Adopted Brother
Part -26
"Relax လေ.... ကိုကိုရဲ့.... ကိုယ့်အမေနဲ့ ကိုယ်တွေ့မှာပဲ စိတ်မပူပါနဲ့.... အဆင်ပြေမှာပါ...."
ကိုကိုနဲ့ငယ်က ကိုကို့မာမီကို လေဆိပ်မှာ သွားကြိုနေတာဖြစ်သည်။ ကိုကိုက လက်တစ်ဖက်နှင့် ကားမောင်းရင်း လက်တစ်ဖက်က ငယ့်လက်ကို ကိုင်ကာ ခပ်ဖွဖွ ဖျစ်ညှစ်နေတော့၏။ ကိုကိုက သူ့မာမီနဲ့ တွေ့ရမှာကို အရမ်းစိတ်လှုပ်ရှားနေသည်။
"အွန်းပါ.... အဆင်ပြေမှာပါနော်.... ကိုကို့ကို မာမီက လက်ခံမှာပါနော်...."
ညက မာမီက နေရောင့်ဆီ Video Call ခေါ်လာတာကြောင့် စကားတွေ ထပ်ပြောဖြစ်ကြသည်။ မေမေပြသည့် ပုံထဲကထက် အခုအရွယ် မာမီက ပိုချောကာ ပိုကြည့်ကောင်းလှသည်။
"ငယ့်ကိုကိုက မဟုတ်တာကို စိတ်ပူပြန်ပါပြီ.... မာမီက ကိုကို့ကို လက်ခံလို့ပဲ ကိုကိုနဲ့ တူတူနေချင်လို့တောင် ဒီကိုလာတာလေ.... ကိုကိုရယ်.... "
"အင်းနော်.... ကိုကို ရင်တွေ အရမ်းခုန်နေတယ်သိလား...."
အသက် ၃၀ နားနီးမှ မွေးမိခင်နှင့် ပြန်ဆုံရမှာမို့ နေရောင့်ရင်ထဲ တစ်မျိုးကြီး ခံစားနေရတော့သည်။
"အွန်း..... ငယ့်ကိုကိုက မအေချစ်သားလေး လုပ်ရတော့မှာမို့ အရမ်းကို ပျော်နေတာ သိတာပေါ့.... မေမေတော့ စိတ်မကောင်းဖြစ်တော့မှာပဲ.... ငယ့်ကိုရော မေ့ပြီး မာမီ့နားပဲ ကပ်တော့မှာလား..... ဟင်... ဟင်..."
ကိုကို စိတ်ပေါ့ပါးသွားအောင် ငယ် စနောက်ပေးလိုက်တော့ ကိုကိုက ရယ်သည်။
"အခုလိုပြောလို့ ကိုကို ငရဲကြီးမလား မသိပေမဲ့... ကိုကို့ဘဝမှာ အချစ်ရဆုံး မိန်းမက ငယ်လေးပဲ.... မတူညီတဲ့ ချစ်ခြင်းတွေဆိုပေမဲ့ ကိုကို့အတွက် တစ်ယောက်ပဲ ရွေးခွင့်ရှိမယ်ဆို ငယ်လေးကိုပဲ ရွေးမှာ.... မာမီ့ကို ချစ်လားဆိုတော့ အဲ့ဒီခံစားချက် ကိုကို့မှာ မသိသေးဘူး.... ငယ်ငယ်တည်းက တွေ့ချင်ခဲ့တဲ့ လူတစ်ယောက် အနေနဲ့ တွေ့ရမှာကို စိတ်လှုပ်ရှားမိတယ်.... ပြီးတော့ ကျန်းမာရေး မကောင်းဘဲ သိပ်မနေရတော့မယ့် သူတစ်ယောက်ကို စိတ်ချမ်းသာအောင်ထားပြီး ကိုယ့်ကိုမွေးထားပေးတဲ့ ကျေးဇူးလေးတော့ ပြန်ဆပ်ပေးချင်မိတယ်... မာမီ ကိုကို့နား ရောက်လာလို့ မေမေက စိတ်မကောင်း ဖြစ်စရာမလိုပါဘူး.... မေမေက ကိုကို့ကို မမွေးထားပေမဲ့ ကိုကို့အတွက်တော့ မိခင်မေတ္တာကို မေမေ့ဆီက အပြည့်အဝ ခံစားခဲ့ရတာမို့ မေမေက ကိုကို အမြဲချစ်ပြီး ဦးထိပ်ထားမယ့် အမျိုးသမီးပဲ...."
ငယ် ကိုကို့မာမီအပေါ် တရားရဲ့လား မသိပေမဲ့ ကိုကိုက အခုလို ငယ့်ကို အချစ်ဆုံးလို့ ပြောလာတာကို ပီတိဖြစ်နေမိသည်။ အချိန်တွေကြာမှ ယောက္ခမနဲ့ တူတူနေရမည့် ခံစားချက်က ငယ့်ကိုလည်း စိတ်လှုပ်ရှားစေ၏။ အဆင်မပြေမှာလည်း စိုးရိမ်မိသည်။
"ငယ်လည်း အမှန်တော့ မာမီနဲ့ တွေ့ရမှာ စိတ်လှုပ်ရှားတယ် ကိုကို.... ငယ့်ကို သဘောကျပါ့မလားဟင်....."
"ကိုကို့ငယ်လေး ဒီလောက်ချစ်စရာကောင်းတာ ဘာတွေ စိတ်ပူနေလဲ ငယ်လေးရဲ့..... ပြီးတော့ ကိုကို ငယ်လေးကို မှာထားမယ်နော်.... မာမီက ကိုကို့မာမီဆိုပေမဲ့ ကိုကိုတို့က အခုမှ ပြန်ဆုံကြတာ.... ငယ်လေးဘက်က စိတ်အဆင်မပြေလို့ မခေါ်ချင်တာ မပတ်သက်ချင်တာမျိုးရှိရင် ကိုကို့ကို ပွင့်ပွင့်လင်းလင်းပြောပါ.... ငယ်လေးဘက်က အဆင်ပြေတယ်ဆိုရင်တော့ သူလည်း ကိုကိုတို့နဲ့ ကြာကြာမနေလောက်တာမို့ တချို့အရာလေးတွေ နားလည် ခွင့်လွှတ်ပေးနော်....."
ကိုကိုကလည်း ငယ်နဲ့ သူ့မာမီ အဆင်မပြေမှာကို စိတ်ပူနေ၏။ ကိုကို ဒီလောက်မျှော်လင့်နေရသည့် ကိုကို့မာမီကို ငယ့်ဘက်က တတ်နိုင်သလောက် သည်းခံကာ ကိုကို့အပျော်တွေ မပျ-က်စီးအောင် ထိန်းပေးထားဖို့ ဆန္ဒရှိပါသည်။
"ငယ်ပြောပြီးပြီလေ... ကိုကိုရဲ့.... ကိုကို့မာမီက ငယ့်မာမီပါပဲဆို...."
"အဟွန်း.... ကိုကို့မိန်းမ... အရမ်းချစ်ဖို့ကောင်း... မွ.... ကျေးဇူးပါ ငယ်လေးရယ်...."
ကိုကိုက သူကိုင်ထားသော ငယ့်လက်ဖမိုးကို နှုတ်ခမ်းဖြင့် ဖိကပ်နမ်းပြီး ကျေးဇူးတင်ကြောင်း ပြောနေသဖြင့် ငယ်ပြုံးနေလိုက်တော့သည်။
✨✨✨
"ကိုကို.... ဟိုမှာ ထွက်လာတာ မာမီ မလား...."
ငယ်လေးပြမှ ခရီးသည်တွေ ထွက်လာတဲ့ဆီ ကြည့်လိုက်တော့ တကယ်ပဲ မာမီပင်။ မာမီက လက်ပွေ့အိတ်ကို ကိုင်ဆွဲကာ စမတ်ကျကျ လမ်းလျှောက်လာပုံက ကင်ဆာရောဂါသည်လို့တောင် မထင်ရပေ။ Luggage အိတ်က အလုပ်သမားတွေ သယ်လာလားမသိ မာမီက လူချည်းပဲ ထွက်လာသည်။
"ကိုကို.... လက်ပြလိုက်လေ.... မာမီ.... ဒီမှာ...."
နေရောင် မာမီ့ကို ကြည့်နေစဉ် ငယ်လေးက လက်လှမ်းပြခိုင်းပြီး သူပဲ သွက်သွက်လက်လက် မာမီ့ကို လက်လှမ်းပြသည်။ နေရောင်လည်း ငယ်လေးလက်ကို ဆွဲကာ မာမီ့ဆီ သွားလိုက်တော့ မာမီကလည်း နေရောင်တို့ဘက် လျှောက်လာ၏။
"မာမီ လမ်းခရီး အဆင်ပြေတယ်မလား...."
နေရောင် မာမီ့အနား ရောက်တာနှင့် အရင် နှုတ်ဆက်လိုက်သည်။
"အင်း... နည်းနည်းတော့ ပင်ပန်းတာပေါ့..."
"ဒါ မာမီ့ ချွေးမ ငယ်လေးလေ...."
ငယ်လေးကို မနေ့ညက မာမီနဲ့ Video Call ပြောတုန်းက မိတ်ဆက်ပေးထားသော်လည်း ထပ်မံ မိတ်ဆက်ပေးလိုက်သည်။
"မာမီ... ငယ်က ကိုကို့မိန်းမပါ.... မာမီက အပြင်မှာ ပိုချောတယ်နော်.... ဟီး...."
"အင်း....."
ငယ်လေးက ပြုံးရွှင်စွာဖြင့် မာမီ့ကို နှုတ်ဆက်သော်လည်း မာမီက မျက်နှာတည်တည်နဲ့ ခေါင်းသာ ညိတ်ပြသဖြင့် နေရောင့်မှာ ငယ်လေးကို အားနာသွားရသည်။ မနေ့က မိတ်ဆက်ပေးတော့လည်း နေရောင့်စကားကို အရေးတယူမလုပ်ပေ။ ငယ်လေးအပေါ် အခုလို ဆက်ဆံတာကို မကြိုက်ပေမဲ့ အခုမှ ဆုံရသည့် သားမိချင်း အချင်းမများချင်တာကြောင့် ဘာမှမပြောဘဲသာ နေလိုက်ပြီး မာမီ့ကို သိပ်မရောဖို့ နောက်မှ ငယ်လေးကို မှာထားရဦးမည်။
"Hi.... Ryuu... မတွေ့ရတာကြာပြီနော်....."
မထင်မှတ်ဘဲ လာနှုတ်ဆက်သော Hanna ကြောင့် နေရောင် အံ့ဩသွားပြီး ငယ်လေးကို ကြည့်လိုက်မိသည်။ ခုနက မာမီ့အပြုအမူကြောင့် မျက်နှာလေး ပျ-က်နေသော ငယ်လေးက ပို၍ မျက်နှာပျ-က်သွားသည်။
"အင်း... Hanna ... မြန်မာကို အလည်လာတာလား...."
နေရောင် Hanna နဲ့ အဆက်အသွယ်မရှိတာ သူဂျပန် ပြန်သွားကတည်းက ပေမဲ့ အခုလို မျက်နှာချင်းဆိုင် တွေ့တော့လည်း သူငယ်ချင်းချင်းမို့ နှုတ်ဆက်လိုက်ရသည်။
"No.... ငါက Ryuu မာမီနဲ့လာတာလေ... Ryuu တို့အိမ်မှာ နေဖို့....."
"ဟင်...."
Hanna စကားကို နေရောင် အံ့ဩကာ မာမီ့ကို ကြည့်လိုက်မိသည်။ ဆုပ်ကိုင်ထားသော ငယ်လေးရဲ့ လက်ကလည်း တင်းခနဲ ဖြစ်သွားတာ ခံစားလိုက်မိ၏။
"ဟုတ်တယ်သား.... Hanna က မာမီ့အမျိုးသားရဲ့ သမီးလေ.... ဒီကို မာမီ့ကို ပြုစုဖို့ လိုက်လာတာ... မာမီနဲ့တူတူနေမှာ...."
"ခဏ.... ခဏလေး.... မာမီ... မာမီက ကြိုမပြောတော့ ကျွန်တော်က အခန်းတစ်ခန်းပဲ ပြင်ထားတာ...."
" ရတယ်.... သမီး Hanna က မာမီနဲ့ တစ်ခန်းတည်း နေလိမ့်မယ်...."
"ငယ်လေး အဆင်ပြေရဲ့လား... ကိုကို့ကို အားမနာနဲ့နော်....."
နေရောင်နဲ့ Hanna က သူငယ်ချင်းပဲဆိုပေမဲ့ Hanna ကို နေရောင့်ချစ်သူပါဟု မိတ်ဆက်ပေးဖူးတာကြောင့် ငယ်လေး စိတ်ထဲ အဆင်မပြေမှာစိုးကာ မေးလိုက်ရသည်။
"အခုမှ တွေ့တဲ့ ယောက္ခမကို ငြိုငြင်ပြီး မျက်နှာပျက်ရအောင်တော့ သားမိန်းမက မလုပ်လောက်ဘူးမလား...."
စစတွေ့ချင်းကတည်းက ကိုကို့မာမီရဲ့ သဘောထားကို ငယ်နားလည်သွားရသည်။ ကိုကိုက ငယ့်ဘက်ရှိနေတာမို့ ဘာကိုမှ သိပ်တော့ စိတ်မပူပါ။ မအေမေတ္တာ ငတ်ကာ သူ့အမေနဲ့တွေ့ရမှာကို ပျော်နေသော ကိုကို့ကိုလည်း စိတ်မညစ်စေချင်တာကြောင့် အားလုံးကို ငယ် အပြုံးနဲ့သာ ဆက်ဆံလိုက်သည်။
"ငယ် အဆင်ပြေပါတယ်.... ကိုကို.. အဲ့ဒီအမကလည်း ကိုကို့ သူငယ်ချင်းပဲကို....."
"ကျေးဇူးပါ ငယ်လေး...."
နေရောင့်အပေါ် နားလည်မှုပေးလွန်းသော ငယ်လေးကို ကျေးဇူးလည်းတင်သလို အားလည်းနာမိပါသည်။ အခုမှ ပေါ်လာသော အမေနှင့် မိန်းမကြား နေရောင် မကိုင်တွယ်တတ်သေးပါ။
✨✨✨
"ကိုကို.... ငယ် အိပ်ချင်ပြီလို့....."
အလုပ်လုပ်နေသော ကိုကို့ပေါင်ပေါ် အတင်းတက်ထိုင်ကာ ငယ်တိုးဝှေ့ချွဲလိုက်သည်။ ကိုကို့မာမီနဲ့ Hanna ကို ငယ်အရင်က စာသင်ဖို့ ကိုကိုပြင်ပေးထားသော အခန်းမှာ နေဖို့ ပြင်ပေးထားသည်။ Hanna နေတာကို မကြိုက်သော်လည်း ကိုကို့ကို စိတ်မညစ်စေချင်တာကြောင့် မြိုသိပ်ထားခြင်းသာ။ ကိုကိုသာ ငယ့်အနားရှိနေလျှင် ငယ့်အတွက် အရာရာမှာ အိုကေ၏။
"အွန်း... အွန်း.... ကိုကို့ငယ်လေးက အိပ်ချင်နေပြီပဲ... လာ.... အိပ်ကြမယ်...."
MacBook ကိုပိတ်ကာ ပေါင်ပေါ်တက်ချွဲနေသော ငယ်လေးကို ပွေ့ချီလျက် အိပ်ရာပေါ် နေရာယူလိုက်သည်။
"အိပ်တော့နော်.... ကိုကို ဖက်ထားပေးမယ်.... ပြွတ်စ်.... ဂွတ်နိုက် ငယ်လေး...."
"ပြွတ်စ်.... ဂွတ်နိုက် ကိုကို.... ချစ်တယ်...."
"ကိုကိုကလည်း အများကြီးချစ်ပါတယ်ဗျာ....."
"ဒေါက်.... ဒေါက်....."
ကြီးမြတို့တွေက အနောက်အိမ်မှာ နေကြတာမို့ ဒီအချိန်ကြီး တံခါးလာခေါက်တာ ဘယ်လိုမှ မဖြစ်နိုင်ပါ။ ကိုကို့မာမီနဲ့ Hanna သာ ဖြစ်လောက်တာမို့ ငယ့်မျက်နှာ ပျ-က်သွားရသည်။
"ဘယ်သူလဲ မသိဘူး... ကိုကို သွားကြည့်လိုက်ဦးမယ်နော်....."
ငယ် ခေါင်းသာ ညိတ်ပြလိုက်တော့ ကိုကိုက တံခါးသွားဖွင့်သည်။ တကယ်လည်း တံခါးလာခေါ-က်နေတာ Hanna ပါ။ ညကြီးအချိန်မတော် သူများလင်မယားညအိပ်နေသော အခန်းကို ဘာကိစ္စ တံခါးလာခေါက်သည်မသိ ငယ့်မျက်နှာ စူပုပ်နေတော့၏။
"ဘာဖြစ်လို့လဲ Hanna"
"မာမီက Ryuu ကို ခဏ ခေါ်ခိုင်းလိုက်လို့....."
ဒီအချိန်ကြီး လာခေါ်ခိုင်းသော မာမီ့ကြောင့် နေရောင့်မှာ ငယ်လေးကို အားနာသွားရပြီး လှည့်ကြည့်မိတော့သည်။
"သွားလေ ကိုကို.... ငယ် အိပ်နှင့်ပါမယ်....."
ပျော်နေသော ကိုကို့အပျော်လေး မပျ-က်စေချင်တာကြောင့် ငယ့်ဘက်ကသာ အလျော့ပေးလိုက်ရသည်။
"ကိုကို ခဏ သွားကြည့်လိုက်ဦးမယ်.... ငယ်လေး အိပ်နှင့်နော်...."
ငယ် ကိုကို့ကို ခေါင်းသာ ညိတ်ပြလိုက်၏။ ကိုကို့ရင်ခွင်ထဲမှာ မဟုတ်ဘဲ မအိပ်တတ်တော့တာကို မေ့လျော့ကာ ကိုကိုကတော့ Hanna လာခေါ်ရာနောက် လိုက်သွားသည်။ အဲ့ဒီညကစ ညတိုင်းလိုလို ကိုကို့မာမီက Hanna ကို လာခေါ်ခိုင်းပြီး ညလယ်လောက်မှ ကိုကိုက ပြန်လာတတ်သည်။ ဘာကိစ္စလဲလို့ ငယ် ကိုကို့ကို မေးကြည့်တော့ ကိုကို့မာမီနှင့် ဒယ်ဒီရဲ့ အရင်ကအကြောင်းတွေ ပြန်ပြောပြရင်း ကိုကိုက သူ့ကို အဖော်လုပ်ပေးခိုင်းတာပါတဲ့လေ။
"ကိုကို.... ငယ်မပြောချင်ပေမဲ့ ပြောရတော့မယ်.... တစ်ညနေလုံး အချိန်ရှိတာကို ညဘက်မှ ခေါ်ခေါ်နေတာ မဟုတ်သေးဘူးနော်.... ပြီးတော့ ညဘက်ကြီး သူများလင်မယားအခန်း လာလာခေါက်နေတဲ့ Hanna ကရော ဘာတွေလဲ....."
ငယ်တကယ်ကို သည်းမခံနိုင်တော့တာကြောင့် ဒီနေ့ညတော့ ကိုကို့ကို ထုတ်ပြောလိုက်သည်။ ကိုကို့မာမီ အိမ်ကိုရောက်တာ တစ်လကျော်ပြီဖြစ်ကာ ကိုကို့ကို လာမခေါ်သည့်ညက လက်ချိုးရေလို့ရသည်။ လာခေါ်သည့် Hanna နောက် ကိုကို လိုက်သွားတိုင်း ငယ့်မှာ ရင်နာနာနှင့် အိပ်မရပေ။ ကိုကိုပြန်လာသည်အထိ အိပ်မရဘဲ ပြန်လာချိန်ကျ အိပ်ချင်ယောင် ဆောင်နေခဲ့ရသည်။ ကိုကိုက အခန်းထဲ ပြန်ရောက်တာနှင့် ငယ့်ကို သူ့ရင်ခွင်ထဲ ထည့်ဖက်ပြီး အိပ်တတ်၏။
"ကိုကို မာမီ့ကို ပြောထားလိုက်ပါမယ်..... ငယ်လေး မကြိုက်ရင် ကိုကို နောက်မသွားတော့ဘူးနော်......"
"မကြိုက်ဘူး ကိုကို.... ငယ်.... ကိုကို့ကို စိတ်မညစ်စေချင်ပါဘူး.... ဒါပေမဲ့ ကိုကို့မာမီဘာလို့ အဲ့ဒီလိုတွေ လုပ်နေလဲ ငယ်တကယ် နားမလည်ဘူး...."
နေရောင့်မှာ ငယ်လေးကိုလည်း အားနာ၊ မာမီ့ကိုလည်း ပြောမထွက် ဖြစ်နေရသည်။ မာမီက နေရောင့်ကို ခေါ်ပြီး ဒယ်ဒီနဲ့ မာမီ့ရဲ့ ငယ်ဘဝအကြောင်းတွေ ပြောပြကာ တစ်ခါတစ်လေကျ ဒယ်ဒီ့ကို သတိရလို့ ငိုတတ်သည်။ ညဘက်တွေဆို ပိုအထီးကျန်တတ်တာမို့ သူ့ရဲ့ သိပ်မကျန်တော့သည့် အချိန်မှာ နေရောင်က အဖော်ပြုပေးဖို့ပြောတော့ မငြင်းရက်ခဲ့ပေ။ ငယ်လေးဘက်က ကြည့်လျှင်တော့ တကယ်ကို အဆင်မပြေနိုင်စရာ ဖြစ်နေမှာပင်။
"ကိုကို တောင်းပန်တယ်နော်..... လာ... လာ.... ကိုကိုက ငယ်လေးကို ချီပြီးတော့ သိပ်မယ်....."
ကိုကိုက ငယ့်ကို အရင်လို ပွေ့ချီကာ အခန်းထဲ လမ်းလျှောက်ပေးသဖြင့် သိပ်မကြာခင် ငယ်အိပ်ပျော်သွားတော့သည်။
✨✨✨
"ငယ်လေး.... ဒီရက်ပိုင်း အစားသိပ်မစားဘူးနော်...."
"ဟုတ်တယ် ကိုကို..... ငယ် အစားအသောက်ပျ-က်နေတာ.... ရာသီဥတုကြောင့်ဖြစ်မယ်.... ညနေ ကိုကိုပြန်လာရင် ငယ့်အတွက် ပီဇာလေး ဝယ်ခဲ့ပေးနော်..."
"အွန်း.... ကိုကို ဝယ်လာမယ်နော်...."
ကိုကိုက အခုတလော ဘာတွေအလုပ်ရှုပ်နေမှန်းမသိ အရမ်းအလုပ်များနေသည်။ ကိုကို့မာမီ ငယ်တို့နဲ့ တူတူနေတာ ၃ လရှိပြီဖြစ်ကာ ကိုကို ရှိချိန်သာ အနွေးထည်တွေ ဘာတွေနှင့် နေသော်လည်း ကိုကို အလုပ်သွားတာနှင့် အလှတွေ ပြင်ဆင်ပြီး သူနဲ့ Hanna ထွက်သွားတတ်သည်။ ငယ့်ကိုတော့ ခပ်တည်တည်သာနေသလို ငယ်ကလည်း သူတို့ကို စကားထဲတောင် ထည့်မပြောပါ။ ငယ့်အိမ်မှာ လာနေပြီး ငယ့်ကို လူပါးလာဝနေတာ သိသော်လည်း ကိုကို့မျက်နှာကြောင့် သည်းခံနေရသည်။
ကိုကိုက ငယ့်ကို အရင်လို ဂရုစိုက်သလို ရှိသော်လည်း တချို့အရာတွေ ကိုကိုပြောင်းလဲနေတာ သတိထားမိသည်။ ညဘက်တွေတော့ ဟိုတစ်ခါ ငယ်ပြောပြီးကတည်းက သူ့မာမီအခန်းကို မသွားတော့ပေ။
"Delivery တွေ ပေါနေတဲ့ ခေတ်မှာ ကိုယ့်ဘာသာကိုယ် မှာစားလည်း ရတာကို...."
ကိုကိုနဲ့ငယ် မနက်စာစားရင်း စကားပြောနေသည့်ကြား ဝင်ပါလာသည့် ကိုကို့မာမီကို ငယ်ကလည်း သည်းမခံနိုင်ပါ။
"ဘာမှ မဆိုင်ဘဲ Hanna တောင် ကိုကို့ကို ဟိုဟာမှာ ဒီဟာမှာ လုပ်နေတာ ..... ငယ်က ငယ့်ယောက်ျားငယ်မှာတာ ဘာဖြစ်လို့လဲ အန်တီ....."
အိမ်ကို စရောက်ကတည်းက သူ့ကို မာမီခေါ်တာ မကြိုက်သည့် အမူအရာပြသောကြောင့် အဲ့ဒီကတည်းက ငယ်လည်း အန်တီသာ ပြောင်းခေါ်လိုက်တော့ ကိုကိုက ဘာမှမပြောပေ။ ငယ်လေး အဆင်ပြေသလိုသာ ခေါ်ပါတဲ့။
"ကိုကို ဝယ်လာပါမယ်.... ငယ်လေးရယ်.... တော်တော့နော်...
မာမီလည်း တော်ပါတော့ ဘာမှ မဟုတ်ဘဲ မနက်စာဝိုင်းမှာ ပြဿနာဖြစ်နေမယ်...."
ကိုကိုကပြောတော့ ငယ်လည်း ထပ်မပြောဘဲ နေလိုက်သည်။
"သား Hanna လေး ဒီနေ့ဆေးရုံ ရက်ချိန်းပြရမယ့်ရက်နော်.... အလုပ်သွားရင်း ခေါ်သွားပေးလိုက်ဦး....."
အခုတလော Hanna ကို ဆေးရုံ လိုက်ပို့ပေးနေရကာ နေရောင်ကတော့ ဆေးရုံထဲထိ လိုက်မပို့ဘဲ အပြင်မှာသာ စောင့်နေလိုက်သည်။ ဆေးရုံ ဆေးခန်းတွေသွားရတာ နေရောင် သိပ်မကြိုက်ပေ။ Hanna ကို ဆေးရုံလိုက်ပို့သည့် ကိစ္စကို ငယ်လေးကိုတော့ မပြောပြဖြစ်တာက ငယ်လေးက မာမီတို့အပေါ် သဘောမကျမှန်း သိနေတော့ ငယ်လေးကို စိတ်အနှောက်အယှက် မဖြစ်စေချင်ပါ။ အခုတော့ မာမီက ငယ်လေးရှေ့ ပြောလိုက်သဖြင့် ငယ်လေးက မျက်နှာပျ-က်စွာ နေရောင့်ကို ကြည့်လာသည်။
"Ryuu ပြီးရင် သွားကြရအောင်လေ...."
"အင်း.... အင်း....
ငယ်လေး ကိုကို အလုပ်သွားပြီနော်..... ရွှတ်...."
ကိုကိုက ငယ့်နဖူးကိုနမ်းပြီး ထမင်းစားခန်းမှ ထွက်သွားတော့သည်။ အရင်ဆို ကားပေါ်ထိ ငယ်လိုက်ပို့နေကျပေမဲ့ ကိုကို့မာမီ အိမ်ကို ရောက်ကတည်းက သူနဲ့ Hanna က ကိုကိုကားပေါ်တက်သည်အထိ လိုက်စကားပြောနေတာကြောင့် ငယ်လိုက်မပို့ဖြစ်တော့ပါ။ အခုဆို ကိုကိုကပါ ငယ့်အပေါ် လျှို့ဝှက်မှုတွေ ရှိလာသည်။
" ပိုင်ရှင်ရှိရင် ရှောင်ရတယ်ဆိုတာ သိအောင် ကိုယ့်လင်ပါသမီးကို ဆုံးမပေးပါဦး အန်တီ...."
ပေါ်တင်ကို စနိုက်ကြော်ကွက်ခင်းနေသဖြင့် ငယ်လည်း ကိုကို့မာမီကို ပေါ်တင်သာ ပြောလိုက်သည်။
"ပိုင်ရှင်ရှိလျက် မရှောင်ခဲ့တာ.... နင်မဟုတ်ဘူးလား... နေခြည်လွှမ်း...."
"ဘာ..."
"Hanna နဲ့ ချစ်သူတွေမှန်း သိလျက်နဲ့ နင့်မိဘတွေ အရှိန်နဲ့ ငါ့သားကို ရအောင် ယူခဲ့တာ ငါသိပြီးပြီ.... ငါ့သားက နင့်ကို ချစ်တယ်ထင်နေလား.... သူအိမ်ထောင်ရေး မပြိုကွဲချင်လို့ အလိုက်သင့် ဆက်ဆံရုံပဲ....."
"ဟင့်အင်း.... မဟုတ်ဘူး...."
"ဘာလို့ မဟုတ်ရမှာလဲ.... နင် Hanna ဆီက လုယူထားတဲ့ ငါ့သားကို ပိုင်ရှင်ဆီ ပြန်ပေးလိုက်တော့..."
ကိုကို့မာမီရဲ့ စကားတွေက ငယ့်စိတ်ရဲ့ အနာဟောင်းကို လာဆွနေတာပင်။
"ကိုကိုက ငယ့်အပိုင်...."
"ငါ့သားနဲ့ Hanna ပြန် အဆင်ပြေနေပြီ.... နင်သူများအပိုင်ကို ယူထားလို့ ပူလောင်နေမယ့်အတူတူ ငါ့သားကို လွှတ်ပေးလိုက်တော့...."
ကိုကို့မာမီက ပြောပြီး ထမင်းစားခန်းက ထွက်သွားပေမဲ့ ငယ့်မှာတော့ အတွေးများစွာဖြင့် လောကကြီး ချာချာလည်သွားတော့သည်။
"ငယ်ငယ်... ငယ်ငယ်...."
ချိုချိုနဲ့ စုစုရဲ့ ခေါ်သံတွေကြားသော်လည်း ငယ့်မျက်လုံးတွေ မဖွင့်နိုင်တော့ပါ။
✨✨✨✨✨TBC
(10.2.26) စာပြင်
စာဖတ်သူ အားလုံးကိုလေးစားလျက်....
Kelly