ငြိုးသူ ကလဲ့စား (ရှန်မြောင်)...

De No_Coz

132K 10.4K 804

ရှန်မြောင် Book 2 Mais

နိဒါန်း
၁၃၀။ ကျုပ်ရဲ့ ကျောင်ကျောင်း
၁၃၁။ လူက ကျားလောက်မှ မကောင်း
၁၃၂။ ဒီမင်းသား မင်းကို ကူညီတယ်
၁၃၃။ ချန်းကျိုက်ချင်း
၁၃၄။ ဖိတ်ခေါ်ခြင်း
၁၃၅။ အိပ်မက်ဆိုး
၁၃၆။ အိမ်ထောင်ရေး
၁၃၇။ ဒီမင်းသား လိုချင်တယ်
၁၃၈။ လု
၁၃၉။ ရင်ထိတ်သည်းဖို
၁၄၀။ မြင်လေတိုင်း စိတ်တို
၁၄၁။ သူ ရောက်လာ
၁၄၂။ ပူးပေါင်း မဟာမိတ်ဖွဲ့ခြင်း
၁၄၃။ အကူအညီတောင်းခံ
၁၄၄။ ညာလက်
၁၄၅။ အချိုမုန့်
၁၄၆။ ဒေါသထွက်
၁၄၇။ ပန်းခက်ချိုးကာ လက်ဆောင်ဆက်သူ
၁၄၉။ အငြိုးရှိသူ
၁၅၀။ အိမ်ထောင်တစ်ခု အတင်းပြု
၁၅၁။ အိမ်ထောင်တစ်ခု လဲလှယ်ပြု
၁၅၂။ ကမောက်ကမ ရုတ်ရုတ်သဲသဲ
၁၅၃။ လေလာရာ လှိုင်းထ
၁၅၄။ အကူအညီ အလျှံအပယ်
၁၅၅။ ပြန်လာခြင်း
၁၅၆။ လက်ထပ်
၁၅၇။ အတွင်းရေး ဂယက်

၁၄၈။ အနမ်းတစ်ပွင့် တောင်းဆို

5K 370 59
De No_Coz

Translation of 重生之将门毒后, Rebirth of the Malicious Empress of Military Lineage by Author Qian Shan Cha Ke

Translator - No Cause, Edge

၁၄၈။ အနမ်းတစ်ပွင့် တောင်းဆို
_______

ဆောင်းညအခါဖြစ်သောကြောင့် ရေနွေးကြမ်းလည်း အေး၍ မုန့်များသည်လည်း မနွေးတော့။ သို့သော် မာနကြီးတတ်သော လုလင်အစ်ကိုချောသည် အေးစက်စက် မုန့်ပွဲနှင့် လက်ဖက်ရည်အပေါ် မငြိုငြင် စိတ်မခုခဲ့ပေ။

အစားအစာသုံးဆောင်နေသည့် သာမန် ဟန်ပန်သွင်ပြင်မျိုး ရှိလျက်နှင့်၊ ပန်းချီဆေးရေးပမာ လွန်စွာ တင့်တယ်ခံ့ညားနေပေသည်။ ရှန်မြောင်လည်း စားပွဲတင် မီးအိမ်ပေါ်မှ အကာကို အသာဖယ်လိုက်တော့သည်။ ထိုအခါ သူမ သတိထားမိလိုက်သည်က ရှဲ့ကျင်းရှင်း၏ ဝတ်ရုံ ကျောတစ်ပြင်စာလုံး အေးစက်နေသည်ကို။ အချိန်အတော်အတန် ကြာမြင့်စွာ နှင်းတောအပြင်တွင် ရှိနေခဲ့ပြီး ယခုမှ အမိုးအောက်သို့ ပြန်ရောက်လာရသကဲ့သို့ ဖြစ်နေလေသည်။ "ရှင် တစ်ချိန်လုံး အပြင်မှာ ရှိနေခဲ့တာလား"

ရှဲ့ကျင်းရှင်းတစ်ယောက် ရှန်အိမ်တော်ဝန်းထဲမှ သစ်ပင်ပေါ်၌ တစ်ချိန်လုံး ရှိနေခဲ့သည်မှာ မဖြစ်နိုင်။ ဘာရယ်မဟုတ်၊ စကားအရသာ ပြောလိုက်ဖြစ်သော်လည်း လွေ့ဝမ်ရယ်ကဲ့သို့ မင်းသားတစ်ပါးမှာ တစ်နေကုန် တစ်နေခမ်း လုပ်စရာ အထွေအထူး မရှိဟုဆိုလျှင် ရှန်မြောင် မယုံကြည်နိုင်ပေ။

ရှဲ့ကျင်းရှင်းကတော့ အရေးမစိုက်ဟန် ခပ်ပြုံးပြုံးဆိုသည်။ "မင်အန်းမင်းသမီးကို သတ်ပေးဖို့ တောင်းဆိုခဲ့တာ မင်းပဲ မဟုတ်ဘူးလား"

ရှန်မြောင် တစ်ခဏတော့ အံ့သြသွားခဲ့ပြီး ရှဲ့ကျင်းရှင်းကို ကြည့်ကာ မေးလိုက်တော့သည်။ "ရှင် သူ့ကို သတ်လိုက်ပြီလား"

"သတ်ရုံ ဘယ်ကမလဲ"

ရှန်မြောင် ဘာမှ ပြန်မပြော။ စင်စစ် သူမသည် ယခင်ကတည်းက ရှဲ့ကျင်းရှင်း၏ လုပ်ပုံကိုင်ပုံ ဖြေရှင်းပုံ နည်းလမ်းများကို တွေ့ကြုံဖူးပြီးသား ဖြစ်လေသည်။ လွန်ခဲ့သော ၂ နှစ် ရှဲ့ကျင်းရှင်း လင်အန်းနယ်စားအိမ်တော်မှ အမွေခံနယ်စားလေး ဖြစ်နေစဉ်၊ မီးထွန်းပွဲတော်၌ ပေါ်ထွက်လာသော ထိုမျက်နှာဖုံးစွပ် ပြန်ပေးသမားများကို တစ်ယောက်မျှ အရှင်မထားဘဲ ရှင်းပစ်ခဲ့လေသည်။ ၂ နှစ်အကြာ၊ လင်အန်းနယ်စားအိမ်တော် လျှို့ဝှက်အခန်းထဲ၌လည်း ရှဲ့ချန်ချောင်ကို သေသေသပ်သပ် လက်စတုံးခဲ့လေသည်။ တစ်ခါတစ်ရံတွင် ရှန်မြောင်လည်း တွေးမိပါသည်၊ ရှဲ့ကျင်းရှင်းမှာ ရှင်ဘုရင်တစ်ပါး ရှိသင့်ရှိထိုက်သော တချို့ အရည်အချင်းမျိုး ပိုင်ဆိုင်ထားသည်ဟု။ သို့သော် ရှဲ့ကျင်းရှင်းနှင့် ဖုရှိုးယီသည် မတူ။ ထီးနန်းလုရာ၌ ဟန်ဆောင်ဖုံးကွယ်နေရန် ဖုရှိုးယီသည် နှစ်ပေါင်းများစွာ အောင့်အည်းသည်းခံ၍ မာန်စွယ်ချခဲ့ရသော်လည်း ရှဲ့ကျင်းရှင်းကမူ ရန်သူနှင့် ထိပ်တိုက်တွေ့ရလေတိုင်း ကွေ့ဝိုက်ဝေ့လည်မနေဘဲ မော်ကြွား မာန်အပြည့်ဖြင့် ရင်ဆိုင်ဖြေရှင်းတတ်လေသည်။ 

ဤသည်မှာ တာ့လျန်ပြည် မင်းမျိုးမင်းနွယ်တို့၏ မာနကြောင့်လည်း ဖြစ်တန်ရာသည်။

ရှန်မြောင် တစ်ခဏမျှ စဉ်းစားနေမိပြီးနောက် ခေါင်းခါလိုက်မိတော့သည်။ တာ့လျန်မှာ အလှမ်းဝေးကွာလှသော တိုင်းတစ်ပါးဖြစ်၍ သူမနှင့် ဘာမျှလည်း မဆိုင်။ ရှဲ့ကျင်းရှင်းကို ပြန်ကြည့်လိုက်ရင်း လက်ရှိအခြေအနေကတော့ ထူးဆန်းလှသည်ဟု တွေးမိလာသည်။ မည်သည့်အချိန်မှစ၍ သူမကိုယ်ကိုယ် ရှဲ့ကျင်းရှင်းနှင့် ချည်နှောင်မိကာ ပတ်သက်ထားခဲ့မိသနည်း။ သူမ ရှဲ့ကျင်းရှင်းကို အမှန်တကယ်ပင် မဟာမိတ်၊ တစ်ဘက်တည်းသားဟု သဘောထားဆက်ဆံနေသည်လား။

သူမ မေးလိုက်တော့သည်။ "ရှင် သူ့ကို ဘာလုပ်ခဲ့တာလဲ" ရှဲ့ကျင်းရှင်း မင်အန်းမင်းသမီးကို မည်သို့ ဖြေရှင်းခဲ့သလဲ။ စင်စစ် ရှန်မြောင်သည် မင်အန်းမင်းသမီး ဒုက္ခခံစားရမည်ကို အနည်းငယ်တော့ မျှော်လင့်လာမိသည်။ ဤစကားတစ်ခွန်းအထဲ၌လည်း မလို မုန်းထား အငြိုးနှင့် ရက်စက်မှုတို့ ရောက်စွက်နေခဲ့လေသည်။ နန်းတော် မောင်းမဆောင်အတွင်း၌ နှစ်ပေါင်းများစွာ ကျင်လည်လာခဲ့ရပြီးသည့်တိုင် ရှန်မြောင်သည် သွေးမြင်လျှင် ကြောက်တတ်သည့် နူးနူးညံ့ညံ့ မိန်းမမျိုးကို မတွေ့ဖူးသေးပေ။ ထိုမျှမက၊ မင်အန်းမင်းသမီးကဲ့သို့ သူတစ်ပါးကို အကောက်ကြံကာ ရက်စက်သော နည်းလမ်းမျိုးဖြင့် ဒုက္ခပေးရန် အကြံပေါ်တတ်သည့် လူသားမျိုးအပေါ် ရှန်မြောင်မှာ သနားစာနာစိတ် စိုးစင်းမျှ မဖြစ်မိ။

"သိပ်ကို သိချင်နေတာလား" ရှဲ့ကျင်းရှင်းက သူမကို ရယ်ရွှင်မြူးရိပ်တို့ဖြင့် ကြည့်ရင်း ပျင်းရိလေးတွဲဆိုလေသည်။ "မနက်ဖြန်ခါ သိရမှာပေါ့"

ရှဲ့ကျင်းရှင်းစကားနောက်ကွယ်မှ အဓိပ္ပာယ်ကို ရှန်မြောင် နားလည်သည်။ မင်အန်းမင်းသမီး သေရခြင်းအကြောင်း မည်မျှ ဟိုးလေးတကျော်ဖြစ်လိမ့်မည်နည်း။ သူမ ထပ်မေးလိုက်တော့သည်။ "ရှဲ့ချန်ဝူကျတော့ရော"

ရှဲ့ကျင်းရှင်းသည် မင်အန်းမင်းသမီးကိုပင် သတ်ဖြတ် လုပ်ကြံရဲသည်ဖြစ်ရာ ရှဲ့ချန်ဝူကို အလွတ်ပေးလိုက်စရာ အကြောင်းမရှိပေ။

မှန်ပေသည်။ ရှဲ့ကျင်းရှင်း ပြန်ပြောသည့်စကားကို သူမ ကြားလိုက်ရသည်။ "သတ်ပစ်လိုက်ပြီ"

"ဒီကိစ္စကြောင့် လင်အန်းနယ်စားမင်း စိတ်ခုသွားမှာကို မ​စိုးရိမ်ဘူးလား" ရှန်မြောင်က သူ့ကို ​မော့ကြည့်ရင်း မေးလေသည်။

အခန်းတွင်း မီးအိမ်ကလေးထဲ မီးလျံက အပူပြင်းပြင်း တောက်လောင်နေသည်။ ရှဲ့ကျင်းရှင်းသည် ရေနွေးကြမ်းခွက်ကို ယူ၍ တစ်ငုံသောက်လိုက်တော့၏။ လက်ဖက်ရေနွေးနှင့် ထိစိုမိသော သူ့နှုတ်ခမ်းပါးများလည်း အနဘ်းငယ်နီထွေးလာတော့လေသည်။ သူ့အပြုံးကတော့ ခါတိုင်းကဲ့သို့ ဘယ်အရာကိုမျှ ထီမထင်သည့်အတိုင်း။ "လင်အန်းနယ်စား မိသားစုကိစ္စက ကျုပ်နဲ့ ဘာဆိုင်နေလို့လဲ"

ခံစားချက်မဲ့သည့် စကားလုံးများ ဖြစ်သော်လည်း ထိုလူငယ်၏ အရေးမစိုက်ဟန် အပြုံးထဲမှ မိမိကိုယ်ကိုယ် ပယ်ထားဟန်တို့ ရောစွက်ပါနေသည်ကို ရှန်မြောင် သတိထားမိလိုက်ပြီး စိတ်နှလုံး ထိခတ်သွားမိလေသည်။

ရှဲ့ညီအစ်ကိုနှစ်ယောက်ကို စတင် ထိပ်တိုက် ပြန်တွေ့ကတည်းက ရှဲ့ကျင်းရှင်းသည် လင်အန်းနယ်စားအိမ်တော်နှင့် ပတ်သက်မှုမှန်သမျှကို ဖြတ်တောက်ပစ်ခဲ့ပြီးဖြစ်လေသည်။ အကြောင်းကား တစ်နေ့နေ့တစ်ချိန်ချိန်၌ ရှဲ့ကျင်းရှင်း၏ နောက်ကြောင်းကို ရှဲ့တင်း စုံစမ်း သိရှိသွားပါလျှင် မူလအတိုင်းသာဆို ရှဲ့တင်း ရှဲ့ကျင်းရှင်းကို ရန်လိုနေမည်မဟုတ်။ သို့သော် ရှဲ့ညီအစ်ကို နှစ်ယောက်စလုံး သေသွားရခြင်းကြောင့် ရှဲ့ကျင်းရှင်းကို အပြစ်မမြင်ဘဲ ခွင့်လွှတ်နိုင်တော့မည် မဟုတ်ချေ။ သားအဖအရင်း မဟုတ်ကြသော်လည်း အဖေနှင့် သား ရန်သူများ ဖြစ်လာကြတော့ပေမည်။ ရှဲ့ကျင်းရှင်းသည် အပေါ်ယံမှာ ထုတ်ပြသကဲ့သို့ အမှန်တကယ် ခံစားချက် မရှိလေသလား၊ သို့မဟုတ် သူ့ခံစားချက် အကောင်း အဆိုးမှန်သမျှတို့ကို အမြဲပြုံးနေတတ်သော ထိုမျက်ဝန်းတို့ အောက်၌ ဖုံးကွယ်ထားခဲ့ခြင်းလား။

ဤလောက၌ လူတိုင်းမှာ အခြားသူများကို ပြောပြလိုခြင်းမရှိသော လျှို့ဝှက်ချက်များ ရှိတတ်စမြဲ။ ရှန်မြောင်သည်လည်း ရှဲ့ကျင်းရှင်း၏ အတွေးများကို သိပိုင်ခွင့် မရှိနိုင်ပေ။ ဤကဲ့သို့ နှင်းထူ၍ လေပြင်းသော ဆောင်းညအချိန်၌ ရှဲ့ကျင်းရှင်းတစ်ယောက် ရှန်အိမ်တော်ဝင်းထဲ ဝင်လာပြီး သစ်ပင်ပေါ် စောင့်နေခဲ့သည်မှာ သူမကို ပန်းခူးလာပြီး လက်ဆောင်ပေးရန် တစ်ခုတည်းအတွက် ဖြစ်နိုင်မည်လား။ သို့မဟုတ် သူမနည်းတူ အိပ်မပျော်နိုင်သဖြင့် ဆောင်းညအေးစိမ့်ချိန်ကို အခွင့်ကောင်းယူကာ မချမ်းမြေ့နိုင်သော အတွေးများ နယ်ချဲ့လိုခဲ့သလား။

ဤသို့သာဆိုလျှင်တော့ သူတို့နှစ်ဦးစလုံး အကျင့်စရိုက်တူသော အချက်ရှိသည်ဟု ဆိုရပေမည်။

ရှဲ့ကျင်းရှင်းလည်း သိပ်မဆိုးလှ၊ မျက်စိစပါးမွေး စူးစရာမဟုတ်ဟု ရုတ်တရက် ရှန်မြောင် ထင်မိလာတော့၏။

သူမအကြည့်ကို ရှဲ့ကျင်းရှင်း သတိထားမိလိုက်သောအခါ အနည်းငယ်မျှ အံ့အားသင့်သွားပြီး ချက်ချင်း ပြန်မေးတော့လေသည်။ "အဲဒါ ဘယ်လို အကြည့်မျိုးကြီးလဲ၊ ကျုပ်ကို သနားနေတာလား"

ရှန်မြောင် ရယ်လိုက်မိတော့သည်။ "ကျွန်မကိုယ်ကျွန်မတောင် မစောင့်ရှောက် မကာကွယ်နိုင်တာ၊ ဘယ်လို အရည်အချင်းမျိုး ပြည့်မီပြီး ဘယ်လို အခွင့်မျိုးနဲ့ ပြည့်စုံနေတာမို့ သူများအပေါ် စာနာသနား ကရုဏာသက်ပေးနိုင်မှာလဲ၊ ပြီးတော့ အရှင်မင်းသား လွေ့ဝမ်ကသာလျှင် မိုးကောင်းကင်ကို လက်တစ်ဖဝါးနဲ့ အုပ်ကာထားနိုင်စွမ်း ရှိလေသူပါ" ရှန်မြောင်က ရယ်တစ်ဝက် ပြက်တစ်ဝက်ဖြင့် ဆိုလိုက်သော်လည်း သူမ၏ စကားများက အတွေးအာရုံကို လမ်းကြောင်းလွှဲပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး ရှဲ့ကျင်းရှင်းအား စိတ်သက်သာရာရသွားစေသည်ကိုတော့ မသိခဲ့ပေ။  

ရှဲ့ကျင်းရှင်းက သူမကို မျက်ခုံးတစ်ဖက်ပင့်ကာ ကြည့်လိုက်ပြီး လက်နှစ်ဖက်ကို စားပွဲမှာထောက်လျက် ရုတ်တရက် သူမ အနားသို့တိုးလာကာ ပြုံးထေ့ထေ့ဖြင့် ဆိုလာတော့သည်။ "မင်းကိုယ်မင်း အဲသလောက်ကြီး နှိမ့်ချထားစရာ မလိုပါဘူး၊ ကျုပ် နောက်ကို လိုက်မဲ့ မဟာမိတ်၊ တစ်ဘက်တည်းသားတွေဆိုတာ သူတစ်ပါးထက် ပိုမြင့်တဲ့ အရည်အချင်းတွေ ရှိလို့ပဲ" ဆောင်းညအချိန်ခါ၌ သူ့အသံသည် ခါတိုင်းထက် တိုး၍ အက်ရှနေ နွေးထွေးနေလေသည်။ "ဒါပေါ့၊ ကျုပ်ရဲ့ အမျိုးသမီးဖြစ်မဲ့သူဆိုရင်တော့ ဘယ်လို အခွင့်အရေးမျိုးမဆို ရှိမှာပဲပေါ့"

သူ့မျက်ခုံးများက လွန်စွာ လှပသည်။ ယခင်ဘဝ၌ ရှန်မြောင် နန်းတော်တွင်းနေစဉ်က မရေမတွက်နိုင်သော အချောအလှများစွာကို တွေ့ခဲ့ဖူးသော်လည်း ဤမျှ ခံ့ညားချောမောသော လူသားမျိုးကိုမူ မတွေ့ဖူးခဲ့ပေ။ ရုပ်ရည်ရူပကာတစ်ခုသာ ကြည့်ကောင်းခြင်း မဟုတ်၊ သူ့အရိုးထဲထိ ဝိညာဉ်ထဲထိ ဤကျက်သရေနှင့် ခံ့ညားမှုက စွဲမြဲနေသည့်ဟန် ရှိလေသည်။ လှုပ်ရှားမှု အမူအရာတစ်ခုစီတိုင်းက ရင်သပ်ရှုမောဖွယ်ကောင်းလှ၏။ နွေဦး ပန်းအလှတို့ ဆောင်းချမ်းအေးခိုက် ဖူးပွင့်နေသကဲ့သို့ အေးစိမ့်နေသော်လည်း နွေးထွေးမှုကို ခံစားမှတ်ထင်ရစေလေသည်။ သူ၏ စူးစူးစိုက်စိုက်အကြည့်ကို ခံရပါမူ၊ တစ်လောကလုံး၌ အကြည့်ခံရသူတစ်ဦးကိုသာ သူ အလေးအနက်ထားသည်ဟု ထင်မှတ်မှားစေသည့်အလား။

သူ့အကြည့်က ရှန်မြောင်၏ နှုတ်ခမ်းများအပေါ် ကျရောက်လာသည်။ သူ ခေါင်းကိုလည်း အသာစောင်းလျက် ခပ်ယောင်ယောင် ဖျော့ဖျော့ အပြုံးနှင့်အတူ တဖြည်းဖြည်းချင်း ခေါင်းငုံ့လာလေတော့သည်။

မီးရောင်အောက်မှ အရိပ်နှစ်ခုမှာ စပ်ယှက် နွယ်ဖက်လုနီးနီး။ အမျိုးသား၏ အရိပ်က ကြံ့ခိုင်ထောင်မောင်း၍ သန်မာလှသည်။ မိန်းမငယ်အရိပ်ကမူ သေးသွယ်၍ နုနယ်နေ၏။ စင်စစ်ပင်၊ လရိပ် လရောင်နှင့် ပန်းမာန် အနွယ်တို့ကို ဖော်ကျူးထားသည့် ပန်းချီကားနှယ် ရှုမြင်တင့်နေပေတော့သည်။

ရှန်မြောင် တစ်ခဏမျှ ငေးကြောင်နေခဲ့မိပြီးမှ ရှဲ့ကျင်းရှင်းအား တွန်းဖယ်လိုက်တော့လေသည်။ သူမ၏ လုပ်ရပ်က ရုတ်တရက်ဆန်လွန်းသွားသည်ဟုလည်း တွေးမိသောကြောင့် ရှေ့တွင်ရှိသော အေးနေပြီဖြစ်သည့် လက်ဖက်ရည်ကြမ်းခွက်ကို ယူကာ ဟန်ဖို့ရန် သောက်လိုက်တော့၏။ သို့သော် ထိုခွက်မှာ စောစောက ရှဲ့ကျင်းရှင်း သောက်နေသော ခွက်ဖြစ်သည်ကိုတော့ သူမ မေ့သွားခဲ့သည်။ သူမ ချောင်း နှစ်ချက်မျှ အသာဟန့်လိုက်ပြီး ရှဲ့ကျင်းရှင်းကို ပြန်မကြည့်တော့ဘဲ မျက်နှာလွှဲထားလိုက်တော့သည်။ သို့သော် သူမ မျက်နှာမှာ တဖြည်းဖြည်းချင်း နီမြန်းလာတော့လေ၏။

ရှန်မြောင်၏ အတွန်းကြောင့် ရှဲ့ကျင်းရှင်းလည်း ရုတ်တရက် ဟန်ချက်ပျက်သွားပြီး ကုလားထိုင်ပေါ် ထိုင်လျက်သား ကျသွားတော့လေသည်။ ထို့နောက်တွင်မူ ရှန်မြောင် ထိတ်ထိတ်ပျာပျာနှင့် ရေနွေးကြမ်း အယောင်ယောင် အမှားမှား ကောက်သောက်လိုက်သည်ကို တွေ့လိုက်ရသည်။ စောစောက အနည်းငယ် မကျေမနပ်ဖြစ်သွားမိသော သူ့မျက်နှာထားလည်း ရုတ်ခြည်းဆိုသလို ရယ်ရွှင်မြူးသွားမိတော့လေ၏။

သူ ပျင်းရိပျင်းတွဲ ဆိုလိုက်တော့လေ၏။ "အလို"

ရှန်မြောင်ကတော့ သူ့ကို မကြည့်။ ခေါင်းသာငုံ့ထားလျက် ကြမ်းပြင်တွင် ထင်ကျန်နေသော အရိပ်များကို ကြည့်နေလေသည်။ ရှဲ့ကျင်းရှင်းမျက်လုံးများထဲမှ အပြုံး တဖြည်းဖြည်းပို နက်ရှိုင်းထင်ရှားလာပြီး တမင်တကာ ကျီစယ်စနောက်လိုက်တော့သည်။ "မင်းက ရှက်ရကောင်းမှန်း သိသေးတယ်ပေါ့"

ရှန်မြောင် ရုတ်တရက် ခေါင်းပြန်မော့လာပြီး သူ့ကို မျက်စောင်းထိုးတော့လေသည်။

သို့ရာတွင် ထိုကဲ့သို့သော ဒေါသအကြည့်ကလေး ပေးသည့်တိုင်အောင်၊ အခန်းတွင်းရှိ နွေးထွေးသော အလင်းရောင်ဖျော့ဖျော့ကြောင့်လားတော့ မသိ၊ သူမ၏ အကြည့်သည် ပျော့ပျောင်းညင်သာနေသည်ဟု ထင်ရပြီး ပို၍ စိတ်လှုပ်ရှား ထိခိုက်နေစေလေသည်။ သူမ၏ မျက်ခုံးမျက်လုံးတို့က နုနယ်၍ ချစ်စဖွယ်ကောင်းလှသည်။ ခါတိုင်းကဲ့သို့ ဣန္ဒြေကြီးဖြင့် ထည်ဝါဟိတ်ဟန်ရှိမနေဘဲ ယခုအချိန်၌မူ ရှက်မူပိုခြင်းက သုံးပုံ၊ စိတ်ရှုပ် စိတ်ဆိုးနေခြင်းက ခုနစ်ပုံ ရောစွက်နေလေ၏။ ဖြူဖြူနုနု မျက်နှာလေးမှာကား ယမကာသေရည် သောက်ထားမိသည့်အလား နီထွေးထွေးကလေးဖြစ်နေသဖြင့် စိတ်နှလုံး ထိခိုက်ချင်စရာပင်။ ရုတ်တရက်၊ ရှဲ့ကျင်းရှင်းတစ်ယောက် လွန်ခဲ့သော ၂ နှစ်က ဆောင်းတစ်ညကို အောက်မေ့သတိရမိသွားတော့၏။ ထိုစဉ်အခါက သူမသည် အတွင်းအောက်ခံ အလယ်ဝတ်ရုံသာဆင်မြန်းထားပြီး ဆံပင်ဖားလျားချထားလျက် ပြတင်းရှေ့တွင်ရပပ်ရင်း သေရည်မူးမူးဖြင့် မီးရှူးမီးပန်းကြည့်ချင်သည်ဟု ဆိုခဲ့ဖူးလေသည်။ ထိုအကြောင်းကို တွေးမိရင်း၊ သူမ နှုတ်ခမ်းလွှာကြားမှ မက်မွန်သေရည်ရနံ့ကို ရှဲ့ကျင်းရှင်း ပြန်အမှတ်ရမိသွားတော့သည်။

ရှဲ့ကျင်းရှင်း နှုတ်ခမ်းများ ကော့ညွတ်သွားလေသည်။ "ရှန်မြောင်"

"ဘာလဲ" ရှန်မြောင် စိတ်ဆိုးနေပြီဖြစ်၏။ ရှဲ့ကျင်းရှင်းနှင့်ပတ်သက်၍ သူသာ သူမအပေါ် ခက်ထန်ကြမ်းတမ်းနေသည်ဖြစ်စေ၊ လှည့်ဖြားဉာဏ်များကာ အကောက်ကြံအကွက်ဆင်နေသည်ဖြစ်စေ ရှန်မြောင် သွေးအေးအေးဖြင့် ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိသည်။ သို့သော် ရှဲ့ကျင်းရှင်းဘက်က သူမအပေါ် စနောက်ကျီစယ် ပိုးပန်းသည့်သဘောမျိုး ပြုမူလာလျှင်မူ ရှန်မြောင်မှာ မည်သို့ ရင်ဆိုင်ရမည် မသိတော့ပေ။ ယခင်ဘဝ နန်းတော်ထဲ နေစဉ်အခါက၊ လူအများစုသည် သူမမျက်မှောက်တွင်တော့ လေးစားဝပ်တွားနေတတ်ကြပြီး နောက်ကွယ်တွင်မူ ကဲ့ရိလိုက ကဲ့ရိနေခဲ့ကြသည်။ သို့သော် ထိုဘဝတစ်လျှောက်လုံး အစမှ အဆုံးသည့်တိုင်အောင်၊ သူမ တွေ့ကြုံပြောဆိုဆင်ဆံခဲ့ဖူးသူများမှာ ထုံးတမ်းစာအုပ်ကြီးအတိုင်း ဓလေ့စည်းမျဉ်း စည်းကမ်းများကို လိုက်နာကြသူချည်းသာ ဖြစ်ကြလေ၏။ ရှဲ့ကျင်းရှင်းကဲ့သို့ မော်ကြွားထောင်လွှားဂုဏ်ဝင့်၍ ဘဝင်လေဟပ်ပြနေသူမျိုး မမြင်ဖူးခဲ့ချေ။ တစ်ဘက်သား၏ စည်းမဲ့ဘောင်မဲ့ လုပ်ရပ်များနှင့် ရင်ဆိုင်ရသောအခါတွင် သူမ၏ တန်ပြန်တုံ့ပြန်မှုများအားလုံး သက်ရောက်မှု အာနိသင်မရှိတော့သကဲ့သို့ ဖြစ်ချေတော့၏။

"မင်း အခုသောက်လိုက်တဲ့ ခွက်က ကျုပ်သောက်ထားတာနော်" ရှဲ့ကျင်းရှင်းက သူမအား သတိပေးလိုက်လေသည်။

ရှန်မြောင် အလိုလို ခေါင်းငုံ့သွားမိတော့သည်။ သူမ ရှက်လွန်လွန်း၍ အခန်းထဲမှပင် ထထွက်သွားလိုက်ချင်မိ၏။ ရှဲ့ကျင်းရှင်းအား အခန်းထဲ ဝင်ခွင့်ပေးခဲ့မိခြင်းကိုပင် သူမဘဝ၏ အကြီးမားဆုံး အမှားဟု ရုတ်တရက် တွေးမိလာတော့လေသည်။

"ရှက်နေတာလား" ရှဲ့ကျင်းရှင်းကတော့ သူမ ရှက်နေသည့် ဟန်ပန်ကလေးကို များစွာ သဘောကျဟန် ရှိသည်။ သူ အနားသို့ ပို၍ တိုးလာတော့၏။

"ညဉ့်လည်း အတော်နက်နေပြီ၊ အချိန်လည်း မစောတော့ဘူး" ရှန်မြောင် တုံးတိတိသာ ပြန်ပြောလိုက်၏။ "ရှင် မပြန်သေးဘူးလား"

ရှဲ့ကျင်းရှင်း ဘာမျှ ပြန်မပြောသေးဘဲ သူမအား ကြာကြာ စိုက်ကြည့်နေခဲ့သေးသည်။ သူ့အကြည့်က စူးရှနက်ရှိုင်းလွန်း၍ သာမန်လူတို့ မျက်ဝန်းချင်းပင် ဆိုင်ဝံ့မည်မဟုတ်။ သို့သော် ရှန်မြောင်ကတော့ အားတင်းကာ သူ့အား တည်တည်ငြိမ်ငြိမ် ပြန်ကြည့်နေလိုက်သည်။ အတန်ငယ်မျှကြာတော့ ရှဲ့ကျင်းရှင်း ထရပ်လိုက်လေပြီ။ "ထားလိုက်ပါတော့လေ၊ မင်းက ဒီလောက် အရှက်သည်းနေမှတော့ ကျုပ်လည်း မကျီစားရက်တော့ပါဘူး" သူ့စကား လေသံ၏ နွေးထွေးမှုက စိတ်ကူးယဉ်ချင်စရာ ကောင်းလှသည်။ သို့သော် သူကတော့ ရှန်မြောင်၏ တောင့်တင်းသွားသော မျက်နှာထားကို မြင်လေဟန် မတူ။

သူ ပြတင်းပေါက်နားသို့ လျှောက်သွားလိုက်သည်။ ရှန်မြောင်လည်း မတ်တတ်ရပ်လိုက်လေသည်။ ရှဲ့ကျင်းရှင်း ပြတင်းပေါက်ကို ဖွင့်လိုက်သောအခါ အပြင်ဘက်ဆီမှ ဆောင်းလေအေးစိမ့်စိမ့်က တိုးဝင်လာလေသည်။ ရှန်မြောင် ချမ်းတုန်သွားမိတော့၏။

"အပြင်မှာ အေးတယ်၊ အပေါက်ဝထိ လိုက်ပို့မနေနဲ့တော့" ဟု ရှဲ့ကျင်းရှင်းက ဆိုသည်။ "ဧည့်ခံပေးတာအတွက် ကျေးဇူးပဲ၊ လက်ဖက်ရည်ကြမ်းကလည်း ကောင်းတယ်၊ မုန့်တွေကလည်း မဆိုးပါဘူး" သူ ခုန်ထွက်သွားလိုက်ပြီး တစ်ခဏတွင်းချင်း ပြတင်းအပြင် ခြံဝန်းတွင်းသို့ ရောက်သွားလေသည်။

ရှန်မြောင်လည်း ပြတင်းပေါက်ကို ပိတ်ရန် လျှောက်သွားလိုင်၏။ သို့သော် နှင်းမှုန်ဖွေးနေသော ကောင်းကင်ပြင်အောက်၌ ခရမ်းရောင်ဝတ် လူငယ်သည် တစ်စုံတစ်ခုကို မေ့နေရာမှ သတိပြန်ရသွားသည့်အလား ပြန်လှည့်လာသည်ကို သူမ တွေ့လိုက်ရသည်။ သူ့မျက်နှာမှာတော့ ညင်သာသော အပြုံးနုနုတစ်ခု။

"သြော် ဟုတ်သား၊ မင်း ရှက်နေတဲ့ ပုံလေးက သိပ်ချစ်စရာ ကောင်းတယ်"

ရှန်မြောင် ပြတင်းတံခါးကို 'ဝုန်း'ကနဲမြည်အောင် ဆောင့်ပိတ်လိုက်မိတော့၏။

သူမ စိတ်နှလုံး မပျော့ပျောင်းသွားခဲ့သင့်။ ဘာကို သနားစရာကောင်းမှာလဲ။ ဤသူကား မုန်းစရာ ကောင်းလှ၏။

ရှန်မြောင်သည် ပြတင်းပေါက်ကိုပိတ်လိုက်ပြီးနောက် အိပ်ရာပေါ်တွင် ထိုင်လိုက်ကာ ခေါင်းရင်းရှိ ဆီမီးအိမ်ကိုကြည့်လိုက်သည်။ ဆီမီးက ငြိမ်းသွားတော့မည့်ပမာ ဖျော့တော့လွန်းနေ၏။ သို့သော် သူမ၏မျက်ဝန်းများက ပုံမှန်မဟုတ် တောက်ပနေပြီး တလက်လက်ဖြစ်နေသည်မှာ ညအမှောင်ယံထဲတွင် တောက်နေသော အရည်အသွေးကောင်းမွန်သည့် ကျောက်ရိုင်းတုံးပမာ ထင်မှတ်ရသည်။

သူမက ထိုအကြောင်းကို တွေးခဲ့သည်။ ယခင်ဘဝတွင်သာဆိုလျှင် ရှဲ့ကျင်းရှင်း၏အပြုအမူက ရာထူးမြင့်သူကို စော်ကားသောကြောင့် အပြစ်ရှိသည်ဟု သတ်မှတ်၍ရပြီး သူမက အတင့်ရဲလိုက်တာဟုသာ အော်ပြီး သူ့ကိုဆွဲထုတ်ပြီး ခေါင်းဖြတ်လိုက်ရန် လူအများကို အမိန့်ပေးနိုင်၏။ သို့သော် ယခုဘဝတွင်မူ သူမကျီစယ်ခံလျှင်တောင် ဖြေရှင်းနိုင်ရန်နည်းလမ်း မရှိချေ။

သို့သော် ယင်းက အဘယ်ကြောင့် ရှက်စရာကောင်းနေသနည်း။

ယိမ်းယိုင်နေသောအလင်းရောင်အောက်၌ ထိုလူက ခေါင်းအနည်းငယ် စောင်းထားလေရာ သူ၏ ရှည်လျားသော မျက်တောင်များကို မြင်နိုင်၏။ သူ၏အကြည့်မျက်ဝန်းနှင့်အကြည့်များက လရောင်ထက်တောင်ပိုတောင် ယစ်မူးဖွယ်ကောင်းနေပြီး ပါးလျသောနှုတ်ခမ်း၏ အေးမြမှုအနည်းငယ် ရှိနေသည်။

ရှန်မြောင်က တုန်ယင်သွားပြီးနောက် အမြန်သတိဝင်လာတော့၏။ သူမ ရင်ဘတ်ကို ပွတ်လျက် ဤရက်များအတွင်း ပင်ပန်းလွန်းသောကြောင့်ဖြစ်ဟန်တူသည်ဟု တွေးလိုက်မိသည်။ ထို့ကြောင့် သူမ ယခုစိတ်ရှုပ်ထွေးနေတာပဲဖြစ်ရမည်။ ရှဲ့ကျင်းရှင်းကဲ့သို့ ကြည့်ကောင်းသည့်သူက ဇာတ်လိုက်ခေါင်းဆောင်ပမာ အမျိုးသမီးများကို ဆွဲဆောင်နိုင်၏။ သူမကိုယ်သူမ နှစ်သိမ့်လိုက်သော်ငြား ထူးဆန်းသည့်နှလုံးခုန်နှုန်းကိုမူ မပြေလျော့စေပေ။ သူမက အိပ်ရာပေါ်တွင် လှဲနေလျက် သူမနှုတ်ခမ်းများ ကွေးတက်သွားတာကို သဘောမပေါက်လိုက်မိပေ။

...

တင်းမြို့တော်ရှိဆောင်းရာသီနေ့ရက်များက အင်မတန်အေးသည်။ ဧကရာဇ်၏ခြေဖဝါးအောက် နေထိုင်ကြသောအရပ်သားများက သာမန်လူသားများဖြစ်ပြီး လူအများစုက မြို့ပြင်တွင် နေထိုင်သည့်သူများနှင့်ကွဲပြားသည်ဟုခံစားရပြီး သာလွန်နေသည်ဟု ခံစားနေကြကာ ဂုဏ်အနည်းငယ် တက်နေကြသည်။ အရာရှိများနှင့် အထက်တန်းလွှာများဆို ပြောနေရန် မလိုတော့ချေ။ ထို့ကြောင့် ဆောင်းအချိန်ရောက်နေလျှင်တောင် လမ်းပေါ်၌ ဈေးဆိုင်တည်ခင်းရန် စောစောထွက်သွားရသည့်ဈေးသည်များထက် ထိုလူများက အိပ်ရာနောက်ကျမှ ထနိုင်ပြီး သာမန်လူများကမူ အပြင်မထွက်ခင်ပိုနွေးထွေးစေရန်အတွက် အိမ်တော်တွင် ကြာကြာနေရန် ဆန္ဒပိုရှိကြ၏။

မနေ့ညတစ်ညလုံး နှင်းများသည်းထန်စွာကျရောက်ခဲ့သောကြောင့် အပြင်ဖက်တွင် အင်မတန် အေးနေ၏။ ကံကောင်းသည်မှာ နံနက်ခင်း၌ နှင်းကျတာရပ်သွားသည်။ ထို့ကြောင့်လူတိုင်းက အပြင်ထွက်ချင်စိတ်ရှိသေး၏။ အနည်းငယ်ကျသွားသည့်အခါ လမ်းပေါ်၌ တဖြည်းဖြည်းချင်း လူပိုများလာသည်။

တစ်ညလုံးနှင်းကျပြီးနောက် ရေအိုင်မျက်နှာပြင်ကလည်း အေးခဲနေပြီး ရံဖန်ရံခါ ငါးဖမ်းလေ့ရှိကြသည့် လူကြီးများကတောင် ထိုနေရာသို့သွားရန် ဆန္ဒမရှိကြပေ။ ထိုကဲ့သို့ မာကျောသောရေခဲပြင်ကို အပေါက်ဖောက်ရန်က အလွန်ခက်ခဲနေသောကြောင့် မနက်ဖြန်အချိန်ထိစောင့်မှ အဆင်ပြေစေမည်။

လူကြီးများက ငါးဖမ်းခြင်း မရှိကြသော်ငြား ဆော့ကစားသည့် ကလေးအရေအတွက်ကမူ တိုးလာသည်။ ရေအိုင်မျက်နှာပြင်က ပြည့်နေလေပြီး ကလေးများကမူ သူတို့၏ခြေနင်းမာသော ဖိနပ်များကို စီးထားကြ၏။ သူတို့က သစ်သားစရှာတွေ့ကြလျှင် ရေခဲပြင်တစ်ဝိုက် တစ်ယောက်ကိုတစ်ယောက်လိုက်ကြမည်။ ကလေးအများစုကမူ လမ်းပေါ်ရှိဈေးသည်များ၏ သားသမီးများ ဖြစ်ကြပြီး ဆော့ကစားနေကြတာ ဖြစ်၏။ သူတို့မိခင်များက သူတို့အဝတ်အစားသစ်များ ညစ်ပေသွားပြီး ရေခဲမျက်နှာပြင်ရုတ်တရက်ကွဲသွားမှာကို ကြောက်ရွံ့သောကြောင့် ကြိမ်းမောင်းနေကြသည်။ သို့သော် ဤအရွယ်ရှိကလေးများကမူ မည့်သည့်နေရာရောက်စေကာမူ သူတို့နှစ်သက်သလိုဆော့နိုင်သည့်နေရာသို့ ရောက်သည့်အချိန်၌ သူတို့မိခင်များ၏စကားကို မည်ကဲ့သို့နားထောင်မည်နည်း။ ထို့ကြောင့် ကလေးသုံးယောက်ကနေ ငါးယောက်က ဝန်လိရေအိုင်၌ ဆော့ကစားရန်အတွက် သစ်သားချောင်းကို တိတ်တဆိတ် ကောက်ခဲ့သည်။

ယနေ့တွင်လည်း တူညီနေပေ၏။

ကလေးငါးယောက် ခြောက်ယောက်ခန့်က သစ်သားစကို သယ်ပြီး ဝန်လိရေအိုင်သို့သွားလိုက်၏။ ရေအိုင်မျက်နှာပြင်က အလွန်ချောနေပြီး ကလေးများက ဂရုတစိုက်လျှောက်ရုံသာ တတ်နိုင်သည်။ ချောသွားလျှင် အဆင်ပြေသော်ငြား အပေါ်ယံရေခဲက အဝတ်အစားသစ်များကို ညစ်ပေသွားလျှင် အိမ်ပြန်ရောက်လျှင် သူတို့မိခင်ဆူပူတာခံရမှာပဲဖြစ်သည်။ ထို့ကြောင့် သူတို့က ဖြည်းဖြည်းချင်းလျှောက်နေလေ၏။

ဝန်လိရေအိုင်အလည်သို့ ခဲရာခဲဆစ်ရောက်လာပြီးနောက် ကလေးအချို့က လက်ထဲရှိ သစ်သားချောင်းများကို နေရာချထားပြီး ထိုပေါ်၌ ထိုင်လိုက်သည်။ သူတို့ထဲက တစ်ယောက်က နောက်ကျောကို တွန်းပေးပြီး ရေအိုင်အလယ်သို့တွန်းထုတ်လိုက်လေရာ ကစားနေရတာ အင်မတန်ပျော်ရွှင်နေကြ၏။ ခေါင်းပေါ်၌ ပန်းဖူးလေးများပန်ဆင်ထားသော ကလေးမလေးက သစ်သားချောင်းများ သယ်လာပြီး ပြန်လျှောက်လာ၏။ သူမက ခပ်ဝေးဝေးသို့ လျှောက်ချင်သော်ငြားရုတ်တရက် ရပ်တန့်လိုက်၏။

“အားချွင်း အဲ့ဒီမှာဘာကြောင့်ရပ်နေတာလဲ” အသက်ကြီးသည့်ကောင်လေးက သူ၏ညီမလေး ထိုနေရာတွင် တွေဝေစွာရပ်နေတာကို မြင်သောအခါ မမေးဘဲမနေနိုင်တော့ချေ။

“အစ်ကိုကြီး” အားချွင်းဟုအမည်ရသော မိန်းကလေးက လက်ညှိုးထိုးပြီးပြောလိုက်၏။

“အဲဒီရေခဲရုပ်တုက ထူးဆန်းတယ်”

မြို့၏တောင်ဘက်၌ ထူးကဲသောစားသောက်ဆိုင်များစွာရှိပြီး သာမန်ဆိုင်အချို့လည်းရှိ၏။ ထိုဆိုင်ပိုင်ရှင်အများစုက ကြွယ်ဝမှုကို စုဆောင်းထားပြီး အနည်းငယ်ချမ်းသာသည်ဟု သတ်မှတ်၍ရကာ စားသောက်ဆိုင်ကြီးများနည်းတူ ဈေးဆိုင်များမငှားရမ်းနိုင်ပေ။ သို့သော် ထိုသို့တိုင် မြို့တောင်ဘက်ခြမ်းတည်နေရာ၏ တမူထူးခြားမှုကြောင့် ဤနေရာ၏ဆိုင်များက လူအတော်လေး စည်ကားသေးသည်။

ပုံမှန်ဆို ဆိုင်ပိုင်ရှင်၊ သို့မဟုတ် သူတို့၏ဇနီးသည်များက ကိုယ်ပိုင်အလုပ်၊ အရေးကိစ္စများနှင့် အလုပ်များလျှင်များ အလုပ်မများသည့်အချိန်တွင် လက်ဖက်ရည်သောက်ပြီး စကားပြောတတ်ကြ၏။ ယနေ့စောနေသောကြောင့် ဖြစ်ဟန်တူသည်။ ဧည့်သည်များ သိပ်မရောက်သေး။ ဆိုင်ရှင်အချို့က စုဝေးလျက်စကားပြောနေကြသည်။

သူတို့က ရာသီဥတုအေးသည်ထက်အေးလာကြောင်းပြောနေကြစဉ် ကလေးများစွာ ပြေးလာပြီး အားလုံးက အမောတကော ဖြစ်နေကြတာကိုတွေ့လိုက်ရသည်။ ထိုကလေးများသည် ဆိုင်ပိုင်ရှင်တစု၏ ကလေးများဖြစ်ပြီး အတူတကွဆော့နေကျဖြစ်၏။ ပစ္စည်းများကို ရောင်းချနေသည့်သူဌေးမက ရုတ်တရက်ဒေါသထွက်သွားတော့သည်။

“တုန်းအာ အားချွင်းကို ဝန်လိအိုင်ဆီ ထပ်မံခေါ်သွားပြန်ပြီလား။ အားချွင်းအတွက် အဝတ်အစားအသစ်ကို မနေ့ကမှ အမေလုပ်ပေးထားတာ။ အခု စိုကုန်ပြီ။ အသားယားနေပြီလား”

သူတို့ပြောနေစဉ် ဆိုင်ပိုင်ရှင်အချို့က သူတို့၏ကလေးများကို သွန်သင်နေတာကို တွေ့လိုက်ရ၏။ ထိုကလေးတစ်စုက စုတ်ပျက်နေသောကြောင့်ဖြစ်သည်။ အဝတ်အစားများက စိုရွဲပေပွနေကာ အချို့ဆိုဖိနပ်တောင်မရှိတော့ဘဲ တစ်နေရာရာကနေ ကမန်းကတန်းပြေးလာကြပုံဖြစ်၏။

တစ်စုံတစ်ယောက်က စကားအချို့ဆက်ပြောချင်သေးသည့်အချိန်တွင် တုန်းအာဟုအမည်ရသော ကောင်လေးက စတင်ငိုယိုတော့သည်။

“ဝန်လိအိုင်မှာ ဝန်လိအိုင်မှာ လူတွေ” လူတိုင်းက ကြားပြီးသည်နှင့် ထိတ်လန့်သွားကာ လူရွယ်တစ်ယောက်က ပြောလိုက်၏။ “ဆိုးလိုက်တာ ကလေးတွေများရေထဲကျသွားတာလား”

တစ်နှစ်ပတ်လုံး၌ ဝန်လိရေအိုင်အတွင်း ကလေးများရေနစ်သည့်ကိစ္စက ရှိတတ်သည်။ ဆောင်းရာသီတွင် ဖြစ်နေကျမဟုတ်သော်ငြား မဖြစ်ဟု မဆိုလိုပေ။ ကလေးတစ်ယောက်က ဆော့ကစားနေစဉ် ရေခဲကိုအက်ကွဲမိပါက သူတို့ရေထဲပြုတ်ကျချိန်၌ သေသွားနိုင်၏။ ထိုစကားပြောလိုက်သည့်အချိန်၌ အားလုံး၏မျက်နှာထားက ပြောင်းလဲသွားသည်။ ပစ္စည်းများရောင်းချရန်ပြင်ဆင်နေသော သူဌေးမက ရင်ပူသွားကာ အမြန်လျှောက်လာ၏။

“ဘာကြောင့်ရှိနေသေးတာလဲ။ အရင်သွားကြည့်ရအောင်။ ကျွန်မတို့က အိမ်နီးချင်းတွေပဲ။ ဘယ်သူ့ကလေးပဲ ရေထဲပြုတ်ကျပြုတ်ကျ ပူပန်ရမှာပဲ။ သွားကြည့်ရအောင်”

ထိုစကားကိုကြားပြီးသည်နှင့် သူတို့အားလုံးကလည်း ထောက်ခံလိုက်ကြကာ ထိုဆိုင်ရှင်သူဌေးမနောက်သို့လိုက်ပြီး ဝန်လိရေအိုင်သို့ပြေးသွားလိုက်ကြသည်။

ဝန်လိရေအိုင်သို့ ရောက်သည့်အချိန်၌ သူတို့ မှင်သက်သွားကြသည်။ ဤနေရာ၌ ကလေးများ ရံဖန်ရံခါ၌ လာရောက်ဆော့ကစားတတ်မှန်းသာသိပြီး ပုံမှန်ဆို လူသူကင်းမဲ့နေသော မြစ်က လူတစ်စု ဝိုင်းရံနေ၏။ အများစုကမူ ရေအိုင်အလယ်ကိုကြည့်နေကြ၏။

“ဒါက ရေထဲတစ်ယောက်ယောက်ကျသွားတာမဟုတ်ဘူးလား” ဆိုင်ရှင်က ရေရွတ်ပြောလိုက်သည်။

တစ်စုံတစ်ခု ဖြစ်ခဲ့လျှင် လူတချို့က ရှေ့တက်သွားပြီး သွားကူညီမည်ဖြစ်ကာ အချို့က ရုတ်ရုတ်သဲသဲဖြစ်တာကို ကြည့်ကြမှာ ဖြစ်သည်။ သို့သော် ရေအိုင်အလယ်သို့ အတူတကွ သွားကြသည့်လူ အများကြီး ရှိမှာ မဟုတ်ပေ။ အထူးသဖြင့် ရေအိုင်အလယ်သို့ သွားသည့်လူများထဲတွင် အများစုက ကြွယ်၀သည့်အထက်တန်းလွှာ အမျိုးကောင်းသားများ ဖြစ်သည်။ ယင်းက အတော်လေး မူမမှန်ပေ။ ချမ်းသာသူက မကောင်းဟု ပြောတာ မဟုတ်၊ သို့သော်ငြား ဤလောကထဲဝယ် တစ်ပါးသူများကိုသာ နှင်းကြုံးခိုင်းပြီး ချမ်းသာသူများက သာမန်ပြည်သူပြည်သားများ၏ အရေးကိစ္စကို ဂရုစိုက်မှာ မဟုတ်၊ ဝင်စီမံကြတာ မဟုတ်ပေ။ သို့သော် လက်ရှိတွင်...။ တင်းမြို့တော်ထဲ၌ ထိုမျှစေတနာကောင်းပြီး ဖော်ရွေသည့်သူများ အဘယ်ကြောင့် ပေါ်လာရသနည်း။

ထိုစဉ် ဝန်လိရေအိုင်အလယ်သို့ လူအချို့က ဦးတည်သွားတော့သည်။ ချိုက်လင်းက အေးနေပြီ ဖြစ်ကာ တုန်ယင်နေပေ၏။ သူက အမွေးထူထူအနွေးဝတ်ကိုဝတ်ထားပြီး ဝန်လိရေအိုင်က ယနေ့တွင်မူ ခါတိုင်းထက် ပိုအေးစက်နေ၏။ အထူးသဖြင့်ခြေထောက်အောက်၌ ရေများ အေးစက်နေလေရာ အအေးဓာတ်သည် ဖိနပ်ကနေဖောက်ထွင်းလျက် ချိုက်လင်းကဲ့သို့ နုနယ်သည့် အလိုလိုက်ခံရသောအမျိုးကောင်းသားကို သည်းမခံနိုင်စရာဖြစ်နေ၏။

“ဒီအိုင်မှာဘာတွေဖြစ်နေတာလဲ” ချိုက်လင်းက မေးလိုက်ပြီး သူနှင့် အတူထွက်လာသော သူငယ်ချင်းကိုပြောလိုက်၏။ “မနက်စောစောစီးစီးဘာများကြည့်စရာရှိလို့ ဒီရောက်လာတာလဲ”

နံနက်စောစော၌ ချိုက်လင်းသည် သူအပြင်ထွက်နေကြ အမျိုးကောင်းသားတစ်စုကိုရှာတွေ့ပြီး ယနေ့၌လောင်းကစားရုံသွားရန် စီစဉ်ခဲ့၏။ သို့သော် သူ၏မိတ်ဆွေ ကဝန်လိရေအိုင်၌ ဖြစ်ရပ်ကြီးတစ်ခုဖြစ်ပွားခဲ့သည်ဟု ဆိုကာ သူ့ကို ဆွဲခေါ်သွားတော့သည်။

“တကယ်တော့ ငါလည်းမသိဘူး” ထိုလူကပြော၏။

“ဒါပေမဲ့ အစေခံတချို့ပြောနေတာတော့ ငါကြားလိုက်တယ်။ ဒါကြောင့် မင်းကိုကြည့်ဖို့ ဆွဲခေါ်လာတာ” ချိုက်လင်းနားကပ်လာပြီးနောက် အသံတိုးတိုးဖြင့်ပြောလိုက်၏။

“ပုံမှန်ဆို စာအုပ်တွေထဲမှာပဲ အလောင်းတွေအကြောင်း ဖတ်ဖူးတာလေ။ အခုအလောင်းအစစ်ကို တကယ်တွေ့နိုင်ပြီ”

“အလောင်းလား” ချိုက်လင်းက အထိတ်တလန့်ခုန်လိုက်ပြီးနောက် အမြန်ပြောလိုက်သည်။ “ငါ မသွားဘူး” သူက ဆန်းသစ်သည့်အရာများကို သဘောကျတတ်သော်ငြား ထိုစိတ်လှုပ်ရှားမှုက ပါးစပ်ဖျားတွင်သာရှိ၏။ သူကမူ အရိုးထဲထိရောက်အောင် ကြောက်တတ်သူဖြစ်သည်။ ယခင်က သူသည် အရှင်သခင်ဘွဲ့အမည်ရထားသူဖြစ်သော်ငြား လွန်ခဲ့သည့်နှစ်နှစ် ကျောင်းတော် စာမေးပွဲအတွင်း၌ ရှန်မြောင်ကြောင့် ထိုဘွဲ့အမည်က ပျောက်ကွယ်သွားပြီဖြစ်ရာ ယခုဆို သူ၏နေရာကို ပိုသတိထားလာတော့သည်။

ထိုမိတ်ဆွေက ဆင်ခြေဆင်လက်ကို နားမထောင်ခဲ့ပေ။ “ငါတို့ ဒီကို ရောက်လာပြီဆိုမှတော့ တစ်ချက်ကြည့်ရုံပေါ့။ ကြည့်ရုံပဲကြည့် ဘာကြောက်နေတာလဲ”

ချိုက်လင်းက တစ်ပါးသူများ လှုံ့ဆော်တာ မခံတော့ဘဲ ချက်ချင်းပြောလိုက်၏။

“ငါက ဘယ်လိုလုပ်ကြောက်မှာလဲ။ ငါသွားကြည့်မယ်။ ငါအခု သွားကြည့်မယ်။ ဘယ်လိုအရာမျိုးမလို့ မင်းဆီကနေ ဒီလိုစိတ်လှုပ်ရှားမှုရစေတာလဲဆိုတာမြင်ချင်တယ်”

နှစ်ယောက်သားက လမ်းတစ်လျှောက်လျှောက်နေပြီး ရေအိုင်အလယ်နားသို့ရောက်ခါနီးပြီး ဖြစ်သည်။ အလယ်နားသို့ရောက်သည့်အချိန်၌ လူများစွာက ဝိုင်းနေပြီး လက်ညှိုးတထိုးထိုး ဖြစ်နေကြ၏။ ချိုက်လင်း၏မိတ်ဆွေက လူအုပ်ကြီးကို တွန်းဖယ်ပြီး အလယ်သို့ရောက်သွား၏။ အလယ်ရှိအရာဝတ္ထုကို လက်ညှိုးထိုးပြီးပြောလိုက်၏။

"မြန်မြန်ကြည့်အုံး။ ဒါပဲ”

ချိုက်လင်းကလည်းနောက်မှလိုက်ပါလာတော့သည်။

_______

တင်းမြို့တော်၏ ဆောင်းနေ့ရက်များမှာ အေးစိမ့်လှသည်။ အထူးသဖြင့်ဤရက်များ နှောင်းပိုင်းတွင် ချမ်းချမ်းစေးစေးရှိလှပေသည်။ ရှေ့ရက်တွင် ခြံဝန်းထဲ ရေတစ်ပုံးထားခဲ့မိပါက နောက်တစ်နေ့တွင် ထိုရေတစ်ပုံသည် ရေခဲတစ်ပုံးဖြစ်သွားတတ်ပေသည်။ မည်သည့်အရာမဆို ရေစိုထားဘိလျှင်၊ သစ်ကိုင်းဖြစ်စေ၊ အမိုးအုပ်ကြွပ်ဖြစ်စေ၊ တစ်ညသိပ်ရုံမျှဖြင့် ရေခဲလွှမ်းသွားတတ်ပေသည်။

ဝန်လိကန်အလယ်တွင်လည်း 'ရေခဲရုပ်တု' သုံးရုပ် ရှိနေလေသည်။

ရေခဲရုပ်တုဟုဆိုလျှင် သိပ်တိကျမှန်ကန်ဦးမည် မဟုတ်။ ထိုအရာမှာ လူသုံးယောက် ရေခဲတုံးအတွင်း ခဲနေခြင်းဖြစ်လေသည်။ ရေခဲမျက်နှာပြင်ကို ဖောက်၍လည်း ထိုသူတို့၏ ရုပ်ရည်သွင်ပြင်ကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်ပေသည်။ ထိုသို့ မြင်နိုင်ခြင်းကြောင့်လည်း ဤသည်မှာ ပန်းပုထုသမား လက်ရာမြောက်စွာ ထုဆစ်ထားသော အနုပညာမဟုတ်ဘဲ လူစင်စစ်သုံးဦး အေးခဲကာ သေပြီးနောက် ရေခဲလွှမ်းကာ ရုပ်ထုအသွင်ဖြစ်သွားခြင်းဖြစ်ကြောင်း သိနိုင်ခြင်းပင်။

ထိုမျှမက လူအများ စုတ်တသပ်သပ်ဖြင့် သြချရသည့်အရာမှာကား အနှီလူသုံးဦး၏ ကိုယ်နေဟန်ထားများကြောင့် ဖြစ်တော့၏။

အလယ်တွင်ရှိနေသူမှာ အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမအဝတ်အစားများ ​လျော့တိလျော့ရဲ ကျွတ်လျက်သားဖြစ်နေပြီး ကိုယ်တစ်ပိုင်း မလုံ့တလုံဖြစ်နေလေသည်။ နံဘေးမှ ယောက်ျားက သူမ၏ ရှင်မီးကို ဆွဲချွတ်နေသည့်ဟန်၊ သူမအနောက်မှ ယောက်ျားကတော့ သူမ၏ ခါးကို ပွေ့ဖက်ထားလေသည်။ အမျိုးသမီးက လည်တိုင်ကို ဆန့်လျက် အနောက်မှ အမျိုးသားကို မှီထားသည့်ဟန် ရှိသည်။ မျက်နှာအမူအရာက တောင့်တင်းနေပြီဖြစ်သော်လည်း ဤကဲ့သို့ ရမ္မက်ပြင်းပြသော ကိုယ်နေဟန်ထားမျိုးက အပြာရောင်နွေဦးပန်းချီတစ်ကား ရုပ်လုံးကြွနေသကဲ့သို့ ဖြစ်နေတော့ချေ၏။ ပုရိသတို့ စိတ်ကူးများ၍ ပြစ်မှားချင်စရာပင်။ ထိုရေခဲရုပ်ထုကို ဝိုင်းဝန်းကြည့်နေကြသူအများစုကလည်း ယောက်ျားသားများဖြစ်ကြလေ၏။ သာမန်လက်လုပ်လက်စား ပြည်သူများလည်း ပါသည်။ သူကြွယ် သူဌေး ကုန်သည်များနှင့် အထက်တန်းလွှာ မင်းစိုးမိုးမျိုး ယောက်ျားများလည်း ပါသည်။ တချို့က စပ်စုလို၍ လာကြည့်ကြခြင်းဖြစ်သော်လည်း တချို့ကတော့ မိန်းမပျို၏ ဖော်ချွတ်မှုကို တမင်အရသာခံ၍ ကြည့်ခြင်း။ မိန်းမပျိုမှာ ချောလှသောကြောင့် ရုပ်အလောင်းဖြစ်နေသော်ငြား ဝိုင်းကြည့်ကြတော့သည်။ ထိုမျှမက ရေခဲရုပ်တုမှာ အသက်ဝင်လှသောကြောင့် 'အသေကောင်ပေပဲ'ဟု ကြောက်ရွံ့ထိတ်လန့်စိတ် မဝင်မိကြဘဲ ရင်ဖိုစရာ ညှို့ငင်နိုင်စွမ်းရှိသည်ဟု ခံစားရစေလေသည်။

ဤသို့ဖြင့် လူသုံးယောက် အေးခဲ၍ သေနေကြခြင်းတည်းဟူသော အဖြစ်ကို ဘေးချိတ်ထားလိုက်ကြတော့၏။

လူတို့သည် ၎င်းတို့ စိတ်ဝင်စားသည့် ရှုလို မြင်လိုသော အရာများအပေါ်သာ အာရုံစိုက်ထားတတ်ကြသည်။ ယောက်ျားများသည်လည်း အပြာပန်းချီများ၊ ရုပ်ပြများ ဘယ်က ရှာ၍ ရနိုင်မည်လဲ၊ သို့မဟုတ် ရေခဲရုပ်တုထဲကကဲ့သို့ လော်လီသော မိန်းမပျက်မျိုး ဘယ်မှာ ရှာနိုင်မည်လဲစသည့် အရေးကိစ္စများကိုသာ အချင်းချင်း ဆွေးနွေး စုံစမ်းနေကြတော့၏။ သို့သော် ဤသည်မှာ မည်သို့သော သေမှုသေခင်းမျိုး ဖြစ်သလဲကိုမူ မည်သူမျှ မစဉ်းစားကြ။ လူသုံးယောက် အေးခဲ၍ သေသွားခြင်းမှာ အလေးအနက်ပြုသင့်သော အဖြစ်ဆိုးတစ်ခု ဖြစ်သည်ကို သတိမမူခဲ့ကြပေ။

ချိုက်လင်းသည် ထိုလူသုံးယောက် ရေခဲရုပ်တုကို စိုက်ကြည့်နေမိသည်။ မူလက သူသည် လူသေကောင် ရုပ်အလောင်းများကို ကြောက်ရွံ့တတ်သော်လည်း ဤရေခဲရုပ်တုကတော့ စိုးစင်းမျှ ကြောက်စရာမကောင်းဘဲ လျှပ်ပေါ်လော်လီသော ရမ္မက်သာယာမှုကို ဖော်ကြူးပြထားသောကြောင့် သူ သေချာ ကြည့်လိုက်မိခြင်းဖြစ်၏။ သူ့ဘေးနားမှ မိတ်ဆွေတစ်ယောက်ကလည်း ဆိုသည်။ "ဒီအမျိုးသမီးက အတော်ချောလှတာပဲ၊ ဘယ်လို သာမညောင်ည မိသားစုကနေ ဒီလို အလှယမင်းလေး ပျိုးထောင်ပေးနိုင်ရတာလဲ၊ လှရုံတင်မကဘူး ငြို့အားကလည်း ပြင်းသေးတယ်"

သူ ပြောသွားသည့် စကားအသုံးအနှုန်းကအစ ဆောင်ကြာမြိုင်သို့ အသစ်ရောက်လာသည့် ပျော်တော်ဆက် ပြည့်တန်ဆာတစ်ဦးကို အကဲဖြတ် မှတ်ချက်ပေးနေသည့်အလား၊ နှုတ်စည်းမစောင့်ပေ။

ချိုက်လင်းလည်း မိတ်ဆွေ၏ စကားကို နားထောင်ရင်း တစ်ချိန်တည်းမှာပင် ရေခဲသားအတွင်းမှ မိန်းမပျိုကို ငေးစိုက်ကြည့်နေခဲ့လေသည်။ အပေါ်ယံ၌ ရေခဲလွှာဖုံးလွှမ်းနေသည်ဖြစ်သော်လည်း မိန်းမပျို၏ မျက်နှာအစိတ်အပိုင်းများကို ရေးတေးတေး မြင်ရနိုင်သေးသည်။ မျက်နှာ အစိတ်အပိုင်းတစ်ခုစီတိုင်းက နုနယ်လှပ၍ မြင်ဖူးသကဲ့သို့ ရင်းနှီးနေသည်။

'မြင်ဖူးနေသတဲ့လား'

ချိုက်လင်း မေးလိုက်တော့၏။ "ဒီညဲမင်းကို မြင်ဖူးနေသလိုပဲ၊ သေချာ စဉ်းစားကြည့်စမ်းပါဦး၊ ငါတို့ သွားဖူးတဲ့ ဆောင်ကြာမြိုင်တစ်ခုခုက မိန်းကလေးတစ်ယောက်ယောက်များလား"

သူ့မိတ်ဆွေကလည်း သေချာစေ့စေ့ပြန်ကြည့်လိုက်ကာ ခေါင်းခါလေသည်။ "မဟုတ်လောက်ဘူး၊ တင်းမြို့တော်ထဲက ဆောင်ကြာမြိုင်တိုင်းကို ငါ ရောက်ဖူးတယ်၊ ပျော်တော်ဆက် ပြည့်တာဆာတိုင်းကိုလည်း မြင်ဖူးခဲ့တယ်၊ ဒါပေမဲ့ ဒီအလှလေးကိုတော့ အရင်က မမြင်ဖူးခဲ့ဘူး" ထို့နောက် သူက ဘာရယ်မဟုတ် အလေးအနက်မထားဘဲ မြင်ရာထင်ရာအတိုင်း ပြောလိုက်သေးသည်။ "သူ ဝတ်ထားတဲ့ ရှင်မီးက ရွှေချည်ထိုးထားတယ်ကွ၊ မဟုတ်မှလွဲရော အထက်တန်းလွှာတစ်ခုခု အမတ်တစ်ပါးပါး အိမ်က ဖြစ်နိုင်တယ်၊ နန်းတွင်းကတောင် ဖြစ်နိုင်သေး"

သူ့စကားက မရည်ရွယ်ဘဲ လွှတ်ကနဲ ပြောမိခြင်းဖြစ်သော်လည်း ချိုက်လင်းကို အံ့အားသင့်သွားစေခဲ့သည်။

'နန်းတွင်းကတဲ့လား'

သူ ထိုအမျိုးသမီးငယ်ဆီသို့ လှမ်း၍ ထပ်ကြည့်လိုက်တော့သည်။ တဖြည်းဖြည်း ရေးရေးချင်း သူ့ခေါင်းတွင်း ထင်ဟပ်လာသည်က နန်းတွင်း ညစာစားပွဲတစ်ခုမှ မှတ်ဉာဏ်ပုံရိပ်များ။ ရွှေချည်ထိုး ဝတ်ရုံဆင်မြန်းထားသည့် မိန်းမငယ်တစ်ဦး၏ ပုံရိပ်။ တည်တင်းခက်ထန်ဟန် ရောစွက်သော ထိုမိန်းမငယ်၏ မျက်နှာသည် ရေခဲရုပ်တုထဲမှ တောင့်တင်းနေသော မျက်နှာနှင့် တစ်ထပ်တည်း ကျသွားတော့လေသည်။

"မင်အန်းမင်းသမီး" ချိုက်လင်း အလိုအလျောက် ထအော်မိလိုက်တော့၏။

"ဘာရယ်" မိတ်ဆွေဖြစ်သူလည်း အလွန်အမင်း ထိတ်လန့်သွားရတော့သည်။ ဤမိတ်ဆွေမှာ ကြွယ်ဝချမ်းသာသော ကုန်သည်မိသားစုမှ ဖြစ်သောကြောင့် နန်းတော်တွင်းမှ မင်းစိုးမိုးမျိုးများနှင့် တွေ့ဆုံရန် အခွင့်အရေး မကြုံဖူးခဲ့ပေ။ ထို့ကြောင့် ချိုက်လင်း ဆိုလိုသည်ကိုလည်း သူ နားမလည်။

သို့ရာ၌ ချိုက်လင်း၏ မျက်နှာထားကတော့ ချက်ချင်း ပြောင်းလဲသွားတော့လေသည်။ ဤအမျိုးသမီး ရုပ်အလောင်းကို အဘယ်ကြောင့် မြင်ဖူးသလိုလိုရှိရသည်ကို နောက်ဆုံးတော့ သူ နားလည်သွားခဲ့ပြီကိုး။ မင်ချီပြည်၏ ချစ်ကြည်ရေး အထိမ်းအမှတ်စားသောက်ပွဲကြီးမှာတုန်းက သူသည် ရှန်မြောင်ကို အခြားသူများထက် ပို၍ အာရုံစိုက်နေမိသောကြောင့်က တစ်ကြောင်း၊ သူသည် ရှန်မြောင်နှင့် မြားပစ်ပြိုင်ဖူးခဲ့သူ ဖြစ်၍က တစ်ကြောင်းတို့ကြောင့် ဒုတိယ ချိုက်လင်းဖြစ်လာသော မင်အန်းမင်းသမီးကို သူ သတိထားခဲ့မိသည်။ ထိုစဉ်က ချိုက်လင်း၏ ခံစားချက် အတွေးတို့မှာ မင်အန်းမင်းသမီးသည်လည်း မိမိနှင့် အလားတူ အရှုံးသမားဖြစ်ရခြင်းကြောင့် ကိုယ်ချင်းစာခြင်းတို့သာ ဖြစ်ခဲ့လေသည်။

ထို့အပြင် ရေခဲထုအတွင်း ယောက်ျားနှစ်ယောက်နှင့် စပ်ယှက်ပလူးနေသည့် ညှို့ဓာတ်ပြင်းသော အမျိုးသမီးမှာ မင်အန်းမင်းသမီးမှ မဟုတ်လျှင် မည်သူ ဖြစ်နိုင်ဦးမည်နည်း။

ချိုက်လင်း၏ စကားလုံးများကို မိတ်ဆွေများက အရေးတယူမရှိလှသော်လည်း အနီးဝန်းကျင်မှ နားပါးသော လူတချို့က သူ့ကိည လှည့်မေးလာတော့လေသည်။ "ခင်ဗျား ပြောတဲ့ မင်အန်းမင်းသမီးဆိုတာက ချင်တိုင်းနယ် သံအဖွဲ့နဲ့ လိုက်လာတဲ့ မင်အန်းမင်းသမီးလား"

"တကယ်ကြီးလား၊ အထဲက မိန်းမပျိုက မင်အန်းမင်းသမီးတဲ့လား"

"တိုင်းပြည်တစ်ပြည်ရဲ့ ဘုရင့်သမီးတော်က ဘယ်လိုလုပ် ဒီလိုနေမှာလဲ... မဟုတ်လောက်ပါဘူး"

"မင်းသမီးဆိုလို့ ပြောရဦးမယ်၊ ဒီအမျိုးသမီး ဝတ်ထားတဲ့ အဝတ်အစားတွေက မင်းမျိုးမင်းနွယ်တွေသာ ဝတ်နိုင်တဲ့ ဟာလိုလိုပဲ"

*****

တင်းမြို့တော် ဝန်လိကန်၌ အုတ်အော်သောင်းနင်း ဖြစ်ပွားခဲ့သော ဤအရေးကိစ္စကြောင့် မင်အန်းမင်းသမီးနှင့် ယောက်ျားပျိုနှစ်ဦး အလွန်တရာ လျှပ်ပေါ်လော်လီစွာ နှီးနှောနေသည့် ကိုယ်နေဟန်ထားအကြောင်းကို မင်ချီပြည်သား အများသူငါတို့ အားပါးတရ ပြောဆိုကဲ့ရိနေကြတော့လေသည်။ ထိုသတင်းသည် နန်းတော်တွင်း လျှင်မြန်စွာ ပေါက်ကြားသွားခဲ့လေသည်။ ရှန်အိမ်တော်ထံပါးလည်း ဤသတင်း ရောက်လာခဲ့လေ၏။

ထိုနေ့ ညအလယ်၌ ရှန်မြောင်မှာ ရှဲ့ကျင်းရှင်းနှင့်စကားစမြည်ပြောခဲ့၍ သူ ပြန်သွားပြီး နောက်ပိုင်းလည်း အိပ်မ​ပျော်နိုင်ခဲ့၊ ရောင်နီထွက်ပြူခါစမှသာ သူမ မှေးကနဲ အိပ်ပျော်နိုင်ခဲ့ခြင်းကြောင့် အိပ်ရာထနောက်ကျသွားလေသည်။ ကျင်းကျဲ့နှင့် ကူယွိတို့လည်း ရှန်မြောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို တွေ့သောအခါ မနှိုးရက်ခဲ့ကြပေ။ ထို့ကြောင့် ရှန်မြောင် အလိုလိုနိုး၍ မနက်စာ ထစားချိန်တွင်ကား နေအတော်မြင့်ချေလေပြီ။

မီးဖိုဆောင်က ပြင်ဆင်ပေးထားသော ယာဂုကို သောက်ရင်း ရှန်မြောင်သည် မနေ့ညက ရှဲ့ကျင်းရှင်း ပြောသွားသော စကားများကို ပြန်တွေးနေမိလေသည်။ ထိုစဉ် လော့ထန်တစ်ယောက် မီးလောင်စွဲခံနေရသည့်ပမာ ဒရောသောပါး ပြေးဝင်လာခဲ့လေသည်။

ကောင်းယန်၏ ကုသမှုကြောင့် လော့ထန်၏ ဒဏ်ရာများ ရက်ပိုင်းအတွင်း သက်သာပျောက်ကင်းစပြုလာလေပြီ။ ကောင်းယန်က သူမကို ငြိမ်ငြိမ်နေရန် အမြဲမှာကြားတတ်သော်လည်း လော့ထန်သည် အငြိမ်မနေတတ်။ ခါတိုင်းကဲ့သို့ သဘောရှိတိုင်း ပြုမူနေစမြဲ။ တစ်ခါတစ်ရံ သူမ၏ အပြုအမူများက လွန်ခဲ့သည့် ရက်ပိုင်းကလေးတင် သေလုမျောပါး ဖြစ်ခဲ့သူမှာ လော့ထန်မှ ဟုတ်ပါလေစဟု တစ်ပါးသူ သံသယဝင်ချင့်စရာပင်။

"ပြောင်မေ့၊ ပြောင်မေ့" လော့ထန် အပြေးကလေး ဝင်ရောက်လာပြီး ရှန်မြောင့်နံဘေး ဝင်ထိုင်လိုက်တော့လေသည်။

ရှန်မြောင်ကတော့ မျက်လုံးပင် လှန်မကြည့်ဘဲ သောက်လက်စ ယာဂုကို ဆက်သောက်နေသည်။ ဤရက်ပိုင်းအတွင်း ရှန်ရှင်းက ရှန်မြောင်နှင့် လော့ထန်ကို ရှေးကကဲ့သို့ ပြန်ပေးဆွဲခံရမည်စိုးသဖြင့် အပြင်ထွက်လည်ခွင့် မပြုတော့ပေ။ ထို့ကြောင့် လော့ထန်မှာ နေ့စဉ်ရက်ဆက် အိမ်တော်တွင်း၌သာ အချိန်ဖြုန်းနေရသဖြင့် လွန်စွာ ပျင်းရိငြီးငွေ့နေလေ၏။ ရှန်မြောင် လော့ထန်ကို တွေ့လေတိုင်း သူမတို့နှစ်ယောက်အနက် လော့ထန်ကသာ ညီမအငယ် ဖြစ်သင့်သည်ဟု တွေးကာ ညှာတာစိတ်ရှည်ပေးရလေသည်။

"ပြောင်မေ့၊ အစားပဲ အရင်စားမနေနဲ့ဦး၊ ကိစ္စကြီး တစ်ခု ဖြစ်သွားတာ ငါ ပြောပြမယ် နားထောင်ပါဦး" လော့ထန်က မတ်မတ် ထိုင်နေရင်း စကားချီလိုက်သည်။

ရှန်မြောင်လည်း ရွေးချယ်စရာမရှိသည့်အဆုံး ဇွန်းကို ချထားလိုက်တော့သည်။ "ဘာဖြစ်ပြန်တာလဲ"

"မင်အန်းမင်းသမီး သေသွားပြီ" လော့ထန်က ဆိုသည်။ "ဒီနေ့မနက်အစောကြီးမှာ ဝန်လိကန်ရေ ခဲနေတဲ့ အပြင်ပေါ်မှာ သူ့အလောင်းကို တွေ့ကြတယ်တဲ့... ပြီးတော့ သူ တစ်ယောက်တည်း မဟုတ်ဘူး၊ ယောက်ျားနှစ်ယောက်နဲ့. . .အဝှာပြုနေတာတဲ့လေ၊ ဒါပေမဲ့ ဘယ်လို ဘယ်လိုဖြစ်ပြီး ခဲသွားကြတာလဲတော့ မသိဘူး၊ အခု တစ်မြို့လုံးက ဒီကိစ္စကို ပြောဆိုနေကုန်ကြပြီ"

Continue lendo

Você também vai gostar

62.4K 3.2K 65
108 ပိုင်း စဆုံးပြီး Paid Telegram ရ Telegram @chochin_universe
123K 8K 29
ယဲ့ချင်းကျစ်သည် နိုးလာသောအခါ သူသည် အမျိုးသားကိုယ်လုပ်‌တော်တစ်ဦးအဖြစ် ကူးပြောင်းလာကြောင်း သတိထားမိသွားသည်။ ထို့အပြင် သူသည် နှင်ထုတ်ခြင်းခံရမည့်အခြေအနေ...
1.9M 105K 125
Cover- edited from google Start Date -22.4.22 End Date- 22.3.23 အနံ့သင်းတဲ့ သဇင်မင်းကမှ ပန်းထင်သလား မထင်ပါနဲ့ အဲလိုမထင်ပါနဲ့ အနံ့မဖက်တဲ့ သပြေခက်ကလဲ...
930K 53.6K 122
ဖဝါးထက်က ပုလဲသွယ် ယဲ့လီကျူးက အသား၏ကောင်းခြင်းနှင့် ပြည့်စုံသော ဖြူဖျော့နူးညံ့သည့် အလှလေး။ သူမ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမဲ့အချိန်ရောက်သည်အထိ...
Wattpad App - Desbloqueie funcionalidades exclusivas