More than a friendship [Compl...

Von Smileapple333

230K 12.6K 137

ခင်မင်မှုထက်ပိုသော ချစ်ခြင်းတို့အကြောင်း Mehr

နိဒါန်း [U]
နိဒါန်း (Z)
အခန်း ၁ (U)
အခန်း ၁ (Z)
အခန်း ၂ (U)
အခန်း ၂ (Z)
အခန်း ၃ (U)
အခန်း ၃ (Z)
အခန်း ၄ (U)
အခန်း ၄ (Z)
အခန်း ၅ (U)
အခန်း ၅ (Z)
အခန်း ၆ (Z)
အခန်း ၇ (U)
အခန်း ၇ (Z)
အခန်း ၈ (U)
အခန်း ၈ (Z)
အခန်း ၉ (U)
အခန်း ၉ (Z)
အခန်း ၁၀ (U)
အခန်း ၁၀ (Z)
အခန်း ၁၁ (U)
အခန်း ၁၁ (Z)
အခန်း ၁၂ (U)
အခန်း ၁၂ (Z)
အခန်း ၁၃ (U)
အခန်း ၁၃ (Z)
အခန်း ၁၄ (U)
အခန်း ၁၄ (Z)
အခန်း ၁၅ (U)
အခန်း ၁၅ (Z)
အခန်း ၁၆ (ဇာတ်သိမ်း) (U)
အခန်း ၁၆ (ဇာတ်သိမ်း) (Z)

အခန်း ၆ (U)

5.7K 417 3
Von Smileapple333

ယမင်းသည် ကြယ်စင်နဲ့ သွားတွေ့ပြီးတော့ ကြယ်စင့်အချစ်ကို လက်ခံပေးလိုက်တာသာ ရှိတာ။ ကြယ်စင့်ကိုချစ်တယ်လို့ ပြောခဲ့တာမဟုတ်။ ဒါပေမဲ့ ကြယ်စင်က ယမင်းကို သူ့ချစ်သူလို့ သတ်မှတ်လိုက်ပြီ။ ဒါကလည်း Crush က ပေးတဲ့ ဝဋ်ကြွေးတစ်မျိုးပေါ့။ ကြယ်စင့်ကိုမချိန်းမီ ညက ယမင်းဆီကို ရိန်းက ဖုန်းဆက်လာသည်။ ရိန်းဆီက ဝင်လာတဲ့ ဖုန်းကောလ်မို့ ယမင်းမှာ ဝမ်းသာအားရနဲ့ ဖုန်းကို ချက်ချင်းကိုင်လိုက်သည်။

"ဟယ်လို"

"ယမင်း ငါပါ၊ မင်းတို့ ခြံရှေ့မှာ ငါရောက်နေတာ၊ ခြံရှေ့ကို ခဏလောက် ထွက်လာပေးလို့ ရမလား"

ယမင်း လုံးဝ မမျှော်လင့်တာ။ ရိန်းက အရင် ယမင်းဆီကို ဖုန်းဆက်လာတာ။ ယမင်းလည်း ဝမ်းသာအားရနဲ့ ချက်ချင်းပဲ ခြံရှေ့ကို ပြေးထွက်လာလိုက်သည်။

"ရိန်း"

ရိန်းက ခြံစည်းရိုးကို ကျောခိုင်းပြီး လမ်းဘက်ကို မျက်နှာမူပြီး ရပ်နေသည်။ ယမင်း ခေါ်သံကြားတော့မှ ယမင်းဘက်ကို လှည့်ကြည့်လာသည်။

"ရောက်ပြီလား ယမင်း၊ မင်းကို ပြောစရာရှိတယ်ဆိုတာထက် တောင်းဆိုစရာတွေရှိတယ်လို့ ပြောရင် ပိုမှန်မလားပဲ"

ဒီတစ်ခါလည်း ကြယ်စင့်အတွက်ပဲလား။ ရိန်းက ယမင်းကို ဘာတွေများ တောင်းဆိုမလို့လဲ။ ယမင်း စိတ်မပါတာတွေကို ဒီလိုတောင်းဆိုချက်ကြောင့်နဲ့ လိုက်လုပ်ပေးနေရဦးမှာလား။

"ကြယ်စင်က မင်းကို ချစ်ရေးဆိုထားတယ် မဟုတ်လား၊ အဲ့ဒါ ကြယ်စင့်ကို ပြန်ချစ်ပေးလို့် ရမလား"

ယမင်း အံ့သြရပြီလေ။ ဒါက ဘယ်လိုတွေတောင် ရက်စက်တဲ့ တောင်းဆိုမှုတွေလဲ။ ယမင်း သူ့ကို စိတ် ဝင်စားနေတယ်ဆိုတာကိုလည်း သူသေချာသိတယ်။ဒါပေမဲ့ ဒီလိုပြောထွက်တဲ့ စကားတွေကို အရမ်းကိုမှ အရမ်းကို ယမင်း အံ့သြရသည်။

"မဟုတ်ဘူး ရိန်း၊ ကြယ်စင့်ကို ငါမချစ်ဘူး၊ မရှက်တမ်းဝန်ခံရရင် ငါစိတ်ဝင်စားနေတာ နင့်ကိုပဲ၊ ငါက ဘာလို့ ကြယ်စင့်ကို အဖြေပေးရမှာလဲ၊ ဘာလို့လဲ၊ ဘာလို့လဲဆိုတာ ပြောစမ်းပါ"

ရိန်းရဲ့ ရင်အုပ်ကို လက်သီးနဲ့ ထုထုပစ်ပြီးကို ယမင်း
အော်ဟစ်ပစ်လိုက်သည်။ လူက ဝမ်းနည်းလွန်းလို့ မျက်ရည်တွေလည်း ကျလာသည်။ ယောင်္ကျားတစ်ယောက်ကြောင့် ယမင်း မျက်ရည်ကျရလိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးခဲ့တာ။ အထူးသဖြင့် ကိုယ့်ကိုမချစ်သော ယောင်္ကျားတစ်ယောက်အတွက်နဲ့ပေါ့။

"ငါမေးနေတာ ဖြေလေ ရိန်း"

ယမင်းမေးနေတာကို ရိန်း မဖြေဘူး။ ခပ်ဆွေးဆွေး မျက်လုံး၊ အရောင်ဖျော့နေတဲ့ မျက်နှာနဲ့ လက်သီးကို ခပ်ဖွဖွဆုပ်ကာ လမ်းဘက်ကိုသာ ငေးကြည့်နေတာ။

"နင်မဖြေရင် ငါလည်း ကြယ်စင့်ကို မစဉ်းစားပေးနိုင်ဘူး"

"ပျော်စေချင်လို့၊ သူ့ကို ပျော်စေချင်လို့"

ယမင်း အသံခပ်ဆတ်ဆတ်နဲ့ အော်ပစ်လိုက်လို့ ရိန်းဆီက အသံတိုးတိုးလေး ထွက်လာသည်။ ယမင်းလည်း ရိန်းကိုစိုက်ကြည့်ပြီး ခပ်မဲ့မဲ့သာ ပြုံးမိသည်။

"နင့် မျက်လုံးထဲမှာ၊ နင့် စိတ်ထဲမှာ၊ နင့် အာရုံထဲမှာ ကြယ်စင်ပဲ ရှိနေတာလား၊ ငါ့ကို နည်းနည်းတောင် မမြင်ဘူးလား၊ ပြောစမ်းပါ၊ ကြယ်စင့်ကို လက်ခံပေး လိုက်ရင် နင်ငါ့ကို ဘာပြန်ပေးမှာလဲ၊ နင့်အချစ်တွေလား"

ယမင်းရဲ့ စကားအဆုံးမှာ ရိန်းက ယမင်းကို အသက်မပါသလို ကြည့်လာသည်။ ပြီးတော့ မှိုင်းဖျော့နေတဲ့ မျက်နှာနဲ့ လမ်းဘက်ကို ပြန်ငေးကြည့်နေပြန်သည်။

"ကြယ်စင့်ကို တကယ်လက်ခံပေးရင် ငါ့ရဲ့ပထမဆုံးအနမ်းကို မင်းကိုပေးမယ်လေ၊ မင်း ကျေနပ်လား"

"အဟက် ! ရယ်ရတယ်နော် ရိန်း၊ နင် နည်းနည်းမှမချစ်တဲ့ ငါ့လိုမိန်းကလေးကို နင့်ရဲ့ပထမဆုံးအနမ်းကို ပေးမယ်ဟုတ်လား၊ ပြောစမ်းပါဦး၊ အဲ့ဒါ ဘယ်သူ့အမှတ်နဲ့ ပေးမှာလဲ၊ နင် ပေးခွင့်မရတဲ့လူကို ပေးချင်တာနဲ့ ငါ့အပေါ် ပုံချချင်တာ မဟုတ်လား"

"ယမင်း!"

"ပြောလေ၊ ငါ့ကိုပြော၊ နင်နဲ့ ကြယ်စင်က ဘာတွေလဲ ဆိုတာ ငါ့ကိုပြော၊ နင်တို့ကို နည်းနည်းမှ နားမလည်ဘူး၊ ငါတကယ် နင့်တိုကို လိုက်မမှီဘူး"

ယမင်းပြောလာတဲ့ စကားတွေကို ဘာကိုမှ စောဒက တက်ပြီး ရိန်း ပြန်မပြောဖြစ်ပါ။ အသက်မပါသောအကြည့်တွေနဲ့သာ ယမင်းကို ကြည့်နေမိသည်။

"နင်အရမ်း အတ္တကြီးတယ်ရိန်း၊ နင့်ဘက်ပဲ နင်ကြည့်တယ်၊ ငါ့ဘက်ကို နည်းနည်းလေးတောင် စာနာမပေးဘူး၊ ငါ့ကိုပြန်မချစ်ရင်နေပါ၊ တခြားသူလက်ထဲ ဘာလို့ ငါ့ကို ထိုးထည့်ချင်ရတာလဲ၊ နင်မမိုက်ဘူး ရိန်း"

ယမင်းပြောသလို ရိန်း အတ္တကြီးသည်။ ယမင်းက ရိန်းကို ပြောပြောပြီး ငိုသည်။ ဒီကောင်မလေးရဲ့ မျက် ရည်တွေကို သုတ်ပေးချင်စိတ်လည်း မရှိပါ။ ယမင်းနှင့်ရိန်းကြားမှာ အပေးအယူတစ်ခုပဲ ရှိသည်။ ရိန်း ဘာဖြေရှင်းချက်မှ ပြန်မပေးဖြစ်ဘဲ တုံဏိဘာဝေနဲ့ မြေကြီးကိုသာ စိုက်ကြည့်နေလိုက်သည်။

"နင် စိတ်ချမ်းသာအောင် ကြယ်စင့်ကို အဖြေပြန်ပေးပေးမယ် ဟုတ်ပြီလား၊ ငါ့ကို ရည်ရွယ်တာ မဟုတ်တဲ့ နင့်ရဲ့ပထမဦးဆုံးအနမ်းလည်း ငါမလိုချင်ဘူး၊ ငါကမိန်းကလေးပါ ရိန်းရယ်၊ နင့်ကို စချစ်ခဲ့တာဆိုပေမယ့် ငါ့မှာလည်း သိက္ခာရှိတယ်"

ယမင်းက အသံခပ်ဖျော့ဖျော့နဲ့ စကားတွေ တစ်သီကြီး ပြောနေတာ။ ဒါက မတရားမှန်းသိပေမယ့် ရိန်း ကလည်း အနိုင်ရနေတာ မဟုတ်ဘူး။ ရိန်းက အရှုံးနှင့်လူပါပဲ။ သူပျော်ဖို့ဆိုရင် ဘာမဆိုဖြည့်ဆည်းပေးသွားမယ့် အရှုံးနှင့် လူပါပဲ။

"နင် အခု ငါ့ခြံရှေ့က ပြန်လိုက်တော့ ရိန်း၊ နင်က ကြယ်စင့်ကို ပျော်စေချင်တယ်၊ ငါကလည်း နင့်ကို ပျော်စေချင်တယ်၊ ကြယ်စင်ကလည်း ငါ့ကို ပျော်စေချင်မှာပဲ၊ နင် အခု ပြန်လို့ရပြီ၊ ငါ့မျက်စိရှေ့က အခု ထွက်သွားပေးပါတော့၊ သွား..ထွက်သွား..အီးဟီး"

ယမင်းက ရိန်းကို နှင်ထုတ်နေပြီမို့ ရိန်းလည်း ယမင်း အနားကနေ ထွက်လာလိုက်ကာ ဆိုင်ကယ်ကို စက်နှိုးလိုက်သည်။ ဆိုင်ကယ်ကို လမ်းထဲကနေ မောင်းမထွက်သေးဘဲ ဆိုင်ကယ်ပေါ်ကနေသာ ယမင်းကို ပြန်ကြည့်လိုက်သည်။ ယမင်းကလည်း ခြံထဲပြန်မဝင်သေးဘဲ လမ်းဘေးမှာပဲ ရိန်းကို ရပ်ကြည့်နေတုန်း။

"မင်းကို ကျေးဇူးတင်ပါတယ် ယမင်း၊ မင်းကိုငါ မချစ်ပေမယ့် မင်းနဲ့ငါ သူငယ်ချင်းလုပ်လို့ ရပါတယ်၊ ငါက မေမေနဲ့ ဂျပန်လိုက်သွားမလို့၊ မင်းနဲ့ ကြယ်စင်လည်း ချစ်သူဘဝမှာ ပျော်ရွှင်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်၊ မင်းသိချင်တာကို ပြောပြမယ်၊ ကြယ်စင့်ကို သူငယ်ချင်းဆိုတာထက် ငါပိုချစ်တယ်၊ ကြယ်စင်လည်း ငါနဲ့အတူတူပဲ"

"ဒါပေမဲ့ ငါတို့နှစ်ယောက်ရဲ့ ပတ်သက်မှုက မင်းတို့ထင်သလို မညစ်ပတ်ဘူး၊ ကြယ်စင့်ကို ဖြူဖြူစင်စင်လေးပဲ ငါချစ်တာ၊ ကြယ်စင်နဲ့ငါက more than friendship, less than couple ပဲ၊ သူငယ်ချင်းလည်း မက၊ ရည်းစားလည်း မကျတွေ"

ယမင်း သိချင်နေတဲ့ အဖြေတစ်ခုကို ယမင်းနားလည်လောက်တဲ့ စကားလုံးတွေနဲ့ ရိန်း ပြောပြဖြစ်သည်။ ကြယ်စင့်ကို ရိန်း အရမ်းချစ်သည်။ အဲ့ဒီလူသားကိုကိုယ့်အနားမှာပဲ ရှိစေချင်တဲ့ စိတ်တစ်ခုထဲနဲ့ပဲ ချစ်မိတာ။ သူ့ကိုပိုင်ဆိုင်ချင်တာ၊ ရယူချင်တာ၊ သိမ်းပိုက်ချင်တာမျိုး မဟုတ်ဘဲ ဖြူဖြူစင်စင်လေး ချစ်တာ။

ယမင်းကို ဖြေရှင်းချက်ပေးပြီးတာနဲ့ ယမင်းအရှေ့က ထွက်လာလိုက်သည်။ ဆိုင်ကယ်ကို စကားဝါလမ်းထဲကနေ ခပ်ကြမ်းကြမ်းပဲ မောင်းထွက်ပစ်လိုက်သည်။ ဒီဆိုင်ကယ် စကားဝါလမ်းကို နောက်တစ်ခေါက် ပြန်ရောက်ဖို့ဆိုတာ ဘယ်အချိန်လဲ ရိန်းကိုယ်တိုင်တောင် မစဉ်းစားဖြစ်သေးပါ။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့
စက်တင်ဘာလ

ဘာလိုလိုနဲ့ ဂျပန်ကို ရိန်းရောက်နေတာ ၄ လ ရှိသွားပြီ။ တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေလည်း ထွက်သွားပြီ။ ရိန်းရော ကြယ်စင်ပါ ဂုဏ်ထူး ၅ ခုစီပါကြသည်။ ယမင်းက ၄ ခုပဲ ပါပေမယ့် ဆေးလိုင်းဝင်သည်။ လရိပ်အေးက ၃ ခုပါသည်။ UFL တက်မယ်လို့ ကြားရသည်။ မျိုးမြင့်လေးနဲ့ သိန်းကျော်မျိုးက ရိုးရိုးအောင်ကြသည်။ အောင်စာရင်းထွက်တာတောင် ရိန်းက မြန်မာပြည်ကို မပြန်ဖြစ်ပါ။ ကျောင်းဖွင့်မှ ပြန်မယ်ဆိုပြီး မေမေနဲ့ပဲ တိုကျိုမှာ နေနေတာ။

"ရိန်းရေ သံရုံးကို လိုက်လည်မလား"

"မလိုက်တော့ဘူး မေမေ၊ CFJ က အစ်ကိုနဲ့ ချိန်းထားလို့"

"CFJ က ဘာလဲ သား"

"Childrens' Foundation of Japan မေမေရဲ့၊ကလေးတွေကို ပြုစုစောင့်ရှောက် မြေတောင်မြှောက်ပေးနေတဲ့ ပရဟိတအဖွဲ့အစည်းတစ်ခုပါ၊ ကျွန်တော် ဒီမှာရှိတုန်း အဲ့ဒီအဖွဲ့အစည်းမှာ Volunteer လုပ်ပေးချင်လို့၊ ဟိုနေ့က ကမာကူရ ဘုရားသွားဖူးရင်းနဲ့ CFJ က အစ်ကိုနဲ့ ခင်ခဲ့တာ"

"သားက Volunteer လုပ်ချင်တယ်ဆိုတော့လည်းမေမေမတားပါဘူး၊ ကိုယ့်မြေကိုယ့်ရေ မဟုတ်လို့ သတိတော့ထား၊ လူတွေရဲ့စိတ်က မှန်းလို့ရတာ မဟုတ်ဘူး"

"ကိုသူရိန်က မြန်မာပြည်မှာပဲ ဘွဲ့ရခဲ့တဲ့ ဆရာဝန်ပါ၊ CFJ ရဲ့ Health Sector မှာ အလုပ်လုပ်နေတာ၊ ကျွန်တော် ဆရာဝန်ဖြစ်ရင် CFJ လိုမျိုး အဖွဲ့အစည်းတွေမှာပဲ အလုပ်လုပ်ချင်တယ် မေမေ၊ တစ်ကမ္ဘာလုံး ပတ်သွားပြီးတော့ စေတနာ့ဆရာဝန် လုပ်ချင်တာ"

ဒေါ်ဝေဝေဦးမှာ ကိုယ့်သားက အားတက်သရောတွေ ပြောနေတော့လည်း ဘာကိုမှ စောဒက မတက်မိတော့ပါ။ သားဖြစ်ချင်တဲ့ဆန္ဒ၊ သားရဲ့ရည်မှန်းချက်တွေက မွန်မြတ်နေတာပဲ မဟုတ်လား။ မလုပ်ရဘူးလို့လည်း မိခင်တစ်ယောက်အနေနဲ့ မတားချင်ပါ။

"အေးပါ သားရယ်၊ သားက မွန်မြတ်တဲ့ စိတ်ထားနဲ့ ကောင်းရာတွေ လုပ်မယ်ဆိုတော့လည်း မေမေက ဟိုလိုလုပ်ပါ ဒီလိုလုပ်ပါလို့လည်း မပြောချင်ဘူး၊ သားဘဝ၊ သားအနာဂတ်၊ သားပျော်သလို နေထိုင်ပေါ့၊ ဟုတ်ပြီလား၊ ကဲ ..မေမေ ရုံးသွားလိုက်ဦးမယ်"

မေမေက ရိန်းကို သတိပေးစကား ပြောပြီးနောက်မှာ သံရုံးကို ထွက်သွားသည်။ အိမ်မှာ ရိန်းပဲ ကျန်သည်။
ဒေါက်တာသူရိန်နဲ့ ည ၆ နာရီမှာမှ Mr. Tokyo မှာ ချိန်းထားတာဆိုတော့ ဒီကြားထဲ အလုပ်မရှိလို့ ရိန်း အားနေသည်။ ဒီရက်တွေမှာ ကြယ်စင့်ကို အရမ်းလွမ်းသည်။ Viber ကနေရော messenger ကပါ ဆက်သွယ်လို့ ရပေမယ့် ရိန်း လုံးဝမဆက်သွယ်ဖြစ်သလို ကြယ်စင်ကလည်း ရိန်းကို လုံးဝမဆက်သွယ်ခဲ့ပါ။

*ကြယ်စင်..မင်း နေနိုင်ရက်တယ်နော်။ မင်းက အချစ်နဲ့တွေ့တော့ သံယောဇဉ်ကို မေ့သွားပြီပေါ့။ သူငယ်ချင်းဆိုတာကို စာလုံးပေါင်းတောင် ပေါင်းတတ်ဦးမလားပဲ။*

ဝရန်တာမှာ ထုတ်ထားတဲ့ Dream Bed ပေါ်ကို ရိန်း လှဲအိပ်ချလိုက်သည်။ စီးကရက်ဘူးထဲက စီးကရက်တစ်လိပ်ကို ဆွဲထုတ်ယူကာ မီးညှိလို့ ဖွာရှိုက်လိုက်သည်။ ဒီရက်ပိုင်းမှာ ရိန်း အတတ်ကောင်းတွေ တတ်နေတယ်လို့ ပြောလို့ရသည်။ ကြယ်စင့်ကို သတိရလာရင် မေ့ချင်တယ်ဆိုပြီး ဘီယာသောက်ကြည့်သည်။ ကြယ်စင့်အကြောင်းကို ဇိမ်ရှိရှိနဲ့ တွေးချင်တယ်ဆိုပြီး စီးကရက် ဝယ်သောက်ကြည့်သည်။ ဘီယာသောက်ပြီး ကြယ်စင့်ကို မမေ့နိုင်ပေမယ့် စီး ကရက်ဖွာရင်း ဟိုးအဝေးကြီးကို ငေးမောကြည့်ကာ ကြယ်စင့်အကြောင်း တွေးရတာ၊ ရိန်းတို့ ငယ်ငယ်က အကြောင်းတွေကို ပြန်တွေးရတာ တကယ်ကောင်းသည်။ အဲ့ဒီ feel ကို ရိန်း တကယ်ကြိုက်သည်။

ဘီယာနှင့်စီးကရက် သောက်တတ်သွားတာကို မေမေ သိပေမယ့် ရိန်းကို ဘာမှမပြောပါ။ ယောင်္ကျားလေးမို့ မတားမြစ်ချင်ပေမယ့် အလွန်အကျွံမဖြစ်စေနဲ့လို့သာပြောဆိုသည်။ အခုလည်း စီးကရက်သောက်နေရင်း ကြယ်စင့်အကြောင်းကို ရိန်း တွေးနေမိသည်။ ကြယ်စင့်အဝေးကိုသာ ရိန်း ထွက်လာခဲ့တာ ကြယ်စင်ဆိုတဲ့ကောင်လေးကို တစ်ရက်မှ မေ့မရခဲ့တာ။

*ကြယ်စင် မင်းရော ဒီအချိန် ဘာလုပ်နေလဲ။ ငါ့ကို နည်းနည်းမှ သတိမရဘူးလား။ ငါ့နေရာမှာ ယမင်းကို အစားထိုးခဲ့တာလား ကြယ်စင်ရယ်။ ငါကလေ မင်းရဲ့ကမ္ဘာမှာ တစ်နေရာမှ ပိုင်ဆိုင်ခွင့်မရှိတဲ့လူ ဖြစ်ခဲ့တာလား ကြယ်စင်။ မင်းချစ်တယ်ဆိုတဲ့ ယမင်းနဲ့ရော အဆင်ပြေရဲ့လား။ ယမင်းနဲ့ဆိုရင် မင်းပျော်ရွှင်ရမှာ သေချာလား ကြယ်စင်။*

ခြံအမှတ် ၃၃၊ မြဂုဏ်ရောင်လမ်း
မန္တလေးမြို့

ကြယ်စင်သည် အခန်းပြတင်းပေါက်မှာ ရပ်‌နေကာ အပြင်မှာ ရွာနေတဲ့မိုးကို ငေးကြည့်နေမိသည်။ ဒီလိုပေါ့။ ဒီလိုမျိုး မိုးသည်းနေ့မှာ မင်းကို စတွေ့ခဲ့တာ။ မင်းကို အရမ်းသတိရတယ် ရိန်းရယ်။ မင်းက နေနိုင်လွန်းတယ်။ ပြတ်သားနိုင်လွန်းတယ်။ အောင်စာရင်း ထွက်တာတောင် ပြန်မလာဘူး။ ငါ့ကို သူငယ်ချင်းထက် ပိုချစ်တယ်ဆိုတာက ဟုတ်ရဲ့လား ရိန်းရာ။

မင်းကတော့ စကားတစ်ခွန်းမှ မပြောဘဲ ငါ့ကိုကျော ခိုင်းသွားနိုင်ပေမယ့် ငါကတော့ မင်းကို နေ့တိုင်းသ တိရနေတာ။ ငါ အခုချိန်ထိ စဉ်းစားမရဘူး။ မင်း ဘာလို့ ငါ့ကိုထားသွားတာလဲ။ ဘာလို့ ငါ့ကို လုံးဝမဆက်သွယ်တာလဲ။ ဘာလို့လဲ ရိန်းရာ။ မင်းကြားအောင် အကျယ်ကြီး အော်ပြောလိုက်ချင်တယ်။ ငါ မင်းကိုလွမ်းတယ် ရိန်း။ ငါ မင်းကို အရမ်းလွမ်းနေပြီ။ မင်း ပြန်လာပါတော့ကွာ။

စာကြည့်စားပွဲဘေးမှာ ကပ်ထောင်ထားတဲ့ ဂစ်တာကို ကြယ်စင် ဆွဲယူပြီး ကြိုးညှိလိုက်သည်။ ရွာနေသော မိုးကို ငေးကြည့်ကာ ဂစ်တာကိုင်ရင်း သီချင်းတစ်ပုဒ်ကို ခပ်ဆွေးဆွေးအသံနဲ့ သီဆိုနေလိုက်သည်။

♪♪ မနက်ခင်း~အလင်းထဲ တစ်ယောက်တည်း ထိုင်ရင်း~ စဉ်းစားနေမိတယ်~ မင်းလည်း~ ဘယ်ကိုရောက်နေ♪♪

♪♪ နွေဦး~သစ်ရွက်ကြွေနဲ့ စိတ်ကူး~ငါရူးသွားလိမ့်မယ်~ ငါရူးသွားလိမ့်မယ်♪♪

♪♪ မနေ့ကလိုပဲ~ ဒီအတိတ်ဟာ ပူလောင်ဆဲ~ ဥသြငှက်သံကြားမှာ~နင့်ကိုငါလွမ်းတယ်~ပက်ကြားအက်နေတဲ့ရင်ဘတ်~နွေခေါင်ခေါင်ထဲ~ မနေ့ကလိုပဲ~ ငါလွမ်းတယ်~မနှစ်ကလိုပဲ ငါလွမ်းတယ် ♪♪

သီချင်းကို ခပ်ဆွေးဆွေး ညည်းဆိုနေတုန်း ကြယ်စင့်ဆီကို ဖုန်းဝင်လာသည်။ ချစ်သူဆက်လာတဲ့ ဖုန်းဆိုတော့ ဂစ်တာကို ဘေးချလိုက်ကာ ဖုန်းကို ကြယ်စင် ကောက်ကိုင်လိုက်သည်။

"ဟယ်လို ကြယ်စင်၊ ဦးပိန်သွားချင်လို့ လိုက်ပို့ပေးပါလား"

"ဟာ.. ရတာပေါ့ ယမင်း၊ ဘယ်တော့လောက် သွားချင်တာလဲ၊ အခုလား"

"ညနေလောက်မှ သွားချင်တာ၊ ၄ နာရီလောက် ငါ့ကို လာခေါ်ပေး၊ အဲ့ဒါဆို ဒါပဲနော်၊ ဖုန်းချလိုက်တော့မယ်"

ကြယ်စင်နှင့် ယမင်းက ချစ်သူဖြစ်ပြီးကတည်းက တစ်ပတ်ကို တစ်ခါလောက်သာ တွေ့ဖြစ်ကြသည်။
အဲ့ဒါက ကြယ်စင် ချိန်းလွန်းလို့သာ ယမင်းက တစ်ပတ်ကို တစ်ခါလောက် ခွင့်ပြုပေးတာ။ အတွေ့ခံရင်လည်း လမ်းထိပ်လက်ဖက်ရည်ဆိုင်မှာပဲ အတွေ့ခံတာများသည်။ အခုကျ ယမင်းဘက်ကနေ ချိန်းလာတာမို့ ကြယ်စင် ပျော်နေမိသည်။

"၄ နာရီရယ် မြန်မြန်ထိုးပါတော့ကွာ"

ကြယ်စင် အချိန်တွေကို မြန်မြန်ကုန်ချင်လို့ စာအုပ်ဖတ်လိုက်၊ ဖုန်းပွတ်လိုက်၊ အိမ်ရှေ့ထွက်လိုက်၊ အိမ်နောက်ဝင်လိုက်နဲ့ပဲ ညနေ ၃ နာရီကို ရောက်လာပြီ။ ရေမိုးချိုး အဝတ်အစားလဲကာ ဆိုင်ကယ်မောင်းပြီး ယမင်းတို့ ခြံရှေ့ကို ကြယ်စင် ထွက်လာလိုက်သည်။

"စောင့်နေတာ ကြာပြီလား ကြယ်စင်"

ယမင်းက ပန်းနုရောင်တီရှပ်ကို ဂျင်းစကပ် ဒူးဖုံးနှင့် တွဲဝတ်ထားကာ ရွှေရောင်ကြိုးရှည်ရှည်ပါတဲ့ ပိုက်ဆံအိတ် လုံးလုံးဝိုင်းဝိုင်းလေးကို သိုင်းလွယ်ထားသည်။ ခြေတံသွယ်သွယ်လေးမှာ Half shoe အဖြူရောင်ကို စီးထားသည်။ ၁၈ နှစ်ပြည့်ခါနီး ချစ်စရာကောင်းလှသော ကောင်မလေးရဲ့ လင်းလက်တောက်ပနေတဲ့အလှကို ကြယ်စင် ငေးကြည့်နေမိသည်။

"ကြယ်စင် ဘာငေးနေတာလဲ၊ သွားရအောင်လေ"

"ဪ..ဆောရီး၊ ငါ့ချစ်သူလေးက အရမ်းချစ်စရာကောင်းလို့ ငေးနေမိတာ၊ ခဏနော်၊ ဆိုင်ကယ်ဦးထုပ် ဆောင်းပေးမယ်"

ယမင်းကို ဦးထုပ်ဆောင်းပေးကာ မေးသိုင်းကြိုးကို ကြယ်စင် သေချာတပ်ပေးသည်။ ဦးထုပ်ဆောင်းပေးချိန်ဆို ချစ်သူရဲ့မျက်နှာကို အနီးကပ်လေး ကြယ်စင် ငမ်းသည်။ ယမင်းကို ဆိုင်ကယ်ပေါ် တင်ပြီး စကားဝါလမ်းကနေ ထွက်လာလိုက်သည်။ ချစ်သူကို တင် ဆောင်လာရတဲ့အတွက် ကြယ်စင့်မျက်နှာမှာ အပြုံးတွေကို ဝေလို့။

တောင်သမန်အင်းကို ကြယ်စင်တို့ ရောက်လာကြပြီ။ညနေဆည်းဆာချိန်မို့ တောင်သမန်ရဲ့အလှကို ပုစွန် ဆီရောင် နေလုံးကြီးက ဆလိုက်ထိုးထားပေးသလို ဖြစ်နေကာ ဆည်းဆာနှင့်တွဲပြီး လိုက်ဖက်နေတာက အနီးနားက ဦးပိန်တံတား။ အခါကြီး ရက်ကြီး ရုံး ပိတ်ရက်တွေ မဟုတ်လို့လည်း ဦးပိန်တံတားပေါ်မှာ လူရှင်းနေသည်။

"ဆိုင်ထိုင်မလား၊ တံတားပေါ် လမ်းလျှောက်မလား ယမင်း"

"တံတားပေါ် လမ်းလျှောက်ရအောင် ကြယ်စင်"

"အဲ့ဒါလည်း ကောင်းတာပဲ၊ ပြန်လာမှ ဆိုင်ထိုင်ကြတာပေါ့"

ကြယ်စင်လည်း ယမင်းရဲ့ လက်တစ်ဖက်ကို လှမ်းဆွဲယူပြီး ဆုပ်ကိုင်ကာ တံတားပေါ် လျှောက်လာလိုက်သည်။ လက်ချင်းတွဲထားကြတာမို့ ချစ်သူတွေဆိုတာ လူသိသာစေတာ မဟုတ်လား။ ပျော်တပြုံးပြုံးဖြစ်နေတဲ့ မျက်နှာနဲ့ လမ်းလျှောက်လာလိုက်တာ တံတားအလယ်လောက်အထိ ရောက်လာကြသည်။

"ဟိုရှေ့က ခုံတန်းမှာ ခဏထိုင်ကြမလား ယမင်း"

ယမင်းက ဘာစကားမှမပြောဘဲ ကြယ်စင့်ကို ခေါင်း ညိတ်ပြလာသည်။ တံတားအလယ်လောက် ရောက် လာတော့ ဘေးတစ်ဖက်တစ်ချက်က ခုံတန်းတစ်ခုပေါ်မှာ နှစ်ယောက်သား ထိုင်လိုက်ကြသည်။

"ကြယ်စင့်ကို ယမင်း မေးစရာရှိလို့"

"မေးလေ ယမင်း"

"ဟိုလေ ရိန်းက ဒီကို ပြန်မလာတော့ဘူးလား၊ ဂျပန်မှာပဲ ကျောင်းတက်တော့မလို့လား၊ အောင်စာရင်း ထွက်တုန်းကလည်း သူပြန်လာတာ မတွေ့လို့၊ အဲ့ဒါကြောင့် မေးကြည့်တာ"

ကြယ်စင် အံ့သြမိသည်။ ရိန်းနှင့် ယမင်းက စကားပြောဖူးလား မပြောဖူးလားဆိုတာကို ကြယ်စင်သေချာမသိပါ။ စကားပြောတာကိုတော့ တစ်ခါမှ မမြင်ဖူးတာတော့ သေချာသည်။ ဒါပေမဲ့ယမင်းက ရုတ်တရက်ကြီး ရိန်းအကြောင်းကို ဘာလို့မေးတာလဲ။

"ငါနဲ့ ရိန်း အဆက်အသွယ်မရှိတာကြာပြီ"

ဒီတစ်ခါ အံ့သြရသူက ယမင်းပါ။ မျက်လုံးလေးတွေ ဝိုင်းစက်သွားအောင်ကို ကြယ်စင့်ကို မော့ကြည့်လိုက်သည်။

"တကယ်ပြောတာ၊ ရိန်းနဲ့ စကားမပြောဖြစ်တာ ၄ လ ရှိသွားပြီ၊ အဲ့ကောင် ငါ့ကို လုံးဝမဆက်သွယ်ဘူး၊ အဲ့ဒါ‌ထားပါ၊ ဒီကောင့်အကြောင်း ပြောမနေနဲ့တော့၊ ငါတို့အကြောင်းပဲ ပြောရအောင်"

ရေပြင်ပြာအထက်က ဂန္ဓဝင်တံတားပေါ်မှာ ညင်းသွဲ့သွဲ့ တိုက်ခတ်လာတဲ့ လေပြည်ကလည်း ကျီစယ်လို့ နေသည်။ ကြယ်စင်လည်း မချိုမချဉ် မျက်နှာလေးနဲ့ ယမင်းပခုံးလေးကို လက်တစ်ဖက်နဲ့ သိမ်းဖက်ပစ် လိုက်သည်။ ကျန်လက်တစ်ဖက်ကလည်း ယမင်းရဲ့လက်ဖဝါးလေးကို ဆုပ်ကိုင်ထားလိုက်သည်။

တောင်သမန်အင်းကို ဖြတ်ကျော်ပြီး တိုက်ခတ်လာတဲ့ လေနုအေးဟာ ယမင်းရဲ့ဆံပင်လေးတွေကို ကျီ စယ်နေသည်။ လေတိုက်လို့ ပွယောင်းသွားတဲ့ ဂုတ်ဝဲကျော်ကျော်သာ ရှိတဲ့ ဆံနွယ်တွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ကြယ်စင်က ပြန်ပြန်ရှင်းပေးရင်းနဲ့ ချစ် သူတာဝန်ကို ရရင်ရသလို ထမ်းဆောင်‌ပေးမိသည်။ ယမင်းကတော့ ရှက်ရွံ့နေတဲ့ အမူအရာလေးနဲ့ ခေါင်းကို ငုံ့ချထားတာ။ ကြယ်စင် အသည်းယားလိုက်တာလေ။ မနေနိုင်တော့လို့ လက်ဖမိုးလေးကို ဖျတ်ခနဲ နမ်းရှိုက်ပစ်လိုက်သည်။

ယမင်းမှာ ထင်မှတ်မထားတာမို့ ကိုယ့်လက်ကို ရုန်းချိန်တောင် မရလိုက်တာ။ အနမ်းခံရတဲ့ လက်ဖမိုးကို ငေးကြည့်ကာ နှလုံးခုန်သံတွေပါ မြန်ဆန်လာသည်။ ယောင်္ကျားတစ်ယောက်ရဲ့ အနမ်းကို ရရှိတာက ဒါက ဘဝမှာ ပထမဆုံးပဲ။ လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ၊ ဒါက ယမင်းကိုယ်တိုင် လက်ခံထားတဲ့အခြေအနေတစ်ခု။

လက်ဖမိုးလေးကို အနမ်းခံရတာနဲ့တင် ချစ်ရသူရဲ့ မျက်နှာလေးဟာ ပန်းနုရောင်လေးကို ပြေးနေတာ။ ပါးမို့မို့ ပိုင်ရှင်လေးကို ကြယ်စင် အနီးကပ်ကြည့်ပြီး ဘယ်လိုမှ မနေနိုင်တော့တာ။ ပါးမို့မို့လေး အနားကို ကိုယ့်မျက်နှာကို တရွေ့ရွေ့ ချဥ်းကပ်သွားလိုက်သည်။

"ဟို ..ကြယ်စင်..ငါတို့ လမ်းဆက်လျှောက်ရအောင်"

ယမင်းက ခေါင်းလေးကို အနောက်ဘက်ကို ယိမ်းပစ်ပြီးတော့ ရုတ်တရက် မတ်တပ်ထရပ်ပစ်လိုက်သည်။
ကြယ်စင်လည်း အရှိန်ပျက်ပြီး မတ်တပ်ထရပ်လိုက်ရသည်။

"ယမင်းရယ် ရှက်နေတာလေးက ချစ်ဖို့ ကောင်းလိုက်တာ"

ယမင်းက ပြန်ရအောင်လို့ ပြောလာတဲ့အချိန်မှပဲ ချစ် စရာကောင်မလေးကို ဆိုင်ကယ်ပေါ် တင်ဆောင်ပြီးတော့ အိမ်ပြန်ပို့ပေးဖြစ်သည်။ ဆိုင်ကယ်ကို ယမင်းတို့ခြံအနားမှာ ထိုးရပ်လိုက်သည်။ ဆိုင်ကယ်ရပ်တာနဲ့ ယမင်းကလည်း ဆိုင်ကယ်ပေါ်က ဆင်းသည်။ ခြံထဲဝင်ဖို့ ခြံတံခါးကို တွန်းဖွင့်ဖို့ ပြင်သည်။

"ယမင်း.. ခဏ.. ပေးစရာလေး ရှိလို့"

ကြယ်စင်က အနောက်ဘက်ကနေ လှမ်းအော်လိုက်လို့ ယမင်းက ကြယ်စင့်ကို လှည့်ကြည့်သည်။ ကြယ်စင်လည်း ဆိုင်ကယ်ပေါ်က ဆင်းလိုက်ပြီး ယမင်းဆီလျှောက်သွားလိုက်သည်။

"ကြယ်စင် ဘာပေးမလို့လဲ"

ယမင်း လှမ်းမေးနေတာကို ကြယ်စင်က မချိုမချဉ် မျက်နှာပေးနဲ့ ယမင်းကို ဘာမှပြန်မပြော။ ယမင်းကို လက်ဖမ်းဆွဲကာ ယမင်းကိုယ်လုံးလေးကို ဆွဲသိမ်း ယူပြီးတော့ အနီးနားက အုတ်နံရံမှာ မှီကပ်ပစ်လိုက်တာ။ အုတ်နံရံပေါ် လက်တစ်ဖက်ထောက်လိုက်တာမို့ ယမင်းလန့်သွားရပြီး အခြားတစ်ဖက်က လှည့်ထွက်မယ်လုပ်တော့ ကြယ်စင်က အခြားလက်တစ်ဖက်ကိုအုတ်နံရံပေါ် ထောက်ချပစ်လိုက်သည်။ ယမင်းမှာ ကြယ်စင့် လက်နှစ်ဖက်ကြားကနေ ပြန်ထွက်လို့မရ အောင် ချောင်ပိတ်သွားရသည်။

"ငါတို့က ချစ်သူဖြစ်နေပြီလေ ယမင်း၊ ငါ့ကို တစ်ခါလောက်တော့ ခွင့်ပြုပါနော်"

ယမင်း လန့်ဖြန့်ပြီး ရင်ခုန်လာကာ ခေါင်းညိတ်ပြမိလိုက်သလား၊ ခေါင်းခါလိုက်မိသလား မသိတော့ပါ။ ကြယ်စင့်မျက်နှာက ယမင်းအနားကို ငုံ့မိုးကျလာကာ ဖြည်းဖြည်းချင်း တိုးကပ်လာသည်။ ကြယ်စင့်ရဲ့ဝင် သက်ထွက်သက် လေနွေးနွေးနဲ့အတူ ကြယ်စင့်နှုတ် ခမ်းက ယမင်းမျက်နှာအနားကို ဖြည်းဖြည်းချင်း နီး ကပ်လာနေသည်။

"ငါတောင်းပန်ပါတယ် ကြယ်စင်၊ မလုပ်ပါနဲ့"

"ဘာဖြစ်လို့လဲ၊ ငါတို့က ချစ်သူလေ၊ တစ်ခါလောက်တောင် ခွင့်ပြုမပေးနိုင်ဘူးလား"

"အင့်!"

ယမင်းကို ကြယ်စင် ဘယ်လိုနားလည်ရမှာလဲ။ လက်ကလေးကိုင်လိုက်ရင်တောင် ရုန်းချင်နေတဲ့ယမင်းကို ကြယ်စင်က အကြင်နာပေးဖို့ ကြိုးစားလိုက်တဲ့အခါ
ဒီကောင်မလေးရဲ့ မျက်ဝန်းအိမ်ကနေ မျက်ရည်တွေ စီးကျလာသည်။ ကြယ်စင် ဘယ်လိုနားလည်ရမလဲ။ ယမင်းသည် ကြယ်စင့်ကို တွန်းထုတ်ကာ အလျင်အမြန်ပဲ ခြံထဲပြေးဝင်သွားသည်။

"ဘာလဲကွာ၊ တောက် !"

ကြယ်စင်လည်း မကျေမနပ်စိတ်နဲ့ တောက်တစ်ချက်ခေါက်ကာ လက်သီးကို ခပ်ကျစ်ကျစ်ဆုပ်လို့ အုတ်နံရံပေါ် ပစ်ထိုးချလိုက်သည်။

"ဘာလို့လဲ၊ ချစ်သူအချင်းချင်း ဘာလို့ အနားအကပ်မခံတာလဲ ယမင်းရာ၊ ဘာတွေလဲကွာ၊ ဘာတွေလဲ၊ ဘာလို့ တစ်ယောက်ပြီးတစ်ယောက် ငါ့ကို အရူးလုပ်နေကြတာလဲ"

ကြယ်စင်လည်း စိတ်ရှုပ်ရှုပ်နဲ့ အိမ်ကို တန်းမပြန်ဖြစ်တော့ဘဲ ဆိုင်ကယ်ကို ကျုံးဘက်ကိုသာ မောင်းသွားလိုက်သည်။ တည်ငြိမ်နေသော ကျုံးရေပြင်ကျယ်ကြီးကို ကြယ်စင် ငေးမောပြီး အချစ်အကြောင်းကို
တွေးနေမိသည်။ ယမင်းအကြောင်းကို တွေးနေမိ သည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့

ည ၆ နာရီဝန်းကျင်မှာ Mr. Tokyo လို့ အမည်ရတဲ့ကော်ဖီဆိုင်ကို ရိန်း ရောက်လာသည်။ ရိန်းရောက်ပြီး သိပ်မကြာ၊ ဆိုင်ထဲကို ဝင်လာတဲ့ ဒေါက်တာသူရိန်ကို ရိန်း လက်လှမ်းပြလိုက်သည်။

"ကိုသူရိန်! ကျွန်တော် ဒီမှာ"

"ရောက်နေတာကြာပြီလား ရိန်း"

"မကြာသေးဘူးဗျ၊ ၅ မိနစ်လောက်ပဲ ရှိသေးတာ၊
ကိုသူရိန် ကြိုက်တာ မှာနော်၊ ကျွန်တော် ရှင်းမှာ"

ရိန်းလည်း menu စာအုပ်ကို ကိုသူရိန့်အရှေ့ကို ချပေးလိုက်သည်။

"ကျွန်တော်က အမေရိကာနို၊ ကိုသူရိန် ဘာမှာမလဲ"

"အစ်ကိုက Black Coffee ပဲ"

ရိန်းတို့နှစ်ယောက် ကော်ဖီမှာတာကို waiter က မှတ်ယူပြီးတာနဲ့ ရိန်းတို့အနားကနေ ပြန်ထွက်သွားသည်။

"ရိန်းက မြန်မာပြည်ကို ဘယ်တော့ပြန်မှာလဲ"

"ကျွန်တော် ဆောင်းဦးလောက်ဆို ပြန်ဖြစ်မယ်၊ ကိုသူရိန်ရော မြန်မာပြည် ပြန်ဖြစ်သေးလား"

"အစ်ကိုက သိပ်မပြန်ဖြစ်ဘူး၊ တစ်နှစ်ကို နှစ်ခေါက်လောက်ပဲ ပြန်ဖြစ်တာ"

"ဟုတ်လား၊ အလုပ်များလို့ ထင်တယ်နော်၊ ကိုသူရိန်က ဘယ်မှာနေတာလဲ၊ ကျွန်တော်က မန္တလေးက"

"ဟာ! ရိန်းနဲ့တော့ တကယ့်ရေစက်ပဲ၊ အစ်ကိုလည်း မန္တလေးကပဲ"

"ဟာ! ဟုတ်လား၊ တိုက်တိုက်ဆိုင်ဆိုင်ဗျာ"

"အေးကွ၊ ဪ.. ရိန်း.. အစ်ကိုတို့ CFJ ကို လိုက်ကြည့်ချင်ရင် မနက်ဖြန်ကို လာခဲ့လေ"

"လာမယ်လေ ကိုသူရိန်၊ ကျွန်တော် CFJ အလုပ်တွေကို စိတ်ဝင်စားနေတာ၊ ကျွန်တော် ဆရာဝန်ဖြစ်ရင် ကိုသူရိန့်လိုမျိုး အလုပ်လုပ်ချင်တာ"

"အဲ့ဒါဆို ရိန်းက ဆေးကျောင်းတက်ခွင့်ရတာပေါ့၊ Congratulations နော်"

"အာ ..ကိုသူရိန်ကလည်း.. မဟုတ်တာ"

ရိန်းနှင့် ကိုသူရိန် စကားကောင်းနေတုန်းမှာ Waiter ကလည်း ရိန်းတို့ မှာထားတာကို စားပွဲပေါ် လာတင်ပေးပြီး အနားက ပြန်ထွက်သွားသည်။

"ကိုသူရိန်က တစ်ဦးတည်းသော သားလားဗျ"

"မဟုတ်ဘူး၊ အစ်ကို့မှာ ညီမတစ်ယောက်ရှိတယ်၊ ဆယ်တန်း တက်နေတာ"

"ဟုတ်လား၊ ကိုသူရိန်က မောင်နှမရှိတော့ အဖော်ရတာပေါ့၊ ကျွန်တော်ဆို တစ်ဦးတည်းသောသားဖြစ်ရတာ အဖော်မဲ့လွန်းလို့ တွေ့တဲ့လူကို သောက်ရမ်းချစ်လိုက်ရတာ သောက်ကျိုးနည်းပဲ"

ဒေါက်တာသူရိန်မှာ Black Coffee ကို အရသာခံ သောက်နေရာမှ ရိန်းကို ဖျတ်ခနဲ မော့ကြည့်လိုက်သည်။ ဒီကောင်လေး စကားပြောတာက တစ်ခုခုကို မကျေနပ်သလို ပုံစံနဲ့။

"အာ! ကိုသူရိန် ဆောရီးနော် ဆောရီး၊ ကျွန်တော်က ပေါ့ပေါ့ပါးပါးပဲ စကားပြောတတ်လို့"

"ရပါတယ်ကွာ၊ မင်းပြောချင်တာကို လွတ်လွတ်လပ်လပ်သာ ပြော၊ အစ်ကိုလည်း ခေတ်လူငယ်ပဲ၊ မင်းကို နားလည်ပါတယ်"

"ကျေးဇူးပါဗျ၊ ဒါနဲ့ ကိုသူရိန် အသက်ဘယ်လောက်ရှိပြီလဲဗျ"

"၂၈"

"ကျွန်တော့်ထက် ၁၀ နှစ်ကြီးတာပဲ၊ Senior ဆိုတော့ စာတွေမသိရင် လှမ်းမေးမယ်နော်"

"ရပါတယ်ကွာ၊ အချိန်ရတာနဲ့ မေးလ်ပြန်ပေးမယ်၊ ဒါနဲ့ မင်း မနက်ဖြန် CFJ ကို လာတတ်ပါ့မလား၊ အစ်ကို လာခေါ်ပေးရမလား"

"ကိုသူရိန် လာခေါ်ပေးတော့ ကျွန်တော် ကားခမကုန်တော့ဘူးပေါ့ဗျ"

"ဟုတ်ပါပြီ၊ ကဲ.. ရိန်းရေ Black Coffee အတွက် ကျေးဇူးပဲ၊ အလုပ်ကိစ္စနဲ့ တစ်နေရာကို သွားစရာရှိသေးလို့ ခွင့်ပြုဦး၊ မနက်ဖြန် ဘယ်နေရာကို လာခေါ်ပေးရမလဲ အစ်ကို့ကို လိပ်စာပြော"

ရိန်းလည်း ကိုသူရိန့်ကို အိမ်လိပ်စာပြောပြလိုက် သည်။ ကိုသူရိန်က ရိန်းကို နှုတ်ဆက်ပြီး ဆိုင်ထဲက ပြန်ထွက်သွားသည်။ ရိန်းလည်း ကျသင့်ငွေကို ရှင်းပေးပြီးတာနဲ့ Mr. ToKyo ကနေ ပြန်ထွက်လာလိုက်သည်။

ခြံအမှတ် ၃၃၊ မြဂုဏ်ရောင်လမ်း
မန္တလေးမြို့

ကြယ်စင်တစ်ယောက် ဆိုင်ကယ်ကို ခပ်ကြမ်းကြမ်း မောင်းပြီး ကျုံးဘက်ကနေ အိမ်ကိုပဲ တန်းပြန်လာသည်။ အိမ်ရောက်တော့ အခန်းထဲကို တန်းဝင်ကာ အခန်းတံခါးကို ဂျက်ချ ပိတ်ပစ်လိုက်သည်။ ကြယ်စင် စိတ်တိုနေတာ။ တစ်ခုခုကို မကျေမနပ်နဲ့ တနုံ့နုံ့ဖြစ်နေတာ။ ပေါက်ကွဲဖို့ကလည်း ယမင်းဖြစ်နေတာမို့ စိတ်ရှိလက်ရှိ ပေါက်ကွဲလို့လည်း မရနဲ့။ မကျေနပ်တဲ့စိတ်နဲ့ Status တစ်ခုကို Public ထားပြီးတော့ လိုင်းပေါ် ချက်ချင်းကောက်တင်ပစ်လိုက်သည်။

နန်းထိုက်တဲ့ ပန်းမကိုဋ်ရေ
တံခါးမှူးအဖြစ် ခန့်ထားပြီးမှတော့
မင်းရဲ့နန်းမြို့ရိုးထဲ ကိုယ့်ကိုဝင်ခွင့်ပြုပါ။

ဒီနေ့မှာ ရိန်းက CFJ ကို အလည်လိုက်ကြည့်မှာဆိုတော့ ကိုသူရိန်က မနက် ၉ နာရီမှာ ရိန်းကို လာခေါ်ပေးသည်။ ကိုသူရိန် မောင်းနေသော ကားလေးက တိုကျိုရဲ့သန့်ရှင်းတောက်ပြောင်နေသော လမ်းကျယ်ကြီးတွေ၊ မိုးမခပင်တွေကို စီတန်းပြီး စိုက်ထားသော လမ်းကျယ်ကြီးတွေကို ကျော်ဖြတ်လာပြီးမှ CFJ ကို ရောက်လာသည်။

CFJ အဆောက်အဦဝင်းကြီးထဲကို ဝင်လာလိုက်တာနဲ့ ကလေးတွေအတွက် သီးသန့်ဖြစ်တည်ထားသော ကမ္ဘာကို မြင်လိုက်ရသလို။ ကလေးတချို့က အုပ်စုလိုက်ထိုင်ပြီး စာထိုင်လုပ်နေကြသည်။ တချို့ကျတော့ သီချင်းဖွင့်ပြီး အကတိုက်နေကြသည်။ တချို့က ဘော်လီဘော ကစားနေကြသည်။ တချို့ကလေးတွေကလည်း အဖွဲ့လိုက် ဘောလုံးကန်နေကြသည်။ ကလေးတွေရဲ့လှုပ်ရှားမှုတွေကို ငေးကြည့်ရင်းနဲ့ ရိန်းလည်း ကိုသူရိန်ရဲ့ ရုံးခန်းကို လိုက်ပါလာသည်။

"ရိန်း.. လာ.. ဒီမှာထိုင်"

အခန်းကို ဝင်ဝင်ချင်း ညာဘက်မှာ ဆက်တီတစ်စုံ ရှိသည်။ အဲ့ဒီအနောက်မှာ ကိုသူရိန်ရဲ့ အလုပ်စားပွဲ။ အခန်းရဲ့ဘယ်ဘက်မှာတော့ လူနာကုတင်နှင့် ဆေးပစ္စည်းတင်ထားတဲ့ စင်တွေ ရှိသည်။

"ဒေါက်တာ.. ဒေါက်တာ !"

"ဟောဗျာ၊ စောစောစီးစီး ဘာဖြစ်လာကြတာလဲ"

"ဘောလုံးကန်ရင်း ခြေခေါက်သွားလို့ ဒေါက်တာ၊ ယိုကိုချန်ကို ကြည့်ပေးပါဦး"

"နောက်တစ်ခါဆို ဘောလုံးကစားရင် သတိထားနော် ယိုကိုချန်"

"ဟုတ်ကဲ့ ဒေါက်တာ"

ဒေါက်တာသူရိန်သည် ကလေးရဲ့ ခြေကျင်းဝတ်ကို သေချာလေး ပြန်တည့်မတ်ပေးပြီး ခြေချင်းဝတ်နှင့် ခြေဖမိုးတွေကို ဆေးရည်တစ်မျိုးကို လိမ်းပေးလိုက်သည်။

"ကဲ..ယိုကိုချန်၊ ဒီနေ့ အနားယူလိုက်တော့နော်၊ ထပ် မကစားနဲ့တော့၊ ဒီဆေးရည်ကို နာတဲ့နေရာပေါ် ပွတ်လိမ်းပေးလိုက်၊ အဲ့ဒါဆို ကောင်းသွားလိမ့်မယ်"

"ဟုတ်ကဲ့ ဒေါက်တာ"

"တဲလဲဇချန် .. မင်းက သူငယ်ချင်းကို တွဲခေါ်သွားလိုက်နော်"

"ဟုတ်ကဲ့ ဒေါက်တာ"

ကိုသူရိန်က ကောင်လေးနှစ်ယောက်ကို ဂျပန်လိုပဲ စကားပြောနေတာ။ သူတို့ ဘာပြောနေကြလဲဆိုတာ ရိန်း နားမလည်ပေမယ့် ပီတိပြုံးလေးနဲ့ ကြည့်နေမိသည်။ ကောင်လေးနှစ်ယောက်လည်း အခန်းထဲမှ ပြန်ထွက်သွားကြသည်။

"အစ်ကိုတို့ရဲ့ CFJ အဆောက်အအုံတစ်ခုလုံးကို ရိန်းကို လိုက်ပြပေးမယ်"

"ဟုတ် ကိုသူရိန်"

ဒေါက်တာသူရိန်က ရိန်းကို အင်္ဂလိပ်အက္ခရာ U ပုံစံ ဆောက်ထားသော CFJ ရဲ့ ၆ ထပ် အဆောက်အအုံတစ်ခုလုံးကို လိုက်ပြသည်။ စာသင်ခန်း၊ အနုပညာ အခန်း၊ အားကစားခန်းမ၊ Language lab အခန်း၊ အိမ်တွင်းမှုပညာ အခန်း၊ ကလေးတွေရဲ့ အိပ်ခန်း၊ ထမင်းစားခန်း၊ ဘုရားဝတ်ပြုခန်း စသဖြင့် အထပ်လိုက်ကို Lift နဲ့ တက်ပြီး လိုက်ပြပေးသည်။

"စိတ်ချမ်းသာဖို့ ကောင်းလိုက်တာနော် ကိုသူရိန်"

ရိန်းသည် လေတဖြူးဖြူး တိုက်နေသော ခေါင်မိုးထပ်မှာနေ၍ မြက်ခင်းစိမ်းပေါ်မှာ ဆော့နေကြသော ကလေးတွေကို ငေးကြည့်နေမိသည်။

"ကလေးတွေက အခုမှ ပျော်လာကြတာ၊ CFJ ကို ရောက်တုန်းကဆို စိတ်ဒဏ်ရာ ကိုယ်စီရှိကြတယ်၊ စိတ်ဒဏ်ရာ ကိုယ်စီနဲ့ CFJ ကို ရောက်လာကြတာ၊ ဒီက ဆရာ ဆရာမတွေက သူတို့ရဲ့ စိတ်ဒဏ်ရာကို သေချာကုပေးပြီးမှ သူတို့လေးတွေ အခုလို ပျော်ရွှင်လာကြတာ၊ ကလေးတွေကို ပညာသင်ပေးတယ်၊ ကောလိပ်တွေ၊ Uni တွေကိုလည်း ဆက်ထားပေးတယ်၊ သူတို့လေးတွေ ပညာတတ်ကြီးဖြစ်သွားတာကိုကြည့်ပြီး ပီတိကို စားရတာပဲကွ"

ဒေါက်တာသူရိန်သည် ကြည်နူးပီတိအပြုံးတွေနဲ့ ကလေးတွေကို ငေးကြည့်နေကာ ရိန်းကို ပြောပြနေသည်။

"ရိန်းရော CFJ အကြောင်း ဘာထပ်သိချင်သေးလဲ"

"ဪ.. ကျွန်တော်သိချင်တာက ကိုသူရိန်တို့ ဒီလိုလုပ်နိုင်အောင် Fund ဘယ်လိုရှာရတာလဲ"

"အစ်ကိုတို့မှာ နိုင်ငံပေါင်းစုံက Donor တွေ အများကြီးရှိတယ်လေ၊ အမေရိကန်ကတော့ လှူတာ အများဆုံးပဲ၊ Volunteer တွေလည်း ဒီကို လာကြတယ်၊ ဟိုမှာ ကလေးတွေ နေ့လယ်စာ စားဖို့ သွားနေကြပြီ၊ ရိန်း သွားကြည့်ချင်လား"

"ဟုတ်၊ သွားကြည့်မယ်လေ ကိုသူရိန်"

ကိုသူရိန် ခေါ်ရာကို ရိန်းလိုက်သွားသည်။ ထမင်းစားခန်းမထဲမှာ ကလေးတွေက အတန်းလိုက် ညီညီညာညာထိုင်နေကြပြီး ပုံစံခွက်ပန်းကန်တွေနဲ့ ထည့်ထား‌သော နေ့လယ်စာကို စားနေကြသည်။

"ကလေးတွေကို ကြည့်ပြီး အစ်ကိုတောင် ဗိုက်ဆာလာပြီ ရိန်းရေ၊ အစ်ကိုတို့လည်း နေ့လယ်စာ သွားစားရအောင်လား"

ကိုသူရိန်က ရိန်းကို သီးသန့်ထမင်းစားဆောင်ကို ခေါ်လာပေးသည်။အခန်းထဲမှာ နေ့လယ်စာ စားနေကြတဲ့ ဆရာ၊ ဆရာမတွေကို ရိန်းတွေ့ရသည်။ ကိုသူရိန်က သူတို့နဲ့ စားပွဲတစ်ဝိုင်းတည်း သွားထိုင်ကာ ရိန်းကိုပါ သူတို့အဖွဲ့နှင့် မိတ်ဆက်ပေးသည်။

"မီချီကိုစံ၊ ဇူမီကိုစံ၊ ယုကီစံ"

"ဟုတ်ကဲ့ ဒေါက်တာ"

"ဒီကောင်လေးက မြန်မာပြည်ကပဲ၊ ရိန်းလို့ခေါ်တယ်၊ ဆေးကျောင်းသား ဖြစ်တော့မှာ၊ အခုက ဂျပန်ကို ခဏလာလည်တာ"

"ဟုတ်ကဲ့ရှင့်၊ ကျွန်မတို့လည်း ရိန်းကို တွေ့ရတာ ဝမ်းသာပါတယ်၊ နောက်လည်း ဂျပန်ရောက်ဖြစ်ရင် CFJ ကို လာလည်ပေါ့"

"ဟုတ်ကဲ့၊ ကျွန်တော်လည်း ဆရာမတို့နဲ့ တွေ့ရတာ ဝမ်းသာပါတယ်၊ ဂျပန်ရောက်ရင် CFJ ကို လာလည်ပါ့မယ်"

ရိန်းလည်း ဂျပန်ဆရာမတွေနဲ့ ခင်သွားသည်။ CFJ မှာ ကလေးတွေနဲ့ပဲ တစ်နေကုန်သွားသည်။ ညနေ ၄ နာရီလောက်ရောက်တော့ ကိုသူရိန်ကိုယ်တိုင် ရိန်းကို အိမ်ပြန်လိုက်ပို့ပေးသည်။

"ကိုသူရိန်‌ရေ ဒီနေ့အတွက် ကျေးဇူးနော်"

"ရပါတယ်၊ CFJ လို အဖွဲ့အစည်းတွေကို စိတ်ဝင်စားတဲ့သူက နည်းတယ်လေ၊ မင်းလို လူငယ်လေးက ဒီလိုအဖွဲ့အစည်းတွေကို စိတ်ဝင်စားတယ်ဆိုတော့ အစ်ကို့အနေနဲ့ welcome ပါပဲ၊ ဂျပန်မှာ အကူအညီလိုရင်ပြောနော် ရိန်း"

"ဟုတ်ကဲ့၊ ကျေးဇူးပါဗျ"

ရိန်းလည်း ကိုသူရိန့်ကို နှုတ်ဆက်စကားပြောကာ အိမ်ထဲဝင်လာလိုက်သည်။ မေမေတောင် သံရုံးကနေ အိမ်ပြန်ရောက်နေပြီ။ ဒီနေ့က ရိန်းအတွက် အဓိပ္ပါယ်ရှိတဲ့နေ့လေး ဖြစ်ခဲ့သည်။ ကလေးတွေကို ငေးကြည့်ပြီး ကိုယ့်အိပ်မက်ကို စိတ်ကူးပုံဖော်ကာ ပီတိတွေနှင့် တကယ်ပျော်ခဲ့ရတဲ့နေ့ပါပဲ။

ခြံအမှတ် ၃၃၊ မြဂုဏ်ရောင်လမ်း
မန္တလေးမြို့

မြဂုဏ်ရောင်လမ်းထဲက ခြံအမှတ် ၃၃ ထဲကို ကောင်လေးတစ်ယောက် အမောတကောပုံစံနဲ့ ပြေးဝင်လာသည်။ ဒီကောင်လေးဟာ မကြာခင်ကမှ ဂျပန်ကနေ ခရီးနှင်လာပြီး မြန်မာပြည်ကိုပြန်ရောက်တာ။ မြန်မာပြည်ရောက်ရောက်ချင်း ကိုယ့်အိမ်မှာတောင် ကြာကြာမထိုင်နိုင်သေးဘဲ တစ်ဖက်ခြံကို ပြေးထွက်လာတာ။

"ကြယ်စင်ရေ့ ကြယ်စင်.. ငါ့အချစ်ဆုံးကြီး.. ငါ မင်းဆီကို ပြန်လာပြီကွ"

အန်တီမေသက်ဦးကို မေးကြည့်တော့ ကြယ်စင်က သူ့အိပ်ခန်းထဲမှာလို့ ပြောသည်။ ရိန်းလည်း ကြယ်စင့်နာမည်ကို တွင်တွင်ခေါ်ကာ အခန်းတံခါးကို တွန်းဖွင့် ဝင်လိုက်သည်။

ခွပ်!

ရိန်း လုံးဝ မထင်မှတ်တာလေ။ အခန်းထဲကို ဝင်ဝင်ချင်းမှာပဲ  မေးရိုးကို ပင့်ထိုးခံလိုက်ရလို့ ခေါင်းကပါ လည်ထွက်သွားသည်။

ခွပ်!

နောက်ထပ် လက်သီးတစ်ချက်။ နှာရိုးကိုမှ လက်သီးထပ်ကျွေးတာ။ နောက်တစ်ချက် ထပ်ထိုးဖို့ လုပ်နေတဲ့ကောင်လေးကို ရိန်းလည်း အလျင်အမြန်ပဲ အဲ့ဒီလက်သီးဆုပ်လေးကို ဖမ်းချုပ်ပစ်လိုက်သည်။

"ငါ့အသားကို မထိနဲ့၊ မင်းကိုမုန်းတယ်၊ ငါ့အခန်းထဲက ထွက်သွား၊ ဘယ်တော့မှ ပြန်မလာနဲ့၊ ငါ့ဘဝထဲကလည်း ထွက်သွား၊ ငါ့ဆီ ပြန်မလာနဲ့"

"ကြယ်စင်"

"မင်းကိုပြောနေတယ်လေ၊ အခု ထွက်သွား၊ ငါရှေ့ရောက်လာရင် မင်းခြေထောက်ကို ရိုက်ချိုးပစ်မယ်"

ဒေါသူပုန်ထ အော်ဟစ်သောင်းကျန်းနေတဲ့ ကောင်လေးကို ရိန်းလည်း အတင်းဖက်ပစ်ထားလိုက်သည်။ ကြယ်စင်က ရိန်းရဲ့လက်တွေကနေ ရုန်းသည်။ ရိန်းက အတင်းဖက်ပစ်ထားတော့ ရုန်းချင်တိုင်းလည်း ရုန်းမရနဲ့ ဖြစ်ပြန်တာမို့  ကြယ်စင်သည် ရိန်းရဲ့ရင်ခွင်ထဲကနေ တအင့်အင့်နဲ့ ရှိုက်ငိုလာပြန်သည်။

"ပြန်လာတယ်ဆိုတာ ထွက်သွားဖို့မှ မဟုတ်တာ ကြယ်စင်ရာ၊ ငါ ပြန်လာပြီပဲကွာ၊ တော်တော့၊ မငိုနဲ့တော့၊ ယောင်္ကျားမဟုတ်တဲ့အတိုင်းပဲ"

ကြယ်စင်တစ်ယောက် အငိုရပ်သွားပြီး ရိန်းရဲ့ ရင်ခွင်ကနေ ရုန်းထွက်ကာ ကုတင်ပေါ်မှာ သွားထိုင်သည်။ ရိန်းလည်း ကြယ်စင့်ဘေးက ကပ်လိုက်သွားသည်။

"ပြော၊ ငါ့ကို ဘာလို့ တစ်ခွန်းမှမပြောဘဲ ထွက်သွားတာလဲ၊ ဖြေရှင်းချက် ကောင်းကောင်းပေး"

ကြယ်စင်မေးလာတာကို ရိန်း ပြန်မဖြေသေးပါ။ ရိန်းသည် အခန်းပြတင်းပေါက်အနားကို လျှောက်သွားကာ အိတ်ကပ်ထဲ ထိုးထည့်ထားတဲ့ စီးကရက်ကို ဆွဲထုတ်ကာ မီးညှိဖွာရှိုက်လိုက်သည်။ အပြင်ဘက်ကို တစ်ချက်ငေးပြီးမှ ကြယ်စင့်ကို ပြန်ကြည့်လိုက်သည်။

"မင်း လွတ်လွတ်လပ်လပ် နေရအောင်လို့၊ မင်းက ယမင်းနဲ့ ရည်းစားဖြစ်ရင် ငါက ကြားက ကန့်လန့် ကန့်လန့် ပါနေမှာစိုးလို့"

"အဟက်! မင်းပေးတဲ့ဆင်ခြေက အတော်ရယ်ရတယ်နော်၊ ပြောပါဦး၊ ငါ့ကို လုံးဝ အဆက်အသွယ်မလုပ်တာကျ ဘာဆင်ခြေပေးမလဲ"

"အဲ့ဒါလည်း ခုနက အတိုင်းပဲ"

ရိန်း အဖြူရောင်မုသားကို လှလှပပ သုံးလိုက်သည်။ တကယ်တော့ ကျောင်းမဖွင့်ခင် မြန်မာပြည်ကို စောပြန်လာရတဲ့ အကြောင်းကလည်း ကြယ်စင့်ကြောင့်ပဲ။ အထူးသဖြင့် facebook မှာ ကြယ်စင် တင်ခဲ့တဲ့ status ကြောင့်ဆိုလျှင် ပိုမှန်လိမ့်မည်။

"မင်း ပိန်သွားပါလား ကြယ်စင်၊ ထမင်းကို အချိန်မှန်မှန် မစားဘူးလား"

ကြယ်စင် ဘာမှမပြောပါ။ အရက်ပြန်နှင့် ဂွမ်းထုပ်ကို ယူကာ ဗီတာဒိုင်းဆေးရည်ဘူးကို ဖွင့်နေလိုက်သည်။

"လာ..ဆေးလိမ်းပေးမယ်"

ရိန်းလည်း ရွှင်မြူးသွားတဲ့မျက်နှာနဲ့ ကြယ်စင့်ဘေးကို ​ရောက်သွားသည်။ ကြယ်စင်က ရိန်းရဲ့ညိုမည်းဒဏ်ရာတွေကို အရက်ပြန်နဲ့ သန့်စင်ပေးသည်။ ပြီးမှ ဗီတာဒိုင်းဆေးရည်ကို ဒဏ်ရာပေါ် ဖိပွတ်ပေးလာသည်။

"စပ်လိုက်တာ ကြယ်စင်ရာ"

"အဲ့ဒါ မပြောမဆိုနဲ့ ထွက်သွားချင်ဦးလေ၊ နောက်တစ်ခါဆို အရိုးတွေပါ ရိုက်ချိုးပစ်မယ်"

"ကြောက်လိုက်တာနော်၊ ခြင်္သေ့ကြီး ကျနေတာပဲ၊ လူကို ဟိန်းလားဟောက်လားနဲ့၊ ဒါပေမဲ့ မင်းက ခြင်္သေ့တော့ မဟုတ်ဘူး၊ ကြောင်ပေါက်လေးပဲ၊ ငါ့ကြောင်ပေါက်လေး"

ရိန်းလည်း ဆေးအလိမ်းခံရတာက စပ်နေတဲ့ကြားက ကြယ်စင့်ကို ပြောင်လိုက်သေးသည်။ ကြယ်စင့်က မျက်စောင်းဝင့်ချီ ပြလာပေမယ့် ရိန်းကို ဆေးလိမ်းပေးတာမပျက်။ မျက်လုံးအကြည့်ကတော့ ရိန်းရဲ့လက်ကြားညှပ်ထားတဲ့ စီးကရက်ဆီ ရောက်လာသည်။

"ဘယ်တုန်းက စီးကရက် သောက်တတ်သွားတာလဲ"

"ငါသောက်တတ်သွားတာ စီးကရက်တင် မဟုတ်ဘူး၊ ဘီယာပါ အဆစ်ပါသေးတာ"

"နိုင်ငံခြားရောက်မှ တော်တော်တတ်နေတယ်၊ အဲ့ဒီနှစ်မျိုးစလုံးကို ဖြတ်ပစ်၊ ကျန်းမာရေးထိခိုက်မယ်၊ မင်းအတွက် ပြောနေတာ"

"နှစ်မျိုးစလုံးကို မဖြတ်ဘူးဆိုရင်ရော၊ စီးကရက်ငွေ့က ရှူလို့ကောင်းတယ်၊ ရှူကြည့်ပါလား..ဖူး!"

"ဟာ! ညစ်တီးညစ်ပတ်ကောင်၊ ကျက်သရေတုံး"

ရိန်းလည်း ကြယ်စင့်ကို စနောက်ချင်တာနဲ့ စီးကရက် ကို ဖွာရိုက်ပြီး အငွေ့တွေကို ကြယ်စင့်မျက်နှာပေါ်ကို မှုတ်ထုတ်ပေးလိုက်သည်။ ကြယ်စင့်ဆီက ဆဲဆိုသံ တွေရော၊ ရိန်းရဲ့ တဟားဟား အော်ရယ်သံတွေရော အခန်းထဲမှာ ဆူညံသွားသည်။

"ငါမင်းကို အရမ်းလွမ်းနေတာ ရိန်း၊ မင်းမရှိတဲ့ မန်းမြေကလေ ခြောက်ကပ်နေတာပဲ၊ မင်းပြောသလိုပဲ ငါ့ဘဝလည်း တစ်ချောင်းကျိုးတဲ့ တူလိုပဲ၊ အဖော်မဲ့ပြီး တစ်နေ့တစ်နေ့ ဘာလုပ်ရမှန်းကို မသိတာ"

"ငါလည်း မင်းကို လွမ်းလွန်းလို့ ကျောင်းမဖွင့်ခင် စောပြန်လာတာလေ ကြယ်စင်"

"မင်း နောက်တစ်ခါဆို မပြောမဆိုနဲ့ မထွက်သွားနဲ့နော် ရိန်း၊ ငါ အရမ်းခံစားရလို့၊ ရင်ဘတ်ထဲမှာ ဂလိုင်ပေါက်ကြီး ဖြစ်သလို ဟာထွက်နေတာ၊ ဘယ်လိုကြီးမှန်းကို မသိဘူးကွာ"

"အဲ့ဒါ ဘာလို့ အဲ့ဒီလိုခံစားရတာလဲ ကြယ်စင်၊ အဲ့ဒါကို မင်းသိလား"

"ဟင့်အင်း၊ ငါထင်တာတော့ မင်းနဲ့အကြာကြီး မခွဲဖူးလို့ထင်တယ်၊ ငါ အရမ်းခံစားရတာ"

"ဟုတ်လား၊ ငိုအောင် လုပ်မိလို့ ပြန်လျော်ပေးမယ်လေ၊ ငါ့အိမ်ကိုလိုက်ခဲ့၊ မင်းအတွက် လက်ဆောင်တွေ အများကြီး ဝယ်လာတယ်"

"ခွေးကောင်! ငါ့မျက်ရည်က အဲ့ဒီလို လက်ဆောင်နဲ့ ပြန်လျော်ပေးလို့ ရတာလား"

"မယူဘူးလား ပြော"

"ယူမှာပေါ့"

အခန်းထဲက ထွက်လာကြတဲ့ကောင်လေးနှစ်ယောက်ကို ဒေါ်မေသက်ဦး ငေးကြည့်နေမိသည်။ ခုနတုန်းက နှစ်ယောက်သား ရန်ဖြစ်ပြီး အခန်းထဲမှာ ဆူညံနေကြတာ။ အခုတော့လည်း ပြန်တည့်သွားကြပြန်ပြီ။ အဲ့ဒါကြောင့် ဟိုဘက်အိမ်က သက်သက်က ပြောတာ။ ဒီကောင်လေးနှစ်ယောက်က မတည့်အတူနေ ကြောင်နဲ့ကြွက်တဲ့။ အခုလည်း သားက ဟိုကလေးနဲ့ ဟိုဘက်အိမ်ကို ပါသွားပြန်ပြီ။

"ကြယ်စင်..ရော့ ..မင်းအတွက်"

ရိန်းက luggage အိတ်ထဲကနေ အဝတ်အစား တစ်ပုံကြီးကို ကြယ်စင့်လက်ထဲ ထိုးထည့်ပေးလာသည်။ ရိန်းရဲ့အခန်းကို ကြယ်စင်မရောက်ဖြစ်တာ ၄ လကျော်လို့ ၅ လထဲကိုရောက်ပြီ။ ဒီအခန်းကတော့ ရိန်းထွက်သွားတုန်းကအတိုင်း ဘာမှကို မပြောင်းလဲတာ။

"ရော့.. ဒါက ကျောပိုးအိတ်၊ ကျောင်းတက်ရင် ဆင်တူလွယ်ရအောင်၊ အနက်ရောင်ယူမလား၊ အညိုရောင်ယူမလား"

"အညိုပဲ ပေး"

"ဒါက စုံတွဲနာရီ၊ မင်းနဲ့ ယမင်းအတွက်"

"ရိန်း.. ငါနဲ့ယမင်း ချစ်သူဖြစ်သွားတာ မင်း ဘယ်လိုသိတာလဲ"

ရိန်း သတိတစ်ချက် လွတ်သွားသည်။ ကြယ်စင်က ရုတ်တရက်ကြီး မေးလာတော့ ရိန်းလည်း ဘာဖြေရမှန်းမသိတာနဲ့ ..

"သြော်.. မင်းက စော်ကြည်ဘဲလေကွာ၊ ဖြူဖြူသန့် သန့်လေးဆိုတော့ ကောင်မလေးတွေ ပြန်မကြိုက်ဘဲ နေနိုင်မှာလား ကြယ်စင်ရ"

"မင်းကတော့ မဟုတ်တာတွေ စပြောပြီ"

"ဟုတ်ပါတယ်ကွ၊ ငါတောင်မှ မင်းကိုကြိုက်တယ်၊အာ!.. စကားမှားလို့၊ ကြိုက်တာ မဟုတ်ဘူး၊ မင်းကိုချစ်တာ၊ မင်းသာ ကောင်မလေးဆို တစ်ခါတည်းကို ခိုးပြေးပစ်မှာ"

"ခွေးကောင်..သောက်ရူး..မဟုတ်တာတွေ စပြောပြီ"

"ဟုတ်တာပဲ ပြောတာလေကွာ"

"သောက်ရူးရေ တော်ပါ​တော့၊ မင်းပြောတာနဲ့ ကြက်သီးထလာပြီ"

ငြူငြူစူစူ စကားတွေနဲ့ ကြယ်စင့်ဆီက ဆဲဆိုသံကို ကြားတော့မှ ရိန်းလည်း နေသာထိုင်သာရှိသွားသည်။ သံလိုက်တောင်ပေါ်မှာ ဝဲပြီး ပျံသန်းနေတဲ့ လေယာဉ်တစ်စင်းလိုပါပဲ။ ကျွန်တော် ပျံသန်းနေပေမယ့်လည်း လွတ်မြောက်ခွင့်မရှိတဲ့ အဲ့ဒီရပ်ဝန်းမှာ စက်ကွင်းမိနေဆဲပါ။

Weiterlesen

Das wird dir gefallen

1.3M 43.7K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
99.6K 7K 28
"ကျွန်တော့် အတွက် မဟုတ်တဲ့ အရာတွေကို ကျွန်တော့် အတွက်လို့ ထင်ယောင်ထင်မှား ဖြစ်ပြီး ပျော်ခဲ့ဖူးတယ်"
912K 71.5K 52
Zawgyi & Unicode တစ်ဦးတစ်ယောက်မှ မရှိသည့်နေရာ ကမ္ဘာအပြင်ဘက်မှာ
1.4M 58.4K 69
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...