ဆယ်နှစ်မျှ ကြာမြင့်ပြီးနောက်..
လက်ထဲရောက်လာတဲ့ ဖိတ်စာကဒ်လှလှလေးကို ကျွန်မ ငေးကြည့်နေမိတယ်။ ငွေရောင်ဖိတ်စာလေးဟာ သေသေသပ်သပ်နဲ့ ဂရုတစိုက် ဖန်တီးထားတယ်ဆိုတာ သေချာတယ်။
အိတ်လှလှလေးတွေဆို သိပ်နှမြောတတ်တဲ့ ကျွန်မ ဖိတ်စာလေးကိုလည်း ဂရုတစိုက် အိတ်ထဲကနေ ထုတ်လိုက်တယ်။ အထဲက ပန်းပွင့်လေးတွေ ပုံဖော်ထားတဲ့ ငွေရောင် စာအုပ်လှလှလေး။
စာအုပ်ကို ကျွန်မလှန်ပြီး သတို့သား
နာမည်ကိုဖတ်ကြည့်ပြီးသည့်နောက်မှာတော့
"........တောင်မျက်စိအောက်တင် ကြီးလာလိုက်တာ။ အခုဘဲ အိမ်ထောင်ပြုတော့မယ်။"
မေမေ့ရေရွတ်သံကို ကြားတော့ ကျွန်မ ပြုံးလိုက်မိတယ်။ ယုံကြမလားမသိပေမယ့် ဖိတ်စာပေါ်က သူ့နာမည်ဟာ ကျွန်မကို နည်းနည်းလေးတောင် မတုန်လူပ်စေဘူး။
လူတွေမှာ တစ်နေ့မှာ ခွဲခွာရဖို့ဘဲ ဆုံတွေ့ခဲ့ရတာဆိုတဲ့ ဘယ်ဘုန်းကြီးဟောခဲ့တဲ့ ဘယ်တရားတော်ထဲမှာ ပါမှန်းမသိတဲ့ စာစုကို သွေးရူးသွေးတန်း ရေရွတ်ခဲ့ရတဲ့ နေ့ရက်တွေ လွန်မြောက်သွားခဲ့ပြီ။
ကံကြမ္မာရယ်..။ ခွဲခွာလိုက်စမ်းပါ။ ကျွန်မတို့နှစ်ယောက်ကို။ ဒီထက်ပိုဝေးကွာဖို့လည်း မရှိတော့ဘူး မဟုတ်လား။ သူလည်းလက်ထပ်၊ ကျွန်မလည်း ဂျပန်မှာ ပြန်ကျောင်းသွားတက်။
ကျွန်မစိတ်ထဲက လှောင်ပြောင်ရယ်မောနေမိရာမှ ရယ်သံတစွန်းတစက နူတ်ဖျားကနေ ထွက်ကျလာတယ်။
မေမေကတော့ ကျွန်မ ရယ်သံကြောင့် ကျွန်မကို လှည့်ကြည့်လာတယ်။ ဒီကလေးမ ဘာထကြောင်တာလဲ ဆိုတဲ့ အကြည့်မျိုး။ ကျွန်မ မျက်နှာပိုးကို ချက်ချင်း သပ်လိုက်ပြီး
"မေမေရော။ သူ့မင်္ဂလာဆောင် သွားမှာလား။"
"မသွားတော့ဘူးလေ။ သမီးဘဲ သွားလိုက်တော့။ ဒေါ်....(သူ့အမေ) ကတော့ တစ်အိမ်လုံးလာခဲ့ဖို့ ပြောနေတာဘဲ။ ဒါပေမယ့် မင်္ဂလာဆောင်ကို လူများများသွားလို့မကောင်းပါဘူးဟယ်။ "
မေမေ့စကားကြောင့် ကျွန်မရယ်မိတယ်။ မေမေကတော့ ခေါင်းတခါခါနဲ့ ပန်းအိုးထဲက ပန်းတွေကို အလှဆင်နေလေရဲ့။
အင်း...။ ကျွန်မဘဲ သွားရတော့မှာပေါ့။ ကျွန်မ မဟုတ်တဲ့ တခြားမိန်းမ တစ်ယောက်ကို လက်တွဲထားတဲ့ သူ့ကိုမျက်နှာချင်းဆိုင်ပြီး Congratulations တစ်ခွန်းပြောဖို့လောက်က ခက်ခဲတော့မယ် မထင်ပါဘူး။
💚
"မောင်လေး။ ဒါဘယ်လောက်ကျလဲ။"
ကျွန်မ ရေသန့်တစ်ဘူးနဲ့ တခြားအအေးဘူးတွေကို ကောင်တာပေါ်တင်ရင်း မေးလိုက်တယ်။ ABC ဝန်ထမ်းကောင်လေးဟာ ပစ္စည်းတွေကို ကောက်ကြည့်ရင်း သွက်သွက်လက်လက်ဘဲ တွက်ချက်နေတယ်။ ကျွန်မကတော့ ဘေးမှာ အနွေးထည်ဘေးအိတ်လေးထဲ လက်လေးနှစ်ဖက် ထည့်လျက်။
"၃၄၀၀ပါ အစ်မ။"
ကျွန်မငွေကို ထုတ်ရှင်းလိုက်ပြီး ပစ္စည်းထုတ်တွေကို ကောက်ယူပြီး အပြင်ထွက်လိုက်တယ်။ ရန်ကုန်ဝန်းကျင်ကို ဖြတ်သန်းလာတဲ့ ညဥ့်ယံရဲ့ လေပူတွေဟာ ကျွန်မကို ဆီးကြိုတယ်။
တက္ကစီသမားတွေ တချို့ဟာ အလုအယက်ကို ဝိုင်းခေါ်ကြပေမယ့် လမ်းလျှောက်ရတာကို သဘောကျတဲ့ ကျွန်မ လျစ်လျူရူလိုက်တယ်။တာမွေအဝိုင်းကနေ ကျွန်မတို့အိမ်ကို ဘယ်လောက် ဝေးတာမှတ်လို့။
ဘေးကနေ အရှိန်ပြင်းပြင်းမောင်းသွားတဲ့ ကားတွေက ကျွန်မကို ဖြတ်မတိုက်သွားရုံတမယ်ဘဲ။ ဒါပေမယ့်လည်း ခပ်ချေချေဘဲ ကျွန်မ လမ်းဆက်လျှောက်တယ်။
"....."
ကျွန်မနာမည်ကို လှမ်းခေါ်လိုက်တဲ့ အသံကို ကြားလိုက်ရတယ်။ ဦးနှောက်တင် မကဘူး။ နှလုံးသားကနေပါ မှတ်မိနေတဲ့ အသံပိုင်ရှင်။ ဒါပေမယ့် နားကြားမှားတာဘဲဆိုပြီး ကျွန်မ ခေါင်းတစ်ချက်ခါလိုက်ရင်း လမ်းဆက်လျှောက်တယ်။
အင်း..။ ဖိတ်စာကို ပြန်မြင်ပြီး သူ့ကို ပြန်မြင်ယောင် ကြားယောင်နေပြန်ပြီ။
"ဟေ့။......"
ဒီတစ်ခါတော့ ပြတ်ပြတ်သားသားကို ကြားလိုက်ခြင်း ဖြစ်တယ်။ မနေနိုင်တော့ဘဲ ချက်ချင်းဘဲ ကျွန်မ လှည့်ကြည့်လိုက်တယ်။
အနက်ရောင် ကားတစ်စီးပေါ်ကနေ ကျွန်မကို လှမ်းခေါ်နေတဲ့သူ။ ကျွန်မက သူ့ရှေ့အနည်းငယ် ရောက်နေတော့ သူက ကားကို
ရှေ့တိုးလာတယ်။
"စိတ်အေးအေးသာသာနဲ့ တစ်ယောက်တည်း လမ်းလျှောက်နေရအောင် ရန်ကုန်ကို တိုကျိုများမှတ်နေသလား။"
ထုံးစံအတိုင်း ကျွန်မကို အငေါ်တူးစကားနဲ့ အစပျိုးနူတ်ဆက်တော့တယ်။ သူနဲ့ စကားအချေအတင် မပြောချင်တာနဲ့ ကိုယ့်လမ်းကိုယ် ဆက်လျှောက်တယ်။
"တစ်ခုခုဆိုရင် နင့်အမေရင်ကျိုးနေမယ်။ လာ။ ကားပေါ်တက်။ ငါလိုက်ပို့ပေးမယ်။ "
အမေ့ကိုပါ ခေါင်းစဉ်တပ်နေပြန်ပြီ။ သူ့စကားကို နားမထောင်ချင်ပေမယ့် ရှေ့တပြလောက်က လမ်းမီးတိုင်တွေ မလင်းတာကို လှမ်းမြင်လိုက်ရတော့ အောင့်သက်သက်နဲ့ ကျွန်မ ကားပေါ်ကို တက်လိုက်တယ်။
ကားပေါ်ရောက်ရောက်ချင်း ခါးပတ်ကို ကောက်ပတ်လိုက်တယ်။ ပြီးတော့ အနောက်ကို ကျောမှီချ၊ ပြတင်းပေါက်ဘက်ကို မျက်နှာမူပြီး ထိုင်နေလိုက်တယ်။ ကျွန်မပုံစံက ကားပိုင်ရှင် ဆောင့်ကန်ချချင်လောက်စရာဘဲ။
သူများကားကိုလည်း တက်စီးသေးတယ်။ပြီးတော့ ပုံစံက ဆောင့်ကြွားကြွားနဲ့။ တကယ်တော့ သူနဲ့ စကားပြောချင်စိတ်မရှိတာဘဲ ဖြစ်တယ်။
"ညမိုးချုပ်ရင် မိန်းကလေးတစ်ယောက်တည်း အပြင်ထွက်လို့ မသင့်တော်ဘူး။နောက်ဆို မထွက်နဲ့။ "
ဆရာကြီးဟန်နဲ့ ပြောလာတဲ့ သူ့ကို ကျွန်မလှည့်ကြည့်မိတယ်။ ထုံးစံအတိုင်း သူ့ဆုံးမသြဝါဒတွေ လာပြီ။
မကြောက်တတ်လို့ဘဲ ဂျပန်လိုနိုင်ငံမျိုးမှာ တစ်ယောက်တည်း ကျောင်းသွားတက်နေတာကို သူမသိတာလည်း မဟုတ်။
အသက်ကြီးလာတဲနောက်ပိုင်း ပိုပါးစိပါးစပ်များလာပုံရတယ်။ ၃၈ဖြာ မင်္ဂလာနဲ့အစမချီတာဘဲ ကျွန်မ ကျေးဇူး တင်ရမလိုဘဲ။
"ငါအကောင်းနဲ့ပြောနေတာ။ မိန်းကလေးဖြစ်ပြီး အနေအထိုင် အသွားအလာ ဆင်ခြင်။"
စကားပြောတဲ့ဟန်ဟာ အထက်စီးကပေမယ့် သူစိတ်ပူလို့ ပြောနေတာဘဲလို့ တွေးလိုက်မိတော့ ရင်ဘတ်ထဲက သိမ့်ခနဲ ခုန်လာပြန်တယ်။
တကယ်ဆို သူ့နဲ့ ကျွန်မဆက်ဆံရေး
ဟာ အေးစက်သွားတယ်ဆိုပေမယ့် မေးထူးခေါ်ပြောတော့ရှိခဲ့သေးတယ်။ မိဘတွေက ရင်းနှီးတော့ ရှောင်ချင်ရင်တောင် လုံးဝရှောင်လို့မရ။တစ်တိုက်ကျော်လေးတင် နေတော့ ပိုဆိုး။မေ့ချင်လို့ မမြင်ချင်ဘူးလို့. ကြိတ်အော်နေလည်း မြင်နေရသေးတာက သောက်ကျိုးနည်းခဲ့တာဘဲ။
မှတ်မှတ်ရရ သူပထမဆုံးရည်းစားရတုန်းကဆို ဆောင့်ကြွားဆောင့်ကြွားနဲ့ လူရှေ့သူရှေ့ လမ်းသလား ပြလွန်းလို့ "ကောင်မလေးက ချောလိုက်တာ။ နင်နဲ့တောင် မတန်ဘူး။ "လို့ ပိတ်ပြောခဲ့သေးတာ။ ရင်ဘတ်ထဲက သေ လောက်အောင် နာကျင်နေပေမယ့်လို့ပေါ့။
ဒီလိုဘဲ။ လမ်းတွေ့ရင် စိတ်လိုလက်ရရှိနေချိန် ပြုံးပြတတ်သလို စိတ်မလိုရင်တော့ မျက်စောင်းပိတ်ထိုးမိသေးတာ။ သူချေကိုယ်ချေအထာနဲ့ နှစ်ကောင်သား နေလာခဲ့တာ ဆယ်နှစ်ရှိခဲ့ပြီ။ သူ့ဆီက ဒီလောက်ထိ တရင်းတနှီး စကားပြန်ပြောတာကတော့ ပထမဆုံးဘဲ။ ဒါကလည်း သူ့မျက်လုံးထဲ ကျွန်မ ညဘက်အပြင်ထွက်တာ တော်တော့်ကို ထော်လော်ကန့်လန့်ဖြစ်နေလို့ဖြစ်မယ်။
"ပြန်ရောက်တုန်းလေး ငါ့သူငယ်ချင်းဆီသွားလည်နေတာနဲ့ နောက်ကျသွားတာ။ နင်ရော.."
" မင်္ဂလာဝတ်စုံသွားရွေးတာ။"
အောက်နူတ်ခမ်းကို ကျွန်မဖိကိုက်လိုက်မိတယ်။သူကတော့ ရှေ့တည့်တည့်ကိုသာ ကြည့်ရင်း ကားမောင်းနေလေရဲ့။
မေးမိတဲ့ ကိုယ့်ကိုယိသာ ကျိန်ဆဲမိတော့တယ်။ ရင်ဘတ်ထဲက အောင့်တက်သွားတာများ ကြောက်ခမန်းလိလိဘဲ။ နှလုံးရောဂါများသာရှိနေရင် ချက်ချင်းကောက်ကတ်သေ သွားလောက်တယ်။
ဒီပုံစံနဲ့ဆို မင်္ဂလာပွဲသွားဖို့ တော်တော်စဉ်းစားရတော့မယ်။
"....က မင်္ဂလာဝတ်စုံကို စိတ်တိုင်း မကျဘူးလေ။ပြန်ပြင်ထားရတယ်။ သန်ဘက်ခါမှလာပြန်ရွေးရမှာ။ ...ကအရမ်းဇီဇာကြောင်တာဘဲ။ "
ကျွန်မ စကားတစ်လုံးတစ်လေမျှတောင် မထွက်နိုင်လောက်အောင် ဆွံအနေချိန်မှာ သူကတော့ အေးသူ့သတို့သမီး အကြောင်းတောင် ရေပက်မဝင် ပြောနေသေးတယ်။
ဒီအခြေအနေကြီးကို ကျွန်မမုန်းလိုက်တာ။ ကျွန်မက တဆစ်ဆစ်နဲ့ နာကျင်နေသလောက် သူကတော့ အေးဆေးလွန်းနေတာ ဘယ်လောက်တောင်ခံရခက်လိုက်သလဲ။ လက်ထပ်ခါနီး သတို့သားနစ်ယောက်ရဲ့ အပျော်တွေဟာ သူ့မျကိနှာပေါ်မှာ အတိုင်းသားမြင်နေရတယ်။
"နင်ကျောင်းမပြီးသေးဘူး မဟုတ်လား။"
"အင်း။ တစ်နှစ်ကျန်သေးတယ်။"
"ဘယ်တော့ပြန်ရမှာလဲ။"
"မနတ်ဖြန်မှလေယာဉ်လက်မှတ်သွားကြည့်မှာ။"
သူမေးတဲ့မေးခွန်းတွေကို ကျွန်မ အောင့်သီးအောင့်သက်နဲ့ ဖြေနေရတယ်။ တကယ်က တိတ်တိတ်လေး ငြိမ်နေချင်တော့တာ။ မဖြေပြန်ရင်လည်း ကျွန်မက သူ့အပေါ်အခုထိ ခံစားချက်ရှိနေတယ်လို့ သကောင့်သား ဘဝင်ရူးက ထင်သွားဦးမယ်။
"နင်ရော ဘယ်တော့စားရမှာလဲ။ မိန်းကလေးတွေက အိမ်ထောင်ပြုနောက်ကျတာ သိပ်ကောင်းတာ မဟုတ်ဘူး။"
ခပ်သော့သော့ရယ်ရင်း သူကမေးတယ်။ ကျွန်မရင်ထဲ ခဲဆွဲထားသလို လေးလံသွားရတယ်။ နှစ်ယောက် သုံးယောက်လောက်ကိုတွဲခဲ့ဖူးပေမယ့်လို့ အဆင်မပြေဘဲ ကွဲကြပြဲကြတာဘဲ။ကျွန်မ နှလုံးသားက သူ့နေရာမှာ ဘယ်သူမှ အစားထိုးလို့မရဘူး ထင်ပါတယ်။
"စိတ်ချစမ်းပါ။ ငါ့မိဘတွေရှိနေသရွေ့ ငါယောင်္ကျားရဖို့ မပူရဘူး။ သူတို့ မသေခင်တော့ ငါ့ကို အိမ်ထောင်ချပေးသွားမှာဘဲ။"
ခပ်ရွဲ့ရွဲ့စကားကို သူကရယ်မောတယ်။ လှောင်ခြင်း ပြောင်ခြင်း အလျင်းမရှိ။သူ ကျွန်မစကားကို သဘောကျလို့ ရယ်တာဘဲ ဖြစ်လိမ့်မယ်။ အဲ့လိုကျပြန်တော့လည်း စိတ်ကတိုပြန်ရော။
သူကျွန်မအပေါ်ထားခဲ့တဲ ခံစားချက် ဆယ်ကျော်သက်အရွယ် စိတ်ကစားမူအနေနဲ့သာ ပျောက်ဆုံးသွားပြီလား။ မတရားလိုက်တာ။ ကျွန်မ မှာတော့ နေ့ရှိသရွေ့ သူ့ကို သတိရမိနေတုန်း။ တစ်ချိန်က အမှတ်တရတွေကို ပြန်ပြောင်းလွမ်းမိနေတုန်း။
အသက်ကို တစ်ချက်ရိုက်သွင်းပြီး ရူလိုက်တယ်။ သူ့ရယ်သံကပျောက်ရှသွားပြီး
တိတ်ဆိတ်သွားတဲ့ အခြေအနေတစ်ခုမှာ ကျွန်မ ကားပြတင်းအပြင်ဘက်ကိုသာ ငေးကြည့်နေလိုက်တယ်။
"နင့်အိမ်ရောက်ပြီ။"
သူ့ဆီကစကားသံကြားရတော့မှ ကျွန်မ ဘေးဘီဝဲယာကို သေချာကြညိ့မိတော့တယ်။ ကျွန်မတို့ တိုက်ရှေ့မှာ ရောက်နေပြီ။ ကျွန်မ ကားတံခါးကို ဖွင့်လိုက်ပြီး ဆင်းဖို့ ခြေတစ်ဖက်ကို မြေကြီးပေါ်ချလိုက်ချိန်
"နင်ငါ့အပေါ်ဘာခံစားချက်မှမရှိတော့ဘူးလား။"
သူတအံ့တသြဟန်နဲ့ ကျွန်မကို လှည့်ကြည့်လာတယ်။ သူ့မျက်ခုံးနက်နက်နှစ်ဖက်က အပေါ်ကို မြင့်တက်လျက်။ ကျွန်မခေါင်းလေးစောင်းရင်း သူ့ဆီက အဖြေကို အတန်ကြာတဲ့အထိ စောင့်တယ်။ သူဘာမှ မဖြေ။
ဝမ်းနည်းစိတ်နဲ့အတူ ရှက်ရွံ့စိတ်က ရင်ထဲကလိုက်တက်လာတယ်။ ချုံးပွဲချငိုချတော့မယ့် ကျွန်မရဲ့ပုံကို သူ့ကို မမြင်စေချင်တာနဲ့ ကားပေါ်က ခပ်သွက်သွက်ဆင်းလိုက်ပြီး တိုက်လှေကားဆီကို ဦးတည်လိုက်တယ်။
"ငါ့အဖြေကိုသိတော့ရောဘာထူးမှာလဲ။"
သူမေးခွန်းတစ်ခုကို ကျွန်မခြေလှမ်းတွေကို ရပ်တန့်သွားစေဖို့ လုံလောက်တဲ့ အခိုက်အတနိ့မှာ ကျွန်မ အကြားအာရုံက အလိုအလျောက် နိုးကြားပြီးဖြစ်တယ်။
"အခုအချိန်မှတော့ ဘာမှပြန်ပြောင်းလဲလို့မရ.."
"ငါနင့်ကိုချစ်တယ်ဆိုရင်ရော...။"
ကျွန်မပြောပြီးတာနဲ့ တဆက်တည်း နောက်ကို လှည့်ကြည့်လိုက်တယ်။ ဒီအချိန်မှာ ပြောင်းလဲသွားမယ့် သူ့မျက်နှာ အမူအရာ သေးသေးလေးကအစ ကျွန်မ မလွတ်တမ်း ကြည့်ချင်တယ်။ လူတစ်ယောက်ကို အမှန်တကယ်လက်လွတ်ဆုံးရူံးရတယ်ဆိုတာ ဘယ်လိုမျိုးလဲ သူ့ကို ခံစားကြည့်စေချင်တယ်။ အထူးသဖြင့် ကိုယ့်ကိုချစ်နှင့်ပြီးတဲ့ လူတစ်ယောက်ကို။
ကျွန်မနည်းတူ ငေးကြည့်နေတဲ့ သူ့မျက်ဝန်းတွေဟာ အံ့သြမူကတဝက်၊ ဆွေးမြည့်ရိပ်ကတဝက်။
ဒါပေါ့။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကျွန်မမျက်ဝန်းတွေနဲ့ ထပ်တူဘဲ။
"နင်ငါ့အနားကထွက်သွားတော့မှ နင့်တန်ဖိုးတွေသိပြီး အတင်းပြန်ကုတ်ကတ်ပြီး ဆွဲခေါ်တာလည်း မဟုတ်ဘူး။"
သူ့ဆီမှာ စကားလုံးတွေပျောက်ရှနေတာကို အခွင့်ကောင်း ယူပြီး ကျွန်မ ချည့်ဘဲ ဆက်တိုက်ပြောနေခဲ့တယ်။
"ငါက နင့်ထက်ကို အရင်စောပြီး နင့်ကို ချစ်ခဲ့တာ"
ကျွန်မရဲ့ ဘယ်ဘက်ပါးပြင်ဟာ ပူခနဲဘဲ။
ပထမဆုံးအနေနဲ့ သူ့ရှေ့မှာ မျက်ရည်ကျသွားခဲ့တယ်။အိမ်ရှေ့က လမ်းမီးတိုင်းမှာ လက်ခနဲ ဖြစ်သွားတဲ့ မျက်ရည်စကို သူမြင်လိုက်ပုံရတယ်။ ချက်ချင်းဘဲ ကျွန်မ ဆီကို ပြေးလာဖို့ သူခြေလှမ်းပြင်လိုက်တယ်။
"ရတယ်။ နင်မလာနဲ့။ ငါအဆင်ပြေတယ်။"
မျက်ရည်ကိုလက်ဖမိုးနဲ့ ဖိသုတ်လိုက်ပြီး ကျွန်မသူ့ကိုအော်ပြောလိုက်တယ်။ ပြီးတော့ တစ်ယောက်တည်း တဟီးဟီးနဲ့ ရယ်တဲ့
ကျွန်မကို သူ စိတ်မသက်မသာနဲ့ ကြည့်တယ်။
"ပြီးတော့ ငါ့ကို အဲ့လိုမျက်လုံးမျိုးနဲ့ လာမကြည့်နဲ့။ အသနားခံချင်လို့ ပြောနေတာ မဟုတ်ဘူး။ "
သူကျွန်မကို ငေးကြည့်နေတဲ့ မျက်ဝန်းတွေကို သဘောမကျလို့ ကျွန်မလှမ်းအော်ပြောလိုက်တယ်။
"ငါ့ရင်ထဲကမြိုသိပ်ထားတာတွေကို
ပြောပြချင်ရုံဘဲ။ ပြောလိုက်ရရင် ငါကျေနပ်သွားပြီ။ သိပ်မကြာခင် နင်က နခြားတစ်ယောက်ရဲ့ သက်ဆိုင်သူဖြစ်တော့မှာ။ ငါပြောခွင့်ရတော့မှာ မဟုတ်တော့ဘူး။ဟင့်.."
တသက်လုံး ငိုဖို့မကျန်တော့ဘူးထင်ခဲ့တဲ့ မျက်ရည်တွေက ဗုံးဘောလအောကို စီးကျလာတော့တယ်။ ကျွန်မပုံစံက သူ့ရှေ့မှာ အရမ်းကို ရုပ်ပျက်ဆင်းပျက်နိုင်နေပြီ။ခပ်တည်တည်နဲ့ ပြောချပစ်နိုင်မယ်ထင်ခဲ့တာ။ နောက်ဆုံးတော့ မျက်ရည်ပင်လယ်နဲ့ အဆုံးသတ်ရတာ ကျွန်မဘဲ။
"ဒါဘဲ။ ငါအိမ်ပေါ်တက်တော့မယ်။"
ကျွန်မ မျက်ရည်တွေကို ရှက်ရွံစွာနဲ့ လက်နှစ်ဖက်လုံးနဲ့ ဖိသုတ်လိုက်ပြီး လှေကားထစ်တွေပေါ် ပြေးတက်သွားတဲ့ ကျွန်မကို သူလှမ်းမတားခဲ့ဘူး။ လှမ်းတားဖို့ကိုလည်း ကျွန်မ မမျှော်လင့်တော့ဘူး။ ချုပ်ထိန်းခဲ့ရသမျှ ချစ်ခြင်းတရားတွေဟာ ဒီနောက်ဆုံးသော မျက်ရည်တွေနဲ့ အတူ ပျောက်ကွယ်သွားဖို့ မျှော်လင့်တယ်။ ချစ်ရတာ သိပ်ကို နာကျင်လွန်းနေခဲ့ပြီမို့....။
💛
"မေမေ..သမီးလေဆိပ်ထဲရောက်ပြီ။"
မေမေ့ကို ဖုန်းဆက်ရင်း ကျွန်မလေဆိပ်ထဲ ဝင်လာလိုက်တယ်။ မေမေ့ဘက်က အေး ဂရုစိုက်။ဟိုရောက်ရင် Video Callခေါ်လို့သာ ပြောပြီး ဖုန်းချသွားလေရဲ့။ ကြည့်ရတာ မေမေ မင်္ဂလာပွဲကို ရောက်နှင့်နေပြီ ထင်တယ်။ တမင်ကို မင်္ဂလာပွဲနေ့ကိုမှ လေယာဉ်လက်မှတ်ကို ရွေးချယ်ဝယ်ယူလိုက်တဲ့ ကျွန်မအစား မေမေကတော့ မင်္ဂလာပွဲ တက်ရနေလေရဲ့။
ဖုန်းပြန်ပြောဖြစ်ရင်တော့ သတို့သမီးကဘယ်လို သတို့သားက ဘယ်ကဲ့သို့ ဘာညာဆိုပြီး ပေါက်ပေါက်ဖောက်နေဦးမှာဘဲ။ ကျွန်မ စိတ်မဝင်စားလည်းဘဲ နားထောင်ရဦးမှာဘဲ။ သတို့သားနဲ့ သတို့သမီးက ဘယ်လောက်ထိ လိုက်ဖတ်တဲ့ အကြောင်းပြောလာရင်တော့ ကျွန်မ မစ္တိရစိတ်တွေ ပွားမိမယ်ထင်တယ်။
ကျွန်မသက်ပြင်းကို ဟင်းခနဲ ချလိုက်မိတယ်။ ကျွန်မသူ့ကို မေ့ဖို့လုံးဝဆုံးဖြတ်လိုက်ပြီ။ မရရအောင်ကို မေ့မယ်။ သူများ ကာမပိုင် ယောင်္ကျားကြီး စိတ်နဲ့ ပြစ်မှားမိရင်လည်း ကာမေသု ကံ မြောက်တာဘဲ။ ဒါကိုမှ မေ့မရဘဲ ကျွန်မသူ့ကိုဘဲ သတိတရ တမ်းတမ်းစွဲနေရင်တော့ ကျွန်မဝဋ်ကြွေး တယ်ကြီးတာဘဲ။ ဖန်တစ်ရာ တေအောင်ကို ဆပ်လို့ကုန်နိုင်မှာမဟုတ်ဘူး။
သက်ပြင်းတွေအလီလီချ၊ အတွေးတစ်ပုံတပင်နဲ့
ကျွန်မ ဖုန်းကို ဘောင်းဘီအိတ်ထဲ ထိုးထည့်ပြီး ကောင်တာဆီသွားကာ လက်မှတ်သွားပြလိုက်တယ်။
အထုတ်တွေ ဘာတွေ အပ်ပြီးတော့ အချိန်အနည်းငယ်ရသေးတာမို့ ကော်ဖီဆိုင်တစ်ခုမှာ ကော်ဖီ ဝင်သောက်လိုက်သေးတယ်။
ကျွန်မရဲ့အခုပုံစံကတော့ လုံးဝ အေးအေးဆေးဆေးဘဲ။ ဘယ်တော့မှ ထဖောက်မလဲမသိ။ facebook newsfeedပေါ်တက်လာတဲ့ မင်္ဂလာဦးပုံတွေ၊ ဟန်းနီးမွန်းပုံတွေကို မြင်ယောင်လိုက်တော့ ကျွန်မ တစ်လလောက် facebook မသူံးဖို့ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်တော့တယ်။
နာရီကိုတစ်ချက်ကြည့်လိုက်ပြီး ကျွန်မ အပေါ်တက်ဖို့ ပြင်လိုက်တယ်။ကွင်းချိန်းထက် အချိန်အတန်တောင်လင့်နေပြီ။
စက်လှေကားဆီကို ကျွန်မဦးတည်ပြီးအသွား..
"မျောက်...!"
ကျွန်မခြေလှမ်းတွေ တုံ့ခနဲ ရပ်သွားတယ်။
တစ်လောကလုံးမှာ သူတစ်ယောက်တည်းခေါ်တဲ့ ကျွန်မအတွက် သီးသန့်နာမ်စား။ ကျန်တဲ့နေရာမှာ ယုံကြည်မူ ပြင်းထန်သလောက် ဒီနေရာမှာ မယုံမရဲဖြစ်နေမိတဲ့ ကျွန်မ ခြေလှမ်းတွေဟာရှေ့လည်း မတိုးနိုင်၊ နောက်လည်း မဆုတ်နိုင်။
မောကြီးပန်းကြီး အသက်ရိုက်ရူသံတွေက ကျွန်မ နောက်ထံပါးကနေ ထွက်ပေါ်လာတဲ့နောက် ကျွနိမ လှည့်ကြည့်လိုက်မိတယ်။
ကျွန်မအမြင်မှောက်တာများလားလို့ ထင်လိုက်မိပေမယ့် သူမှ သူအစစ်ရယ်ပါ။ မိုးပြာရောင် သတို့သားဝတ်စုံ ကြီးနဲ့ သူ့ပုံစံကြီးက ကို့ရိုးကားရား ဖြစ်နေတယ်၊ ခေါင်းမှာတော့ မောင့်ကျက်သရေ ခေါင်းပေါင်းတောင် မရှိရှာ။
ဒင်း မင်္ဂလာပွဲကနေ ထွက်ပြေးလာတာလား?!!!
"ပြောချင်ရာပြောပြီး ဒီအတိုင်းထွက်သွားလို့ ရမယ်ထင်လား။"
ကျွန်မကို အသံကျယ်ကျယ်နဲ့ လှမ်းအော်ပြောတယ်။သူ့မျက်နှာဟာ ချွေးတွေပြန်ပြီး နီရဲတွတ်နေရောဘဲ။ သူ့စကားကြောင့် ကျွန်မတောင် အူတူတူဖြစ်သွားတယ်။
မောဟိုက်နေတဲ့အရှိန်နဲ့ သူ့မှာစကားတစ်လုံး တစ်လုံး ပြောဖို့ အရေးတော်တော်အားယူနေရဟန်ရှိတယ်။
ကျွန်မသူ့ကို ကြောင်ကြည့်နေရင်းမှာ သူဒူးကိုလက်နဲ့ ထောက်ပြီး ကုနိးနေရာမှ ခါးကိုပြန်မတ်ပြီး ရပ်လိုက်တယ်။
"ငါနင့်ကိုချစ်နေတုန်းဘဲ..."
ဘာ...ဘယ်လို..။
ကျွန်မမျက်နှာကြီး ရေနွေးနဲ့ အပက်ခံလိုက်ရသလိုကို ပူထူသွားတယ်။ ဒင်း လေဆိပ်ထဲမှာအော်ကြီးဟစ်ကျယ်နဲ့ လာအရှက်ခွဲလေသလားဘဲ။ ဘေးဘီပတ်လည်ကို ကြည့်လိုက်တော့ မင်းသားနဲ့ မင်းသမီး ရုပ်ရှင်ရိုက်နေကြတယ် ထင်နေသလားမသိ။ သိသိသာသာ တစ်မျိုး၊ မသိမသာ တစ်စုံ ကျွန်မတို့ ကြည့်နေကြတယ်။
ဟာ..။ဒီကောင်ကတော့..
ကျွန်မဒီတိုင်းရပ်မနေနိုငိတော့။ သူ့ဆီကို တန်းတန်းမတ်မတ် လျှောက်သွားပြီး သူ့ရှေ့မှာ ခြေစုံရပ်လိုက်တယ်။
"စောက်ရူးကောင်.."
ဘလိုင်းကြီး ဆဲခံလိုက်ရတာကြောင့် သူရူးရူးရှဲရှဲဖြစ်သွားတယ်။ ကျွန်မက စကားက သူ့ရင်ဝကို ဆောင့်ကန်လိုက်သလိုဘဲကို။
"ဟိုနေ့ညကတည်းက ပြောပါလား။ အခုကျငါ့လက်မှတ်ဆုံးပြီ!"
ကျွန်မရဲ့ ဆူဆောင့်ဆောင့်စကားအဆုံး သူအနည်းငယ် ကြောင်သွားတဲ့ ဟန်ဘဲ။မျက်လုံး အဝ်ုင်းသား ဖြစ်သွားရှာတယ်။ ခဏနေမှ မျကိလုံးတွေ ပိတ်လောက်
အောင် သူဟက်ဟက်ပက်ပက် ရယ်မောတော့တယ်။
"ဒါဆိုမသွားတော့ဘူးပေါ့။"
သူ့စကားကို
ကျွန်မ ပြုံးပြီး ခေါင်းခါပြလိုက်တယ်။ ဆယ်နှစ်လောက်စောင့်ဆိုင်းခဲ့ရတဲ့ ကံကောင်းခြင်းတရားက ကျွန်မဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတဲ့ အချိန်မှာ ကျွန်မအနေနဲ့ ဘယ်လိုမှ လက်လွတ်ခံမှာ မဟုတ်တော့။
သူလည်း ကျွန်မနဲ့ ထပ်တူ ပြုံးနေတယ်။ အသင့်စောင့်ဆိုင်းနေတဲ့ ရင်ခွင်ကျယ်ထဲကို မရှက်မကြောက်ဘဲ ကျွန်မ တိုးဝင်လိုက်တော့တယ်။
ဟိုး....အချိန်ကာလတွေတုန်းက...
ထီးမိုးပေးခဲ့စဉ်အခါက ရင်ခွင်ကျယ်ဟာ ယခုထိတိုင် မပြောင်းမလဲဘဲ။
နွေးထွေးတယ်။ လုံခြုံတယ်။ ပြီးတော့.....
သူ့ဆီက ချစ်မြတ်နိုးခြင်းကို ကျွန်မ ခံစားရတယ်။
ပြီးပါပြီ....။
💜💙💛💚💜💙💛💚💜💙💛
ချစ်တာကို ချစ်ပါတယ်လို့ ပြောရတာ ရှက်စရာမဟုတ်သလို ချုပ်ထိန်းရမယ့် စည်းကမ်းတစ်ရပ်လည်း မဟုတ်ဘူး။
ဘယ်လောကကျင့်ဝတ်ကမှ ချစ်ခြင်းတရားကို ပိတ်ပင်တားဆီးဖို့ မပြဌာန်းခဲ့ဘူး။
နှလုံးသားရှိသူတိုင်း ဟန်ဆောင်ခြင်းတရား ကင်းမဲ့စွာ ချစ်ခြင်းတရားကို ခံစားနိုင်ကြပါစေ....။
ချစ်ခြင်းများစွာဖြင့်
သက်တန့်ရောင်
၂၁.၅.၂၀၁၈