Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage
Translator- Vipvkook
တံခါးချပ်သည် ဖြည်းညင်းစွာ ပွင့်သွားပြီး ဘယ်သူမှ အထဲမဝင်နိုင်ပဲ အပေါက်ဝတွင်သာ တုံ့ဆိုင်းနေကြသည်။
ဝူလုံဘုရားကျောင်း၏ ဧည့်သည်ခန်းများသည် ဗလာဖြစ်နေပြီး သာမန်လူ နေထိုင်သော အခန်းများကဲ့သို့ တန်ဆာဆင်ယင်ထားခြင်း မရှိပေ။ ထို့အပြင် ယခုအခန်းမှာ ကြိုတင်ရွေးချယ်ထားသော အခန်းဖြစ်သည့်အလျောက် ကျန်အခန်းများထက် ပို၍ နေရာကျယ်ဝန်းသည်။ ကုတင်သည် အခန်းအလယ်တွင် ထီးတည်းရှိနေပြီး မြင်ကွင်းကွယ်စေနိုင်သော အကာအရံ၊ ကန့်လန့်ကာ မပါရှိသောကြောင့် ဖြစ်သမျှ ကိစ္စအားလုံးကို လူတိုင်း ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်သည်။
ပထမဆုံး အထိတ်တလန့် အော်သံပြုသူမှာ ရှန်းယွဲ့ဖြစ်သည်။
တစ်စစီ စုတ်ဖြဲခံထားရသော အဝတ်အပိုင်းအစများသည် ကြမ်းပြင်တွင် ပြန့်ကြဲနေပြီး ကုတင်ပေါ်ရှိ ခြုံစောင်မှာလည်း ဘေးသို့ လွှင့်ပစ်ခြင်း ခံထားရသည်။ စားပွဲပေါ်ရှိ စာအုပ်များမှာလည်း မြေတွင် ပြန့်ကြဲနေပြီး လက်ဖက်ရည် ပန်းကန်လုံးများသည် ရုတ်တရက် ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည့်နှယ် အလုံးစုံ ပြိုလဲပျက်စီးနေသည်။
ပို၍ ထိတ်လန့်စရာကောင်းသည်မှာ ဤအရာများ မဟုတ်ပေ။
ကုတင်ပေါ်တွင် အမျိုးသမီးတစ်ယောက်သည် အသက်မရှိတော့သည့်နှယ် ဖရိုဖရဲ လဲလျောင်းနေသည်။ သူမ၏ ကိုယ်တွင် အဝတ်တစ်စ ကပ်မနေပဲ အဝင်ပေါက်ကို ကျောပေးထားသည်။ မြင်ရသူတို့ကို ထိတ်လန့်စေပြီး စိတ်မသက်မသာ ဖြစ်စေသော သွေးစွန်းနေသည့် ကိုက်ရာများနှင့် ဒဏ်ရာဒဏ်ချက်များက အတိုင်းသား ဖော်ပြခံထားရသည်။ ကုတင်ခြေရင်းတွင် နှစ်ပိုင်းကြိုးပြတ်နေသော သွေးစများနှင့် ကြာပွတ်လည်း ရှိနေပြန်သည်။ အမျိုးသမီး၏ နောက်ကျောမှ ဒဏ်ရာများကို ကြည့်ရုံမျှဖြင့် ကြာပွတ်နှင့် ရိုက်နှက်နှိပ်စက် ခံထားရမှန်း သိသာစေသည်။
"ဘုရားသခင်!"
ရှန်းယွဲ့ သူမပါးစပ်ကို လက်နှင့် ကာလိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်လိုက်သည်။
"အဲ့တာ…ဘယ်…ဘယ်သူကြီးလဲ…အစ်မ ၁ မဟုတ်ဘူးမလား?"
ရှန်းယွဲ့ အခုထိ တောင့်တောင့်ကြီး ရပ်နေသော ရမ်ဝမ်ယွမ်ဘက် လှည့်ကာ မေးလိုက်သည်။
ရှန်းမြောင်စကားအရ…ရှန်းကျင်းနှင့် သူမ အခန်းချင်း လဲလှယ်ခဲ့သည်။ ထို့ကြောင့် ဒီအခန်းတွင် ရှိနေရမည့်သူမှာ ရှန်းကျင်းဖြစ်သည်။ သို့သော် ကုတင်ပေါ်က အမျိုးသမီးသည် အလွန် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော အန္တရာယ်တစ်ခုကို ကြုံတွေ့ခဲ့ရသည်မှာ ကျိန်းသေသည်။ ရှန်းယွဲ့သည် လက်မထပ်ရသေးသော အပျိုစင်တစ်ယောက်ပင် ဖြစ်လင့်ကစား မျက်စိရှေ့မှ အဖြစ်အပျက်ကို ခြုံငုံသုံးသပ်ခြင်းဖြင့် ယမန်နေ့ညက မိန်းကလေးတစ်ယောက် ဘဝပျက်ခဲ့ပြီဆိုတာ သူမ သိသည်။
ကွေ့မောမောလည်း အခန်းထဲတွင် လူတစ်ယောက် ရှိနေလိမ့်မည်ဟု မထင်ခဲ့ပေ…ရှန်းမြောင် တံခါးကို ဖွင့်ခိုင်းခဲ့စဉ်က သူမ တွေးခဲ့သည်မှာ ရှန်းမြောင်သည် ရမ်ဝမ်ယွမ်နှင့် စကားလမ်းကြောင်းပြီးပြီ။ ထို့ကြောင့် လူသိမခံလိုသော အကြောင်းအရာကို ဆက်လက်ပြောဆိုရန် အခန်းထဲ ဝင်လိုသည်ဟု သူမ ယူဆခဲ့သည်။ သို့သော် ကုတင်ပေါ်က မိန်းမတစ်ယောက်ကို တွေ့သည့်အခါ သူမ အံသြမှုကို မထိန်းချုပ်နိုင်တော့ပေ။ ယမန်နေ့ညက မင်းသားယွီ ကစားခဲ့သော မိန်းကလေးမှာ ရှန်းမြောင်မဟုတ်ပဲ အခြားတစ်ယောက် ဖြစ်နေသည်လား? ဒီလိုဆို သူမရဲ့တာဝန် ချွတ်ချော်ခဲ့သည်ပေါ့? သို့သော် ရှန်းယွဲ့ စကားများကို ကြားပြီးသည့်နောက် သူမသည် ဝိဥာဏ်လွင့်မတတ် တုန်လှုပ်သွားသည်။ ရှန်းကျင်း? ဝတ်လစ်စလစ်နဲ့ မေ့မြောနေတဲ့ မိန်းကလေးက ရှန်းကျင်းတဲ့လား?
ဒီလိုပုံစံနှင့် ရှန်းကျင်းကို တွေ့လိုက်ရသည့်အခါ ရန်မေ့နှင့် ရွှေပိ တို့၏ နှလုံးသားများ အေးစက်သွားတော့သည်။ သူမတို့ စောင့်ရှောက်ရသော သခင်မလေးတွင် ဒီလိုဘေးအန္တရာယ် ဖြစ်လာလျှင် သူမတို့အတွက် အသက်ရှင်စရာ လမ်းစလည်း မရှိနိုင်တော့ပေ။ အစေခံမလေး နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် စိတ်ပျက်အားလျော့စွာ ငေးကြည့်လိုက်ပြီး ရမ်ဝမ်ယွမ် ခြေရင်းတွင် အရုပ်ကြိုးပျက် လဲကာ ဒူးထောက်ကျရင်း ကြမ်းပြင်နှင့် ခေါင်းကိုသာ တဒုတ်ဒုတ် မြည်အောင် တိုက်နေကြတော့သည်။
ရမ်ဝမ်ယွမ်၏ မျက်ဝန်းများက ဗလာဖြစ်နေပြီး တစ်စုံတစ်ခုကို သတ်သတ်မှတ်မှတ် မရှိပဲ ငေးမောနေသည်။
"ဒေါ်လေး ၂…သွားမကြည့်တော့ဘူးလား?"
ရှန်းမြောင်၏ အသံက တည်ငြိမ်အေးစေးပြီး ပျော့ပျောင်းသည်။ မျက်စိရှေ့မှ ကံဆိုးမိုးမှောင်ကျခြင်း ဖြစ်ရပ်သည် သူမအပေါ် နည်းနည်းလေးမှ သက်ရောက်မှု မရှိသယောင်ပင်…ရမ်ဝမ်ယွမ် ခေါင်းငဲ့ကြည့်လိုက်သည့်အခါ အပြစ်ကင်းစင်သော မျက်ဝန်းများနှင့် မိန်းကလေးသည် သူမကို တိတ်ဆိတ်စွာပင် စိုက်ကြည့်နေသည်။
ရမ်ဝမ်ယွမ်၏ နှလုံးသားက ဘေးဒုက္ခတစ်ခုနှင့် ကြုံတွေ့နေရသလို တဒိတ်ဒိတ် ခုန်နေသော်လည်း ဖြူဖျော့နေသော မျက်နှာနှင့် အခန်းထဲသို့ ခပ်သွက်သွက်ပင် ဝင်သွားလိုက်ပြီး မေ့မြောနေသော မိန်းကလေး၏ ဘေးတွင် ဒူးထောက်ချလိုက်သည်။
မိန်းကလေး၏ ခေါင်းမှာ ဆံပင်စုတ်ဖွာနေပြီး တစ်စုံတစ်ယောက် ဆွဲရမ်းခဲ့သော ဆံပင်မွှေးများက ကြမ်းပြင်ပေါ်တွင် အစုလိုက် အပုံလိုက် ဖြစ်နေသည်။ ရမ်ဝမ်ယွမ် တုန်ယင်နေသော လက်အစုံကို ဆန့်ထုတ်လိုက်ပြီး မိန်းကလေး၏ ခန္ဓာကိုယ်ကို သူမဖက်သို့ ဆွဲလှန်လိုက်သည်။
အိပ်ရာခင်းနှင့် အသား ပွတ်တိုက်သံ ခပ်တိုးတိုး ထွက်ပေါ်လာပြီးသည့်နောက် သူမ၏ စိတ်အခြေအနေကို ကိုယ်စားပြုသည့်နှယ် အာရုံတက်ကတည်းက တိတ်သွားသော မိုးစက်များသည် နောက်တစ်ကြိမ် မြေပြင်ပေါ်သို့ သည်းသည်းမည်းမည်း ရွာသွန်းချလာသည်။ မှောင်မိုက်သော ကောင်းကင်နှင့် အခန်းထဲတွင် မိုးခြိမ်းသံနှင့် လျှပ်ရောင်များသာ ပြည့်နှက်နေသည်။
ရမ်ဝမ်ယွမ် သူမ၏ မျက်ဝန်းများကို နာကျင်စွာ မှိတ်ချလိုက်သည်။ သူမလက်ထဲက မိန်းကလေးမှာ သူမ၏ ရင်နှစ်သည်းချာ……ရှန်းကျင်း ဖြစ်နေခဲ့သည်။
စာလုံးရေ-၁၇၅၂