးတယောက်ရဲ့ လည်စည်းအနီရဲကတော့ ညအမှောင်မှာတောင် သွေးပျက်စရာ တောက်ပနေပြီး နောက်တယောက်ရဲ့ ဆံပင်ဖားလျားကလည်း ရေတစက်စက် ကျနေတာကို ဝူဟန်တွေ့လိုက်မိလို့ ခေါင်းနားပန်းကြီးသွားတုန်းမှာ ဒေါ်ဝမ်ပိုရဲ့ အသံကြီးထွက်လာတယ်။

“ဟဲ..ဟဲ… ဆရာလေးပါလား.. ညကြီးမင်းကြီး ဘယ်ကိုများ… အလောတကြီး ပြေးနေရတာလဲတော့်… ဟဲ..ဟဲ..ဟဲ..ဟဲ…”

ဆိုတာနဲ့အတူ ဘဲစာမှော်စိမ်း အနံ့ပြင်းပြင်း ဝေ့ကနဲလွင့်လာပြီး ယိုနီယာရဲ့ အမေချန်ကတော် အသံကဆိုပြန်တယ်။

“ဟုတ်ပါ့.. ဆရာလေးကလဲ.. ကျုပ်တို့ဖြင့် စောင့်နေတာကြာလှပြီ.. ဟီ..ဟီ..ဟီ..ဟီ…”

ဟီတိုက်နေသံကိုပါကြားလိုက်ရတော့ ဝူဟန်ခမျာ နောက်ပြန်လှည့်ပြီး လာရာလမ်းအတိုင်း အမြန်ဆုံးပြေးရပြန်ပါရော။ ဒါတောင်မှ သူ့နောက်ကျောကနေ ကျောချမ်းစရာ ဟားတိုက်ရယ်မောသံတွေ လွင့်ပျံလို့ ပါလာသေးတာများ တောင်ကြားတခုလုံးကို ဟိန်းလို့။ ဝူဟန်ကတော့ ဘယ်လှည့်ကြည့် အားပါ့မလဲ။ အသက်တောင် ကောင်းကောင်း မရှူဘဲ တစ်မိုင်သာသာလောက် ခြေဦးတည့်ရာ ပြေးမိတော့ တောင်ကြားအထွက် တနေရာ တခေါ်သာသာမှာ အလင်းရောင်မှိန်မှိန်လေး တွေ့လိုက်ရတယ်။ အမလေး.. ဝူဟန်ရဲ့ တသက်တာလုံးမှာ ဒီတခါလောက် အလင်းရောင်က စိတ်သက်သာရာရစေတာ တခါမှ မကြုံဖူးဘူးဆိုပဲ။ ဝမ်းသာအားရပဲ အလင်းရောင် လာရာဆီကိုသွားတော့ ဝိုင်အရက်ဆိုင် သေးသေးလေး ဖြစ်နေတာကိုတွေ့တယ်။ အထဲမှာတော့ အရက်သောက်နေသူ တယောက်မှမရှိတဲ့အပြင် ခုံတွေစားပွဲတွေက မရှိသလောက် ပြောင်သလင်းခါနေတာပါပဲ။ ရှိတဲ့စားပွဲကလေးတဝိုင်းမှာတော့ အရိုးစုလို ပိန်လှီနေတဲ့ ဆိုင်ရှင်လင်မယားနှစ်ယောက်သာ ဆီမီးခွက်ကလေးထွန်းလို့ ထိုင်နေပါတယ်။ ဆိုင်ရှင်ဖြစ်ဟန်တူတဲ့ အသက် ငါးဆယ်ကျော်လောက်ယောက်ျားကြီးကတော့ သားသတ်သမားများလို သွေးတွေ စွန်းပေနေတဲ့ ခါးစည်းအဝတ်ကို ပတ်ထားတာကိုမြင်မိပေမဲ့ ဝူဟန်မောလွန်းတော့ အထွေအထူးမတွေးနိုင်ဘဲ အရက်ပဲ လှမ်းမှာလိုက်တယ်။

“အရက်တပိုင်းလုပ်ပါဗျာ… နွေးနွေးလေး လုပ်ပေးပါ… မြန်မြန်လေး…"

မျက်နှာသေကြီးနဲ့ ဆိုင်ရှင်က ထိုင်ရာမထဘဲ အသံကွဲခြောက်ကြီးနဲ့ လှမ်းပြောတယ်။

“ဒီမှာ.. အရက်အအေးပဲရောင်းတယ်…"

ဒီတင် ကျားကြောက်လို့ရှင်ကြီးကိုးခါမှ ရှင်ကြီးကျားထက်ဆိုးဆိုတာလို သရဲတွေဆီ ဝင်ခိုမိရက်သားဖြစ်နေတာကို ရိပ်မိလိုက်တဲ့ ဝူဟန်ဟာ တချိုးတည်းပြေးရပြန်တယ်။ ခြေထောက်တွေ မီးထတောက်လုမတတ် မရပ်မနားပြေးရင်းနဲ့ ဝူဟန်တယောက် ချန်တန်တံခါးနား ရောက်လာတော့ ညဆယ့်တစ်နာရီထိုးလုပြီ။ သူလည်း အနားက အစည်ကားဆုံးထင်ရတဲ့ စားသောက်ဆိုင်နဲ့ တွဲထားတဲ့ တည်းခိုခန်းကြီးတခုထဲကို စွတ်ဝင်သွားပြီးတော့ အောက်ထပ် အင်မတန်လူရှုပ်တဲ့ လက်ဘက်ရည်ဆိုင်ထဲက လူအများဆုံးဝိုင်းကို အတင်းကြပ်ညှပ်ပြီး ဝင်ထိုင်ပြီးခါမှ ဟင်းချနိုင်တော့တယ်။

“ဟေ့လူ.. ခင်ဗျားကိုကြည့်ရတာ ဖြူရော်လို့.. သရဲတွေ့လာသလား.. မှတ်ရတယ်…”

အဲဒီဝိုင်းထဲကလူတယောက်က လှမ်းပြောတော့မှ ဝူဟန်လည်း သက်မချရင်းပြန်ဖြေမိတယ်။

“အေးဗျာ.. သရဲတပြုံလုံးနဲ့ကို တွေ့ခဲ့တာဗျို့..”

နောက်တနေ့မှာ မရဲတရဲနဲ့ သူ့အိမ်ပြန်သွားတော့ အိမ်တံခါးသော့ခတ်ထားတာကို တွေ့လိုက်ရတယ်။ ဝူဟန်လည်း အထဲကို မဝင်ရဲတဲ့အတူတူ သူ့ဇနီးယိုနီယာရဲ့ မွေးစားအမေ ချန်ကတော်ရဲ့အိမ်ရှိရာ ကြိုးကြာဖြူကန်ဘက်ကို သွားကြည့်ဖို့ဆုံးဖြတ်တာပေါ့။ ချန်ကတော် အိမ်လည်း ရောက်ရော၊ အိမ်ကြီးက အပြောင်းလဲကြီး ပြောင်းလဲနေတာကို တွေ့လိုက်ရတော့တာပဲ။ အိမ်တံခါးမတွေက ယိုင်ယွဲ့ပြီး လူမနေသလို ဟင်းလင်းပွင့်နေတော့ ဝူဟန် သတ္တိမွေးလို့ အထဲကိုဝင်ကြည့်ပါတယ်။ အိမ်ထဲမှာတော့ အရာအားလုံးဟာ သူရောက်ဖူးခဲ့တုန်းကလို နေသားတကျရှိပေမဲ့ အဆမတန်ဟောင်းနွမ်းနေတော့  ဝူဟန်မှာ အံ့သြလို့မဆုံးတော့ဘူး။ ဟိုတခါက ကျောက်စိမ်းရောင်ခန်းဆီးတွေနဲ့ တန်ဆာဆင်ထားခဲ့တဲ့ ပြတင်းပေါက်တွေဟာ အခုတော့ဗလာဟင်းလင်းပွင့်လို့ ခြောက်ချားစရာ တကျီကျီအသံနဲ့ လေအဟုန်မှာ ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေတဲ့အပြင်၊ အခန်းနံရံတွေက အရင်ကလို အစိမ်းရောင် လွင်လွင် မဟုတ်တော့ဘဲ ဆေးတွေကွာလို့ ဟောင်းမြင်းနေတဟ်။ ဝူဟန်ကတော့ အံအားသင့်ရုံသာ တတ်နိုင်တော့တယ်။

အိမ်လဲမပြန်ရဲ၊ ဘယ်မှလည်း မသွားတတ်တော့ ဝူဟန် အဲဒီနားက အရက်ဆိုင်တဆိုင်ထဲကို ယောင်တောင်တောင်နဲ့ ဝင်သွားတယ်။ အရက်တခွက်ကုန်လို့ နည်းနည်း ရင်တုန်ပျောက်ခါမှ အဲဒီဆိုင်က အလုပ်သမားလေးကို လူမနေတော့တဲ့ ချန်ကတော်ရဲ့ အိမ်ဟောင်းကြီးအကြောင်း မေးစမ်းကြည့်တော့ ဟိုက အားပါးတရ ပြောပြတယ်။

“ဟာ… ဆရာ့နှယ်.. အဲဒီအိမ်အကြောင်း မသိပဲရှိပါ့မလား… နာမည်ကြီးဥစ္စာ… ဒီလိုဗျ… အဲဒီအိမ်မှလူမနေတာ တနှစ်ကျော်ပြီ… သရဲခြောက်လွန်းအားကြီးလို့ အိမ်ထဲက ပရိဘောဂ အကောင်းစားတွေကိုတောင် ဝင်ယူရဲတဲ့လူ မရှိဘူး…”

“သရဲခြောက်တယ် ဟုတ်လား…”

ဝူဟန်ကမယုံသလိုနဲ့ မေးလိုက်တော့ ဇတ်လမ်းတခုလုံး ထွက်လာပါတယ်။

“အိုဗျာ.. ခြောက်တာမှ.. ညညဆို အင်မတန်မှ ကြောက်စရာကောင်းတဲ့.. အသံတွေ ကြားရတာပေါ့.. သန်းခေါင်တိုင်ပြီဆိုတာနဲ့ လှေကားထစ်တွေပေါ်မှာ… တဝုန်းဝုန်းနဲ့ မိန်းမတွေ ပြေးလွှားလုံးထွေး သတ်ပုတ်နေကြတော့တာ… ဒါတင်ဘယ်ကမလဲ… နေ့ခင်းမှာတောင် ကုလားထိုင်တွေ တဝှီးဝှီးလွင့်ထွက် လာတတ်ပြီး.. အိုးတွေခွက်တွေ ဂလုံဂလွမ်နဲ့… တချို့က ပြောတာတော့.. မိန်းမတွေရဲ့ စူးစူးဝါးဝါး အသံတွေလည်း ကြားရလေ့ရှိသတဲ့… အသံတွေက ညသန်းခေါင်ဆို စကြားရပြီ… ပြီးတော့နောက်တနာရီလောက် သောင်းကျန်းပြီး သွားရင် ပျောက်သွားရောတဲ့ဗျ…”

“သြော်..ဒီလိုလား… အဲဒီမှာဘယ်သူတွေ နေသွားသတုန်းကွ…”

သိပြီးသားဖြစ်ပေမဲ့ သေချာချင်တာပဲလား၊ မယုံနိုင်တာပဲလား သူကိုယ်တိုင်ကို ဝေခွဲမရပဲနဲ့ ဝူဟန်ကထပ်မေးကြည့်မိတယ်။ စားပွဲထိုးကလေးက သရဲပုံပြင်လို ဖြစ်နေတာဆိုတော့ ဝမ်းသာအားရပြောပြတယ်။

“ပိုင်ရှင်ကတော့ ချန်ကတော်ဆိုတဲ့ မိန်းမကြီးဗျ.. သူ့မွေးစားသမီး ယိုနီယာဆိုတာ တော်တော်ကိုချောတယ်… သူတို့တွေက ငွေကြေးလဲပြည့်စံခဲ့ကြပါတယ်.. အဲဒီ ယိုနီယာဆိုတာက ပုလွေမှုတ်သိပ်တော်တော့.. နန်းတွင်းပညာရှိကြီးချင်ရဲ့ တတိယသားတော်က ငွေစတွေအများကြီးပဲ… ချန်ကတော်ကိုချီးမြှင့်ပြီး ယိုနီယာကိုခေါ်သွားတာဗျ… နောက်တော့ ယိုနီယာတယောက်… အဲဒီအိမ်တော်က တခြားပုလွေမယ်လေးတယောက်ကို.. ရန်ဖြစ်ရင်းနဲ့ သတ်ပစ်လိုက်လို့ မောင်းထုတ်ခံလိုက်ရရော.. ယိုနီယာအိမ်တော်က ထွက်လာတော့.. ကိုယ်ဝန်ကြီးနဲ့တဲ့ဗျ..နောက်တော့ မဖုံးနိုင်မဖိနိုင်လဲဖြစ်လာရော.. သူ့ကိုယ်သူကြိုးဆွဲ ချပြီးသတ်သေသွားတော့တာပဲ… ကြည့်ရတာဗျာ.. ဟိုသူနဲ့ရန်ဖြစ်တုန်း သူသတ်ပစ်လိုက်တဲ့ သရဲမနဲ့.. ညတိုင်းပြန်ရန်ဖြစ်နေကြတာလား မသိပါဘူး… တကယ်ဆိုတော့.. ယိုနီယာကို သူ့တူရိယာ အစုံလိုက်နဲ့အတူကို ပေါင်ဇူဘုရားကုန်းမှာ မြှုပ်ပေးခဲ့တာပဲ. သူကျေနပ်သင့်ပြီပေါ့နော်.. မဟုတ်ဖူးလား…. အဲ…စကားမစပ်.. သူ့မွေးစား အမေကြီး ချန်ကတော်ကတော့.. တနေ့မှာ အဝတ်သွားလျှော်ဖို့ဆိုပြီး ကြိုးကြာဖြူကန်စပ်ကို ဆင်းချသွားတာ.. ခြေများချော်ကျသလား မသိပါဘူးဗျာ.. တခါတည်းရေနစ်ပြီး ဆုံးသွားရှာတယ်… သိတဲ့အတိုင်း ကန်တခုလုံး ကလည်း ကြာပင်တွေ.. ဘဲမှော်စိမ်းတွေ ဖုံးနေတော့.. မိန်းမကြီးကို တော်တော်နဲ့ ရှာလို့မရကြဘူး…. နောက်နှစ်ရက်ကြာမှ ဆယ်လို့ရတော့… ခမြာကြီးမှာ ပွဖောင်းပြီး တကိုယ်လုံး ဘဲစားမှော်စိမ်းတွေ အထပ်ထပ်ဖုံးလို့တဲ့… သူတို့သမီး အရင်းကလေးလိုထားတဲ့ ကျွန်မကလေး ချင်အော်ကတော.့ .တယောက်တည်း ကျန်ခဲ့ရှာပြီး.. နေ့တိုင်းညတိုင်း ငိုလို့ချည်း နေတာဗျာ… နောက်ဆုံးချန်ကတော်က သူ့ကိုလာခေါ်သွားတဲ့အထိပါပဲ…”

“ဘယ်လိုကွဲ့… ချန်ကတော် လာခေါ်သွားတယ် ဟုတ်လား…”

“.ဒီလိုလေ.. ဆရာလေးရဲ့… အားလုံး သေကုန်ကြတော့.. ချင်အော်တယောက်တည်း.. အဲဒီအိမ်ကြီးထဲ ကျန်နေခဲ့တာမဟုတ်လား… အိမ်နီးချင်းတွေပြောပုံအရဆို အဲဒီအိမ်ကြီးထဲမှာ သရဲမတွေ စပြီးသောင်းကျန်းတဲ့ပထမညလွန်လို့ နောက်တရက်လဲကူးရော… ချင်အော်လေးကို အိပ်ရာထဲမှာ အသက်ပျောက်လျက်သား တွေ့ကြရသတဲ့… ခမြာကြောက်လွန်းအားကြီးလို့ နှလုံးရပ်သွားတာပဲဖြစ်ရမှာပေါ့…. ကိုယ့်ဆရာကတော့တော့ ဒါတွေကို အယုံအကြည် ရှိချင်မှ ရှိမှာပေါ့လေ… ဒါပေမဲ့ဒီအဖြစ်အပျက်တွေ အားလုံးကတော့.. အမှန်တွေချည်းပဲဗျို့…”

“ငါမယုံဘူးလို့ မင့်ဘယ်သူပြောလဲကွယ်…”

လို့ပဲ ဝူဟန်မှာပြန်ပြောနိုင်တော့တယ်။ ဒီလောက် အသိရခက်တဲ့ ဟန်ချောင်မြို့တော်ကြီးဟာ သူ့လိုလူပျိုလူလွတ်တယောက်အတွက် မဟန်လှပေဘူးလို့ဆုံးဖြတ်ပြီး နောက်တရက်မှာပဲ ဝူဟန်တယောက် နယ်ပြန်သွားရှာတော့တယ်။







(သတ္တိခဲမို့… နေ့ဘက်မှ up ရဲခဲ့ရ… T_T)











Continue Reading

You'll Also Like

204K 3.4K 33
ជាសាច់រឿងខ្នាតខ្លីៗបូកបញ្ចូលជាមួយពាក្យពេចន៍និងសម្តីមិនសមរម្យលើសលស់ជាច្រើន ហើយមួយទៀតអេតមីនក៏អត់ណែនាំឲ្យអ្នកក្រោមអាយុ១៨ឆ្នាំមកអានវាដែរ ព្រោះវាអាចបង្កជា...
1.4M 3.8K 68
ထန်တဲ့အချ်ိန်ဖတ်ဖို့ စုထားတာတွေပါ ကိုယ်တိုင်ရေးသားခြင်းမဟုပါ crdပေးပါတယ်
9.8K 1.8K 30
ســـەردەمـــانـــێڪـــ ئـــاشـــقـــے ئـــۆقـــیـــانووســـہ شـــینـــەڪـــانـــے دەریــــــا و زەریــــــاڪانـــ بـــووم بـــەڵـــامـــ ڪـــاتـــێ چ...
860K 34.4K 82
မာန်ထက်လွှား ~ မင်းကို ​ဒေါ်​ဒေါ့်​ကြောင့် ငါအ​တော်သည်းခံ​နေရတာ ရွန်း​ဝေလ ​တော်​တော်စိတ်ပျက်ဖို့​ကောင်းတဲ့​ကောင်ပဲ ကျစ်! ရွန်း​ဝေလ ~ မင်းရဲ့ကံဆိုးမှု...