"အစ်ကိုကြီး…. ဘယ်သွားပြန်ပြီလဲ…"
"အစ်ကိုကြီး… ဘယ်သူ့ကို ခေါ်လာတာလဲ…"
သူမကို ပြူးတူးပြဲတဲ ကြည့်ပြီး တောပုန်းဖူကို မေးနေသော အသက် ၃၀နဲ့ ၃၅ ကြားလောက်ရှိမည့် လူ ၇ဦးကို ခပ်တည်တည်ပင် ကြည့်နေလိုက်သည်။
"ဒါက … ဒါက.... အဲ… ငါ ဘယ်လို ပြောရမှန်းတောင် မသိတော့ဘူး…"
"ဒီလိုကွာ…. ငါ အပြင်ထွက်တုန်း ဒီကောင်လေးကို တွေ့လာတယ်… သူ့ဆီက တိုက်ဖို့ကြံလိုက်တာ… မထင်မှတ်ဘဲ ဒီညှပ်စိ…"
ဒိုင်းကနဲ ရောက်လာသော အကြည့်ကြောင့် တောပုန်းဖူ တံထွေးတစ်ချက် မြိုချလိုက်သည်။
"ဒီက ကောင်လေးက ငါတို့ထက် ကိုယ်ခံပညာ ကျွမ်းတယ်… အဲဒါနဲ့ ငါလည်း အရှုံးပေးလိုက်ရပြီး သူ့ကို ခေါင်းဆောင် တင်ခဲ့ရတယ်…."
ကျွတ်စီကျွတ်စီ ထွက်လာသည့် တီးတိုးသံတွေကြောင့် ချောင်းတစ်ချက် ဟန့်လိုက်ပြီး သူ့စကားကို ပြန်ဆက်သည်။
"ညီလေးတို့… ငါတို့ အရှုံးမရှိပါဘူး… ဒီက ကောင်လေးက ငါတို့ထက် လုပ်ရည်ကိုင်ရည် ရှိပုံပေါ်တယ်… ငါတို့ လူအင်အား ပိုတောင့်လာတယ်လို့ပဲ သဘောထား…"
"…………"
"…………"
"ကောင်လေး… မင်းနာမည် ဘယ်လိုခေါ်လဲ…"
ရုတ်တရက် သူမနာမည်ကို မေးလာသောကြောင့် မို့ရန် ပါးစပ်ကနေ တွေ့ကရာ နာမည်တစ်ခုကို ရွတ်ပြလိုက်သည်။
"ပါဝါရိန်းဂျား….."
"ဟမ်… ပါဝါ… ဘာ..."
သူမ၏ စိတ်မရှည်တော့သည့် လေသံက ဆောင့်ထွက်လာပြန်သည်။
"ပါ… ဝါ…. ရိန်း… ဂျား…."
တစ်လုံးချင်း ရွတ်ပြလိုက်ကာ
"ရိန်းဂျားလို့လည်း ခေါ်လို့ရပါတယ်…"
"ညီလေးရိန်း…. အဲ့… ခေါင်းဆောင်ရိန်းကို ကျနော်တို့ အဖွဲ့ကနေ ကြိုဆိုပါတယ်…."
"ဒါဆို ကြိုဆိုပွဲလေး ဘာလေး လုပ်လေ… ဒီလိုရမလား…"
"ဟုတ်သားပဲ… ညီလေးတို့ မြန်မြန်ပြင်ကြ…"
ထိုည စားပွဲသောက်ပွဲတွင် အရက်ဖြူ တစ်အိုးနှင့် ကြက်ကင် တစ်ကောင်လုံးကို ငါးမိနစ်ဖြင့် အပျောက်ရိုက် စားသောက်ပြီးနောက် သူမကို နေရာပေးထားသည့် အခန်းထဲ ဝင်ခွေအိပ်သွားသည်မှာ နောက်တစ်နေ့ နေ့လည် ရောက်သည်အထိ။
ဓါးပြအဖွဲ့လေးနှင့် သူမ တစ်လတောင် မပြည့်ခင်မှာပင် အတော်ကြီးကို ရင်းရင်းနှီးနှီး ရှိသွားသည်။ သူတို့နေထိုင်ရာ တောနက်ထဲရှိ ကျားဖြူရွာလေးကို ခေါ်သွားကြသေးသည်။ ရွာကလေးက အိမ်ခြေ ၁၀ခန့်သာ ရှိပြီး အားလုံးက အသားညိုညို ထောင်ထောင်မောင်းမောင်း ရှိကြသည်။ အမျိုးသမီးတွေက ညိုချောတွေဆိုသော်ငြား အထင်မသေးလိုက်နှင့်။ အမျိုးသားတို့နှင့် တန်းတူ အမဲလိုက်၊ ငါးဖမ်း၊ တောကောင်ဖမ်း၊ သစ်ခုတ်ပြီးတော့သာ အသက်မွေးဝမ်းကျောင်းကြသည်မို့ ကြမ်းတမ်းသည့် အသွင်ဆောင်နေသည်။ ထူးဆန်းတာက အရွယ်ရောက်ပြီးသား အမျိုးသားဆိုလို ရွာတွင် သူမတို့အဖွဲ့သာ ရှိသည်။ ကလေးများတွင် ရှားရှားပါးပါး ယောက်ျားလေး ၃ဦးသာ ရှိသည်။ တောပုန်းဖူတို့က တစ်ယောက်ကို အမျိုးသမီး ၄ယောက်ခန့် ယူထားသည်တဲ့။
စွံချက်… ငါတောင် ယောက်ျားဖြစ်ချင်သွားတယ်!
"အစ်ကိုကြီးဖူ… ဘာလို့ခင်ဗျားတို့ ဓါးပြတိုက်တဲ့ အလုပ်ကို ရွေးလုပ်ရတာလဲ…"
"ငါတို့က ဓါးပြတိုက်ချင်တာ မဟုတ်ပါဘူး… ပစ္စည်းပဲ နည်းနည်းပါးပါးယူတာပါ…"
"တူတူပဲလေ… သူများမပေးချင်တဲ့ ပစ္စည်းကို ခြိမ်းခြောက်ယူတာပဲ…"
"ငါတို့ မြို့ကို သွားလို့ မရဘူး… အဲဒီတော့ လိုအပ်တဲ့ ပစ္စည်းတွေကို ဒီနည်းနဲ့ပဲ ရှာရတာ… ခိုးတာဝှက်တာလည်း မလုပ်ချင်ပါဘူး… ပေါ်တင်ပဲ ယူချင်တယ်…"
"တော်သေးတယ်… ပစ္စည်းကို ပေါ်တင်ပဲယူပြီး ပေါ်တင်ပဲ လူသတ်လို့…"
"ညီလေးရိန်း… ငါတို့က အပယ်ခံရွာသားတွေပါ… ငါတို့ဒီလို ဘယ်လုပ်ချင်ပါ့မလဲ…"
"အပယ်ခံရွာသား… ဘာလို့ဒီလိုဖြစ်ရတာလဲ…"
"ငါတို့ဖူမျိုးဆက်တွေက အရင်တုန်းက ချီနိုင်ငံမှာ နေထိုင်ကြတယ်… တိုက်ရေးခိုက်ရေး ကျွမ်းကျင်တတ်အပြင် နိမိတ်ဖတ်တဲ့ အတတ်ပညာက ငါတို့မျိုးနွယ်ရဲ့ အထူးချွန်ဆုံး ပညာရပ်…"
" နေပြည်တော်မှာ ငါတို့ကျော်ကြားလာတော့ နန်းတွင်းနတ်နန်းဆောင်က နတ်ဆရာကြီးက သူ့နေရာကို ငါတို့ ထိပါးလာမှာစိုးရိမ်လို့ ချီဘုရင်ကို ကုန်းတိုက်တယ်… ငါတို့လို စုန်းတွေကြောင့် နိုင်ငံမှာ ထူးဆန်းတဲ့ လူသေမှုတွေ ဖြစ်ရတာ ဆိုပြီး ပြည်နှင်ဒဏ် ပေးလိုက်တာ…"
"လူတွေ သေရတာကရော… ဘုရင်က ယုံလိုက်တာပဲလား…"
"နတ်ဆရာက သူ့လူတွေကို လုပ်ခိုင်းထားတာလေ… ဘုရင်က သူ့ကို ကိုးကွယ်တာဆိုတော့ သူပြောသမျှ ယုံတော့တာပဲ…"
တောပုန်းဖူပြောသည့်စကားကို နားထောင်ပြီးသူမ စုတ်တသပ်သပ်ဖြင့်
"ဥာဏ်တိမ်လိုက်တဲ့ ဘုရင်…"