ဆူး
By akyinnamon
2.1M 212K 13.2K
(Unicode & Zawgyi) သူက ကျွန်တော့်ရဲ့ နှလုံးသားမှာ စိုက်ဝင်နေတဲ့.....ဆူး.....။ More
Intro (Unicode)
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
ဇာတ်သိမ်းပိုင်း
စာအုပ်လေးသိမ်းထားနိုင်ပါပြီ
Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
ဆူး 2nd Intro
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 48
Part 49
ဇာတ်သိမ်းပိုင်း
Thankyou all
ဆူး (အခန်းဆက်​)
Part 47
18.8K 2.2K 80
By akyinnamon
တဖွဲဖွဲရွာနေသော မိုးစက်များသည် အခန်းထဲမှ အပြင်မထွက်ဖို့ တားနေသလို။ စွတ်စိုထိုင်းမှိုင်းမှုက ပြတင်းမှန်များကြားမှ တိုးဝင်လာနေသည်လားဟု အထင်မှားရသည်။ ဟိုတယ်ခန်းမ၏ စားသောက်ခန်းတွင် မနက်စာစားနေသော ဒီမိုးယံတို့နှစ်ယောက်စလုံး၏ မျက်နှာများက မသာယာ။
"ဒီအတိုင်းဆိုရင် ဘယ်မှသွားလို့ရမှာမဟုတ်ဘူး။"
ဒီမိုးယံလေသံက အားမရှိ။ ဒီမှာက မိုးရွာသည်ဆိုလျှင် စိုရုံသာမဟုတ်။ အရိုးကွဲအောင် အေးသေးသည်။ လေကလည်း ကြမ်းနေသည်ကို အခန်းပြင်မှ သစ်ပင်များနှင့် သစ်ကိုင်းများယိမ်းထိုးနေသည်ကို ကြည့်လိုက်ရုံနှင့် သိနိုင်သည်။ ပင်စည်ရော၊ အကိုင်းတွေပါ လေအရှိန်နှင့် တခြမ်းစောင်းနေသည်မှာ ပြန်မတ်မလာနိုင်။ ဒီလေနှင့်သာဆိုလျှင် ထီးဖွင့်လိုက်သည်နှင့် ကိုင်းကျိုးလျှင်ကျိုး၊ မဟုတ်လျှင် ပြောင်းပြန်ပက်လက်ဖြစ်သွားမှာ သေချာသည်။
"မသွားဘဲတော့ မနေနိုင်ပါဘူးကွာ။ လည်ဖို့က သုံးရက်ပဲအချိန်ရတာ။ ဒီနေ့က ဒုတိယနေ့။ သဘက်ခါဆို မင်း rehearsal တွေစပြီး မအားဘူးဆို။"
"အင်း။ အဲဒါတော့ဟုတ်တယ်။"
ဒီမိုးယံ ကော်ဖီခွက်ကို မော့သောက်ရင်း မျှော်လင့်ချက်ကြီးစွာဖြင့် အပြင်ကိုလှမ်းကြည့်ပေမယ့် လေတိုက်နှုန်းသည် သူ မျှော်လင့်နေသလို လျော့မသွားပါ။
"ပြတိုက်ပဲသွားရအောင်ကွာ။"
ပါရီမြို့မှာ သူ အရောက်ချင်ဆုံးပြတိုက်နှစ်ခုရှိသည်။ အင်ပရက်ရှင်းနစ်ပန်းချီကားများ စုဝေးတည်ရှိရာ Orsay museum နှင့် Lourve ပြတိုက်ကြီးဖြစ်သည်။ ကမ္ဘာ့သမိုင်းဝင်ပန်းချီများ၊ ရှေးဟောင်းအမွေအနှစ်များ၊ ရုပ်တုများကို ထိန်းသိမ်းထားရသည့်နေရာများဖြစ်၍ သူ ရောက်ဖူးချင်သည်။ နောက်ပြီး ပန်းချီအကြောင်းကို နကန်းတစ်လုံးမှ နားမလည်ပေမယ့် ခံစားကြည့်ချင်သည်။ မိုးရွာကာ လည်ပတ်ရန်ခက်ခဲသော ဒီလိုနေ့ရက်များအတွက် မိုးလုံလေလုံနေရာတစ်ခုဖြစ်သော ပြတိုက်သည်သာလျှင် သွားရောက်လည်ပတ်ဖို့ အသင့်တော်ဆုံးဖြစ်လိမ့်မည်ဖြစ်သောကြောင့် ရှိုင်းထွဋ်ကိုတိုက်တွန်းဖြစ်ခြင်းဖြစ်သည်။
"အင်း။ ပြတိုက်ဖြစ်ရင်ပြီးရောမဟုတ်လား။"
"အေးလေ။ အဲဒါဆို ဘယ်လောက်မိုးရွာရွာ ဘာမှမဖြစ်ဘူး။"
"အိုကေ။"
အလွယ်တကူသဘောတူပြီး မနက်စာ croissant မုန့်တစ်ခုကို အားရပါးရ ကိုက်စားနေသည့် ထွဋ်ထွဋ်ကို နည်းနည်းတော့ သံသယ၀င်မိသည်။ မနေ့ညက လည်မည့်နေရာများကို ငြင်းခုံရင်း သူတို့တော်တော်နှင့် အိပ်မပျော်ခဲ့ကြ။ ဒီမိုးယံက orsay နဲ့ lourve ပြတိုက်ကို သွားချင်သလို ရှိုင်းထွဋ်က ခြေညောင်းခံလျှောက်ပြီး မတ်တပ်ရပ်ကြည့်ရမည့် ပြတိုက်များမှလွဲလျှင် အခြားဘယ်နေရာကိုမဆို သွားချင်သည်။ အခုမှ ထူးထူးခြားခြားသဘောတူနေသည်မှာ အနည်းငယ် အံ့သြစရာတော့ ကောင်းသည်။ အငြိုးကြီးပြီး ရွာနေသည့် မိုးကိုပင် ကျေးဇူးတင်ရမည်လားမသိ။ ဒါပေမယ့် ဒီမိုးယံ တွက်ကိန်းမှားသွားသည်ကို တက္ကစီပေါ်ရောက်မှ နားလည်သည်။
ရှိုင်းထွဋ် သွားချင်သည့်ပြတိုက်က Orsay လည်း မဟုတ်သလို Lovurve လည်း မဟုတ်ပါ။
ငါးပြတိုက်ဖြစ်နေသည်။
တည်ရှိနေရာက Eiffel Tower ကို ဓါတ်ပုံရိုက်ရန် အကောင်းဆုံးနေရာဟု သတ်မှတ်ထားသည့် Marine Museum ဘေးနားမှာဖြစ်သည်။ များသောအားဖြင့် Eiffel Tower ကိုနောက်ခံပြီး ဓါတ်ပုံရိုက်နေကြသော ခရီးသွားများဖြင့် ပြည့်နေတတ်သည့် ပြတိုက်ဘေး ကွက်လပ်နေရာမှာပင် ဘယ်သူမှ ရှိမနေ။ ဇွဲကောင်းလွန်းသည့် ကမ္ဘာလှည့်ခရီးသွား သုံး၊လေးယောက်လောက်ကိုသာ မိုးကာအကျီင်္များဖြင့် တွေ့ရသည်။ သူတို့နှစ်ယောက်လုံးမှာလည်း ထီးမပါပါ။ ကုတ်အကျီင်္လက်ရှည်ကိုသာ ခေါင်းစွပ်ကိုမတင်ကာ မိုးစက်များကြား လျှောက်ခဲ့ကြသည်။ မိုးကသည်းသည်တော့မဟုတ်။ ဒါပေမယ့် ခပ်ကြမ်းကြမ်းလေပြင်းနှင့် ချမ်းအေးမှုကြားမှာ မျက်စိပင် ကောင်းကောင်းဖွင့်လို့မရချင်။ Eiffel Tower ကြီးကိုတောင် အဖြစ်သဘော ဓါတ်ပုံရိုက်ရုံသာ တတ်နိုင်သည်။
"ဒီဒီ။"
"ဟင်။"
"ဟိုမှာ။"
ရှိုင်းထွဋ်ညွှန်ပြရာက ပြင်သစ်တွင် နာမည်ကြီး လမ်းဘေးအစားအစာဟု ပြော၍ရမည့် crepe မုန့်ငယ်များရောင်းသည့် ဆိုင်ခန်းငယ်ဖြစ်သည်။ မုန့်နှစ်များကို အပူပေးထားသော မီးဖိုပေါ်အ၀ိုင်းပုံဖြစ်အောင် ဖြန့်ဆွဲပြီး ချောကလက်ရည်ဖြစ်သည့် Nutella အနှစ်ကိုထည့်ကာ ခေါက်ပေးသည့် မုန့်ဖြစ်သည်။ ပူပူလေးစားရလျှင် ချောကလက်အနှစ်မှာ လျှာပေါ်တွင်ပျော်ကာ အလွန်အရသာရှိသည်။ မုန့်သားခံထားသောကြောင့် အရမ်းလည်းမအီ။ သူရော၊ ထွဋ်ထွဋ်ပါ မိုးအေးအေးထဲမှာ စားဖူးသည်ရှိအောင် ၀ယ်စားဖြစ်ခဲ့ကြသည်။
ထို့နောက် လှေကားထစ်များအတိုင်းဆင်းပြီး လမ်းလေးအတိုင်းဆက်လျှောက်ကာ ရှိုင်းထွဋ်ရောက်ချင်သည့် Aquarium ရှေ့အရောက်မှာတော့ ဒီမိုးယံတော်တော်စိတ်ညစ်သွားသည်။ သူတို့ရှေ့မှာကတန်းစီနေသော ကလေးများနှင့်ပြည့်နေသည်။
"ဒီနေရာလားကွာ ထွဋ်ထွဋ်။"
"အေးလေ။ ဒါလည်းပြတိုက်ပဲ။"
"တခြားနေရာမှာ ကြည့်စရာ မရှိလို့လား။ ဒါမျိုးတွေက ဘယ်နေရာပဲဖြစ်ဖြစ် ကြည့်လို့ရနေတာပဲ။"
သူ ကြည့်ချင်သည့် ပြတိုက်မျိုးကတော့ ပါရီမှလွဲလျှင် ဘယ်မှာမှမရှိ။ ဒါကို ဒီကောင်လေး နားမလည်ဘူးလားမသိ။ နှုတ်ခမ်းမှာ ချောကလက်ရည်တွေပေသည်အထိ မုန့်ကိုသာကိုက်စားရင်း သူ့ကို လျစ်လျူရှုထားသည်။
တကယ်တမ်း Aquarium ထဲရောက်တော့လည်း တစ်နေရာမှ တစ်နေရာ ပြောင်းကြည့်ရသည်မှာ မလွယ်။ နေရာတိုင်းမှာ ကလေးငယ်များ၏ ခေါင်းများနှင့်ပြည့်နေသလို မှန်တံခါးနောက်မှ သတ္တ၀ါငယ်များကို မြင်ရသည်မှာလည်း စိတ်ချမ်းသာစရာမရှိ။
လှတာကတော့ လှပါသည်။ ကလေးငယ်များ ပျော်ရွှင်ရန်၊ အကြည့်လှစေရန် နေရာအားလုံးကို မလှ လှအောင်လည်း တန်ဆာဆင်ထားကြသည်။ ၎င်းသတ္တ၀ါငယ်တို့နေထိုင်ကျက်စားခဲ့ရာ ပင်လယ်ပြင်နှင့်တူအောင်လည်း ကျောက်ဆောင်၊ ပင်လယ်မှော်၊ သဲများနှင့် တန်ဆာဆင်ထားရုံမက လိုအပ်သော အပူချိန်ဖြစ်အောင်လည်း သေချာပြုပြင်ပေးထားသည်။
သို့ပေမယ့် အတုအယောင်ကတော့ အတုအယောင်ပဲဖြစ်သည်။ ဆယ်ပေပတ်လည် မှန်လှောင်ကန်ဖြစ်ဖြစ် ပေ ၁၀၀ ပတ်လည် မှန်လှောင်ကန်ဖြစ်ဖြစ် နယ်နမိတ်ဆိုတာကို တိကျသေချာစွာ သတ်မှတ်ထားပြီးသားဖြစ်သည်။ သဘာဝအရ အုပ်ဖွဲ့သွားလာတတ်သော ငါးမျိုးများကို ကောက်ကြောင်းထပ်အောင် ထိုနေရာလေးထဲမှာပင် အထပ်ထပ်အခါခါ ကူးခတ်နေရသည်ကို မြင်ရတာနှင့် သူ ရင်လေးမိသည်။ ခြေရာသာထင်နိုင်မည်ဆိုလျှင် ငါးကောင်လေးများ၏ ခြေရာနှင့်ပင် မှန်သားပြင်တွေအားလုံး ပေါက်ကွဲပြိုပျက်သွားနိုင်ပါသည်။
လိမ္မော်ရောင်၊ ဆည်းဆာရောင် တောက်ပနေသော သန္တာကျောက်တန်းငယ်များကို မှန်ဘောင်ထဲမှာ ပြသထားသလို ကျောက်ပုစွန်၊ မိုးရေးငါးရှဥ့်၊ ရေငန်ငါးရှဥ့်၊ ရေနဂါး၊ nemo ငါး ဟု အားလုံးကအလွယ်မှတ်ထားသော clownfish၊ starfish အစရှိသဖြင့် ရှားပါးရေသတ္တ၀ါများကိုလည်း မှန်ဘောင်ကန်အသီးသီးမှာ ထည့်သွင်းပြသထားသည်။
"သွားမယ်လေ ဟေ့ကောင်။ ဘာငိုင်နေတာလဲ။"
"ပြီးပြီလား။"
"အေး။"
လှည့်ပတ်ကြည့်ရှုနေကြသည်မှာ ဘယ်အချိန်က တစ်ပတ်ပြည့်သွားမှန်း သူ မသိလိုက်။ သူတို့ဝင်လာခဲ့ရာနေရာကို ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။ ပြတိုက်စားသောက်ခန်းတွင်ပင် သူတို့နှစ်ယောက် နေ့လယ်စာ စားဖြစ်ကြသည်။ တစ်မနက်ခင်းလုံးအချိန်ကုန်ရန် ဒီနေရာကို ရွေးချယ်ခဲ့သည့် ရှိုင်းထွဋ်ကိုတော့ သူ အမြင်မကြည်။ မျက်စိထောင့်ကပ်ကြည့်ရင်း မကျေနပ်ကြောင်း ပေါ်အောင်ပြဖြစ်သည်။
"မင်းမျက်စောင်းမထိုးနဲ့ ဒီဒီ။"
"ဒါ မျက်စောင်းထိုးတာမဟုတ်ဘူး။"
"အေးပါ။ မျက်စောင်းထိုးတာမဟုတ်ဘူး။ ငါ့မျက်နှာကို မင်းနှာခေါင်းရိပ်မကျော်အောင် ကြည့်တာ။ ဟုတ်လား။ ဆက်လုပ်ကွာ။။ နှုတ်ခမ်းစူပြီး ခြေဆောင့်ဖို့ပဲလိုတော့တယ်။"
"မင်းကဘာဖြစ်လို့ ဒီနေရာကိုရွေးရတာလဲ။ သတ္တ၀ါတွေထည့်ပိတ်ခံထားရတာကို ကြည့်ရတာ ပျော်ဖို့ကောင်းလို့လား။"
"ပျော်စရာကောင်းလား မကောင်းလားတော့ မသိဘူး။ ဗိုက်တော့ဆာလာတာပဲ။"
"ဘာဆိုင်လဲ။"
"တွေ့သမျှငါးတွေကို အကင်ဖြစ်ရင် ဘယ်လောက်ကောင်းမလဲ တွေးနေမိလို့။"
လှမ်းမြင်နေရသည့် မှန်ဘောင်ကန်ထဲမှ ကူးခတ်နေသော ငါးများကို ရှိုင်းထွဋ် တစ်ချက်လှမ်းကြည့်ကာ လျှာကိုသပ်ရင်း ဗိုက်ကိုပွတ်ပြနေသည်မှာ တကယ်ပင် ဆာလောင်နေသည့်ဟန်။ ဖြစ်နိုင်လျှင် ကန်ထဲဝင်ဖမ်းပြီး ကင်စားချင်ပုံရသည်။
"ကျောက်ပုစွန်တွေပြထားတဲ့နေရာရောက်တုန်းကဆိုရင်ကွာ။ သားရည်တောင်ကျတယ်။"
မျက်စိကိုမှေးကာ ဆွေးဆွေးမြည့်မြည့်၊ တမ်းတမ်းတတပြောနေသည့် ရှိုင်းထွဋ်ကို ဒီမိုးယံ ကျိန်ဆဲရုံမှလွဲ၍ မတတ်နိုင်တော့ပါ။
...................................................................................
"ဒီဒီ..."
"......."
"ဒီလေး"
"......"
"ဒီမိုးယံ..ဟေ့ကောင်..."
ဒီမိုးယံ ဘေးဘက်သို့ လှည့်မကြည့်။ မိုးရေထဲမှာ တန်းစီနေသည့် လူတန်းကြားမှာ သူတစ်ယောက်တည်း အသံတိတ်နေသည်။ အခု သူသွားချင်နေသည့် Orsay ပြတိုက်အတွက် လက်မှတ်ဝယ်ဖို့ တန်းစီနေပေမယ့် စိတ်က သိပ်ပြီးကြည်တာမဟုတ်။ ရှိုင်းထွဋ်ကြောင့် တစ်မနက်လုံး ဘာမဟုတ်သည့်ငါးပြတိုက်မှာ အချိန်ကုန်သွားရသည်။ မနက်စောစောသာလာလျှင် ဒီနေရာကိုလာခွင့်ရလျှင် ဒီလောက်တန်းစီရမှာမဟုတ်။ အခုတော့ လူတန်းကြီးက နည်းတာမဟုတ်သည့်အပြင် ပြတိုက်က ညနေခြောက်နာရီဆိုလျှင်ပိတ်ပြီဖြစ်သည်။ သူ စိတ်ဝင်စားလွန်းသည့် ပန်းချီကားများကို အပြေးအလွှားကြည့်ရမည်ကို တွေးမိလျှင် သူ့ဘေးကကောင်လေးကို ဒေါသကအလိပ်လိုက်ထွက်သည်။
"ငါ မင်းကို မေးခွန်းမေးမယ်။ မှန်အောင်ဖြေနိုင်ရင် ဆုချမယ်။"
ဒီမိုးယံ မျက်မှောင်ကြုတ်ရုံသာကြုတ်ကာ အကြည့်လွှဲလိုက်သည်။ ဒီလောက်လေးနှင့်သာ စိတ်ဆိုးပြေရလျှင် မျက်လုံးစိမ်းနှင့် အသည်းမာသည်ဟု နာမည်ကြီးသည့်သူ့အတွက် ရာဇ၀င်ရိုင်းလိမ့်မည်။
"ငါ ခွေးတစ်ကောင် မွေးချင်တယ်ဆိုပါတော့ကွာ။ အဲဒီ့ခွေးကို ဘယ်ခွေးကိုမှ မပေးဖူးတဲ့ နာမည်မျိုးပေးချင်တယ်။ ဘာဖြစ်မလဲ။"
ရှိုင်းထွဋ် ဟူသောနာမည်ကို သူတွေးမိသည့်အတိုင်း ဖြေလိုက်ချင်ပေမယ့် လျှာကိုသာနာနာကိုက်ရင်း စကားမပြောဖြစ်။ ခရုသွားသလို တရွေ့ရွေ့ တိုးနေသော လူတန်းကြားမှာ စိတ်ရှုပ်ရသည့်ကြားထဲ စကားအမျှင်မပြတ်သည့် ရှိုင်းထွဋ်ကို တတ်နိုင်သမျှ သည်းခံရုံမှလွဲ၍ ဘာမှမတတ်နိုင်။
"ဟင် ဒီဒီ။ ဘာနာမည်ဖြစ်မလဲ။"
"..........."
"ဒီဒီလို့။"
"ဟာကွာ။ မသိဘူး။"
သူအော်တော့ ရှိုင်းထွဋ်ရယ်သည်။
"ခွေး.."
"ဘာ.."
"ခွေးလို့ခေါ်မယ်လို့ပြောတာပါကွာ။ ခွေးကို နာမည်အမျိုးမျိုးပေးပေမယ့် ခွေးလို့တော့ ဘယ်သူမှ နာမည်မပေးဘူးမဟုတ်လား။ အဲဒါပြောတာ။"
ဒီမိုးယံ ကျစ်တစ်ချက် ရေရွတ်ရင်း လူတန်းကြားမှာ ရှေ့ဆက်တိုးသည်။ တော်သေးသည်။ အမိုးအကာရှိသောနေရာအောက်မှာ ရောက်နေပြီဖြစ်သောကြောင့် မိုးစိုမှာကိုတော့ မပူရတော့။
"နောက်တစ်ခုမေးဦးမယ်။ တစ်နေ့ကျတော့ နေမင်းက shopping ထွက်တယ်တဲ့။ အ၀တ်အစားတွေ၊ ဖိနပ်တွေ၊ လက်ကိုင်အိတ်တွေ တွေ့သမျှ အကုန်ဝယ်တယ်ဆိုပဲ။ သူ မ၀ယ်တာဆိုလို့ တစ်ခုပဲရှိတယ်တဲ့။ ဘာလဲ။"
"ဆွဲကြိုး.."
"မဟုတ်ဘူး။"
"နားကပ်.."
"မဟုတ်ဘူး။"
"အလှပြင်ပစ္စည်းတွေ.."
"နေမင်းက အထီးကွ။"
"မင်းပဲ လက်ကိုင်အိတ်ဝယ်တယ်ဆို။"
"ယောက်ျားသုံးလက်ကိုင်အိတ်ကိုပြောတာ။"
သူတို့ပြတိုက်ထဲသို့ဝင်ခွင့်ရပြီဖြစ်သည်။ လုံခြုံရေးဝန်ထမ်းက သူတို့ကို စစ်ဆေးခါနီးမို့ ရှိုင်းထွဋ်ကို အရှုံးပေးကာ ပြန်မေးလိုက်သည်။
"ဒါဆို မသိတော့ဘူးကွာ။ ဘာလဲ။ ဘာကိုမ၀ယ်တာလဲ။"
"နေကာမျက်မှန်။"
လုံခြုံရေးဝန်ထမ်းရှေ့မှာ သူ ခွီးခနဲ ထရယ်သောကြောင့် အားလုံးက အူကြောင်ကြောင်လှည့်ကြည့်သည်။ လုံခြုံရေးဝန်ထမ်းကလည်း သူ့ကိုမသင်္ကာတော့။ metal detector ပြားကြီးဖြင့် အပေါ်ဆွဲလိုက်၊ အောက်ဆွဲလိုက်နှင့် အချိန်အတော်ကြာအောင် စစ်နေသည်မှာ တော်တော်နှင့်မပြီးတော့။ ဒါပေမယ့် သူ ရှိုင်းထွဋ်ကို ကြာကြာစိတ်ဆိုးလို့မရတာတော့ အမှန်ပါ။
ပြတိုက်ထဲသို့ရောက်သည်နှင့် မြေညီထပ်ရော ကျောက်ဆစ်ရုပ်များပြသရာ မြေအောက်ထပ်ကိုပါကျော်ကာ ဒုတိယထပ်သို့ သူတက်လာခဲ့သည်။ ပြတိုက်မပိတ်ခင် အရင်ဆုံး သူ စိတ်အ၀င်စားဆုံးဖြစ်သည့် impressionist ပန်းချီပြခန်းကို လိုက်ရှာဖြစ်သည်။
တွေ့ပါပြီ။
Vicent Van Gogh, Monet, Gauguin, Manet တို့၏ပန်းချီကားများကို သူ တွေ့လိုက်ရသည်။ ဒီနေရာမှာပင် လူတွေအားလုံး စုပြုံနေသလားလို့ ထင်ရလောက်အောင် ကြိတ်ကြိတ်တိုးနေကြသည်။ ခြေတစ်လှမ်းရွေ့ဖို့ကိုတောင်မလွယ်။ တွေ့သမျှပန်းချီကားတွေကို ဓါတ်ပုံရိုက်နေသူများကြောင့်ပိုဆိုးသည်။ Flash မပါဘဲသာ ရိုက်ခွင့်ရှိသည်ကို သေချာရှင်းလင်းစွာ သတိပေးတာပါလျက် မီးရောင်တဖျတ်ဖျတ်နှင့် ဓါတ်ပုံရိုက်နေသူများကိုတော့ သူ အမုန်းဆုံးဖြစ်သည်။
ဒါပေမယ့် ဘယ်လောက်ပင် လူရှုပ်ပါစေ။ ပန်းချီကားတစ်ချပ်ရှေ့သို့ရောက်သည်နှင့် ဒီမိုးယံ မိမိကိုယ်ကို ပြန်လည်ရှာဖွေဖို့ပင် မဖြစ်နိုင်လောက်အောင် ပျောက်ဆုံးသွားရသည်။
လှပလွန်းသည့် စုတ်ချက်တွေ..
လိုက်ဖက်လိုက်သည့် အရောင်စပ်ဟပ်မှုတွေ..
ဘာရည်ရွယ်ချက်မှမရှိဘဲ ဟိုသည်ဆေးသုတ်ထားသလို စုတ်ချက်တွေက ပေါင်းစည်းလိုက်တော့ အလှပဆုံး ပန်းချီကား ဖြစ်လို့နေသည်လေ။
သူ တကယ်ကို ကြည့်မ၀နိုင်တာပါ။
Vicent Van Goh ရဲ့ Bedroom in Arles ဆိုသည့် ပန်းချီကားရှေ့မှ သူကြာမြင့်စွာ ရပ်တန့်ငေးမောမိသည်။ ဒီပန်းချီကားနှင့်ပတ်သက်ပြီး Vicent က အစ်ကိုဖြစ်သူ Theo သို့ ပို့ဖြစ်ခဲ့သည့် စာထဲမှ အကြောင်းအရာတို့ကို ပြန်လည်အမှတ်ရမိသည်။ ထိုစာထဲမှာ Vicent ရဲ့ စိတ်ကူးယဉ် အိမ်ပုံစံကို ထည့်ရေးခဲ့ဖူးသည်။ သူ့အခန်းထဲမှာ လေးထောင့်ပုံဖြစ်ပြီး ကျယ်ဝန်းတဲ့ ပရိဘောဂတွေ ရှိစေချင်ကြောင်း ထည့်ရေးခဲ့သည်။ ကုတင်၊ ထိုင်ခုံ၊ စားပွဲအားလုံးကို အရောင်ဖျော့တဲ့သစ်သားဖြူတွေနဲ့ လုပ်ထားတာမျိုး လိုချင်ပြီး အိမ်အောက်ထပ်မှာတော့ ပန်းချီခန်းရှိစေချင်ကြောင်း၊ နောက်ထပ် ပန်းချီခန်းလည်းဟုတ် မီးဖိုခန်းလည်းဟုတ်တဲ့ အခန်းတစ်ခန်းလည်း ရှိစေချင်ကြောင်းတွေပါခဲ့သည်။ သူ့အိမ်လေးဟာ တန်ဖိုးကြီးစရာမလိုပေမယ့် အနုပညာရှင်အိမ်ပီသပြီး အိမ်တစ်အိမ်လုံး နေရာလပ်မကျန် ပန်းချီကားတွေနဲ့ ပြည့်နေရမယ့်အပြင် ထိုင်ခုံကအစ ပန်းချီကားတွေအဆုံး ကိုယ်ပိုင်မူဟန်ပုံစံမျိုးတွေ ရှိနေရပါမည်တဲ့လေ။
ဒီအကြောင်းတွေကို စဉ်းစားမိရင်း ဒီပန်းချီကားကို ကြည့်ရှုရသည်မှာ Vicent ရဲ့ အခန်းငယ်ထဲ သူကိုယ်တိုင် ၀င်ရောက်သွားရသလိုပါ။ Vicent အနေနဲ့ ဖြစ်စေချင်ခဲ့တဲ့ အိမ်လေးကို မပိုင်ဆိုင်ခဲ့ရပေမယ့် ပန်းချီကားထဲက သူ့ရဲ့အခန်းလေးကတော့ သူ့ဆန္ဒအတိုင်း လာရောက်ကြည့်ရှုသူအားလုံးကို အေးချမ်းစွာ အနားယူစေခဲ့ပါသည်။ အရောင်တွေကပြောနေသော စကားလုံးတွေကို ရှာဖွေရင်း ဒီမိုးယံ ရင်ထဲနင့်နေသည်အထိ။
သူ့လက်ကို လာရောက်ဆုပ်ကိုင်လာသော ရှိုင်းထွဋ်ကို သူ တစ်ချက်လှည့်ကြည့်ရင်း ဒီမိုးယံ နာကျင်စွာ ပြုံးမိသည်။
"နောက်ဆုံးတော့လည်း သေခြားတရားကို ဘယ်သူမှ မလွန်ဆန်နိုင်ဘူးနော် ထွဋ်လေး.."
"ဟင်.."
"ဘယ်လောက်ပဲ ပါရမီထူးပါစေ။ ရာထူးဂုဏ်အင်ကြီးပါစေ။ တစ်နေ့ကျတော့ အားလုံးသေသွားကြတာချည်းပဲ။"
သူ နာကျင်စွာ ပြောမိလို့လားမသိ။ ရှိုင်းထွဋ် သူ့လက်ဖ၀ါးကို ဆွဲယူပြီး လက်ဖမိုးကို နမ်းရှိုက်လိုက်သည်။
"မင်းပြောတာတော့ မှန်ပါတယ်ကွာ။ ဒါပေမယ့်..."
နောက်ထပ် ဘာမှထပ်မပြောတော့။ စကားကို အဆုံးမသတ်ဘဲ သူနှင့်အတူ ပန်းချီကားရှိရာသို့ ငေးကြည့်နေသော ရှိုင်းထွဋ်သည် ပန်းချီကားထဲမှာ ပျောက်ဆုံးသွားသလိုပါပဲ။
အဆုံးမသတ်သည့် ဒါပေမယ့်... ဆိုသည့်စကားတစ်လုံးကိုသာ သူ ကြားဖြစ်ခဲ့သည်။
Continue Reading
You'll Also Like
188K 4.6K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
4.5M 353K 87
(Unicode & Zawgyi) ပင်လယ်ဆိုသည်မှာ လေညင်းအောက်တွင် သာယာငြိမ့်ညောင်းစွာ လှုပ်ခတ်ရုံ လှုပ်ရှားပြီး ပြင်းထန်သော လေပြင်းအောက်တွင်မူ ဒေါသမာန်ကြီးစွာ ရုန်း...
948K 50K 44
689K 7.3K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...