ထိုင်ခုံကို ခပ်လျော့လျော့ ထိုင်ရင်း ကျွန်တော့်ရှေ့က လူကြီး လူကောင်းကို စိတ်ပျက်လက်ပျက်ပဲ ကြည့်နေလိုက်သည်။စိတ်မရှည်မှုတစ်ချို့ကို သည်းခံထားပုံရသော ထို ပုဂ္ဂိုလ်က ကျွန်တော့်ကို ပြုံးပြရင်း စကား စ ပြောလာသည်။ ...
"Luhan နော် .. နာမည်က"
မျက်မှောင်ကြုတ်ရင်း ခေါင်းတစ်ချက်ဆတ်ပြလိုက်သည်။
" ကိုယ် မင်းကို တွေ့ချင်ရတဲ့ အကြောင်းရင်းကတော့ ....
Yifae ကြောင့်ပါ .. "
"..Yifae.."
ဦးနှောက်ကို ခဏ အလုပ်ပေးရင်း စဉ်းစားလိုက်သည်။ ပတ်သက်ခဲ့ဖူးသည့် မိန်းကလေးတွေထဲကလား.... ။ ဒါမှ မဟုတ် လက်ရှိဘေးနားက ဇယားတွေလား ...။
ပတ်သက်ခဲ့သမျှ နာမည်အတိအကျ မမှတ်မိပေမယ့် Yifae ဆိုသော နာမည်ကိုတော့ မရင်းနှီးတာ သေချာသလောက် နီးနီးရှိသည်။
ကျွန်တော့်ရှေ့က ပုဂ္ဂိုလ်ကို တစ်ချက်ပြုံးပြပီး ခေါင်းခါပြလိုက်သည်။
"စိတ်မရှိပါနဲ့ ကျွန်တော် အဲ့ဒီနာမည် မကြားဖူးဘူး "
" မင်းမကြားဖူးလောက်တာ ကိုယ်သိပါတယ် Luhan "
အေးစက်နေလောက်ပြီဖြစ်တဲ့ ကော်ဖီခွက်ကို မ ပြီး တစ်ငုံသောက်လိုက်သည်။ သူ့လက်တွေကတော့ တကယ်ကို လှတာပဲ ။ ကော်ဖီခွက်ကို ပြန်ချလိုက်သည်အထိ ကျွန်တော် သူ့လက်ချောင်းများကို လိုက်ကြည့်နေမိသည်။
လက်ချောင်းတွေလှသော မိန်းကလေးများကို ကျွန်တော် သဘောကျတတ်သည်။..သို့သော်... ကျွန်တော့်ရှေ့ရှိ ထိုလူကိုတော့ ကျွန်တော် သဘောမကျပါ ။ ဟက်... ကျွန်တော် လူကြီးလူကောင်းတွေနဲ့ သိပ် အစေးမကပ်ဘူး။
" Yifae က မင်းကို အလယ်တန်းကတည်းက စိတ်ဝင်စားလာခဲ့တာ ... အခု အထက်တန်း တတိယနှစ်အထိပေါ့ ... သူ မင်းကို ဖွင့်မပြောရဲလို့လေ "
ဩော်... ဒါဖြင့် Yifae ဆိုသည့် မိန်းကလေးက ကျွန်တော့်ကို တိတ်တိတ်ဆိတ်ဆိတ် တစ်ဖက်သတ်ကြိုက်နေတဲ့ မိန်းကလေးပေါ့ ။ ဒီကိစ္စကို ဒီလူက ဘာအကြောင်းနဲ့ ကျွန်တော့်ကို လာပြောနေရပါသလဲ။
သိပ်တော့ မထူးဆန်းဘူးထင်တယ် ထို Yifae လို မိန်းကလေးတွေ ကျွန်တော့် ပတ်ဝန်းကျင်မှာ အများကြီး ရှိသည်ပဲ။
"အဲ့ဒါ ကျွန်တော်နဲ့ ဘယ်လိုများ သက်ဆိုင်နေသလဲ မသိဘူး"
သက်ပြင်းတစ်ခုကို လေးလေးပင်ပင် ချရင်း တစ်စုံတစ်ခုကို ရှင်းပြဖို့ သူကြိုးစားသည်။ အဲ့ဒါပဲ။ ထိုလူကြီးလူကောင်းတွေဟာ သိပ်ကို စကားများများ ပြောချင်ကြတယ် ။
" ကိုယ် မင်းကို ရှင်းပြချင်ပါတယ် Luhan ..
မင်းအတွက် Yifae ရဲ့ ခံစားချက်က ဘာမှ သိပ်ထူးဆန်းနေမှာ မဟုတ်ပေမယ့် Yifae အတွက် မင်းက သူ့ ကမ္ဘာပါ "
ဟား...။ သိပ်ကို စကားပြောကောင်းတဲ့ လူ ။
" တဆိတ်လောက် .. ဖြတ်ပြောတယ် မထင်ပါနဲ့ ခင်ဗျားက အောင်သွယ်ရေးအကျိုးဆောင် ကုမ္ပဏီကလား "
ဖျတ်ခနဲ ပြောင်းလဲသွားတဲ့ မျက်နှာအနေအထားကနေ ဒေါသအရိပ်အငွေ့ကို ကျွန်တော် ဖမ်းလိုက်မိပေမယ့်
ချက်ချင်းပင် နဂိုအတိုင်း သူ့နှုတ်ခမ်းတွေက ပြုံးသွားကြသည်။ ..
လူကြီးလူကောင်းတွေက ဒေါသကို အဲ့လိုလဲ ထိန်းချုပ်နိုင်ကြသလားပဲ။ ကျွန်တော် ခပ်ရွဲ့ရွဲ့လေး ပြန်ပြုံးပြလိုက်သည်။
" ကိုယ် သူ့အစ်ကို အကြီးဆုံးပါ Luhan .... အစ်ကို တစ်ယောက်အနေနဲ့ ညီမဖြစ်တဲ့သူရဲ့ ဒီလိုကိစ္စကို ဖြေရှင်းနေရတာ ကိုယ် သိပ် မျက်နှာပူရပါတယ် ... သူက အိမ်မှာ အငယ်ဆုံးပါ Luhan... ကိုယ် သူ့ကို အချစ်ဆုံးပါ"
ကျွန်တော် စိတ်မဝင်စားသော သူများ မိသားစုအကြောင်း နားထောင်နေရတာလဲ ဝဋ်ပဲထင်တယ်။
"ကျွန်တော် စိတ်သိပ်မရှည်တတ်လို့လိုရင်းကိုပြောပါလား "
" ကောင်းပြီ ... ကိုယ် အခုပြောချင်တာက Yifae. အတွက် နေရမယ့် အချိန် သိပ်မကျန်တော့ဘူး Luhan..
leukemia နောက်ဆုံးအဆင့်... အလွန်ဆုံး ၃ လလို့ Result ထွက်လာပြီ "
ညီမကို သိပ်ချစ်ပုံရသော အစ်ကို တစ်ယောက်အတွက်တော့ ကျွန်တော် စိတ်မကောင်းဖြစ်မိသွားပါသည်။
" ကျွန်တော် စိတ်မကောင်းပါဘူး "
" ကိုယ်ပြောချင်တာက သူ့ရဲ့ နောက်ဆုံး ဆန္ဒအနေနဲ့ နောက်ဆုံး ထွက်သက်အထိ မင်း သူ့ဘေးမှာ ရှိနေပေးနိုင်မလား Luhan .. ကိုယ် တောင်းပန်တာပါ "
စိတ်မကောင်းဖြစ်ခြင်းနဲ့ သနားခြင်းက နံရံပါးပါးတစ်ချပ်တော့ ခြားပုံရသည်။ ကျွန်တော် မသနားတတ်ပါ ။ တိတိကျကျ ပြောရရင်တော့ ကျွန်တော် သူများ ဘဝထဲကို ဝင်မကြည့်တတ်ပါ ။
" ဝမ်းနည်းပါတယ် ကျွန်တော် မလုပ်နိုင်ဘူး .."
တည်ငြိမ်အေးဆေးသော မျက်ဝန်းများ ထိတ်လန့်အံ့အားသင့်သွားသည်ကို ကျွန်တော် ခပ်အေးအေးပင် ပြန်ကြည့်လိုက်သည်။
"ကိုယ် တောင်းဆိုနေတာထက် ကိုယ် တောင်းပန်ပါတယ် "
" ကျွန်တော် စိတ်မပါပဲနဲ့လား ... လူ့ဘဝထဲက ထွက်ခွာသွားခါနီး လူတစ်ယောက်ကို ခင်ဗျားက အလိမ် အညာတွေနဲ့ ပံ့ပိုးချင်နေသေးတာလား "
အဲ့ဒီလိုပဲ။ လူကြီးလူကောင်းတွေက သိပ်စိတ်ပျက်စရာကောင်းတယ်။
"ဟုတ်တယ် ကိုယ့်ညီမလေး စိတ်ချမ်းသာနိုင်ဖို့ အလိမ်အညာထက် ဆိုးတာတွေလဲ လုပ်ရင် လုပ်မိလိမ့်မယ်"
ဒါဟာ ကျွန်တော့်ကို ခြိမ်းခြောက်လိုက်တာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဝမ်းနည်းစရာကောင်းစွာပဲ မကြောက်တတ်သော ကျွန်တော်က ခပ်စူးစူးမျက်ဝန်းများကို စိုက်ကြည့်ရင်း ပြုံးပြလိုက်သည်။
" တကယ်လို့ အလိမ်အညာတွေမှန်း Yifae ရိပ်မိရင်တောင် သူ စိတ်ချမ်းသာသာနဲ့ ကိုယ်တို့ကို စွန့်ခွာသွားနိုင်မှာပါ မင်းသိလား သူက မင်းနာမည်ကို ရေရွတ်နေရတာတောင်ပျော်နေတတ်တဲ့ လူမျိုး "
မျက်ရည်တစ်ချို့ ဝေ့သီလာသော မျက်ဝန်းတို့ကို သူ ခေါင်းအနည်းငယ်မော့ကာ မျက်ရည်မကျရန်ထိန်းလိုက်သည်။ အဲ့ဒီခဏတော့ ကျွန်တော့် ရည်ရွယ်ချက်တွေ ခေါင်းစဉ်ပြောင်းသွားသည်။
သေချာသော အရာကတော့ ကျွန်တော် သနားသွားတာ leukemia နောက်ဆုံး အဆင့် ရောဂါသည် မဟုတ်သော ကျွန်တော့် အရှေ့က လူကြီးလူကောင်းကို ဖြစ်ကောင်းဖြစ်မည်။..
တစ်ခါတစ်ရံတော့လဲ လူကြီးလူကောင်းတွေက သနားစရာကောင်းတတ်တာပဲ ။
" ကောင်းပြီလေ ... ကျွန်တော် လက်ခံပါ့မယ် "
အံ့ဩဝမ်းသာသွားသော မျက်ဝန်းတို့က ကျွန်တော့်ကို ကျေးဇူးတင်စွာ ကြည့်လာသည်။ သို့သော် သိပ် အရွဲ့တိုက်သော ကျွန်တော်က စကားတစ်ခွန်းကိုတော့ မှန် မ မှန် စမ်းသပ်ရဦးမည်။
( ဟုတ်တယ် ကိုယ့်ညီမလေး စိတ်ချမ်းသာနိုင်ဖို့ အလိမ်အညာထက် ဆိုးတာတွေလဲ လုပ်ရင် လုပ်မိလိမ့်မယ်)
သူ ပြောသွားသော ထိုစကားက ကျွန်တော့်ရဲ့ စိန်ခေါ်ချင်စိတ်ကို ဖြားယောင်းသွေးဆောင်နေသည်။
" အခြေအနေတစ်ခုတော့ ရှိတယ် "
ဆက်ပြောလိုက်သော ကျွန်တော့်စကားကြောင့် သူ ပျာပျာသလဲ ဖြစ်သွားသည်။
" ပြောပါ ... မင်းဘာဖြစ်ချင်သလဲ ဘာလိုအပ်သလဲ .. ကိုယ် အတတ်နိုင်ဆုံး နောက်ဆုံးအထိ လိုက်လျောမှာပါ "
ကျွန်တော် ခပ်ချဉ်ချဉ် ပြုံးလိုက်သည်။ ပိုက်ဆံလား ..။ ပိုက်ဆံဆိုတာ ကျွန်တော် လိုအပ်တဲ့ အရာမဟုတ်။ အထက်တန်းကျောင်းသားတစ်ယောက်အနေနဲ့ အပူပင်ကင်းမဲ့သော ဘဝမှာ ကျွန်တော် ဘာမှ မလိုအပ်ပါ။
နောက်ဆုံးအထိ လိုက်လျောပါ့မယ်ဆိုသော စကားကိုတော့ တကယ်ကြိုက်သည်။ ရုတ်တရက် မျက်စိထောင့်စွန်းက လှမ်းမြင်လိုက်ရသော ဘေး စားပွဲခုံပေါ်ရှိ သတင်းစာ ခေါင်းစဉ် တစ်စွန်းတစ်စက ကျွန်တော့်ကို ဆွဲဆောင်သွားသည်။
* _______ ဘုရားကျောင်းတွင် လိင်တူစုံတွဲတစ်တွဲ လက်ထပ်ခြင်း *
ညစ်ကျယ်ကျယ် ပြုံးရင်း ကျွန်တော် သူ့မျက်နှာကို စေ့စေ့ကြည့်လိုက်သည်။ ကဲ... လူကြီးလူကောင်း တစ်ယောက်ရဲ့ ကတိတည်နိုင်မှုကို ကြည့်ရအောင် ။
" ကျွန်တော် ခင်ဗျား ညီမရဲ့ ဘေးမှာ သူ့ရဲ့ နောက်ဆုံးအချိန်ထိ ရှိသွားပေးမယ် ....
ဒါပေမယ့် ...
ခင်ဗျား ကျွန်တော့်ကို လက်ထပ်ရမယ် ... "
" ဟင် "
သွေးပျက်သွားမလားတောင် မသိသော သူ့မျက်နှာက တကယ့်ကို ဟာသတစ်ပုဒ်လို ရယ်ချင်စရာကောင်းသည်။
ကျွန်တော်တို့ကြားတွင် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဘာမဆို လုပ်ပါမယ်ဆိုတဲ့ ... ။ ရှေးရိုးစွဲမရှိ ။ ပုံသေနည်းမရှိသော ကျွန်တော့်ဘဝမှာ လိင်တူလက်ထပ်ခြင်းက သိပ်ထူးဆန်းတဲ့ အကြောင်းအရာတော့ မဟုတ်ပေ။
သူ့ကိုသူ တည်ငြိမ်အောင်လုပ်ရင်း ကျွန်တော် ဘာပြောလိုက်သလဲဆိုတာ သေချာအောင် ပြန်စဉ်းစားနေရပုံ ပေါ်သည်။ အခုမှ တွေ့ဖူးပြီး နာမည်တောင် မသိရသေးသော လူတစ်ယောက်ကို လက်ထပ်ဖို့တောင်းဆိုတာက နည်းနည်းတော့ စွန့်စားရာကျသည်။ ..ကိစ္စမရှိ။ သမားရိုးကျ ဘောင်အပြင်ဘက်က စွန့်စားခန်းများကို ကျွန်တော် နှစ်ခြိုက်သည်။
" ဘာဖြစ်လို့ ဒီတောင်းဆိုမှုကို လုပ်တာလဲ ကိုယ် သိခွင့်ရှိမယ်ဆိုရင် .... "
ကျွန်တော် စားပွဲခုံပေါ်ရှိပန်းအိုးထဲက နှင်းဆီပန်းကို ဆွဲထုတ်လိုက်သည်။
" ဘာရယ်မဟုတ်ပါဘူး... ခင်ဗျားရဲ့ ဘာမဆို လုပ်မယ်ဆိုတဲ့ စကားရဲ့ အတိုင်းအတာကို သိချင်မိရုံလေးပါ "
ကျွန်တော် နှင်းဆီပန်းကို နမ်းရှိုက်ကြည့်တော့ နူးညံ့သော ပွင့်ဖတ်တွေ ကျွန်တော့် နှုတ်ခမ်းကို ပွတ်သပ်ရင်း ရနံ့က နှာခေါင်းတွင်း ဝင်လာသည်။
" ဘာာ.. အဲ့တော့...ဆိုလိုတာက ကိုယ့်စကားကို မှန် မ မှန် စမ်းသပ်ဖို့ အတွက် မင်းအခုမှ မြင်ဖူးတဲ့ လူတစ်ယောက်ကို.. ပြီးတော့ ယောက်ျားတစ်ယောက်ကို လက်ထပ်မှာပေါ့ Luhan ဟုတ်လား ?? "
" သေချာတာပေါ့ "
သူ့မေးခွန်းကို ဖြေပြီး တစ်လက်စတည်း ခပ်လှမ်းလှမ်းက Waiter.ကို ခေါ်ရင်း ကတ်ကြေးတစ်လက်
တောင်းလိုက်သည်။ ကြောင်တောင်တောင် မျက်လုံးများနဲ့ ကျွန်တော့်ကို ကြည့်ရင်း Waiter.လေးက ပြန်ထွက်သွးသည်။
" ကိုယ် လက်မခံဘူးဆိုရင်ရော... "
ပုခုံးနှစ်ဖက်ကို တွန့်ပြရင်း ပြုံးလိုက်သည်။..
" ရှင်းရှင်းလေးပဲ လူကြီးမင်း.. ခင်ဗျား ပြန်နိုင်ပြီလေ "
ရုတ်တရက်လန့်ဖြန့်သွားကာ သူ အလျင်အမြန် ခေါင်းခါလိုက်သည်။
" မဟုတ်ဘူး... မဟုတ်ဘူး.. ကိုယ် လက်ခံတယ်. Luhan.. ကိုယ်လက်ခံမှာပါ... "
ကျွန်တော် အံ့ဩသွားသော်လည်း ထူးထူးခြားခြားတော့ မခံစားလိုက်ရပါ။ ညီမကို တော်တော် ချစ်သည့် အစ်ကို။.
Yifae ကိုတောင် မနာလိုဖြစ်ချင်သွားသည်။ တစ်ဦးတည်းသော သား ကျွန်တော့်မှာ သူမလို သူမအတွက် ဘာဖြစ်ဖြစ်လုပ်ပေးမယ့် ညီအစ်ကိုမောင်မနှ
မရှိပါ။
" ဒါပေမယ့် Yifaeကိုတော့ လျှို့ဝှက်ထားစေချင်တယ် ..."
" ကျွန်တော် နားလည်ပါတယ် ပြီးတာပဲလေ လက်ခံတယ်ဆိုတော့လဲ.."
ကတ်ကြေးတစ်လက်နဲ့ Waiter. ကျွန်တော့်နားရောက်လာတော့ ခုနက နှင်းဆီပန်းကို ကျွန်တော် ခပ်တိုတို ညှပ်လိုက်သည်။
ကျွန်တော် အရင် မတ်တပ်ထရပ်တော့ သူကပါ မတ်တပ်ရပ်လိုက်သည်။
" ကျွန်တော် မနက်ဖြန်ကစပြီး. Yifae ဆီလာခဲ့ပါ့မယ် အခုတော့ ပြန်လိုက်ပါဦးမယ် "
" ကိုယ် မင်းကို လာခေါ်ပါ့မယ် မင်းလိပ်စာ မသိဘူးလေ "
ကျွန်တော် ရယ်မောရင်း ခေါင်းညိတ်ပြလိုက်သည်။ ကျွန်တော့် ထိုင်ခုံကနေ သူရှေ့ လျှောက်သွားရင်း
အနောက်တိုင်း ကုတ်ရဲ့ ဘယ်ဘက်မှာ နှင်းဆီပန်းကို အိပ်ကပ်ထဲ ထည့်လိုက်သည်။
ကျွန်တော့် ထက် တော်တော်လေး မြင့်သော သူ့အရပ်ကြောင့် ကျွန်တော် မော့ကြည့်နေရသည်။ ကျွန်တော် တစ်စုံတစ်ယောက်ကို မော့ကြည့်ရတာကို မကြိုက်ပါ။ နှင်းဆီ အနီရဲရဲက အမည်းရောင် သူ့ကုတ် အကျီင်္ပေါ်တွင် ခမ်းနားစွာ နေရာယူပြီးတဲ့ အခါ ကျွန်တော် နောက်ကို ဆုတ်ရင်း သူ့ကို ကြည့်လိုက်သည်။ အံ့ဩဟန်ဖြင့် နှင်းဆီပွင့်ကို ငုံ့ကြည့်နေပြီး ခေါင်း ပြန်မော့လာသည်။
" ကျွန်တော် မသိတာနောက်တစ်ခုရှိသေးတယ် လူကြီးမင်းရဲ့ ကျွန်တော့် သတို့သားလောင်းရဲ့ နာမည်တောင် မသိရသေးဘူး "
ခပ်မဲ့မဲ့ ပြုံးရယ်ရင်း ပြောလိုက်သော ကျွန်တော့် ဟာသကို သူ မရယ်ပါ ။ မျက်နှာတောင် ဖြူဖျော့လာသလားလို့ ။
ဟက် ..။
လူကြီးမင်းတွေ ရှက်သည့်အခါ မျက်နှာတွေ ဖြူဖျော့ လာတတ်ကြသလား မသိ။
ဆိုင်ထဲတွင် မတ်တပ်အကြာကြီး ဆက်ရပ်နေဖို့ မကောင်းသောကြောင့် ကျွန်တော် လှည့်ထွက်ဖို့ ပြင်သည့်အခါ သူလဲ ကျွန်တော် ဘေး အနောက်နားက ကပ်လျက် ထွက်လာသည်။..
" ကိုယ့် နာမည် Wu Yifan ပါ အခု မင်းက ပြန်တော့မယ်ဆိုတော့ နောက်မှ မင်းကို ကိုယ့်အကြောင်းတွေ ပြောပြပါ့မယ် "
" ဟုတ်ပြီလေ.. ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ် Mr.Wu "
ကျွန်တော် ပြောင်ချော်ချော် ပြောရင်း ထွက်လာသည့် အခါ သူ ကျွန်တော့်လက်မောင်းကို လှမ်းဆွဲပြီး တားမြစ်လိုက်သည်။
" ကိုယ် လိုက်ပို့ပါရစေ "
ကျွန်တော် မငြင်းမိပါ။ သူဖွင့်ပေးသော ကားတံခါးထဲသို့ ဝင်ထိုင်လိုက်သည်။
"ကျွန်တော့် အိမ်က "
"ကိုယ် သိတယ် Luhan "
ကျွန်တော် သူ့ကို လှည့်ကြည့်လိုက်သော်လည်း သူကတော့ တည်ငြိမ်စွာ ကားမောင်းနေသည်။ မပြည့်မစုံ မြင်နေရသော ဘေးတိုက် မျက်နှာ အနေအထားကနေတောင် ယောကျာ်းပီသမှုကို အတိုင်းသား မြင်နိုင်သည်။ သူက တကယ်ယောကျာ်းပီသပြီး လူကြီးလူကောင်းဆန်တဲ့ လူပဲ။
သို့သော် ကျွန်တော့်ရဲ့ တောင်းဆိုမှုသည် ထိုချောမောသည့် မျက်နှာနဲ့ မသက်ဆိုင်သော ကျွန်တော့်ရဲ့ လက်တွေ့စမ်းသပ်ချက်တစ်ခုသာဖြစ်ကြောင်း ကျွန်တော် လောင်းရဲပါသည်။
"မင်း ကိုယ့်ကို လက်ထပ်ချင်တာ သေချာရဲ့လား Luhan... မင်းထက် အသက်ထက်ဝက်လောက်ကြီးတဲ့ ယောကျာ်း တစ်ယောက်ကိုပေါ့ "
ကျွန်တော် သူ့ကို ကြည့်နေတုန်းမှာ ကျွန်တော့်ကို လှည့်မကြည်ပဲ မေးလာသည်။
"ကျွန်တော် စကားကို လက်လွတ်စပယ် ပြောလေ့တော့ မရှိဘူး "
အသက်ထက်ဝက် ။ ..
မဖြစ်နိုင်ပါ။ အများဆုံးကြီးရရင် သူ့အသက်က ၂၆ ၂၇ပေါ့။
"Okay okay ! Luhan မင်း သေချာရင်ပြီးတာပါပဲ"
ကျွန်တော် သိခွင့်ရှိမယ်ဆိုရင်...... ။ မေးလိုက်ချင်ပေမယ့် ကျွန်တော့် အိမ်ရှေ့ ရောက်လာတာကြောင့် ကျွန်တော် ကားပေါ်က ဆင်းလိုက်သည်။
Luhan ခြံတံခါးနားအထိ သူဆင်းလိုက်သည်။ အဲ့ဒါပဲ လူကြီးလူကောင်းတွေဟာ တရားလွန် ယဉ်ကျေးလွန်းကြတယ် ။
" Luhan "
ခြံထဲမဝင်ခင် ခေါ်လိုက်သောကြောင့် ကျွန်တော် ပြန်လှည့်ကြည့်လိုက်သည်။
"ကိုယ့် အသက် ၃၅နှစ်ပါ "
ကျွန်တော် မျက်မှောင်ကြုတ်လိုက်သည်။
"ကျွန်တော် မမေးမိပါဘူး "
"မင်း မေးချင်နေမယ်လို့ ကိုယ်ထင်လို့ပါ "
ကျွန်တော် တကယ်မကြိုက်ဘူး..။ ကျွန်တော့် စိတ်ကို သိနေသလို တစ်စုံတစ်ယောက်က ပြောတာမျိုးကိုပေါ့။
ဘာမှ ပြန်မပြောပဲ ပုခုံးတွန့်ပြပြီး အိမ်ထဲဝင်ခဲ့သည်။
ကုတင်ပေါ် ကန့်လန့်ဖြတ်လှဲရင်း မျက်နှာကြက်ကို ကြည့်မိတော့မှ ခပ်ကြောင်ကြောင် တောင်းဆိုမှု တစ်ခုအကြောင်း တွေးမိရင်း ရယ်ချင်မိလာရသည်။..
"အင်း... စိတ်ဝင်စားဖို့တော့ ကောင်းဦးမယ် ".... ။
(ကျွန်တော် ခပ်ကြောင်ကြောင် တောင်းဆိုမှု တစ်ခုကို လုပ်ခဲ့မှာ မဟုတ်ဘူး .... Wu Yifan
အနာဂတ် တစ်ခုမှာ လူကြီးလူကောင်း တစ်ယောက်ကို ကျွန်တော် ချစ်မိကောင်းချစ်မိသွားနိုင်သလားလို့ အဲ့ဒီအချိန်က တွေးမိခဲ့ရင်ပေါ့ ... ။ )