ဖျော်ဖြေပွဲကြည့်ပရိသတ်တို့သည်
ဂီတသံစဉ် ဖျော်ဖြေမှုအချို့ကိုနားဆင်ကြပြီး
ဂီတလုလင်ထွက်အလာကို စောင့်မျှော်နေရင်းဖြင့်
စိတ်မရှည်ကြသူတို့ထဲတွင် သူဌေးမင်းက
ထိပ်ဆုံးမှဖြစ်လေသည်။
"ဘယ့်နှယ်
သည်လောက်တောင်မှ စောင့်ဆိုင်းနေရသတဲ့လား။
သခင်ဟီဆွန်းကို ဆင့်ခေါ်ချေစမ်း။
အဲ့သည့်ဂီတလုလင် ဘယ်မလဲ။"
ဖျော်ဖြေပွဲစင်မြင့်မှ အခြားဖျော်ဖြေသူတို့အား
မထီမဲ့မြင်ပြုရင်း ကျယ်လောင်စွာ
အသံပြုကာဖြင့် သေရည်ယမကာကြောင့်
ထွေရီနေသည့် ထိုသူဌေးမင်းကို မည်သူမျှ
ပြန်လည်မပြောဆိုရဲကြပေ။
"ဖျော်ဖြေသူတို့တွင်လည်း
သူတို့၏ သီဆိုဖျော်ဖြေရမည့်တာဝန်နှင့်အတူ
ဂုဏ်သိက္ခာလည်း ကိုယ်စီရှိကြသည်မို့
လူကြီးမင်းအနေနဲ့လည်း ယခုဖျော်ဖြေနေသည့်
သူတို့ကိုလေးစားသင့်သည် မဟုတ်ပါလော။"
အာဏာပြနေသည့် သူဌေးကြီးသည်
သူ့အားပညာပေးသည့်သဘော ပြောဆိုလာသည့်
အသံလာရာဘေးဝိုင်းကို ချာခနဲလှည့်ကာ
ကြည့်မိလေရာ လူရွယ်နှစ်ယောက်ထဲမှ
ကိုယ့်အားပြောလိုက်ဟန်တူသည့် လူရွယ်အား
အကဲခတ်မိလေသည်။
"ဆောင်ကြာမြိုင်ကိုလာပြီး
ဂုဏ်သိက္ခာအကြောင်းတွေလာရွတ်နေပါ့လား။
ဟားဟားဟား ဒီမယ် လူရွယ်
ဒီလိုနေရာမှာ ဘယ်အရာကိုလေးစားရမည်လဲ
သင်ပြပေးတော်မူပါဦး
ဟားဟားဟား"
သူဌေးမင်း၏ ဟားတိုက်ရယ်မောမှုကို
ထိုလူရွယ်က ဆက်၍ဂရုမပြုလေတော့ဘဲ
ရေနွေးခွက်ကိုယူကာ တည်ငြိမ်စွာ
သုံးဆောင်ရင်းဖြင့် ရှေ့စင်မြင့်ပေါ်မှ
ဖျော်ဖြေသူတို့၏ ကပြမှု အဆုံးသတ်နေသည်ကို
ငေးကြည့်၍နေလေသည်။
သူ့အား ဂရုပင်မပြုတော့သည့်
လူရွယ်အား သူဌေးမင်းမှာ
မျက်မှောင်တစ်ချက်ကြုတ်ကာ
ကြည့်လိုက်ရင်းဖြင့် မကျေမချမ်းဖြစ်ရကာ
သေရည်ခွက်ကို မော့၍သောက်လေသည်။
"လုလင်လေး ဆောနူဖျော်ဖြေရန်အချိန်ဖြစ်ပါသည်။"
ကြေညာသံကြောင့် လာကြည့်သူအပေါင်းက
ဟေးခနဲ အသံပြုကြလေရာ သူဌေးမင်းသည်လည်း
သူ့အိန္ဒြေကိုပြန်ဆည်လိုက်ရင်း နာမည်ကြီးလှသည့်
လုလင်ပျို၏ ရုပ်ဆင်းအင်္ဂါကို မြင်တွေ့ရရန်
ဖျော်ဖြေသည့်စင်မြင့်ထက်သို့
တရွေ့ရွေ့လှမ်းလာသည့်
ပုံရိပ်ကို လှမ်းကာကြည့်မိလေသည်။
အဖြူရောင်ပုံရိပ်ငယ်မှာ မျက်နှာပြင်ထက်တွင်
ပုဝါပါးစလွှမ်းခြုံထားသည်ကို မြင်ရသော််
သူဌေးမင်းမှာ မျက်မှောင်ထပ်၍ကြုံ့မိရင်းဖြင့်
"အသင်လုလင်!
အသင်ဖျော်ဖြေမည်ကို မျက်နှာမမြင်ရတော့
ဘယ်လို နားထောင်ရမည်လဲ။
ပုဝါစကို ဖယ်ချလိုက်စမ်းပါ!"
သီချင်းသံကို စောင့်စားနေကြသောကြောင့်
ငြိမ်သက်နေသည့် ခန်းမဆောင်တွင်းတွင်
သူဌေးမင်း၏အသံက ဟိန်း၍ထွက်လာလေရာ
ကြေငြာပေးသူအစောင့်ကဝင်၍
"လုလင်လေးဟာ ဒီကနေ့မှာ
သိပ်ပြီးနေမကောင်းလှ ဖြစ်နေတာကြောင့်
သည်းခံပေးတော်မူ.."
"အို!
ဘယ့်နှယ်ကြောင့် ဒါဟာ
ငါတို့လာကြည့်တဲ့ ပွဲကြည့်ပရိသတ်ကို
မထီမဲ့မြင်ပြုတာမဟုတ်ပါလား။
ဒါဆိုရင်ဖြင့် လုလင်
ဘယ်လောက်အခြေအနေမကောင်းသလဲ
ငါကိုယ်တိုင် ကြည့်ရမှာပေါ့။"
သူဌေးမင်းသည် ပြောရင်းဖြင့်
သူထိုင်ရာနေရာမှ ရှေ့စင်မြင့်ထက်သို့
ပြေးကာတက်လာလေပြီးသည့်နောက်
လုလင်ပျို၏ မျက်နှာထက်မှ ပုဝါစကို
ဆွဲ၍ဖယ်လိုက်လေတော့သည်။
ဆောနူမှာ အဖြစ်အပျက်ကမြန်ဆန်လွန်းရကာ
မျက်နှာထက်မှ ပုဝါစပြေလျော့သွားသည့်အတွက်
လက်ဖြင့်မျက်နှာကို ကာချိန်မမှီလိုက်ပါပဲ
ရှေ့မှ သူဌေးမင်းမှာ သူ့အား
စူးရှသောမျက်လုံးများဖြင့် ကြည့်ရှုနေသည်ကို
တွေ့လိုက်ရကာ ထိုနေရာမှ အမြန်လှည့်ထွက်စဉ်
ထိုလူမှာ ဆောနူ၏လက်ကို
ဖမ်းကာဆွဲထားလေတော့သည်။
"အလိုလေး။
အင်မတန်ကို ကြည့်ရှုကောင်းသည်ပဲ။
ဒါကြောင့်ပေမို့ အသင့်ရဲ့
နာမည်ဂုဏ်သတင်း မွှေးသည်ကိုး။"
"လူကြီးမင်း..."
"အသင် ငါကိုယ်တော်ကို ခစားစမ်း
အသင်လိုသမျှ ငါသခင် ဖြည့်ဆည်းပေးမယ်။
ဟီဆွန်းသခင်ကို ဆင့်ခေါ်စမ်း
ဒီကချေသည်ကို ဘယ်လောက်ပေးရပေးရ
ငါဝယ်မယ် ဟားဟားဟား!"
သူဌေးမင်း၏ ရယ်သံကြောင့်
ပွဲကြည့်လာသူတို့မှာ နှုတ်ခေါင်းရှုံ့ကြပြီးနောက်
တီးတိုးရေရွတ်ကြရင်းဖြင့် ဖြစ်အင်ကို
ကြည့်ရှုနေကြလေသည်။
"လူကြီးမင်းဟာ တကယ်ကို
ရိုင်းစိုင်းသူတစ်ယောက်ပဲကိုး။"
သူဌေးမင်းသည် ရင်းနှီးသည့်စကားသံကို
ထပ်မံ၍ကြားလိုက်ရသည်မို့ အသံလာရာသို့
ရှာစရာမလိုဘဲ ဆတ်ခနဲလှမ်းကြည့်မိလေသည်။
"ဒီလို ကချေသည်တစ်ဦးအတွက်
လူကြီးမင်းလုပ်ဆောင်နေတဲ့
သည်အပြုအမူကို လူတွေကြည့်ပြီး
အထင်အမြင်သေးနေကြသည်ကို
လူကြီးမင်းမမြင်နိုင်ဖြစ်နေသည် မဟုတ်ပါလား။"
သူဌေးသည် ထိုစကားကြောင့်
ခန်းမဆောင်အတွင်းရှိနေသည့် လူတို့အား
လှမ်းကြည့်မိရာ သူ့အား အထင်အမြင်သေးစွာ
ကြည့်နေကြသည့် မျက်လုံးတို့ကို တွေ့ပြီး
ဒေါသထွက်လာရလေတော့သည်။
"ဒီလူတွေကို ဒီခန်းမဆောင်ကနေ ထွက်သွားစေစမ်း!"
သူဌေး၏အမိန့်ကြောင့် သူ၏အစောင့်တို့မှာ
ခန်းမဆောင်အတွင်းမှ လူတို့အား
မောင်းထုတ်ကြလေသည်။
လူတို့မှာ ဓားတပြပြနှင့်အစောင့်တို့ကြောင့်
နေရာမှထကာ ထွက်ကြလေတော့သည်။
သူဌေးမင်းကဆက်၍ ဆောနူဘက်သို့လှည့်ကာ
"ဒီမယ် လုလင်ပျို
အသင် ငါနဲ့လိုက်ခဲ့ရမယ် ဟုတ်ပြီလား။"
ဆောနူသည် သူ၏ရှေ့မှ လူအား
မျက်နှာတည်ကာဖြင့်ကြည့်လိုက်ရင်း
ရဲဝံ့စွာဖြင့် ခေါင်းကိုဖြေးဖြေးချင်းခါရမ်းလေသည်။
သူဌေးမင်းသည် လူတို့၏ အထင်အမြင်သေးသည့်
မျက်လုံးအစုံတို့ကြောင့်လည်းကောင်း
ယမကာရှိန်ဖြင့်လည်းကောင်း
ယခုရှေ့တွင်ရှိနေသည့် ကချေသည်ကပင်
သူလိုလူကို ငြင်းပြရကောင်းလားဟူ၍
ဒေါသူပုန်ထလာရကာ
ဆောနူကို လက်ဖြင့်ရိုက်ချလိုက်လေရာ
ဆောနူမှ အရှိန်ကြောင့် လဲ၍ကျလေတော့သည်။
"ငါမရိုက်ချင်ပါဘူးဆိုနေမှ
ဒီလိုကျွန်ယုတ်က ငါ့ကိုရာရာစစ
ငြင်းဆန်ရဲတယ်။"
သူဌေးမင်းသည် ပြောရင်းဖြင့်ဆက်၍
လဲကျနေသည့်ဆောနူအား
ခြေဖြင့်ကန်မည်ပြုစဉ်တွင်
အနောက်မှနေ၍ ရုတ်ရုတ်သဲသဲအသံများ
ကြားလိုက်ရ၍ လှည့်ကြည့်လေရာ
သူ၏အစောင့်များမှာ လူရွယ်နှစ်ယောက်၏
လက်ချက်ကြောင့် ကြမ်းပေါ်တွင်
လဲကျသူ လဲကျကာ ဒဏ်ရာရနေကြ၏။
လူရွယ်နှစ်ယောက်ထဲမှ တစ်ယောက်မှာ
သူရှိနေရာ စင်မြင့်ထက်သို့
တက်လာပြီးသည့်နောက်တွင်
သူဌေးမင်းရှေ့တွင် ရပ်လိုက်လေသည်။
"လူကြီးမင်းလိုပဲ
ကျွန်ုပ်လည်း ဒီလုလင်ကို
ပိုင်ဆိုင်ချင်လာသည်ဆိုလျှင်
အသင် လူကြီးမင်း မည်ကဲ့သို့
ဖြေရှင်းမည်နည်း။"
"မင်းဟာ တော်တော်အတင့်ရဲလှချည်လား။
ကောင်းပြီလေ။
မင်းအသပြာငွေ ဘယ်လောက်ပေးနိုင်လဲ။
ငါဟာ မင်းထက် ဆယ်ဆပိုပေးပြနိုင်တယ်!"
သူဌေးမင်း၏စကားကိုနားထောင်ပြီး လူရွယ်က
မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပြီးသည့်နောက်တွင်
လဲကျနေသည့် ဆောနူနားသို့လျှောက်သွားလိုက်ကာ
ဓားကိုထုတ်လိုက်ပြီး ဆောနူ၏ လည်တိုင်တွင်
တေ့ကာထားလိုက်လေရာ ဖြူလွှသောလည်တိုင်တွင် ဓားသွားထက်ထက်ကြောင့်
သွေးစအနည်းငယ် စွန်းထင်းလေသည်။
"ဒါဆို ဒီလို ဓားဒဏ်ရာ အမာရွတ်ရှိတဲ့
လူအတွက်ဆိုရင်ရော လူကြီးမင်းရဲ့
အသပြာတွေကို ပေးနိုင်သေးသည်လား။"
"မင်း!!"
ချင်လူမျိုးတို့အတွက် အထိရှလွယ်ဆုံးဖြစ်ရသည့်
အကြောင်းအရာကြောင့် သူဌေးမင်းမှာ
ဒေါသကြောင့် မျက်နှာတွင် နီရဲကာလာပြီး
ပြန်မပြောနိုင်ဖြစ်ရလေတော့သည်။
လီဟွန်းမှာကျေနပ်ဟန်ဖြင့် တစ်ချက်ပြုံးလိုက်ရင်း
သူ့လက်မှဓားဖြင့် ရွယ်ထားသည့်သူအား
ငုံ့ကာကြည့်မိလိုက်သည်။
အကြောက်တရားတို့ စိုးမိုးလျက်ရှိသော
ဆောနူ၏မျက်နှာပြင်ထက်တွင်
သွေးမရှိတော့သကဲ့သို့
ပြာနှမ်းကာနေလေတော့သည်။
အခြေအနေတို့သည့် ရုတ်ချည်းဖြစ်ပျက်သွားကာ
ဆောနူမှာ ကြောက်အားလန့်အားဖြင့်
မည်သည့်အရာကို ဆက်၍လုပ်ဆောင်ရမည်ကို
မသိဖြစ်၍နေသည်။
ဂျိုဆွန်းအိမ်ရှေ့စံ....
အိမ်ရှေ့စံ၏ အပြုအမူတို့မှာ
ကိုယ့်ကို ကာကွယ်ပေးနေကြောင်း
ထင်ရှားလာရသည့်အပြင်
ရှေ့တွင်ရှိနေသည့် ထိုအိမ်ရှေ့စံသည်
သူ၏ဆောင်းဟွန်းဟျောင်း
အသေအချာပင်ဖြစ်သည်ဟု
ဆောနူစိတ်တွင် မှတ်ထင်နေမှုက
ပို၍ပင်သေချာသွားခဲ့ရသည်။
သခင်ဟီဆွန်းရောက်လာသည့်အချိန်တွင်
ဘေးပတ်ဝန်းကျင်မှ ဖြစ်ပျက်သမျှတို့ကို
ဆောနူသည် မမြင်နိုင်တော့။
ရှေ့တွင်ရှိနေသည့်သူကိုသာ
ကိုယ့်ရှေ့မှနေ၍ ထပ်ပြီးမပျောက်ကွယ်သွားရစေရန်
တနည်းနည်းဖြင့် ဖက်တွယ်ထားချင်မိသည်။
ဖက်လည်း ဖက်တွယ်လိုက်မိသည်။
မိမိ၏အပြုအမူကြောင့်
သခင်ဟီဆွန်းအံ့ဩဒေါသထွက်သံသဲ့သဲ့ဖြင့်
ကိုယ့်အမည်အားခေါ်လိုက်သံကို
ကြားလိုက်ရပါသော်လည်း
ဆောနူမှာ ဘာဆိုဘာမှသတိမထားမိချင်တော့။
ဖက်တွယ်ထားသည့်လက်တို့ကို
ပို၍တင်းကြပ်လိုက်မိသည်။
အိမ်ရှေ့စံ၏ ခြေသလုံးထက်တွင်
ဆောနူ၏ လက်အစုံသည်မြဲမြံ၍နေ၏။
သူ့အားငုံ့ကြည့်၍နေသော
ဂျိုဆွန်းအိမ်ရှေ့စံ လီဟွန်း၏မျက်နှာတော်ကို
ဆောနူသည် နေရာမှနေ၍
မော့ကြည့်၍ ဖူးမြော်ပြီးသည့်နောက်
"အရှင့်ကို
ခစားခွင့်ပြုပါ။"
The tale will be continued...