ချစ်သူ မိန်းကလေးတစ်ယောက်ကို စွန့်လွှတ်ဆုံးရှုံးလိုက်ရသော လူတစ်ယောက်နဲ့ တစ်စက်မှ မတူသော သူသည် ဘယ်တော့မဆို ဘုကလန့်ပြောလေ့ရှိသော ကျွန်တော့်အပေါ် အမြဲတစေ နူးညံ့ သိမ်မွေ့သည်။
သူ့ရဲ့ ဂရုတစိုက် ကြင်နာမှုတွေကြားမှာ ဒီလက်ထပ်ခြင်းဟာ အပေးအယူတစ်ခုရဲ့ လျော်ကြေးသက်သက်ဆိုတာ.. မေ့သွားတော့မလိုနီးပါး.. ကျေနပ်ပျော်ရွှင်ခဲ့သည်။
တနင်္ဂနွေနေ့ညတွေတိုင်းမှာ ကျွန်တော်တို့နှစ်ယောက် အပြင်ထွက် ညစာ စားတာမျိုး..။
သူအားတဲ့ ပိတ်ရက်တွေတိုင်းမှာ ကျွန်တော့်ကို ဘယ်သွားချင်သလဲလို့ သတိတရ မေးတတ်တာမျိုး..။
တစ်ခါတစ်လေ ကျွန်တော် အံ့ဩအောင် ရုပ်ရှင်လက်မှတ်တွေ ဖြတ်လာတတ်တာမျိုး....။
အဲ့ဒီလို လူကြီးလူကောင်းဆန်စွာ ကြင်နာ ဂရုစိုက်မှုတွေကြားမှာ ကျွန်တော် နူးညံ့သိမ်မွေ့စွာ ရင်ခုန်တတ်စ ပြုလာသည်။
တိတ်ဆိတ်သော ညဥ့်နက်သန်းခေါင်တွေမှာ ထိုမိန်းမရဲ့ ဓာတ်ပုံကို ဆုပ်ကိုင်ရင်း တမ်းတမ်းတတ လွမ်းဆွတ်နေတတ်တာကို ကျွန်တော် မသိရခင် အထိပေါ့..။
နောင်တ လား...။ ရတာပေါ့...။ မျက်စိစုံမှိတ် လက်ထပ်ခဲ့ခြင်းအတွက်တော့ မဟုတ်ဘူး..။
အဲ့ဒီနေ့ညက သူ့အခန်းကို ခိုးဝင်ပြီး သူအိပ်နေတာလေး ငေးကြည့်ချင်ခဲ့တဲ့ ကိုယ့်ကိုကိုယ် နောင်တရမိရုံပဲ...။
ကျွန်တော်သာ ည ၁၂ ကျော်ကျော်လောက်.. သူ့အခန်းတံခါးကို တိတ်တဆိတ် သွားမဖွင့်မိခဲ့ရင်...။
ညအိပ်မီးရောင်ရဲ့ မှိန်ပျပျ အလင်းရောင်ကြား .. ဓာတ်ပုံတစ်ပုံကို ငေးကြည့်နေတဲ့ မျက်ရည်စတွေကို မြင်ခဲ့ရမှာ မဟုတ်ဘူး...။
ကျွန်တော်သာ သူအလုပ်သွားနေတုန်း သူ့အခန်းထဲ တိတ်တဆိတ် ဝင်ပြီး ထို ဓာတ်ပုံကို အတည်မပြုခဲ့မိရင်..။
သူလွမ်းဆွတ်သတိရနေသော ထို ဓာတ်ပုံပိုင်ရှင်ဟာ Yifae လို့ ကိုယ့်ကိုကိုယ် ဇွတ်ကြိတ်မှိတ် ဖြေသိမ်လို့ရခဲ့မှာ...။
ဟုတ်သားပဲ... ။ Luhan.. ခပ်ကြောင်ကြောင် အတွေးတွေ တော်စမ်း...။
တောင်းဆိုခဲ့တဲ့ ကတိတစ်ခုက လက်ထပ်ခြင်းဆိုတဲ့ အခွံသက်သက်ပဲ...။ အချစ်မှ မပါခဲ့တာ..။ ပါစေချင်တယ်ဆိုဦးတော့ ခံစားချက်ဆိုတာ အတင်းအကျပ် တောင်းဆို ဖန်တီးယူလို့ရတဲ့ အရာမှ မဟုတ်ခဲ့တာ...။
( Yifae မရှိတော့တဲ့ အခါ......မင်းက ကိုယ့်ရဲ့ တစ်ဦးတည်းသော ညီပေါ့ Luhan )
ကျွန်တော့်ကို ကြင်နာသိမ်မွေ့စွာ ဂရုစိုက်ခြင်းများသည်..
Yifae နေရာမှာ အစားထိုးခြင်းဖြစ်ကောင်းဖြစ်နိုင်သော ညီငယ်တစ်ယောက်အပေါ် နွေးထွေးခြင်းတွေလို့ သဘောပေါက်သွားသောအခါ ... တိတ်ဆိတ်သော ညသန်းခေါင်မှာ ငိုကြွေးနေရတဲ့ သူဟာ ကျွန်တော်ဖြစ်လာခဲ့သည်။
သူ မသိဘူး...။
ဘယ်လောက်ပဲ အရွဲ့တိုက်တဲ့ အဆီအငေါ်မတည့်တဲ့ စကားတွေ ပြောပြော.. ကျွန်တော့် မျက်လုံးတွေကတော့ သူ့တစ်ယောက်တည်းကိုပဲ ကြည့်နေတတ်တာကို...။
ဘယ်တော့မှလဲ သိမှာ မဟုတ်ပါဘူး...။ သူ့နှလုံးသားနဲ့ ကျွန်တော့်ကို မကြည့်သေးသ၍ .... ။
အရင်ကထက် တိတ်ဆိတ်သွားသော ကျွန်တော့်ကိုတော့ သူ သတိပြုမိသလားပဲ...။
" Luhan.. အခုတလော စိတ်မကြည်ဘူးလား "
မနက်စာ စားနေရင်း သူမေးလာသည်။
" ကြည်ပါတယ် ဘာဖြစ်လို့လဲ .."
" အရင်လို စကားသိပ်မပြောလို့ ... "
ကျွန်တော် အစားမပျက် ခပ်အေးအေးပဲ ပြန်ဖြေလိုက်သည်။
" စကားများတာ ကျွန်တော့် Type မဟုတ်ဘူး "
" ကိုယ် သိတာပေါ့ ... မင်းက တစ်ခုခုဆို ဘာမှ မပြောလို့ ..ကိုယ့်မှာ မင်း မျက်နှာ အရိပ်အကဲ ကို လိုက်ကြည့်နေရတာ.. "
ကိုင်ထားသော ဇွန်း ခရင်းတွေ ပြုတ်ကျမသွားအောင် သတိထားလိုက်ရသည်။ ပြောပြန်ပြီ... အဲ့ဒီလို စကားတွေ...။ ဘယ်လို ခံစားချက်နဲ့များ....။ ခင်ဗျား.....။
ကျွန်တော် မော့ကြည့်တော့ ကျွန်တော့်ကို ပြုံးပြီး စိုက်ကြည့်နေသော သူ့ကို တွေ့သည်။ ဘာမှ ပြန်မပြောပဲ ထမင်းစားပွဲမှ ထလိုက်သည်။..
" ကျွန်တော် ထ နှင့်ပြီ ...."
" ဩော် .. ကိုယ် ခရီးထွက်စရာရှိတယ် ဒီညနေ.... "
ဒီလောက် တစ်အိမ်တည်းနေပြီး နေ့တိုင်းတွေ့နေရတာတောင် ကျွန်တော် အထီးကျန်စွာ လွမ်းဆွတ်နေရတာကို သူက ခရီးထွက်ဦးမယ်...။
" အဒေါ်ကြီးတွေတော့ ရှိပါတယ် ဒါပေမယ့် .. ညဘက်တွေ... တစ်ယောက်တည်း အဆင်ပြေတယ်မလား ... "
ခပ်မဲ့မဲ့ တစ်ချက်ပြုံးရင်း...
" အဲ့ဒါ ကျွန်တော် နေသားကျနေပြီးသားပါ "
ကျွန်တော် ပြောပြီး အပေါ်ထပ်က အိပ်ခန်းထဲ တက်ခဲ့သည်။ သူများတွေ ဝမ်းနည်း အထီးကျန်ရင် ဘာလုပ်ကြပါလိမ့်...။ ရင်ဖွင့်တာ...။
ကျွန်တော်ကရော.. ဘယ်သူ့ကို သွားရင်ဖွင့်ရမလဲ...။
အပေါင်းအသင်းမရှိ...။ ဆွေမျိုးမရှိ...။
မေမေ.... ။ မေမေ့ဆီ ဖုန်းဆက်ရမလား...။
ကိုယ့်သဘောနဲ့ လုပ်ချင်တာတွေ လုပ်ပြီးမှ မေမေ့ကို အားကိုးတကြီး ရင်ဖွင့်ရမှာလား....။
တော်စမ်းပါ... Luhan.. အခု မင်းမှာ မေမေကလွဲပြီး ဘယ်သူရှိလို့လဲ.. ။
Contact ထဲက ဖုန်းနံပါတ်ကို နှိပ်လိုက်ခါနီး.. ကျွန်တော် ဖုန်းကို မွေ့ယာပေါ် ပစ်ချလိုက်မိသည်။
မဆက်တော့ဘူး....။
လုပ်ချင်ရာ လုပ်ပြီး... ဝမ်းနည်းစရာကြုံလာမှ မေမေ့ကို တမ်းတသော ပျော့ညံ့ညံ့ ပုံစံက ကျွန်တော် မဟုတ်ပါ..။
ဝမ်းနည်း အထီးကျန်မှုများကို မာနတရားက ထိန်းချုပ်လိုက်သောအခါ... ဘေးထွက်ဆိုးကျိုးများကတော့ မျက်ရည်များသာဖြစ်သည်......။
ဘယ်သူ့မှ ရင်ဖွင့်စရာမလိုသော နည်းလမ်းကောင်း တစ်ခုတော့ ရှိသားပဲ...။
မျက်လုံးတွေကို ဇွတ်မှိတ်ရင်း ကျွန်တော် အိပ်ပစ်လိုက်တော့သည်...။
အဆက်မပြတ် တံခါး ခေါက်သံကြားမှ အိပ်ပျော်သွားရာက ကျွန်တော် နိုးလာသည်။ ငိုထားတာ သိသာနေမလား...။ တံခါး မဖွင့်ခင် ရေချိုးခန်းကို အပြေးအလွှားသွားရင်း မျက်နှာသစ်လိုက်ပြီးမှ တံခါးသွားဖွင့်တော့ ...
စိုးရိမ်နေသော မျက်ဝန်းတွေနဲ့ ....... ။
ညီတစ်ယောက်လို သဘောထားသည်ပဲထားဦး... ကျွန်တော် ခဏတော့ ကျေနပ်သွားမိသည်။
" ကျွန်တော် အိပ်ပျော်နေလို့ "
" လန့်သွားတာပဲ.. ကိုယ်တံခါးခေါက်နေတာကြာပြီ ဘာများ ဖြစ်နေသလဲလို့ .. "
Luggage တစ်လုံးနဲ့...။ ညနေ သွားမယ်လို့ သူ ပြောထားတာပဲ ..။
" ကိုယ်သွားတော့မယ် .. ဂရုစိုက်ဦး.. "
အပိုတွေ...။
" လိုက်မပို့ချင်ဘူးမလား Airport ကို "
ရယ်ကျဲကျဲ လုပ်ရင်း သူ စနောက်တော့ ကျွန်တော် စိတ် နည်းနည်း ကြည်သွားသည်။
" အားနာလို့ အိမ်အပေါက်ဝအထိ လိုက်ပို့ပေးမယ် "
ကျွန်တော် ပြောပြီး အခန်းထဲက ထွက်ကာ လှေကားကနေဆင်းလာတော့ သူ ရယ်ရင်းလိုက်လာသည်။
" ကိုယ့်ကို စိတ်မဝင်စားပုံများ.. ဘယ်သွားမှာလဲ... ဘယ်သူနဲ့လဲတောင် မမေးဘူးနော်... "
ဖျတ်ခနဲ ဝင်လာသော အတွေးက...။ အယောင်ယောင်အမှားမှားနဲ့ လှေကား လက်ရန်းတွေကို ထိန်းကိုင်ရင်း ဆက်လျှောက်လိုက်ရသည်။
U.S ကိုများ....။ ဘာကိစ္စနဲ့လဲ...။ ဟို မိန်းမကို သွားတွေ့တာဆိုရင်......။ အခုမှ တရစပ်ဝင်လာသော အတွေးတွေက ကျွန်တော့်ကို အလုံးအရင်းနဲ့ တိုက်ခိုက်နေကြသည်။..
" နှစ်လလောက်တော့ ကြာမှာ.. ဂျာမနီကို ..
ဘာဝယ်ခဲ့ရမလဲ... "
ဂျာမနီတဲ့ ..။ ကျွန်တော့်ရဲ့ စိုးရိမ်စိတ်တွေ နည်းနည်းတော့ ဒီဂရီ လျော့နည်းသွားသည်။ နှစ်လဆိုသော အချိန်ကတော့...။
" ဘာမှမဝယ်ခဲ့နဲ့ ရတယ် .."
မြန်မြန်သာ ပြန်လာခဲ့..။ အဲ့ဒီစကားကိုတော့ စိတ်ထဲကသာ ပြောဖြစ်ခဲ့လေသည်။
ခြံထဲက ထွက်သွားသည်အထိ ကျွန်တော် အိမ်အဝင်ဝမှာ မတ်တပ်ရပ်ကြည့်နေမိတုန်း...။
ကျွန်တော် မုန်းတီးလာပြီ..။
ညီတစ်ယောက်ထက်မပိုတဲ့ သူ့သဘောထားတွေ.....။
ကျွန်တော့် အတွက် မဟုတ်တဲ့ အချစ်တွေ ၊ အလွမ်းတွေ..။
နောက်ဆုံး... မျိုသိပ်ထိန်းချုပ်စွာ ဟန်ဆောင်နေရသော ကျွန်တော့် ကိုယ် ကျွန်တော် မုန်းတီးလာသည်။
ဘယ်သူ့ကိုမှ မပေးချင်သော စိတ်တစ်ခုတည်းနဲ့ ....
အဓိပ္ပါယ်မရှိတဲ့ အပေးအယူကို ဖျက်သိမ်းလို့ရရဲ့သားနဲ့ ...
သူ ချစ်တဲ့ တစ်စုံတစ်ယောက်ရှိနှင့်ပြီးသားဆိုတာ သိရဲ့သားနဲ့....
မျက်စိစုံမှိတ် လက်ထပ်ခဲ့ခြင်းက ကျွန်တော့် အတ္တများသာ ဖြစ်သည်။
ထို အတ္တများအတွက် ဝမ်းနည်း အထီးကျန်မှုတွေဟာ ဘုရားသခင် ချမှတ်သော အပြစ်ဒဏ်ဆိုလျှင်....။
ကျွန်တော်ဆိုသောကောင်မှာ စောဒက တက်ပိုင်ခွင့် နည်းနည်းလေးမှ မရှိပါ...။
သူ မရှိတဲ့ ရက်သတ္တပတ်တွေက တကယ့်ကို မှုန်မှိုင်း ခြောက်ကပ်နေတာ...။ ဘယ်နေရာကြည့်ကြည့် ဒေါသထွက်ချင်စရာတွေချည်း...။
နှစ်ပါတ်လောက်နေမှ သူကျွန်တော့်ဆီ ဖုန်းတစ်ခါ ဆက်ကာ စက်ရုံ အသစ်ကိစ္စ အလုပ်ရှုပ်နေတဲ့ အကြောင်း..၊ လာမယ့် Yifae ရဲ့ နှစ်ပတ်လည်မှာ သူ မရှိတာ စိတ်မကောင်းကြောင်း ၊ ကျွန်တော့်ကို ကျန်းမာရေး ဂရုစိုက်ရန် ပြောပြီး ဖုန်းချသွားသည်။
Yifae ...။ သူမ ဆုံးတာတောင် တစ်နှစ်ပြည့်ပြီ..။
ကျွန်တော်တို့ လက်ထပ်ခဲ့တာလဲ တစ်နှစ်ပြည့်တော့မှာပဲ...။
သူ့အတွက်တော့ သိပ်ချစ်တဲ့ မိန်းမတစ်ယောက်ကို ဆုံးရှုံးခဲ့ရတာ တစ်နှစ်ပြည့်ခါနီးပေါ့..။
ဒီကြားထဲ သူတို့နှစ်ယောက် အဆက်အသွယ် ရှိရင်လဲ ရှိမယ်.. မရှိရင်လဲ မရှိဘူး...။
ဒါ ကျွန်တော် မသိပါ..။
တစ်နှစ်နီးပါး အဆက်အသွယ်မရှိသော လူတစ်ယောက်ကို မျက်ရည်ကျသည်အထိ လွမ်းဆွတ်တမ်းတနေသေးသည် ဆိုလျှင်.....။
ကျွန်တော် မတွေးချင်ဘူး. .။ ကျွန်တော် မတွေးတာတောင် အဲ့ဒီ စောက်ရေးမပါခြင်းတွေက ခေါင်းထဲ ရောက် ရောက်လာတာ...။
Yifae ရဲ့ တစ်နှစ်ပြည့်မှာ ကျွန်တော် Lily ပန်းစည်းတစ်စည်းနဲ့ သူမ အုတ်ဂူကို သွားခဲ့သည်။ သူမသာ မြင်နိုင်ရင် တမလွန်ကနေ ဘယ်လောက်တောင် နောင်တရနေလိုက်မလဲ..။
အဟက် ...။ သေချာ စဉ်းစားကြည့်မှ ကျွန်တော် သူမ ဝဋ်တွေ လည်တာ ဖြစ်နိုင်သည်။ ကိုယ့်ကို မချစ်တဲ့ တစ်စုံတစ်ယောက်ကို တစ်ဖက်သတ် ချစ်နေရတာ ဒီလို ခံစားချက်မျိုးပဲ....။
အခုတော့ ကျွန်တော် နှလုံးသားနဲ့ ရင်းပြီး...၊ မျက်ရည်နဲ့ ရင်းပြီး သိခဲ့ပြီ ဆိုတဲ့ လျှို့ဝှက်ချက်ကိုတော့ Yifae ကို ပြောပြဖြစ်ခဲ့သည်....။
သူပြန်ရောက်သောနေ့က ကျွန်တော် တကယ်ကို ပျော်ရွှင်နေခဲ့တာ...။ တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီနေ့ပဲ.. တက္ကသိုလ်ဝင်ခွင့်တွေ ထွက်တဲ့နေ့...။ ဘယ်တက္ကသိုလ် ဝင်ခွင့်ဖြေရမလဲ မသိတဲ့ ကျွန်တော်က ဘာရယ်မဟုတ် ဒီအတိုင်း သူ စနောက်လိုက်တဲ့ စကားတစ်ခွန်းကြောင့် ဆေးတက္ကသိုလ်ကို လျှောက်ခဲ့သည်။
( မင်းက Duty Coatနဲ့ဆို အရမ်းချစ်စရာကောင်းမှာ )
ဘယ်တက္ကသိုလ် လျှောက်မလဲ သူမေးတော့ မသိဘူးလို့ ကျွန်တော် ဖြေတုန်းက ရယ်ရင်း ထိုစကားကို ပြောခဲ့သည်။
သူ့ကိုတော့ အနုပညာတက္ကသိုလ် လို့ပဲ လွယ်လွယ် ပြောလိုက်သည်။
ကျွန်တော့် အပြုအမူတွေကနေတောင် သူ မခန့်မှန်းမိစေရ...။
ထိုမိန်းမကို မမေ့နိုင်သေးသ၍ ကျွန်တော့် ခံစားချက်တွေ သူ မရိပ်မိစေရ..။
ချစ်သူကို ဆုံးရှုံးလိုက်ရသော သူက စိတ်ထိခိုက်နာကျင်သည်ဆိုလျှင်....။
ကိုယ့်ကို မချစ်သော သူတစ်ယောက်ကို လက်ထပ်ရင်း ချုပ်တည်း မျိုသိပ်စွာ ချစ်နေခဲ့ရသော ကျွန်တော်က သူ့ထက် နာကျင်တတ်သေးသည်။
သူက ဟန်ဆောင် မျိုသိပ်စွာ နာကျင်နေရသည်ပဲထား..။
ကျွန်တော်ကတော့ မာနတရားများနဲ့ပါ လွန်ဆွဲတိုက်ခိုက်ရင်း နေ့စဉ်ရက်ဆက် ကြေကွဲနေရတာ။
တိုက်ဆိုင်မှု တစ်စုံတစ်ရာကြောင့်သာ သူက ထိုမိန်းမကို လွမ်းဆွတ် သတိရနိုင်သည်ဆိုလျှင် ...
လူတစ်ယောက်လုံး အနားမှာ ထားပြီး... တိတ်ဆိတ်စွာ ငိုကြွေးနေရသော ကျွန်တော်က သူ့ထက် အဆပေါင်းများစွာ.. ရှုံးခဲ့ရပြီးသား....။
ဘာတွေများ ထပ်ရှုံးရဦးမလဲ...။
တကယ်တော့ ကျွန်တော့် အရှုံးတွေက မကုန်သေးပါ...။ ကျွန်တော် ဆေးကျောင်း စတက်နေသော ရက်များမှာ... ကျွန်တော့်ရဲ့ အကြီးမားဆုံး အရှုံးကို စတင် ရင်ဆိုင်ရတော့သည်။
သူမ ပြန်လာတယ်...။ ပြန်လာရုံတင်မကဘူး...။ Wu Yifan ဆိုသော လူကြီးလူကောင်းနဲ့ ဧည့်ခံပွဲ တစ်ခုကိုတောင် အတူတက်လိုက်သေးသည်။
ကျွန်တော် ဘာမှ မသိခဲ့ဘူး..။ ဘယ်တုန်းက သူမ ပြန်ရောက်သလဲ ဆိုတာလဲ မသိခဲ့ဘူး...။
ဧည့်ခံပွဲတစ်ခုမှာ အတူတူတက်သည်ဆိုတာတောင် အမှတ်မထင် သတင်းစာမှာ ကျွန်တော် တွေ့လိုက်ရတာဖြစ်သည်။
Branded Fashion Company တစ်ခုရဲ့ CEO နဲ့ နာမည်ကြီး Designer တစ်ယောက်ကို ဧည့်ခံပွဲတစ်ခုမှာ တွေ့လိုက်ရသော သတင်းထောက်တွေ အတွက်ကတော့ ပုံကြီး ချဲ့မကုန် ၊ ရေးလို့ မကုန်အောင်နိုင်ပဲ ...။
ကျွန်တော် ဘယ်လောက်တောင် အသုံးမကျသလဲဆိုရင်.. သူမက Designer လောကမှာ နာမည်ကြီးနေတဲ့
Fan Bing Bing ဆိုတာ အခုမှ သိရတာ...။
တိတ်ဆိတ်သော ဘုရားကျောင်း တစ်ခုမှာ လက်ထပ်ထားခဲ့ခြင်းက အသိအမှတ်ပြုမှုတွေ လက်ခုပ်သံတွေမှ မပါပဲ...။
တစ်လောကလုံးရဲ့ သမီးရှင်တွေ မျက်စိထဲမှာတော့
သူက အခုထိ အိမ်ထောင်မကျသေးတဲ့ လူပျိုလူလွတ် တစ်ယောက်ပဲ.... ။
ဘုရားသခင် .. ။ ကျွန်တော့်အတ္တတွေကြားမှာ သူ့ရဲ့ လွတ်လပ်ခွင့်တွေကို ပိတ်လှောင်ခဲ့မိသလား...။
" Luhan "
ကျွန်တော် ပန်းခြံထဲ ထွက်ထိုင်နေတုန်း သူ ကျွန်တော့် အနား ရောက်လာသည်။ ကျွန်တော်တို့ မျက်နှာချင်းမဆိုင်ဖြစ်တာ ကြာပြီ။ ဧည့်ခံပွဲ သတင်းကို ကျွန်တော် ဖတ်ပြီးကတည်းကပဲ...။
" အခုတလော မင်းကို ကြည့်ရတာ အားနည်းနေသလိုပဲ ဖြူဖျော့နေတယ် .."
မသေရုံတမယ်ပါပဲ... ။ ကျွန်တော် ပြုံးရုံကလွဲပြီး ဘာမှ ပြန်မပြောဖြစ်။
" ကိုယ့် သူငယ်ချင်းတစ်ယောက်က ကိုယ်တို့ကို ထမင်းစား ဖိတ်ချင်လို့တဲ့ ...ဒီနေ့ည... "
သူငယ်ချင်း..။ ကျွန်တော်တို့ လက်ထပ်ထားတာကို သိသော သူ့ သူငယ်ချင်း တစ်ယောက်ယောက်မရှိတာ ကျွန်တော် သိတယ်....။
" ဘယ်သူငယ်ချင်းလဲ... "
" Fan Bing Bing လေ မင်း ကြားဖူးမှာပါ Designerလေ "
နားထဲကို မိုးကြိုးပစ်ချလိုက်သလို ဝင်လာသော နာမည်ကြောင့် မျှော်လင့်ထားပေမယ့် မျက်နှာပျက်မသွားအောင်တော့ ကျွန်တော် မထိန်းချုပ်နိုင်ခဲ့..။
မျိုသိပ်ရတာတွေ များလာတဲ့အခါ.....။
" ဘာလို့လဲ .. မလိုက်ချင်ဘူးလားဟင်.. "
ကျွန်တော် မျက်နှာပျက်သွားတာကို အပြင်မသွားချင်လို့များလားလို့ သူတွေးလိုက်သည်ထင်ရဲ့..။
" ကျွန်တော်တို့ လက်ထပ်ထားတာ သူသိလား "
ဘယ် ဧည့်ခံပွဲ ၊ ညစာစားပွဲမှ မလိုက်သော ကျွန်တော့်ကို သူကလဲ အတင်းအကျပ်မခေါ်ဖူးပါ..။
မေးလာရင်တော့ အမှန်အတိုင်း ဖြေမယ့် သူ့အကြောင်း ကျွန်တော် သိပေမယ့် လူတိုင်းကိုတော့
( ကျွန်တော့်ထက် အသက်ထက်ဝက်လောက် ငယ်တဲ့ ကောင်လေး တစ်ယောက်နဲ့ လက်ထပ်ထားတယ် )
ဆိုတာမျိုး ပြောထားမှာမဟုတ်...။
" အင်း... သိတယ် ... "
ကျွန်တော် အဓိပ္ပါယ်မဲ့စွာ ပြုံးလိုက်မိသည်။
အရယ်အပြုံးတွေ အဓိပ္ပါယ်မဲ့နေခဲ့တာတော့ ကြာပြီ ။
" လိုက်ခဲ့ပါ့မယ် ... "
သူ ကျေနပ်စွာ ပြုံးရယ်လိုက်သည်။ အခုမှ သူ့ကို သေချာ အကဲခတ်မိသည်။ သူ အရင်ကထက်စာရင် ပို ပြုံးနေသလိုပါပဲ....။
ကျွန်တော့် ဘေးနားက ခုံမှာ ဝင်ထိုင်ရင်း.. သူ ကျွန်တော့်ကို စကားတစ်ခုခု ပြောဖို့ ကြိုးစားသည်။
အသက်သုံးဆယ်ကျော် ယောက်ျားတစ်ယောက်ရဲ့ မျက်နှာက ဒီလောက် ပြစ်ချက်ကင်းစင်နေဖို့ မကောင်းဘူး..။ သေသပ်စွာ ရိတ်ထားတတ်တဲ့ မုတ်ဆိတ်မွေးတွေက သူ မရိတ်ဖြစ်သေးပဲ နည်းနည်း ပြန်ထွက်နေတဲ့အခါမျိုးမှာ ပုံမှန်ထက် ယောက်ျား ပီသနေသော သူ့မျက်နှာကို ကျွန်တော် နှစ်ခြိုက်သည်။
တနင်္ဂနွေတွေမှာ ညစာ ထွက်မစားဖြစ်တာ ကြာပြီ..။
နှစ်ယောက်တည်း ရုပ်ရှင်မကြည့်ဖြစ်တာကြာပြီ...။
သူ့မှာ အားလပ်ရက်ဆိုတာတွေ မရှိတာ ကြာပြီ...။
သူပြောနေသော အကြောင်းအရာကို ကျွန်တော် အာရုံမရှိပါ။ ..
စာရေးဆရာ တစ်ယောက်ယောက်အကြောင်း...။ ဒါမှ မဟုတ် အကျီင်္ ဒီဇိုင်း အသစ်တွေ အကြောင်း..။
Design ပညာကို ကျွန်တော့်ထက်ပိုနားလည်တဲ့ တစ်ယောက်ယောက်နဲ့များ သူ ဆွေးနွေးချင်မလား..။
" Luhan.. မင်း ချစ်တဲ့ သူများရှိနေသလား..
အခုတလော ငေးတိငေးမှိုင်နဲ့... "
အဲ့ဒီ မေးခွန်းက ဘယ်လို အဓိပ္ပါယ်များပါလိမ့် ။
ကျွန်တော် သာ " ဟုတ်တယ် " လို့ ဖြေလိုက်ရင် သူကပဲ အလွန် လူကြီးလူကောင်းဆန်သော ပုံမ်ျုးနဲ့ သဘောထားကြီးစွာ ကွာရှင်းပေးဦးမလား...။
ကျွန်တော် ဟက်ဟက်ပက်ပက် ထရယ်တော့ သူ ကျွန်တော့်ကို နားမလည်စွာ ကြည့်လာသည်။
" မရှိပါဘူး... တစ်ယောက်ယောက်ကို ချစ်ရတာ အဓိပ္ပါယ်မရှိဘူး... "
အဲ့ဒီလိုပဲ ဖြေပြီး.. သူ့ဘေးနားက ထထွက်လာခဲ့သည်။
တစ်နှစ်ကျော် ဟန်ဆောင် ထိန်းချုပ်ထားမှုတွေ မပေါက်ကွဲသွားခင်..။
ဒီလောက် ချောမောလှပပြီး ထက်မြက်တဲ့ မိန်းမတစ်ယောက်က ကျွန်တော့်ပြိုင်ဘက်မဟုတ်မှန်း စောစောစီးစီး ရိပ်မိခဲ့ရမှာ...။
" Luhan.. တစ်ခုခု မှာဦးလေ "
ဟန်ဆောင်နေသည်လို့ ထင်ရက်စရာမရှိလောက်အောင်လဲ သူမက ဘာမှမဖြစ်သလို ချိုသာသိမ်မွေ့စွာ ကျွန်တော့်ကို စကားပြောလေသည်။
" ဒီဆိုင်မှာ ကဏန်းချက် ကောင်းတယ် ... မှာလိုက်မယ် "
" မမှာနဲ့ BingBing သူ ပင်လယ်စာနဲ့ မတည့်ဘူး "
ကျွန်တော် ငြင်းမလို့ပြင်နေတုန်း သူ့ဆီက တားမြစ်သံထွက်လာသည်။ Fan Bing Bing ရော ကျွန်တော်ကိုယ်တိုင် သူ့ကို အံ့ဩစွာ ကြည့်လိုက်မိသည်။
ကျွန်တော် ပင်လယ်စာနဲ့ မတည့်တာကို သူ ဘယ်လို သိနေပါလိမ့်....။ ကျွန်တော် တစ်ခါမှ မပြောဖူးပါ..။
အာာ.. တစ်ခါတော့ ပြောဖူးသည်။ အဲ့ဒါကလဲ ကျွန်တော်တို့ လက်ထပ်ပြီး တစ်လလောက်ကြာတော့ သူနဲ့ ကမ်းခြေတစ်ခုကို အလည်သွားတုန်းက ...။ ကျွန်တော် ပင်လယ်စာနဲ့ မတည့်တာကို.. ပြောဖူးသည်။ ကြာနေပြီ မဟုတ်ဘူးလား..။
သူအခုထိ မှတ်မိနေတာ သိပ်ကို ဥာဏ်ကောင်းလွန်းတာဖြစ်မည်....။ မှတ်ထားသည်လို့တော့ ကျွန်တော် မတွေးရဲပါ...။
ညစာ စားပြီးသွားတော့ သူတို့ အလုပ်အကြောင်း ဆွေးနွေးနေတုန်း ကျွန်တော် ငြိမ်သက်စွာ ထိုင်နေမိသည်။ Wu Yifan...။ ခင်ဗျားက တည်ငြိမ်လွန်းတာလား..။ သွေးအေးတာလား...။ ရည်းစားဟောင်းတစ်ယောက်နဲ့ လက်ထပ်ထားတဲ့ လူတစ်ယောက်ရှေ့မှာတောင် ရှိးတိုးရှန့်တန့် ဖြစ်မှုမျိုးတွေ မတွေ့ရ ။
မဟုတ်သေးဘူး...။ ကျွန်တော်က သူလက်ထပ်ထားတဲ့သူ ဆိုတာကို မေ့ကောင်း မေ့နေတာလဲ ဖြစ်နိုင်သည်ပဲ...။
တစ်ချက် တစ်ချက် Fan Bing Bing ရဲ့ စူးရှတဲ့ မျက်လုံးတွေကို သတိထားရတာလဲ တစ်မျိုး..။ သူမက သိပ်ကို ပါးနပ်သည်။ အထူးသဖြင့် မိန်းမတစ်ယောက်ရဲ့ စူးစမ်းဆင်ခြင်တတ်သည့် မျက်လုံးတွေဟာ Sherlock Holmes ထက် အစွမ်းထက်နိုင်သည်။
ကျွန်တော်ဟာ ဘုရားသခင်နဲ့ ကိုယ့်ကိုကိုယ် ဒူးထောက် ဝန်ခံထားရသည်ဆိုဦးတော့...။ တစ်ခြား ဘယ်သူ့ကိုမှ ထပ် မဝန်ခံချင်တော့ပါ...။ တိတ်တဆိတ် ပေးဆပ်ထားရသော အရှုံးတွေက လုံလောက်နေပြီပဲလေ....။
" ဟေး.... BingBing မဟုတ်လား...Yifan ရော ပါတာပဲ.."
ခပ်ကျယ်ကျယ် နှုတ်ဆက်လိုက်သံတစ်ခုကြားတော့ ကျွန်တော်တို့ လှည့်ကြည့်လိုက်ကြသည်။
ကလေးလေး တစ်ယောက်ကို ချီထားသော အသက်ကြီးကြီး အမျိုးသမီး တစ်ဦး...။
" အာာ .. JieJie .. "
သူတို့နှစ်ယောက်လုံး ထိုင်ရာက ထပြီး ခုနကအမျိုးသမီးကို နှုတ်ဆက်နေကြသည်။ သူကတော့ ကလေးလေးကို ချီလိုက်ပြီး ချော့မြူနေသည်..။
အဲ့ဒီ အခိုက်အတန့်ပါပဲ... ။
ကျွန်တော့် အတ္တတွေကို ပြောင်းပြန်လှန်သွားတာ...။
အချစ်လို့ ကျွန်တော် တိတ်တဆိတ်ခေါင်းစဉ်တပ်ထားတဲ့ ရယူပိုင်ဆိုင်လိုမှုတွေကို ရိုက်ချိုးပစ်သွားတာ..။
ကလေး လေးကို ချီထားတဲ့ သူရယ်...။ သူ့ဘေးမှာ လင်းလက်စွာပြုံးရင်း ရပ်နေတဲ့
Fan Bing Bing ရယ်...။
ဟိုတုန်းကလိုပဲ..။ ခိုင်မာသော ဆုံးဖြတ်ချက် တစ်ခုချပြီးတဲ့အခါ ကျွန်တော် ပြုံးလိုက်မိသည်။
ကျွန်တော် နားလည်သဘောပေါက်သွားတယ် ။
အချစ်က အတ္တနဲ့ မာနကြား ရယူပိုင်ဆိုင်လိုမှုတွေ မဟုတ်ဘူး..။
အချစ်က သိပ်ကို ရိုးရှင်းပါတယ် ။
သူ ပြုံးနေသည့်အခါ ကျွန်တော့်နှလုံးသားက ကြည်နူးမှုတွေ စီးဆင်းသွားခြင်းပဲ... ။
" ကျွန်တော် ပြန်နှင့်မယ် ... မနက်ဖြန် ကျောင်း ကိစ္စလေးရှိလို့ "
" ကိုယ် လိုက်ပို့မယ်လေ.. ခဏလေး... "
" ရတယ် ဧည့်သည်တွေ အားနာစရာကြီး.. နေခဲ့ပါ "
ကျွန်တော် မွန်းကြပ်စရာ ညစာစားပွဲမှ ထွက်လာသည့်အခါ စိတ်သက်သာရာ ရလာခဲ့သည်။ ကျွန်တော့် ဆုံးဖြတ်ချက်တွေ သေချာအောင် လုပ်ရဦးမည်။
အိမ်ရောက် ရောက်ချင်း ကျွန်တော် မေမေ့ကို ဖုန်းခေါ်လိုက်သည်။
" မေမေ "
" Luhan .. "
မေမေ ဘာမှ မပြောခင် ကျွန်တော် မေးလိုက်သည်။
" မေမေ ချစ်တဲ့သူကို စွန့်လွှတ်မှ သူ ပျော်ရွှင်ရမယ်ဆိုရင် . မေမေ စွန့်လွှတ်မှာလား...."
" Luhan .."
" ကျွန်တော့်ကို ဘာမှ မမေးပါနဲ့ .."
မေမေ့ရဲ့ သက်ပြင်းချသံ သဲ့သဲ့ကို ကျွန်တော် ကြားလိုက်ရသည်။
" သူ့ရဲ့ အမှန်တကယ် ပျော်ရွှင်ခြင်း ဆိုရင်ပေါ့ "
ကျွန်တော် လိုချင်တာလဲ ဒါပါပဲ... ။
" ကျေးဇူးတင်ပါတယ် မေမေ.. ဒါပါပဲ "
" Luhan .... မာနတွေ ဘေးဖယ်ထားချင်လာတဲ့တစ်နေ့ ဝမ်းနည်း အထီးကျန်နေတယ်ဆိုတာ မင်း ဝန်ခံလာမယ့်တစ်နေ့ ... မေမေ့အိမ်ရှိသေးတာကို သတိရပါ.... "
အဲ့ဒီတစ်နေ့ ရောက်လာတော့မှာပါ မေမေ ..။ ဘာမှ ပြန်မပြောပဲ ကျွန်တော် ဖုန်းချလိုက်သည်။
ကျွန်တော် မေမေနဲ့ ဖုန်း ပြောအပြီးမှာပဲ သူ ပြန်ရောက်လာသံကို ကြားရသည်။
" Luhan .. အိပ်နေပြီလား.... "
သူ့မျက်နှာကို အခုချိန်တွေ့ရပြန်လျှင် ကျွန်တော့် ဆုံးဖြတ်ချက်တွေ လမ်းလွှဲ သွားမှာစိုးလို့ တံခါး သွားမဖွင့်ပဲ အိပ်ချင်ယောင် ဆောင်နေလိုက်သည်။
မနက်မိုးလင်းတော့ အစောကြီး ကျောင်းကို ထွက်ခဲ့မိသည်။ ဦးတည်ချက်က ပါမောက္ခ အခန်းဆီသို့ ။
" Morning Sir. "
ဖတ်လက်စ စာအုပ်ကို ချရင်း ပါမောက္ခက ကျွန်တော့်ကို မျက်မှန် ပင့်ကြည့်သည်။.
" ကျွန်တော် ပြင်သစ် transfer လျှောက်ချင်လို့ပါ " ...။
စီစဉ်စရာ ရှိတာတွေ စီစဉ်ပြီးသည့်နောက် ၊ ကျွန်တော် အိမ်ကို ပြန်လာခဲ့သည် ။ အဝတ်အစားတွေ ထုတ်ပိုးရင်း သူ့အတွက် စာတစ်စောင်နဲ့ နှုတ်ဆက်ဖို့ စဉ်းစားလိုက်သည်။
မဟုတ်သေးပါဘူး...။ Video လေး တစ်ခုနဲ့ နှုတ်ဆက်မှ ။
ကျွန်တော့်ရဲ့ အတ္တတွေ မာနတွေ ခွာချထားတဲ့ ခံစားချက်တွေ အားလုံး ဝန်ခံထားမယ့် Video တစ်ခု...။
နှစ်ပါတ်လောက် စီစဉ်စရာရှိတာတွေအားလုံး စီစဉ်ပြီးသွားတဲ့အခါ.. ကျွန်တော် အဆင်သင့်ဖြစ်နေပြီ။
နောက်ဆုံး တစ်ခုပဲ ။ ကျွန်တော် ထွက်မသွားခင် နောက်ဆုံး ဆန္ဒလေး တစ်ခုပဲ...။
စာရွက်စာတမ်းတွေနဲ့ Laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ သူ့အခန်းထဲကို ကော်ဖီ တစ်ခွက်နဲ့ ဝင်လာသည့် ကျွန်တော့်ကို တစ်ခါမှ မမြင်ဖူးသည့် လူတစ်ယောက်လို ကြည့်နေသည်။ နောက်တော့ သူပြုံးသည်။
" ကိုယ့် အခန်းထဲကို ဝင်လာတာ မင်းလို့တောင် မထင်ထားဘူး. "
ကျွန်တော် ညတိုင်းနီးပါး ခင်ဗျားမျက်နှာလေးကို ခိုးကြည့်ဖို့ ဝင်နေကျဆိုတာ.....။
" ကော်ဖီ ဖျော်လာတယ်.. ခင်ဗျားအတွက် "
အံ့ဩမှုတွေ ဂိတ်ဆုံးသွားသော မျက်နှာထားဖြင့် သူ စိုက်ကြည့်နေပြီး ရယ်ချလိုက်သည်။..
" တန်ဖိုးကြီးလွန်းတဲ့ ကော်ဖီပဲ... "
ကျွန်တော် ဘာမှ မပြောပဲ လှည့်ထွက်ခဲ့သည်။ ကျွန်တော် ခဏနေ ပြန်လာခဲ့မယ် ...။ ခင်ဗျား အရာအားလုံးကို မေ့လျော့ပြီး အိပ်မောကျသွားတဲ့အချိန် ခင်ဗျား ရင်ခွင်ထဲမှာ နောက်ဆုံးအနေနဲ့ အိပ်စက်ဖို့....။
ည ၁၂လောက်မှာ ကျွန်တော် ပြန်လာတော့ စာရွက်တွေကြားထဲ သူခေါင်းစိုက်နေသည်။
သူ့ကို ကုတင်ပေါ် ဆွဲတင်ပြီး.. ကျွန်တော် သူ့ဘေးနားလှဲအိပ်လိုက်သည်။
" ပထမဆုံးနဲ့ နောက်ဆုံးပဲ .... ခင်ဗျားရင်ခွင်ထဲမှာ အိပ်စက်ခွင့်ပြုပါ ".......။
မနက် မိုးလင်းတဲ့အထိ သူ မနိုးသေး...။ နိုးမှာ မဟုတ်ဘူး...။ ကျွန်တော် Beijingရဲ့ မြေပေါ်ကနေ ထွက်ခွာသွားပြီးမှ...။
Video တိတ်ခွေကို သူ့ အလုပ်စားပွဲပေါ် တင်ထားပြီး
အိပ်မောကျနေတဲ့ သူ့ရဲ့ ညာဖက်ပါးပြင်ကို နမ်းကာ နှုတ်ဆက်လိုက်သည်။
လေယာဉ်စတင် ပျံသန်းတဲ့အခါ .. တိမ်တိုက်တွေကြားထဲ သူ မျက်နှာကို မြင်နေရပြန်သည်။
ကျွန်တော် နေသားကျသွားမှာပါ....။
အနုပညာ ဂီတတွေ စာပေတွေ ဖုံးလွှမ်းထားတဲ့ ပြင်သစ်ရဲ့ အငွေ့အသက်တွေက ကျွန်တော့်ရဲ့ အတ္တနဲ့ မာနတွေကို ပြောင်းလဲရင်း အလွမ်းတွေကို တိုက်စား သွားကြလိမ့်မည်..။
( ကျွန်တော် တစ်ဖတ်သတ် ဆန်ဆန် ဆုံးဖြတ်ချက်တွေနဲ့ ထွက်လာခဲ့မှာ မဟုတ်ဘူး ... Wu Yifan ...။
ခင်ဗျားရဲ့ ပျော်ရွှင်မှု အစစ်အမှန်ဆိုတာ အဆီအငေါ်မတည့်တဲ့ ဂျစ်ကန်ကန် ကောင်လေးတစ်ယောက် ဖြစ်ကောင်း ဖြစ်နေနိုင်သလား လို့ အဲ့ဒီ အချိန်က တွေးမိခဲ့ရင်ပေါ့ ....) ။