" Chanyeol မျက်နှာမကောင်းပါလား ဘာလို့လဲ "
ခြံတံခါးနားက ထွက်ပေါ်လာသော မေးခွန်းတစ်ခု
ကြောင့် အမျိုးအမည်မသိသော အပင်လေးတစ်ပင်ကို
ထိုင်ကြည့်နေမိရာကနေ ကျွန်တော့်အသိတွေ လက်ရှိ
ပစ္စုန်ပ္ပန်ကိုပြန်ရောက်လာသည်...။
ရင်းနှီးနေမိပြီဖြစ်သော မျက်နှာလေးက သိချင်စိတ်ပြင်း
ပြနေတယ့် မျက်ဝန်းလေးတစ်စုံကို ဆောင်ကျဉ်းလို့။
" Baekhyun ပါလား...ဘယ်သွားမလို့လဲ "
ထိုင်ရာကနေ ထရပ်လိုက်ရင်း အပြုံးတစ်ခုနှင့်အတူ
သူ့ထံပါးလျှောက်သွားလိုက်တော့...Baekhyunက
သူနှင့်တဖြည်းဖြည်းနီးကပ်လာနေသော ကျွန်တော့်
ခြေလှမ်းတွေကို ရေတွက်နေရင်း ပြုံးယောင်သမ်းလို့။
" ဘယ်မှမသွားပါဘူး...
Chanyeol ကို ငါ ကြည့်နေတာကြာပြီ...
စိတ်ညစ်နေသလို အကြာကြီးထိုင်နေလို့ လာမေးကြည့်
တာ... "
ရိုးသားလွန်းသော သူ့အဖြေအတွက် ကျွန်တော်အသံ
ထွက်ရယ်လိုက်မိသည်...။ ကျွန်တော့်ကို ဂရုတစိုက်ရှိ
နေပေးတာ ကျေးဇူးတင်စရာကောင်းလွန်းနေသည်ပဲ
လေ... ... ...။
ခြံတံခါးဘောင်ပေါ် လက်တစ်ဖက်တင်လိုက်ရင်း
ကျွန်တော် ခေါင်းလေးစောင်းလိုက်ကာ...
" အို့...သိပ်ချစ်ဖို့ကောင်းတဲ့ အိမ်နီးချင်းလေးပဲ...
ဂရုစိုက်ခြင်းတွေကို တကူးတကလာပေးတယ်... "
ဒီတစ်ကြိမ်တော့ သူ အသံထွက်ရယ်လာရင်း...
" ဂရုစိုက်ခြင်းမဟုတ်ပါဘူးနော်...
ကြင်နာခြင်းတွေပါ... "
ရယ်စရာတစ်ခုအနေနှင့် ကျွန်တော်တို့နှစ်ယောက်လုံး
ပြိုင်တူရယ်လိုက်မိကြပြန်သည်...။
Baekhyunက ခြံတံခါးအနီးကို ခြေတစ်လှမ်းပိုတိုး
ကပ်လိုက်ရင်း... ... ...
" အခွင့်ရှိရင် Chanyeol ဘာကိုစိတ်ညစ်နေတယ်
ဆိုတာ ငါ့ကို သိခွင့်ပေးနိုင်မလား... "
ပြောဖို့ရာအတွက် ကျွန်တော် နှုတ်ခမ်းသပ်လိုက်မိ
သည်...။ အကြီးအကျယ် ဆန်းကျယ်နေတဲ့ ကိစ္စတစ်ခု
တော့မဟုတ်ပေမယ့်... ပေါ့ပေါ့ပါးပါးပြောနိုင်ချေရှိတဲ့
အထိတော့မဟုတ်သေး...။
" မင်းသိတယ်မလား...Wang Ho ကို... "
ရေရေရာရာကွဲပြားမှုမရှိသော အရိပ်အယောင်တစ်ချို့
သူ့မျက်နှာထက်ဖြတ်ပြေးသွားတာမို့ ကျွန်တော်အလျင်
အမြန် ထပ်တိကျစေလိုက်ရပြန်သည်...။
" ဟိုနေ့က ငါတို့အိမ်မှာ partyလုပ်တုန်းက
မင်းနဲ့တောင် ဆုံသွားသေးတယ့်တစ်ယောက်ကွာ... "
ထိုအခါကျမှ ပိုင်နိုင်သွားသောသူတစ်ယောက်လို
သူ့မျက်ဝန်းလေးတွေ တောက်ပသွားကာ "အာ...သူ"
ဟု ခပ်တိုးတိုး ရေရွတ်လာသည်... ... ...။
" အင်း...သူ အခု ဆေးရုံတက်နေရတယ်... "
" ဟင်??? ဘာလို့လဲ... "
ကျွန်တော် သက်ပြင်းချလိုက်မိသည်...။
ကျွန်တော့်အခင်ဆုံးသူငယ်ချင်းတစ်ယောက်၏ သတင်း
က တော်တော်စိတ်မချမ်းမြေ့စရာကောင်းနေသည်
မဟုတ်ပါလား...။
" မိုးတွေရွာတဲ့ကျောင်းဆင်းညနေတုန်းက
သူ...လှေကားပေါ်ကနေ ချော်ကျတာ... ... ... "
ကျွန်တော့်စကားအဆုံးသတ် တုန်ရီလှိုက်ဝေသွား
သည်...။ Baekhyun ဖိနပ်ကို တမင်အကြည့်လွှဲ
ထားမိတော့ ကောင်လေးက စိတ်မကောင်းဖြစ်သွား
သလို ခြေထောက်လေး နောက်ကို နှစ်လှမ်းခန့်ယိုင်
သွားတာကို အသေအချာမြင်လိုက်ရ၏... ... ...။
" အခုရော သက်သာပြီတဲ့လား... "
" ဟင့်အင်း...အခုထိ သတိမရသေးဘူး...
ဆရာဝန်တွေ ပြောတာတော့ comaဝင်နိုင်ချေ
တောင်ရှိတယ်တဲ့... "
ကျောင်းစောင့်ဦးလေးကြီးသာ အစောအမြန်မတွေ့ခဲ့ပါ
လျှင် ခေါင်းက သွေးထွက်လွန်မှုနဲ့ Wang Ho
အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်ခံလာရနိုင်သည်..။
ထိုအတွေးဆိုးကြောင့် ကျွန်တော် ပင့်သက်ရှိုက်လိုက်
တော့... ... ...နောက်ကို နှစ်လှမ်းခန့်ဝေးကွာနေသော
ခြေလှမ်းလေး ရှေ့ကိုပြန်တိုးရောက်လာပြီး... ... ...
" အဆင်ပြေသွားမှာပါ Chanyeol...
အဆင်ပြေသွားလိမ့်မယ်လေနော်... ... ... "
တံခါးပေါ်က ကျွန်တော့်လက်ကို အုပ်ကိုင်လာရင်း
အားပေးစကားဆိုလာတာကြောင့် ကျွန်တော် ကျေးဇူး
တင်စွာပဲ ပြန်ပြုံးပြလိုက်မိသည်...။
ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားတဲ့ ဒီလက်ကလေး
တစ်ဖက် သိပ်နွေးထွေးလွန်းနေခဲ့သည်ပဲ... ... ...။
♣ အသွင်ပြောင်းဖဲချပ် ♣
ဒီညတော့ ကျွန်တော် အိမ်ပြန်တာ တော်တော်နောက်ကျလွန်းနေသည်...။ အမေတို့ဆီကို
လည်းသွားလည်ရင်း တစ်လက်စတည်း Wang Ho
ဆီကိုပါ ရောက်သွားသောကြောင့် အိမ်ပြန်ချိန်က
သာမန်ထက် သိသိသာသာနောက်ကျနေခဲ့သည်...။
ဆေးရုံက Wang Ho သတင်းကလည်း ဘာမှ
ထူးခြားမလာ...။ တိုးတက်မှုလည်းမရှိ...ဆုတ်ယုတ်မှု
လည်းမရှိ...၊ အင်း... ဆုတ်ယုတ်ခြင်းမရှိတာကိုပင်
ကြံဖန်ဝမ်းသာရမည်ထင်... ... ...။
စိတ်ညစ်လွန်းတာတွေများနေသည်ကြောင့်ပဲလား...
ရပ်ကွက်နှင့်ပဲ တဖြည်းဖြည်းနေသားကျလာသည်
ကြောင့်ပဲလားမသိ... အမှောင်ထုဖုံးအုပ်နေသော
ရပ်ကွက်လမ်းလေးထဲကို စိုးရိမ်ကြောင့်ကြမှုမရှိဘဲ
ကျွန်တော် လှမ်းဝင်လာခဲ့လိုက်သည်...။
အနည်းငယ်ခြားနေသော ရပ်ကွက်လမ်းမီးတိုင်လေး
တွေကြောင့်...လျှောက်ရတာ နည်းနည်းကသီကလင်
ဆန်တာကလွဲရင် ကျန်တာအဆင်ပြေပါသည်...။
ကြောက်စိတ်မရှိတော့လည်း အရာရာ အဆင်ချောနေ
၏...။ အိမ်ရှေ့ကိုရောက်ခါနီးမှာပင် ထိုအဆင်ချောနေ
သော အရာရာ ကပြောင်းကပြန်ဖြစ်သွားရသည်...။
~~~ ရွှီ ~~~
လေချွန်သံ... ... ...။
မိုးရွာသောနေ့က ကြားရပါသော လေချွန်သံ...။
ကပျက်ကချော် ချွန်နေတာမျိုးမဟုတ်ဘဲ သံစဉ်ရှိပြီးသားကို ပုံဖော်နေသလိုမျိုး... ... ...။
ခပ်ညည်းညည်းသံစဉ်ကြောင့် လေချွန်သံက ပိုသွေးပျက်စရာကောင်းလာသည်...။
ကြုံဖူးပြီးသားမို့ ကျွန်တော်...Baekhyunတို့ခြံထဲ
ကို လှမ်းကြည့်လိုက်သည်...။
ကျွန်တော် ထင်ထားသည့်အတိုင်း သူတို့ခြံထဲက ဒန်း
လေးပေါ်တွင် Baekhyun ထိုင်နေသည်...။
ဒန်းလေးကို မသိမသာလှုပ်ရမ်းနေရင်း သူ့နှုတ်ခမ်းတို့
က လေချွန်သံကို ဖန်တီးနေ၏... ... ...။
ဒီအမူအရာအထိက ကျွန်တော့်အတွက် အံ့အားသင့်
စရာမကောင်းသေး... ... ...၊ အံ့အားသင့်စရာကောင်း
နေသည်က သူ့အကြည့်...။
မျက်တောင်မခတ်စတမ်း စူးစိုက်ကြည့်နေသော
သူ့အကြည့်တို့ အဆုံးသတ်ရာက မီးမလင်းနေသော
ကျွန်တော့်အပေါ်ထပ်အခန်းလေးဖြစ်နေသည်... ... ။
သူကတော့ သစ်ပင်နားရောက်နေသော ကျွန်တော့်ကို
သတိထားမိဟန်မတူ...။
ကျွန်တော့်အခန်းကိုသာ ငေးစိုက်ကြည့်နေရင်း
လေချွန်မြဲချွန်နေ၏...။
စိမ့်ခနဲအေးတက်လာသော ကျောရိုးတစ်လျှောက်ခံစား
ချက်ကြောင့် ကျွန်တော့်ကိုယ်ကျွန်တော် အကျင့်
မကောင်းသောသူတစ်ယောက်အဖြစ်မြင်လိုက်မိသေး
သည်...။ ထိုသို့အထင်လွဲခံရသော ကိစ္စတို့နှင့်ပတ်သက်
ပြီး ကောင်လေး ရှင်းပြထားပြီးပြီမဟုတ်ပါလား...။
ကျွန်တော် ထိုမြင်ကွင်းကို မမြင်သလိုဟန်ဆောင်လိုက်
ရင်း..သစ်ပင်ရိပ်အကွယ်ကထွက်ကာ ကျွန်တော့်အိမ်
ရှိရာဆီကိုပဲ တန်းတန်းမတ်မတ်လျှောက်လာလိုက်
သည်...။
ခြံတံခါးကို လှမ်းအထိမှာ နားထဲ ယဉ်ပါးနေပြီဖြစ်သော
တိခနဲရပ်သွားပါသော လေချွန်သံ... ... ...။
ကျွန်တော့်စိတ်ကျွန်တော် မထိန်းနိုင်ခင်... ... ...
ကျွန်တော့်ကိုယ်ကျွန်တော် နားမလည်နိုင်ခင်မှာပဲ
ကျွန်တော် နောက်ကိုလှည့်ကြည့်လိုက်မိသည်...။
ဒန်းလေးပေါ်က သူက ကျွန်တော့်ကို မျက်စိလေးတွေ
မှေးမှိတ်သွားသည်အထိ လှမ်းရယ်ပြနေသည်လို့
ကျွန်တော့်စိတ်ထဲ ခံစားလိုက်ရသည်...။
တကယ်တော့ ရယ်ပြတာဖြစ်ချင်မှလည်းဖြစ်နိုင်ပါ
သည်လေ...။ မနီးကပ်သောအကွာအဝေးတစ်ခုက
ကျွန်တော့်အမြင်လွှာတွေကို မတိကျစေနိုင်...။
" မအိပ်သေးဘူးလား Baekhyun... "
ကျွန်တော့်အမေးကြောင့် သူက ဝမ်းသာအားရ
သူ့ခြံတံခါးနားအထိပြေးလာသည်...။ ခြံတံခါးကို ဆွဲ
ဖွင့်မည်လုပ်ပြီးမှ မျက်နှာလေးက သုန်မှုန်သွား၏...။
" hyungက သော့ပိတ်သွားပြီပဲ...
ငါ ညဘက်အပြင်ထွက်လည်မှာစိုးလို့တဲ့... "
ခါးအလည်လောက်သာရှိသော တံခါးလေးကို
မကျေမနပ် မျက်မှောင်ကြုတ်ကြည့်နေရင်း ကျွန်တော့်
ကို တိုင်တန်းပြောလာလေတော့...ကျွန်တော့်မှာ မရယ်
ပဲ မနေနိုင်ပြန်... ... ...။
" Chanyeol ဒီနေ့ပြန်တာ အရမ်းနောက်ကျတယ်
နော်... "
" အွန်း...ကိစ္စလေးနည်းနည်းရှိနေလို့...
Baekhyunက ညတိုင်းအိပ်ရာဝင်တာ နောက်ကျ
တာပဲလား... "
လရောင်အောက်တွင် ဆံပင်လေးတွေ ဝေ့ခနဲဖြစ်သွား
သည်အထိ ကောင်လေးခေါင်းလေးခါယမ်းပြလာ
သည်...။
" ငါ အဲ့မီးလေး လင်းလာတာကို မမြင်ရသေး
လို့ စောင့်နေတာ... "
လက်ညှိုးလေးညွှန်ပြကာ ဆိုလာသည်က စောနက
သူ စိုက်ကြည့်နေခဲ့ပါသော ကျွန်တော့်အခန်းဆီ...။
" ငါ့အခန်းမီးလင်းတာမလင်းတာက ဘာများအရေး
ကြီးလို့တုန်း Baekhyunရယ်... "
သူ့မျက်နှာလေး ရုတ်ခြည်းတည်သွားသည်... ... ...။
ပါးစပ်ထဲက အစာကို အလုခံလိုက်ရသော ကြောင်
တစ်ကောင်လိုမျိုး မျက်လုံးအိမ်တွေက အသင့်အနေအထားသို့ရောက်သွားသည့်အတိုင်း ကျဉ်းမြောင်းသွား၏...။
" အဲ့မီးလင်းတာမလင်းတာက အရေးကြီးတာမဟုတ်
ဘူး Chanyeol...တကယ်အရေးကြီးတာက
အဲ့မီးလင်းမှ မင်းက ငါနဲ့အနီးဆုံးမှာရှိနေတယ်ဆိုတဲ့
အသိဝင်လာတာ...၊ အဲ့အသိက အရေးကြီးတာ... "
ကျွန်တော့်ကို လှမ်းကြည့်နေသော သူ့အကြည့်တွေ
ဘာကြောင့်များ သိပ်အေးစက်နေရသည်လဲ... ... ...။
♣ အသွင်ပြောင်းဖဲချပ် ♣
ကျွန်တော့်ဆီကို Wang Ho မိဘတွေ အရေးပေါ်
ဖုန်းဆက်လာခဲ့သည်...။ Wang Ho ပြန်သတိရ
နေခဲ့ပြီတဲ့...၊ ဆရာဝန်တွေကတောင် comaဝင်နိုင်
ချေရှိသည်ဟု မှတ်ချက်ပေးခံထားရသော Wang
Ho...ဘယ်လို ခွန်အားနဲ့ ပြန်ရုန်းထနိုင်ခဲ့သည်မသိ၊
ဘာပဲဖြစ်ဖြစ် ကျွန်တော် ဝမ်းသာသည်...၊
နောက်...စိုးရိမ်တာတစ်ခုလည်းရှိသေးသည်...။
ထိုသည်က Wang Ho သတိရလာပေမယ့်
အခု ရုန်းရင်းဆန်ခတ်ဖြစ်ကာ အော်ဟစ်နေသည်တဲ့...။
ကျွန်တော် Wang Ho အခန်းပေါက်ရှေ့ရောက်
ရောက်ခြင်း အခန်းတံခါးဆွဲမဖွင့်မှီကို အထဲက အော်
ဟစ်နေသော Wang Ho အသံက အခန်းအပြင်
ဘက်ထိ ခပ်သဲ့သဲ့ကြားနေရသည်... ... ...။
မယုံနိုင်စွာနှင့်ပင် တံခါးကို ဆွဲဖွင့်ကာဝင်သွားလိုက်
တော့...ကုတင်ပေါ်က Wang Hoကို ထိန်းနေရပါ
သော ဆေးရုံဆရာဝန်တစ်ချို့နှင့် Wang Ho
appa...။
အခုမှ သတိရကာစ လူနာတစ်ယောက်က သန်မာနေ
တာ တကယ်ယုံနိုင်စရာပင်မရှိ... ... ...။
" Wang Ho !!! ... "
ကျွန်တော့်အော်ခေါ်လိုက်သံကြောင့် ကုတင်ပေါ်က
Wang Ho ငြိမ်ကျသွားသည်...။ ကျွန်တော့်ကို
တွေ့တော့ ကူကယ်ရာတစ်ယောက်ကို တွေ့လိုက်ရ
သလိုမျိုး မျက်နှာက ပြုံးရွှင်သွား၏...။
ကျွန်တော့်ကို အနားလာရန် လက်နှင့်ယပ်ပြခေါ်နေရင်း
သူ့ကိုထိန်းထားသော ဆရာဝန်တွေကိုလည်း တွန်းထုတ်နေသေးသည်... ... ...။
" Chanyeol...မြန်မြန်ဒီကိုလာပြီး ငါမှန်တာကို
သက်သေလုပ်ပေးစမ်းပါဦး...
မင်းလည်းသိတယ်မလား...အဲ့ကောင်လေးက psychoလေးဆိုတာ...၊
ပြီးတော့... ငါ့ကို လှေကားပေါ်က တွန်းချတာလည်း
အဲ့ကောင်လေးပဲ...၊
အဲ့တာကို သူတို့ ငါပြောတာကို မယုံကြဘူး... "
ကျွန်တော့်မျက်နှာကို ကြည့်လိုက်...တစ်နေရာကို
လက်ညှိုးညွှန်လိုက်လုပ်နေတယ့် Wang Ho ပုံစံကို
ကျွန်တော်ပင် အကဲမခတ်နိုင်တော့တာမို့... ... ...
သူ ညွှန်ပြရာကိုသာ လှမ်းကြည့်လိုက်မိတော့...
" ဟင်??? Baekhyun ??? "
အခန်းထောင့်တွင် မျက်နှာလေးငယ်စွာ ရပ်နေသော
Baekhyun ကို မမျှော်လင့်ထားစွာ တွေ့လိုက်ရ
သည်... ... ...။
♣ အသွင်ပြောင်းဖဲချပ် ♣
#TBC
12:35 A.M
မနက်ဖြန်ရောက်ပြီပဲနော့ XD
အားလုံးကို ချစ်ခင်ခြင်းများစွာဖြင့်ပါဗျာ... .... ....