ထွန်းကိုကို သည် ပြေးထွက်သွားသော စိုင်းကို
ကြောင်စီစီ ငေးကြည့်ရင်း စိတ်တွေ လေးလံထုံမှိုင်းလျက်ရှိသည်။
“ ဒီအချိန်ကစပြီး
ကိုယ့်ဘဝမှာ မင်းတစ်ယောက်ပဲရှိတယ်
ကိုယ်မင်းကို ဘာအကြောင်းကြောင့်နဲ့မှ
မခွဲဘူး ။ ဒီလက်စွပ်လေးတွေဟာ ကိုယ့်
ကတိအတွက် သက်သေပဲ ”
ဒီကလေးဟာ ဘာကြောင့် အဲဒီစကားကိုသိနေရတာလဲ ။ တွေးရင်း ရုတ်တရက်ကြီး သူ့ခေါင်းတွေ တဆစ်ဆစ်ကိုက်လာ၏။
“ မောင် ”
နောက်ကျောဘက်ဆီမှ သက်သက်ဝေ၏ စိုးရိမ်တကြီးခေါ်သံကိုကြားတော့ သူ လက်စွပ်ကို အသာ ဆုပ်ထားလိုက်ပြီး နောက်လှည့်ကြည့်ကာ သက်သက်ဝေကို နွေးထွေးစွာ ပြုံးပြမိသည်။ သူ့အပြုံးကိုမြင်တော့ သက်သက်ဝေ၏ ပူပန်သောကတွေ သိသိသာသာ လျော့ကျသွားသည်။ သက်သက်ဝေ စိတ်ချလက်ချဖြစ်သွားကာ သူ့လက်မောင်းကို တွဲချိတ်လိုက်၏။
“ သွားရအောင် မောင်၊ မင်္ဂလာအချိန်နီးနေပြီ ”
ထို့နောက် နှစ်ယောက်သား အိမ်ကြီးဆီသို့ ပူးကပ်စွာ လျှောက်လာခဲ့ကြသည်။ မကြာခင် သတို့သား၊ သတို့သမီးတို့သည် အဖြူရောင်မာစီတီး ကားအကောင်းစားကြီးစီးလျက် မင်္ဂလာခန်းမရှိရာ ဟိုတယ်သို့ ထွက်လာခဲ့ကြချိန်၌ ထွန်းကိုကိုသည် ခေါင်းတွေ လေးလံအုံခဲလျက်ရှိသဖြင့် မျက်နှာမပျက်အောင် စိတ်ကိုတင်းထားပြီး ဘာမှမဖြစ်သလို အလိုက်သင့်ပြုံးထားရသည်။ သက်ကို သူ ငဲ့ညှာရမည်။ မင်္ဂလာပွဲမှာ သူ့ကြောင့် အနှောင့်အယှက် တစ်စုံတစ်ရာပေါ်ပေါက်ဖြစ်ပွား၍ သက် စိတ်ဆင်းရဲမည့်ကိစ္စမျိုး သူ နည်းနည်းလေးမှ မလိုလားပါ။ ဤစိတ်ဖြင့် သူ ခန္ဓာကိုယ်၏ ရှိသမျှ စိတ်ဓာတ်ခွန်အားတို့ကိုအသုံးပြုလျက် မင်္ဂလာပွဲပြီးသည့်အထိ ဝေဒနာကိုအံတုကာ ရပ်တည်ရမည်။ သို့သော် သူ
မအောင်မြင်ခဲ့ချေ။ သတို့သားနှင့် သတို့သမီးတို့ မင်္ဂလာစင်မြင့်ရှိရာသို့ လျှောက်လာခဲ့ချိန်မှာတော့ သူသည် မကြာသေးခင်က စိုင်းမင်းခန့်ပြောသွားခဲ့သည့် စကားများကို ထပ်ခါတလဲလဲ ကြားယောင်နေလျက်ရှိ၏။ ထို့နောက်မှာတော့ ခေါင်းတစ်ခုလုံးပေါက်ကွဲလုမတတ် ထိုးကိုက်လာပြီး သူ ဒူးထောက်လျက်သား လဲကျသွားခဲ့ပါတော့သည်။
“ အား ”
မင်္ဂလာခန်းမကြီးတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြ၏။ ဖွင့်ထားသော မင်္ဂလာသီချင်းသံသည် ရုတ်ချည်း ရပ်တန့်သွားပြီး ပွက်စီပွက်စီ ညံနေသော လူသံတို့ဖြင့် ဆူညံပွက်လောရိုက်သွားတော့သည်။ သက်သက်ဝေသည် သူ့လက်မောင်းကို ခပ်တင်းတင်းဆုပ်ကိုင်ထားပြီး စိုးရိမ်ပူပန်စွာဖြင့် “ မောင် ဘာဖြစ်တာလဲ ... မောင် သတိထားဦးလေ ” ဟု တတွတ်တွတ်ရွတ်လျက်ရှိသည်။ သို့သော် သူ့ အာရုံထဲက ပြတ်သားစွာ ရှင်းလင်းကွဲပြားနေသော အတိတ်ပုံရိပ်တွေကို မည်သည့်ပြင်ပအာရုံငါးပါးကမှ ထိုးဖောက်ဝင်ရောက်လို့မရနိုင်တော့ချေ။
မင်းကိုဒီအခန်းမှာနေလို့ ဘယ်သူပြောလိုက်တာလဲ။
ချာတိတ်မင်းဆောင့်အောင့်မနေနဲ့။
ငါ့အခန်းမှာနေမယ်ဆိုရင် ငါ့စည်းကမ်းတွေကိုလိုက်နာမှ ဖြစ်မှာပဲ။
ကြည့်ရတာလေးလေးတပည့်က ဘဝင်ရူးမဟုတ်ဘူးလား။ အဲလိုဝေဖန်ပေးတာကျေးဇူးတင်ပါတယ်။
မင်းငါ့ကိုပြန်ခံပြောနေတဲ့အတွက် ဆရာတစ်ယောက်အနေနဲ့ မင်းကို အပြစ်ပေးနေတာ။
မလိုပါဘူးကွာ။ ကျေးဇူးတင်မဲ့အစား နောက်တစ်ခါ မင်းကိုယ်မင်း မထိခိုက်အောင် ဂရုစိုက်မယ်လို့ ငါ့ကိုကတိပေး။
မင်းခန္ဓာကိုယ်ကြီးကို ငါသယ်ထားရတာ
လွယ်တယ်ထင်လို့လား။
ဒီအတိုင်းပဲဖက်ထားလို့ပြောတာ။ မင်း ဆိုင်ကယ်ပေါ်က ပြုတ်ကျမှာစိုးလို့။
ကိုယ်မင်းကို အရမ်းချစ်တယ် စိုင်းလေးရယ်။
စိုင်းလေးရယ် ဒါရှက်စရာမဟုတ်ပါဘူး။
ကိုယ်ချစ်နေတဲ့သူကို ချစ်တယ်လို့ ရဲရဲဝံ့ဝံ့
ဖွင့်ပြောရတာလောက် ဂုဏ်ယူစရာကောင်းတဲ့
အဖြစ်လောကမှာ ရှိဦးမလား ... ဟင် ။
ကျနော် ဆရာ့ကို ရူးမတတ် ချစ်ရပါတယ် ဆရာ။
မင်းလှေနံ နှစ်ဖက်နင်းချင်နေတာလား စိုင်းမင်းခန့်။
ကျနော် တစ်လှေတည်း မှာပဲ စုံရပ်ထားတာပါ ။
တစ်လှေတည်းမှာ ရပ်တာကဟုတ်တယ်၊ ဘယ်လှေလဲ။ သေချာပေါက် ဆရာ့လှေပဲပေါ့။
ဘာဖြစ်လို့ နမ်းတာလဲဆိုတာ မမေးနဲ့၊ ချစ်လို့၊ အူယားလို့၊ပြီးတော့ ကိုယ့်ကိုနောက်တဲ့အတွက်ရော ဒဏ်ပေးတာ။
အဲဒီ ကျားနဲ့ဆင်ဟာ အခုတော့ ဆေးကျောင်းမှာတွေ့ပြီးချစ်သွားကြပြီလေ။
ဟုတ်ကဲ့ ကျနော် မောင်ထွန်းကိုကိုဟာ ဟောဒီက စိုင်းမင်းခန့်ဆိုတဲ့ကောင်လေးကို လက်ထပ်ခွင့်ရချင်လို့ အတော်ဖြစ်နေခဲ့တာ ကြာပါပြီခင်ဗျ။ Yes Yes Yes Yes
ဒီအချိန်ကစပြီး ကိုယ့်ဘဝမှာ မင်းတစ်ယောက်ပဲ
ရှိတယ် ။ ကိုယ်မင်းကို ဘာအကြောင်းကြောင့်နဲ့မှ
မခွဲဘူး ။ ဒီလက်စွပ်လေးတွေဟာ ကိုယ့်
ကတိအတွက် သက်သေပဲ ။
အဲကြရင် ကိုယ်တို့ ဒီအသိုင်းအဝိုင်းကို စွန့်ခွာကြတာပေါ့၊ ကိုယ့်နောက်ကို စိုင်းလေး လိုက်ရဲလား။ဆယ်ခါပြန်မငြင်းဘူး ဆရာ၊ ဘယ်ကမ္ဘာဖြစ်ဖြစ်
ကျနော် လိုက်ရဲတယ်။
သူ ရှိသမျှ အားကုန်သုံးကာ ထဖို့ကြိုးစားလိုက်သည်။ သက်သက်ဝေက သူ့လက်မောင်းကို ဆုပ်ကိုင်
လျက် ထူပေးသည်။ သူ သူမကို တွန်းဖယ်လိုက်ကာ ကိုယ်ဘာသာကိုယ် ကြိုးစားထရပ်လိုက်၏။ ချာချာလည်အောင် မူးဝေနောက်ကျိနေပြီး ယိမ်းထိုးချောက်ခြားကာ လူတစ်ကိုယ်လုံး ချွေးစေးများဖြင့် ရွှဲနစ်အေးစက်လျက်ရှိသည်။ ခြေလှမ်းတွေ မလှမ်းနိုင်တော့လောက်အောင် ခန္ဓာကိုယ်ကြီးတစ်ခုလုံး လေးလံနေခဲ့သည်။ ထို့နောက်မှာတော့ တစ်စုံတစ်ယောက်က သူ့ကို
ချောက်ကမ်းပါး ကနေ တွန်းချ ခံလိုက်သလို
လွင့်ခနဲ ပြုတ်ကျသွားကာ အရာအားလုံးမှောက်မိုက် သွားပါတော့သည်။
သူ သတိရလာချိန်မှာတော့ ခေါင်းအနည်းငယ် အုံခဲနေဆဲဖြစ်သည်။ သူ ဘယ်ရောက်နေတာလဲ။
ရင်းနှီးနေသော အနံ့တစ်မျိုးကြောင့် ဆေးရုံမှန်း ချက်ချင်း ခန့်မှန်းမိလိုက်သည်။ ထို့နောက် သူ့အတွေးအာရုံထဲ ပထမဆုံးဝင်လာသူက စိုင်းလေး။ သူ ကြိုးစားပြီးထလိုက်သည်။ အဲသည်အချိန်မှာပဲ အခန်းထဲကို သက်သက်ဝေ
ဝင်လာကာ သူ့လက်မောင်းကို
အပြေးလွှားဆုပ်ကိုင် ထူပေးသည်။
“ မောင် ... မောင် သတိရလာပြီပေါ့နော် ဝမ်းသာလိုက်တာ၊ မင်္ဂလာပွဲပြီးဖို့ တစ်နာရီတောင်လိုသေးတယ် မောင်ရဲ့ တော်ပါသေးတယ်၊ ဟိုမှာ လူကြီးတွေက ပွဲကို ထိန်းပေးထားကြတယ်၊ သက်တို့အခုပဲ သွား ... ”
သူ သက်သက်ဝေ၏ လက်ကို ဆတ်ခနဲ ပုတ်ထုတ်ပစ်လိုက်၏။
“ မောင်
သက်သက်ဝေက သူ့ကိုနားမလည်နိုင်သလို ကြည့်နေ၏။
“ ငါအကုန် မှတ်မိသွားပြီ သက်သက်ဝေ ”
အရသာရှိစွာပြောလိုက်သော စကားအဆုံး၌
သက်သက်ဝေ သည် ကျောက်ရုပ်ကြီးတစ်ရုပ်လို တောင့်မတ်သွားပြီး အံ့ဩတကြီး ရူးကြောင်သွားသော မျက်လုံးများဖြင့် သူ့ကို ငေးစိုက်ကြည့်ကာ လက်မခံနိုင်သလို ခေါင်းကို ခပ်သွက်သွက်ရမ်းနေသည်။
ထွန်းကိုကိုသည် သူမကို ရှိနေတယ်လို့တောင်
ဂရုမစိုက်တော့ဘဲ ချက်ချင်းကုတင်ပေါ်ကနေ
ဆင်းကာ တံခါးပေါက်ဝဆီသို့ လျှောက်လာခဲ့၏။
သည်တော့မှ သူမ သတိဝင်ကာ ထွန်းကိုကိုအား အနောက်ကနေ တင်းကျပ်စွာသိုင်းဖက်လိုက်လေသည်။
“ မောင် မသွားရဘူးနော် ...မသွားပါနဲ့ ။ ဟိုတယ်မှာ လူကြီးတွေရော၊ ဖိတ်ထားတဲ့သူတွေရော အကုန်ရောက်နေကြပြီ၊ သက် အရှက်ကွဲပြီး သေလိမ့်မယ် မောင်ရဲ့၊
သကျကို သနားပါဦး ”
ရှိုက်ငင်သံများကြားမှ သူမ
ကြောက်ရွံ့တုန်လှုပ်စွာပြောနေမိသည်။
ထွန်းကိုကို က သူ့ကိုတင်းကျပ်စွာဖက်တွယ်ထားသော သက်သက်ဝေ၏ လက်တွေကို
ဆွဲဖြုတ်ပစ်လိုက်ပြီးနောက် မျက်နှာချင်းဆိုင်လိုက်ကာ ခက်ထန်မာကျောစွာ တည့်တည့်စိုက်ကြည့်သည်။
“ ဒါ မင်းစိုက်ပျိုးသမျှ မင်းပြန်ရုတ်သိမ်းရတာပဲသက်သက်ဝေ၊ မင်း ငမ်းငမ်းတက်ဖြစ်နေတဲ့ အဲဒီ
သောက်မင်္ဂလာပွဲကိုလည်း ဖျက်လိုက်တော့ ရှင်းလား ”
သက်သက်ဝေ လက်မခံနိုင်စွာ
ခေါင်းရမ်းနေမိရင်း တစ်ချိန်က စိုင်းမင်းခန့် သူမကိုပြောခဲ့သည့် သတိပေးစကားကို ပြန်လည်ကြားယောင်လာခဲ့သည်။
“ အခုနေတော့ အိပ်မက်မက်ထားလိုက်ဦးပေါ့၊
ဆရာ ကျနော့်ကိုပြန်သတိရလာတဲ့အခါကျရင် ခင်ဗျားဟာ အလိုလိုနေရင်း လွင့်သွားမှာ၊ သတ္တိရှိရင် ရှေ့ဆက်တိုးလိုက်လေ၊ ခင်ဗျားရှေ့တစ်လှမ်းတိုးတိုင်း ဒဏ်ရာကလည်း နက်လာမှာပဲ၊ You Must Reap What You Sow ... အဲတာ ခင်ဗျားမြဲမြဲမှတ်ထား ” တဲ့။
ထွန်းကိုကို ချာခနဲ လှည့်ထွက်သွား၏။ တံခါးဘုသီးကို ဆွဲလှည့်လိုက်လျှင်ပဲ သက်သက်ဝေ၏
“ မောင် ” ဟု ဒေါသတကြီးနဲ့ ခေါ်လိုက်သံကြောင့် သူ့ခြေလှမ်းတွေ တုန့်ခနဲ ရပ်တန့်သွားရသည်။
“ မောင် ကျွန်မနဲ့ လက်မထပ်ရင်
ကျွန်မ ဆီမှာရှိတဲ့ မောင်နဲ့ စိုင်းမင်းခန့် တို့
နမ်းနေတဲ့ ပုံတွေ ချက်ချင်း Facebook ပေါ်
ဖြန့်ပစ်လိုက်မယ် ”
သူမ၏ ခြိမ်းခြောက်သံသည် အေးစက်စွာ မာကျောကြမ်းရှလျက်ရှိသည်။ သူ ဟက်ခနဲ လှောင်ရယ်မိသွား၏။
သူ အခန်းပြင်ထွက်မသွားခင်မှာ သူမအတွက် အဖြေတခုခုပေးခဲ့ဦးမည်။ သူသည် သူမမျက်နှာကိုနောက်တစ်ကြိမ်မြင်ဖို့ စက်ဆုပ်လျက်ရှိတာကြောင့် လှည့်တောင်မကြည့်တော့ဘဲ နောက်ပြန် လက်ခလယ်ထောင်ပြလိုက်၏။
ထို့နောက် အခန်းပြင်သို့ ထွက်လာခဲ့ပြီး တံခါးကို ဂျိမ်းခနဲ အသံမြည်အောင် ဆောင့်ပိတ်ပစ်ခဲ့သည်။
I don't Fucking care ပဲ သက်သက်ဝေ။
ထွန်းကိုကိုသည် အတိတ်မေ့နေစဉ်တုန်းက စိုင်းအပေါ် ခါးခါးသီးသီး ဆက်ဆံခဲ့မိသည့် သူ့လုပ်ရပ်တွေနှင့်ပက်သက်၍ သူ့ကိုယ်သူ နာကြည်းဒေါသထွက်မှုက တစ်ဝက်၊ စိုင်းနှင့်ပက်သက်ပြီး စိတ်မကောင်းဖြစ်မှုကတစ်ဝက်ဖြင့် ထူပူလေးလံစွာ ဆေးရုံ အဆောက်အဦးထဲကနေ အပြေးအလွှားထွက်လာခဲ့သည်။ စိုင်းလေး နှင့်တွေ့လျှင်
သူ အရာအားလုံးကို မှတ်မိသွားပြီဖြစ်ကြောင်း
ဝမ်းသာအားရပြောပြပြီး စိုင်းလေးကို နွေးထွေးစွာပွေ့ဖက်
လိုက်မည်။ စိုင်းလေး ကျေနပ်တဲ့အထိ ဒူးထောက်ပြီး တောင်းပန်ဆိုလျှင်တောင် သူ နည်းနည်းလေးမျှ တွန့်ဆုတ်မနေဘဲ ချက်ချင်းဒူးထောက် တောင်းပန်လိုက်မည်။
သူ လော်ဘီကိုရောက်သောအခါ ဆင်ဝင်၌ အရေးပေါ်အခြေအနေဖြင့် ရောက်ရှိလာသည့်လူနာတစ်ယောက်နှင့်ပက်သက်၍ ရှုပ်ယှက်ခတ်လျက်ရှိသည်ကို တွေ့ရ၏။ သူ အထွက်ပေါက်သို့ ကိုယ့်ဇောနဲ့ကိုယ် လျှောက်လာချိန်၌ လူနာတင်လှည်းပေါ်က ကောင်လေးကို ပထမ သတိမပြုမိသေး။ ပါချုပ်ကြီးကိုလည်းမမြင်။ လူနာတင်လှည်းသူ့ဘေးကနေ ဖြတ်သွားခိုက် သူ ဖျပ်ခနဲ တစ်ချက်လှည့်အကြည့်မှာပဲ သတိလစ်မေ့မြောနေသော စိုင်းကို သူထိတ်လန့်တုန်လှုပ်စွာ တွေ့လိုက်ရပါတော့သည်။
“ စိုင်းလေး ”
သူ ချက်ချင်း စိုင်းလေးထံသို့ပြေးသွားလိုက်ပြီး လက်ဖဝါးတစ်ဖက်ကို စိုးထိတ်ပူပန်စွာဆုပ်ကိုင်လိုက်၏။ စိုင်း၏ လက်ဖဝါးများ ပူနွေးပျော့ပျောင်းလျက်ရှိသည်။
“ စိုင်းလေး ... စိုင်းလေး ဘာဖြစ်တာလဲ။ ဘာဖြစ်တာလဲဟင် ဆရာ ”
ပါချုပ်ကြီးက သူ့ကို ဖျပ်ခနဲမော့ကြည့်ပြီး အံ့အားသင့်ကာ ကြောင်အမ်းအမ်းဖြစ်နေပြီးမှအနည်းငယ် အေးစက်တုန်ယင်လျက်ရှိသော အသံဖြင့် ခပ်တန်းတန်းပြောလေသည်။
“ အိပ်ဆေးတွေသောက်ပြီး Sucide လုပ်တာ ”
ပါချုပ်ကြီးရဲ့ စကားသံက သူ့နားထဲသို့ ကျယ်လောင်စူးရှစွာ ဝင်ရောက်သွားပြီး ယိမ်းထိုးချောက်ခြားသွားရပါတော့သည်။ Emergency Room ထဲ၌ တာဝန်ကျ ဆရာဝန်တချို့ လိုအပ်သောပြုစုကုသမှုများ ပြုလုပ်နေစဉ် ထွန်းကိုကိုသည်
ခြေဖျားလက်ဖျားများ အေးစက်ကာ ရင်ဘတ်ထဲ ပူလောင်တင်းကျပ်လျက်ရှိတော့သည်။
သူ အရုပ်ကြိုးပြတ် ထိုင်ချလိုက်ပြီး ခေါင်းငိုက်စိုက်
ကျကာ ဆံပင်တွေကို လက်နှစ်ဖက်ဖြင့်အပေါ်သို့
ဆွဲသပ်လှန်ပစ်လိုက်သည်။
စိုင်း ဆေးပြားဘယ်လောက်ပမာဏ
သောက်လိုက်သလဲ ။ ဆေးသောက်ပြီးနောက်ပိုင်း
အချိန်ဘယ်လောက်ကြာကြာထိ မေ့မျောနေခဲ့ပြီ
လဲ ။ အဲသည် မေးခွန်းတွေကို ပါချုပ်ကြီးကို
မမေးမိအောင် သူ ကြိုးစားထိန်းချုပ်ထားရ၏။
တကယ်လို့ အဲမေးခွန်းတွေသာ သူ သိမယ်
ဆိုရင် စိုင်း၏ အခြေအနေတွေကို တွက်ဆခန့်မှန်း
ကြည့်လို့ရလောက်သည်။ သို့သော် သူ မေးကြည့်ဖို့ မဝံ့ရဲပါ။ ပါချုပ်ကြီး၏ မျက်နှာကို ခပ်ဆဆ အကဲခတ်ကြည့်တော့ အားရစရာအခြေအနေမရှိ။ မပြောကောင်း မဆိုကောင်း စိုင်းလေးသာ တစ်ခုခုဖြစ်သွားခဲ့လျှင် ... ။ ထွန်းကိုကို မျက်စိစုံမှိတ်လျက် ချက်ချင်း ထိုအတွေးကိုမောင်းထုတ်ပစ်ရသည်။
မကြာခင် တာဝန်ကျဆရာဝန်သည် ထွန်းကိုကိုတို့ဆီသို့
ခပ်မြန်မြန် ရောက်ရှိလာ၏။ ထိုဆရာဝန်၏နဖူးပြင်နှင့်နားထင်တစ်ဝိုက် ဇောချွေးများစိုလဲ့နေလျက်ရှိသည်။
“ စိုင်းလေး အခြေအနေဘယ်လိုရှိလဲ ဟင် ”
ထွန်းကိုကို ဆတ်ခနဲ မတ်တပ်ထရပ်ပြီး ရင်တထိတ်ထိတ်ဖြင့်မေးရသည်။ ဆရာဝန်က ပင့်သက်တစ်ချက်ရှိုက်ပြီး တည်ငြိမ်အေးဆေးသော လေသံဖြင့်ဖြေပါသည်။
“ အစာအိမ်ကို ဆေးလိုက်တယ် ဆရာ။ အခြေအနေကောင်းပါတယ် ”
ထွန်းကိုကိုသည် ဝမ်းသာအားရ ကျေနပ်သွားပြီး
ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ ခုံတန်းလျားလေးမှာ ပျော့ခွေယိုင်နဲ့စွာ ထိုင်လိုက်ရသည်။ ပါချုပ်ကြီးက ဆေးရုံအုပ်ကြီးတစ်ယောက်အနေနဲ့မဟုတ်တော့ဘဲ လူနာရှင်၏ ဦးလေးတစ်ယောက်အနေဖြင့် တာဝန်ကျဆရာဝန်အား ကျေးဇူးတင်စကားအထပ်ထပ်ဆိုနေလျက်ရှိသည်။
တာဝန်ကျဆရာဝန်သည် ပါချုပ်ကြီး၏ ကျေးဇူးတင်စကားကို မခံယူဝံ့သလို အားနာယဉ်ကျေးစွာ ငြင်းပယ်ပြီးနောက် အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။
“ တကယ်လို့ ဆရာ တစ်ချိန်ချိန်ကြ သတိပြန်ရခဲ့ရင် ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့နော်။
ကျနော် ဆရာ့ကို နားလည်ပါတယ်။ ဆရာ့ကို ကျနော် ခွင့်လွှတ်ပါတယ် ။ အဲတာကို မမေ့ပါနဲ့နော်
ဆရာ ”
စိုင်း ပြောခဲ့သော စကားသည် သူ၏ နားထဲ ပဲ့တင်ထပ် ကြားယောင်လာ၏။ ထွန်းကိုကိုသည် အတိတ်မေ့နေစဉ်က စိုင်းအပေါ် ရင့်သီးကြမ်းတမ်းစွာ ပြောဆိုဆက်ဆံခဲ့မိသည့် သူ့လုပ်တွေကို အသေးစိတ်တစ်ခုချင်းစီကို ပြန်လည်တွေးတောနေမိကာ နောင်တတရား၏ ဖိစီးမှုကို နင့်သီးနက်ရှိုင်းစွာ ခံစားလာရတော့သည်။ ထိုအခါနှလုံးသားတစ်ခုလုံး ဆုတ်ညှစ်ချေ လိုက်သလို တင်းကျပ်သွားကာ မျက်ရည်များစိမ့်အိုင်ကျလာပြီး
ပါချုပ်ကြီး၏ ရှေ့မှာပင် ထိန်းချုပ်မထားနိုင်တော့ဘဲ ခေါင်းငိုက်စိုက်ကျလျက် ရှိုက်တငင်ငင် ငိုမိတော့လေသည်။ စိုင်းက ခွင့်လွှတ်နိုင်ပေမယ့်
ကိုယ်ကတော့ ကိုယ့်ကိုကိုယ် ဘယ့်တော့မှ
ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး စိုင်းလေး။
ကိုယ်ဟာ စိုင်းလေးရဲ့ ကြီးမြတ်တဲ့ ချစ်ခြင်းတရားနဲ့ လုံးဝ မထိုက်တန်တဲ့ကောင်ပါ။