Unicode [အပိုင်း-၃၀]
ဦးမင်းလူအိမ်ကိုသွားနေသည်မှာ ၄ခေါက်လောက်ရှိပြီ၊ရောက်တိုင်းလည်း အိမ်ထဲမှအမျိုးသမီးကြီးမောင်းထုတ်သည်ကိုပဲ သော်တာတို့သူငယ်ချင်းနှစ်ယောက်ခံရမြဲပင်၊နောက်တော့သော်တာလည်းမသွားဖြစ် အဖွားလည်းကူညီချင်ပေမယ့်သူ၏အလုပ်တွေကြောင့် မအားသဖြင့်ပြင်ဦးလွင်ဘက်လည်းမတက်လာနိုင်သေးချေ။
သက်နှင်းဆေးရုံဆင်းပြီးသည်မှာလွန်ခဲ့သည့် ၃ရက်ကတည်းကပင်၊သို့သော်သူသွားမကြည့်မိ၊ကျောင်းကိုမသွားသည်မှာလည်းသက်နှင်းဆေးရုံတက်ကတည်းကဆို ၅ရက်လောက်ဖြစ်နေလေပြီ၊သူဒီနေ့တော့ကျောင်းသွားဖို့ဆုံးဖြတ်ထားသည်။
ကျောင်းပိတ်ရက်ကတည်းကဆိုရင်ကျောင်းကိုမရောက်တာကြာနေပြီဖြစ်သည်။ကျောင်းဝင်းမှာတော့အခုထိမပြောင်းလဲ ပြောင်းလဲတာသူပဲဖြစ်နိုင်သည်။အတန်းသို့လမ်းလျှောက်တော့ အနောက်အပေါက်မှလာသည့်အတွက် အခန်းထဲမဝင်ခင် သူသက်နှင်းကိုတွေ့လိုက်ရသည်၊ရုပ်ရှင် ဇာတ်ကားတွေထဲကလိုလည်း မုန်းအောင်လုပ်ပြီးမတွေ့အောင်နေမယ်ဘာညာလည်းသော်တာစိတ်မဝင်စား ကျောင်းပြောင်းဖို့လည်း အာရုံမရှိသောကြောင့် ဒီတိုင်းလေးနေဖို့သာဆုံးဖြတ်ထားသည်။
သက်နှင်းဘေးနားသွားထိုင်တော့ သက်နှင်းမှာလည်းသူ့ကိုလှည့်မကြည့်၊သူလည်းမကြည့် စကားလည်းဘယ်သူ့ဘက်ကမှမစမိကြ။တတိယစာသင်ချိန်ရောက်တော့ သက်နှင်းက စာအုပ်တွေသိမ်းပြီးနောက်တစ်အုပ်ထုတ်နေသည့် သော်တာ့ဘက်ကိုလှည့်ကြည့်သည်။
"ငါ့ကိုဘာလို့စကားမပြောတာလည်း"
"ဟင်"
ဘာမှမသိသလိုပုံစံဖြင့်သူ့ကိုပြန်ကြည့်လိုက်သည်။
"ဘာလို့စကားမပြောတာလည်း..လို့"
"ပြောပါတယ်"
"အခါတိုင်းဆိုနင်ဒီလိုမနေဘူး သက်နှင်းသက်သာလား ဒါမှမဟုတ် တစ်ခုခုမေးမှာ"
"သက်သာလား"
"သော်တာမဏိဝေ!!"
လေသံမြင့်လိုက်တော့ သော်တာသူထုတ်လက်စစာအုပ်ကိုသာထုတ်ပြီးအရှေ့ပြန်လှည့်ထိုင်နေလိုက်သည်။သက်နှင်းကတော့ သူတစ်ခုခုထူးဆန်းနေသည်ကို သတိထားမိသည်၊ဒါပေမယ့်သူလည်းဘာမှမဆက်မိ။
*အသက်ရယ် ငါမေးချင်တာပေါ့၊ဘယ်လိုနေလည်း၊နေရထိုင်ရတာသက်သာလား၊ငါနေရာလဲပေးရမလား၊စာကူးပေးရမလား၊ဘာစားချင်လည်း၊ဘာလုပ်ချင်လည်း အကုန်မေးချင်တာပေါ့ လက်က ပတ်တီးနဲ့ခြေထောက်မှာလည်း ပတ်တီးနဲ့ မြင်ရတာ ဒီကလူတော့သေတော့မယ်ကွာ*
သက်နှင်းလည်းဘာမှမပြောမိပဲ ဒီအတိုင်းသာနေလိုက်တော့သည်။ထမင်းစားချိန်ရောက်တော့လည်း သူက အရင် ထ သွားသည်၊သို့သော် အခန်းရှေ့၌တော့ စောင့်နေသည်။သော်တာဘေးကနေသာဖြေးဖြေးချင်းလျှောက်ပြီး လိုက်၏၊အထောက်အကူဘာမှမသုံးပဲလွတ်လွတ်လပ်လပ်ကျောင်းတက်ချင်သော်လည်း ခြေထောက်ပါအနည်းငယ်ထိသွားတာကြောင့် ထော့နဲ့ထော့နဲ့တော့ဖြစ်နေလေသည်။
လှေကားနားရောက်တော့ သူ့ရဲ့ထော့နဲ့ထော့နဲ့ကိုသော်တာစိတ်မရှည်၊မြင်လည်းမမြင်ချင်မိတာနှင့်ကောက်မချီလိုက်သည်။သက်နှင်းကလန့်သွားပေမယ့် ဘေးနားက မိန်းကလေးတွေမှာတော့ တိုးတိုး တိုးတိုးနှင့် သော်တာတို့ကိုကြည့်ပြီးပြောနေကြသည်။ဒါတွေကိုသော်တာဂရုမစ်ိုက် အရေးကြီးသည်မှာ သက်နှင်းမနာဖို့ပင်ဖြစ်သည်။
"သော်တာ ရတယ်ငါ့ဘာသာဆင်းမယ် လူတွေပြောနေပြီ"
တိုးတိုးလေးပြောသော်လည်းသော်တာဂရုမစိုက်။
"ဟဲ့ဟဲ့ နောက်ဆုံးတော့ ငါတို့အတွဲလေးပြန်လာပြီကွ"
"တိုးတိုးပြောစမ်းပါ ဖက်လုံးမရယ်ကြားသွားမှဖြင့်"
"ဟဲ့သက်နှင်းဝဒီကလမ်းလေးတောင်မလျှောက်န်ိုင်ဘူးလား"
"အေးဟယ် ပေါ်ပင်တွေ"
အစစဖြင့်စကားသံများကိုကျော်ဖြတ်ကာ အောက်ထပ်သို့ရောက်လာသည်။ထိုအခါ လှေကားနားမှ ဆိုဖာအနက်ရောင်ကြီးပေါ် ဖြေးဖြေးလေးချပေးလိုက်သည်။ပြီးတော့မှ အားယူ၍ပြန်ထပြီး ကန်တင်းဘက်သို့လမ်းလျှောက်လာလိုက်သည်။သော်တာကတော့ ဆိုင်ကယ်နှင့်ထွက်သွားလေပြီ။
သက်နှင်းသည်သော်တာကိုတစ်မျ်ိုးဖြစ်နေလေသည်၊အခါတိုင်းထက်လည်းအနေစိမ်းသလို အခါတိုင်းလိုလည်းပုံစံမရှိ လေးငါးရက်အတွင်းလူတစ်ယောက်ကအဲ့လောက်ပြောင်းလဲနိုင်လို့ရလားဟုတောင် စဥ်းစားနေမိသည်။
"ဟာ..မဖြစ်နိုင်တာ ငါဘာအမှားလုပ်မိထားလို့လည်းဟ"
"ဝဒီ သက်သာပြီလား ငါနင့်သတင်းကြားတယ်"
"အော် ရတီမေ အေးငါသက်သာပါတယ်"
"ထမင်းစားပြီးပြီလား"
"မစားရသေးဘူး အခုမှမှာမလို့"
"ထမင်းချိုင့်မပါဘူးလား"
ခေါင်းညှိမ့်ပြသော သက်နှင်းကိုသဘောပေါက်ပြီဆိုသည့် အကြည့်ဖြင့် ထပ်မေးလိုက်သည်။
"ဘာစားမလည်း ငါဝယ်ကျွေးမယ်"
"ရပါတယ်ဟ မှာပေးမယ်ဆိုလည်းမှာပေး ငါ့ဘာသာရှင်းပါ့မယ်"
"သဘော မှာပေးမယ်"
"လက်ဖက်ထမင်းပဲစားတော့မယ် ကျန်တာသိပ်မစားချင်လို့ ရော့ ပိုက်ဆံ"
"အန်တီလက်ဖက်ထမင်းနှစ်ပွဲ"
"အေး သမီး"
"ထမင်းမပါဘူးလား နင်လည်း"
"ဟုတ်တယ်"
"ရော့သမီးရပြီ"
"ဟုတ် ကျေးဇူးပါ ပိုက်ဆံဒီမှာနော်"
ပန်းကန်နှစ်ပန်းကန်ကိုင်ပြီး ခုံနေရာသို့ရောက်လာကြသည်။မျက်နှာချင်းဆိုင်အနေအထားဖြင့်ထိုင်ကြသည်။
"ခြေထောက်ကဘယ်လိုနေလည်း ခုနက သော်တာမဏိဝေ ချီသွားတာဆိုပြီးကြားလို့"
"အေး ငါလှေကားသိပ်မဆင်းနိုင်လို့"
"ဘယ်လိုတောင်ဖြစ်သွားတာလည်း"
"အေး ငါဂရုမစိုက်မိလိုက်လို့ တိုက်မိတာပဲဖြစ်မှာပါ"
"ဂရုစိုက်လေ တစ်ခုခုလိုရင် ငါ့ကိုပြော"
"ဟုတ်ပါပြီ ကျေးဇူးပါနော်"
"မလိုပါဘူး"
ဘာမှဆက်မပြောကြတော့ပဲထမင်းစားလိုက်ကြသည်။
ကျောင်းတက်ခါနီးသော်တာပြန်လာတော့ သက်နှင်းနှင့်ရတီမေကိုမြင်သော်လည်းမမြင်ချင်ယောင်သာဆောင်လိုက်သည်။ဆိုင်ကယ်ကိုပါကင်ထိုးပြီး ဦးထုပ်ချွတ်တော့ သက်နှင်းကဘယ်နားကဘယ်လိုရောက်လာမှန်းတောင်မသိပဲ ဘေးနားတွင်ရောက်နေ၏။သော်တာလန့်သွားပေမယ့်ပုံမပျက်။
"သော်တာ နင်စောတယ်နော်"
"အင်း ဟုတ်လား"
"သော်တာ"
ဘာလဲဟူ၍အကြည့်နှင့်ကြည့်လိုက်သည်။သက်နှင်းကတော့ မျက်ခုံးချိုးလိုက်၏။
"နင်တစ်ခုခုကိုဖြစ်နေတာ ပေး"
ဆိုင်ကယ်ပေါ်မှလွယ်အိတ်ကိုဆွဲလုသွားကာ ထော့နဲ့ထော့နဲ့နှင့်ပြေးသွားသည်။သော်တာထိန်းမနိုင်အောင်အသည်းယားနေလေသည်၊အခါတိုင်းသာဆိုရင် ကောက်မတာဖြစ်ဖြစ် ကောက်ဖက်တာဖြစ်ဖြစ်လုပ်ပြီးလောက်ပြီဖြစ်သည်။
____
"အား..ညောင်းလိုက်တာကွာ"
ကုတင်ပေါ်ကိုဒိုင်ပင်ထိုးချလိုက်ကာ ပက်လက်အနေအထားဖြင့် ခေါင်းအုံးအောက်မှဖုန်းကို ဆွဲယူလိုက်သည်။
ပါဝါပင်ပိတ်ထားသောဖုန်းကိုဖွင့်လိုက်တော့ notifications တွေတစ်လဟောဝင်လာလေသည်၊ဘယ်သူ့ဆီကမှမဟုတ် T ဆိုသည့် အကောင့်ကလေးကပင်။
'သော်တာ နင်ငါ့တောင်လာမတွေ့ဘူး'
'သော်တာဘာလုပ်နေတာလည်း'
'ပျင်းတယ်ဟာ :('
'ဖုန်းခေါ်တာလည်းမကိုင်ဘူး'
'ငါတစ်ခုခုလုပ်ထားလို့လား'
'ငါဂရုမစိုက်ဖြစ်သွားလို့ စိတ်တိုနေတာလား'
'ငါအခုကောင်းနေပါပြီ'
Messenger,Telegram,Viber,
Instagram chat တစ်ခုမှမကျန် နေရာစုံနေအောင်ပို့ထားသည်။
ဖုန်းထဲဝင်ကြည့်တော့လည်း ၁၅ကောလ်လောက်ခေါ်ထားသည်၊သူပျင်းနေရှာတာ အခုတစ်လောလည်း ဦးမင်းလူအိမ်နှင့်ပင်တိုင်ပတ်နေသောကြောင့် ဖုန်းကိုင်ဖို့တောင်မေ့နေသူဖြစ်သည်။သူဒါကြောင့်ကျောင်းမှာ စကားဘာလို့မပြောတာလည်းဟုဆက်တိုက်မေးနေခြင်းပင်ဖြစ်သည်လား။သက်နှင်းအနားမှာ ဒီလိုဆက်ရှိနေရင် သူ့အတွက်မကောင်းမှန်းသိသည်၊ဒါပေမယ့်လည်းမရှောင်လွဲနိုင်ပင်။
[12:13][10.5.2024]
စာဖတ်သူတစ်ဦးချင်းစီကိုကျေးဇူးတင်ပါသည်။
-ကတ္တရီနှင်း။
Zawgyi