သက်တံမှသည် သက်တံဆီသို့ (သကျတံ...

By ThetTantYoung

27.1K 1.8K 274

UNICODE VERSION: မနီးခင်ကတည်းက ဝေးနှင့်ပြီးသော ကံကြမ္မာတို့သည် ကျွန်တော်တို့နှစ်ဦးမွေးဖွားလာကတည်းက သန္ဓေတည်လာ... More

သက်တံမှသည်
သက်တံမှသည် (Unicode)
သက်တံဆီသို့ (Unicode)

သက်တံဆီသို့

7.4K 656 41
By ThetTantYoung

"အစ်ကို့ကိုမနည်းလှမ်းခေါ်ရတယ်။ ဘာလို့ လောနေရတာလဲ။"

"အာ..မဟုတ်ပါဘူး။ အစ်ကိုဒီကပြန်ရင် သွားစရာလေးရှိနေသေးလို့။"

"သွားစရာရှိနေတာလား..။အခုအဆင်ပြေရဲ့လား၊ကျွန်တော်နဲ့စကားပြောဖို့ အချိန်ရရဲ့လား။"

"ရပါတယ်။ ရတယ်။ အဲ့လောက်လည်းအရေးမကြီးပါဘူး။"

"သြော်..."

ညီ့ရယ်သံတိုးတိုးလေး ထွက်ကျလာသည်။ Seminorကျင်းပခဲ့တဲ့ ဟိုတယ်အောက်ထပ် ကော်ဖီဆိုင်ကျဉ်းကျဉ်းလေးထဲတွင် ကျွန်တော့်ရင်ခုန်သံတွေ ဗြောင်းဆန်လျက်ရှိသည်။ ပုဆိုးအပြာရောင်အကွက်စိပ်နှင့် လည်ကတုံးလက်ရှည် အဖြူကို ဝတ်ထားသော ညီ့ပုံစံတွင် ကျွန်တော် တစ်ခါမျှ မမြင်ဖူးသော အရိပ်အငွေ့တွေ ကိန်းအောင်းလျက်ရှိသည်။ ရင့်ကျက်သွားသော လူငယ်တစ်ယောက်ပုံစံကို အပြည့်အဝမြင်ရသည်။

"ညီ့ကိုဒီမှာရုတ်တရက်တွေ့လိုက်ရတော့ အစ်ကို အံ့သြနေတာ။"

ညီပြုံးလိုက်သည်။ ထိုအပြုံးသည် ကြိုတင်တွက်ချက်ထားသော ဟောချက်မှန်သွားသည့် ဗေဒင်ဆရာတစ်ယောက်၏ အပြုံးမျိုးနှင့် အလားသဏ္ဏာန်တူသည်။ ဒါဖြင့် ညီဟာ ကျွန်တော့်ကိုတွေ့ဖို့ ကျွန်တော် အံ့သြပါစေတော့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီကိုရောက်လာခြင်းမျိုးလား..၊

မဟုတ်သေးပါဘူး။

ခေါင်းကိုတစ်ချက်ခါလိုက်ပြီး စည်းအပြင်ကိုရောက်နေပြီဖြစ်နေတဲ့ ကျွန်တော့်အတွေးယာဉ်ကြောကို အမြန်ဖြတ်တောက်လိုက်ရသည်။ ညီနဲ့ကျွန်တော့်ကြားက ပတ်သက်မူက ဒီလိုတွေးရလောက်အောင် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ပတ်သက်မူမျိုးမှ ဟုတ်ဘဲ။

ညီကလည်း ကျွန်တော့်စကားနဲ့ ပတ်သက်လို့ ထင်မြင်ချက်တစုံတရာ မပေးပါ။ ကျွန်တော့်တို့ စကားလမ်းကြောင်းက တခြားတစ်ဖက်ကို ပြောင်းသွားသည်။ ဒီနေ့ ညီဒီပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုတစ်ယောက်အနေနဲ့ တက်ရောက်ဟောပြောခဲ့တဲ့အကြောင်းသို့ ရောက်သွားသည်။ ညီ့စကားများက ကျွန်တော့်အတွေးမှားခဲ့ကြောင်းကို ထောက်ပြလိုက်သလိုပင်။ ညီ့စကားများတွင် ကျွန်တော်ဆိုတဲ့ ခေါင်းစီးဟာ အရိပ်အယောင်မျှပင် မပါခဲ့။

စိတ်ထဲ အောင့်ခနဲ တစ်ချက်ဖြစ်သွားပေမယ့်လို့ ညီဟာ ကျွန်တော့်ကို ဝမ်းနည်းစေဖို့ပင် အချိန်မပေးခဲ့။ သူယူလာခဲ့တဲ့ Laptopလေးကို စားပွဲပေါ်တင်ပြီး ကျွန်တော့်ဘက်ကို ပြသည်။

"ဒါကျွန်တော်တို့ဖွင့်ထားတဲ့Pageလေ.."

ကျွန်တော်လှမ်းကြည့်လိုက်တော့ ကျွန်တော်နဲ့မရင်းနှီးပေမယ့်လို့ ညီမလေး Shareတဲ့ Postတွေထဲ မြင်ဖူးတွေ့ဖူးသလိုတော့ရှိသည်။

ကွန်ပျူတာမျက်နှာပြင်က postတွေက ညီ့လက်ချောင်းတွေရဲ့ထိန်းချုပ်မူအောက်က မောက်စ်ကလစ်လေးပေါ်မူတည်ပြီး အပေါ်တက်လိုက် အောက်ဆင်းလိုက်။ ညီတို့လူငယ်တွေ သီးသန့်ဖွဲ့ထားတဲ့ အဖွဲ့အစည်းရဲ့ လုပ်ငန်းတွေကို ညီကအားတက်သရော ကျွန်တော့်ကို ပြသည်။ ထိုအချိန်မှာ ညီ့ရဲ့မျက်ဝန်းတွေက တဖျတ်ဖျတ်လက်လျက်။

"နောက်လထဲမှာ ကျွန်တော်တို့ လှည်းတန်းစင်တာမှာ ပွဲတစ်ပွဲလုပ်ဖို့ရှိတယ်။"

"အင်း.."

ညီပြောသမျှကို ကျွန်တော် အင်းဟုသာပြောနေမိသည်။ ကျွန်တော်သည် LGBTကို အကြီးအကျယ် ရူံ့ချတဲ့အထဲ မပါပေမယ့် အားပေးလက်ခံပေးသူထဲတော့ မပါ။ LGBT နှင့်ပတ်သက်တဲ့ အရာတော်တော်များများသည် ကျွန်တော်နှင့် အစိမ်းသက်သက်။

"အစ်ကို့ကိုလာလို့ရရင်လာခဲ့.."

ညီ့စကားစသည် ရပ်တန့်လို့သွားခဲ့သည်။ ညီ့မျက်နှာနှင့် ကျွန်တော့်မျက်နှာအကွာအဝေးသည် လက်တဖဝါးစာတောင် မကွာတော့သည့်အနေအထား။

ညီကလည်း လှည့်အကြည့်၊ ကျွန်တော်ကလည်း ညီ့ကိုစိုက်ကြည့်နေတာနှင့် တန်းကိုတိုးတော့တာဘဲ။ မရှက်တမ်းဝန်ခံရလျှင် ညီ့ကွန်ပျူတာပေါ်က ညီပြတဲ့စာတွေ Postတွေထက် ကျွန်တော့်ရှေ့က ညီကပိုစိတ်ဝင်စားစရာကောင်းနေခဲ့တာလေ။

ရုတ်တရက်မို့ထင်သည်။ ညီကြောင်စီစီနှင့် ကျွန်တော့်ကိုငေးစိုက်ကြည့်နေသည်။ သောက်သုံးမကျစွာနှင့်ပင် အရင်မျက်နှာလွှဲသွားခဲ့သူသည် ကျွန်တော်ဘဲ ဖြစ်နေခဲ့သည်။ မဆီမဆိုင် ချောင်းပါ တစ်ချက်ဟမ့်လိုက်မိသေးသည်။

"အင်း...ကျွန်တော်မေ့သွားတာ။ အစ်ကိုအလုပ်တွေနဲ့ ဘယ်လာနိုင်ပါ့မလဲ။ပြီးတော့ အစ်ကိုက မြန်မာမှာလည်း မဟုတ်ဘူးလေ။"

ရို့းတိုးရှန်းတန်းဖြစ်သွားတဲ့ အခြေအနေကို ညီကဘဲ ပြန်ထိန်းသည်။ နို့နှစ်ရောင်ပြေးတဲ့ ညီ့မျက်နှာမှာ ပြုံးရောင်နည်းနည်းသန်းရုံမှအပ ညီ့လေသံမှာ အနေရခက်သွားတဲ့ ဟန်တွေပါမနေခဲ့။ ထိုအရာကဘဲ ကျွန်တော့်ကို ပိုလို့ ကသိကအောင့်ဖြစ်သွားစေသည်။ လွန်ခဲ့တဲ့နှစ်တွေဆီက ကျွန်တော့်နားကပ်ရင် ဝုန်းဒိုင်းကြဲနေတဲ့ရင်ခုန်သံပိုင်ရှင် ညီမှ ဟုတ်ရဲ့လားလို့ ကျွန်တော် သံသယဝင်လာမိသည်။

ညီကတော့  သူ့Laptopကိုပင် သူပြန်သိမ်းနေလေသည်။

"အစ်မ..။အခုမှရောက်တာလား၊"

ကျွန်တော်တို့ကြားထဲ တတိယလူဝင်လာတော့ ကျွန်တော်လည်း အယောင်ယောင်အမှားမှားနဲ့ မော့ကြည့်မိသည်။ ညီ့ဘေးမှာရပ်နေတဲ့ မိန်းကလေးတစ်ဦး။ ညီ့ထက်တော့ အသက်ကြီးပေမယ့် ကျွန်တော့်ထက်တော့ အသက်ငယ်ပုံရတဲ့အမျိုးသမီးပင်။

"အစ်ကို..။ဒါကျွန်တော်တို့Organizationရဲ့ MDလေ။"

ညီကချက်ချင်း ကပျာကယာထပြီး ကျွန်တော့်နှင့် မိတ်ဆက်ပေးသည်။ ထက်မြတ်ပြီးယဉ်ကျေးတဲ့ အမျိုးသမီးတွေကို ကျွန်တော်သဘောကျတတ်ပေမယ့်လို့ ထိုအမျိုးသမီးကတော့ ကျွန်တော့်ရဲ့ခြွင်းချက်ဖြစ်ဟန်တူသည်။

"တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော့်နာမည်က ထွန်းလင်းနိုင်ပါ။"

နှစ်လိုဖွယ်အပြုံးနှင့်အတူ ကမ်းပေးလာတဲ့လက်ကို ပြန်ကိုင်ပြီး မိတ်ဆက်လိုက်ပေမယ့်လို့ ရင်ထဲက လိုက်လှဲမူတစ်စုံတရာမပါတာတော့ ကျွန်တော်ဝန်ခံရမည်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အတွင်းဝန်တစ်ဦးဟာ ဘယ်တုန်းကစပြီး လူမူဆက်ဆံရေးခေါင်းပါးသွားလဲ ကျွန်တော်မသိတော့ပါ။

"စောင့်ရတာကြာသွားလား။"

"မကြာပါဘူး။ ကျွန်တော်လည်းခုနလေးကမှ ပြီးတာလေ။ ပြီးတော့ ဒီကအစ်ကိုနဲ့ စကားပြောနေရင်းနဲ့ အစ်မကိုစောင့်နေတာ။"

"တော်သေးတာပေါ့၊ အစ်မက အားနာနေတာ။"

သူတို့နှစ်ဦး ဆက်ပြောနေတဲ့ အာလာပ သလာပ စကားတွေထဲ ကျွန်တော်က ဘောင်မဝင်သလို ခံစားလာရသည်။

"ဒါဆိုအစ်ကိုပြန်တော့မယ်။ အရေးကြီးကိစ္စလေး ရှိလို့။"

ညီက စကားပြောလက်စမှ ကျွန်တော့်ကို လှည့်ကြည့်လာသည်။ အိမ်ပြန်ပြီး အိပ်ရမယ့် အရေးသည် ချက်ချင်းပင် ကျွန်တော့်အတွက် အရေးကြီးကိစ္စဖြစ်သွားလေသည်။

"ဟုတ်ကဲ့ရှင့်။နောက်လည်းတွေ့ရင် ခေါ်လို့ရတယ်နော်။ "

ကျွန်တော်ခေါင်းတစ်ချက်ညိမ့်ပြလိုက်ပြီး ခပ်သွက်သွက် ထွက်လာခဲ့လိုက်သည်။ညီ့ဘက်က နူတ်ဆက်စကားကိုပင် စောင့်မနေတော့။ ညီဘယ်လိုအနေအထားနဲ့ ကျန်ရစ်ခဲ့မယ်ဆိုတော့ စိတ်ပူစရာမလိုဟု မှတ်ယူလိုက်သည်။

တိုက်ခန်းကို ပြန်ရောက်တော့ ရောက်ရောက်ချင်း ရေမိုးချိုးကာ အိပ်ပစ်လိုက်သည်။ အိမ်မက်ထဲ ညီက ကျွန်တော့်ကို မြန်မာမပြန်ခင် ပြုံးပြသည်တဲ့။ ထိုအပြုံးသည် အစ်ကိုမရှိလည်းနေနိုင်သွားပြီ ဆိုတဲ့ အပြုံးမျိုးပင်။ နောက်နေ့မနတ်မိုးလင်းတော့ ရုံးမှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ငါမနေ့ညက အိမ်မက်ဆိုးမက်ခဲ့တယ်လို့ ပြောပြဖြစ်ခဲ့သည်။

ထားခဲ့ခံရသူနဲ့ ထားသွားသူ ထိုသူနှစ်ဦးတွင် မည်သူက ပိုနာကျင်လိမ့်မလဲဟု မေးခွန်းထုတ်ခဲ့ဖူးသည်။ ပြန်ရလိုက်သော အဖြေသည် ပိုချစ်တဲ့သူကပိုနာကျင်ရမတဲ့။ ခွဲခွာချိန်က ညီ့ရဲ့သွေးအေးစွာ နူတ်ဆက်နိုင်ခဲ့ရခြင်းသည် ကျွန်တော့်ကို စိတ်အေးစေခဲ့ပေမယ့်လို့ ပြန်တွေ့ချိန်မှာတောင် ညီ့ပုံစံက အေးဆေးလွန်းသည်။ ဒါမှမဟုတ် ညီကဟန်ဆောင်ကောင်းလွန်းတာဘဲလား။

အတွေးလွန်နေပြန်ပြီဟု ကျွန်တော်သတိထားလိုက်မိတာနဲ့ အလုပ်ထဲကိုသာ အာရုံစိုက်လိုက်သည်။ သို့သော် သိပ်မကြာလိုက်။ အင်း..အခုလောက်ဆို ညီမြန်မာပြည်ပြန်ရောက်လောက်ပြီပေါ့..။

မေမေနေမကောင်းဘူး။ ဆေးရုံတင်ထားရတယ်။ မြန်မြန်ပြန်လာခဲ့။

ညီမလေးရဲ့ စာတစ်ကြောင်းမှ အစပြု၍ ကျွန်တော် မြန်မာပြည်ပြန်လာဖို့် အကြောင်းဖန်လာခဲ့သည်။ ကံကောင်းချင်တော့ အလုပ်ကလည်း ခွင့်တင်လို့ရခဲ့သည်။ ခပ်လောလောနဲ့ ပြန်ခဲ့ရသော ကျွန်တော်သည် မြန်မာပြည်ပြန်ရောက်တော့ သူ့အတွက် လက်ဆောင် မပါရကောင်းလားဆိုပြီး ရောက်ရောက်ချင်း မာန်မဲခံရသည်။ မေမေကလည်း ကျွန်တော်လည်း ပြန်ရောက်တော့ တစ်ရက်ပင်မကြာ။ နှလုံးအမောဖောက်လို့ လဲနေတဲ့ လူနာက ချက်ချင်းပင် ထူထူထောင်ထောင် ပြန်ဖြစ်လာသည်။ အမျိုးတွေက ရောဂါနာမည်တပ်ကြသည်။ လွမ်းဖျားလွမ်းနာတဲ့။

ထိုအခါတွင်တော့ ခွင့်ရက်ရှည်ယူလာခဲ့တဲ့ ကျွန်တော်က ရန်ကုန်တွင် သောင်တင်တော့သည်။ လေယာဉ်လက်မှတ်ကလည်း တစ်ခါတည်းဖြတ်ခဲ့ပြီးသားဆိုတော့ ပိုက်ဆံဆုံးခံပြီး မပြန်ချင်။ မေမေ့နားမှာ ရက်ကြာကြာလေး နေပေးဖို့ ဆုံးဖြတ်ပေးလိုက်သည်။

"ဒေါက်..ဒေါက်.."

တံခါးခေါက်သံကြောင့် ဖတ်လက်စ စာအုပ်ကို အောက်ချလိုက်ပြီး တံခါးထဖွင့်ပေးလိုက်သည်။

"အစ်ကို.."

တံခါးပေါက်ဝမှာရပ်နေတဲ့သူက ညီ။ ညီနောက်မှာက ရပ်ကွက်ထဲက လူငယ်တွေ။ တနည်းအားဖြင့်
ညီ့သူငယ်ချင်းတွေ။

"အစ်ကို..ဘယ်တုန်းက ပြန်ရောက်တာလဲ။"

ညီ့နောက်ကတစ်ယောက်ကလှမ်းအော်တော့မှ အသိပြန်ဝင်လာပြီး အခန်းထဲဝင်ဖို့လောကွတ်ပြုလိုက်သည်။ အသီးသီးအလျှိုလျှိုဝင်လာတဲ့ လူငယ်လေးတွေ လက်ထဲ တနိုင်တပိုင်သယ်လာတဲ့ မုန့်တွေ၊ အသီးတွေ။ ရပ်ကွက်ထဲက လူကြီးတစ်ယောက်ယောက် နာမကျန်းဖြစ်လျှင် လူနာလာမေးတဲ့ ဓလေ့က အခုထိမပျောက်သေးတာကိုတော့ ကျေနပ်ဂုဏ်ယူမိသည်။ အမေ ညကြီးမင်းကြီး အသည်းအသန်ဖြစ်တုန်းကလည်း သူတို့ဘဲ ဆေးရုံလိုက်ပို့ပေးသည်ဟု သိရသည်။ ညီမလေးတစ်ယောက်တည်းကျတော့ မနိုင်ဘူးလေ။

အမေနဲ့သူတို့စကားစမြည် နည်းနည်းပါးပါးပြောပြီးတော့ ပြန်ဖို့ပြင်ကြသည်။

"အစ်ကို ကျွန်တော်တို့ပြန်တော့မယ်။"

"အေး..အေး..။ဂရုစိုက်ပြန်။"

ကျွန်တော့်ရှေ့လေးတင် ပြန်သွားတဲ့သူတွေထဲ ညီ့ကိုမမြင်လိုက်လို့ နောက်လှည့်ကြည့်တော့ ကျွန်တော့်နောက်မှာ ရပ်နေသူက ညီ။

"မပြန်သေးဘူးလား။"

"အစ်ကို့ညီမကိုဖွန်မှာကြောက်လို့ အတင်းပြန်စေချင်နေတာလား။"

အရင်ဆုံး ဒေါသထောင်းခနဲ ထွက်သွားသည်။ နောက်မှ ညီ့ရဲ့မူန်ကုတ်ကုတ်မျက်နှာကိုမြင်ပြီး ပြုံးမိတော့သည်။ ဒါမျိုးမှ ကျွန်တော့်ရဲ့ ညီမဟုတ်လား။ ညီနဲ့ကျွန်တော့်ကြားက နေရာရပ်ဝန်းက အခုမှ နွေးနွေးထွေးထွေးရှိသွားသည်။

"အစ်ကို ဘယ်တုန်းကပြန်ရောက်တာလဲ။"

"သိပ်မကြာသေးဘူး။နှစ်ရက်လောက်ဘဲရှိသေးတယ်။"

"အင်း..အစ်ကို မနတ်ဖြန်အားလား။"

"အင်း..အားတယ်။"

"မနတ်ဖြန် LGBT ပွဲတစ်ခုသွားရအောင်။"

ကျွန်တော် ပြုံးရုံသာမက အသံထွက်သည်အထိ ရယ်မိသည်။ ညီကဟိုးအရင်ကအတိုင်း ကျွန်တော့်ဆီက ခွင့်ပြုချက်ဆိုတာမတောင်း။ သူဖြစ်ချင်တာ အရင်ပြောသည်။

"ညီတို့လုပ်တဲ့ပွဲလား။"

"အင်း.."

"အစ်ကိုအားမှပါ...။"

ကျွန်တော့်ဘက်က တုံ့ပြန်မူက အချိန်အတိုင်းအတာတစ်ခုလေုးကြန့်ကြာသွားတာနဲ့ဘဲ ညီ့လေသံက တိုးဖျော့ပြီး အားလျော့လို့သွားသည်။ တစ်ဖက်ကို မျက်နှာလွှဲသွားတဲ့ ဒီကောင်ဆိုးလေးကို ကျွန်တော်စိတ်ဆိုးချင်မိသည်။ ကျွန်တော် ဘယ်တုန်းကများ သူ့ဆန္ဒကို ငြင်းပယ်ဖူးခဲ့လို့လဲ။ ဒါကို သူမေ့နေတာလား။

"အားပါတယ်။ အစ်ကိုဒီရောက်ပြီး ဘာမှလုပ်စရာလည်းမရှိဘူး။"

"ဒါဆို အစ်ကို့ကိုကျွန်တော် Facebookကနေ ပွဲအစီအစဉ်တွေပို့ပေးလိုက်မယ်။ ပွဲကစိမ်းလန်းစိုပြည်မှာဘဲ။ ကျွန်တော်က ပြင်စရာဆင်စရာတွေရှိနေလို့ ဟိုကိုစောသွားရမှာ။ စောရောက်နေရင် အစ်ကိုတစ်ယောက်တည်း အူကြောင်ကြောင်ဖြစ်နေလိမ့်မယ်။ အစ်ကို နေ့လည်လောက်မှလိုက်လာခဲ့။ အဆင်ပြေလား။"

လူကြီးလေးတစ်ယောက်လို အစအဆုံး တတွတ်တွတ်မှာတမ်းခြွေသွားတဲ့ ညီ့ကို ကြည့်ပြီး ကျွန်တော် ခေါင်းကိုသာ အသာအယာ ညိမ့်ပြမိသည်။ နူတ်ဆက်ပြီး ထွက်ခွာသွားတဲ့ ညီ့ကျောပြင်ကို ငေးကြည့်နေရင်း မနတ်ဖြန်အတွက်ကို ကြိုပြီးရင်ခုန်နေမိသည်။

"အစ်ကိုရောက်လာပြီလား။"

ကျွန်တော်လှည့်ကြည့်လိုက်တော့ အမောတကောနဲ့ လူအုပ်ကြားထဲကနေ တိုးဝှေ့ ပြေးလာတဲ့ ညီ။ Outdoorမှာ ကျင်းပတဲ့ပွဲပေမယ့် နေအပူဒဏ်ကို ခံနိုင်ဖို့ထီးတွေကို အုပ်မိုးကာထားသည်။  LGBT Rainbowအရောင်ခြောက်ရောင်ကို ထီးတွေအနေနဲ့အစဉ်လိုက်စီထားတာမို့ ကျွန်တော်တောင် Ideaကလန်းသားဟုတွေးနေမိသေးသည်။ သို့သော် မြန်မာပြည်၏အပူဒဏ်ကို ထိုထီးတွေလောက်နဲ့ ကာကွယ်မပေးနိုင်။ ကျွန်တော်နားရောက်လာတဲ့ ညီ့တကိုယ်လုံးမှာ ချွေးတွေ ရွှဲနစ်နေလျက်။

"ခဏလေး..ကျွန်တော်ဟိုဘက် ခဏသွားပြီး ပြန်လာခဲ့မယ်။"

ညီဟာ ကျွန်တော့်အနားမှာ မိနစ်ပိုင်းမျှပင် မနေနိုင်။ Volunteer ကလေးတစ်ယောက် အပြေးလာခေါ်တာနဲ့တင် လောလော လောလောနဲ့ စင်နောက်ကို ပြန်ပြေးဝင်ပြီး ပျောက်ကွယ်သွားပြန်သည်။

အနားမှာ ညီ မရှိတော့ ပိုပြီးတိုးသိပ်လာတဲ့ လူအုပ်ကြီးက စိတ်ရူပ်စရာပိုကောင်းလာသည်။ Outdoor ပွဲဖြစ်တဲ့အပြင် Entry feeက Freeဖြစ်လို့ LGBTတွေအပြင် အခြားအပြင်လူတွေကပါ ဝင်ကြည့်ကြသည်။  Decorationအနေနဲ့ ဖန်တီးထားတဲ့ ကြိုးဆွဲ postcardလေးတွေ Photoလေးတွေကို တွေ့တော့ စိတ်ဝင်တစား လိုက်ဖတ်မိသည်။ BARNEY FRANK လိုမျိုး LGBT rightsအတွက် ကြိုးပမ်းခဲ့တဲ့သူတွေနဲ့ အတူ အခြား LGBT နယ်ပယ်အသီးသီးက ထင်ရှားတဲ့လူတွေပုံတွေပါ တစုတစည်းတည်းတွေ့ရသည်။

There is nothing wrong with you.
There is alot wrong with the world you live in.

All people should be treated equally regardless with who they are and who they love.

If I could have chosen to be gay or straight, I would have chosen simply to be happy.

Don't ever be afraid to show what your true colours.

"ရပြီ။ ဟီး.."

ညီ့အသံကို ကြားလိုက်တော့ ကျွန်တော်ကြည့်နေတဲ့ postcard စာသားလေးတွေဆီမှ အကြည့်လွှဲမိသည်။ ဝတ်ထားတဲ့ တီရှပ်အပြာရင့်ရောင်က ချွေးတွေနစ်ပြီး ညီ့အသားနဲ့ ကပ်နေလေပြီ။ ပူလောင်အိုက်စပ်နေဟန်နဲ့ ညီကနဖူးပေါ်ဝဲကျနေတဲ့ ဆံပင်တွေကို လက်နဲ့သပ်တင်လိုက်တော့လည်း ဆံစပ်ကြားမှ စီးကျလာတဲ့ချွေးတွေ။

"ရော့..ချွေးတွေသုတ်လိုက်ဦး။"

မနေနိုင် မထိုင်နိုင် ကျွန်တော်ကဘဲ အိတ်ထဲက တစ်သျူးစကို ထုတ်ပေးမိသည်။

"ကျေးဇူး ..အစ်ကို.."

ပထမတော့ ကျွန်တော့်လက်ထဲက တစ်သျူးစကို ကြောင်ကြည့်နေပေမယ့် နောက်တော့ တစ်သျူးကိုယူလိုက်ပြီး ကျေးဇူးတင်စကားဆိုတဲ့ ညီ့မျက်နှာက ပြုံးစိစိ။ အကဲပိုသလိုများဖြစ်နေပြီလားလို့ တွေးပြီး မျက်နှာတွေတောင် ပူတက်လာသည်။

"အယ်..ဟိုနှစ်ယောက်က..။အတွဲတွေထင်တယ်။ အဟိ။ ချစ်စရာလေးတွေ။ "

နားကလည်း ဒါမျိုးဆိုအင်မတန်ပါးသည်။ အသံလာရာကို ဖျတ်ခနဲလှည့်ကြည့်လိုက်တော့ ကိုရီးယားမင်းသားရုပ်ပါတဲ့ကော်ယပ်တောင်လေးနဲ့ ပါးစပ်ကို အုပ်ကာထားရင်း ကျွန်တော်နဲ့ညီ့ကို မသိမသာ ကြည့်ပြီး အတင်းတုတ်နေတဲ့ ကလေးမလေးနှစ်ယောက်။
သူတို့ဟာသူတို့ပြောပြီး တခွိခွိနဲ့တောင် ရယ်နေသေးသည်။

မျက်မှောင်ကိုကုတ်ပြီး သိသိသာသာ ကြည့်ပေးလိုက်တော့ ဇက်ကလေးပုပြီး ကျွန်တော်တို့နားက လစ်ထွက်သွားလေသည်။ ကျွန်တော့်အခြေအနေကို သတိထားမိသွားပုံပေါ်တဲ့ ညီက

"ကလေးတွေက အဲ့လိုဘဲ၊ အစ်ကိုရဲ့။"

"မဟုတ်သေးပါဘူး။ အတွဲလို့ထင်ရအောင် ဘာတွေလုပ်နေလို့လဲ။ ပြီးတော့ ချစ်စရာလေးတွေဆိုတာ
က ပါသေးတယ်။"

"အစ်ကိုဒါတွေမသိပါဘူး။ လာ။ ဒီမှာလူအရမ်းတိုးတယ်။ ဟိုဘက်သွားရအောင်။ အစ်ကို။"

ရုတ်တရက်ကြီး ညီက ကျွန်တော့်လက်ကို ဆောင့်ဆွဲလိုက်တော့ ညီခေါ်ရာနောက်သို့ ကျွန်တော် ကန့်လန့်ကန့်လန့် ပါသွားလေသည်။ ထိုအခါမှ ညီက အစ်ကိုနားမလည်ပါဘူးလို့ ပြောတာကို နားလည်သလိုရှိလာသည်။ တစ်လမ်းလုံး တွေ့သမျှလူတွေက ညီနဲ့ကျွန်တော့်ကို ကြည့်ပြီး ပြုံးစိစိနဲ့။ အထူးသဖြင့် မိန်းကလေးငယ်ငယ်လေးတွေ။ ပြုံးပြီးကြည့်သွားကြတယ်ဆိုပေမယ့် သူတို့အကြည့်တွေမှာ လှောင်ရယ်လိုဟန်တွေမပါမှန်းခံစားမိသည်။ သဘောအကျကြီးကျပြီး ကြည့်နေတဲ့ပုံမျိုး။ အခုမှ ပတ်ဝန်းကျင်ကို သေချာကြည့်မိတော့ LGBTအတွဲလို့ ယူဆလို့ရလောက်တဲ့ ယောင်္ကျားလေးစုံတွဲတွေ၊ မိန်းကလေးစုံတွဲတွေ လက်ချင်းချိတ်ပြီး သွားလာနေတာကို တွေ့ရသည်။ အမေရိကားမှာ အဲ့လိုမြင်ကွင်းမျိုးက သိပ်မဆန်းပေမယ့်လို့ ကျွန်တော် အခုရောက်နေတာက မြန်မာပြည်မှာလေ။

"အခုတော်တော်များများက လက်ခံလာကြပြီလေ။ "

ညီ့အသံကနားထဲဝင်လာတော့ ခေါင်းကိုသာ ညိမ့်ပြမိသည်။ အိမ်ရောက်မှဘဲ ညီမကို သေချာမေးတော့မယ်။

ပွဲပြီးတော့ ညခြောက်နာရီကျော်ပြီ။ ဧည့်ပရိသတ်အပေါင်းကတော့ ပြန်သွားနှင့်ကြပြီ။ Volunteer ကလေးတချို့ကသာ အမိုက်တွေ ပြန်သိမ်း၊ ခုံတွေရွေ့နဲ့ သန့်ရှင်းရေးပြန်လုပ်နေကြသည်။ တစ်ယောက်တည်း အူတူတူနဲ့ ရပ်နေမယ့်အစား ကျွန်တော်လည်း သူတို့နဲ့အတူ ခုံတွေလိုက်သယ်ပေးနေလိုက်သည်။

"အစ်ကိုက ကိုထင်လင်းရဲ့သူငယ်ချင်းလား။"

ကောင်မလေးတစ်ယောက် ခုံတစ်လုံးကို မ,နေရင်း မနိုင်မနင်းဖြစ်နေတာ ဝင်ကူပေးမိတာမှ စတင်ပြီးစပ်စုခြင်းခံရတော့သည်။

"အင်း.."

"အမေရိကားမှာနေတာဆို.."

စပ်စုတတ်တဲ့ကလေးတွေကို ကျွန်တော်သဘောမကျတတ်ပါ။

"အလုပ်ကြောင့်နေတာပါ။"

ခပ်ပြတ်ပြတ်ပြောလိုက်တော့ ကလေးတွေက ထပ်မမေးတော့။ သို့သော် ခုံကိုသိမ်းပြီးနောက် ကျွန်တော်ထွက်သွားတော့ သူတို့အချင်းချင်းတော့ တိုးတိုး တိုးတိုးနှင့် ပြောနေသေးသည်။

"သေချာပါတယ်။သူပါဘဲ။"

"ထင်တာဘဲ။အသက်လည်းကြီးတယ်ဆိုတော့..။"

သူတို့ရှေ့မှာလူတစ်ယောက်လုံးရှိနေတာတောင် အတင်းပြောနေတဲ့ ကလေးလေးတွေ။ ဘယ်လိုလေးတွေလဲမသိပါဘူး။

"အစ်ကို့ကိုလိုက်ရှာနေတာ။ဒီရောက်နေတာကိုး။"

ညီရောက်လာမှဘဲ အသက်ရူချောင်တော့သည်။ အနောက်က ကလေးတွေကို တွေ့တော့ ညီက သူတို့တွေကို မျက်ရိပ်ပြလိုက်တာ တွေ့လိုက်ရသည်။ ထိုကလေးအုပ်စုလည်း ငြိမ်ကျသွားသည်။

"ဒီခုံတွေသိမ်းပြီးရင် လာခဲ့တော့။ အစ်ကို ဟိုမှာစောင့်နေမယ်။"

သူတို့လေးတွေကို ညီကိုလှမ်းပြောပြီး ကျွန်တော့်ကိုခေါ်ထုတ်လာသည်။ ထမင်းစားပွဲဝိုင်းကိုရောက်တော့
ညီကခုံတစ်လုံးကို ထုတ်ပေးပြီး ကျွန်တော့်ကိုထိုင်စေသည်။ ထိုင်ထိုင်ချင်း ရင်ဆိုင်တွေ့ကြုံလိုက်ရတာ ကျွန်တော်နဲ့ မျက်နှာစိမ်းတွေချည့်။ ပိုဆိုးတာက ထိုမျက်နှာစိမ်းတွေအကုန်လုံးသည် ကလေးသာသာလေးများသာ ဖြစ်သည်။ -___-

အလွန်ဆုံးရှိလှ နှစ်ဆယ်ဂိတ်ဆုံးလေးတွေ။ ချက်ချင်း ထပြန်ပြေးချင်စိတ်တောင် ပေါက်သည်။ ကျွန်တော်က ကလေးတွေနှင့် သိပ်အကြောမတည့်လှပါ။ အခုဝိုင်းတွင်လည်း အသက်အကြီးဆုံးဆို ကျွန်တော်ဘဲ ဖြစ်လောက်သည်။

ညီက ကျွန်တော့်မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်သည်။ ညီထိုင်ပြီးပြီးချင်းမှာပင် ညီ့ဘေးမှာ ဝင်ထိုင်တဲ့သူက ကျွန်တော်နှင့်အမေရိကားမှာတွေ့ခဲ့တဲ့ မိန်းမရွယ်လေး။ ပွဲတလျှောက်လုံး ဘယ်ချောင်ထဲတိုးနေမှန်းမသိတဲ့ ထိုမရွှေချောသည် အခုမှ ညီ့ကိုလောကွတ်တွေချော်ပြနေသည်။

"မဝသေးရင် ထပ်ယူနော်။ မောင်လေး..၊"

ညီကတော့ တနေကုန်ပင်ပန်းနေလို့ထင်သည်။ စားလိုက်တာမှ ခေါင်းမဖော်တမ်းပင်။ ဘေးနားက မိန်းမလှလေးကလည်း ညီ့ကိုဟင်းတွေ တစ်မျိုးပြီး တစ်မျိုး
ထပ် ထပ်ထည့်ပေးသည်။

"အစ်ကို။ ထည့်စားဦးလေ..။"

ထမင်းကို တို့ထိတို့ထိသာ လုပ်နေတဲ့ ကျွန်တော့်ကို သတိထားမိသွားတဲ့ ညီကလှမ်းမေးသည်။ ရှေ့မှာလာကလူပြနေမှတော့ လူကဘယ်လိုလုပ်ပြီး ထမင်းမြိုကျတော့မလဲ။ ညီမို့လို့ ပြောရဲတယ်။

"ကိုထွန်းလင်းနိုင်လည်း ကလေးတွေက ဆူညံနေတော့ စားမဝင်ဘူးထင်ပါတယ်။ ရှင်လေးတို့တွေလည်း ခပ်တိုးတိုးလေးနေ။"

ဘေးနားက ကလေးတွေကိုပါ နောက်သလို ပြောင်သလိုနဲ့ ထိုမိန်းမသည် မဆီမဆိုင် လှမ်းပြောသည်။
ညီကတော့ ကောင်းသည် ဆိုးသည် ဘာမှမပြောပါ။ ကြားနေပြီး ပြုံးဘဲ ပြုံးနေသည်။ တခါတလေ ဝိုင်းထဲက ကလေးတွေစကားဝိုင်းထဲ လှမ်းစကားပြောသည်။ ထိုမျှလောက်သာ။

ကြားထဲက အနေကြပ်လာသူက ကျွန်တော်သာ။ ဒီ Communityထဲမှာ ကျွန်တော် တစ်ယောက်တည်းသာ သပ်သပ်ကြီးဖြစ်နေသလိုပင်။

"အစ်ကိုပြန်တော့မယ်။"

"ပြန်တော့မှာလား။ ခဏလေး။ ကျွန်တော်လိုက်ပို့မယ်လေ။"

"ရတယ်။ အစ်ကို့ဘာသာဘဲ ပြန်လိုက်မယ်။"

ချက်ချင်းထထွက်လာခဲ့လိုက်သည်။ အနောက်က ခုံတွေတွန်းတိုက်သံတချို့ကြားလိုက်ရပေမယ့် မကြားချင်ယောင်ဆောင်လိုက်သည်။ ထားရစ်ခဲ့ခြင်းတို့တွင် မျှော်လင့်ချက်တဖန် မပါဝင်စေဖို့ ကြိုးစားရမည်။

"အစ်ကို.."

"အစ်ကို.."

"ဒီကနေကြည့်မြင်တိုင်ဘက်သွားချင်လို့။Taxiခဘယ်လောက်လဲ။"

"အစ်ကို!"

ကျွန်တော့်လက်ကို နောက်ကနေဖမ်းပြီး ဆောင့်ဆွဲလိုက်သော ညီ့ကြောင့် ကျွန်တော်နောက်သို့ ယိုင်သွားသည်။ လှမ်းခေါ်တာလောက်ကို မသိချင်ယောင်ဆောင်လို့ရပေမယ့် လက်ကောက်ဝတ်ကို အတင်းအကြပ်ဆုပ်ကိုင်ထားတာကိုတော့ မသိချင်ယောင်ဆောင်လို့မရတော့။

"Sorry..ဦးလေး..။"

Taxiသမား ဦးလေးကြီးကို ညီကလှမ်းပြီးတောင်းပန်စကားဆိုပြီးသည့်နောက် Taxi ဦးလေးကြီးသည် မကြည်မလင် မျက်နှာနှင့် ကားကိုဝူးခနဲ မောင်းထွက်သွားသည်။

"ကျွန်တော်နဲ့အတူပြန်လို့ရရဲ့သားနဲ့ ဘာလို့ မစောင့်ရတာလဲ။"

ညီ့လေသံတွင် ဒေါသသံတချို့ ရောစွတ်နေသည်။ ကျွန်တော် မျက်နှာထားတင်းတင်းနဲ့ မော့ကြည့်လိုက်တော့ ညီ့မျက်နှာပေးကလည်း ခပ်တင်းတင်း။ လွန်ခဲ့တဲ့နှစ်တွေဆီက ဆယ်ကျော်သက်ကောင်လေး ညီ ပြန်ရောက်လာသလို ခံစားလိုက်ရသည်။ ကျွန်တော် လိုချင်တာလည်း ဒါဘဲလေ။

"ဒီအတိုင်းစောစော ပြန်ချင်လို့ပြန်တာလည်း မရဘူးလား။"

"အစ်ကို့ပုံစံက စောစောပြန်ချင်တာထက် တစ်ခုခုကို သည်းမခံနိုင်လို့ ထွက်သွားတဲ့ ပုံစံမျိုးဖြစ်နေတယ်။"

ဘုရား..။ ညီက ဒီလောက်ထိ လူကဲခတ်မတော်သင့်ဘူးမဟုတ်လား။ ကျွန်တော် ခဏတာ ဆွံ့အသွားသည်။

"မမထားကြောင့်လား။"

ကျွန်တော့်မျက်နှာကို လွှဲပစ်လိုက်သည်။

"အဲ့အစ်မကအိမ်ထောင်သည်။ ယောင်္ကျားရှိတယ်။ သူ့သမီးတောင် လေးနှစ်လောက်ရှိပြီ။"

ဟမ်..။

ကျွန်တော် တအံ့တသြနဲ့ ညီ့ကိုမော့ကြည့်လိုက်မိသည်။ ညီက ကျွန်တော့်ကို စိတ်လေသလို အကြည့်မျိုးနဲ့ ကြည့်သည်။

"အစ်ကို့ရဲ့ညီက အိမ်ထောင်သည်မိန်းမတစ်ယောက်နဲ့ လူမူရေးဖောက်ပြားလောက်တဲ့အထိ မယုတ်မာဘူးဆိုတာတော့ သိတယ်မဟုတ်လား။"

မျက်စိအစုံကိုအကြောင်းမဲ့မှိတ်ချလိုက်မိပြီး ကျစ်စ်ခနဲ စုတ်သပ်လိုက်မိသည်။ ငါ့နှယ်တော့ကွာ။ တွေးထည့်လိုက်ရင် တလွဲ။

"အိုခေ..။အခုသိပြီ။ အခုပြန်လို့ရပြီ မဟုတ်လား။"

လက်ကောက်ဝတ်ကို ဆုပ်ထားတဲ့လက်တွေကို ဖယ်ချဖို့ကြိုးစားသော်လည်း အချည်းနှီးပင်။ ညီ့လက်တွေက မြဲမြံလွန်းလှသည်။

"ကျွန်တော်ကမရဘူးပြောရင်လည်း အစ်ကို ပြန်မှာဘဲ မဟုတ်လား။ အစ်ကို ဘယ်တုန်းက ကျွန်တော့်ဘက်ကို လှည့်ကြည့်ခဲ့ဖူးလို့လဲ။ ကျွန်တော့်ခံစားချက်ကို အရေးစိုက်ဖူးလို့လဲ။"

လက်ကိုအတင်းဆွဲဖယ်နေရာမှ ကျွန်တော် ခဏတာ ရပ်တန့်သွားသည်။

"စာကျက်ရမှာအရမ်းပျင်းတဲ့ကျွန်တော့်လိုကောင်က Lawကိုငါးနှစ်လောက်တက်ပြီး ဥပဒေဘွဲ့တက်ယူတာ စာမေးတယ်ဆိုတဲ့အကြောင်းပြချက်သပ်သပ်နဲ့ အစ်ကို့နဲ့ ရင်းနှီးချင်ခဲ့တာတွေ။ အစ်ကို့ညီမကို ကြိုက်တယ်ဆိုတဲ့နောက်ကွယ်မှာ တကယ်တမ်းက အစ်ကို့်နားမှာတွယ်ကပ်ချင်ခဲ့တာတွေ။ တော်သေးတာပေါ့။ ငယ်ကပြန်မကြိုက်လို့။ ပြန်များသာ ကြိုက်ရင် အစ်ကိုက တကယ်ပေးစားလောက်တယ်။ "

ညီ့စကားကို ကျွန်တော် ပြန်တုံ့ပြန်ဖို့ခွန်အားလည်း မရှိတော့။ သတ္တိလည်းမရှိပါ။ သေချာတာပေါ့။ အိမ်ကို အကြောင်းမရှိအကြောင်းရှာပြီး ညတိုင်းရောက်လာတတ်တဲ့ ယောက်ဖလောင်းကြီးရေလို့ နောက်သလိုပြောင်သလို ခေါ်တတ်တဲ့ ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ရဲ့ ရင်ဘက်ထဲကို ကျွန်တော် မမြင်ခဲ့ဘူးဆိုရင် လိမ်ရာကျလိမ့်မည်။

"အစ်ကို့အပေါ်ကျွန်တော်ခံစားချက်ရှိတယ်ဆိုတာ အစ်ကိုမသိတာလည်းမဟုတ်ဘူး။ ဒါပေမယ့် အစ်ကို ကျွန်တော့်ကို လျစ်လျူရူတယ်။ ပြီးတော့ အစ်ကို့ခံစားချက်ကိုလည်း အစ်ကို လျစ်လျူရူတယ်။ "

ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းမည်၏ဆိုတဲ့ စကားကို ကျွန်တော့်ရဲ့လတ်တလော အခြေအနေက သက်သေပြလျက်ရှိသည်။

"ဒီနေ့ဒီအချိန်ထိအောင် ကျွန်တော်တို့နှစ်ယောက်ကြားမှာ ဘယ်အရာက အဟန့်အတားဖြစ်နေတာလဲ ကျွန်တော်သေချာမသိဘူး။ ဒါပေမယ့် အဟန့်အတားလို့တွေးမိသမျှ အရာအားလုံးပျောက်ကွယ်သွားစေဖို့ ကျွန်တော် ကြိုးစားနေတယ်။"

ကျွန်တော်မော့ကြည့်လိုက်တော့ ညီ့မျက်နှာက အရမ်း Seriousဖြစ်နေတဲ့ပုံ။ ညီမေးရိုးက သွေးကြောတွေ တင်းနေတာကိုတောင် မြင်ရသည်။

"Sorry....အစ်ကို.."

ကျွန်တော့်လက်ကိုရုတ်တရက် လွှတ်ချလိုက်တဲ့ ညီ။
လက်ကောက်ဝတ်ဆီကနာကျင်မူက နှလုံးသွေးကြောထိ ဆက်လက်စီးဆင်းသည်။

"အစ်ကိုပြန်မယ်ဆို တစ်ယောက်တည်းတော့ ပြန်မလွှတ်နိုင်ဘူး။ ကျွန်တော်လိုက်ပို့ပေးမယ်။"

ကျွန်တော် ငြင်းဆန်လိုစိတ်လည်းမရှိတော့ပါ။
ညီငှါးလိုက်တဲ့ Taxiပေါ်သို့သာ အရုပ်တစ်ရုပ်လို လိုက်ပါလာမိသည်။ ငြိမ်သက်နေတဲ့ ကျွန်တော့်ကို ညီ့ဘက်ကလည်း စကားမစ။ ကားလေးပေါ်မှာ ကျွန်တော်နှင့် ညီရဲ့ဝန်းကျင်က အတွေးကိုယ်စီနဲ့ အေးစက်ငြိမ်သက်လို့နေသည်။

"အစ်ကိုရောက်ပြီ။"

ညီ့အသံကြောင့် ကျွန်တော် လှမ်းကြည့်လိုက်တော့ ကျွန်တော့်အိမ်ရှေ့တောင် ရောက်နေပြီ။ ကားတံခါးကို အမြန်ဖွင့်ပြီး ဆင်းလိုက်ပြီးမှ ကားပေါ်က ညီ့ကိုလှည့်ကြည့်မိသည်။ ခုနက ဒေါသတွေထွက်ပြီး သောင်းကျန်းခဲ့တာ ညီဘဲမဟုတ်တော့သလို။

"အိမ်ပေါ်မတက်တော့ဘူးလား..။"

ကျွန်တော့်ရဲ့ ဖိတ်ခေါ်ခြင်းကို ညီက မျက်လုံးအဝိုင်းသားလေးနှင့် ငေးကြည့်သည်။

"ဒီနေ့ညီမလေးက အမေ့ကိုဆေးရုံစောင့်အိပ်ပေးတယ်။"

ရေလာမြောင်းပေးရုံမကလို့ ဆည်ပါဆောက်ပေးတယ်လို့ ပြောချင်ပြောပါစေတော့ဆိုပြီး ရှက်ရှက်နှင့် ပြောပြီးကာမှ ချက်ချင်းအိမ်ပေါ်တက်ပြေးချင်စိတ်ပေါက်သွားသည်။

"အစ်ကိုကတော့..သရဲကြောက်လို့လား။"

ကားပေါ်ကဆင်းလာတဲ့ညီက ကျွန်တော့်ကိုလှမ်းပြီး အရွှန်းဖောက်ကာမှ ရယ်နိုင်ပြုံးနိုင်တော့သည်။ မဟုတ်ရင် နေရာမှာတင် တောင့်တောင့်ကြီး ရပ်ပြီး ရှက်စိတ်မွှန်ကာ သေသွားနိုင်သည်။ အိမ်ပေါ်တက်လာတော့ Mainခလုတ်ကိုနှိပ်လိုက်ပေမယ့် မီးကလင်းမလာ။

"အစ်ကို မီးပျက်နေတာထင်တယ်။"

ညီက ဝရံတာကနေ လှမ်းပြောသည်။ ကျွန်တော်လှမ်းကြည့်လိုက်တော့ လမ်းထဲကတခြားအိမ်တွေလည်း မှောင်မှောင်နဲ့မည်းမည်း။ ကံကောင်းထောက်မစွာနဲ့ ဘုရားစင်ပေါ်က ဖယောင်းတိုင်အသေးလေးသုံးချောင်းလောက်နဲ့ မီးခြစ်ကိုတွေ့သည်။

ဧည့်ခန်းထဲမှာသာ နှစ်ယောက်သား ငုတ်တုတ်ထိုင်နေမိသည်။ စကားပြောဖြစ်ပေမယ့် တအောင့်လောက်နေရင် စကားစကပြတ်သွားသည်။ အရင်ကဆို ကျွန်တော်က ငြိမ်နေရင်တောင် ညီကတစ်ခုမဟုတ် တစ်ခု ပေါက်ပေါက်ဖောက်နေကြ။ ဒီညမှာတော့ ညီကပါ စကားနည်းနေသည်။ ညီ့ကိုမသိမသာ ခိုးကြည့်မိတော့ ညီက ခပ်လှမ်းလှမ်းက ဖယောင်းတိုင်မီးအလင်းရောင်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေသည်။

"အစ်ကိုဘယ်တော့ပြန်မှာလဲ။"

"နောက်အပတ် Tuesdayလောက် မနတ်Flightနဲ့.."

"ညဘက်ဆို ကျွန်တော်လိုက်ပို့မလို့ဘဲ၊ မနတ်ဆိုတော့ လိုက်မပို့တော့ဘူးနော်။"

မနတ်ပိုင်းဆိုတော့ အလုပ်ရှိနေလို့ဘဲလို့ ဖြည့်တွေးနေတဲ့ ကြားထဲက နောက်တစ်ကြိမ်ပြန်တွေ့ခဲ့ရင် ဒီကောင်လေးဟာ ဒီထက်ပိုပြီး အေးစက်သွားမလားလို့ တွေးပြီး စိုးရိမ်နေမိသည်။

"နောက်ကျနေပြီ။ အစ်ကို.. ကျွန်တော် ပြန်တော့.."

ဘေးခုံကနေ ထဖို့ဟန်ပြင်နေတဲ့ ညီ့လက်ကိုလှမ်းဖမ်းဆွဲကိုင်လိုက်ပြီး ညီ့စကားလုံးတွေကို ဟန့်တားပစ်လိုက်မိသည်။ အသက်အရွယ်နှင့် ဂုဏ်သိက္ခာကို ထောက်ထားငဲ့ညာမူသည် ညီနှင့်ပတ်သက်လာတော့ ခပ်ဝေးဝေးကို လွင့်ထွက်သွားလေသည်။

ရုတ်တရက်ဖြစ်သွားတဲ့အခြေအနေတစ်ခုမှာ ညီဟာ ပထမတော့ ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ ဝေဝါးသွားပုံရှိသည်။ ခဏကြာမှ ဖြည်းဖြည်းချင်းတုံ့ပြန်လာသည်။ ညီ့နူတ်ခမ်းထက်က ချိုမြိန်မူသည် တစ်စက္ကန့်စာလေးလောက်တောင် အလွတ်မပေးချင်လောက်အောင် ယစ်မူးစရာကောင်းသည်။

ညီ့ပုခုံးကို မလွတ်တမ်း ဆွဲကိုင်လိုက်ချိန်မှာ ညီက ကျွန်တော့်ခါးကို တင်းတင်းကြပ်ကြပ် ဖက်တွယ်လာသည်။ ခပ်လှမ်းလှမ်းက ဖယောင်းတိုင်မီးသည် မီးစာကုန်ပြီဖြစ်၍ တမဟုတ်ချင်း မီးငြိမ်းသွားလေပြီ။

အချိန်ခဏလေးအတွင်း နားလည်လိုက်သော အရာသည်တကယ်တမ်း ကျွန်တော်တို့နှစ်ယောက်ကြားက အဟန့်အတားဟာ ကျွန်တော်တို့ကိုယ်တိုင်ဘဲ ဖြစ်တဲ့အကြောင်းကိုပေါ့။

....................The End.........................

Happy 19th Birthday ပါ။ ညီမလေး သိမ့် ချယ်ဦးရေ။

fiction updateပေးလို့ တပူပူတညံညံ ပူဆာတတ်တဲ့ ကလေးအတွက်
ဒီ မွေးနေ့လက်ဆောင်လေးက အမှတ်တရ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ 😙
အကြောင်းကြောင်းကြောင့်တော့ တစ်ရက်ကလေး နောက်ကျသွားတယ်။

Continue Reading

You'll Also Like

170K 10.3K 47
ចន ជុងហ្គុក / គីម ថេយ៉ុង
825K 7.5K 21
အလွန်ရိုင်းပါတယ် ဘာဗဟုသုတမှမရှိပါဘူး ကိုယ်စိတ်ကိုနှိုင်အောင်ထိန်း wattpad ကိစ္စ wattpad မှာထားခဲ့ ဖင်မယားနဲ့ ok အသက်မပြည့်သေးရင် ဝေးဝေးဂျောင်း not for...
399K 26.7K 23
ငါဟာမချစ်သင့်တဲ့အချစ်တစ်ခုကိုမသိလိုက်ဘဲနဲ့အစပျိုးခဲ့လို့ ငါမှားခဲ့တယ် ဟုတ်တယ် ငါမှားခဲ့တယ် ဒါပေမဲ့ ငါတစ်ခြားဘာအမှားကိုမှမကျူးလွန်ခဲ့မိပါဘူး ငါဒီတိုင်...
1.8K 103 11
**Unicode ** လှပတဲ့နွေဦးရာသီမှာ ပေါ်ပေါက်လာတဲ့ ဆွတ်ပျံ့ဖွယ်အချစ်ဇတ်လမ်း တစ်ပုဒ် ။ ** Zawgyi ** လှပတဲ့နွဦေးရာသီမှာ ပေါ်ပေါက်လာတဲ့ ဆွတ်ပျံ့ဖွယ်ာအချစ်ဇ...