တို့နှစ်ယောက်ကို မဆုံစေသော [...

By YokiSajio6

2.5K 158 181

အစ်ကိုသိလား...အစ်ကိုနဲ့စတွေ့ကတည်းက နှင်းဆီပန်းတွေကို မြတ်နိုးတတ်လာတာ..။ အတ္တမာန် + ခွန်းဆက်နောင် မိဘချင်းရင်း... More

chapter 1
chapter 2
chapter 3
Chapter 4
chapter 5
chapter 6
chapter 7
Character art 🌹

chapter 8

59 8 6
By YokiSajio6

"မာန်ရေ... အန်တီ အမေ့ကို ဖုန်းဆက်ထားတယ်နော်..."

နံနက်ခင်း ၆ နာရီဝန်းကျင်သို့ ရောက်ရှိလာပြီ ဖြစ်သော်လည်း ကလောမြို့ကလေး၏ ပတ်ဝန်းကျင်တစ်ခုလုံးမှာ လေးလံထိုင်းမှိုင်းသော မြူနှင်းရိပ်တို့ လွှမ်းမိုးနေဆဲပင်။

မာန်သည် အိမ်ရှေ့ခုံတန်းလျားလေးတွင် အရုပ်မလေးတစ်ခုလို ငြိမ်သက်စွာ ထိုင်ရင်း မိဘများလာခေါ်မည့် အချိန်ကို စောင့်မျှော်နေရှာသည်။ ကလောသို့ စတင်ရောက်ရှိစဉ်က တက်ကြွရွှင်မြူးနေခဲ့သည့် ပုံစံနှင့် ယခုပုံစံမှာ လားလားမျှမသက်ဆိုင်တော့ချေ။ အမြဲတမ်း တစာစာနှင့် ဆော့ကစားတတ်သည့် ထိုကလေးငယ် ယခုကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသည်မှာ ကြည့်ရသူအဖို့ ရင်ထဲတွင် တစ်စုံတစ်ခု လိုအပ်နေသကဲ့သို့ ဟာတာတာကြီး ခံစားရစေသည်။ သူ၏ အသုံးအဆောင်များ ထည့်ထားသည့် လွယ်အိတ်ကလေးမှာလည်း သူ၏ကျောပြင်ထက်တွင် လေးလံစွာ တည်ရှိနေ၏။

ခွန်းသည် မာန့်ကို နောက်ဆုံးအနေဖြင့် နှုတ်ဆက်လိုသည့်စိတ်ဖြင့် အဝတ်အစားများကို အမြန်လဲလှယ်ကာ အိမ်ရှေ့သို့ ပြေးထွက်လာခဲ့သည်။ ခွန်းသည် ရင်ထဲမှ သက်ပြင်းတစ်ချက်ကို လေးလံစွာ ချလိုက်မိ၏။ ယနေ့နံနက်ခင်းမှာ အရင်နေ့များကဲ့သို့ လန်းဆန်းမှုမရှိတော့ဘဲ အရာရာမှာ ဟာလာဟင်းလင်း ဖြစ်နေသည်ဟု ခွန်း ခံစားနေရသည်။ သူသည် လေးလံသော ခြေလှမ်းများဖြင့် မာန့်အနားသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်တော့သည်။

"မာန်..."

ခေါ်ပြီးချက်ချင်း အနားတွင် ဝင်ထိုင်လိုက်သည်။

"အစ်ကို... ကျွန်တော် တကယ်ပဲ ပြန်ရတော့မှာလားဟင်..."

မေးလိုက်သော မာန့်၏အသံသည် အရင်လို ကလေးဆန်မနေတော့ဘဲ တည်ငြိမ်လွန်းနေသည်။

"မာန်လေး... အစ်ကိုတို့ နောက်ကျရင် ပြန်တွေ့ရမှာပါ၊ ဝမ်းနည်းနေတုန်းပဲလား..."

မာန် ဘာမှပြန်မပြောနိုင်ဘဲ ခွန်း၏လက်ကို အားကိုးတကြီး ဆုပ်ကိုင်လိုက်မိသည်။

ဝမ်းနည်းရိပ်တို့ လွှမ်းခြုံနေသည့် သူ၏မျက်ဝန်းအစုံက ခွန်းကို မခွဲနိုင်သလို စိုက်ကြည့်နေတော့သည်။

"အစ်ကို... ကျွန်တော့်ကို မေ့မသွားပါနဲ့နော်..."

"ဟင်... အစ်ကိုက မင်းကို ဘာလို့မေ့ရမှာလဲ၊ အဲ့လိုမျိုးတွေမပြောပါနဲ့ မာန်ရယ်..."

မာန် ဘာစကားမှ မဆိုတော့ဘဲ ငြိမ်သက်နေမိသည်။ တစ်ညလုံး ငိုရှိုက်ထားသည့် အရှိန်ကြောင့် မာန့်၏ မျက်ခွံလေးများမှာ အနည်းငယ် ဖောင်းအစ်နေ၏။ ဖြူစင်လွန်းသည့် ထိုကလေးငယ်မှာ ခွဲခွာရခြင်းအတွက် မည်မျှတောင် ဝမ်းနည်းကြေကွဲနေရှာမည်နည်းဟု တွေးတောရင်း ခွန်း၏ရင်ထဲမှာလည်း မချိမဆံ့ ခံစားရလေသည်။

"ဟုတ်သားပဲ မာန်..."

ရုတ်တရက် ခွန်းက စကားစလိုက်သည်မို့ မာန် ချက်ချင်းပင် လှည့်ကြည့်လိုက်မိသည်။ သူ၏မျက်ဝန်းအစုံတွင် အစ်ကိုဖြစ်သူထံမှ ထွက်ပေါ်လာမည့် စကားလုံးတို့ကို မျှော်လင့်တကြီး စောင့်စားနေသည့် အရိပ်အယောင်များက အထင်အရှား ပေါ်လွင်နေတော့သည်။

"ခဏစောင့်နေနော်။ အစ်ကိုယူစရာရှိလို့ အမြန်ပြန်လာခဲ့မယ်"

မာန် တစ်စုံတစ်ရာ ပြန်မပြောနိုင်ခင်မှာပင် ခွန်းက နေရာမှ ရုတ်ချည်း ထရပ်ကာ အိမ်ထဲသို့ အပြေးအလွှား ဝင်သွားတော့သည်။ ကြည့်ရသည်မှာ တစ်ခုခုကို အသည်းအသန် လောနေသည့်နှယ်။ အရေးကြီးသည့် အရာတစ်ခုခု နောက်ကျကျန်ရစ်မှာကို စိုးထိတ်နေသည့်ဟန်ဖြင့် ခွန်း၏ ပုံစံမှာ အတော်လေးကို ကပျာကယာ ရှိလှသည်။

အိမ်ထဲမှ ကပျာကယာ ပြန်ထွက်လာသော ခြေသံများနှင့်အတူ ခွန်းကို မြင်လိုက်ရသဖြင့် မာန် ချက်ချင်း လှည့်ကြည့်လိုက်မိသည်။ ခွန်းကတော့ အလျင်စလိုပင် လျှောက်လာနေသော်လည်း ထူးဆန်းသည်မှာ သူ၏လက်ထဲတွင် မည်သည့်ပစ္စည်းမှ ပါမလာခြင်းပင်။

ခွန်းသည် မာန့်အနားသို့ ရောက်သည်နှင့် မာန့်၏ လက်ကလေးကို နူးညံ့စွာ ဆွဲယူလိုက်သည်။ ခွန်းဆက်နောင် တစ်ယောက် ဘာများလုပ်တော့မည်နည်းဟု မာန်ကတော့ ဝိုင်းစက်နေသော မျက်ဝန်းအစုံဖြင့် အသက်ရှူအောင့်ကာ စောင့်ကြည့်နေမိတော့သည်။

"အစ်ကို... ဒါက..."

ခွန်းက ဘာမှပြန်မဖြေဘဲ အိတ်ကပ်ထဲမှ ကြိုးလက်ပတ်လေးတစ်ခုကို အသာအယာ ထုတ်ယူလိုက်သည်။ ညိုမှောင်သော သားရေကြိုးမျှင်များကို စနစ်တကျ ကျစ်လစ်စွာ ကျစ်ယှက်ထားပြီး အဆုံးသတ်တွင် အနက်ရောင်ကြိုးစလေးများဖြင့် ခိုင်မာစွာ ရစ်ပတ်ချည်နှောင်ထားသည့် အလွန်ပင် ခန့်ညားရိုးရှင်းလှသော သားရေလက်ပတ်လေးတစ်ခုပင်။ ထူးထူးခြားခြား လှပလွန်းနေခြင်းမျိုး မရှိသော်လည်း ထိုရိုးရှင်းပြီး တည်ငြိမ်မှုထဲ၌ပင် တစ်စုံတစ်ခုသော ဆွဲဆောင်မှုတို့ ကိန်းအောင်းနေသလို ရှိသည်။ ခွန်းသည် ထိုလက်ပတ်လေးကို မာန့်၏လက်ကောက်ဝတ်တွင် ကိုယ်တိုင်ကိုယ်ကျ စိတ်ရှည်လက်ရှည်ဖြင့် ချည်နှောင်ပေးလိုက်တော့သည်။

"ကျွန်တော့်..အတွက်လားဟင်.."

"အဖိုးမတန်ပေမယ့်...အစ်ကို့ရဲ့ အမှတ်တရ လတ်ဆောင်လေးပါ"

ခွန်း၏ အပြုအမူကြောင့် မာန့်၏ ညှိုးငယ်နေသော မျက်နှာလေးမှာ ချက်ချင်းဆိုသလို ပြန်လည်လန်းဆန်း တောက်ပသွားတော့သည်။

အစ်ကိုဖြစ်သူက သူ့အတွက် သီးသန့်ရည်ရွယ်ပြီး ဤလက်ပတ်လေးကို ကိုယ်တိုင်ကိုယ်ကျ သေချာချည်နှောင်ပေးနေသတဲ့။

"အစ်ကို..."

မာန်သည် မိမိလက်ကောက်ဝတ်ထက်မှ ထိုရိုးရှင်းသော လက်ပတ်လေးကို မယုံနိုင်သလို တလှည့်စီ လှည့်ပတ်ကြည့်ရှုနေမိသည်။

"ကျွန်တော် ဒီလက်ပတ်ကို ဘယ်တော့မှ မဖြုတ်ဘူးလို့ ကတိပေးပါတယ်! ရေချိုးလည်း မဖြုတ်ဘူး... အိပ်လည်းမဖြုတ်ဘူး... ဘယ်နေရာသွားသွား ကျွန်တော် လုံးဝမဖြုတ်ဘူး!"

မာန်သည် ဝမ်းသာအားရဖြစ်လွန်းသဖြင့် စိတ်လှုပ်ရှားစွာဖြင့်ပင် စကားလုံးတို့ကို တရစပ် ပြောဆိုနေတော့သည်။ ထိုသို့ ကလေးငယ်တစ်ဦးနှယ် ပျော်ရွှင်မြူးထူးနေသည့် မာန့်၏ ပုံစံလေးကို ကြည့်ကာ ခွန်း၏ နှုတ်ခမ်းဖျားတွင် အလိုအလျောက် ပြုံးရိပ်သန်းလာပြီး ခပ်တိုးတိုး ရယ်မောလိုက်မိ၏။

"ကျေးဇူးတင်ပါတယ် အစ်ကို... ကျွန်တော့်မှာ ဘာမှပြန်ပေးစရာတော့ မရှိဘူး..."

"ပစ္စည်းပြန်ပေးမှ ဆိုတာ မရှိပါဘူး မာန်ရဲ့"

"ကျွန်တော်တို့ ပြန်ဆုံတဲ့နေ့မှာ ကျွန်တော် အစ်ကို့အတွက် ပစ္စည်း‌လေးတစ်ခုခုယူလာခဲ့မယ် အပြန်အလှန်ပေါ့.."

"အမ်းး...ကတိပေးလား..."

"ပေးတယ်!"

ကလေးနှစ်ဦးသား အမှတ်တရ စကားများဖြင့် ကမ္ဘာငယ်လေးတစ်ခုကို တည်ဆောက်နေစဉ် ခွန်း၏ အကြည့်တို့က လမ်းမထက်သို့ အမှတ်မထင် ရောက်ရှိသွားသည်။ ဝေးကွာရာမှ တဖြည်းဖြည်း နီးကပ်လာသော ကားတစ်စီး...။

မှန်ပါသည်၊ ထိုကားမှာ မာန့်ကို အဝေးသို့ ခေါ်ဆောင်သွားတော့မည့် သူ၏ မိဘများပင် ဖြစ်သည်။ ခွဲခွာရမည်ကို ဝန်လေးနေသော်လည်း ခွန်းသည် မာန့်၏ အာရုံကို လှမ်း၍ သေချာသတိပေးရုံမှတစ်ပါး အခြားမရှိတော့သဖြင့် မာန့်၏ လက်မောင်းလေးကို အသာအယာ တို့ကာ အချက်ပြလိုက်တော့သည်။

"ဟင်... ဘာမှလည်းမပြောဘူး။ ခေါ်ပြီးတော့ ကျွန်တော့်ကို ခြောက်နေတာလား၊ အဲ့လိုကြီးမကြည့်ပါနဲ့ အစ်ကိုရဲ့!"

မာန်သည် တစ်စုံတစ်ရာကို သဘောကျကာ တခစ်ခစ်နှင့် ရွှင်မြူးစွာ ရယ်မောနေဆဲ။ သူတို့နှစ်ယောက် ခွဲခွာရတော့မည့် အချိန်အနားသို့ ချဉ်းကပ်လာနေသည်ကို မာန် လုံးဝသတိမထားမိသေးပေ။ ခွန်းက လမ်းမထက်မှ မောင်းနှင်လာသော ကားကို လက်ညွှန်ပြလိုက်သည့် ခဏမှာပင် မာန့်၏ ရယ်သံတို့မှာ ဆတ်ခနဲ တိတ်ဆိတ်သွားခဲ့တော့သည်။

ကားလေးသည် ခွန်းဆက်နောင်တို့ အိမ်ရှေ့တွင် ဘရိတ်အုပ်ကာ ထိုးရပ်သွား၏။ ကားပေါ်မှ မာန့်၏ မိဘများဖြစ်ကြသော ဦးမြင့်ဆွေနှင့် ဒေါ်မဟေမာန်လွင်တို့ ဆင်းသက်လာကြသည်။ နှစ်ဦးလုံးမှာ သပ်ရပ်သားနားသော အဝတ်အစားများကို ဝတ်ဆင်ထားကြသဖြင့် မြင်ရသူအဖို့ အလွန်ပင် ခန့်ညားထည်ဝါလှပေသည်။

"ဟေ... လာခေါ်ကြပြီလားတော့်"

အိမ်အတွင်းမှ ထွက်လာသည်မှ။ ဒေါ်ချိုချိုအေးပင် ဖြစ်သည်။ အနောက်တွင် ဦးနောင်ပါ ပါလာခဲ့သည်။

"ဟုတ်တယ်ရှင်၊ နည်းနည်း နောက်ကျသွားတယ်... အကြောင်းအချို့ရှိလို့"

ဒေါ်ဟေမာန်လွင် ကားပေါ်က ဆင်းရင်း ဒေါ်ချိုချိုအေးတို့ လင်မယားအနား လျှောက်လာသည်။

"ကြည့်ပါဦး... ဘာမှတောင်မဟုတ်သေးဘူး ပြန်ရတော့မယ်... သူငယ်ချင်းရယ်"

ဒေါ်ဟေမာန်လွင် သားဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး..

"အတ္တမာန်ကိုကြည့်ပါဦး။ အမြဲတမ်း ကနားမငြိမ်ဖြစ်နေတာ ဒီနေ့မှ တော်တော်လေးကို တိတ်သွားတာပဲ... ကျွန်မလည်း စိတ်မကောင်းရုံကလွဲလို့ မတတ်နိုင်ဘူးလေ..."

"ကလေးတွေက အခုအရွယ်ဆိုရင် သူငယ်ချင်းဆိုတာ အရေးကြီးဆုံးအချိန်ပဲ။ ဒီလို ခွဲရတာတော့ မလွယ်ဘူးဗျာ"

ဦးနောင်က စကားဝိုင်းထဲ ဝင်လာသည်။ သို့ဖြင့်..

"ဟုတ်ပါတယ် ကိုနောင်... ဒါပေမယ့် အချိန်တန်ရင် ပြန်တွေ့ကြမှာပါပဲ။ ကလေးတွေလည်း အဲ့ဒီအချိန်ကျရင် ပိုနားလည်လာကြမယ်ထင်ပါတယ်"

လူကြီးများအကြား နှုတ်ဆက်စကားများဖြင့် စကားဝိုင်းဖွဲ့နေကြစဉ် ဒေါ်ဟေမာန်လွင်၏ အကြည့်တို့သည် သားဖြစ်သူ၏ လက်ကောက်ဝတ်ထက်ဆီသို့ အမှတ်မထင် ရောက်ရှိသွားသည်။

"သား... သားလက်က ဘယ်ကဟာလေးလဲ"

မိခင်ဖြစ်သူ၏ အကြည့်ကြောင့် မာန် ရုတ်တရက် ထိတ်ခနဲ လန့်သွားရသည်။

ထို့နောက်မှ အသိစိတ်ပြန်ဝင်လာကာ မိမိလက်ကောက်ဝတ်ထက်မှ လက်ပတ်လေးကို အမြန်ငုံ့ကြည့်လိုက်မိတော့သည်။

"ဒါ အစ်ကို ကျွန်တော့်ကို မပြန်ခင် လက်ဆောင်ပေးတာတဲ့ဗျ။ လှတယ်မလားဟင်..."

ဒေါ်ဟေမာန်လွင် ချက်ချင်း ပြုံးမိသွားပြီး...

"အို... ချစ်ဖို့ကောင်းလိုက်တဲ့ ကလေးတွေ။ သေချာသိမ်းထားရမယ်နော်၊ အစ်ကိုက မင်းကို ချစ်လို့ ပေးထားတာ..."

မာန်ကတော့ ခွန်းထံသို့ အားကိုးတကြီး လှည့်ကြည့်လိုက်မိသည်။ ခွန်းကတော့ မာန့်မျက်နှာထက်မှ အပြုံးရိပ်လေး ပြန်လည်ပွင့်လန်းလာသည်ကို ကြည့်ကာ ရင်ထဲတွင် အမှန်တကယ်ပင် ကြည်နူးသာယာနေမိတော့သည်။

"မင်း ကြိုက်ရင်ပဲ အစ်ကို ကျေနပ်ပါတယ်..."

ဦးမြင့်ဆွေက စကားသံကို အနည်းငယ် လျှော့ကာ ဦးနောင်အနားသို့ ကပ်လာသည်။

"ကိုနောင်... အရင်တုန်းက ပြောခဲ့တဲ့ အလုပ်ကိစ္စလေး ရှိသေးတယ်နော်"

ဦးနောင် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်ဗျ... ကျွန်တော် မမေ့ပါဘူး"

"အခုလောလောဆယ် အလုပ်တွေ များလာတော့ အပြင်က လူတစ်ယောက်ကို ခန့်ပြီး ကူညီခိုင်းဖို့ စဉ်းစားနေတာ... ဟို စိတ်တော့ မပူပါနဲ့၊ ကျွန်တော်က အဓိက ပိုပါဝင်မှာပါ။ ကျွန်တော် လူတစ်ယောက်တော့ တွေ့ထားတယ်၊ ကျွန်တော် သူနဲ့လည်း သိတာကြာပြီဗျ... တော်တော်လည်း ယုံကြည်ရတယ်"

"အနောက်ပိုင်းက စာရင်းတွေ၊ ဆက်သွယ်ရေးပိုင်းတွေကို ကိုင်ပေးမယ့်သူပါ... ကိုယ်ယုံကြည်လို့ ခန့်မယ့်သူဆိုပေမယ့်... အလုပ်ဆိုတာက လူများလာလေလေ စနစ်ပိုလိုလေလေပါပဲ"

ဦးနောင် နားလည်သည့် သဘောဖြင့် ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပြီဗျာ၊ အားကိုးမယ်နော်..."

"ဟား... ဟား... ဟုတ်ပါပြီကွာ... မိတ်ဆွေအချင်းချင်း ယုံကြည်ထားလိုက်စမ်းပါ..."

နှစ်ယောက်လုံး ကျောကို သာသာလေး ပုတ်ကာ တရယ်ရယ်ဖြင့် စကားကောင်းနေကြခဲ့သည်။

"အဲ့ဒါကို အဓိက ပြောချင်တာပါ... နောက်မှ အသေးစိတ်ပြန်ပြောကြရအောင်..."

"ဟုတ်ပါပြီ... အချိန်ရရင် ဖုန်းဆက်သွယ်လိုက်ဦး"

စကားကို ထိုမှာပဲ သဘောတူညီမှုနှင့် ရပ်လိုက်ကြသည်။

ဒေါ်ဟေမာန်လွင်သည် သားဖြစ်သူ၏ ကျောပြင်ပေါ်မှ လွယ်အိတ်ကလေးကို သာသာယာယာ ပြင်ပေးလိုက်ရင်း..
"လာ မာန်... ကားပေါ်တက်ရအောင်နော်"

မာန်၏ ခြေလှမ်းတိုင်းသည် အိမ်ရှေ့မြေပြင်ထက်တွင် ခဲဆွဲထားသကဲ့သို့ လေးလံလွန်းလှသည်။ မျက်ဝန်းအစုံကလည်း မိမိသွားရမည့်လမ်းကို မကြည့်ဘဲ ခွန်းဆက်နောင်ထံသို့သာ အကြိမ်ကြိမ် ပျံဝဲရောက်ရှိနေ၏။ ကားတံခါးဖွင့်ထားသော်လည်း ချက်ချင်းမဝင်သေးဘဲ နောက်ဆုံးအကြိမ်အဖြစ် အိမ်ရှေ့ဆီသို့ ပြန်လည်လှည့်ကြည့်လိုက်မိသည်။

"အစ်ကို..."

တိုးညင်းလွန်းသော်လည်း ခွန်း၏ နားစည်ထဲတွင်တော့ ထိုအသံသည် ဟိန်းထွက်သွားသယောင် ထင်ကျန်ရစ်သည်။

"သွားတော့မယ်နော်..."

ခွန်း ချက်ချင်းပင် ပြုံးပြလိုက်သည်။ မပြုံးချင်ဘဲ အတင်းအားယူပြုံးနေရသည့် ထိုအပြုံးမျိုးမှာ အမှန်တကယ်ပင် ရင်နာစရာကောင်းလှ၏။

"အွန်း... ဂရုစိုက်နော် မာန်... မနက်တိုင်း လက်ပတ်လေးကို ကြည့်ပြီး အစ်ကို့ကို သတိရလိုက်...ငိုလည်းငိုမနေနဲ့ဉီး"

မာန်သည် ခေါင်းကို တဆတ်ဆတ်ညိတ်ရင်း ကားပေါ်သို့ တက်သွားတော့သည်။

ပြတင်းပေါက်မှန်ကို အမြန်ဖွင့်လိုက်ပြီး..

"အစ်ကို..."

လက်ကလေးကို ပြတင်းပေါက်ပြင်ပသို့ ဆန့်ထုတ်ကာ အဆက်မပြတ် လက်ယမ်းနှုတ်ဆက်နေ၏။ သူ၏လက်ကောက်ဝတ်မှ အညို‌ရောင်ကြိုးလက်ပတ်လေးမှာ နံနက်ခင်းနေရောင်အောက်တွင် သေးငယ်စွာ တောက်ပနေသည်။ ခွန်းလည်း လက်မြှောက်ကာ တုံ့ပြန်နှုတ်ဆက်လိုက်သော်လည်း သူ၏ရင်ထဲမှာတော့ ကျောက်ဆောင်ကြီးတစ်ခုကို ထမ်းထားရသကဲ့သို့ လေးလံနေတော့သည်။

"မမေ့နဲ့နော်..."

ကားအတွင်းမှ အသံကို ခွန်း မကြားရသော်လည်း မာန့်၏ လှုပ်ရှားသွားသော နှုတ်ခမ်းဖျားလေးများကို ကြည့်ရုံဖြင့် ဆိုလိုရင်းကို သိလိုက်သည်။ ဦးမြင့်ဆွေ ကားစက်နှိုးလိုက်သဖြင့် မြည်ဟည်းလာသော အင်ဂျင်သံနှင့်အတူ အိမ်ရှေ့မှ တိတ်ဆိတ်မှုမှာ ပို၍ပင် ထင်ရှားလာ၏။

ကားလေးသည် တဖြည်းဖြည်း လှိမ့်ထွက်သွားသော်လည်း မာန်သည် လက်ယမ်းခြင်းကို မရပ်တန့်ခဲ့ပေ။ ခွန်းလည်း ထိုနည်းတူပင်။ လမ်းထိပ်သို့ ရောက်၍ ကားလေးကွယ်ပျောက်သွားသည်အထိ သူတို့နှစ်ဦး၏ လက်အစုံမှာ လေထဲတွင် ထိတွေ့မရသော နှုတ်ဆက်ခြင်းကဗျာကို ဆက်လက်ရေးဖွဲ့နေကြဆဲ။

နောက်ဆုံးတွင်တော့ ကားလေးသည် မြင်ကွင်းထဲမှ လုံးဝကွယ်ပျောက်သွားခဲ့ပြီ။ ခွန်း မြှောက်ထားသောလက်ကို အားအင်ကုန်ခမ်းစွာ ဖြည်းဖြည်းချင်း ချလိုက်မိသည်။ အိမ်ရှေ့တွင် သူတစ်ယောက်တည်း ကျန်ရစ်ခဲ့၏။ နံနက်ခင်းနေရောင်ခြည်မှာ အရင်လို နွေးထွေးမှုမပေးနိုင်တော့သလို အိမ်ရှေ့မှ ခုံတန်းရှည်ကြီးမှာလည်း ရုတ်တရက်ဆိုသလို ဟာလာဟင်းလင်း ဖြစ်သွားတော့သည်။

ခွန်း လက်သီးကို တင်းတင်းဆုပ်လိုက်သော်လည်း မငိုမိအောင် ထိန်းထားသည့်ကြားမှ မျက်ရည်စက်တို့သည် ပါးပြင်ပေါ်သို့ ပိုးပိုးပေါက်ပေါက် စီးကျလာသည်။

အတ္တမာန့လက်ထဲမှ လက်ပတ်လေးကဲ့သို့ပင်... ဤနံနက်ခင်း၏ ခွဲခွာခြင်းအမှတ်တရသည်လည်း ခွန်း၏ရင်ထဲမှာ ဖျောက်ဖျက်၍မရအောင် စွဲထင်ကျန်ရစ်ခဲ့လေပြီ။

အတ္တမာန်ထွက်ခွာသွားပြီးနောက်ပိုင်း ခွန်း၏နေ့ရက်များသည် ပြင်ပ၌ ပုံမှန်အတိုင်း လည်ပတ်နေသည်ဟု ထင်ရသော်လည်း နိုးထလာသည့် နံနက်ခင်းတိုင်းမှာတော့ တစ်စုံတစ်ရာ လိုအပ်နေသလို ဟာလာဟင်းလင်း ခံစားချက်က အမြဲဦးစပြုတတ်သည်။

အိမ်ရှေ့ရှိ ခုံတန်းရှည်လေးကို လှမ်းကြည့်မိတိုင်း အတိတ်က ပုံရိပ်လွှာတို့သည် မဖိတ်ခေါ်ဘဲ ရောက်ရှိလာတတ်စမြဲ။ တစ်ခါတလေတွင် မာန်သည် ထိုနေရာ၌ပင် ထိုင်နေဆဲဖြစ်သည်ဟု ထင်ယောင်ထင်မှား ဖြစ်မိသလို၊ မာန့်၏ ရယ်သံလွင်လွင်လေးများကိုပင် ကြားယောင်လာမိသည်။ ခွန်း၏ နှုတ်ဖျားမှ စကားလုံးတို့သည် တဖြည်းဖြည်း ခေါင်းပါးလာပြီး တိတ်ဆိတ်ခြင်း၌သာ ပျော်မွေ့လာခဲ့သည်။

အလုပ်ဝတ္တရားတို့ကို ပုံမှန်လုပ်ဆောင်နေသော်လည်း ခွန်း၏ရင်ထဲ၌ ပျော်ရွှင်မှုဟူသည် အရိပ်အယောင်မျှပင် မရှိတော့သည်ကို မိဘများပင် ရိပ်မိလာကြသည်။ သို့သော် ခွန်းသည် "ပြန်ဆုံရမည်" ဟူသော ကတိစကားတစ်ခုကိုသာ နှလုံးသားထဲတွင် ထပ်ခါတလဲလဲ ရွတ်ဆိုရင်း မိမိကိုယ်ကို အားပေးနေမိတော့သည်။ မာန်မရှိသော ကမ္ဘာတွင် အချိန်နာရီတို့က ရှေ့သို့ရွေ့လျားနေသော်လည်း ခွန်း၏ စိတ်အာရုံမှာတော့ ခွဲခွာခဲ့ရသည့် နေရာလေးမှာပင် ရပ်တန့်နေခဲ့၏။

အတ္တမာန်ပြန်သွားသည်မှာ ယခုဆိုလျှင် တစ်ပတ်တိတိ ရှိခဲ့ပြီ။ ဒီနေ့နံနက်တွင်လည်း ခွန်းသည် အကျင့်ပါနေသည့်အတိုင်း အိမ်ရှေ့ရှိ ပန်းပင်များကို ရေလောင်းပေးနေသည်။

နွေရာသီ၏ အရှိန်အဟုန်က ကုန်ဆုံးလုနီးပြီဖြစ်၍ ကျောင်းဖွင့်ချိန်ကလည်း နီးကပ်လာချေပြီ။ မီးခိုးရောင်အနွေးထည်နှင့် အဖြူရောင်ဘောင်းဘီပွပွလေးကို ဝတ်ဆင်ထားသော ခွန်းသည် ထိုဝတ်စုံနှင့် အလွန်ပင် လိုက်ဖက်သပ်ရပ်နေသည်။ ရေလောင်းနေစဉ် စင်စစ်မပြတ် စီးဆင်းနေသော ရေစက်တို့ကြောင့် အင်္ကျီလက်ဖျားလေးများပင် အနည်းငယ် စိုစွတ်နေ၏။

အလုပ်လုပ်နေရင်းဖြင့်ပင် အတွေးပေါင်းစုံက ခေါင်းထဲသို့ အလုံးအရင်းနှင့် တိုးဝင်လာသဖြင့် ခွန်းသည် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကို ခါယမ်းပစ်လိုက်သည်။

"ခွန်းဆက်နောင်... စိတ်ကိုလျော့... စိတ်ကိုလျော့စမ်းပါ..."

မိမိကိုယ်ကို ထိန်းချုပ်ရန် ကြိုးစားနေစဉ်မှာပင် မေ့လျော့နေခဲ့သော အိမ်မက်ဆိုးတစ်ခုက ရုတ်ချည်း ခေါင်းထဲသို့ ပြန်လည်ဝင်ရောက်လာသည်။ ကြာခဲ့ပြီဖြစ်သော ထိုအိမ်မက်ထဲမှ နှင်းဆီပန်းများနှင့် သွေးညှီနံ့တို့က စိတ်အာရုံထဲတွင် အတိုင်းသား ပြန်လည်ပေါ်လာပြန်သည်။

"ငါဘာတွေ တွေးနေတာလဲ... ဘာလို့ အဲ့အရာတွေက..."

ထိုအတွေးတို့ကို မောင်းထုတ်ရန် ကြိုးစားသော်လည်း မရပေ။ ဦးနှောက်တစ်ခုလုံး ထိုကြောက်မက်ဖွယ်ရာ ပုံရိပ်တို့ဖြင့် ပြည့်နှက်သွားသလို ခံစားရပြီး ခွန်းသည် နေရာမှာပင် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ တောင့်တောင့်ကြီး ရပ်နေမိတော့သည်။

ထိုစဉ် ခြံအပြင်ဘက်မှ စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ခွန်းဆက်နောင်၏ အမည်ကို အားရပါးရ အော်ခေါ်နေသော အသံပင် ဖြစ်သည်။ ထိုအသံကြောင့် ခွန်း၏ လွင့်စင်နေသော သတိတို့ ပြန်လည်ကပ်လာပြီး မာန့်ကို သတိရစိတ်ဖြင့် နောက်သို့ အမြန်လှည့်ကြည့်လိုက်မိသည်။

"ဟဲ့ ခွန်းဆက်နောင်! မတ်တပ်ကြီး သေနေတာလား၊ နင်မသေသေ ငါသေတော့မယ်ဟဲ့!"

"ဟင်... သုသု..."

****

"ထိုင်ဦးလေ... ငါ အပင်ရေလောင်းနေတာ"

ခွန်းက အိမ်ရှေ့ခုံတန်းလေးကို ညွှန်ပြရင်း ဧည့်ဝတ်ပြုလိုက်သည်။ နာမည်အရင်းမှာ သုလွင်ရတနာ ဖြစ်၍ ခွန်းနှင့် ငယ်သူငယ်ချင်းများဖြစ်ကြပြီး တစ်ရပ်ကွက်တည်း ကျောင်းအတူတူ တက်ကြသူများ ဖြစ်သည်။ ဂုတ်ဝဲဆံပင်လေးကို အလယ်ခွဲထားသော သုသုသည် ခွန်းထက် ၄ လခန့် ကြီးသော်လည်း ရွယ်တူများကဲ့သို့ပင် ပေါင်းသင်းရသည်မှာ ရင်းနှီးလှသည်။

"နင်တို့ ဘယ်ကတည်းက ပြန်ရောက်နေတာလဲ... ငါတောင် မသိဘူး"

ခွန်း သုသု၏ ဘေးတွင် သင့်တော်သည့် အကွာအဝေးတစ်ခုခြား၍ ဝင်ထိုင်လိုက်ရင်း အံ့ဩတကြီး မေးလိုက်သည်။

"ငါက အရင်တစ်ပတ်ကတည်းက နေပြည်တော်က ပြန်ရောက်တာဟ... နင့်ကို လာရှာသေးတယ် မတွေ့လို့"

"အော်... အဲ့ဒါဆို အဲ့ဒီနေ့က ငါအပြင်သွားတယ်ထင်တယ်၊ ညမှ ပြန်ရောက်တာ"

"ဘယ်သွားတာလဲ"

"ပင်းတယကို အလည်သွားတာပါ... ဧည့်သည်တွေလည်း ပါလို့"

"တကယ်လား... ပင်းတယကို ငါလည်း ရောက်ဖူးချင်နေတာ... မနာလိုသွားပြီ..."

သုသု နှုတ်ခမ်းလေးစူကာ ဆောင့်အောင့်ပြောလိုက်သဖြင့် ခွန်း အနည်းငယ် ပြုံးမိသွားသည်။

"မတွေ့တာကြာတော့ အသားပိုမဲသွားသလိုပဲနော်..."

"ဘာပြောတယ်! ခွန်းဆက်နောင် နင်! အရင်တိုင်းပဲ အချိုးကို မပြေဘူး..."

ခွန်းကတော့ သုသု၏ ဒေါသတကြီး အော်ဟစ်မှုကို ဂရုမစိုက်ဘဲ အခြားတစ်ဖက်သို့ ငေးကြည့်ရင်း တတည်ငြိမ်အေးဆေးသော အသံဖြင့်သာ ပြန်ပြောလိုက်သည်။

"စတာပါ၊ ဘယ်လိုဖြစ်လို့ အဲ့လောက်တောင် ဒေါသထွက်နေရတာလဲ..."

"ထားပါတော့... ကျောင်းတွေဖွင့်တော့မယ်နော်၊ ငါတို့ ကျောင်းကြီး မီးလောင်သွားရင်ကောင်းမယ်နော်"

သုသုက ခပ်မဲ့မဲ့ပြောရင်း ခုံတန်းကို မှီချလိုက်သည်။ ဖရိုဖရဲနိုင်လှသော သူမ၏ ပုံစံမှာ မိန်းကလေးတစ်ယောက်နှင့်ပင် မတူတော့ချေ။ ကျောင်းပိတ်ရက်ကုန်မှာကို ကြောက်ရွံ့နေသည့် သူမ၏ ပုံစံမှာ အလွန်ပင် ရယ်စရာကောင်းလှသည်။ သုသုသည် စကားလည်း အလွန်များသူဖြစ်သဖြင့် ခွန်းမှာ တစ်ခါတလေ နားညည်းလွန်း၍ နားပင် ပိတ်ထားချင်စိတ် ပေါက်မိသည်။

"နင်ဟာလေ... တော်တော် စကားများတာပဲ၊ ငါ့ဘာသာ စိတ်ညစ်နေရတဲ့ ကြားထဲ..."

ခွန်း၏ စကားကြောင့် သုသုက ရယ်မောလိုက်သော်လည်း သူမ၏ စိတ်ထဲတွင်တော့ ခွန်း တစ်ခုခု ထူးဆန်းနေသည်ကို ရိပ်မိနေသည်။

"ဟမ်... နင်က စိတ်ညစ်ရတယ်ရှိသေး၊ အသက်ကဘယ်လောက်ရှိသေးလို့လဲ..."

".............."

"ပြောပါဦး... ဘာလို့ စိတ်ညစ်နေတာလဲ..."

"ဟမ်... ဘာမှမဟုတ်ပါဘူး၊ ဘာမှမဟုတ်တဲ့ ကိစ္စလေးပါ... အဲ့လောက်လည်းမဟုတ်ပါဘူး..."

ခွန်း ဘာမှဆက်မပြောတော့ဘဲ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကိုသာ ငေးကြည့်နေမိသည်။

တကယ်တမ်းတွင် ခွန်းသည် မိမိ၏ ခံစားချက်တို့ကို တစ်စုံတစ်ဦးအား ရင်ဖွင့်ပြချင်သော ကလေးငယ်တစ်ဦးသာ ဖြစ်သည်။ သို့သော် အခြားသူများနှင့် စကားပြောရန် ခက်ခဲနေသည့် မိမိကိုယ်ကိုယ်သာ အမြဲအပြစ်တင်မိနေတတ်သည်။ အတ္တမာန်သာ ရှိနေလျှင်တော့ ခွန်း၏ရင်ထဲ နေသာထိုင်သာ ရှိမည်ဖြစ်သော်လည်း ယခုတော့ ထိုကလေးငယ်မှာ ဘေးနားတွင် မရှိတော့ပေ။ ဒါကြောင့် ခွန်းဆက်နောင် ဘာမှ မျှော်မလင့်တော့ပေ။

"ခွန်း... နင်ငါနဲ့စကားမပြောချင်ဘူးဆိုရင် ငါပြန်တော့မယ်လေ၊ နင်လည်း စိတ်ညစ်နေတယ်ဆိုတော့..."

"ဟမ်... အဲ့... အဲ့လို မဟုတ်ပါဘူးဟ..."

"မသိဘူးလေ၊ နင့်ပုံစံက..."

"တောင်း... တောင်းပန်ပါတယ်၊ ငါ့ပုံစံက တကယ်ပဲ စိတ်ပျက်စရာကောင်းနေတာလားဟင်..."

ခွန်း၏ ရုတ်တရက် တောင်းပန်စကားကြောင့် သုသု အံ့ဩသွားရသည်။

"ဟဲ့! ဘာလို့ တောင်းပန်နေတာလဲ။ ငါတို့က သူငယ်ချင်းတွေပဲလေ။ နင်အဆင်မပြေတာကို ငါနားလည်ပါတယ်၊ စိတ်ပျက်ဖို့လည်းမကောင်းဘူးသိလား..."

သုသု၏ အလိုက်သတိ အားပေးစကားကြောင့် ခွန်း၏ နှုတ်ခမ်းဖျားတွင် အပြုံးနုနုလေး တစ်ချက် ပွင့်လန်းသွားသည်။

"အေးပါ"

"ငါမေ့နေတာ၊ ၁၀ နာရီတောင် ထိုးနေပြီ... ငါအမေ့ကို ကူပေးရဦးမှာမို့ ငါအိမ်ပြန်တော့မယ်သိလား"

"အော်အေး... ပြန်တော့မှာလား၊ ဂရုစိုက်ပြန်ဦးဒါဆို..."

"ဒါဆို ငါပြန်ပြီနော်၊ စိတ်ညစ်စရာရှိလည်း ငါ့ကိုပွင့်ပွင့်လင်းလင်းပြော၊ စိတ်ညစ်ခံမနေနဲ့ သိလား"

သုသုက လက်ယမ်းနှုတ်ဆက်ကာ ခြံပြင်သို့ ထွက်သွားတော့သည်။ ခွန်းလည်း လက်ယမ်းပြရင်း ကျန်ရစ်ခဲ့၏။ သုသု ထွက်သွားပြီးနောက် ခွန်း၏ စိတ်အာရုံမှာ ပြန်လည်လေးလံလာပြန်သည်။ မိမိ၏ အခြေအနေကို ပြန်တွေးရင်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိသည့် စိတ်တို့က တဖန် ပြန်လည်စိုးမိုးလာသည်။

ခွန်း လေးလံသော ခြေလှမ်းများဖြင့် အိမ်ထဲသို့ ဝင်လာခဲ့သည်။ ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ဝတ္ထုဖတ်နေသော မိခင်ဖြစ်သူ ဒေါ်ချိုချိုအေးကို မြင်လိုက်ရသည်။

"အမေ... သား အခန်းထဲ ပြန်ဝင်လိုက်ဦးမယ်..."

"အော်... ဝင်လေ သားရဲ့၊ သားအခန်းပဲကိုကွယ်... ထူးထူးဆန်းဆန်း"

ဒေါ်ချိုချိုအေးက စာအုပ်မှ မျက်မှောင်လေးကြုတ်ကာ သားဖြစ်သူကို ကြည့်လိုက်သည်။

သူမသည် အမြဲတမ်း သပ်ရပ်စမတ်ကျစွာ ဝတ်ဆင်တတ်ပြီး ဆံပင်ကိုလည်း သေသေသပ်သပ် ထုံးဖွဲ့ထားတတ်သူ ဖြစ်သည်။

အခန်းထဲသို့ ရောက်သည်နှင့် တံခါးကို ချက်ချင်း ဂျောက်ခနဲ လော့ချလိုက်ပြီး ကုတင်ပေါ်သို့ ပစ်လှဲချလိုက်မိသည်။ ဟိုဘက်ဒီဘက် လူးလှိမ့်နေရင်းမှ ခွန်း၏ အကြည့်တို့သည် စာကြည့်စားပွဲပေါ်ရှိ ဖန်ခွက်လေးထဲမှ နှင်းဆီပန်းတစ်ပွင့်ဆီသို့ ရောက်ရှိသွား၏။

နီရဲတောက်ပခဲ့သော ပွင့်ဖတ်လေးများသည် ယခုတော့ ညိုမှိုင်းကာ ညှိုးနွမ်းစပြုနေချေပြီ။ ခွန်း နေရာမှ ထကာ စာကြည့်စားပွဲအနားသို့ တိုးကပ်သွားပြီး ထိုနှင်းဆီကိုင်းလေးကို တယုတယ မယူလိုက်သည်။ ညှိုးနွမ်းနေသည့် ပန်းလေးကို လှည့်ပတ်ကြည့်ရှုရင်း ခွန်း၏ နှုတ်ခမ်းဖျားတွင် အလွမ်းရိပ်ယှက်သန်းနေသော အပြုံးနုနုလေး တစ်ချက် ပွင့်လန်းလာ၏။

"ညှိုးသွားပေမယ့် အစ်ကို့အတွက် အရမ်းတန်ဖိုးရှိတဲ့ ပန်းလေးပါ... မင်းလည်း ငါ့ကို သတိရနေမှာပဲမလား..."

အရောင်အဆင်း ကုန်ခမ်းနေပြီဖြစ်သော ပန်းခြောက်တစ်ပွင့်ကို ယခုလို သိမ်းဆည်းထားသည်ကို အခြားသူများ မြင်လျှင် လှောင်ပြောင်ကြလိမ့်မည်။ သို့သော် မိမိမြတ်နိုးရသူ ပေးအပ်သည့်အရာမှာ အဖိုးမတန်သည့် စက္ကူစလေး ဖြစ်နေပါစေဦးတော့... လက်ခံရရှိသူအဖို့မှာမူ ကမ္ဘာပေါ်တွင် အဖိုးတန်ဆုံး ရတနာတစ်ခုသဖွယ် ဖြစ်နေတတ်သည်မှာ အမှန်ပင်။ ခွန်းသည် ထိုနှင်းဆီပန်းလေးကို ငေးကြည့်ရင်း မျက်ဝန်းအစုံမှာ မျက်ရည်စတို့ ဝဲတက်လာသဖြင့် အတင်းအကျပ် ပြန်လည်သုတ်ဖယ်လိုက်ရသည်။

"မငိုနဲ့... ငိုလို့မဖြစ်ဘူး..."

****

ရန်ကုန်သို့ ပြန်လည်ရောက်ရှိပြီးနောက် မာန့်၏ နေ့ရက်များသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့်သာ ကုန်ဆုံးနေခဲ့သည်။ ဤအချိန်ဆိုလျှင် ကလောမြို့ရှိ ရပ်ကွက်ကလေးထဲ၌ အစ်ကိုနှင့်အတူ ပျော်ပျော်ပါးပါး ပြေးလွှားဆော့ကစားနေရမည် မဟုတ်ပါလား။ ယခုမူ မြို့ပြ၏ စည်းကားလှသော လမ်းမထက်ဝယ် ယာဉ်အန္တရာယ်တို့ကို စိုးရိမ်ရသဖြင့် စိတ်ကူးရှိတိုင်း အပြင်ထွက်ခွင့်မရဘဲ တိုက်အတွင်း၌သာ အချိန်ကုန်ဆုံးနေရပြန်သည်။

မာန်နေထိုင်ရာ သုံးထပ်တိုက်အိမ်ကြီးမှာ အလွန်ပင် ခန့်ညားထည်ဝါပြီး သူ၏ အခန်းလေးမှာလည်း ဇိမ်ကျစရာကောင်းလှ၏။ မျက်စိအေးစေသော အပြာနုရောင် နံရံများကြောင့် အခန်းတစ်ခုလုံးသည် သန့်ရှင်းကြည်လင်နေသည်။ မာန့်၏ အရွယ်နှင့် မလိုက်အောင် ကြီးမားသော ကုတင်ကြီးမှာ သူအရွယ်ရောက်သည်အထိ ရည်ရွယ်၍ ပြင်ဆင်ပေးထားပုံရသည်။

လေဝင်လေထွက်ကောင်းမွန်သော ပြတင်းပေါက်နှစ်ဖက်၊ ခေတ်မီသော စာရေးစားပွဲနှင့် ဗီရိုကြီးတို့အပြင် နံရံထက်ရှိ ဘောလုံးကစားသမားများ၏ ပိုစတာများက မာန်သည် ဘောလုံးကစားခြင်းကို မည်မျှရူးသွပ်ကြောင်း သက်သေပြနေကြသည်။

မာန်သည် မိမိအခန်း၏ ပြတင်းပေါက်နားတွင် ရပ်လျက် ပြင်ပလောကကြီးကို ငေးမောကြည့်ရှုနေမိသည်။ လမ်းဘေးရှိ သစ်ပင်များ၊ အိမ်ခြေများနှင့် လူအများမှာ အကျွမ်းတဝင်ရှိသော မြင်ကွက်များ ဖြစ်သော်လည်း မာန့်ရင်ထဲမှာတော့ အရာအားလုံးက သူစိမ်းဆန်နေသလိုပင်။

မာန်သည် ရင်ထဲမှ လေးလံမှုကို သက်ပြင်းတစ်ချက်နှင့်အတူ မှုတ်ထုတ်လိုက်ရင်း...

"အစ်ကို... ခုဆို ဘာတွေများလုပ်နေမလဲမသိဘူး..."

ရင်ထဲ၌ တစ်စုံတစ်ခု အလုံးကြီးပိတ်ဆို့နေသကဲ့သို့ ခံစားရပြီး အစ်ကို့အကြောင်းကို မတွေးမိအောင် တားဆီးသော်လည်း မရပေ။ မာန့်၏ အာရုံတစ်ခုလုံးမှာ ခွန်းဆက်နောင်၏ ပုံရိပ်များဖြင့်သာ ပြည့်နှက်နေတော့သည်။ တစ်ခါတစ်ရံတွင် ကုတင်ပေါ်၌ ကွေးကွေးလေးလှဲကာ တရှုံ့ရှုံ့ငိုကြွေးနေမိတတ်သော်လည်း ထိုအခါမျိုး၌ အရင်ကဲ့သို့ ချော့မြှူပေးမည့် အစ်ကိုမှာ ဘေးနား၌ မရှိတော့ပြီ။ မိဘများသည်လည်း ကိုယ့်အလုပ်နှင့်ကိုယ် မအားမလပ်ဖြစ်နေကြသဖြင့် မာန်တစ်ယောက် အထီးကျန်စွာ ပစ်ထားခြင်းခံနေရသလိုပင်။

"တစ်နေ့ ကျွန်တော် အရွယ်ရောက်လာရင်... အစ်ကို့ဆီ ပြန်လာခဲ့မယ်နော်..."

======================
======================

Continue Reading

You'll Also Like

58.1K 2.1K 80
Four soul who meet after five years... Taekook FF.
616K 22.9K 40
Alessandra has never believed in safety. Life never gave her a reason to. Pain carved her childhood, silence became her armor, and trust? That was a...
270K 10.5K 31
Mpergပါရှင့်။Male Pregnancy typeမို့မကြိုက်တဲ့သူ မဖတ်ပါနဲ့ရှင်...သဘောပါ။ "ငါလက််ထပ်မှာ အမျိုးသမီးတစ်ယောက်ကိုပဲ ယောကျာ်းလေးတစ်ယောက်ကို လက်ထပ်ဖို့မပြော...
173K 8K 107
Alessandra Moretti is not a woman people refuse. She controls Milan like a chessboard. Politicians lower their voices around her. Billion-dollar deal...
Wattpad App - Unlock exclusive features