"အာ…. ဘာလို့အေးနေတာလဲ… င့ါစောင်… င့ါစောင်လေး ဘယ်မှာ…"
မျက်လုံးမဖွင့်ဘဲ စောင်ကို လိုက်စမ်းသည်။ ခြေထောက်နားတွင် စမ်းမိသဖြင့် ခြေမနှင့်ခြေညိုးကို အသုံးပြုပြီး စောင်ကိုညှပ်ယူကာ ဆွဲခြုံလိုက်ရင်းကနေ ဘေးနားက ခပ်နွေးနွေးခေါင်းအုံးကို တိုးဝှေ့မျက်နှာမူပြီး ပြန်အိပ်သည်။ ခေါင်းအုံးက နည်းနည်းများ မာနေသလားလို့။ သူမ သိပ်ကြာကြာ မစဉ်းစားနိုင်။ အိပ်စက်ခြင်းက စိုးမိုးသွားပြန်သည်။
အချိန်တုံးခေါက်သည့်အသံက လမ်းမထက်တွင် ပျံ့လွင့်လာသည်။ ခဏနေတော့ လူတို့၏ လှုပ်ရှားသံ သဲ့သဲ့ကို သူမကြားရသည်။ မထချင်သေး။ သူမ ထပ်အိပ်ချင်သေးသည်။ စောင်ကို တင်းအောင်ပြန်ခြုံရင်း နံရံနားရသလောက် ကပ်ပြီး နောက်ထပ် ၁၀ မိနစ်လောက် အိပ်ဖို့ကြိုးစားသည်။ နံရံက လေနွေးနွေးလေးများ တိုက်နေသလား။ နံရံက မလုံဘဲ အပေါက်ကလေးရှိဟန်တူသည်။ သူမ နှဖူးထက်ကနေတဆင့် နှာဖျား၊ ပါး၊ မေးရိုးထိ လေနွေးနွေးက မှန်မှန်လေး တိုက်ခတ်နေသည်။ မျက်လုံးကို အနည်းငယ်ဖွင့်ပြီး နံရံကို စမ်းသည်။ အဝတ်စအချို့ကိုသာ လက်က ဆုပ်ကိုင်မိသည်မို့ နည်းနည်း ထူးဆန်းသည်ဟု ထင်သည်။ အိပ်ချင်မူးတူးဖြင့် မျက်နှာလေးမော့ကြည့်သည်။
"အောင်မလေး….."
"ခင်ဗျား… ခင်ဗျား…. လူယုတ်မာ…. စည်းမကျော်နဲ့လို့ ပြောထားတယ် မဟုတ်လား…."
အလန့်တကြားအော်ပြီး ထထိုင်မိသည်။ ခေါင်းက ဦးနှောက်ကို အပြေးအလွှားအလုပ်ပေးကာ စဉ်းစားသည်။
"ညက ငါ စည်းအနေနဲ့ တားထားတဲ့ အဝတ်စ ဘယ်ရောက်သွားလဲ…. ဒီ.. ဒီမှာ… စည်းက ဒီမှာ ရှိတုန်းပဲ… ခင်ဗျားစည်းကျော်လာတာ… လာမငြင်းနဲ့…"
ဟွာရှန့်နှင့် သူမတို့နှစ်ယောက်ကြား ညှပ်နေသော အဝတ်စရှည်လေးကို ဆွဲယူကာ အသည်းအသန်အပြစ်တင်သည်။
ဟမ်…. သက်သေ ဒီလောက် ခိုင်မာတာတောင် င့ါကို လာငြင်းလို့ကတော့….!!!
ဟွာရှန့် အိပ်နေရာမှ ထကာ စိတ်ပျက်သော အမူအရာဖြင့်
"မင်း… င့ါအင်္ကျီကို ဆွဲထားတာ လွှတ်ဦး…"
"ဘာကိစ္စနဲ့ လွှတ်ပေးရမှာလဲ…"
"မင်း အသေအချာကြည့်ကြည့်… စည်းက မင်းကျော်လာတာလား… ငါ ကျော်လာတာလား…"
ထိုအခါမှ မို့ရန် သူမ အဝတ်စရှိရာ ကြမ်းပြင်ကို ကြည့်မိသည်။ အဝတ်စက ဟွာရှန့်နား ရောက်နေပြီး ဟွာရန့်က နံရံထောင့်သို့ သူ့တစ်ကိုယ်စာသာ ကပ်ပြီး ထိုင်နေသည်။ သူမ အိပ်ရာနှင့် ခေါင်းအုံးက အင်း… ဟိုဘက် နံရံနားမှာ တစ်စုံတစ်ယောက်က ကန်ကျောက်ထားသည့်နှယ်။ ပြီးတော့ သူမက သူ့ရဲ့ အိပ်ရာပေါ်ထိအောင် အိပ်ဆော့ခဲ့သည်ပဲ။ မို့ရန် တစ်ကိုယ်လုံး ရေခဲရိုက်ထားသည့်အတိုင်း တောင့်တောင့်လေးဖြစ်သွားသည်။
"ဟို… အဲ… အင်း… အဲဒါက…"
ဟွာရှန့် သူ့ရင်ဘတ်က အင်္ကျီစကို မလွှတ်သေးဘဲ ဆွဲထားသည့် သေးသွယ်သော လက်ကလေးကို ဆွဲကိုင်လိုက်ပြီး မျက်နှာကို အနည်းငယ် ငုံ့ကိုင်းလာကာ
"နောက်တစ်ခါ မင်းဒီလို အိပ်ဆော့လို့ကတော့… မင်းကို ကြိုးတုပ်ထားမယ်…"
ပြောပြီးသည်နှင့် သူမလက်ကို တွန်းဖယ်ပြီး အခန်းထဲကနေ ထွက်သွားသည်။ မို့ရန်လား။ ကျောက်ရုပ်အတိုင်းပင် ကြမ်းပြင်ပေါ် ထိုင်လျက်သား။
"သူ… သူ ဆိုလိုတာက တစ်ခန်းထဲ တူတူအိပ်ရဦးမယ့် ကိစ္စ ရှိသေးတဲ့ သဘောလား… ဘာလဲ… ဘာသဘောလဲ… ငါက ဘာလို့ အိပ်ရမှာလဲ… ငါက သူ့မိန်းမလား… ချီးပဲ… ဘောပဲရမယ်…"
မျက်နှာကို အားရပါးရ ပွတ်လိုက်သည်။ သူမမျက်နှာကို ဖြတ်သွားသည့် ထွက်သက် ငွေ့ငွေ့လေးက နွေးနေဆဲ။
မိုးသောက်ချိန်ကနေ ညနေစောင်းသည်အထိ ဟွာရှန့်နှင့် လက်ထောက်ဝူကို သူမ မတွေ့ရ။ သူတို့ ဘယ်ရောက်သွားတာလဲ။ တည်းခိုခန်းတွင် တစ်ယောက်တည်း ကျန်ခဲ့သည်မို့ ထွက်ပြေးရင်ကောင်းမလား သူမ စဉ်းစားမိသေးသည်။ ဖူအစ်ကိုကြီးတို့ မျက်နှာကို ပြေးမြင်လာလိုက်၊ ထွက်ပြေးချင်စိတ်က ပျောက်သွားလိုက်ဖြင့် လုံးလည်ချာလည် လိုက်နေသည်။ တည်းခိုခန်းအနီးအနားတစ်ဝိုက် ဟိုကြည့်ဒီကြည့် လိုက်ကြည့်ပြီး လိုက်စပ်စုသည်။ လှပသော အဝတ်စများ၊ ဆံထိုး၊ ဖိနပ်လေးတွေ မိန်းကလေး အဆောင်အယောင်လေးတွေ မြင်တော့ မိန်းကလေးပီပီ လိုက်ကြည့်သည်။
"ကောင်လေး… ဒါက နောက်ဆုံးပေါ် မျက်နှာချေနော်… ကောင်မလေးတွေ အတော်သဘောကျတာ… မင်း ရည်းစားကို လက်ဆောင်ပေးချင်ရင် ဒါလေးသာ ပေးလိုက်…. မင်း အမှတ်တွေ တိုးလာမှာ…."
ဈေးသည်က သူ့မျက်နှာချေတွေကို သူမအား ပြလည်းပြ ဆွယ်တရား ဟောနေသည်။ သဘာဝအတိုင်း ထုတ်ထားသောကြောင့် မျက်နှာချေအနံ့က အနံ့သင်းသင်းလေးသာ ထွက်ပြီး အရည်အသွေးကောင်းမည့်ပုံပင်။ သူမတို့ရဲ့ ခေတ်မှာလို ဓါတုပစ္စည်း မပါဝင်သောကြောင့် ရေရှည်အတွက် ကောင်းသည်။ အချိန်လေးများရရင် သူမ ဒီခေတ်ရဲ့ မိတ်ကပ်ထုတ်လုပ်နည်းတွေ လေ့လာသွားချင်သေးသည်။ ဟိုဘက်ခေတ်ပြန်ရောက်ရင် အပ်ဒိတ်လုပ်ပြီး ထုတ်ရောင်းလို့ကတော့ ငွေများ သောက်သောက်လဲ ဝင်လိုက်မည်ဖြစ်ခြင်း။
"တစ်ဘူးလောက် ဝယ်သွားပါလား ကောင်လေး…"
ဈေးသည်အသံကြားတော့မှ အသိစိတ်ပြန်ကပ်ကာ
"မဝယ်သေးပါဘူး ဈေးသည်ကြီးရယ်… ကျေးဇူးတင်ပါတယ်…"
တစ်ဘူးလောက် လိုချင်နေသော်လည်း သူမလက်ထဲ ငွေဆိုလို့ ခြူးတစ်ပြားမှ မရှိ။ ဝယ်လည်း ဘယ်နားသွားသုံးမည်နည်း။ ဈေးထဲလှည့်ပတ်ကြည့်ပြီး အခန်းထဲသာ ပြန်လာလိုက်သည်။ ဗိုက်လည်း ဆာလာသည်။ တစ်နေကုန် ဘာမှ မစားရသေး။ ရေကိုသာ ဖိသောက်နေရသည်။ ဟိုလူတွေ ဘာလို့ ပျောက်နေတာလဲကို တွေးမိတော့ ညက ကိစ္စကို သူ ရှက်သွားလို့များလား။ တကယ်တမ်း ရှက်ရမှာက သူမ မဟုတ်လား။ အိုးကမပူဘဲ စလောင်းက ပူနေသေးသည်။
ညမိုးချုပ်မှ ဟွာရှန့်ပြန်ရောက်လာသည်။ ရောက်လျှင် ရောက်ချင်းပင် အထုပ်တစ်ထုပ်အား သူမထံသို့ ပစ်ပေးလိုက်ပြီး
"မြန်မြန်လဲပြီး ငါ့နောက်လိုက်ခဲ့…."
"စစ်သူကြီး… ကျနော်ဗိုက်ဆာတယ်… နည်းနည်းလောက် စားလို့ရမလား…"
မို့ရန်ပြောနေရင်းကနေ ဗိုက်က တဂွီဂွီမြည်သံ ထွက်လာသည်။ မရှက်နိုင်တော့။ ဆာလို့ သေသွားနိုင်သည်။
"မင်း အခုထက်ထိ ဘာမှ မစားရသေးဘူးလား…"
ခေါင်းကို တွင်တွင်ခါပြပြီး မျှော်လင့်တကြီး မျက်လုံးများဖြင့် သူ့ကို ကြည့်နေသော ကြမ်းပြင်ပေါ်က တစ်စုံတစ်ဦးကို ဟွာရှန့် အံ့သြသွားသည်။
"မင်း တည်းခိုခန်းမှာ စားလို့ရသားနဲ့… အချိန်ကုန်အောင် လုပ်နေတာလား…"
"ကျ.. ကျနော့်မှာ ပိုက်ဆံမှ မရှိတာ…"
ဟွာရှန့် မျက်မှောင်ကြုတ်ကာ သူ့ကိုယ်သူ စိတ်ပျက်သွားသည်လား၊ စိတ်ဆိုးသွားသည်လား မဝေခွဲနိုင်ခင်မှာပင် အထုပ်ငယ်တစ်ခုကို ရှေ့သို့ ပစ်ချပေးလိုက်သည်။ ဆာရင် ကိုယ့်ဘာသာ ရှာမစားတတ်တာလား မေးချင်လာသည်။
"နောက်တစ်ခါ ဆာရင် ဝယ်စား.. ငါ့ကို မစောင့်ရစေနဲ့… သွား…"
သူမ တည်းခိုဆောင်က စားသောက်ခန်းမှာပင် ချက်ချင်းရနိုင်သည့် မုန့်ပေါင်းတစ်ပွဲကို မြန်မြန်စားပြီး အဝတ်အစားလဲလိုက်သည်။ ဗိုက်က ဆာနေတုန်းပေမယ့် ထပ်ပြီး အချိန်ဆွဲနေသည်ဟု ထင်ပြီး အရိုက်ခံနေရမည်ကို စိုးသောကြောင့် မစားတော့။ နောက်မှ ကြံဖန်ပြီး စားတော့မည်ဟု တေးထားသည်။ ပိုးအင်္ကျီက အကောင်းစားမဟုတ်သော်လည်း သာမန်အဝတ်အစားတွေထက် အနည်းငယ် တောက်ပြောင်နေသည်။ သူမ ကြိုက်သည့် မရမ်းစေ့ရောင် ဖြစ်လို့ပဲလားမသိ။ သူမ အတော်ကြီး သဘောကျကာ အဝတ်ကို ကိုင်ကြည့်လို့ မဆုံး။ သူမကိုယ်နှင့် ကွက်တိဖြစ်နေကာ သပ်သပ်ရပ်ရပ် ရှိလွန်းသည်။ ဆံပင်ကိုတော့ တစ်ဝက်ကိုသာ စည်းပြီး ငယ်ထိပ်နားတွင် ထုံးဖွဲ့ထားသည်။ ဝှက်ထားသည့် ဆံထိုးလေးကို ထိုးထားရင် ကောင်းမလား စဉ်းစားမိသော်လည်း မထိုးဖြစ်။ အသာပြန်သိမ်းထားလိုက်တော့သည်။