အွန့်!
တစ်စုံတစ်ယောက်ရဲ့ ပယောဂကြောင့် လမ်းစလျှောက်တတ်ခါစ ဂျူဟွန်းပိစိလေးဟာ ကြမ်းခင်းပေါ်သို့ ဖင်ထိုင်ရက်လေး လဲကျသွားလေသည်။
" ဘာယို့ တွန်း...တွန်းတာလဲ "
မျက်ရည်လေးတွေ ဝဲတက်လာပြီး နှုတ်ခမ်းပိစိလေးကိုလည်း အတတ်နိုင်ဆုံး ရှေ့သို့ ထိုးထွက်အောင် စူထားကာ ပြဿနာရဲ့အစ သူ့ရှေ့က တရားခံပေါက်စအား မကျေနပ်သလို မျက်စောင်းထိုး၍ ပြောလိုက်သည်။
" ငါ မတွန်းပါဘူး မင်းဟာမင်း လဲတာ "
" တွန်းပါတယ် "
" မတွန်းပါဘူးဆို "
" အွန်? တွန်းတယ် လုပ်လိုက်ပါ "
" လုပ်ချင်ပါဘူး မင်းက လမ်းမှာ လာပိတ်တာကြီးကို !"
" အိမ်လည်လည်း လာသေးတယ် ဂျူဂျူ့စိတ်တိုင်းကျ နေပေးရမှာကြီးကို ဟွန့်! "
မပီကလာ ပီကလာ စကား စပြောတတ်ခါစအရွယ်ကနေစပြီး လမ်း ဘယ်လို စလျှောက်ရသလဲဆိုတာ သင်ယူပြီးတဲ့အချိန်ထိ မာတင်သေးသေးလေး ပထမဆုံး လုပ်တာက သူ့ သူငယ်ချင်းဖြစ်တဲ့ ဘေးအိမ်ကဂျူဟွန်းပိစိလေးနဲ့ အငြင်းပွါးခြင်း အလုပ်ပါပဲ ။ ယခုထက်ထိတော့ သူတို့ တစ်ယောက်နဲ့တစ်ယောက် ငြင်းခုန် ရန်ဖြစ် ဂျစ်တိုက်ဖို့ကလွဲ တခြား ပူပင်စရာ မရှိပါချေ ။
ဘေးက မေမေနှစ်ယောက်ဟာဖြင့် ဘာမဟုတ်တာလေးနဲ့ ဂျစ်တိုက်နေကြတဲ့ သူတို့ကလေးနှစ်ယောက်အား ကြည့်ကာ သက်ပြင်းသာချနိုင်ရုံ။
————— LOVE NEXT DOOR —————
" ဖယ်ပေး "
" ဖယ်ပေးစေချင် စောစောလာလေ "
" ကျစ်... "
မာတင် သူ့ရှေ့တည့်တည့် စာသင်ခန်းတံခါးဝမှာ တမင် ပိတ်ရပ်နေတဲ့ ဂျူဟွန်းအား ကြည့်၍ ကိုင်ပေါက်ချင်စိတ် ပေါက်လာရသည်။ မျက်နှာက လိပ်ရုပ်နဲ့ အမြဲ အချိုးကိုမပြေဘူး အဲ မေ့လို့ ကျွန်တော်လည်း မပြေပေမယ့်ပေါ့ ကျွန်တော်တို့နှစ်ယောက်က ဦးသူ ဆော်ကြေးလေ you know what I mean ?? ကျွန်တော်တို့ကြားမှာ an eye for an eye ဝါဒပဲလက်စွဲကိုင်ထားတာ ။
" ဂင်မ်ဂျူဟွန်း ဖယ်ပေးစမ်းပါ ဆရာလာတော့မယ် "
" ဒီလိုလေသံနဲ့ ရမလား "
" ငါ ဝင်တိုက်သွားလိုက်မှာ မလုပ်ရဲဘူး မထင်နဲ့ "
" ဒါဆိုလည်း တိုက်သာသွား "
ကြည့် ကြည့် မျက်စိရှေ့နေပြီး ဒီအကောင်သေးသေးလေးက ဘယ်ခန္ဓာ အားကိုးနဲ့ ဒီလောက် ပေတေနေလဲဆိုတာ ။
" အ ! မာတင် အက်ဒ်ဝေါ့ဒ် !!!! "
မာတင် အားထည့်စရာတောင်မလိုလိုက် ဒီတိုင်း ပုခုံးစွန်းတစ်ဖက် ယှက်တိုက်သွားတာတောင် ယိုင်တဲ့သူကများ ။ ကျွတ် ကျွတ် ~ မာတင့်ကို ဒီလို လာတင်စီးလို့ဘယ်ရမလဲ သူ့ဘာသူ ဘေးအိမ်ကနေနေ ဘာနေနေ ။
" နေဦး "
မာတင် နှုတ်ခမ်းစွန်းတစ်ဖက်ကို ပင့်တင်၍ အောင်နိုင်သူအပြုံးဖြင့် ဂျူဟွန်းကိုကျော်ပြီး အတန်းထဲ အမြန်ဝင်ထိုင်ဖို့ကြံရွယ်နေတုန်း အနောက်ဘက်မှ တစ်ဖက်လူ ဆောင့်ဆွဲလိုက်သော ကိုယ့်လွယ်အိတ်ဟာ သူ့လက်ထဲမှာ တင်းတင်းကြပ်ကြပ် ။
" ကျစ်....ဘာဖြစ်ရပြန်တာလဲ "
" အဲ့လောက် အကျင့်ယုတ်ရသလား "
ဂျူဟွန်း ကိုယ့်ကို ဝင်တိုက်သွားခြင်းအား မကျေမချမ်းဖြစ်ကာ ရည်ရွယ်ပြောလိုက်ခြင်းဖြစ်သည်။
" အော်ဟော့ မင်းက အရင်စတာလေ ဦးနှောက်သေးသေးလေးက ပြန်စဉ်းစား "
မာတင် နောက်သို့ တစ်ချက်လှည့်မကြည့်ဘဲ ဖြေလိုက်သည်။
" ငါက ဒီတိုင်း ပိတ်ရပ်နေရုံ မင်းက ဝင်တိုက်တာလေ
မမျှတဘူး "
" ငါတော့ တရားကျတယ် ထင်တာပဲ လောလောဆယ် လွယ်အိတ်ကို လွှတ်ဦး ဆရာဂျိမ်းစ်လာလို့ အဆူခံရရင် အေး.. မင်းကိုပါ ဆွဲထည့်ပစ်မှာ "
သူတို့ အင်္ဂလိပ်စာအတန်းရဲ့ အဓိက တာဝန်ယူတဲ့ ဆရာဂျိမ်းကိုတော့ သူတို့နှစ်ယောင်တင်မဟုတ် တစ်တန်းလုံးက ဖင်တုန်နေအောင် ကြောက်ရပါသည်။ အိမ်စာလည်း အပေးများတဲ့အပြင် အဖွဲ့လိုက်လှုပ်ရှားမှုတွေပါ မထင်ရင်မထင်သလို လုပ်ခိုင်းသေးတာ ။ စာသင်ချိန် အာရုံမထားတဲ့ ကျောင်းသား ၊ ခိုးအိပ်ငိုက်တဲ့ ကျောင်းသားတွေများ တွေ့လို့ကတော့ ဆော့ပင်ပျံ ၊ ခဲဖျက်ပျံ ၊ ဒက်စတာ(duster)ပျံတို့က အခန်းအနှံ့ ဝှီးခနဲ ဝှီးခနဲနေတာပဲ ။ လက်ကလည်း တည့်သလား မမေးနဲ့ ။ မနက်စောစောစီးစီး ဆရာဂျိမ်းစ်နဲ့ ပြဿနာ မတက်ချင်တာမို့ ဂျူဟွန်း သူ့လက်ထဲမှ လွယ်အိတ်အား အသာတကြည် လွှတ်ပေးလိုက်သည်။
" သူတို့နှစ်ယောက်က မနက်တိုင်း အဲ့လိုပဲလား "
" အေး အခုမှမဟုတ်ဘူး အရင် စာသင်နှစ်ကတည်းကပဲ ငယ်ငယ်ကတည်းက အိမ်နီးချင်းတွေဆိုပေမယ့် မတည့်ကြဘူး အတန်းထဲ သူတို့ရန်ပွဲက ကြည့်အကောင်းဆုံး "
ဒီစာသင်နှစ်မှ သူတို့အတန်းကို ရောက်လာတဲ့ အခန်းဖော် ဂွန်းဟိုရဲ့အမေးကို ဆောင်းဟျွန်းတစ်ယောက် အားရပါးရ သူသိသမျှအကုန် ခရေစေ့တွင်းကျ ပြန်ဖြေလိုက်သည်။
မာတင်တစ်ယောက် စာသင်ခန်းရဲ့ ပထမဆုံးတန်း ဟိုးဘက်ထောင့် ပြတင်းပေါက်နားက သူ့ခုံမှာသူ ဝင်ထိုင်ရုံရှိသေး ဆရာဂျိမ်းစ်က လက်ထဲမှာလည်း စာရွက်တစ်ပုံကြီးပိုက်ကာ အတန်းထဲသို့ ဝင်လာတော့သည် ။ ဟူး... တော်ပါသေးရဲ့ ကပ်သီလေးလွတ်သွားလို့ ။ သူနဲ့ တစ်တန်းတည်း ဆန့်ကျင်ဘက် ထောင့်ခုံနေရာကို မသိမသာ ဝေ့ဝိုက်ကြည့်မိတော့ ပြဿနာ ရှာထားတာ သူမဟုတ်တဲ့အတိုင်း သကောင့်သား ဂင်မ်ဂျူဟွန်းက အေးအေးဆေးဆေးပင် စာထိုင်ဖတ်နေလေရဲ့ ။
—————— LOVE NEXT DOOR ——————
သူတို့နှစ်ယောက် ငြိမ်တာဆိုလို့ စာသင်ချိန်ပဲ ရှိလောက်မည် ။ နေ့လည်ထမင်းစားနားချိန်လည်း ထုံးစံအတိုင်း တကျက်ကျက်ပင် ။
" ဟေ့ကောင်တွေ ငါ အဆင့်၁ ရတယ်တဲ့ ဒီမယ် ကြည့် ဦး "
ဂျူဟွန်း ၊ ဂွန်းဟိုနဲ့ ဆောင်းဟျွန်းတို့ တစ်ဝိုင်းတည်း ထမင်းစားနေတုန်း ကန်တင်းရဲ့ ဟိုးထိပ်ဝကနေ မာတင်တစ်ယောက် စာရွက်ကြီးတလွှားလွှားဖြင့် သူတို့ရှိရာ ဝိုင်းသို့ အပြေးတပိုင်းရောက်လာလေသည် ။ ပါးစပ်ကလည်း ပြောလည်းပြောရင်း အမှတ်စာရင်းစာရွက်အား ဂျူဟွန်းဘက်အခြမ်းသို့ ပိုတိုး၍ ချပြလေသည်။ ဂျူဟွန်း ဒါ သက်သက်မဲ့ ကိုယ့်ကို လာကြွားနေတာ အသိအသာကြီးမို့ တမင်ကို မော့မကြည့်ဘဲ ကိုယ့်ထမင်းကို ဆက်စားနေရင်း ပြောလိုက်သည်က
" အဟက် တစ်မှတ်တည်းနဲ့ "
" ဘယ်လိုပဲဖြစ်ဖြစ် မင်းထက် များတာကများတာပဲ "
" အော် ကြက်ကန်း ဆန်အိုးတိုးပြီး တစ်မှတ်သာသွားရုံကိုများ ကြီးကြီးကျယ်ကျယ်....ကျွတ် ကျွတ် "
" ဘာ!! "
မာတင့်မျက်နှာတစ်ခုလုံး ဒေါသစိတ်ကြောင့် ခရမ်းချဉ်သီးကဲ့သို့ နီတွတ်နေလေပြီ။
" ဘာလဲ မကြားလိုက်လို့လား နောက်တစ်ခေါက် ထပ်ပြောပေးရမလား "
ဒုန်း!
မာတင် စားပွဲပေါ်ကို အားရပါးရ လက်ထောက်ချလိုက်ကာ သူ့ ကိုယ်ကို ဂျူဟွန်းနဲ့ မျက်နှာနားအထိ ဖြည်းဖြည်းချင်း ရှေ့သို့ကိုင်း၍ တိုးလာလေသည်။ အခုဆို သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် အနေအထားဖြစ်နေကာ ကြားထဲ ၃စင်တီမီတာအကွာလောက်သာခြားသည် ။
" မင်း... ငါနဲ့ တစ်ပွဲနွှဲကြမလား "
ဂျူဟွန်းကို ရှုတည်တည်စိုက်ကြည့်ရင်း အံ့ကြိတ်သံဖြင့် မာတင်ပြောလိုက်ခြင်းဖြစ်သည်။
" ဟေ့ကောင် ဆောင်းဟျွန်းရေ လုပ်ဦးဟ ငါတို့က ဝင်ဆွဲရမှာလား ပြေးရမှာလား "
ဂွန်းဟိုတစ်ယောက် အင်္ကျီလက်ဘာညာ ပင့်တင့်ရင်း မေးလည်းမေး ဆောင်းဟျွန်းဘက်ကို အကြည့်ပို့မိတော့ အေးအေးလူလူပင် တုတ်တုတ်မျှ မလှုပ်ဘဲ သူ့ထမင်းသူ စားနေလေရဲ့ ဘာတုန်းဟ။
" ထားလိုက် သူတို့က တကယ် မထိုးဘူး ငါပြောတာ ဟုတ်မဟုတ် ထိုင်စောင့်ကြည့်နေ "
ဂွန်းဟိုက ဟုတ်လို့လားဆိုပြီး အသံတိတ်အကြည့်ဖြင့်မေးလိုက်တော့ အောမ်ဆောင်းဟျွန်းက သူပြောတာ ယုံဟုဆိုသည့် ဆရာအထာဖြင့် ခေါင်းညိတ်ပြလာသည်။
ဂျူဟွန်းကလည်း အလျော့ပေးမယ့်ပုံမပေါ် မမှိတ်မသုန် ပြန်စိုက်ကြည့်နေတာများ အဲ့မျက်နှာသေးသေးကို ကိုက်ဆွဲပစ်ချင်စရာ ။ နေပါဦး ဆွဲထိုးသင့်တာမဟုတ်ဘူးလား မာတင် သူ့အတွေးနဲ့သူ စိတ်ရှုပ်သွားရသည် ။
" ကျစ်! ဂင်မ်ဂျူဟွန်း.... အာရုံပဲ "
ဆောင်းဟျွန်းစကား အမှန်ပင် ။ ၁၀စက္ကန့်လောက် မီးပွင့်ထွက်မတက် အကြည့်ချင်း စစ်တိုက်ပြီးနောက် မာတင့်ဘက်မှ ကျစ်တစ်ချက် သပ်ကာ ဒီတိုင်းသာ လှည့်ပြန်သွားလေသည်။ ဂျူဟွန်းကတော့ အခုမှ အောက်က လက်ကျန်ထမင်းအား မူမပျက် ဆက်စားနေလေရဲ့ ။
' အော် မသိရင် အခုချက်ချင်းပဲ ဆွဲထိုးတော့မှာမို့ ဆရာဂျိမ်းစ်ကို ပြေးခေါ်ရမှာလိုလို ဆေးရုံကားပဲ ခေါ်ရမှာလိုလိုနဲ့ အကြည်စိုက်ပြီး ပြန်သွားတာပဲ အဖက်တင်တယ် '
ဂွန်းဟို စိတ်ထဲကနေပဲ ဆဲမိတယ် အပြင်တော့ ထုတ်မပြောရဲပေ သူတို့အချင်းချင်းသာ မထိုးရင်မထိုးမယ် တော်ကြာ ကိုယ့်ကြမှ လာဆွဲထိုးနေမှ ကျော်မကောင်း ကြားမကောင်းဖြစ်ကုန်မှာ စိုးပါရဲ့။ မျက်နှာချင်းဆိုင်က ဆောင်းဟျွန်းကို လှမ်းကြည့်မိတော့ တွေ့လား ငါပြောတာမှန်တယ်မလားဆိုသည့် ရုပ်ဖြင့် သူ့ရင်ဘတ်သူ လက်ဖြင့်ပုတ်ပြီး မျက်စိမှိတ်ပြလာလေရဲ့။
အောမ်ဆောင်းဟျွန်းကဖြင့် ဒါမျိုး ရိုး အိုး ဟိုး ရိုးနေပေါ့ ။ တစ်ယောက်နဲ့တစ်ယောက် မခံနိုင်အောင် တကျက်ကျက် ရန်ဖြစ်ကြပေမယ့် ဒင်းတို့ နှစ်ယောက်က ဘယ်တော့မှ လက်ပါတာမဟုတ် အဟမ်း ဒီတိုင်း အချစ်စမ်းနေသလို။
တစ်နှစ်တည်း အတူတူမွေးလာပြီး မိဘချင်းကလည်း နှစ်အိမ့်တစ်အိမ်လို ရင်းနီးကြတဲ့ ဆက်ဆံရေး ၊ အိမ်ချင်းလည်း ဘေးကပ်ရပ်ဖြစ်တဲ့အပြင် တက်သည့်ကျောင်းရော အတန်းပါ တူနေတာကတော့ သူတို့နှစ်ယောက်၏ ဖြတ်မရသော ကံတရားပင်။
" ဂင်မ်ဂျူဟွန်း.... ဘာလို့ နှေးနှေးလေးလျှောက်နေတာလဲ "
" အော် မင်းခြေတံရှည်တာ ထည့်ပြောလေ "
" မင်းကိုက နှေးတာပါ "
" မင်းနဲ့အတူတူပြန်တာမှမဟုတ်တာ ငါ့အိမ် ငါပြန်တာ ငါ့ဟာငါ ဘယ်လို လျှောက်လျှောက် မင်းက ငါ့ဆရာလား "
" အေး အခုတော့ မင်းထက် ၁မှတ်များတဲ့ကောင်ပဲ "
" ဖြစ်တတ်ပါတယ် ဒီတခါလေးပဲ နိုင်ဖူးတော့ "
အိမ်နားလည်း ရောက်နေပြီဖြစ်တာမို့ ဂျူဟွန်း ပြောပြီးချက်ချင်း မာတင့်ကို ကျော်တက်ကာ အိမ်ထဲသို့ လှစ်ခနဲ ပြေးဝင်လိုက်သည် ။ စကားနဲ့ အနိုင်ပိုင်းခဲ့ရတာ အရသာကိုရှိနေရော။ ဂျူဟွန်း ကိုယ့်အတွေးနဲ့ကိုယ်မို့ သူ့နှုတ်ခမ်း အစွန်းနှစ်ဖက်ဟာ နူးညံ့စွာမြှောက်တက်သွားခဲ့တာကိုတော့ သတိမထားမိနိုင်လိုက်ချေ ။ တစ်ဖက်မှ ကောင်လေးတစ်ယောက်ဟာလည်း ၁၀စက္ကန့်လောက် ငြိမ်သက်နေပြီးမှ ခပ်ရေးရေး အပြုံးတစ်ခုကို စိတ်မထိန်းနိုင်စွာ လွှတ်ခနဲ လွှင့်တင်ရင်း နှာသီးဖျား လေထွက်ရုံသာ ရယ်မိပါရဲ့ ။ ထို့နောက် သူသည်လည်း တစ်ဖက်မှ သူ့အိမ်ဝန်းစီသို့ ခြေလှမ်းပြင်လိုက်လေသည် ။
ဒီလိုပါပဲ ဒါဟာ သူတို့နှစ်ယောက်ရဲ့ ဖြစ်နေကျ နေ့ဒဓူဝ ကိစ္စတွေ။ လုပ်ယူစရာမလိုပါဘဲ အမြဲတမ်းအတွက် ဖြစ်တည်လာခဲ့တဲ့ ဆက်ဆံရေးတစ်ခု။
ရိုးရှင်းတဲ့ အဖြူရောင် ငြိတွယ်မှုလေးလို့ ဆိုပါရစေ
ဘုရားသခင်ဟာ ပုံပြင်လှလှလေး တစ်ပုဒ်အား
ကံတရားဖြင့် သွယ်ဝိုက်ရင်း
အသက်သွင်းနှင့်နေပြီးလေပြီ။
—————— LOVE NEXT DOOR ——————
AN
မနေ့ညက ပြန်လာမယ်ပြောပြီး ဒီနေ့ နေ့လည်ရောက်မှပဲ ပေါ်လာနိုင်တော့တယ် သွေ့ပုချိ😹 နောက်၂ရက်နေရင် ဟိုဘက် LYFမှာ ပြန်တွေ့ကြမယ်နော် LOVE NEXT DOORလေးကတော့ ပေါ့ပေါ့ပါးပါးလေးပဲ သွားမှာပါ စာလုံးရေကတော့ heavy plotမရှိတော့ နည်းမယ်ထင်ပေမယ့် အတက်နိုင်ဆုံးတော့ အမောပြေစေဖို့ သေချာလေးရေးပေးပါ့မယ် ^^ love you all💕
If you want more updates, don't forget to give me some vitamins moti ><