ဆူး
By akyinnamon
2.1M 212K 13.2K
(Unicode & Zawgyi) သူက ကျွန်တော့်ရဲ့ နှလုံးသားမှာ စိုက်ဝင်နေတဲ့.....ဆူး.....။ More
Intro (Unicode)
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
ဇာတ်သိမ်းပိုင်း
စာအုပ်လေးသိမ်းထားနိုင်ပါပြီ
Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
ဆူး 2nd Intro
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
ဇာတ်သိမ်းပိုင်း
Thankyou all
ဆူး (အခန်းဆက်​)
Part 7
25.2K 2.7K 141
By akyinnamon
ပတ်ဝန်းကျင်မှ ကြက်တွန်သံနှင့် ခွေးဟောင်သံများကို မျက်လုံးမဖွင့်ခင်ကတည်းက ခပ်သဲ့သဲ့ကြားလိုက်ရသည်။ ထိုအသံများနှင့်အတူ မီးဖိုခန်းမှ မိခင်ဖြစ်သူ၏ လှုပ်ရှားသံများကို ဒီမိုးယံ ကြားလိုက်သည်။ ခြုံထားသော စောင်ပါးကို ကန်ချပြီး ခြင်ထောင်ထဲမှ ထွက်ကာ ဘေးဘက်ခြင်ထောင်မှ ညီမဖြစ်သူကို လှမ်းနှိုးလိုက်သည်။
"မိငယ်.. ထတော့ဟ။ မေမေနိုးနေပြီ။"
ခြင်ထောင်ကိုပါ ဖြုတ်ချလိုက်သော်လည်း ခြင်ထောင်တစ်ခုလုံး အပေါ်မှအုပ်ကျလာမှ ပိုနွေးသွားသည်ဟု ထင်လားမသိ။ အင်း၊ အဲ ဟုသာ နှင်းဟေမန်ထံမှ အသံကြားရပြီး ပြန်လည်ငြိမ်သက်သွားပြန်သည်။
"ဟာ။ ဒီကောင်မလေး။ ထ ပါတော့ဆို။"
ဒီမိုးယံ စိတ်မရှည်စွာ ခြင်ထောင်ကို ဆွဲဖယ်သည်။ ဒါပေမယ့် လုံးထွေးနေသော ခြင်ထောင်ကြောင့် အနားစကို ရှာမရ။ နေအလင်းရောင်မရှိသေး၍ မှောင်ကလည်း မှောင်နေသေးသည်လေ။ အတန်ကြာအောင် လက်နှင့်စမ်းရှာပြီးမှ မိငယ်မျက်နှာကို စမ်းမိသည်။ ပခုံးမှ စောင်ကိုပါ ဆွဲခွာကာ အတင်းလှုပ်နှိုးမှ ကာလနဂါးမလေးက သန်းဝေပြီး အညောင်းဆန့်လာသည်။
"ထတော့ဟ။ ငါက ဈေးသွားရဦးမှာ။ မေမေ့မှာ ကလေးရှိနေတယ်ဆိုရင် အလေးအပင်တွေ လုပ်ဖို့မကောင်းဘူး။ နင် ကူပေးလိုက်ဦး။"
"အင်းပါ ကိုကြီးရာ။"
စောင်တွေ၊ ခြင်ထောင်တွေနှင့် လုံးထွေးနေသော အ၀တ်ပုံထဲမှ ရုန်းထွက်နေသော နှင်းဟေမာန်ကို တစ်ယောက်တည်း ထားခဲ့ကာ ဖယောင်းတိုင်မီးရောင်သဲ့သဲ့ကိုမြင်နေရသော မီးဖိုခန်းသို့ ဒီမိုးယံ လျှောက်လာခဲ့သည်။ မီးဖိုခန်းရှိ မီးသွေးမီးပူပေါ်မှ မုန့်ဟင်းခါးဟင်းရည်အိုးသည် ပွက်ပွက်ဆူနေသည်။ တပွက်ပွက်ဆူလာတိုင်း မြုပ်လိုက်ပေါ်လိုက်ဖြစ်နေသော ကြက်သွန်ဥနီများနှင့် ငှက်ပျောအူဖတ်များသည် ပေါ်လိုက်၊ ပျောက်လိုက်ဖြစ်နေသည်။ သိပ်ပျစ်နှစ်ခြင်းမရှိသော ဟင်းရည်က ခပ်ကျဲကျဲ။ ငါးခူအသားများအစား၊ ငါးခေါင်းနှင့်ငါးရိုးများကိုသာ အားပြုထားသော ဒေါ်မြလေး၏ မုန့်ဟင်းခါးသည် အကောင်းစားကြီးမဟုတ်ပေမယ့် သူတို့ရပ်ကွက်ထဲတွင်တော့ နာမည်ကြီးသည်။
"မီးပျက်ပြန်ပြီလား မေမေ။"
"ဟုတ်တယ်။ ဈေးထဲက မီးသွေး ငါးဆယ်သားလောက်ပါ ၀ယ်ခဲ့ သား။"
"မုန့်ဖတ်ကရော တစ်ပိဿာပဲလား။"
ဟင်းရည်အိုးကို ယောက်မနှင့်မွှေရင်း ဒေါ်မြလေး ခေါင်းညိတ်ဖြေသည်။ တစ်ချိန်တည်းမှာပင် နံနံပင်ကို အရွက်ပုံမပျက်အောင် ခြွေနေသည်။ မီးဖိုဘေးရှိ မိခင်ဘေးနားမှဖြတ်လျှောက်ကာ နောက်ဖေးလှေကားထစ်သုံးထစ်ကို ဆင်းပြီးသည်နှင့် ရေစည်ပိုင်းရှိရာသို့ ဒီမိုးယံ  ရောက်လာခဲ့သည်။
ညကလည်း မိုးသည်းခဲ့သည်ထင်သည်။ စိုထိုင်းနေသည့် မြေပြင်ထက်တွင် မိုးရေ၀ပ်ကာ ရွှံ့ရေအိုင်တစ်ချို့ ထင်ကျန်နေခဲ့သည်။ ခြံစည်းရိုးမှာ တွယ်ပေါက်နေသော ကင်ပွန်းရွက်များတွင်လည်း မိုးရေစက်များ ကျန်နေသေးသည်။ ဆံပင်လိပ်ခွေများလို ကွေးနေသော ကင်းမွန်နွယ်တို့မှာ ခြံစည်းရိုးတစ်လျှောက် ကျူးကျော်နေရာချဲ့ရန် ရှေ့ဆက်လှမ်းဖို့ အားယူနေပြီဖြစ်သည်။
အေးစက်နေသော ရေတစ်ခွက်နှင့် မျက်နှာသစ်၊ သွားတိုက်ပြီး ကျန်ရေအေးကို ခြေထောက်ပေါ်လောင်းဆေးလိုက်သည်။ လန်းဆန်းသွားသည်မဟုတ်သော်လည်း မျက်လုံးပွင့်ကာ ကောင်းကောင်းနိုးသွားသည်။ မနိုးလို့လည်းမဖြစ်။ ဈေးမသွားခင် သူ့မှာ လုပ်စရာတွေအများကြီးရှိသေးသည်။
ဆိုင်ဖွင့်နိုင်ရန် သစ်သားစားပွဲရှည်နှင့် ထိုင်ခုံပုများကို ခြံရှေ့သို့ထုတ်ပြီး ပြင်ဆင်ပေးရသည်။ အမိုးအကာအတွက် ခေါက်လိပ်ထားသော တာလပတ်အကာကိုလည်း နေရာကျအောင် ချည်နှောင်ရသေးသည်။ ပလတ်စတစ်စားပွဲခင်းကို သစ်သားစားပွဲရှည်ပေါ် ခင်းပြီးမှ ပန်းကန်လုံး၊ ရေနွေးခွက်များကို စီစီရီရီ တင်ပေးရသေးသည်။ ဒါတွေအားလုံး လုပ်ပြီးသည့်အချိန်မှာတော့ နှင်းဟေမာန်ရောက်လာကာ မီးသွေးမီးဖိုငယ်ကို မီးမွှေးနေပြီဖြစ်သည်။ မီးဖိုခန်းမှ မိခင်ဖြစ်သူ၏ ဟင်းရည်အိုးကျက်သည်နှင့် ယခုမီးဖိုသို့ ပြောင်းရွှေ့ထားရမည်ဖြစ်သည်။
သူတို့အိမ်မှ ဆယ့်ငါးမိနစ်လောက်လမ်းလျှောက်လျှင် ရောက်သော ဈေးငယ်လေးသို့ သူ ရောက်တော့ ဆိုင်အားလုံးပင် မဖွင့်ကြသေးပါ။ ဟိုတစ်ဆိုင်၊ ဒီတစ်ဆိုင်သာ ဖွင့်ရန် ပြင်ဆင်နေဆဲဖြစ်သည်။ လမ်းဘေးတစ်နေရာစာရရန် စောစောစီးစီးရောက်လာကြသော ခေါင်းရွတ်​ဗျပ်ထိုးဈေးသည်များကိုတော့ ဟိုစုစု ဒီစုစု တွေ့နေရပြီဖြစ်သည်။
မုန့်ဖတ်ဆိုင်သည် ဈေးအ၀င်ဝနားမှာရှိသည့် ဆိုင်ခန်းတစ်ခုဖြစ်သည်။ ၎င်းဆိုင်ခန်းနားတွင် သနပ်ခါးအဖွေးသားလိမ်းထားသော အမျိုးသမီးဈေးသည်တစ်ယောက်က နေရာယူထားကာ ဗန်းထဲမှ ဗူးညွှန့်၊ ကန်စွန်းရွက်၊ ဟင်းနုနယ်ရွက်များကို နှီးကြိုးဖြင့် ပြန်ချည်ပြီး အစည်းသေးလေးများဖြစ်အောင် စည်းနေသည်။ သံပုရာသီးငယ်များနှင့် ငရုတ်သီးစိမ်းတောင့်များကိုတော့ အပုံလိုက်ရှေ့မှာချထားသည်။
"ဒီမိုးယံရာ.. မင်းကတော့ အမြဲတမ်း အဦးဆုံးဖောက်သည်ပဲ။"
မုန့်ဖတ်ဆိုင်ထဲ မ၀င်ရသေးခင်ကတည်းက ရင်းနှီးနေပြီဖြစ်သောဆိုင်ရှင်က လှမ်းနှုတ်ဆက်လိုက်ခြင်းဖြစ်သည်။ မျက်လုံးပေါ် ငိုက်ကျလာသော ဆံပင်များကိုသပ်တင်ရင်း သူ ပြုံးလိုက်သည်။
"ညှပ်ခေါက်ဆွဲပါထည့်ပေး ဦးလေး။ တစ်ပွဲစာပဲဗျ။"
"တစ်ခါတစ်လေတော့ ခပ်များများဝယ်ပါဦးကွာ။ ဘယ့်နှယ့် ညှပ်ခေါက်ဆွဲကို တစ်ပွဲစာပဲ နေ့တိုင်းဝယ်နေရတာလဲ။"
"ကျွန်တော်တို့ဆိုင်မှာ ညှပ်ခေါက်ဆွဲစားတဲ့လူက တစ်ယောက်ပဲရှိလို့ပေါ့ ဦးလေးရာ။"
ဆိုင်ရှင်ဦးလေးကြီး ကမ်းပေးနေသည့် အသင့်ပြင်ပြီးသား မုန့်ဖတ်အိတ်ကို လှမ်းယူရင်း ဒီမိုးယံ စကားစဖြတ်ကာ ဆိုင်ပြင်သို့ ထွက်လာခဲ့သည်။ မုန့်ဖတ်တစ်ပိဿာသည် အလေးကြီးတော့မဟုတ်။ ဒါပေမယ့် ဗိုက်ဆာနေသောကြောင့် သယ်ရသည်မှာ လေးနေသလို။
သူ အိမ်ပြန်ရောက်ချိန်မှာတော့ ဆိုင်ဖွင့်ဖို့ အားလုံးအဆင်သင့်ဖြစ်နေပြီဖြစ်သည်။ မီးဖိုပေါ်မှ အနည်းငယ်လစ်ဟထားသော ဒန်အိုးဖုံးအောက်မှ အငွေ့တစ်ချို့ ထိုးထွက်နေသည်။ ရေနွေးကရားထဲ လက်ဖက်ခြောက်ခပ်နေသော ဒေါ်မြလေးမှာ သူ့လက်ထဲမှ မုန့်ဖတ်များကို လှမ်းယူကာ လင်ဗန်းငယ်မှာ ဖြန့်ထည့်နေသည်။ ပဲကြော်များကိုတော့ အပူပေးပြီးသားဖြစ်အောင် ဟင်းရည်အိုးကိုအုပ်ထားသည့် ဒန်အိုးအဖုံးပေါ်မှာ တင်လိုက်သည်။
"မေမေ နေကောင်းရဲ့လား။"
မိခင်ဖြစ်သူ၏ မျက်နှာမှာ နွမ်းနေသလိုပါ။ ဈေးမသွားခင်က ဖယောင်းတိုင်မီးရောင်အောက်မှာဖြစ်၍ သူ သတိမထားမိခဲ့။ မျက်တွင်းတွေကျတာ မျက်နှာပါ ချောင်ကျနေသည့် မိခင်ကို သူ စိတ်ပူသွားသည်။
"ကလေးရှိစမို့နဲ့တူတယ် သားရယ်။ ပျို့ချင်သလိုလို၊ အန်ချင်သလိုလို ဖြစ်နေတယ်။ နောက်ကောင်းသွားမှာပါ။"
"မေမေ နေမကောင်းရင် ကျွန်တော် ဒီနေ့ ကျောင်းဖျက်လိုက်မယ်လေ။"
"သုံးလကျော်သွားရင် ကောင်းသွားမှာပါသားရယ်။ အိမ်မှာနေပေးလို့ရော ဘာထူးမှာလဲ။ မင်းက မေမေ့အစား ကူ အန်ပေးနိုင်မှာကျနေတာပဲ။"
ဒေါ်မြလေးက အပြုံးနှင့်ဖြေပေမယ့် ဒီမိုးယံ ဘ၀င်မကျနိုင်။ သူ့မိခင်ကို ဒီ့ထက်ပိုပြီး သူ ဂရုစိုက်ပေးချင်သည်။ ဒါပေမယ့် ဘယ်လိုဂရုစိုက်ပေးရမလဲဆိုတာကို သူ မသိ။
"မုန့်ဖတ်သုတ်ပေးရမလား ဒီဒီ။"
မုန့်ဟင်းခါး ဒါမှမဟုတ် မုန့်ဖတ်သုတ်ကို မနက်စာအဖြစ် အမြဲ စားနေရသည်ဖြစ်၍ စားချင်စိတ်မရှိတော့။ ဒါပေမယ့် မိခင်ဖြစ်သူကိုလည်း တခြားဟာ ပြင်ဆင်ပေးပါဟု မပူဆာချင်။ မနက်တိုင်း အစောကြီးထကာ လက်မလည်အောင် ပြင်ဆင်ရသော မိခင်ကို နောက်ထပ် စိတ်မရှုပ်စေချင်တော့။
"နောက်မှစားမယ်ဗျာ။ အကျီင်္သွားလဲလိုက်ဦးမယ်။"
မနက်ခင်းအေးအေးမှာပင် ရေကို တဗွမ်းဗွမ်း လောင်းချိုးဖြစ်သည်။ မျက်နှာပေါ်ရုံ လေးထောင့်မှန်ထဲမှာ ဘုတ်သိုက်ဖြစ်နေသော သူ့ဆံပင်များကို သပ်ရပ်သွားအောင် ကြိုးစားခေါင်းဖြီးပေမယ့် မအောင်မြင်။ သွားကျိုးရာများနှင့်ပြည့်နေသော ပါးစပ်ပေါက်တစ်ခုလို ကျိုးတဲကျဲတဲဖြစ်နေသော ပလတ်စတစ်ဘီးသွားနောက်တစ်ချောင်း ကျိုးသွားသည်သာ အဖတ်တင်သည်။
"နေကွာ။ မင်းတို့ဘာသာမင်းတို့ ရှုပ်ချင်သလိုရှုပ်ကြတော့။"
ကိုယ့်ခေါင်းနှင့်ကိုယ် ပြန်ရန်ဖြစ်ရင်း ကျောပိုးအိတ်ကိုဆွဲကာ အိမ်ပေါ်မှ ဆင်းလာခဲ့သည်။ သူတို့ဆိုင်လေးသို့ ၀ယ်သူ တစ်ယောက်စ၊ နှစ်ယောက်စ ရောက်လာပြီဖြစ်သည်။ ဆိုင်မှာထိုင်စားဖို့တော့မဟုတ်။ မုန့်ဟင်းခါးတစ်ပွဲ ပါဆယ်ဝယ်သွားကြကာ အိမ်ရောက်မှ မိသားစုအားလုံး ထမင်းကြမ်းနှင့် ပြန်စားမည့်သူများဖြစ်သည်။ ဒါ့ကြောင့်လည်း ဟင်းရည်ပိုဝယ်တတ်ကြသည်။ သူတို့ မုန့်ဟင်းခါးဆိုင်ဆိုင်တွင် ပိုပိုလျှံလျှံ ရောင်းစရာဟူ၍လည်း ဟင်းရည်သာရှိသည်။ အိုးဘဲဥ မရ။ ဘူးသီးကြော်မရ။ ပဲကြော်လေး လေး၊ ငါးခုကိုတောင် တစ်မနက်ခင်းလုံး မနည်းကုန်အောင် ရောင်းရသည့် ဆိုင်ငယ်လေးဖြစ်သည်။
"သားရယ်။ ဈေးဝယ်တွေကို မျက်ထောင့်နီကြီးနဲ့ ကြည့်မနေစမ်းပါနဲ့။"
ဒေါ်မြလေးပြောမှ ဒီမိုးယံ ဈေးဝယ်သူများထံမှ အကြည့်လွှဲကာ မိခင်ဖြစ်သူကို လှမ်းရယ်ပြဖြစ်သည်။ ကျောင်းချိန်လိုသေးသည့်နေ့များတွင် မိခင်ကို သူ ကူရောင်းပေးချင်ပေမယ့် သူ ကူပေးတိုင်းလည်း ဈေးရောင်းရမည့်အစား ၀ယ်သူတွေ လန့်ပြေးတာများသည်။ သူ ဆိုင်မှာရှိနေတာကိုမြင်သည်နှင့် မ၀ယ်ဘဲ ပြန်ပြေးသူများပင်ရှိသည်။
သူကလည်း သူပဲလေ။ စိတ်ရှည်သည်မှမဟုတ်တာ။ ကြက်သွန်ဥလေးထည့်ပေးနော်ဆိုသည်နှင့် လာဝယ်သူကို ပိတ်ဟောက်ချင်လာသည်။ ငှက်ပျောအူပါရဲ့လား မေးသည်နှင့် ဟင်းရည်မွှေသည့် ယောင်းမနှင့် လိုက်ရိုက်ချင်လာတတ်သည်။
"မနက်စာ မစားသေးဘူးလား ဒီဒီ။"
"နောက်မှ မေမေ။"
ကျောင်းတက်ချိန်နီးပြီဆိုသည့်အတွေးနောက်မှာ သူ့အကြည့်က တစ်ဖက်ခြံကို အလိုလိုရောက်သွားသည်။ သူ့အထင်မမှား။ ခြံထဲမှစက်ဘီးတွန်းပြီး ထွက်လာသည့် ရှိုင်းထွဋ်ကို သူ တွေ့လိုက်ရသည်။ ရှိုင်းထွဋ်၏ အဖြူအစိမ်းအကျီင်္က မီးပူတိုက်ထားပြီးသား ကော့ပျံနေသည်။ သူ့လို မနေ့က၀တ်ထားပြီးသား အကျီင်္ကို ဖျာအောက်ကဆွဲထုတ်ကာ ပြန်ဝတ်လာတာမျိုးမဟုတ်။
"ထွဋ်ထွဋ် ကျောင်းသွားတော့မလို့လား။ လာလေ။ မုန့်ဟင်းခါး လာစားသွားဦးသား။"
"မစားတော့ဘူး အန်တီမြ။ နောက်နေ့မှပဲ။"
"လာပါ သားရဲ့။ ညှပ်ခေါက်ဆွဲရှိတယ်။"
ဒေါ်မြလေးရဲ့ ခေါ်သံအဆုံးမှာ ရှိုင်းထွဋ် တစ်ချက်တွေဝေသွားသည်။ သူက ညှပ်ခေါက်ဆွဲကိုတော့ ကြိုက်သည်။ နောက်ပြီး ချွေတာချက် ချက်သည်ဆိုပေမယ့် ဒေါ်မြလေးလက်ရာ မုန့်ဟင်းခါးကို သူ ကြိုက်နှစ်သက်သည်။ အခုလည်း ဆိုင်ထဲမှာ ဒီမိုးယံ ရှိနေသောကြောင့်သာ မစားတော့ပါဘူးဟုငြင်းနေခြင်းဖြစ်သည်။
"ထိုင်လေ ထွဋ်ထွဋ်။"
ဒေါ်မြလေးက အတင်းခေါ်နေသောကြောင့် ရှိုင်းထွဋ် ဆိုင်ထဲကို တွန့်ဆုတ်ဆုတ်နှင့် ၀င်လာခဲ့သည်။ ဟိုတစ်ခါ ရွှံ့တိုက်ပွဲပြီးကတည်းက ဒီမိုးယံနှင့် သူ မျက်နှာချင်းမဆိုင်မိကြတော့။ အတန်းပိုင်ဆရာမက သူတို့နှစ်ယောက်ကို တစ်ယောက်နှင့်တစ်ယောက် အဝေးဆုံးဖြစ်အောင် အတန်းထဲမှာ နေရာပြန်ပြောင်းပေးခဲ့တာကြောင့်လည်းပါသည်။
သူက စိတ်ထဲမသိုးမသန့်ဖြစ်နေသလောက် ဒီမိုးယံကတော့ သူ ရှိနေသည်ကိုတောင် အသိအမှတ်မပြုသလို တည်ငြိမ်နေသည်။ ဒေါ်မြလေး သူ့ကို လှမ်းနှုတ်ဆက်ကတည်းက မသိချင်ယောင်ဆောင်နေသည်။
"နံနံပင် မထည့်ဘူးနော် အန်တီမြ။"
"သိပါတယ် သားရယ်။ နံနံပင်လည်း မပါစေရဘူး။ ကြက်သွန်ဥလည်း မပါစေရပါဘူး။"
ရှိုင်းထွဋ် အကြိုက်ကိုသိနေသော ဒေါ်မြလေးက သွက်လက်စွာ ပန်းကန်လုံးကို လှမ်းယူရင်း ညှပ်ခေါက်ဆွဲဖတ်များကို လှမ်းထည့်သည်။ ပဲကြော်တစ်ခုကို ခြွေထည့်ပြီးမှ ဟင်းရည်လောင်းထည့်ရန်ပြင်သည်။
"မြရေ။ ကိုယ့် ရေလဲပုဆိုး ရှာမတွေ့ဘူး။"
အိမ်ခန်းထဲမှ ဦးကျောဇော၏ ခေါ်သံကြောင့် ဟင်းရည်ထည့်ရန်ပြင်နေသော ဒေါ်မြလေး လက်များရပ်တန့်သွားသည်။
"ကျွန်တော် လုပ်ပေးလိုက်မယ်။"
ဒီမိုးယံက ဒေါ်မြလေးလက်ထဲမှ ဟင်းရည်ခပ်ဇွန်းကို လှမ်းယူလိုက်သောကြောင့် ဒေါ်မြလေးလည်း အေးအေးဟု ဖြေကာ ခေါ်သံကြားရာ အိမ်ပေါ်တက်သွားခဲ့သည်။
"ကိုထွဋ်.."
အိမ်ထဲမှ ထွက်လာသော နှင်းဟေမာန်ကိုတွေ့မှ ရှိုင်းထွဋ် စိတ်သက်သာရာ ရသွားသည်။ သူ တစ်ယောက်တည်း ဒီမိုးယံရှေ့မှာ ထိုင်နေရတာ အဆင်မပြေ။
"မိငယ်။ နင် မနက်စာ စားပြီးပြီလား။"
"ဟင့်အင်း။"
"ဒါဆိုအတော်ပဲ။ ငါ အီကြာကွေးတွေ ၀ယ်လာတယ်။ စားလိုက်ဟာ။ ငါ စားဖြစ်တော့မှာ မဟုတ်ဘူး။"
"ကျေးဇူးပဲ ကိုထွဋ်..။ ဟင်။ အီကြာကွေးကလည်း နှစ်ချောင်းတောင်မှ။ ကိုထွဋ် တစ်ယောက်တည်း ဒီလောက်တောင်စားလား။"
စက်ဘီးလက်ကိုင်မှာချိတ်ထားသော ကျွတ်ကျွတ်အိတ်ကိုဖြုတ်ကာ မိငယ်ကမေးတော့ ရှိုင်းထွဋ် ဘာဖြေရမှန်းမသိ။ တကယ်တော့ ဒီ အီကြာကွေးက ဒီမိုးယံနှင့် ငြိမ်းချမ်းရေးယူဖို့ သူ ၀ယ်လာခဲ့တာဖြစ်သည်။
"နင် မစားနိုင်ရင်လည်း နင့်အစ်ကို ကိုပေးလိုက်။"
တိုက်ရိုက် ပေးဖို့ခက်သည်ဖြစ်၍ မိငယ်မှတစ်ဆင့် ပေးခိုင်းဖြစ်သည်။ ဟိုတစ်နေ့က သူ နည်းနည်းတော့ လွန်သွားသည်ဟု တွေးမိ၍ဖြစ်သည်။ ဒီမိုးယံက အရင်စပေမယ့် သူက မျက်နှာတည့်တည့်ထိအောင် ပြန်ပစ်ခဲ့တာလေ။ တော်ကြာ မျက်စိကန်းသွားမှဆိုပြီး နည်းနည်းတော့ တွေးပူမိသွားသောကြောင့် အီကြာကွေးဖြင့် အပြစ်လျော့ဖို့ ကြိုးစားမိခြင်းဖြစ်သည်။
"ကိုကြီး။ ရော့။"
ဒီမိုးယံ က နှင်းဟေမာန်လက်ထဲမှ အီကြာကွေးကို ဖျတ်ခနဲဆွဲယူကာ ဇက်ခနဲ ကိုက်ဆွဲသည်။ ပါးနှစ်ဖက်အပြည့်ဖောင်းအောင် ၀ါးနေရင်းမှ သူ့ကို စိုက်ကြည့်နေသည်။ ဒီလောက်လေးနဲ့ ငါ့ကို ဆွဲဆောင်လို့မရဘူးဆိုသည့် အကြည့်။ မျက်လုံးစိမ်းများက ကြည်တောက်ကာ အရောင်ထွက်တော့မည်လားထင်ရသည်။
"ကိုထွဋ်လည်း စားလေ။ ကျောင်းချိန်နီးနေပြီ။"
မိငယ်ပြောမှ သူ့ရှေ့ချပေးထားသော မုန့်ဟင်းခါးပန်းကန်ကို ရှိုင်းထွဋ် လက်လှမ်းလိုက်သည်။ ဇွန်းကိုပင် မကိုင်လိုက်ရ။ မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားရသည်။ ဒီမိုးယံက သူ့ပန်းကန်ထဲမှာ ကြက်သွန်ဥ သုံးလုံးနှင့်အတူ နံနံပင်တွေ ဖွေးနေအောင် အုပ်ထည့်ပေးထားသည်လေ။
Continue Reading
You'll Also Like
669K 7.1K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
7.1K 1K 11
ကျုပ်က လူရိုးဗျ။ ခင်များနဲ့တွေ့မှ အဆန်းတကြယ်တွေဖြစ်ကုန်တော့တာပဲ...
937K 49.7K 44