ကောင်းကင်ပြာအောက်မှ အရွယ်အစားမတူညီသော ကျောက်ဆောင်များသည် မညီမညာသော်လည်း သဘာဝအလှတရား၏ စုစည်းမှုအားမာန်အဖြစ် တည်ရှိနေသည်။ ပင်လယ်ပြင်မှ လှိုင်းလုံးများသည် ကမ်းနားစပ်မှ ကျောက်ဆောင်ကျောက်တုံးများရှိရာ အပြေးကပ်လာကြသည်။ ပြင်းထန်သောရိုက်ခတ်မှုကြောင့် ရေစက်ရေမှုန်များသည် ဖွားခနဲ လွင့်စင်သွားသည်။ တစ်ချို့ရေလှိုင်းများက ကျောက်ဆောင်ပေါ်အရောက် ခြေလှမ်းတိုးနိုင်သော်လည်း အချို့ကမူ ကျောက်ဆောင်များ၏ ခြေရင်းနားမှပင် နောက်ဆုတ်သွားရသည်။ အားမတန်၍ မာန်လျော့လိုက်ရပေမယ့် အရှုံးပေးသွားသည်တော့မဟုတ်ပါ။ ပင်လယ်ပြင်ထဲ ငုပ်လျှိုးသွားပြီးကာမှ နောက်ထပ်ပြင်းထန်သော အားမာန်များနှင့် လာရောက်ရိုက်ခတ်ဦးမည်ပဲ ဖြစ်သည်။
ကျောက်ဆောင်များနှင့် လှိုင်းလုံးများ၏ အားချင်းယှဉ်သည့် ရှုခင်းများကြားတွင်တော့ ကမ်းစပ်နှင့် အငူလေးကို ဆက်သွယ်ထားသော အစိမ်းနုရောင်တံတားငယ်တစ်ခုရှိသည်။ တံတားငယ်၏အဆုံးရှိ အငူလေးပေါ်တွင်မူ မျှော်ရစ်ဘုရားငယ်မှာ သပ္ပါယ်ကြည်ညိုဖွယ် တည်ရှိနေသည်။ ပင်လယ်နှစ်ခုကို စည်းခြားသလို တည်ဆောက်ထားသည့် တံတားငယ်တစ်ဖက်တစ်ချက်တွင် လဲ့ပြာသော ပင်လယ်ပြင်သည် လှိုင်းကြပ်ခွပ်များနှင့်အတူ ပျော်မြူးနေသည်။
"မင်း ငတ်ကြီးကျတာ ထွဋ်ထွဋ်ရာ။ မမ ဘယ်လောက်ကြာအောင် စောင့်နေရလဲ မသိဘူး။"
ဆိုင်ကယ်ကို ကားရပ်နားရာနေရာတွင် ရပ်တန့်လိုက်သည်နှင့် တံတားလယ်နားတွင် သူတို့ကို ရပ်စောင့်နေသည့် မမ၏ပုံရိပ်ကို ဒီမိုးယံ လှမ်းမြင်လိုက်ရသည်။ တံတားအ၀တွင် သရက်သီးစိတ်၊ နာနတ်သီးစိတ်များကို တွန်းလှည်းငယ်နှင့် ရောင်းချနေသော ဈေးသည်တစ်ချို့ရှိနေပြီး အခြားတစ်ဖက်ခြမ်းတွင်တော့ တစ်ဆိုင်နှင့်တစ်ဆိုင် ဘေးချင်းကပ် တည်ဆောက်ထားသော ခြေတံရှည်စားသောက်ဆိုင်ငယ်များရှိသည်။
"သွားရအောင်လေကွာ ထွဋ်ထွဋ်။"
ဒီမိုးယံ ပြောသည်ကို ရှိုင်းထွဋ် ကြားဟန်မရှိ။ သူတို့မျက်စိရှေ့မှ ပင်လယ်ပြင်နှင့် ရှုခင်းများကိုသာ တမေ့တမော ငေးကြည့်နေသည်။
"ထွဋ်ထွဋ်"
"ဟင်"
"သွားရအောင်"
"မင်းအရင်သွား။"
"ဘာဖြစ်လို့လဲ။"
"ငါ ကျောက်ဆောင်တွေပေါ် တက်ကြည့်ချင်လို့။"
"နောက်မှသွားကွာ။ မမစောင့်နေရတာ ကြာလှပြီ။"
"မင်းသွားလေ။"
စကားအဆုံးမှာတော့ ရှိုင်းထွဋ် သူ့ကိုလှည့်မကြည့်တော့ပါ။ ကျောက်စွန်းကျောက်ချွန်များရှိသည့် ကျောက်ဆောင်များပေါ် တက်သွားပြီဖြစ်သည်။ တစ်နေရာတည်းမှာရပ်သည်လားဆိုတော့ မဟုတ်ပါ။ ကျောက်ဆောင်များပေါ်တက်လိုက်၊ ဆင်းလိုက်နှင့် ရေစပ်နားထိ သွားနေခြင်းဖြစ်သည်။ ဒီမိုးယံ စိတ်မပူဘဲမနေနိုင်။
"ရှိုင်းထွဋ်။"
"ဘာလဲ။"
"ဖိနပ်မချွတ်နဲ့။"
"ဟမ်။"
"ခြေထောက်ထိသွားလိမ့်မယ်။"
"ဘာဖြစ်လို့လဲ။"
"ကျောက်ချွန်တွေနဲ့ ရှသွားမယ်။"
"ငါ့မှာ မျက်လုံးပါတယ်။"
"အေး။ အဲဒီ့မျက်လုံးတွေက ရှေ့ကိုသေချာကြည့်ပြီး လျှောက်စမ်းကွာ။"
"မင်းခေါ်လို့ ငါလှည့်ကြည့်တာ။"
တစ်ခွန်းမှမခံ ပြန်ဖြေပုံက စိုးရိမ်မိသည့်သူကပဲ အပြစ်ဖြစ်တော့မည်။ ပြောလို့လည်းမရမှာကို သိနေသဖြင့် မမရှိရာသို့သာ ဒီမိုးယံ လျှောက်လာခဲ့သည်။ တံတားရှည်လေးမှာ ပင်လယ်ပြင်ထဲသို့ တိုးဖောက်ဝင်ရောက်သွားသလို ဖြောင့်တန်းနေကာ အဆုံးမှာတော့ မျှော်ရစ်ဘုရားဟု ရွှေဝါရောင်စာလုံးများဖြင့် ရေးသားထားသော ဆိုင်းဘုတ်လေးတစ်ခု ရှိနေသည်။ ခပ်လှမ်းလှမ်းသောင်ပြင်ကမ်းစပ်တွင် ဆိုက်ရပ်ထားသော မော်တော်စက်လှေ ကြီးငယ်တို့မှာလည်း လှိုင်းပုတ်လိုက်တိုင်း စည်းချက်ညီစွာ ဘယ်ညာယိမ်းနေပါသည်။ပင်လယ်နက်ထဲမှ ကမ်းခြေသို့ ဦးတည်မောင်းနှင်လာသည့် မော်တော်စက်လှေငယ်တစ်စီး၏ အရိပ်သဲ့သဲ့ကိုလည်း လှမ်းမြင်လိုက်ရသည်။
"ရှိုင်းထွဋ်ရော။"
"ဟိုမှာ မမ။"
ရှိုင်းထွဋ်ရှိနေရာကို လှမ်းပြရင်း တံတားလက်ကိုင်ကို ကျောမှီရပ်လိုက်သည်။ တဟူးဟူးတိုက်ခတ်နေသော ပင်လယ်လေကို နှစ်သက်စွာ ခေါင်းမော့ခံယူဖြစ်သည်။
"ဘုရားအရင်ဖူးပါဆိုတာကို ပြောလို့မရဘူးဗျာ။"
"ဒီကောင်လေး အယူသည်းနေတာတော့ မဟုတ်ပါဘူးနော်။"
"ဗျာ။ ဘာဖြစ်လို့လဲ မမ။"
"ဒီဘုရားသမိုင်းကိုသိလို့ ထွဋ်လေးအယူသည်းနေတာလားလို့ပါ။"
မမပြောတာကို သူ နားမလည်နိုင်သလို လှည့်ကြည့်တော့ မမက အပြုံးနှင့် ရှင်းပြပေးသည်။
"အလောင်းစည်သူမင်းကြီး ဖောင်စကြာနဲ့ တိုင်းခန်းလှည့်လည်လာတုန်းမှာ ဒီနေရာမှာရှိနေတဲ့ ဆံတော်နှစ်ဆူအကြောင်းကို သိကြားမင်းက အသိပေးလို့ လာဖူးပြီး ဆံတော်ဌာပနာတိုက်ပေါ်မှာ စေတီတစ်ဆူတည်ခဲ့တယ်လို့ ဘုရားသမိုင်းစာအုပ်မှာ မမ ဖတ်ဖူးတယ်။ အခုတို့မြင်နေရတဲ့ ဘုရားပေါ့။ မောင်းမကန်ဆိုတာလည်း ဖောင်စကြာဆိုက်တဲ့အချိန်မှာ အလောင်းစည်သူမင်းရဲ့ မောင်းမမိဿံတွေ ရေကစားခဲ့တာကို အစွဲပြုပြီးတော့ နာမည်တွင်လာတာ။အလောင်းစည်သူမင်းက စေတီတည်တဲ့အခါမှာ တစ်ချို့ဘုရင့်နောက်လိုက်တွေက သူတို့တိုင်းပြည်ကို လွမ်းဆွတ်ညည်းညူခဲ့လို့ ဒီနေရာမှာပဲ နေခဲ့ရမယ်ဆိုပြီး ရာဇဒဏ်ချပြီး ထားခဲ့တယ်တဲ့လေ။ ဖောင်စကြာထွက်သွားတာကို ငေးမျှော်ပြီး ကျန်ရစ်ခဲ့ရလို့ မျှော်ရစ်လို့တွင်ခဲ့တယ်တဲ့ ဒီဒီရဲ့။"
ကျောက်ဆောင်ခပ်မြင့်မြင့်တစ်ခုပေါ်မှာ ကျောပေးထိုင်နေတဲ့ ရှိုင်းထွဋ်ရဲ့ ကျောပြင်ကို သူ လှမ်းကြည့်ရင်း မမပြောတာကို နားထောင်နေခဲ့သည်။ လှမ်းမြင်နေရသော လွင့်စင်လာသည့် ရေမှုန်ရေဖွားများကြားမှ ချစ်ရသူသည် ပင်လယ်နှင့်တစ်သားတည်း တည်ဆောက်ထားသလို။ အခုအချိန်မှာ ရှိုင်းထွဋ် ဘာတွေ တွေးနေမလဲဆိုတာ သူ အရမ်းသိချင်မိသည်။
"အခုနက မမပြောပြတာက ဘုရားသမိုင်းပေါ့။ နောက် ပါးစပ်ရာဇ၀င်ဆိုတာလည်းရှိတယ်။ အဲဒါကတော့ အလောင်းစည်သူမင်းထားခဲ့သူတွေထဲမှာ မိဖုရားငယ်လေးတစ်ပါးလည်း ပါတယ်ပေါ့။ ချစ်ရသူကို မျှော်ရစ်ပြီး ကျန်ခဲ့ရတဲ့ ဒီဇာတ်လမ်းကြောင့်များ ထွဋ်ထွဋ်လေး အယူသည်းနေတာလားမသိဘူးလို့ မမပြောတာ။"
ဘုရားဖူးရန် မမထွက်သွားတော့ တံတားပေါ်မှာ ဒီမိုးယံ တစ်ယောက်တည်း ကျန်ခဲ့သည်။ ပင်လယ်ပြာကို နောက်ခံထားသည့် ရွှေရောင်စေတီလေးကို ငေးကြည့်ရင်း သက်ပြင်းချမိသည်။ မထင်မှတ်ထားပါဘဲနှင့် လွမ်းစရာနေရာလေးတစ်ခုကို သူတို့နှစ်ယောက် ရောက်လာခဲ့ကြသည်။ ခွဲခွာရခြင်းဆိုတဲ့ စကားတစ်ခွန်း၏နောက်မှာ နာကျင်ဝမ်းနည်းမှုတွေရှိနေတတ်ပေမယ့် ရှင်ကွဲနဲ့သေကွဲမှာ ဘယ်တစ်ခုက ပိုပြီးနာကျင်စေမှာတဲ့လဲ။ တစ်နေ့နေ့တော့ သူ့ရဲ့ရောဂါအကြောင်းကို ရှိုင်းထွဋ်ကို သူ အသိပေးရမည်။ ဒါပေမယ့် ဘယ်လိုခွန်အားနဲ့ အဲဒီ့အချိန်ကို သူ ရင်ဆိုင်ရမှာလဲမသိ။
ရှိုင်းထွဋ်ရှိနေရာ ကျောက်ဆောင်များပေါ်သို့ ဒီမိုးယံ ဆင်းလာခဲ့သည်။ အကျီင်္အနားစများပင် တဖျတ်ဖျတ်လွင့်နေအောင် အဆက်မပြတ်တိုက်ခတ်နေသော လေပြင်းများသည် သူ့အမြင်အာရုံများကို ကြည်လင်အောင် မကူညီ။ လေပွေတစ်ချို့ကြောင့် ကမ်းစပ်သစ်ပင်များထံမှ သစ်ရွက်ကြွေများ လေဆင်နှာမောင်းငယ်တစ်ခုလို ဝေ့၀ဲတိုက်ခတ်သွားကာ အရပ်ရှစ်မျက်နှာကို ဖရိုဖရဲ လွင့်စင်သွားသည်။ မျက်နှာပြင်ကို ရိုက်ခတ်လာသော သဲမှုန်တစ်ချို့ကြောင့် မျက်လုံးများကို ကောင်းကောင်းဖွင့်လို့မရတော့။
"ဒီဒီ။"
ခေါ်သံအဆုံးမှာ ကမ်းပေးလာသော လက်ဖ၀ါးတစ်ဖက်ကို မြင်လိုက်ရသည်။ သန့်စင်သည့် လက်သည်းရောင်သည် ပန်းနုရောင်ပြေးနေသည်။ တိမ်ဖြူစုပ်များနှယ် နူးညံ့သော လက်ချောင်းရှည်များကို ပံ့ပိုးထားသည့် လက်ဆစ်ငယ်များသည်လည်း ခိုင်မာအချိုးကျလွန်းသည်။ ချစ်ရသူမှ ကမ်းလာသော လက်များကို ဆုပ်ကိုင်ရင်း ဒီမိုးယံ ကျောက်ဆောင်ပေါ်လှမ်းတက်လာခဲ့သည်။
ရှိုင်းထွဋ်နှင့် ဘေးချင်းယှဉ်ထိုင်ချိန်မှာတော့ ခံစားခဲ့ရသော သောကများက အနည်းငယ် သက်သာသွားသလို။ အနာဂတ်ဆိုတာက သူတို့အတွက် မသေချာခဲ့ရင်တောင် အခုအချိန်မှာ သူတို့နှစ်ယောက် အတူရှိနေကြသေးသည်။ သူ့အတွက် ပျော်ရွှင်ဖို့ဆိုတာ ဒီလောက်နှင့်ပင် လုံလောက်ပါသည်။
"မမရော။"
"ဘုရားသွားဖူးတယ်။ အခုနက မမ ငါ့ကို ဒီဘုရားသမိုင်းကို ပြောပြနေတာ။"
"အေး။ လွမ်းစရာလေးပါကွာ။"
လက်နှစ်ဘက်ကိုနောက်ပစ်မှီကာ ပင်လယ်ပြင်ကိုငေးကြည့်နေရာမှ ရှိုင်းထွဋ်ဖြေသည်။သူတို့ ဘေးပတ်ပတ်လည်မှ ပင်လယ်ပြာနှင့် ကျောက်ဆောင်များ၊ စိမ်းစိုသော ကမ်းရိုးတမ်းနှင့်အတူ သိပ်မဝေးလှသော ကမ်းခြေတစ်နေရာမှ အဖြူရောင်သောင်ပြင်များသည် မျှော်ရစ်ဘုရားသမိုင်းလို လွမ်းစရာလေးဖြစ်သည်။
"မင်းရော လွမ်းနေတာလား။"
"မလွမ်းပါဘူး။ ငါ့ချစ်သူက ငါ့ဘေးမှာပဲကို။"
သူရှိရာသို့ တစ်ချက်လှည့်ကြည့်ရုံသာလှည့်ကြည့်ကာ ပင်လယ်ရှိရာသို့ မျက်နှာမူသွားသော ရှိုင်းထွဋ်၏ စကားသံသည် လေပြင်းကြားမှာ လျင်မြန်စွာပျောက်ကွယ်သွားခဲ့သည်။ ဒါပေမယ့် သူ့ရင်ထဲကိုတော့ ထိုစကားသံက နက်နက်ရှိုင်းရှိုင်း တိုးဝင်လာခဲ့သည်။ လမ်းခရီးမှ ဆီးပင်အောက်တွင်တစ်ခါ၊ အခုတစ်ခါ သူ့ကို ရှိုင်းထွဋ် ရည်းစားစကားပြောနေသည်မှာ ဒါနဲ့ပါဆိုလျှင် နှစ်ခါရှိပြီဟု သူ့ဘာသာအတွေးပေါက်ရင်း ဒီမိုးယံ ပြုံးလိုက်သည်။
"ထွဋ်လေးရာ။ ချစ်သူဖြစ်ဖို့ဆိုတာ တစ်ယောက်ကဖွင့်ပြော၊ တစ်ယောက်ကအဖြေပေးပြီးမှ ဖြစ်တာမျိုး မဟုတ်ဘူးလား။"
"ရပါတယ်။ အေးဆေး။ မပြောဘဲ အနမ်းတွေနဲ့ သူ့အလိုလို နားလည်ပြီး ချစ်သူဖြစ်သွားတာမျိုးလည်း ရှိတာပဲ။"
"ဒါမျိုးရှိလို့လား။"
ရှိုင်းထွဋ်ကို စချင်၍ သူ တမင်ညစ်ပြီး မေးနေခြင်းဖြစ်သည်။ ရှိုင်းထွဋ် ချက်ချင်းမဖြေ။ အင်း ဆိုပြီး သံရှည်ဆွဲကာ စက္ကန့်အနည်းငယ်ကြာအောင် စဉ်းစားနေပြီးမှ ခေါင်းညိတ်လိုက်သည်။
"ရှိတာပေါ့။"
"ဥပမာဆိုရင်..."
"ဥပမာဆိုရင် ငါတို့နှစ်ယောက်လိုမျိုးပေါ့။"
"ဘာဆိုင်လဲ။"
"မနေ့ကတည်းက ငါတို့ နမ်းပြီးသားပဲ။"
"အဲဒါ မင်းဘာသာ စတာ။ ငါနဲ့ ဘာမှမဆိုင်ဘူး။"
ရယ်သံမပါအောင် မျက်နှာတည်နှင့်ဖြေပေမယ့် ရှိုင်းထွဋ်က အနည်းငယ်မှ စိတ်ဆိုးဟန်မရှိပါ။
"အရမ်းမမူနဲ့ ဒီဒီရ။ အခုတောင် မင်းကို သနားလို့ ငါတို့ချစ်သူဖြစ်နေပြီဆိုတာ သိရအောင် အသိပေးတာ။ မင်းလို ငတုံးက ဖြစ်လို့ဖြစ်မှန်းတောင် မသိဘူးမဟုတ်လား။ မှတ်ထားနော် ဟေ့ကောင်။ မင်းက ငါ့ချစ်သူ။"
ရှိုင်းထွဋ်ရဲ့ စကားအဆုံးမှာ ဒီမိုးယံ စိတ်လွတ်ကိုယ်လွတ် ရယ်မိသည်။ သူ ဘယ်လိုပြောပြော စိတ်မဆိုးဘဲ ပြုံးနေသည့် ရှိုင်းထွဋ်ခေါင်းကို ကိုင်လှုပ်ပြီးမှ နားသယ်စပ်ကို ခပ်ဖွဖွနမ်းလိုက်သည်။
"အေးပါကွာ။ မင်းလေးကလည်း ငါ့ချစ်သူပါ။"
သူတို့နှစ်ယောက်ထိုင်နေရာ ကျောက်ဆောင်ခြေရင်းမှာတော့ ရေလှိုင်းများမှ ထားခဲ့သော အဖြူရောင်ရေမြှုပ်ငယ်များမှာ မြူးတူးစွာ ကခုန်နေကြပါသည်။